Chapter 102
Viewers 12k

📽️Chapter 102

Extra 8 : ကုန်းရှီအန်းနှင့် လုယိယန် (7)



ကုန်းရှီအန်း၏အခန်းသို့ ရောက်သောအခါ ရန်ရှူက ကုန်းရှီအန်းနှင့် ဗီဒီယိုကော ခေါ်နေသည်။ သူ လျှောက်လာကာ ကုန်းရှီအန်း၏ ဖုန်းကို လုယူလိုက်သည်။ ရန်ရှူနှင့် အကြည့်ချင်းဆုံမိသောအခါ ချက်ချင်းဖုန်းချပစ်လိုက်သည်။ 


ကုန်းရှီအန်းက သူ့ကို အံ့သြတကြီး ကြည့်လာသည်။ 


"ရန်ရှူဆို... မဖြစ်ဘူး…"

လုယိယန်က ထိုအကြည့်ကြောင့် ပျာယာခတ်သွားပြီး အဆုံးတွင် ထိုသို့သာ ပြောထွက်သွားလေသည်။ 


"ဘာလို့လဲ…"


"မရဘူးဆိုမရဘူးပေါ့... သူနဲ့ငါက ဆက်ဆံရေးမကောင်းဘူး... မင်း သူနဲ့ တွဲသွားရင် မင်းတို့ နှစ်ယောက် ခဏလေးနဲ့ လမ်းမခွဲကြလောက်ဘူးလား…" 


ကုန်းရှီအန်းက ထိုအတွေးကြောင့် သတိလွတ်သွားသည်။ မူလက ရန်ရှူဘက်မှ စ၍ သူ့အား ဆက်သွယ်လာမည်ကို ဖန်တီးကာ လုယိယန် သိသွားအောင် တစ်ဖက်လှည့်နှင့် လုပ်ဆောင်ချင်ရုံသာ။ 


အလုပ်မဖြစ်ခဲ့လျှင်ပင် အခြားအခွင့်အရေးများ ရှိသေးသည်။ 


သို့သော်ငြား ရန်ရှူက လုယိယန်ထံ တန်းသွားခဲ့ပုံရသည်။ 


ရန်ရှူက ထောက်ပံ့ရေးအလုပ်အတွက် စကေးတွေ ရှိနေတာများ ဖြစ်နေမလား... မဟုတ်ရင်ဘာလို့ ဒီလောက် တော်နေရမှာလဲ... 


သူ အလွန်ပျော်သွားပြီး ပို၍ပင် အပျော်ရှာချင်မိသွားသည်။ ထို့ကြောင့် သူ ဆက်မေးလိုက်သည်။ 

"သူနဲ့ တွဲရမှာလား... သူက ပရောဂျက်အကြောင်း လာမေးရုံပါ…" 


"အကြောင်းအရင်း မရှိဘဲ ပရောဂျက်အကြောင်း လာမေးပါ့မလား... မင်းက ငတုံးလား…" 


လုယိယန် စိတ်လှုပ်ရှားနေသည်ကို တွေ့သောအခါ ကုန်းရှီအန်း တစ်ခဏမျှ တိတ်ဆိတ်သွားပြီးနောက် ရုတ်တရက် နူးညံ့သော လေသံဖြင့် မေးလိုက်သည်။

"ဘာလို့လဲ... သဝန်တိုနေတာလား…" 


လုယိယန် နေရာမှာပင် ကြောင်အသွားလေသည်။ 


ကုန်းရှီအန်းက အလျင်မလိုပေ။ သူ့ကို ဆိုဖာပေါ်သို့ ဆွဲကာ သူ့ရှေ့တွင် ထိုင်ခိုင်းလိုက်ပြီး နူးနူးညံ့ညံ့ကြည့်ကာ မေးလိုက်သည်။

"ငါ့ကို ရန်ရှူနဲ့အတူ မရှိစေချင်ဘူးလား…" 


"အင်း…"

လုယိယန်က အသံတိုးတိုးဖြင့် ပြန်ဖြေလာသည်။ 


"ဒါဆို မင်းစကားကို နားထောင်မယ်…" 


“…” 


ကုန်းရှီအန်း ထပ်ပေါင်းပြောလိုက်သည်။

"ဒါပေမယ့် ရှိသေးတယ်... ငါ့အသက်က 27 ဖြစ်နေပြီလေ... နောက်ဆို ဘေးမှာအဖော်ပြုပေးနိုင်မဲ့ လူတစ်ယောက် လိုချင်နေတုန်းပဲ... ပြောချင်တာကို သိတယ်မလား…" 


"ရန်ရှူ မဟုတ်သရွေ့ လက်မခံနိုင်စရာ အကြောင်းမရှိဘူး…" 


"မင်းကတော့ အဲ့ဒီလို ပြောတာပဲ... ဒါပေမယ့်နောက်ထပ် အခြားတစ်ယောက် ရှိလာရင်လည်း မင်း အခုလိုပဲ ခံစားနေရမှာ…" 


"အဲ့ဒါက... ရန်ရှူက သိပ်ပြီး ကောင်းတယ် မထင်လို့လေ" လုယိယန်က အမြန် ရှင်းပြလိုက်သည်။ 


"ဒါဆို ငါ့အနားမှာ တစ်ယောက်ယောက် ရှိလာပြီး မင်းအနားမှာ ရှိနေမပေးနိုင်တော့ဘူးဆိုရင်ရော…" 


"ငါ့အနားမှာ ရှိနေပေးစရာ မလိုပါဘူး…" 


"ဒါပေမယ့် ငါကတော့ ရှိနေချင်တယ်လေ…" 


လုယိယန်က ရုတ်တရက် ခေါင်းမော့ကာ ကုန်းရှီအန်းကို ကြည့်လာသည်။ အကြည့်ချင်းဆုံသွားသောအခါ ကုန်းရှီအန်း၏ မျက်လုံးများက အလွန်နူးညံ့နေသော်လည်း တစ်နည်းတစ်ဖုံဖြင့် တိုက်ခိုက်ခံနေရသည်ဟု ခံစားနေရဆဲပင်။ 


"တခြားလူတစ်ယောက်နဲ့ တွဲနိုင်တယ်ဆို အဲလူက ဘာလို့ မင်းမဖြစ်ရမှာလဲ…"

ကုန်းရှီအန်း ထပ်မေးလိုက်သည်။ 


"ဟမ်…" 


"အင်းလေ... ဘာပဲဖြစ်ဖြစ် ငါက မင်းကို သဘောကျနေတာပဲ…" 


ထိုစကားလေးတစ်ခွန်းကို မထင်မှတ်ထားစွာပင် ပြောထွက်သွားသည်။ 


လုယိယန် နေရာမှာပင် ကြက်သေသေသွားသည်။ 


ကုန်းရှီအန်းက အလျင်မလိုသဖြင့် တီးတိုးပြောနေဆဲပင်။ 

"မင်းသိပြီးသား ဖြစ်မယ်လို့ ထင်တယ်...  မင်းက ရူးချင်ယောင်ဆောင်နေတာပဲ…" 


"ကျေးဇူးပြုပြီး... အဲလိုမလုပ်ပါနဲ့…" 


"မင်းက အရမ်းနှေးကွေးပေမယ့် ခပ်ရေးရေး ခန့်မှန်းနိုင်တယ်ဆိုတာ သိပြီးသားပါ... ငါတို့ရဲ့ ဒီလို အခြေအနေမှာ ဒါကို အတည်မပြုဘဲ နေလို့ရမလား…"


ကုန်းရှီအန်းက အနားတိုးလာပြီး မျက်လုံးများကို စိုက်ကြည့်၍ မေးလိုက်သည်။

"ငါ ရန်ရှူနဲ့ တွဲသွားနိုင်တယ်ဆိုတာသိတော့ မင်း ပျာယာခတ်သွားတယ်... နောက်ဆုံးတော့ မင်း ဒုက္ခတွေ့နေပြီဆိုတာ နားလည်သွားပြီမလား…" 


လုယိယန် ဗျာများနေသည်။ ထိုအခိုက်အတန့်လေးတွင် သူ ထွက်ပြေးသွားချင်နေလေသည်။ 


နှလုံးသားက ဒုန်းဆိုင်းခုန်ပေါက်နေပြီး ပါးပြင်များကလည်း နီရဲလာသည်။ 


သူ စပြီး ယောက်ယက်ခတ်လာပြီး ဤနှစ်များအတွင်း ပထမဆုံးအကြိမ် ဗျာများနေရခြင်း ဖြစ်သည်။ 


သို့သော်လည်း ကုန်းရှီအန်းက သူ့ကို အခွင့်အရေးမပေးဘဲ ဆက်မေးနေဆဲပင်။

"ဒါဆို ခုဏက သဝန်တိုသွားတာ ဟုတ်တယ်မလား…" 


လုယိယန် တံတွေးမျိုချလိုက်ပြီး ထွက်သွားမည်ပြုသည်။ သို့သော်ငြား ကုန်းရှီအန်းက ခါးကို လှမ်းဆွဲလိုက်ပြီး ထိုင်ချစေကာ ထပ်မေးလိုက်သည်။

"ဒါဆို အခု မင်းကို နမ်းလို့ရပြီလား…"


ဤအချိန်ထိ ရောက်လာပြီဖြစ်၍ ကုန်းရှီအန်း အလျင်မလိုတော့ပေ။


လုယိယန်က ပျာယာခတ်ပြီး တိမ်းရှောင်ချင်လာမယ်ထင်တယ်... 


ထို့ကြောင့် သူပြောလိုက်သည်။

"ငါမင်းကို တွန်းအား မပေးပါဘူး..." 


လုယိယန်က စကားတစ်ခွန်းမှ မဆိုဘဲ သူ့ကို ကြည့်လိုက်သည်။ 


သူက ခပ်ဖွဖွ ပြောလာ၏။

"ဒါပေမယ့်... မင်းနဲ့ အကွာအဝေးခြားပြီး နေရမှာကိုတော့ စိုးရိမ်မိနေတုန်းပဲ…" 


"အကွာအဝေး ခြားမှာက..."

လုယိယန် ထိုစကားကို မသိစိတ်မှ လိုက်ပြောမိသွားသည်။ 


"ဟုတ်တယ်လေ... ငါ မင်းကို အမြဲတမ်း သဘောကျပြီး ချစ်ခဲ့လို့ အခုထိ ဘေးမှာနေနေတာ... မင်းအပေါ် ခံစားချက်တွေက ထိန်းမနိုင်သိမ်းမရတဲ့ အဆင့်ထိ ရောက်နေပြီ... ငါ့ဘဝရဲ့ ထောင့်တိုင်းမှာ သွေးတွေလို ပြည့်နှက်နေတာ... မင်းကို သဘောကျနေတဲ့အကြောင်းလည်း ပြောမိသွားပြီလေ... ဒါကြောင့် မင်းဘက်က ဝေးဝေးနေချင်ပြီး အဆက်အဆံ မလုပ်ချင်တာလည်း သဘာဝကျပါတယ်... ငါကတော့ ငါ့စိတ်ကို ထိန်းညှိချင်လို့... ပိုကောင်းလာမှာပါ…"


ကုန်းရှီအန်းက လုယိယန်၏ ခါးအား ဆုပ်ကိုင်ထားသည်ကို ဖြေလျော့ပေးလိုက်သည်။

"တောင်းပန်ပါတယ်...  မင်း မူပျက်နေတာကို တွေ့လို့ သဝန်တိုနေတယ်လို့ ထင်သွားတာ... ဒါကြောင့် ငါ့အချစ်တွေ ဖော်ပြပြီး မင်းနဲ့ အတူရှိဖို့ အခွင့်အရေးပဲလို့ ခံစားလိုက်ရတယ်... ဒါပေမယ့် အခုတော့ အရေးကြီးကိစ္စ မဟုတ်တော့ဘူးလေ... ငါ့ဘာသာ အမှားတွေ လုပ်မိသွားတယ် ထင်ပါတယ်... တစ်ယောက်ယောက်ကို သဘောကျရင် အတွေးများဖို့ အရမ်းလွယ်တယ်... အခု ဒီလို ဖြစ်သွားတော့ ငါတို့ကြားက အရာအားလုံး ကသိကအောက် ဖြစ်ရတော့မှာပဲ…" 


"မဟုတ်ပါဘူး... တောင်းပန်ရမှာ ငါပါ…"

လုယိယန်က မည်သို့ ပြန်ဖြေရမည်ကို မသိတော့ပေ။ 


"ရပါတယ်... ငါ့ဘက်ကပဲ ဆယ်နှစ်ကျော်လောက် တိတ်တိတ်လေး စကြိုက်ခဲ့ရတာ... ဒီအချိန်ကာလတွေမှာ ငါ့ရဲ့ အတူရှိမှုကြောင့် ဖြစ်နိုင်ပေမယ့် ငါ့ရဲ့ လွတ်လပ်ခွင့်ကို သုံးပြီး မင်းကို နှောင့်ယှက်မိနေတာပဲ…" 


"ငါ ချစ်သူထားဖို့ မတွေးဖူးဘူး... ဒါကြောင့်... ငါ ပြန်မဖြေနိုင်တာပါ…" 


"ဟုတ်ပါပြီ... ငါသိပါတယ်... ငါတစ်ချိန်လုံး မင်းကိုပဲ အာရုံစိုက်နေခဲ့တာ... ဘယ်လိုလုပ် မသိဘဲ နေမှာလဲ… နောက်ကျနေပြီ... ပြန်ပြီး အနားယူတော့လေ…" 


ကုန်းရှီအန်းက အမြဲတမ်း ညင်သာနေပြီး လုယိယန်ကို အပြင်သို့ လိုက်ပို့ကာ ဓာတ်လှေကားပေါ်သို့ တက်သွားပြီး နံပါတ်များ ပြောင်းလဲသွားသည်ကို ကြည့်နေခဲ့သည်။ လုယိယန် ထွက်သွားပြီးမှ သိမ်မွေ့သော အမူအရာ တဖြည်းဖြည်း ပျောက်သွားပြီး အေးစက်တင်းမာသွားသည်။ 


လုယိယန်က အထက်တန်းတွင် ဝေးဝေးနေရန် တောင်းဆိုလာကတည်းက လုံးဝတုံ့ဆိုင်းခြင်း မရှိသည်ကို ဝန်ခံရပေမည်။ 


သို့သော် ကုန်းရှီအန်းက လုယိယန်နှင့် နှစ်ပေါင်းများစွာ အတူရှိခဲ့သည့်အပြင် သူက တစ်ဦးတည်းသော သူငယ်ချင်း မဟုတ်ခဲ့။ 


ယခုတွင် ကောင်းချင်က ရန်ရှူ၏ အေးဂျင့် ဖြစ်လာပြီး လုယိယန်၏ အဖွဲ့က အသစ်ဖြစ်နေဆဲပင်။ ကုန်းရှီအန်းသာ လုယိယန်ကို ထပ်ထားသွားပါက လုယိယန် ထိုစဥ်ကလောက် ပြတ်သားနေမည် မဟုတ်ပေ။ 


သေချာပေါက်ပင်... ရန်ရှူက လုယိယန် သတိထားမိသူ ဖြစ်လေရာ သူက လုယိယန်၏ ခံစားချက် အတက်အကျများ ဖြစ်အောင် နှိုးဆွ ပေးနိုင်သည်။ 


ခံစားချက်များ ဖြစ်ပေါ်လာလျှင် အမှန်ပင် သဝန်တိုနေခြင်းဖြစ်ကြောင်း နားလည်သွားပေမည်။


ဤတစ်ကြိမ်၌ သူ ဝန်ခံခဲ့သည်။ လုယိယန်၏ အကျင့်ရ ချက်ချင်း လက်ခံပေးမည် မဟုတ်ပေ။ 


သူ အလျင်မလိုပေ။ နှစ်ပေါင်းများစွာ စောင့်ဆိုင်းခဲ့ပြီးသားဖြစ်ရာ အလျင်မလိုနေချေ။ 


ဤတစ်ကြိမ်၌ သူ့အား လွှတ်ပေးရန် တွန့်ဆုတ်နေသူမှာ လုယိယန်သာ ဖြစ်ရမည်ဟု သူ သေချာနေခဲ့သည်။ 


လုယိယန် သူ့ထံ ရောက်လာပေလိမ့်မည်။ 


... 


လုယိယန်၏ ကမ္ဘာကြီး ပြိုကွဲသွားသည်။ 


နှစ်ပေါင်းများစွာ ပေါင်းခဲ့သည့် အချစ်ဆုံး သူငယ်ချင်း ကုန်းရှီအန်းက သူ့အား ချစ်ကြောင်းဝန်ခံခဲ့ပြီး သူ့ဘက်က တွန့်ဆုတ်နေခဲ့သည်။ 


ထိုအခိုက်တွင် ရုန်းကန်လှုပ်ရှားနေရသည်ကို သူ သေချာသိနေခဲ့သည်။ 


သူကလည်း ကုန်းရှီအန်းနှင် လုံးဝ ကွဲပြားနေခြင်းမဟုတ်ကြောင်း သိနေခဲ့သည်။ ကုန်းရှီအန်း သူ့ဘေးနားတွင် ရှိနေသည်ကို နှစ်ပေါင်းများစွာ အသားကျနေခဲ့သည်။  


ကောင်းချင် မရှိလျှင် မန်နေဂျာ တစ်ယောက် မရှိရုံသာ ဖြစ်သော်လည်း ကုန်းရှီအန်းက မတူပေ။ 


အကွာအဝေးခြားနေမယ်ဆိုတာ ဘာသဘောလဲ... 


ကုန်းရှီအန်းက ငါ့ကို ထပ်ပြီး လာရှာမှာလား... ငါနဲ့ရော ထပ်ပြီး ညစာလာစားဦးမှာလား... အပြင်စာတွေက ကျန်းမာရေးနဲ့ ညီညွတ်ပါ့မလား... 


အိပ်ရာထက်တွင် လှဲလျောင်းနေရင်း မျက်နှာကျက်ကို ကြည့်ကာ ရှုပ်ထွေးနေခဲ့သည်။ 


ကုန်းရှီအန်းနဲ့ ငါ့ကြားက ဆက်ဆံရေးက ဘယ်လို ဖြစ်လာမှာလဲ... 


နောက်တစ်ရက်တွင် လက်ထောက်လေးက သူ့ကို လာကြိုသောအခါ သာမန်ကာလျှံကာဖြင့် ပြောလာသည်။

"အစ်ကိုလု... မစ္စတာကုန်းက အိမ်ပြောင်းနေပြီ…" 


"အိမ်ပြောင်းတာလား…"

လုယိယန်က ထိုအကြောင်းကို အံ့သြသွားသဖြင့် လွှတ်ကနဲ ပြောထွက်သွားသည်။ 


သူ အတော်လေး အံ့အားသင့်နေသည်ကို တွေ့သောအခါ လက်ထောက်လေးကလည်း အံ့သြသွားသည်။

"ဟုတ်တယ်... ပထမထပ်မှာ ဓါတ်လှေကားစီးတော့ အိမ်ပြောင်းပေးတဲ့ ကုမ္ပဏီတစ်ခုနဲ့ တွေ့ခဲ့တာ... ပထမထပ်က ပစ္စည်းတွေကို ရွှေ့နေကြတာလေ…" 


လုယိယန် ဖုန်းထုတ်ကာ ကုန်းရှီအန်း၏ စကားပြောမှတ်တမ်းကို နှိပ်လိုက်ပြီး စာပို့တော့မည်အပြု ကုန်းရှီအန်းက avatarကို ပြောင်းထားကြောင်း တွေ့လိုက်ရသည်။ 


ကုန်းရှီအန်း၏ မူလ avatarမှာ နတ်သားလို ဝတ်စားထားသည့် သူ့ပုံဖြစ်သည်။ ကုန်းရှီအန်းက ၎င်းကို အလွန်သဘောကျ၍ နှစ်ပေါင်းများစွာ avatar အဖြစ်ထားခဲ့သည်။ 


ယနေ့တွင် နေဝင်ဆည်းဆာပုံဖြင့် ပြောင်းလဲထားခဲ့သည်။ 


သူ အမှတ်တမဲ့ဖြင့် ကုန်းရှီအန်း၏ အချက်အလက်ကို နှိပ်ကြည့်လိုက်ရာ ကုန်းရှီအန်း၏ Wechatအမည်လည်း ပြောင်းသွားသည်ကို တွေ့လိုက်ရသာ်။ ယင်းက '.' သာ ဖြစ်နေသည်။ 


full stop တစ်ခုတည်းသာ ရှိသည်။ 


 â€˜á€„ဍတိုအရဲအ ဆက်ဆံရေးကို ကာလတစ်ခုအဖြစ်ပဲ ထားမယ်လို ဆိုလိုချင်တာလား…' 


လုယိယန် ပဟေဠိ ဖြစ်သွားပြီး ရှင်းမပြနိုင်အောင်ပင် ခံစားချက်များ လစ်ဟာသွားလေသည်။ 


သူ့ဖုန်းကို ပြန်ချထားလိုက်သည်။ သူ ယမန်မနေ့ကမှ ကုန်းရှီအန်းကို ငြင်းခဲ့ပြီး နောက်တစ်နေ့တွင် ကုန်းရှီအန်းအား ထွက်သွားခိုင်းခဲ့သည်။ 


ဒါပေမယ့်... ကုန်းရှီအန်းက ဒီအတိုင်း ပြောင်းသွားတော့တာလား... 


ငါတို့တွေ နောက်ဆို အဆက်အဆံ ရှိပါဦးမလား... 


သူ့စိတ်ထဲ နောက်ကျိနေခဲ့သည်။ 


နောက်ပိုင်းတွင် ကုန်းရှီအန်း ပြောခဲ့သည့် အကွာအဝေး ခြားထားမည် ဟူသည်မှာ ထင်ထားသည်ထက် ပိုပြင်းထန်ကြောင်း သဘောပေါက်သွားသည်။ ကုန်းရှီအန်းမှာ တစ်ခဏလောက်အထိ ကမ္ဘာပေါ်မှ ရေငွေ့ပျံသွားသည့်အလား ကွယ်ပျောက်သွားသည်။ 


သူ ကုန်းရှီအန်းကို ထပ်မတွေ့တော့သလို ကုန်းရှီအန်းနှင့် ပတ်သက်ပြီး သတင်းသဲ့သဲ့လေးပင် မကြားခဲ့ရပေ။ 


၎င်းက သူ့အား ဝမ်းနည်းသွားစေသည်။ 


ဆယ်နှစ်ကျော် သူငယ်ချင်းဆက်ဆံရေးက ဤအတိုင်း လက်လွှတ်လိုက်ရုံနှင့် လွှတ်ချသွားနိုင်ခဲ့ပုံပင်။ 


... 


နှစ်သစ်နီးလာသဖြင့် လုယိယန် အိမ်ပြန်လာသောအခါ ကုန်းရှီအန်း၏ မိဘများလည်း အိမ်တွင် ရှိနေကြသည်ကို တွေ့လိုက်ရသည်။ 


သူ ရောက်လာသောအခါ မသိစိတ်အရ ဟိုဟိုသည်သည် ရှာဖွေမိသော်ငြား ကုန်းရှီအန်း၏ အရိပ်လေးပင် မတွေ့ရပေ။ 


၎င်းက သူ့ကို တစ်ခဏတာ ဝမ်းနည်းသွားစေခဲ့သည်။ 


သူက အထဲဝင်သွားပြီး နှုတ်ဆက်လိုက်၍ ဝင်ထိုင်လိုက်သောအခါ မိသားစုနှစ်စုက စကားကောင်းနေကြသည်ကို တွေ့လိုက်ရလေသည်။ 


မကြာမီ ကုန်းရှီအန်း၏ မိခင်က လုယိယန်ထံ ဓါတ်ပုံအချို့ လှမ်းပေးလာခဲ့သည်။

"သားအမြင်မှာရော ဘယ်မိန်းကလေးက ပိုလှလဲ... ရှောင်အန်းက ဘယ်လိုကောင်မလေးမျိုးကို သဘောကျမလဲ…" 


"သူ့အတွက် ချစ်သူ ရှာပေးမလို့လား…"

လုယိယန်မှာ မသိစိတ်က လှမ်းယူမိသွားသည်။ 


"အင်း... အစပိုင်းတုန်းက ဘလိုင်းဒိတ်တွေကို ငြင်းနေခဲ့တာလေ... ခုတလော ဘာဖြစ်နေလဲ မသိပါဘူး... ရုတ်တရက်ကြီး လက်ခံလိုက်တာ... သူ့ကို ဟိုနှစ်ရက်လောက်က သွားကြည့်သေးတယ်... နေကောင်းတယ်လို့တော့ ပြောတယ်... ဒါပေမယ့် သိပ်ပြီး ကြိုက်ပုံမရတာနဲ့ နောက်ထပ် သင့်တော်မဲ့သူ ရွေးနေတာ…" 


လုယိယန် ဓာတ်ပုံကို ငုံ့ကြည့်လိုက်သော်လည်း စိတ်ထဲသို့ တကယ် ထည့်မိသည်လားပင် မသိတော့ပေ။


မိသားစုနှစ်စုမှ မိတ်ဆက်ပေးသည့် မိန်းကလေးများက  သေချာပေါက် အခြေအနေကောင်းပြီး တက္ကသိုလ်မှ ဘွဲ့ရကာစ မိန်းမငယ်လေးများ ဖြစ်နိုင်သည့်အပြင် မိသားစုအခြေအနေလည်း ကောင်းနိုင်ကြောင်း သိနေခဲ့သည်။  


သူ့ကဲ့သို့ စိတ်သဘောထား ဆိုးရွားသည့် အသက်သုံးရွယ်အရွယ် လူအိုကြီးထက် ပိုကောင်းနိုင်သည်။ 


သူ အသက်ပြင်းပြင်း ရှူကာ ဓာတ်ပုံများ ပြန်ပေးလိုက်ပြီးနောငယကိ ပြောလိုက်သည်။

"ကျွန်တော်လည်း မသိပါဘူး... သူ့ကိုပဲ မေးကြည့်လိုက်ပါ…" 


ပြောပြီးနောက် အပေါ်ထပ်သို့ တစ်ယောက်တည်း တက်သွားခဲ့သည်။ 


လုယိယန် ထွက်သွားကြောင်း မိဘများ တွေ့လိုက်မှ ပုံရွေးနေသည်ကို ရပ်ပြီး စကားပြောနေကြလေသည်။

"ရှောင်အန်းက ဒီပုံတွေ ရှာပြီး ဘာလုပ်မှာတဲ့လဲ... သရုပ်ဆောင်တစ်ယောက်ရှေ့မှာ သရုပ်ဆောင်ပြနေရတာ ယုံတောင် မယုံနိုင်ဘူး... သူ သိသွားတော့မယ်လို့တောင် ထင်နေတာ…" 


မစ္စကုန်း သက်ပြင်းချလိုက်သည်။

"နည်းလမ်းမရှိဘူးလေ... သူတို့ နှစ်ယောက်က အသက်ကြီးနေကြပြီဆို‌တော့ ဆွဲခေါ်လို့လည်း မရဘူး... သူတို့နှစ်ယောက် တွဲမှာကို မကန့်ကွက်ပါဘူး... ဒီတစ်ဖက်ကသာ..." 


"ဒီတစ်ကြိမ်တော့ အလုပ်ဖြစ်ပါစေလို့ မျှော်လင့်တယ်" 


.... 


လုယိယန် အဆုံးတွင် ငြိမ်ငြိမ် မနေနိုင်တော့ဘဲ အောက်ထပ်သို့ ဆင်းလာပြီး မစ္စကုန်းအား မေးလိုက်သည်။

"ရှောင်အန်း ဘယ်မှာလဲ…" 


မစ္စကုန်းမှာ အရိပ်အယောင် မြင်ရသည်အလား မျက်လုံးလေးများ ဝင်းလက်သွားလေသည်။ ကုန်းရှီအန်းက လုယိယန်၏ တုံ့ပြန်ချက်ကို မှန်ကန်စွာ ခန့်မှန်းနိုင်ခဲ့သည်။ ထို့ကြောင့် သူမက အမြန် ဖြေလိုက်သည်။

"အိမ်မှာလေ... အနားယူချင်တယ်လို့ ပြောပြီး အိပ်သွားတာပဲ…" 


"ဪ... ဟုတ်…"

လုယိယန် ကားသော့ကို ဆွဲယူ၍ ထွက်သွားသည်။



📽️