အပိုင်း ၇၆-၈၀
Viewers 14k

Chapter 76


ယေဘုယျအားဖြင့် ပြောရပါလျှင် ကျောင်း၏သမိုင်းကြောင်းရှည်လျားလေလေ ဆရာများနှင့်နောက်ခံအင်အားတွေ ပိုကောင်းလေလေဖြစ်၏။


ဤနေရာ၌ တစ်မြို့လုံးတွင် အကောင်းဆုံးဆရာများနှင့် သင်ကြားရေး ပတ်ဝန်းကျင်ရှိပြီး ကျောင်းကလည်း အချိန်အတော်ကြာအောင်တည်ရှိခဲ့ခြင်းဖြစ်သည်ပင်။ထို့ပြင် ဤကျောင်းနားရှိအိမ်သည်လည်း ...အချိန်အကြာကြီးကတည်းကပင် ရှိနေခဲ့ခြင်းဖြစ်သည်။


ကျန်းရှင်း ပထမဆုံးအကြိမ် အိမ်လာကြည့်စဥ်က သူလည်းမကြိုက်ပါချေ။ သို့သော်လည်း ပိုကောင်းသည့်ရွေးချယ်မှုမရှိတော့သဖြင့် အဆုံးတွင်  သူ့အနေဖြင့် အံကြိတ်ပြီးဝယ်လိုက်ရုံသာရှိတော့၏။


ကျန်းဟွေ့မိန်၏ မယုံကြည်နိုင်ဖြစ်နေသော အကြည့်ကို ရင်ဆိုင်ရချိန်တွင် ကျန်းရှင်း ခါးခါးသီးသီးပြောလိုက်သည်။

"အမေ...ကျွန်တော် ကျိန်တယ်...တကယ်ပါ... ကျွန်တော် ဒီအိမ်ပဲဝယ်နိုင်တယ်...အမေနားမလည်ဘူး...တန်ဖိုးကြီးတာက အိမ်မဟုတ်ဘူးဗျ...ကျွန်တော်တို့ခြေထောက်အောက်က မြေကြီးပဲ..."


"ကြည့်...တောင်ဘက်မှာ မြို့ရဲ့အကောင်းဆုံး မူကြိုကျောင်း...​မြောက်ဘက်မှာက အကောင်းဆုံးသူငယ်တန်းကျောင်း...အဲ့ဒါ့အပြင် တစ်လမ်းတောင်မဝေးတဲ့နေရာမှာက အမှတ်တစ်အလယ်တန်းကျောင်း...ရှောင်မန်သာ အားစိုက်ပြီးကြိုးစားရင် အတန်းပညာတစ်ခုလုံးကို ဒီနေရာမှာပဲ ပြီးအောင်လုပ်လို့ရတယ်...မကောင်းဘူးလား...ဒါက *မဒမ်မုန့်သုံးခါ ပြောင်းရင်တောင် မရနိုင်တဲ့ ကံကောင်းမှုမျိုးပဲ... တကယ်ပြည့်စုံတဲ့နေရာ...ကောင်းချီးမြေလို့တောင်ခေါ်လို့ရတယ်...ကျွန်တော်တောင် ကျွန်တော့်ကလေးတွေကို ဒီမှာပဲကျောင်းထားချင်တာ...."

ကျန်းရှင်းမှာ ​ပြောနေရင်း ငိုချတော့မလိုဖြစိနေသည်။ 

(E/N–Menciusရဲ့အမေကို ရည်ညွှန်းပါတယ်။

ဒဏ္ဍာရီအရတော့ သူမဟာ သားသမီးတွေကို ပြုစုပျိုးထောင်ဖို့အတွက် ပတ်ဝန်းကျင်ကောင်းရှာဖို့ သုံးကြိမ်အိမ်ပြောင်းခဲ့ပါတယ်တဲ့)


ကျောင်းစီရင်စု အိမ်ကဘာလဲဆိုသည်ကို ကျန်းဟွေ့မိန်အား ရှင်းပြပြီးနောက်  ကျန်းဟွေ့မိန် နောက်ဆုံးတွင် သူ့ကိုယုံကြည်သွား၏။


သားအမိနှစ်ယောက်သား တစ်​ယောက်ကိုတသ်ယောက် မျက်ရည်အဝဲသားဖြင့် ကြည့်နေကြသည်။


ကျန်းဟွေ့မိန် သူမသားကို ရိုက်ချင်ရင်တောင် မရိုက်ရက်တော့ပေ။ ကျန်းရှောင်မန်၏အပေါ် ပုံချဖို့ဆိုသည်ကား ပို၍ပင်မဖြစ်နိုင်သဖြင့် သူမ တတ်နိုင်သမျှသည်ကား သက်ပြင်းချခြင်းသာလျှင်ဖြစ်၏။


"အဆင်ပြေပါတယ် သားရယ်...."

ကျန်းရှောင်မန်၏ အကောင်းမြင်တတ်သည့်စရိုက်သည်ကား ကျန်းဟွေ့မိန်ဆီမှ အဓိကလွှမ်းမိုးခံရခြင်း ဖြစ်လေသည်။ကျန်းဟွေ့မိန် သူ့ကိုယ်သူမ အလျင်အမြန် နှစ်သိမ့်လိုက်၏။


"ပိုက်ဆံကုန်သွားရင်.....ထပ်ရှာလိုရပါတယ်...ဒါပေမဲ့ ကလေးကျောင်းပို့ဖို့က နှောင့်နှေးလို့မရဘူး...ဆရာကထန်ကပြောတယ်...ဒီကလေးက စောစောစီးစီးနဲ့ အသိမြန်နေပြီးတော့ ဉာဏ်လည်း အရမ်းထက်တယ်တဲ့...သူသာ ပညာကောင်းကောင်းသင်ရရင် သူ့အနာဂတ်က အလာအလာကောင်းမှာ...အဲ့ဒီတုန်းက မင်းအစ်မရဲ့ပညာရေးက အများကြီးနစ်နာခဲ့ရရှာတာ...အခြေအနေတွေက အခုပိုကောင်းလာပြီဆိုတော့ အမေတို့ သူ့သမီးလေးကို ပိုတောင် နစ်နာအောင်လုပ်လို့မဖြစ်ချေဘူးကွယ်...."


ကျန်းရှင်းက ငိုရင်းနှင့် ခေါင်းညိတ်ပြသည်။


ကျန်းဟွေ့မိန် ရွာကခြံဝန်းနှင့်တူသော ဝိုင်းကို ကြည့်လိုက်၏။ သူမ ပြန်တလဲလဲ သက်ပြင်းချနေပြီးနောက် ခြံထောင့်ကိုကြည့်ကာ ပြောသည်။

"အမေတို့ ဒီမှာ ဝက်ခြံလုပ်လို့ရတယ်...အချိန်ရရင် ဟွားဟွားကို ဒီသယ်ကြတာပေါ...ဟင်း...ဒါငါ့ကံပါပဲလေ...မြို့ရောက်တာတောင် ဝက်တွေမွေးရဦးမယ်...."


"မရဘူး...မရဘူးနော် အမေ..."

ကျန်းရှင်းက ဘယ်ကမှန်းမသိ လှမ်းအော်လာ၏။

"ဟွားဟွားက ဘယ်လောက်အသံကျယ်မှန်း အမေမသိတာကျနေ...သူညလယ်ခေါင်ကြီး ထအော်နေရင် အိမ်နီးချင်းတွေက ကျွန်တော်တို့ကို ဝိုင်းပြောလိမ့်မယ်..."


ကျန်းဟွေ့မိန် ခဏလောက်စဥ်းစားလိုက်ပြီး သူမဟွားဟွားကို ခေါ်လာရင်တောင် မြို့ထဲမှာ ဝက်စာရမည့်နေရာမရှိဟု ထင်မိသည်။ သူမအနေဖြင့် ရွေးချယ်စရာမရှိပဲ ထိုကိစ္စကို မေ့ထားလိုက်ရတော့၏။


သုံး​ယောက်ထဲတွင် ကျန်းရှောင်မန်က စိတ်အလှုပ်ရှားဆုံးသူ ဖြစ်လေသည်။ ဒီအိမ်နှင့်ပတ်သတ်ပြီး တစ်ခုခုမှားနေသည်ဟု သူမမထင်မိပေ။


ဦးလေးပြောတာ မှန်သည်ဟုပင် သူမခံစားရ၏။ ဒီအိမ်က အတိအကျကို အိမ်လိုပဲနော်...


မြေကလည်း အတော် ကျယ်သည်။ အိမ်က နည်းနည်းဟောင်းပြီးစုတ်ပြတ်နေသော်ငြားပင် သူမသည် အခက်အခဲများကို ခံနိုင်ရည်ရှိသည့် ကလေးတစ်ယောက်ဖြစ်ပါ၏။ သူမ လက်မခံနိုင်စရာ နည်းနည်းမျှ မတွေ့ပါချေ။ 


ထို့အပြင် သူမတို့၏ မူလအိမ်ကလည်း...အတော်လေး ဟောင်းနွမ်းစုတ်ပြတ်နေသည်ပင်။


သူမ ခြံထဲရှိ စောင်းနေသော စပျစ်စင်ကို ပျော်ရွှင်စွာ မလိုက်၏။ သူမ ဦးလေးကို နောက်ကျလျှင် စပျစ်ပင်တွေ စိုက်ရန်အတွက် ပြောဖို့ စီစဥ်လိုက်သည်။ သို့မှသာ သူမဗိုက်ဆာသည့်အခါတိုင်း ခူးစားလို့ရမှာဖြစ်၏။ 


သူမ၏ ခြေလက်လေးများက သေးသေးလေးတွေဖြစ်သဖြင့် ကျန်းဟွေ့မိန်က သူမကို စင်ပိမှာစိုးသောကြောင် ဘေးဆွဲပြီး သူမဘာသာ စင်ကို မလိုက်သည်။


အိမ်က လုံးဝရှုပ်ပွသည်မဟုတ်သော်လည်း နေဖို့မသင့်လျော်သည့်ဟာတချို့ ရှိနေဆဲဖြစ်၏။ 


ကျန်းဟွေ့မိန် အိမ်ထဲကို အိတ်ကြီးအိတ်လေးများသယ်၍ ဝင်သွားပြီးနောက် အိမ်ထဲရှိ ပရိဘောဂများနှင့် ပစ္စည်းများကို မြင်လိုက်ချိန်တွင် သူဒေါသထွက်ကာ ကျန်းရှင်း၏ နားရွက်ကို လိမ်ဆွဲလိုက်သည်။ 


ကျန်းရှင်း ကြေကွဲလွန်း၍ သေလုမတတ်ပင်။ 

"အမေ...အိမ်ကတန်ဖိုးကြီးတာမဟုတ်ဘူးလို့ အမေ့ကို ကျွန်တော် မပြောခဲ့ဘူးလား...ဘာလို့ ကျွန်တော့်ကို ရိုက်နေတာလဲဗျာ..."


"ငါ့နင့်ကို အိမ်ကြောင့် ရိုက်ခဲ့လို့လား"

ကျန်းဟွေ့မိန် ခုန်ပေါက်လိုက်၏။

 "နင်အကုန်လုံးကို ဝယ်ပြီးပြီဆိုကတည်းက ဘာလို့ ငါတို့ကို မလာခိုင်းခင် သန့်ရှင်းရေးမလုပ်ထားတာလဲ...အပျင်းထူ ပြီးမလုပ်ချင်တာပဲလား...နင်အရမ်းပျက်စီးနေပြီ...."


ရာ့...မမှားဘူး... သူထင်တဲ့အတိုင်း အတိအကျပဲ...


Chapter 77


ကျန်းရှင်းလည်း သူ့မိသားစုအား ဒီကို လာမနေခိုင်းခင် အရင်ဆုံးသူ့ဘာသူ သန့်ရှင်းရေးလုပ်ချင်ခဲ့ပါ၏။ သို့သော်ငြား ခဏလောက်လုပ်ပြီးသည့်နောက်တွင် သူလက်မြှောက်အရှုံးပေးလိုက်တော့သည်။ 


နောက်ဆုံးတွင် ကျန်းရှင်း အလုပ်ဝင်လုပ်ရမည့် ကံကြမ္မာမှ မလွတ်မြောက်ခဲ့ပါချေ။


သူက ယောကျာ်းတစ်ယောက်ဖြစ်သော်လည်း တခြားတစ်ယောက်၏အိမ်တွင် ရှိနေပါက အိမ်အလုပ်လုပ်စရာလိုမှာ မဟုတ်ချေ။ ကျန်းရှင်းက ပျင်းသဖြင့် သူလုပ်စရာမလိုမချင်း လုပ်မှာမဟုတ်ပေ။ 


သို့သော် ကျန်းဟွေ့မိန်နှင့်ဆိုလျှင် သူအနေဖြင့် ပေါ့ပေါ့ပါးပါးနေဖို့ ကံကြမ္မာမပေးပါလေ။ သူ အရာအားလုံးကို ကူညီပံ့ပိုးနေရ၏။ အချိန်တချို့လောက် အလုပ်ကြိုးစားပြီးနောက်တွင် အခန်းများသည် လက်ခံနိုင်သည့်အတိုင်းအတာအထိ သန့်ရှင်းပြီးသွားပြီဖြစ်ကာ သူတို့ ညအိပ်ရရုံသာဖြစ်လေသည်။ 


ကျန်းရှင်း ပင်ပန်းလွန်း၍ အိပ်ရာထဲတွင် လဲလျောင်းရင်း ညီးတွားနေ၏။


နောက်နေ့မနက်တွင် ကျန်းရှင်း အစောကြီးထလာသည်။ ကျန်းဟွေ့မိန်နှင့် ကျန်းရှောင်မန်တို့ မနက်စာ စားစရာမရှိမှာစိုးသဖြင့် သူစောစောထကာ လမ်းဆုံးရှိ မနက်စာရောင်းသည့်စတိုးဆီသို့ သွားခဲ့၏။ သူ ဘန်းကိတ်တစ်အိတ်နှင့် ပဲနို့နှစ်ခွက် ဝယ်ခဲ့ကာ သူတို့နိုးလာပြီးမနက်စာစားမှာကို စောင့်နေခဲ့သည်။ 


အိမ်ထဲတွင် ရှင်းစရာလိုသည့် ထောင့်များ များစွာကျန်နေသေး၏။ ကျန်းရှင်း သွားပြန်မအိပ်ဘဲ စတင် အလုပ်များနေပါတော့သည်။ လိပ်ခွံလို အက်ကွဲနေသည့် နံရံများ၊ မှို့တက်နေသည့် ဗီရိုများ၊ ထိုင်ခုံများ အစရှိသဖြင့် ပြန်ပြင်ရမည့်အရာမျိုးစုံရှိနေပြီး အိမ်မှာ ရှိသည့် တစ်ဦးတည်းသော ယောကျာ်းသားအနေဖြင့် သူပဲလုပ်တတ်လေသည်။ 


သို့သော် လုပ်ရမည့်အရာတွေ များလွန်းနေပြီး သူတစ်ယောက်တည်း အချိန်တိုလေးအတွင်း အကုန်လုံးကို မပြီးသဖြင့် ပြီးပြီးရောသာ ပြန်ပြင်နိုင်လေသည်။ 


သူ ရွဲ့နေသည့် ဗီရိုတစ်ခုအား မတ်သွားစေရန်အတွက် သစ်သားတစ်ချောင်းနှင့်တွဲ၍ သံရိုက်လိုက်၏။ 


ထိုင်ခံက ပြင်မရအောင် ကျိုးနေလို့ ထင်းလုပ်ရမယ်....မဟုတ်ဘူး...ဒီမှာ အပူပေးအုတ်ကုတင်တွေမရှိဘူး...သူအပြင်ထွက်ပြီး ဓါတ်ဆီတစ်ဘူးသွားဝယ်ရဦးမယ်...


အာ...ဘာလို့များ ဒီလောက်ရှုပ်ထွေးရတာလဲ...

ဒါ တကယ်ကို လူသားတွေအတွက် အံမဝင်တဲ့ဘဝတစ်ခုပဲ...


ခဏလောက်လုပ်ပြီးနောက် ကျန်းရှင်းဆက်မလုပ်ချင်တော့သဖြင့် သူ ကိရိယာတန်ဆာပလာတွေကိုချပြီး အနားယူလိုက်၏။ 


သူမ၏ တိကျသည့်ဇီဝနာရီဖြင့် အချိန်မှန်နိုးလာသော ကျန်းရှောင်မန်သည် သူ့ကို မြင်သည်နှင့် ချက်ချင်းပြေးလာသည်။ သူမက သူ့နောက်ကျောကို ထုပြီး "ဦးလေး မောနေပြီလား ....."ဟု ပြောလာသည်။ သေလောက်အောင် ချိုမြိန်ပါ၏။


"ညက ကောင်းကောင်းအိပ်ပျော်ရဲ့လား...."

ကျန်းရှင်း သူမကိုမေးလိုက်သည်။


အခြေအနေတွေက ရိုးရှင်းလွန်းပြီး အကြမ်းဆန်၏။ ကျန်းရှင်းပင်လျှင် အိပ်ရေးဝအောင်သာ အိပ်ရခြင်းဖြစ်သည်။ ဤကလေးမလေးက အိပ်ရာစိမ်းလျှင် မအိပ်တတ်သဖြင့်  သူမလေးဒီနေရာတွင် အိပ်ပျော်အောင် အိပ်နိုင်ပါ့မလားဆိုသည်ကို သူမသေချာပေ။ 


"အဆင်ပြေပါတယ် ..."

ကျန်းရှောင်မန်က ပြောလိုက်၏။ 

"ဘွားဘွားက သမီးကို တစ်ညလုံးဖက်အိပ်တာ...သူ့လက်မောင်းတွေက နွေးတယ်...."


ကျန်းရှင်း စိတ်သက်သာရာရသွားပြီး သူမပါးစပ်ထဲကို ဘန်းကိတ်တစ်ခုခွံ့ကျွေးလိုက်သည်။ သူ အလုပ်ဆက်လုပ်တော့မည့်အချိန်တွင် တစ်ခုခုကို အမှတ်ရသွားပုံပေါ်၏။ သူ၏ဆဲလ်ဖုန်းကို ထုတ်ယူပြီး ယွီဝမ်ချန်းကို ဖုန်းခေါ်လိုက်သည်။ 


ယွီဝမ်ချန်းက သူ၏လုပ်ငန်းပါတနာဖြစ်သလို သူ၏ဆရာတစ်ပိုင်းဟူ၍လည်း သတ်မှတ်ရလေသည်။ မြို့ကိုပြောင်းတာကဲ့သို့သော ကြီးကြီးမားမား ကိစ္စတစ်ခုကိုပင် သူ သူ့အား မပြောပြရသေးပေ။ 


ခေါ်ဆိုမှုက မကြာမီချိတ်ဆက်သွား၏။


ယွီဝမ်ချန်း၏ အသံကနည်းနည်းလေးနေပြီး စိတ်အခြေအနေ မကောင်းပုံရလေသည်။ 

"ဘာဖြစ်တာလဲ ကျန်းရှင်း...မိုင်းတွင်းမှာ အရေးတကြီးဖြေရှင်းစရာ ရှိလို့လား...."


"မဟုတ်ဘူး...မဟုတ်ဘူး ...."

ကျန်းရှင်း သူ့ကို အခါခါဝှေ့ယမ်းလိုက်ပြီး ပြန်ပြောလိုက်သည်။

"ကျွန်တော် မနေ့ကမှ မြို့ကိုအိမ်ပြောင်းလာတာ...အရင်က အိမ်ရှာနေတာက အခုအကုန်လုံး အဆင်​ပြေသွားပြီ...အဲ့အကြောင်းကို တွေးပြီးတော့ မိုင်းတွင်းကိစ္စတွေကို ဂရုစိုက်မဲ့လူတွေ ရှိပြီးသားလို့ ကျွန်တော် ခင်ဗျားကိုပြောမလို့...အစစအရာရာ အဆင်ပြေမှာပါ... ကျွန်တော့် ညီအကိုတွေက အရမ်းစိတ်ချရတယ်...ထောက်ပို့ ယာဥ်စုကို ကိုင်တွယ်တဲ့နေရာမှာ ခင်ဗျားသူတို့ကို စိတ်အေးလက်အေးထားလို့တယ်..."


ယွီဝမ်ချန် စိတ်သက်သာစွာဖြင့် သက်ပြင်းချပြီး မျက်ခုံးမွှေးများကို ပွတ်လိုက်၏။

"ဒါလား...မင်း အိမ်ပြောင်းတာက ပျော်စရာကိစ္စပဲ...ငါမင်းကို ဂုဏ်ပြုပေးဖို့ လာသင့်တာ...ဒါပေမဲ့ ငါ...ငါတကယ် အခု လာလို့မရဘူးဖြစ်နေတယ်...အဲ့ဒါကြောင့် နောက်တစ်ခါမှပဲ လာရတော့မယ်...."


ကျန်းရှင်း ယိုယွင်းပျက်စီးနေသည့် ခြံဝန်းကို ကြည့်ကာဖြင့် ချက်ချင်း ပြောလိုက်သည်။

"မလိုပါဘူး...မလိုပါဘူး... ဟားဟားဟား...ဂုဏ်ပြုစရာဘာမှမရှိပါဘူး...နောက်တစ်ခေါက်မှ  ပြောကြတာပေါ...နောက်တစ်ခေါက်..... "


သူ့စိတ်ထဲတွင် အနည်းငယ် ပူပန်သွား၏။


ဒီလိုဖြစ်နေတဲ့ အိမ်နဲ့ သူဘယ်လိုလုပ်ဧည့်သည်တွေရပါ့မလဲ...အိုက်ယိုး... ကျောင်းစီရင်စုအိမ်...သောက်ကျိုးနည်း ကျောင်းစီရင်စုအိမ်ပါကွာ...စျေးကြီးလိုက်တာ...


Chapter 78


ယွမ်လေးသိန်းနှင့် ကောင်းမွန်သည့် အိမ်တစ်လုံး ဝယ်၍မရပါချေ။ သူ့အနေဖြင့် ဤနေရာ၊ဤသောက်ကျိုးနည်း ကျောင်းစီရင်စုအိမ်ကိုသာ ဝယ်နိုင်လေသည်။


အိုက်ယိုး...

 ကျန်းရှင်း ထပ်ပြီးသက်ပြင်းချချင်လာ၏။


သူတို့ စကားစမြည်ပြောပြီးနောက် ကျန်းရှင်း ဖုန်းချတော့မည်လုပ်သည်။ ထိုအချိန်တွင် ယွီဝမ်ချန်က တစ်ခုခုကို တွေးမိသွားပုံရပြီး သူ့ကို ထပ်မေးလာ၏။

"အမ်း...မင်းတို့ တစ်မိသားစုလုံးပြောင်းလာတာလား...ရှောင်မန် ရောအဲ့မှာရှိလား...."


"ရှိတယ်ဗျ..."


"မင်း သူ့ကို ငါ့အိမ်ခေါ်လာလို့ရမလား...."

ယွီဝမ်ချန် စိတ်သက်သာရာရပြီး သက်ပြင်းတစ်ချက်ရှိုက်လိုက်သည်။


"ငါ့သားက ရောဂါပြန်ထလာပြန်ပြီ...ငါ့မှာ အဲ့ဒါကိုရင်ဆိုင်ဖို့ အကူအညီမဲ့နေတယ်...."


ယွီဝမ်ချန်း၏လေသံက အတော်လေး ကူကယ်ရာမဲ့နေ၏။ လူကြီးတွေမှာ အကြံကုန်သွားကြသောကြောင့် သူ့အနေဖြင့် ကောက်ရိုးမျှင်များကို ဖမ်းဆွဲနေရသည်။  သူမ သူ့သားကို ချော့နိုင်ပါစေဟု မျှော်လင့်ရင်း သူမျှော်လင့်ချက်များကို သူမအပေါ်ပုံထားလိုက်၏။ တကယ်တော့ သူမက သူ၏တစ်ဦးတည်းသော သူငယ်ချင်းဖြစ်ပြီး သူတို့နှစ်ဦးသည် ရံဖန်ရံခါ အဆက်အသွယ်လည်းလုပ်ကြသည်ပင်။ 


ယွီချင်းရှီ တစ်နေကုန် ဘာမှ မစားထားသည့်အပြင် သူဘယ်လောက်ပင် သူ့အားချော့ဖို့ကြိုးစားပါစေ နားမထောင်ပေ။ 


ယွီဝမ်ချန်းအနေဖြင့် သူ့သား၏ရောဂါအကြောင်း အပြင်ကို ထုတ်ပြောခဲသော်လည်း ကျန်းရှင်း သူနှင့် အချိန်အတော်ကြာ ပတ်သတ်ပြီးသည့်နောက်တွင် ထိုအကြောင်းကို  အနည်းအကျဥ်းတော့ သိလေသည်။ 


"အိုခေ...ကျွန်တော်တို့မကြာခင် ရောက်မယ်...."


ကျန်းရှင်းက သစ္စာရှိသူ တစ်ဦးဖြစ်ပြီး တုံ့ဆိုင်းခြင်းမရှိဘဲ သဘောတူလိုက်၏။


သူကျန်းရှောင်မန်ကို ကောက်ပွေ့၍ အိမ်ထဲပြန်ဝင်ကာ  အဝတ်အစားလဲ၊ ကျန်းရှောင်မန်ကို အနွေးထည်နှင့်ထုတ်ပြီးအပြင်ခေါ်လာသည်။ 


ကျန်းရှောင်မန် ဇဝေဇဝါဖြစ်သွားပြီး

"ဦးလေး...ဘယ်သွားမလို့လဲ...."ဟု မေးလိုက်၏။


"မင်းရဲ့ သူငယ်ချင်လေးကို သွားတွေ့ကြမှာ...ယွီချင်းရှီကို မှတ်မိလား...သူက အခုစိတ်ကောက်နေလို့ ချော့ပေးဖို့ တစ်​​ယောက်ယောက်လိုနေတာလေ"


"သူက အရမ်းကလေးဆန်တာပဲ...."


".....ကောင်းပြီ... နောက်ကျ မင်းအဲ့လို့မပြောရဘူးနော်...တခြားလူတွေနဲ့ဆိုရင် နည်းနည်းလောက်  ပိုပြိး နူးညံ့သိမ်မွေ့ရမယ်...ပိုစိတ်ရှည်ရမယ်...ပိုနွေးထွေးရမယ်...နားလည်လား ...."


သိမ်မွေ့ရမယ်...သိမ်မွေ့တယ်ဆိုတာဘာလဲ...


ကျန်းရှောင်မန် သူမခေါင်းလေးကို ထိပြီး ထိုအကြောင်းကို စဥ်းစားလိုက်သည်။ သူမ သူမ၏ဘဝအတွေ့အကြုံပေါ် အခြေခံပြီး မေးလိုက်၏။


"သိမ်မွေ့တယ်ဆိုတာ ဘွားဘွားလိုလား...."


များသောအားဖြင့် ဘွားဘွား သူမကိုကိုင်သည့်အချိန်တွင် သူမ(ဘွားဘွား)  က အရမ်းနူးညံ့ပြီးနွေးထွေးသည်ဟု ခံစားရသည်။


"..."

အဲ့ဒီအတိုင်းက သိမ်မွေ့လွန်းနေတယ်...


သိမ်မွေ့လွန်း၍ ကျန်းရှင်း   ကြက်မွေးတုတ်ကို ချက်ချင်း သတိရသွား၏။ 


ကျန်းရှင်း ခဏမျှငြိမ်နေပြီး သူမမျက်နှာလေးကို ညစ်လိုက်သည်။

"ဘွားဘွားလိုမလုပ်ရဘူး...ဂရုစိုက်...လူတွေက မင်းနဲ့ ဆက်ဆံရေးဖြတ်သွားနိုင်တယ်...."


"အဲ့လိုဆို ဘယ်လိုသိမ်မွေ့တာလဲ...."


ကျန်းရှင်း မျက်မှောင်ကြုတ်လိုက်၏။ သူလည်း မသိဘူး...

"အဲ့ဒါက မင်းအပေါ်မူတည်တယ်...မင်းလူတွေကို ချော့နိုင်သရွေ့ပေါ့...."


ကျန်းရှောင်မန် နားလည်သလိုမျိုးခေါင်းညိတ်ပြလိုက်သော်ငြား တကယ်တော့ နားမလည်ပါဘဲ သူမ ကျန်းရှင်းနောက်ကနေ ယွီချင်းရှီ အိမ်သို့ လိုက်သွားသည်။ 


ကျန်းရှင်း အရင်က ယွီဝမ်ချန်း၏အိမ်သို့ ရောက်ဖူးသည်ဖြစ်ရာ သူအနေဖြင့်  အဆောက်အဦးနှင့် လမ်းကို ရင်းနှီးနေပြီဖြစ်၏။ မကြာမီ သူ ရက်ကွက် ဂိတ်တံခါးသို့ ရောက်လာသည်။ 


ထိုသည်ကား ဗီလာတွေတန်းစီပြီးရှိနေသည့် မြို့ပေါ်ရက်ကွက်တစ်ခု့ဖြစ်၏။အကုန်လုံးက လုံးချင်းအိမ်တွေဖြစ်ပြီး နေရာကလည်း အလွန်ကျယ်ဝန်းသည်။ 


ယခု ဤနေရာပသာ အမှန်အကန်ဖြစ်သော ၊ကျယ်ဝန်းသော မြို့ပေါ်အိမ်ဖြစ်လေသည်။ သို့ပေမဲ့ ကံမကောင်းစွာဖြင့် ကျန်းရှင်း တစ်အိမ်မှ မတတ်နိုင်သေးပါချေ။ 


သူအနေဖြင့် လက်ရှိတွင် သောက်ကျောင်းစီရင်စုအိမ်မှာနေဖို့ ဆုံးဖြတ်ထား၏။ နောက်ပိုင်း သူပိုက်ဆံများများ ရှာနိုင်သည့်အချိန်မှ ပိုထင်ပေါ်သည့်နေရာကိုပြောင်းပြီး ဗီလာတစ်ခုထဲမှာ နေမည်ဖြစ်သည်။ 


ကျန်းရှောင်မန် မှင်သက်သွား၏။


ထိုဟာက အလွန်လှပပြီး အလွန်ကျယ်ဝန်းလေ

သည်။ 


ဆောင်းတွင်းတွင်ပင် တစ်လမ်းလုံး စိမ်းလန်းစိုပြည်သည့် အလှစိုက် သစ်ပင်များဖုံးလွှမ်းနေ၏။သူတို့သည် ယခင်က သူမတစ်ခါမှ မမြင်ဖူးသည့် အပင်များဖြစ်လေသည်။ 

 

ပန်းမွေ့ရာပေါ်တွင် ပွင့်လန်းနေသည့် ဆောင်းစံပယ်များလည်း ရှိပြီး အလွန် ရင်သက်ရှုမောဖွယ် ကောင်း၏။


 ကျန်းရှောင်မန် ၎င်းတို့ကို မြင်လိုက်သည်တွင် ချက်ချင်း  စိတ်အခြေအနေ ပိုကောင်းလာသည်။ သူမက မေးလိုက်၏။

 "ဒီလောက် လှတဲ့နေရာမှာ နေနေရတာကို ယွီချင်းရှီက ဘာလို့ စိတ်ကောက်နေရတာလဲ...."


 "ဘယ်သူသိမှာလဲ...မင်းဘွားဘွားတောင် မင်းကို အရမ်းချစ်ပေမဲ့ တစ်ခါတလေရိုက်သေးတာပဲလေ...."

 ကျန်းရှင်းက ပြုံးကာပြောလိုက်သည်။

 "ကမ္ဘာပေါ်မှာ ဘယ်သူကများ ပြဿနာတွေကနေ လွတ်လို့လဲ...မင်း သူငယ်ချင်းလေးကလည်း တစ်ခါတလေ စိတ်ညစ်လို့မရဘူးလား....."

 

ဒါဆို လက်စသတ်တော့ သူမကိုရိုက်ရတဲ့အကြောင်းအရင်းက ဘွားဘွား တစ်ခါတလေ စိတ်ညစ်လို့ပေါ့...

 

ကျန်းရှောင်မန် ထပ်ပြီးနားလည်သွားပြန်၏။ 


 သူမ လက်သီးတင်းတင်းဆုပ်ပြီး ပြောလိုက်သည်။

 "အိုခေ...သူစိတ်ညစ်နေသေးရင် သမီးသူ့ကို ရိုက်ခွင့်ပေးလိုက်မယ်...."


 "..."

 ကျန်းရှင်း သူမခေါင်းလေးကို ထိကာပြောလိုက်၏။

 "သူမင်းကို ရိုက်ဖို့ကြိုးစားရင်... ထွက်သာပြေးခဲ့...."


"သမီးပြေးမှာ မဟုတ်ဘူး ...."

 ကျန်းရှောင်မန်က ပြောလာခဲ့သည်။

 "သူ သမီးကို အနိုင်မယူနိုင်ဘူး...သမီးက သူ့ကိုအနိုင်ပေးလိုက်ရုံတင်...."

 

"အိုး...."

 ကျန်းရှင်းက စိတ်မဝင်စားစွာဖြင့် တုန့်ပြန်လိုက်ပြီး ၎င်းနောက် ယွီမိသားစု အိမ်တံခါးကို ခေါက်လိုက်၏။


 သူတို့ရောက်သည်အခါတွင် အထဲ၌ရှုပ်ပွနေပြီဖြစ်သည်။ 

 

သူတို့ ဧည့်ခန်းထဲ ဝင်ဝင်ချင်းပင် ကြမ်းပြင်ပေါ်ရှိ ရှုပ်ပွနေသည့် အရာအားလုံးကို မြင်လိုက်ရ၏။ ပန်းကန်ကွဲများနှင့် အစားအသောက်များက မြေပြင် ပေါ်တွင် ပြန့်ကျဲနေသည်။ 

 

ယွီဝမ်ချန်းက မြေကြီးပေါ်တွင် ငုတ်တုတ်ထိုင်ပြီး အကျိုးအကွဲတွေကို ကောက်နေ၏။ သူ့အမူအရာက မှုန်မှိုင်းကာ ငြိမ်သက်နေပြီး သူဘာတွေးနေမှန်း ခန့်မှန်းမရပါချေ။


Chapter 79


မော့ကြည့်၍ ကျန်းရှင်းနှင့် ကျန်းရှောင်မန်တို့ကို မြင်လိုက်ချိန်တွင် ယွီဝမ်ချန်းက အားတုံ့အားနာဖြင့် ပြုံးပြ  လာသည်။ ကြမ်းပြင်အနှံ့ရှိ အရှုပ်အထွေးများကို ကြည့်ပြီး ကိုးရိုးကားယားနှင့် ပြောလေ၏။ 

"ဒီကောင်လေးက ဒေါသကြီးတယ်... ငါသူ့ကိုတစ်ခုခုပြောလိုက်တာနဲ့ ပစ္စည်းတွေ စပြီး​ပေါက်ခွဲတော့တာပဲ...အခုလည်း သူ့ကိုယ်သူ အခန်းထဲမှာလော့ချထားပြီး...ဘယ်သူ့စကားမှ နားမထောင်ဘူး...."


ယွီချင်းရှီသည် သူ့ကိုယ်သူ အခန်းထဲတွင် ပိတ်လှောင်ထားပြီး ဘယ်သူစကားမှ နားမထောင်ပေ။ ယွီဝမ်ချန်းလည်း ဘာလုပ်ရမှန်း မသိတော့ပါချေ။


သူ စိတ်ရောဂါအထူးကု ခေါ်ထားပြီးပြီဖြစ်သော်လည်း ရောက်ဖို့က အချိန်ကြာဦးမှာဖြစ်၏။


ယွီဝမ်ချန်း ကျန်းရှောင်မန်ကို ငုံ့ကြည့်ကာ မေးလိုက်သည်။

"ရှောင်မန်... သမီး ဦးလေးကို ကူညီနိုင်မလား...."


"ဟုတ်...ရတာပေါ့...."

ကျန်းရှောင်မန် ရှုပ်ထွေးနေဆဲဖြစ်၏။


သူမ စိုးထိတ်နေပြီး သူမနှလုံးသားလေးက မသက်မသာဖြစ်နေသဖြင့် အသက်ရူရခက်နေသည်။


ယွီဝမ်ချန်းဟသူမလက်လေးကို ကိုင်၍ ယွီချင်ရှစ်၏အခန်းတံခါးနားဆီသို့ ခေါ်သွား၏။

သူ အကြိမ်ရေအနည်းငယ် တံခါးခေါက်လိုက်သည်။

"ချင်းရှီ... ရှောင်မန်ရောက်နေတယ်...."


အထဲက ဘာလုပ်ရှားမှုမှ မရှိပေ။ 


ယွီချင်းရှီက သူတို့ကို အာရုံစိုက်ဖို့ အစီအစဥ်မရှိချေ။ 


ယွီဝမ်ချန် လေးလံစွာ သက်ပြင်းချပြီး အသံကျယ်ကျယ်ဖြင့် ပြောလိုက်၏။

"သား ကိုယ့်ကိုကိုယ်  အထဲမှာလော့ချထားလို့ရသလို တံခါးဖွင့်လိုက်လို့လည်းရတယ်...ယောကျာ်းတစ်ယောက်အနေနဲ့ ဒီနည်းလမ်းကိုချည်း အကြိမ်တိုင်းသုံးနေတာ ဘာများကောင်းလို့လဲကွာ..."


အရာရာတိုင်းက တိတ်ဆိတ်နေဆဲပင်၏။


ယွီဝမ်ချန်း ကျန်းရှောင်မန်ကို လက်လွှတ်ပေးလိုက်ပြီး ရှိသမျှအားအင် အကုန်သုံး၍ ကြိမ်ဖန်များစွာ တံခါးခေါက်ကာဖြင့် ကျယ်ကျယ်အော်ပြောလိုက်သည်။ 

"မင်း အထဲမှာပုန်းနေတာနဲ့ပဲ အဖေ  ဘာမှလုပ်လို့မရဘူးမထင်နဲ့နော်... တစ်ယောက်ယောက်ကို လာပြီး တံခါးဖျက်ခိုင်းတော့မှာ...."


"အထဲရောက်ပြီ..."

ပျော့ပြောင်းနူးညံ့သည့် ကလေးအသံက ရုတ်တရက် ထွက်လာပြီး ယွီဝမ်ချန်း၏ တရိပ်ရိပ်တက်နေသောဒေါသ ကို ဟန့်တားလိုက်၏။ 


ယွီဝမ်ချန်း ကြောင်တောင်တောင် ဖြစ်သွားသည်။ 

တံခါးပိတ်ထား၍ သူမ ဝင်မရဘူးဟု သူပြောမည်ကြံလိုက်၏။ သို့သော်လည်း သူခေါင်းငုံ့လိုက်ချိန်တွင် သူတွေ့လိုက်သည်ကား သူ့နောက်မှာ ပါလာသည့် ကျန်းရှောင်မန်က.....ပျောက်သွားပြီ...


သူမ ဘယ်သွားလိုက်တာလဲ...


ယွီဝမ်ချန်း ထိတ်လန့်သွားပြီး ချွေးစေးများထွက်လာကာ အမြန်ပြန်လှည့်လိုက်သည်။


"ဦးလေးယွီ...သမီးကအထဲရောက်နေပြီ..."

ကျန်းရှောင်မန်၏အသံက ထပ်ထွက်လာ၏။

အသံက အနည်းငယ်ဝေ့ဝါးနေပြီး အခန်းထဲမှထွက်လာခြင်းဖြစ်လေသည်။


.....ဟမ်...


တကယ်ကြီး အထဲရောက်နေပြီလား...


ဘယ်လိုများဝင်သွားတာလဲ...


ဒီကလေး... ဘယ်လိုလုပ်လိုက်တာလဲ...


"ရှောင်မန်... "

ယွီဝမ်ချန် နည်းနည်းတော့ ပဟေဠိဖြစ်သွား၏။ 

"ဦးလေးကိုပြော...သမီးဘယ်လိုဝင်သွားတာလဲ..."


ကျန်းရှောင်မန် တံခါးနားသို့ ပြန်လှည့်ပြီး ငုတ်တုပ်ထိုင်ချလိုက်သည်။ တံခါးခြေရှိ အပေါက်သေးသေးလေးထဲမှ ခေါင်းပုစိလေးပေါ်လာပြီး 

တိုးတိုးလေး ပြောလေ၏။

"သမီး ဒီနေရာမှာ  အပေါက်တွေ့လို့ တိတ်တိတ်လေး ခိုးဝင်လိုက်တာ"


"..."

ယွီချင်းရှီက မြောင်မြောင်ဟု ခေါ်သည့်လိမ္မော်ရောင်​ကြောင်ဝတုတ်တစ်ကောင် မွေးထားသည်။လိမ္မော်ရောင် ကြောင်ဝတုတ်သည် ယွီချင်းရှီနှင့် အမှန်ပင် အတွဲညီပြီး သူနှင့်အတူတူအိပ်ရသည်ကို ကြိုက်၏။ ညရောက်တိုင်း ၎င်းသည် သူ၏စောင်အောက်သို့ ခိုးဝင်လေ့ရှိသည်။


သို့သော်လည်း ထိုကလေးသည် အလွန်စိတ်မချဖြစ်နေပြီး အိပ်သည့်အချိန်တိုင်း သူ့အခန်းတံခါးကို အမြဲလော့ချထားသဖြင့် မည်သူမျှ မဝင်နိုင်ပေ။ 


ထိုစဥ်တုန်းက မြောင်မြောင်သည် သူ့အိပ်ခန်းတံခါးရှေ့တွင်ထိုင်ပြီး လက်သည်းများဖြင့် တံခါးကိုကုတ်ခြစ်ပြီး အပြင်းအထန် ဖွင့်ဖို့ကြိုးစားနေခဲ့သည်။ တမြောင်မြောင်အော်ပြီး တစ်ညလုံး ဆူညံသွားစေခဲ့၏။ 


၎င်းနောက် ယွီချင်းရှီက တံခါးပေါ်တွင် မြောင်မြောင် ခိုးဝင်၍ရအောင် အပေါက်တစ်ခုလုပ်ခဲ့ရသည်။ 


လူကြီးများက ထိုအပေါက်ကို ဖြတ်၍ ဝင်မရသော်လည်း ကျန်းရှောင်မန်ကတော့ ရလေသည်။ သူမအနေဖြင့် သူမ၏အနွေးထည်အထူကြီးကို ချွတ်ပစ်ရန်သာလိုပါ၏။


ယွီဝမ်ချန်း အံအားသင့်သွားခဲ့ပြီး နောက်ဆုံးတွင်ပြုံးလာသည်။


သူလည်း ဆောင့်ကြောင့်ထိုင်ပြီး သူမကို တိုးတိုးလေး ပြောလိုက်၏။

"ရှောင်မန်... သမီးသူ့ကို ထွက်လာပြီးတံခါးဖွင့်အောင် ချော့ပေးလို့ရမလား...သူတစ်နေကုန် ဘာမှမစားရသေးဘူး...လူတွေ အစားမစားရင် သေလိမ့်မယ်..."


ကျန်းရှောင်မန် ခေါင်းညိတ်ပြလိုက်သည်။

"အိုခေ...သမီးတာဝန်ထားလိုက်...."


သူငယ်ချင်လေး ယွီချင်းရှီက အရမ်းဆိုးတာပဲ... အစားတောင်မစားဘူး...


သူမ သူ့ကို ဘွားဘွားအား ကိုင်တွယ်ခိုင်းသင့်၏။ အစားမစားဘူး သို့မဟုတ် ဇီဇာကြောင်နေမည်ဆိုပါက တင်ပါးကို လက်ဝါးဖြင့် အတီးခံရမှာဖြစ်သည်။ သူမ အမုန်းဆုံးမုန်လာဥနီဖြစ်နေလျှင်ပင် ဘွားဘွား၏ သင်ကြားရေးအောက်တွင် မျက်လုံးမှိတ်ပြီး အကိုက်ရေနည်းနည်းလောက် စားရဦးမှာဖြစ်၏။ 


အခန်းက အလွန်ကို မှောင်မဲနေသည်။ လိုက်ကာတွေ အကုန်လုံးချထားပြီး ဝင်လာသမျှအလင်းရောင်ကို ကာဆီးထား၏။ အခန်းထဲတွင် မီးအိမ်လည်း မရှိသဖြင့် မြင်နိုင်ဖို့ရာ ခဲယှဥ်းလွန်းနေသည်။ 


ကျန်းရှောင်မန် အမှောင်မကြောက်ပါလေ။ ရွာရှိ သူမတို့အိမ်တွင် မကြာမကြာ လျှပ်စစ်မီးပြတ်တောက်လေ့ရှိသဖြင့် ညဘက်မှာ ကိစ္စတွေ လုပ်ရခြင်းကို ​ကျင့်သားရနေသည်မှာ ကြလှလေပြီ။


သူမအိပ်ရာဆီသို့ ပြေး၍ စမ်းကြည့်ချိန်တွင် ဗလာဖြစ်နေကြောင်း တွေ့လိုက်ရ၏။


ယွီချင်းရှီ၏ အိပ်ခန်းကကြီးလွန်းသဖြင့် သူမ သူဘယ်နားမှာရှိမှန်း စဥ်းစားမရပါချေ။


Chapter 80


ကျန်းရှောင်မန် လိုက်ကာတွေကို ဖွင့်ချင်သော်လည်း ၎င်းတို့သည်ရီမုနှင့် ချိတ်ဆက်ထားသည့် အော်တိုလက်ရန်းများကို အသုံပြုထားသဖြင့် သူမအားသုံးပြီး ဖွင့်မရဖြစ်နေ၏။


သူမက ထိုဟာကို မသိသဖြင့် အကြာကြီး  ကြိုးစားဆွဲနေသော်လည်း အချည်းနှီးပင်။ ထိုဟာက အရမ်း စိတ်တိုစရာကောင်းသည်။ 


"ဦးလေးယွီ...ဒီမှာ အရမ်းမှောင်လို့...သမီးမီးတွေဖွင့်ချင်တယ်..."

သူမ ယွီဝမ်ချန်းကို အကူအညီလှမ်းတောင်းလိုက်၏။ 


"ကုတင်ခေါင်းရင်းနားမှာ ခလုတ်ရှိတယ်..."


လူကြီးတစ်ယောက်နှင့် ကလေးတစ်ယောက်သည့် ထိုကဲ့သို့ အသံမနှိမ့်ဘဲ တံခါးကိုဖြတ်ပြီး စကားပြောနေကြသည်။ 


ကျန်းရှောင်မန် လူမဲ့နယ်မြေရောက်နေသကဲ့သို့ စွန့်စားကာဖြင့် အောင်မြင်စွာ မီးဖွင့် လိုက်၏။


ယွီချင်းရှီ.....ယွီချင်းရှီ ဒေါသထွက်လွန်း၍ သေမတတ်ပင်။


သူ ခုန်ထပြီး ထိုကလေးမလေးကို သင်ခန်းစာပေးဖို့ မထိန်းနိုင်လုနီးပါးဖြစ်နေသည်။ 


သူတို့ တကယ်ကြီး သူ့ကို လေလိုဆက်ဆံလိုက်တယ်ပေါ့...ဒါက တကယ် အ​ဆင် ပြေတယ်ပေါ့လေ...


ယွီချင်းရှီ စိတ်ဆိုးဆိုးနှင့် တွေးလိုက်၏။ သူအလွန်အမင်း အမျက်ခြောင်းခြောင်းထွက်နေသော်လည်း စကားတစ်ခွန်းမှပြောလို့မရပေ။ သူ့အနေဖြင့် သူ့အဖေက  သူ့အား ဘယ်လိုရှာရမည်ဆိုသည်ကို သူမအား ညွှန်ကြားနေခြင်းကို တိတ်တိတ်လေး နားထောင်နေရသည်။ 


ကျန်းရှောင်မန်  အခန်းပတ်ပတ်လည်ကို ကြည့်လိုက်ရာတွင် မည်သူ့ကိုမျှ မတွေ့သော်ငြား  ယွီချင်းရှီ၏ စားပွဲပေါ်တွင် သပ်ရပ်စွာ စီတန်းထားသည့် သံဘူးတစ်တန်းကို တွေ့လိုက်ရ၏။ 


ကျန်းရှောင်မန် ဘူးပေါ်တွင်ရေးထားသည့် စကားလုံးများကို မမှတ်မိသော်လည်း အသားပုံပါလေသည်။ သူမ ထိုဟာကို စားစရာဟု ယူဆလိုက်ပြီး လှမ်းယူလိုက်၏။ 


အခန်းက တဖြည်းဖြည်းနှင့် ငြိမ်ကျသွားသည်။


ယွီချင်းရှီ ဘာလှုပ်ရှားသံမှ မကြားရတော့ပေ။


သူနေမထိထိုင်မသာဖြစ်ပြီး စိတ်လောနေ၏။ သူ သူမကို အမြန်သာထွက်သွားစေချင်သည်။ သူမ က အတော်ကိုပင် စိတ်ရှုပ်စရာကောင်းပြီး သူ သူမကို လုံးဝမတွေ့ချင်ပါလေ။ 


သူမ နောက်ဆုံးတော့ ထွက်သွားပြီပေါ့...


သူ့စိတ်ထဲတွင် ရုတ်ရင်းဆန်ခတ်ဖြစ်နေကာရှိသေး သူမ၏အသံကရုတ်တရတ်ထွက်လာ၏။

"နင်အထဲမှာ ရှိမှန်းငါသိတယ်...တစ်ကနေ တဆယ်ထိရေမယ်...နင်ပြန်မဖြေရင် ငါဝင်လာမှာနော်...."


ယွီချင်းရှီက အဝတ်ဗီရိုထဲတွင် ပုန်းနေခြင်းဖြသ်ပြီး ထိုစကားကိုကြားလိုက်ချိန်တွင် ချက်ချင်း တဆတ်ဆတ်တုန်သွားသည်။ 


သူမ...သူမဘယ်လိုများရှာတွေသွားရတာလဲ...


"တစ်....."

သူမ၏ နူးညံ့ပျော့​ပြောင်းသည့်အသံလေးက တဖန်ထပ်ထွက်လာ၏။


ယွီချင်းရှီအထိတ်ထိတ်အပျာပျာဖြစ်သွားသည်။


သူ သူမကို ထွက်သွားဖို့ပြောချင်သော်လည်း စကားလည်းမပြောချင်ပေ။ သူဦးနှောက်က အလျင်အမြန် ဂီယာမြင့်လိုက်ရသဖြင့် သူ့နဖူးတွေ ရှုံ့တွလာ၏။


သူ ဆက်ငြိမ်နေရလား...ဒါမှမဟုတ် သူမကိုကြိမ်းမောင်းပြီး ထွက်သွားဖို့ပြောရမလား...


အချိန်ခဏလေးသာရှိသေးပြီး သူဆက်၍ တစိမ့်စိမ့်ချိန်ဆနေတုန်းဖြစ်သည်။


".....တစ်ဆယ်..."

ကျန်းရှောင်မန် ဗီရိုတံခါးကို အမြန်ဖွင့်ပြီး ပျော်ပျော်ကြီး ပြောလိုက်၏။

"ငါ ဝင်လာပြီ.."


"..."

ကျန်းရှောင်မန်... မင်းဘာဖြစ်နေတာလဲ...

တစ်ကနေတစ်ဆယ်ထိ ရေမှာမဟုတ်ဘူးလား...


ကြားထဲက နှစ် သုံး လေး ငါး ခြောက် ခုနစ် ရှစ် ကိုးက ဘယ်ရောက်သွားတာလဲ... မင်းစားပစ်တာလား...


ယွီချင်းရှီ ခဏလောက်ကြောင်အနေခဲ့ပြီး ၎င်းးနောက် ထိုလူလိမ်မလေးကို ဒေါသတကြီး စိုက်ကြည့်လိုက်သည်။ ကံမကောင်းစွာဖြင့် သူမက သူကိုယ် သူမဖျစ်ညစ်၍ အဝတ်ဗီရိုထဲ ဝင်ကာ တံခါးပိတ်လိုက်သည့်အတွက် သူမကို ဘုကြည့်ကြည့်နေသော သူ့မျက်လုံးများကို မမြင်ရပေ။ 


အဝတ်ဗီရိုကား အမှောင်ထဲသို့ နောက်တစ်ကြိမ် သက်ဆင်းသွားခဲ့၏။


ယွီချင်းရှီ အမှောင်ထဲရှိ လုံခြုံသည့်ခံစားမှု ကို ရင်းနှီးပြီးသားဖြစ်သော်လည်း တစ်ချိန်တည်းတွင်  သူအနည်းငယ်လည်း ကြောက်နေသည်။ 


သူ ကျန်းရှောင်မန်နှင့် ဝေးဝေးနေဖို့ကြိုးစားပြီး တိတ်တိတ်လေး ထောင့်နားသို့ဆုတ်လိုက်ရင်း သူ၏ဒူးခေါင်းလေးကို ဖက်ကာ ကိုယ်လေးကြုံ့မသွားဘဲ မနေနိုင်ခဲ့။


 သို့ပေမဲ့ စိတ်မကောင်းစရာကား...

 

သူနောက်ဆုတ်သွားသည်နှင့် ကျန်းရှောင်မန်က ချက်ချင်း တိုးလာပြီး လွတ်သွားသည့်နေရာကို သိမ်းယူလိုက်၏။ 


 ယွီချင်းရှီ မလှုပ်နိုင်တော့။


 သူ ကျန်းရှောင်မန်ကို ဒေါသတကြီး  တွန်းထုတ်လာပြီး ဘုကြည့်ဆက်ကြည့်နေသည်။


 ဟီးဟီး...ကျန်းရှောင်မန်က ဘာမှ မမြင်ရဆဲပင် ဖြစ်နေပြီး သူ၏ဒေါသမီးလျှံများကို နည်းနည်းမျှ မခံစားမိပါချေ။ ကောင်းပြီ ၊ သူမ မြင်ရလျှင်တောင် ကိစ္စမရှိပေ။ အကြောင်းမှာ ဘယ်လိုပဲဖြစ်ဖြစ် သူမ ယွီချင်းရှီကို မကြောက်သောကြောင့်ပင်။ 


 ကျန်းရှောင်မန် သူကိုမေးလိုက်၏။

 "နင်ဘာလုပ်နေတာလဲ... တူတူပုန်းတမ်းကစားနေတာလား.."

 

ယွီချင်းရှီက စကားမပြောချင်ဆဲပင်ဖြစ်သော်လည်း ပြဿနာမရှိပါချေ။ ကျန်းရှောင်မန်  သူနှင့် အတူရှိသည့်အချိန်တိုင်း သူစကားပြောသည် မပြောသည်ကို ဂရုမစိုက်ပါလေ။ သူမက သူ့အဖို့ကိုပါ ပြောနေသကဲ့သို့ တစ်နေ့လုံး သူမဘာသာသူမ စကားပြောနိုင်ပါ၏။ 


 "ငါပြောဦးမယ်...ငါ အိမ်ပြောင်းလိုက်ပြီ...ကျောင်းနားလေးကိုပြောင်းလိုက်တာ...အဲ့မှာ ကလေးတွေလည်း အများကြီးရှိတယ်... ဦးလေးကပြောတယ်...ငါက နောက်ကျရင် မြို့ကမူကြိုကျောင်းကို တက်ရမှာတဲ့...ငါနင့်ကို နေ့တိုင်း ကစားဖို့ လာရှာမယ်လေ...ပျော်လား...ငါတော့ အရမ်းပျော်တယ် ...."

 

ယွီချင်းရှီ နည်းနည်းမှ မပျော်မိသဖြင့် ဆက်ပြီး နှုတ်ဆိတ်နေလေသည်။


 ကျန်းရှောင်မန်ကလည်း တစ်စက်ကလေးမှ စိတ်မကွက်ပါဘဲ ဆက်ပြောလာ၏။

 "နင့်မြောင်မြောင်က အရမ်းဝတာပဲ...အဲ့ဒီအပေါက်က ငါတို့အိမ်ကခွေးတိုးပေါက်ထက် ပိုကြီးတယ်...."