Chapter 101
Viewers 12k

📽️Chapter 101

Extra 7 : ကုန်းရှီအန်းနှင့် လုယိယန် (6) 



တိတ်ဆိတ်နေသော ရုံးခန်းထဲတွင် နံရံအပြည့် မှန်ပြတင်းကြီးကိုဖြတ်၍ နေရောင်က တလက်လက် တောက်ပနေခဲ့သည်။ 


ကုန်းရှီအန်း ဖုန်းကိုကြည့်လိုက်ရာ ပါပါရာဇီထံမှ စာရောက်လာခြင်း ဖြစ်နေသည်။ 


ထိုစာအရ ရန်ရှူ ဒေါသထွက်နေခြင်းဖြစ်မည်ဟု သူ ခန့်မှန်းမိသွားသည်။ 


ယနေ့ခေတ် ယျေဘုယျ ပတ်ဝန်းကျင်အရ သီးသန့်စုံထောက် ငှားခြင်းက ပါပါရာဇီ ဝယ်လိုက်ခြင်းလောက် မကောင်းပေ။ အဆုံးတွင် စုံထောက်အလုပ်က အဆင်မပြေလှပေ။ 


ကုန်းရှီအန်း သတင်းရသောအခါ ရှန်းကျွင့်ကျင်းထံ ဆက်သွယ်ကာ အသေးစိတ် ဆွေးနွေးချင်ပါသော်လည်း စန့်ရှန်းလည်း ပါဝင်ရမည်ဟု တောင်းဆိုလိုက်သည်။ 


ရှန်းကျွင့်ကျင်းက ရံပုံငွေ ရှာဖွေနေခြင်းဖြစ်၍ သဘာဝကျကျပင် လက်ခံခဲ့ပြီး အချိန်နှင့်နေရာကို အလျင်အမြန် စီစဥ်ပေးခဲ့သည်။ 


သူနှင့် စန့်ရှန်းတို့၏ အစည်းအဝေးက ချောချောမွေ့မွေ့ ပြီးသွားခဲ့သော်လည်း သူက နောက်ကျသည်အထိ တမင်တကာ ဆွဲဆန့်ထားခဲ့သည်။ စန့်ရှန်း၏ အမူအရာ တဖြည်းဖြည်း စိတ်မရှည်ဖြစ်လာသည်ကို မြင်ရသော်ငြား လွှတ်မပေးခဲ့ပေ။ 


အဆုံးတွင် သူ့ဘက်က ငွေပမာဏ အမြောက်အများ ရင်းနှီးထားခြင်း ဖြစ်ရာ သူနှင့်အတူ စကားပြော အချိန်မဖြုန်းပေးလျှင် သုံးထားရသည့်ငွေက တန်ဖိုးရှိမည် မဟုတ်ပေ။


ပွင့်ပွင့်လင်းလင်း ပြောရလျှင် သူက လုယိယန်ကိုသာ သည်းခံပေးနိုင်သည်။ အခြားသူများ အပေါ် သဘောကောင်းပေးစရာ မလိုပေ။ 


အစည်းအဝေးက မနက်အစောပိုင်းလောက်ထိ ကြန့်ကြာသွားသောအခါ စန့်ရှန်းတစ်ယောက် တစ်မိနစ်လေး အိမ်ပြန်နောက်ကျလျှင်ပင် ကမ္ဘာပျက်တော့မည့်အလား ကုမ္ပဏီမှ အမြန်ထွက်သွားသည်။ 


ကုန်းရှီအန်းက တိတ်တဆိတ်သာ ကြည့်နေလိုက်သည်။ ထို့နောက် ရှန်းကျွင့်ကျင်းအား လှည့်မေးလိုက်သည်။ 

"ဆွဲကြိုးကို မှာပြီးသွားပြီလား…" 


"ဟုတ်... မှာပြီးသွား..."

ရှန်းကျွင့်ကျင်းက သမ်းဝေလိုက်သော်ငြား ခပ်ရှက်ရှက်အမူအယာဖြင့် ကမန်ကတမ်း ပြန်မျိုချလိုက်သည်။ 


"ကောင်းပါပြီ…" 


စန့်ကုမ္ပဏီမှ ပြန်ထွက်လာသောအခါ ကုန်းရှီအန်းက အိမ်ပြန်ရောက်ပြီးနောက် တစ်ခဏမျှ အိပ်ပြီးမှ ပြန်နိုးလာသည်။


အခန်းထဲမှ ထွက်လာသောအခါ လက်ထောက်ဖြစ်သူက သူ့အတွက် ပါဆယ်များ စာရွက်စာတန်းများ လာပို့ပေးခဲ့သည်။ 


စားပွဲတွင် ဝင်ထိုင်ရင်း အထုပ်ကို ဖောက်လိုက်သည်။ တံဆိပ်၏ အပြင်ပိုင်းထုပ်ပိုးမှုကို ကြည့်ပြီးမှ လည်ဆွဲကို ဖွင့်ကြည့်လိုက်သည်။ 


လည်ဆွဲကို ထုတ်ကြည့်လိုက်ပြီးနောက် စိုးရိမ်ပူပန်လာပြန်သည်။

ငါနဲ့ စန့်ရှန်းတို့ မကြာခဏ တွေ့ဖြစ်နေတယ်ဆိုတာကို ရန်ရှူ သိအောင် ဘယ်လိုလုပ်ရမလဲ... ကြည့်ရတာ စန့်ရှန်းနဲ့ ပတ်သက်တဲ့ကိစ္စကမှ ရန်ရှူဆီကနေ အာရုံစိုက်ခံရမယ်ထင်တယ်... 


စန့်ရှန်းက ပေါင်းသင်းရလွယ်ကူသူ မဟုတ်ပေ။ ယမန်နေ့က အစည်းအဝေးမှ ကြည့်ရလျှင် သူ့သဘောထားက ခပ်တန်းတန်း ဖြစ်နေသည်။ 


နောက်ထပ် ပြဿနာရှိနေဦးမည်ဟု ခန့်မှန်းရသည်။ 


သူ ထရပ်ကာ လည်ဆွဲကို ဝတ်ကြည့်လိုက်သည်။ ထို့နောက် ရန်ရှူနောက်လိုက်နေသည့် ပါပါရာဇီထံမှ ထိုသူ မုန့်ရှင်းယာကို သွားတွေ့မည်ဖြစ်ကြောင်း သတင်းရခဲ့သည်။ 


သူက မှန်ရှေ့တွင် ဆံပင်ချလိုက်သောအခါ ပို၍ နုနယ်သွားပုံ ပေါ်သွားသည်။ 


ထို့နောက် အသက်ပိုငယ်ပုံ ပေါက်သွားစေမည့် အဝတ်အစားများကို လဲလှယ်လိုက်သည်။ 


သူက ရန်ရှူသွားမည့် စားသောက်ဆိုင်ကို သွားခဲ့ပြီး သတင်းရပြီးနောက် ရန်ရှူနှင့် တိုက်မိရန် ကြိုးစားခဲ့သည်။ 


မူလက ရန်ရှူနှင့် စကားအချို့ ပြောချင်ခဲ့သော်ငြား ရန်ရှူကို လည်ပင်းမှ လည်ဆွဲအား မသိမသာ ပြခဲ့ပြီး စန်ရှန်းမှ ပေးထားသလိုလိုဖြစ်အောင် အရိပ်ပြလိုက်သည်။ 


သို့သော်ငြား သူထင်ထားသည်ထက်ပင် ကိစ္စများက ချောချောမွေ့မွေ့ဖြစ်သွားပြီး မျှော်မှန်းထားသည်ထက် အောင်မြင်သွားသည်။ 


ရန်ရှူက လည်ဆွဲကို ချက်ချင်း မြင်သွားပုံရပြီး ချက်ချင်း အမူအရာ ပြောင်းသွားသည်။ 


သူ ချက်ချင်း စိတ်ပြောင်းကာ ရန်ရှူကို နှုတ်ဆက်ပြီးနောက် ထွက်လာခဲ့သည်။  


အဝေးရောက်လာမှ နှုတ်ခမ်းသပ်မိကာ နှုတ်ခမ်းထောင့်လေးများ ကွေးတက်လာလေတော့သည်။ 


ရန်ရှူက ဥာဏ်အလွန်မကောင်းဟု သူ အမြဲတမ်း တွေးခဲ့မိသည်။ 

ဒါဆို သူက စန့်ရှန်းနဲ့ ပတ်သက်ရင် အထိမခံဘူးပေါ့လေ... 


ထိုကြောင့် ကုန်းရှီအန်းအတွက် လွယ်ကူသွားစေခဲ့သည်။ 


ကုန်းရှီအန်း အိမ်ပြန်ရောက်သောအခါ လုယိယန်ထံ စာပို့လိုက်သည်။ [ယန်... အိမ်မှာလား] 


ယန်ယန်: [အင်း] 


ကုန်းရှီအန်း: [ငါအခုထိ မစားရသေးဘူး] 


ယန်ယန်:[ဒါဆို လာခဲ့လေ] 


သူချက်ချင်းပင် ဓာတ်လှေကားဖြင့် အပေါ်သို့ တက်လာခဲ့သည်။ 


လုယိယန်က reality show ရိုက်ကူးရန် မြို့စွန်မှ အိမ်တစ်လုံးတွင် နေထိုင်ခဲ့သည်။ ရိုက်ကူးရေးအချိန်ဇယားများ အဆင်ပြေစေရန်အတွက် မြို့ထဲမှ အိမ်တွင် အချိန်မဖြုန်းဖြစ်ပေ။ မြို့စွန်မှအိမ်တွင် နေခြင်းက ပုံမှန် နေနေကျအိမ်ကို မထုတ်ဖော်လို၍ပင်။ 


ကုန်းရှီအန်း၏အိမ်က လုယိယန်၏အိမ်အောက်ထပ်တွင် ရှိသည်။ 


ကုန်းရှီအန်း အိမ်ထဲသို့ ဝင်လာသောအခါ လုယိယန်က မီးဖိုချောင် ဝင်နေပုံရသဖြင့် သူလည်း ချက်ချင်း လိုက်ဝင်သွားပြီးနောက် မေးလိုက်သည်။

"အကူအညီ လိုသေးလား…"


"မလိုဘူး…"

လုယိယန် ပြောလိုက်ပြီးနောက် သွေးများ ဖယ်ထားသော နံရိုးကို ချက်ပြုတ်လေတော့သည်။ 


ကုန်းရှီအန်းက ဘေးမှ ရပ်ကြည့်နေရင်း သူနှင့် စကားပြောပေးနေသည်။

"အခု လူကြိုက်များတဲ့ ရှိုးတွေမှာ နေသားကျသွားပြီလား... မကြိုက်ရင် နောက်တစ်ခါကျ မရိုက်နဲ့တော့လေ…" 


"ကံကောင်းချင်တော့ ဒါနဲ့ ပတ်သက်ပြီး မကောင်းတာ သိပ်မရှိဘူး…" 


ပြန်ဖြေပြီးနောက် ဖုန်းထဲမှ အသိပေးချက် မြည်လာသည်။ လုယိယန် ယူ၍ဖွင့်လိုက်ရာ အသံမက်ဆေချ့် ဖြစ်နေခဲ့သည်။

"အစ်ကိုလု... ကျွန်တော် လုပ်ကြည့်ပေမယ့် အစ်ကိုလုပ်သလို မဖြစ်ဘူး... အဆင့်တွေ အားလုံးအတိုင်း လိုက်လုပ်ကြည့်တာတောင်မှ... အာ... ကျွန်တော် ပုံပို့ပေးလိုက်မယ်…" 


ကုန်းရှီအန်းက ယင်းမှာ ထန်းယန်၏အသံဖြစ်ကြောင်း သိလိုက်သည်။ 


ချက်ချင်းပင် သူ့မျက်နှာအမူအရာက အေးခဲသွားလေတော့သည်။ 


လုယိယန်က အလေးအနက် မထားပေ။ ဖုန်းကို တစ်ချက် ကြည့်လိုက်ပြီးနောက် စာပြန်ပို့ပေးလိုက်သည်။

"အရည်ကို စောစောထည့်ပြီး ပြီးရင် မီးပိတ်လိုက်လေ…"


ပြန်ဖြေပြီးနောက် ဖုန်းပြန်ချကာ ဟင်းအိုး ဆက်ကြည့်နေခဲ့သည်။ 


ကုန်းရှီအန်းက ဘေးတွင် ရပ်ကာ သာမန်ကာလျှံကာ ပြန်ဖြေလိုက်သည်။

"မင်းနဲ့ ထန်းယန်တို့က အဆင်ပြေနေကြသားပဲ…" 


"သူက အဆင်ပြေပါတယ်... ငါထင်ထားသလောက် စိတ်ရှုပ်စရာလည်း မကောင်းသလို လောဘလည်း သိပ်မများဘူး…" 


ကောင်စုတ်လေးတစ်ယောက်မှာ လုယိယန်၏ ဘဝထဲမှ ထန်းယန်၏တည်နေရာကို အမြန် အတည်ပြုလိုက်လေပြီ။ 


"အခုတလော အရမ်း ပင်ပန်းနေတာ... မနေ့ကဆို ညလုံးပေါက် နေခဲ့ရတာ…"

ကုန်းရှီအန်းက လုယိယန်၏ အနောက်သို့ လျှောက်လာခဲ့သည်။ ထို့နောက် သူ့ခေါင်းကို လုယိယန်၏ပုခုံးထက်သို့ တင်ထားလိုက်လေသည်။ 


လုယိယန်၏ ခန္ဓာကိုယ်က တစ်ခဏမျှ တောင့်တင်းသွားသည်။ သူ့ခေါင်းကို အနည်းငယ် လှည့်ကြည့်လိုက်ရင်း မေးလိုက်သည်။

"မင်း ဒီလိုကိစ္စတွေကို တာဝန်မယူတော့တာ ကြာပြီမဟုတ်ဘူးလား…" 


သူက အမြင့်တွင် ထိုင်နေရပြီဖြစ်၍ အလုပ်ရှုပ်သော ကိစ္စများမှာ ကုန်းရှီအန်းကိုယ်တိုင် ကိုင်တွယ်စရာ မလိုတော့ပေ။ အားလုံးကို ဌာနအမျိုးမျိုးထံ ဖြန်ဝေပေးထားပြီး အဆုံးသတ်သုံးသပ်ချက်နှင့် အတည်ပြုပေးရန်သာ လိုသည်။ 


"ပရောဂျက်အကြီးကြီးတွေကျ ဆုံးဖြတ်ဖို့ လိုသေးတယ်လေ…"

ကုန်းရှီအန်း ပြောလိုက်သည်။ 


လုယိယန်က ရုတ်တရက် လက်ကို မြှောက်ကာ ခေါင်းကို ပုတ်ပေးလာ၏။

"လေးတယ်…" 


"မရဘူးလား…" 


"ဒီနေရာကိုလာ…" 


"အင်း…" 


ကုန်းရှီအန်းက ဘေးကပ်ကာ လုယိယန် အလုပ်များနေသည်ကို ဆက်ကြည့်နေခဲ့သည်။


လုယိယန်က ရုတ်တရက် သူ့ကို ပြန်ကြည့်လာ၏။

"ဒီနေ့ ဘာလို့ ဒီလိုတွေ ဝတ်စားထားတာလဲ…" 


"ကြည့်မကောင်းဘူးလား…" 


“ကြည့်ကောင်းပါတယ်... နှစ်ဆယ်ကျော်လေးလိုပဲ…" 


"မင်းရော ကြိုက်လား…" 


"..."

လုယိယန် ဘာပြောရမှန်း မသိတော့ပေ။

"မင်းကြိုက်တာ မင်းဝတ်လေ…" 


"အိုး…" 


နှစ်ယောက်သား အတူတူစားနေကြချိန် ထန်းယန်ထံမှ နောက်ထပ် စာတစ်စောင် ရောက်လာသဖြင့် ကုန်းရှီအန်း မပျော်မရွှင် ဖြစ်သွားသည်။ 


သူက လုယိယန်၏ ဖုန်းကို လှမ်းနှိပ်လိုက်ပြီးနောက် ကြည့်လိုက်သည်။

"သူ့ကို အကြာကြီး စကားပြောနေစရာ လိုလို့လား…"


"ခဏလေးပါပဲ…" 


ကုန်းရှီအန်း တစ်ခဏလောက် စိတ်မရှည် ဖြစ်သွားသည်။ 

"သူ့ဘာသာ လေ့လာပါစေ... အတန်းတစ်ခု စာရင်းသွင်းဖို့ မဖြစ်နိုင်တာလည်း မဟုတ်ဘဲ…" 


"သူ့ကို သင်ပေးလိုက်ရင် ပြီးပြီလေ…" 


"ဒီဟင်းကို သင်ပေးလိုက်ရင် နောက်ထပ် ဟင်းတွေလည်း သင်ပေးရတော့မှာ... မဆုံးနိုင်တော့ဘူး…" 


"ဟုတ်မှာပေါ့…" 


ကုန်းရှီအန်းက စိတ်မကြည်မလင် ဖြစ်နေသည်ကို ထိန်းထားနေရသည်။ စားပြီးသွားသောအခါ ပန်းကန်များကို ပန်းကန်ဆေးစက်ထဲသို့ ထည့်လိုက်ပြီးနောက် တိတ်တဆိတ် အောက်သို့ ဆင်းလာခဲ့သည်။ 


လုယိယန်က ကုန်းရှီအန်း ထွက်သွားသည်ကို ကြည့်နေခဲ့သည်။ သူ မတတ်နိုင်တော့ဘဲ ထန်းယန်ထံ မေးကြည့်မိလိုက်၏။ [မင်းမှာ တွယ်ကပ်လွန်းတဲ့ သူငယ်ချင်း ရှိလား] 


ထန်းယန်: [ဘယ်လို တွယ်ကပ်တာမျိုးလဲ] 


လုယိယန်: [မင်းနဲ့ မခွဲမခွာနေနေရရင်တောင် သူများတွေကို စာပို့ရင် မပျော်မရွှင် ဖြစ်နေမယ်... မင်းနားမှာ ရှိရင် ကလေးလို ပြုမူနေမယ်] 


ထန်းယန်: [မိန်းကလေးလား] 


လုယိယန်: [ယောကျာ်းလေး] 


ထန်းယန်: [တခြားဟာတွေရော] 


လုယိယန်: [သူက ငါ့ဖုန်းထဲက သူ့ရဲ့ WeChat အကောင့်ကို ကဗျာစာသားဆီ ပြောင်းလိုက်တယ်] 


ထန်းယန်: [သူ့မှာ ချစ်သူ ရှိလား] 


လုယိယန်: [ချစ်သူ တစ်ခါမှ မထားဖူးဘူး] 


ထန်းယန်: [အစ်ကို့ သူငယ်ချင်းက အစ်ကို့ကို သဘောကျနေတာ မဟုတ်ဘူးလား] 


လုယိယန်က ထိုစာကြောင်းကို ကြည့်ကာ ယင်းက ဟာသသက်သက် မဟုတ်ဟု ခံစားလိုက်ရသည်။ 


သူအမြန် ပြန်ဖြေလိုက်သည်။ [မဖြစ်နိုင်တာ... ငါနည်းနည်း ရှက်မိနေလို့ ဖြစ်မှာ] 


ထန်းယန်: [ဒါဆို တခြားသူတွေနဲ့ မိတ်ဆက်ပေးကြည့်လိုက်လေ... သူများတွေအပေါ်မှာ တွယ်ကပ်နေပြီး အစ်ကို့ဆီ တွယ်ကပ်တော့မှာ မဟုတ်ဘူး... အစ်ကိုလည်း လွတ်လပ်သွားမှာပေါ့] 


လုယိယန် ထိုစာကြောင်းကို ကြည့်နေရင်း ရုတ်တရက် တွေဝေသွားသည်။


ကုန်းရှီအန်းကို ကောင်မလေးတစ်ယောက်နဲ့ မိတ်ဆက်ပေးပြီး တွဲခိုင်းတာမျိုး ငါ လုပ်ချင်စိတ် ရှိရဲ့လား...


ကုန်းရှီအန်းက ဘယ်လိုမိန်းကလေးမျိုးကို သဘောကျလဲ... ငါ မမေးဖူးသလိုပဲ... 


ကုန်းရှီအန်း ချစ်သူ ရသွားလို့ သူ့ကောင်မလေးနောက်ပဲ လိုက်နေမယ်ဆိုရင် ငါကရော ဘယ်လို ဖြစ်သွားမလဲ... 


ကုန်းရှီအန်းက အောက်ထပ်ကနေ ရွှေ့သွားမလား... 


သူကြောင်ငေးနေခိုက် ထန်းယန်က စာထပ်ပို့လာခဲ့သည်။ 

[တစ်ခုခု မှားနေသလိုပဲ... အစ်ကိုရန်က ရုတ်တရက်ကြီး စင်ဂယ်လို့ ကြေညာနေပြီးတော့ စိတ်အခြေအနေလည်း ကောင်းပုံမရဘူး... ဘာဖြစ်တာများလဲ] 


လုယိယန်က သတင်းကို ဖတ်ကာ အေးတိအေးစက် သက်ပြင်းချလိုက်မိသည်။ [သူက နေ့တိုင်း သဘာဝလွန်ဖြစ်နေတာလေ... ဖားတွေ မိုးတွေ လေတွေလို... သူက လူမဟုတ်ဘူး] 


ထန်းယန်: [ဟားဟားဟား... ကျွန်တော်ကတော့ အစ်ကိုရန်ကို တော်တော်လေး မိုက်တယ်လို့ တွေးနေတာ] 


လုယိယန်: [ သူ့စိတ်က နာရီတိုင်း ပြောင်းလဲနေတာ... ခဏခဏပြောင်းနေတာလို့ ပြောလို့ ရတယ်... ဖြစ်နိုင်တာ သူက မကြာခင် တခြား ဟော့ပေါ့တွေထဲ ရောထွေးနေချင်နေမှာ... ဒီလိုမျိုးက သာမန်လူတွေ လုပ်တတ်တာမျိုး မဟုတ်ဘူး] 


ထန်းယန်: [တစ်ဖက်လူကို အသိဆုံး ပြိုင်ဘက်ပဲ] 


လုယိယန် အံ့သြသွားရသည်မှာ ထိုညက ရန်ရှူထံမှ ရုတ်တရက် friend request ရလာခဲ့ခြင်းကြောင့် ဖြစ်သည်။ 


သူ အံ့သြသွားပြီး လက်ခံလိုက်သည်။ သို့သော်လည်း ရန်ရှူထံမှ ကုန်းရှီအန်းအကြောင်း မေးလာမည်ဟု မမျှော်လင့်ထားခဲ့ပေ။ 


RS: [ သူက ဂေးလား ] 


ထိုမေးခွန်းကို မြင်လိုက်ရသောအခါ လုယိယန်၏ ခေါင်းပေါက်ကွဲလုမတတ် ဖြစ်သွားပြီး အမြန် ပြန်ဖြေလိုက်သည်။: [? ? ?] 


အကျိုးအကြောင်းမသင့်လိုက်တဲ့ မေးခွန်းကြီးပါလား... 


စင်ဂယ်အဖြစ် ကြေညာပြီး မကြာမီ ကုန်းရှီအန်းကို ဂေးလားဟု မေးလာသည်။ 

ဒီကောင် ကုန်းရှီအန်းကို လိုက်ဖို့ ကြံနေတာလား... 


သူ ရုတ်တရက် နားလည်သွားသည်မှာ ကုန်းရှီအန်းက ထိုသုညကောင်လေးများ ကြိုက်လောက်သည့် ပုံစံမျိုး ဖြစ်သည်ဟူ၍ပင်။ သူက အရပ်ရှည်၊ ချောမောကာ သန်မာပြီး သာမန်ထက်ပို၍ ရွှေရောင်တောက်နေပြီး စိတ်ကူးယဥ် တတ်ပုံလည်း မရပေ။  


ရန်ရှူ ကုန်းရှီအန်းအား သဘောကျနေသည်ဟူသော အချက်က ထူးဆန်းနေပုံမရပေ။ 


ထိတ်လန့်စရာ အကောင်းဆုံးအချက်မှာ သူ့စိတ်ထဲ၌ ရန်ရှူလို လူမျိုးကသာ ကုန်းရှီအန်းလို လူကောင်းမျိုးနှင့် ထိုက်တန်သည်ဟု အမှန်တကယ် တွေးမိနေခြင်း ဖြစ်သည်။ 


သူတို့ နှစ်ယောက် အတူရှိသွားရင် ကုန်းရှီအန်းရဲ့အရာအားလုံးကို ရန်ရှူဆီ ပေးတော့မှာလား... 


ကုန်းရှီအန်းက အလိုလိုက်တတ်တဲ့ ချစ်သူကောင်လေးပုံစံမျိုး ဖြစ်ရမယ်... 


ငါကတော့...

ကုန်းရှီအန်း၏ သူ့(လုယိယန်)အပေါ် ဂရုစိုက်မှုများကို သူတွေ့ရ၏။ သူက စိတ်ထားလည်း ဆိုးဝါးပြီး ကုန်းရှီအန်းတစ်ယောက်တည်းကသာ သူ့အနားတွင် နှစ်ပေါင်းများစွာ ရှိနေပေးခဲ့ခြင်း ဖြစ်သည်။ 


ကုန်းရှီအန်းက ငါ့ကို အသိဆုံးလူပဲ... 


ထို့ကြောင့် ရန်ရှူကို စာထပ်ပို့လိုက်သည်။ သူက ဒေါသများ ပုံချလိုက်သည့်အလား စာရိုက်လိုက်ခြင်းပင်။ [သူနဲ့ ဝေးဝေးနေ] 


အဆုံးတွင် ရန်ရှူက အရှုံးမပေးရုံသာမက ကုန်းရှီအန်း၏ ဆက်သွယ်ရန် အချက်အလက်များကိုပါ တောင်းလာသည်။ 


လုယိယန် ဒေါသထွက်ရလွန်း၍ ဖုန်းကို ဘေးသို့ ပစ်ချလိုက်သည်။ 

ကုန်းရှီအန်းနဲ့ သိချင်နေတာတောင် ငါကနေ တစ်ဆင့် မေးဖို့ လိုလို့လား... 


ငါ့ကို ရန်လာစနေတာလား.. 


တစ်ခဏမျှ စိတ်ရှုပ်နေပြီးနောက် ဖုန်းကို ပြန်ထုတ်လိုက်သည်။ [မပေးဘူး] 


စိတ်မကောင်းစရာမှာ ရန်ရှူဘက်မှ စာပြန်လာခဲ့ခြင်းပင်။ [ဒါဆိုလည်း ကိုယ့်ဘာသာ သွားရှာလိုက်ရုံပေါ့] 


ဖုန်းကို ကြည့်နေရင်း တိတ်ဆိတ်သွားသည်။ 


ရန်ရှူသာ ကုန်းရှီအန်းနဲ့ တွဲသွားရင် ရန်ရှူ ငါ့ကို သဘောမကျပုံမျိုးနဲ့ဆို ကုန်းရှီအန်းကို ငါနဲ့ ဝေးဝေးနေဖို့ သေချာပေါက် တိုက်တွန်းတော့မှာပဲ... 


ကုန်းရှီအန်းလို ချစ်ပြီး အလိုလိုက်တတ်ပုံမျိုးဆို သေချာပေါက် သဘောတူလိုက်မှာပဲ... 


ဒီလိုဆို စိတ်ပျက်စရာ ကောင်းတဲ့ ရန်ရှူက ကုန်းရှီအန်းနဲ့ တွဲသွားရုံမကဘူး ငါ့ဆီကနေပါ ကုန်းရှီအန်းကို ဆွဲထုတ်သွားတော့မှာ... 


နောက်ထပ် တစ်ခဏမျှ တိတ်ဆိတ်သွားပြီး လုယိယန်တစ်ယောက် ရုန်းကန်နေရချိန်၌ ရန်ရှူထံမှ စာထပ်ရောက်လာခဲ့သည်။ [သူနဲ့ အဆက်အသွယ် ရပြီဆိုတော့ မင်းကို မလိုတော့ဘူး] 


လုယိယန်၏ ခေါင်းတစ်ခုလုံး ချက်ချင်း ပေါက်ကွဲထွက်သွားပြီး ဓာတ်လှေကားရှိရာသို့ လှည့်ထွက်လာကာ ကုန်းရှီအန်းထံ သွားရန်အတွက် အောက်ထပ်သို့ ဆင်းရန် ပြင်လိုက်သည်။ 


တံခါးနားသို့ ရောက်သောအခါ သူဝတ်ထားသော အဝတ်များက သင့်တော်မှုမရှိဟု ခံစားရသဖြင့် အောက်ထပ်သို့ မဆင်းမီ နောက်ထပ်တစ်စုံ ထပ်လဲလိုက်သည်။  



📽️