Chapter 100
Viewers 12k

📽️Chapter 100

Extra 6 : ကုန်းရှီအန်းနှင့် လုယိယန် (5) 



ကုန်းရှီအန်းမှာ နတ်ဘုရားလေးထံမှ လွှမ်းမိုးခံလိုက်ရသည်။ 


လုယိယန်မှာ ဒေါသထွက်နေဆဲ ဖြစ်ပြီး အမောတကော အသက်ရှူနေရလေသည်။ 


ကုန်းရှီအန်းက သူ့ရှေ့တွင်ရပ်နေရင်း သူ့မျက်နှာနှင့် အမူအရာများကို ဖုံးအုပ်ထား၏။ 


"ဟုတ်ပြီ... မင်း ဘယ်တုန်းက ဒီလောက်ထိ အရွယ်ရောက်လာတာလဲ... ဟမ်... မင်းက ပိုပိုပြီး သတ္တိရှိလာပြီပဲ…"

လုယိယန် ပြောပြီးသွားသောအခါ ကုန်းရှီအန်းရှေ့သို့ တည့်တည့် လျှောက်သွားလိုက်ပြီး ကုန်ရှီအန်းကို ကန်ထည့်လိုက်သည်။ အကန်ခံလိုက်ရသည်ကြောင့် ကုန်းရှီအန်းတစ်ကိုယ်လုံး ယိုင်သွားလေသည်။ 


လုယိယန် သူ့ကို တွန်းလွှတ်ကာ ထွက်သွားရန် ပြင်လိုက်သည်။ ခြေနှစ်လှမ်းမျှ လှမ်းပြီးနောက် အော်လိုက်၏။ 

"နောက်ကလိုက်ခဲ့…" 


"အင်း…"

ကုန်းရှီအန်းက သူ့နောက်မှ ပန်းခြံလေးထဲသို့ ထိန်းထိန်းသိမ်းသိမ်း အမူအရာဖြင့် လျှောက်လာသည်။ 


လုယိယန် နေရာတစ်ခုကို ညွှန်ပြကာ ပြောလိုက်သည်။ 

"ဒီမှာရပ်နေ…" 


ကုန်းရှီအန်း တည်ငြိမ်စွာပင် ရပ်နေခဲ့သည်။ 


ပူပြင်းလှသော နွေရာသီဖြစ်ပြီး နေ့လည်ပိုင်း နေမင်းကြီးက မြေသားများကို အရူးအမူး ခြောက်သွေ့စေခဲ့သည်။ နေရာတိုင်း အပူဓာတ်များ ပျံ့နှံ့နေခဲ့လေသည်။ 


ကုန်းရှီအန်း ရပ်နေသောနေရာမှာ ပန်းပင်များ၏ အရိပ်ကျနေသဖြင့် အအေးဓာတ်လေး အနည်းငယ် ရှိနေခဲ့သည်။ 


လုယိယန် ဘေးပတ်လည်ကို ရှာဖွေလိုက်ပြီးနောက် အဆုံးတွင် ခပ်တုတ်တုတ် သစ်ကိုင်းတစ်ခုကို ရှာတွေ့သွားသည်။ ထိုသစ်ကိုင်းခြောက်ဖြင့် ကုန်းရှီအန်းကို ထိုးပြလိုက်သည်။ 

"မင်း ဘာလုပ်နေတာလဲ သိတယ်မလား…" 


"ငါ... မင်းကို နမ်းခဲ့မိတာလား…" 


"သစ်ကိုင်းရဲ့အရွယ်အစားကို တွေ့တယ်မလား... ဟမ်... ငါတို့က တကယ်သူငယ်ချင်းတွေ... ဆက်ဆံရေးလည်း ကောင်းတယ်ဆိုရင်တောင် သူငယ်ချင်းကောင်းတွေက ဒီလောက်ထိကြီး မလုပ်ကြဘူးကွ…" 


“…”

ကုန်းရှီအန်း မတ်မတ်ရပ်နေပြီး နာခံနေပုံပေါ်သော်လည်း မျက်နှာအမူအရာကမူ မနာခံချင်သည့်ပုံပေါ်နေသည်။ 


သူ့ပုံစံကို တွေ့လိုက်ရသောအခါ လုယိယန် ဒေါသထွက်သွားပြီး ပြစ်တင်ဆုံးမလိုက်၏။

"မင်းက နေရာတိုင်းမှာ တေလေဂျပိုးလို ကစားနေတာလား…" 


"မဟုတ်ပါဘူး... မင်းနဲ့ အတူရှိချင်ရုံပါ..." 


"ဒါက ပိုတောင် ဆိုးသွားပြီ…" 


"..."

ကုန်းရှီအန်း အမြန်ပါးစပ်ပိတ်လိုက်သည်။ 


လုယိယန် သူ့ကိုကြည့်လိုက်ပြီး ဒေါသဆက်မထွက်မိတော့ချေ။ 


သူက ကုန်းရှီအန်းကို နှစ်သိမ့်ပေးချင်သည်။ ထိုကောင်လေးက ကလေးသာ ရှိသေးသည်။ ကလေးလေးလို လောကကြီးအကြောင်း မသိသေးရှာသည့်အတွက် သူကသာ လမ်းပြပေးသင့်ပေသည်။ 


ကုန်းရှီအန်းက နိုင်ငံခြားက လာတာမို့ ပိုပြီးပွင့်လင်းနေရတာလား... ဒါပေမယ့် ငါ သင်ယူခဲ့ရတဲ့ ပညာရေးက ဓလေ့ထုံးတမ်း ပိုကျတယ်... ဒါကြောင့်များ ကုန်းရှီအန်း လုက်တာတွေက လွန်လွန်းတယ်လို့ ခံစားနေရတာများလား... 


လုယိယန် စိတ်ကိုပြင်ဆင်လိုက်ပြီးနောက် ပြောလိုက်သည်။

"ဒါဆို အတူတူ စာမလုပ်ပဲ နေကြရအောင်... ငါတို့ ခဏလောက် အကွာအဝေး ခြားထားသင့်တယ်…"


လုယိယန် စကားပြော၍ မပြီးသေးခင် ကုန်းရှီအန်းက စိတ်ပူပန်လာလေတော့သည်။

"ဘာလို့လဲ... မရဘူး…" 


"မင်းနဲ့ ငါကြားက ဆက်ဆံရေးက စည်းကျော်နေတယ်ဆိုတာ သိသာနေတာပဲ... အကွာအဝေး ခြားထားမှ ဖြစ်မယ်…" 


"မလုပ်ချင်ဘူး…" 


လုယိယန် သူ့ကို မည်မျှပင် ဆူဆူဆဲဆဲ ရိုက်ရိုက် စိတ်ဆိုးမည် မဟုတ်ပေ။


သို့သော်လည်း လုယိယန်က ဝေးဝေးနေချင်သည်ဟု ပြောလာသောအခါ ကုန်းရှီအန်း ချက်ချင်း ပျာယာခတ်သွားသည်။ 


နှလုံးသားနှင့် အသက်ရှူသံသည်ပင် တစ်ခဏလောက် တင်းကျပ်သွားလေသည်။ 


လုယိယန် ဆက်ပြီး ရှင်းပြလိုက်သည်။ 

"ဒါပေမယ့် ဒီကိစ္စတွေက..." 


"ဒါဆို မင်းက ငါ့ရဲ့မိန်းမ ဖြစ်လာလို့ရတာပဲ... ဒီလိုဆိုရင်ရော အဆင်မပြေဘူးလား…" 


"မင်း ရူးသွားပြီလား…" 


“…” 


လုယိယန် နှဖူးကို ပွတ်လိုက်ပြီးနောက် ပြောလိုက်သည်။ 

"မင်းမိသားစုကို ဖုန်းဆက်ပြီး လာကြိုခိုင်းလိုက်မယ်…" 


"မလုပ်နဲ့... ဒါ…"

ကုန်းရှီအန်း အဆုံးတွင် ဗျာများသွားရလေပြီ။ သူက လုယိယန်၏လက်ကို ချက်ချင်းဆွဲယူကာ အာမခံလိုက်သည်။

"နောက်ဆို မလုပ်တော့ပါဘူး... ဟုတ်ပြီလား.. ဘာမှလည်း မလုပ်တော့ဘူး... မဟုတ်တာတွေလည်း လျှောက်မပြောတော့ဘူး... စိတ်မဆိုးပါနဲ့တော့ ဟုတ်ပြီလား... ဝေးဝေးမှာ မနေပါနဲ့... ငါအဆင်မပြေဘူး…" 


"ငါလည်း ပိုကောင်းတဲ့ နည်းလမ်း မစဥ်းစားမိလို့…" 


"မရဘူး…" 

ကုန်းရှီအန်းက အော်ငိုလာလေသည်။ လုယိယန် အတော်လေး အံ့အားသင့်သွားသည်။ 


သူက ကုန်းရှီအန်း၏ မျက်ရည်များ စိုစွတ်နေသော မျက်နှာကို ကြည့်နေမိပြီး ထိုသူမှာ ငိုရလွန်း၍ နှာခေါင်းထိပ်များပင် နီရဲလာလေသည်။ တစ်ခဏလောက်ထိ ဘာလုပ်ရမည် မသိတော့ချေ။


"ငါသွားနှင့်ပြီ…"

လုယိယန် ပြောပြီးသွားသောအခါ လှည့်ထွက်သွားပြီး  အိမ်ထဲသို့ ပြန်ဝင်သွားသည်။ 


ကုန်းရှီအန်းမှာ လုယိယန်က သူ့နောက်သို့ မလိုက်လာစေလိုကြောင်း သိနေခဲ့သည်။ သူက အေးအေးဆေးဆေး နေကာ စဥ်းစားလိုခြင်း ဖြစ်ပေမည်။ ထို့ကြောင့် သူ လိုက်မသွားခဲ့ပေ။ 


လုယိယန် ထွက်သွားသောအခါ မူလက ရှိုက်ငိုနေဆဲ ကုန်းရှီအန်းတစ်ယောက် တဖြည်းဖြည်း တည်ငြိမ်လာပြီး အငိုတိတ်သွားသည်။


သူမျက်ရည်များကို သုတ်ကာ လုယိယန်ထွက်သွားရာဘက်သို့ ကြည့်လိုက်ပြီး သက်ပြင်းအရှည်ကြီး ချမိသွားသည်။ 


အစောပိုင်းက လုယိယန်၏ သဘောထားကို တီးခေါက်ကြည့်လိုက်ခြင်းသာ။ 


လုယိယန်၏ သဘောထားက အလွန်ရှင်းလင်းနေသည်။ သိသိသာသာပင် သူက အချစ်ရေးအကြောင်း တစ်ခါမှ စဥ်းစားဖူးပုံမရပေ။ ယောကျ်ားလေးတစ်ယောက်၏ ချစ်သူ ဖြစ်ရန်က သာ၍ဝေးပေမည်။ 


အထူးသဖြင့် လုယိယန်က သူ့အား ကလေးတစ်ယောက်လို ဆက်ဆံနေဆဲပင်။ 


ငါ ငိုလိုက်တာက လုယိယန်ရဲ့ နှလုံးသားကို နူးညံ့သွားစေခဲ့တာလား... 


သူက ဆက်လျှောက်လာနေရင်း လုယိယန် သူနှင့် အမှန်ပင် စည်းခြားလိုက်မည်ကို စိုးရိမ်နေခဲ့မိသည်။ သို့တည်းမဟုတ် သူ့အား ထိတွေ့နေမည်ကို ရပ်လိုက်တော့မည်လားဟု တွေးနေမိသည်။


လုယိယန်၏ အသံအနေအထားမှာ သူနှင့် စည်းခြားနေမည့်အပေါ် တွန့်ဆုတ်နေခြင်း၊ စိတ်သောကရောက်နေခြင်း မရှိပေ။ 


သူနှင့် လုယိယန်တို့အကြား အလွန်နီးကပ်သော ဆက်ဆံရေး ရှိနေပြီဟု တွေးထားခဲ့သော်ငြား လုယိယန်၏ နှလုံးသားထဲမှ သူ့နေရာကို အထင်ကြီးမိသွားပုံရသည်။ လုယိယန်က သူနှင့် ခွဲမနေနိုင်သူ မဟုတ်ခဲ့ရုံသာမက သူမရှိလျှင် ပိုကောင်းမည်ဟုပင် တွေးနေပုံရလေသည်။ 


ငါက... တကယ်တော့ လုယိယန်နောက် တကောက်ကောက်လိုက်နေတဲ့ ကလေးတစ်ယောက်သာသာပါပဲ... 


ယင်းက ခက်ခဲသည့် ပြဿနာတစ်ခုပင်။ 


သူတော်တော်လေး စိတ်ဓာတ်ကျနေလေ၏။


သူ့လက်ကိုမြှောက်၍ နှုတ်ခမ်းကို ထိလိုက်သောအခါ လက်ချောင်းထိပ်လေးများမှာ လုယိယန်၏ နှုတ်ခမ်းလေးများလောက် နူးညံ့မနေခဲ့ပေ။


'အရသာ မြည်းဖူးပြီးသွားမှတော့ အလွယ်တကူ လက်လွှတ်ပေးနိုင်ပါ့မလား... ပိုပြီးတောင် လိုချင်လာတယ်…' 


သို့သော်လည်း လုယိယန် သူ့ထံမှ မထွက်သွားနိုင်အောင် မည်သို့ လုပ်နိုင်မည်ကို တွေးနေရသေးသည်။


သူ အလျင်စလို မလုပ်သင့်ပေ။ 


အလျင်လိုလွန်းလျှင် လုယိယန်တစ်ယောက် ကြောက်လန့်တကြားဖြင့် ထွက်ပြေးသွားပေလိမ့်မည်။ 


သူ့ကိုယ်သူ ပြန်သတိပေးလိုက်သည်။ 

 

*****


လုယိယန် စိုးရိမ်သောက ရောက်နေရသည်။ 


ကုန်းရှီအန်းက သူ့ကို အလွန်အမင်း မှီခိုနေခဲ့ပြီး မသင့်တော်သည့် ဆက်ဆံရေးတစ်ခုကိုလည်း စတင်ချင်နေခဲ့သည်။ ယင်းက သူ့ကို အတော်လေး စိတ်ပူပန်သွားစေခဲ့သည်။ သူ့ကြောင့် ကုန်းရှီအန်း၏ဘဝ နှောင့်နှေးသွားစေမည်ကို စိုးရိမ်မိသည်။ 


ထိုအရာမျိုးကို အညွန့်ဘဝကတည်းက ဖျက်ဆီးထားသင့်သည်။ ထိုသို့မဟုတ်လျှင် ပို၍ ရှင်းရခက်ပေတော့မည်။ 


သူက တစ်ညလုံး လူးလှိမ့်နေပြီး အိပ်မပျော်နိုင်ခဲ့ပေ။ နောက်တစ်ရက်တွင် မျက်ကွင်းများ ညိုကာ ကြည့်ရဆိုးနေခဲ့လေသည်။ 


စာသင်ခန်းထဲမှ ထွက်လာသောအခါ ကုန်းရှီအန်းက ရောက်နှင့်နေပြီး အလွန်ပင်ပန်းနေပုံလည်း ရသည်။ 


သူ ဝင်လာသည်ကို တွေ့သောအခါ ကုန်းရှီအန်းက စကားမပြောလာသော်လည်း ခေါင်းငုံ့ကာ စာအုပ်ကို တိတ်တဆိတ် ဖတ်နေခဲ့သည်။ 


လုယိယန်ကလည်း သူ့ကို တစ်ခွန်းမှ မဆိုဘဲ အခြားစားပွဲတစ်ခုတွင် ဝင်ထိုင်လိုက်သည်။ 


စာသင်ခြင်းက ချောချောမွေ့မွေ့ ပြီးသွားသည်။ သင်ခန်းစာများ ပြီးသွားသောအခါ ဆရာကို ပြန်လိုက်ပို့လိုက်ပြီး အတူတူ ညစာ သွားစားခဲ့ကြသည်။ 


ထိုဖြစ်စဥ်အတွင်း ကုန်းရှီအန်းက တစ်ချိန်လုံး တိတ်ဆိတ်နေခဲ့သည်။ လုယိယန်ကိုပင် တစ်ချက်လေးမှ မကြည့်ပေ။ 


အဆုံးတွင် လုယိယန်ကသာ မေးလိုက်ရသည်။

"ဒီမှာ ဆက်နေဦးမှာလား…" 


"အင်း…"

ကုန်းရှီအန်းက အသံတိုးတိုးဖြင့် ပြန်ဖြေလိုက်သည်။ 


"သြော်..."

လုယိယန် တစ်ခဏမျှ တွေးလိုက်ပြီးနောက် ပြောလိုက်သည်။

"မင်းမိဘတွေကို မပြောရသေးဘူး... တစ်ချိန်လုံး မတရားခံရသလို လုပ်မနေစမ်းနဲ့…"


"မတရားခံရတာ မဟုတ်ပါဘူး... ကြောက်နေတာ…" 


"ကြောက်နေတာလား…"

လုယိယန် ပဟေဠိ ဖြစ်သွားသည်။ 


"အင်းလေ... ငါအမှားလုပ်မိလို့ မင်းစိတ်ဆိုးသွားမှာ ကြောက်နေတာ... ဒါဆို မင်းကငါ့ကို ချစ်တော့မှာ မဟုတ်ဘူး…" 


"..."

လုယိယန် အေးခဲသွားသည်။ 


"အခု ဘယ်ဟာက အမှန်လဲ ဘယ်ဟာက အမှားလဲ ငါမသိဘူး... ငါမင်းကို သဘောကျပြီး အနားမှာနေချင်တာကြောင့် တစ်ခုခု လုပ်မိမှာ စိုးတာ... မင်း ငါနဲ့ စည်းခြားပြီးနေလိုက်ရင် လုံးဝ မင်းနဲ့အတူတူ ကြီးပြင်းရတော့မှာ မဟုတ်ဘူး," 


လုယိယန်က သူ့ကို ကလေးလို ဆဆက်ဆံနေကြောင်း သိသဖြင့် သူကလည်း ကလေးလေးလို လုပ်ပြရပေတော့မည်။ 


သေချာပေါက်ပင် လုယိယန်၏ မျက်နှာကြောက ပြေလျော့သွားသည်။ သူက နူးနူးညံ့ညံ့လေး စကားပြောလာပြီး ကုန်းရှီအန်းကို တရားဟောလာခဲ့သည်။

"ငါတို့အရင်တုန်းက ပြဿနာ မရှိခဲ့ဘူးလေ... ဒါပေမယ့် ဒီလိုဟာမျိုးက... အနမ်းပေးတာက တကယ် မှားယွင်းနေတာ…" 


"မှားမှန်းသိပါပြီ…" 


ကုန်းရှီအန်းက အစပြုတောင်းပန်ကာ အားနည်းသည့်ပုံစံလေး ပြလာ၍ လုယိယန် မည်သို့ ပြောရတော့မည်ကိုပင် မသိတော့ပေ။ 


ထိုအခိုက် ကုန်းရှီအန်းက သတိကြီးကြီးထား၍ မေးလာသည်။

"ဒါဆို... ငါတို့ ဘာလုပ်ကြရမှာလဲ... အတူတူနေလို့ ရသေးလား... မင်းအခန်းဆီ ထပ်မလာတော့ဘူးလေ...သင်ခန်းစာတွေရော အတူတူနားထောင်လို့ မရဘူးလား…" 


"ရပါတယ်…" 


ကုန်းရှီအန်း ဆက်မေးလိုက်သည်။

"လက်ရော ကိုင်လို့ရလား…" 


"မရဘူး…" 


"အာ... လက်ကိုင်လို့ မရဘူးလား... ငါတို့က သူငယ်ချင်းကောင်းတွေ မဟုတ်ဘူးလား…"


"ယောကျ်ားလေးနှစ်ယောက် လက်ကိုင်တာ ထူးဆန်းတယ်…" 


"မိန်းကလေးတွေကျ ကိုင်ပြီး..." 


"သူတို့နဲ့ ဘာလို့ သွားယှဥ်နေတာလဲ…" 


"အိုး..." 


ကုန်းရှီအန်းက ဆက်စားနေပြီး စားနေရင်း ရုတ်တရက် သက်ပြင်းချလိုက်သည်။ 


လုယိယန်က ခေါင်းမော့ကြည့်လာပြီး မေးလိုက်သည်။ 

"ဘာဖြစ်လို့လဲ…" 


"အသက်ရှင်ရတာ ခက်ခဲလိုက်တာ…" 


“…”လုယိယန်က သူ ထိုသို့ ရုတ်တရက် ထပြောရသည့်အကြောင်းအရင်းကို နားမလည်နိုင်ခဲ့ပေ။


ကုန်းရှီအန်းက သနားစရာ ပုံစံလေး လုပ်ပြလာပြန်သည်။ 

"နှမြောစရာကောင်းပေမယ့် မင်းမကြိုက်တာ ဘာမှ မလုပ်တော့ဘူး… ရပြီလား…" 


"အင်း…" 


"ဒါဆို ငါနဲ့ သူငယ်ချင်း ဆက်လုပ်ပေးမှာလား…" 


"..."

လုယိယန် တစ်ခဏမျှ တိတ်ဆိတ်သွားပြီးနောက် ခေါင်းညိတ်ပြလိုက်သည်။  


"ကောင်းလိုက်တာ…" 

ကုန်းရှီအန်း၏ နှုတ်ခမ်းထောင့်လေးတွင် အပြုံးဖွဖွလေး ထင်လျက် လုယိယန်အား ကြည့်လာသည်။ လုယိယန်၏ စိတ်ရှုပ်ထွေးနေပုံရသည့် မျက်နှာလေးကို မြင်သောအခါ နှလုံးသား ပျော့ပြောင်းသွားသည်။ ဤတစ်ကြိမ်တွင်တော့ သူ့ကို အရူးလုပ်မိနေကြောင်း ကုန်းရှီအန်း သိသွားသည်။ 


'ခဏလောက်တော့ စိတ်ရှည်ရမယ်ထင်တယ်…" 


... 


ကုန်းရှီအန်းမှာ အချိန်ကြာမြင့်စွာ အောက်ခြေမှာသာ လှဲနေရမည်ဟု တွေးထားခဲ့သည်။ သို့သော်ငြား အချိန်က အလွန့်အလွန်ကြာသွားလိမ့်မည်ဟု မတွေးထားခဲ့ပေ။ 


(T/N - အောက်ခြေမှာလှဲတယ်ဆိုတာ လုယိယန်ရှေ့ကျ ဘာမှမသိတဲ့ ကလေးလိုမျိုး အင်နိုးစန့်ယောင်ဆောင်နေတယ်လို့ ဆိုလိုချင်တာပါ )


မျက်စိတစ်မှိတ်အတွင်း လုယိယန်က အသက်နှစ်ဆယ့်ကိုးနှစ်ရောက်လာပြီး သူက နှစ်ဆယ့်ခုနစ်နှစ် ဖြစ်လာသည်။ 


သူတို့နှစ်ယောက်က ချစ်သူဟူသည့် ဆက်ဆံရတစ်ခုအတွင်း မရောက်ရှိခဲ့ကြပေ။ ကုန်းရှီအန်းက လုယိယန်ကို စောင့်ဆိုင်းနေပြီး လုယိယန်ကမူ ကမ္ဘာပေါ်တွင် သူနှင့် ထိုက်တန်သူ မရှိဟု တွေးနေခဲ့သည်။ 


ကုန်းရှီအန်းမှာ စိတ်အေးရမည်လား စိတ်ညစ်ရမည်လားပင် မသိတော့ပေ။ 


လုယိယန်ကို အတော်လေး ကောင်းကောင်း လေ့ကျင့်ပေးခဲ့သည့်အတွက် ကိုယ့်ခြေထောက်ပေါ် သေနတ် ပြန်ပစ်မိနေလေပြီ။ 


ကုန်းရှီအန်းက နားနေခန်းထဲတွင် အနားယူနေဆဲပင်။ 


သူ ယခုလေးတင် ဖောက်သည်တစ်ယောက်ကို လိုက်ပို့ပေးခဲ့ပြီးနောက် သူ့ကုမ္ပဏီတွင် ရင်းနှီးမြုပ်နှံလာရန် မက်လုံးပေးလာသော်ငြား အစီရင်ခံစာများကို ဖတ်ပြီးနောက် ကုန်းရှီအန်းတစ်ယောက် စိတ်ရှုပ်သွားရသည်။

တခြားလူတွေဆီမှာ ငါ့ပိုက်ဆံတွေကို အလဟဿ သုံးပစ်ရမှာလား... 


သူ ပျင်းရိလာနေစဥ်မှာပင် လုယိယန်တစ်ယောက် အပြေးရောက်လာပြီး သူ့ကို မေးလာသည်ကို တွေ့လိုက်ရသည်။ 

"ရှောင်အန်း... ရန်ရှူနဲ့ စန့်မိသားစုက ဘယ်လိုပတ်သက်လဲ သိလား…"


ကုန်းရှီအန်းက လုယိယန် ရောက်လာသည်ကို မြင်သောအခါ ချက်ချင်း မျက်နှာအမူအရာ ပြောင်းလဲသွားသည်။  


သူက လုယိယန်ကို ထိုင်ခိုင်းလိုက်ပြီး နူးနူးညံ့ညံ့ မေးလိုက်သည်။

"ဘာကိစ္စလဲ... ဘာလို့ ဒီလောက် ရေးကြီးသုတ်ပြာ ဖြစ်နေရတာလဲ…" 


"ငါက ရန်ရှူကို ဒီတလောမှာ ထွက်နေတဲ့ သတင်းတွေအကြောင်း နည်းလမ်းအမျိုးမျိုးနဲ့ လှောင်ပြောင်သရော်နေခဲ့တာလေ... ဒါပေမယ့် ပြီးလည်းပြီးရော သူနဲ့ မစ္စစန့်တို့ ဘေးချင်းကပ်လျက်ရပ်ပြီး ထွက်သွားတာ တွေလိုက်တာ...ငါ သတင်းမှားတွေ ရထားတာများလား…" 


ကုန်းရှီအန်း တစ်ခဏမျှ တွေးလိုက်ပြီးနောက် မေးလိုက်သည်။

"စန့်ရှန်းလား…" 


"စန့်မိသားစုက သားရဲ့နာမည်က အဲ့ဒါလား…" 


"အင်းလေ... ငါသူ့ကို သိတယ်... သူအရင်က မတော်တဆ ဖြစ်ဖူးလို့ စိတ်အခြေအနေက သိပ်မကောင်းဘူး…" 


"ဒါဆို သူ့ရဲ့စိတ်အခြေအနေ သိပ်မကောင်းလို့ သူ့မိသားစုက ရန်ရှူလို ဇနီးမျိုး ရှာခွင့်ပြုထားပြီး လက်ခံပေးထားတာလား…" 


"မဟုတ်ပါဘူး…"

ကုန်းရှီအန်းက ခပ်ပြုံးပြုံးဖြင့် ငြင်းလိုက်သည်

 "စန့်ရှန်းက နိုင်ငံခြားမှာ စာသွားသင်တာလို့ ကောလဟာလတွေ ထွက်ခဲ့ပေမယ့် မမှန်ဘူး... စန့်ရှန်းရဲ့ မတော်တဆမှုက တရုတ်မှာ ဖြစ်ခဲ့တာ... သူက တရုတ်က အထက်တန်းကျောင်းမှာပဲ တက်ခဲ့တာလေ... သူတက်နေတဲ့ကျောင်းကို သိတယ်... နာမည်ကြီးတဲ့ကျောင်းပဲ... ပြီးတော့ ဆွေ့ဟို့ယွီ၊ ဟို့မော့၊ တန့်ယိဟန်တို့လည်း အဲ့ဒီကျောင်းကပဲ ထင်တယ်..." 


လုယိယန် တစ်ခဏမျှ တိတ်ဆိတ်သွားပြီးနောက် ပြောလိုက်သည်။

"ရန်ရှူနဲ့ ဆွေ့ဟို့ယွီက အထက်တန်းကျောင်းက အတန်းဖော်တွေလို့ ကြားဖူးတယ်... ဒါဆို စန့်ရှန်းနဲ့ ရန်ရှူကလည်း အတန်းဖော်တွေပဲလား... သူတို့က အချင်းချင်း သိကြတယ်ပေါ့လေ…" 


"သူတို့သိကြတာ ဆယ်နှစ်လောက် ရှိပြီထင်တယ်…" 


လုယိယန် ဂရုတစိုက် တွေးကြည့်မိနေသည်။ 

ဒီနှစ်ယောက်ရဲ့ ဆက်ဆံရေးက အတန်းဖော်ဟောင်းတွေသာဆို စန့်ရှန်းနဲ့ ရန်ရှူတို့က ဆက်ဆံရေး ကောင်းကြမှာပဲ... ဒါဆို အံ့သြစရာ မဟုတ်တော့ဘူး... 


သူက ရန်ရှူအား အပြေးသွားပြီး လှောင်ပြောင်လိုက်မိခဲ့သေးသည်။ 


လုယိယန်က တစ်ခဏမျှ စိတ်မသက်မသာ ဖြစ်နေပြီးနောက် ကုန်းရှီအန်းအား ဆွဲထူလိုက်သည်။

"ထထ... ငါနဲ့ သွားကြည့်ရအောင်…" 


ကုန်းရှီအန်းက လုယိယန် သူ့လက်အား ကိုင်ထားသည်ကို တွေ့လိုက်ရသည်။ လုယိယန်က စိတ်ဆောင်နေခြင်းကြောင့် ရုပ်ပိုင်းဆိုင်ရာ အထိအတွေ့များကိုပင် သတိမပြူမိတော့ဟန်ပင်။ သူ့အကြည့်များက တစ်ခဏမျှ ပျော့ပြောင်းသွားလေသည်။ 


ကိစ္စများက အူလုံရေနွေးကြမ်းလိုပင်။ 


*****


လုယိယန် တောင်းပန်လိုက်သည်။ သူ့မျက်လုံးများမှာ အရှက်တရားနှင့် ဒေါသတို့ကြောင့် နီရဲနေကာ ရန်ရှူ၏ မြင်ကွင်းမှ ထွက်လာသည်နှင့် မျက်ရည်များ ထိန်းမနိုင်သိမ်းမရ ကျဆင်းလာလေတော့သည်။  


ကုန်းရှီအန်းက သူ့အား စိတ်ရှည်လက်ရှည် ချော့မော့နေရသည်။

"ဟုတ်ပါပြီ... ဟုတ်ပါပြီ... သူ့ကို တောင်းပန်ပြီးပြီဆိုမှတော့ မင်းအမှား မဟုတ်တော့ဘူးလေ... အဆင်ပြေသွားပြီနော်…"


"ရန်ရှူ ငါ့ကို သေချာပေါက်ရယ်နေမှာ... သူက အဲ့လိုကောင်လေးမျိုး…" 


"အင်း…"

ကုန်းရှီအန်း ကူကယ်ရာမဲ့သွားသည်။

"မင်းကို ဒီလောက်ထိ စိတ်အပြောင်းအလဲ မြန်အောင် လုပ်နိုင်တဲ့သူကို တွေ့ရတာ ရှားတယ်…" 


"ရန်ရှူက ငါအမုန်းဆုံးလူသားပဲ... ဒါပေမယ့် သူက သရုပ်ဆဆောင်စွမ်းရည်လည်း အရမ်းကောင်းပြီးတော့ အတိတ်ဆိုးတွေလည်း မရှိဘူး.... သူ့လိုမျိုး ငါ့ရဲ့ ပြိုင်ဘက်လို့ တွေးနိုင်တဲ့ လူမျိုးလည်း ငါ့အတွက် ရှားတယ်…" 


"ဟုတ်ပါပြီ..." 


ကုန်းရှီအန်းက လုယိယန်ကို ချော့မော့နေရင်း ရုတ်တရက် အတွေးပေါက်သွားသည်။ 


ရန်ရှူက လုယိယန်ဆီက အာရုံစိုက်ခံရပြီးတော့ စိတ်အတက်အကျ များအောင်လည်း လုပ်နိုင်တယ်... ပြီးတော့ ရန်ရှူရဲ့ ချစ်သူက စန့်ရှန်းပဲ... 


ငါ ခုဏက ဆွေးနွေးပြီး ထွက်လာခဲ့တဲ့ ပရောဂျက်ကို မှတ်မိပါသေးတယ်... 


ပြိုလဲခါနီးဖြစ်နေတဲ့ စျေးနှုန်းမြင့် လက်ဝတ်ရတနာ တံဆိပ်က စန့်မိသားစုရဲ့ပရောဂျက် ဖြစ်နေပုံပဲ... 


အဲဒီကနေ အကျိုးအမြတ် ရနိုင်လောက်မလား...



📽️