📽️ Chapter 104
Extra 10 : ဒေါက်တာကျိအန်းနှင့် ချောင်းချွမ်ကွေ့တို့၏ ဘလိုင်းဒိတ်ဇာတ်ကြောင်း
ရန်ရှူက အရည်အချင်းမီ အောင်သွယ်တော်တစ်ယောက်ဖြစ်ပြီး ဂရုတစ်ခု အမြန်ထောင်လိုက်သည်။
ပြီးသွားသောအခါ ထိုလူနှစ်ယောက်ကို အချင်းချင်း သူငယ်ချင်းအဖြစ် တိတ်ဆိတ်ထည့်သွင်း၍ တိုးတိုးတိတ်တိတ် စကားပြောစေသည်။
ချောင်းချွမ်ကွေ့က တွေးတောမိနေသည်။
'ရန်ရှူက ငါ့ကို နေမကောင်းဘူးလို့ ထင်နေတာလား…'
ရလဒ်အနေဖြင့် စကားပြောနေရင်းဖြင့် သူတို့က တူညီသည့် စာမျက်နှာတွင် ရှိနေခြင်း မဟုတ်ကြောင်း ရုတ်တရက် သဘောပေါက်သွားသည်။
ချောင်းချွမ်ကွေ့က ဖိအားများအကြောင်း ပြောပြီး ဒေါက်တာကျိအန်းက ကူညီဖြေရှင်းပေးသည်။ စကားပြောပြီးသွားသောအခါ ချောင်းချွမ်ကွေ့က မေးလိုက်သည်။
[ ဒီတစ်ခေါက် တိုင်ပင်ဆွေးနွေးခကို ဘယ်လောက် ပေးရမလဲ ဒေါက်တာ]
ကျိအန်း: [ဟမ်]
ချောင်းချွမ်ကွေ့: [ခင်ဗျားက စိတ်ရောဂါ အထူးကုဆရာဝန် မဟုတ်ဘူးလား]
ကျိအန်း: [မစ္စတာရန် ကိုယ်တို့ကို ဘာလို့ မိတ်ဆက်ပေးတာလဲဆိုတာ မသိဘူးလား]
ချောင်းချွမ်ကွေ့: [ကျွန်တော် နေမကောင်းဖြစ်နေလို့လား]
ကျိအန်း: [သူက ကိုယ့်ကို ရည်းစားကောင်လေးရအောင် မိတ်ဆက်ပေးထားတာလေ]
ချောင်းချွမ်ကွေ့က ဖုန်းမျက်နှာပြင်ကို ကြည့်ကာ တဖြည်းဖြည်း ထိတ်လန့်သွားလေသည်။ ထို့နောက် ရန်ရှူကို ဖုန်းတန်းခေါ်ကာ ရန်ရှူ၏ အိမ်အောက်ထပ်သို့ အပြေးသွားလိုက်သည်၊
"ရန်ရန်... မင်းတို့ လမ်းခွဲတာကို နှောင့်ယှက်မိလို့ တောင်းပန်ပါတယ်... ငါထွက်သွားမှ ဆက်ဖြစ်ကြနော်…"
“…” ရန်ရှူ စိတ်ကို ထိန်းထားလိုက်ပြီး ရှက်စိတ်ကြောင့် မရှူနိုင်မကယ်နိုင် ဖြစ်သွားသည်။
စန့်ရှန်းက ဘေးတွင် ထိုင်နေရင်း သူတို့ကို တိတ်တဆိတ် စောင့်ကြည့်နေခဲ့သည်။
ချောင်းချွမ်ကွေ့ ဆက်မေးလိုက်သည်။
"မင်းဘာတွေ လုပ်နေတာလဲ... ရုတ်တရက်ကြီး လူတစ်ယောက်နဲ့ မိတ်ဆက်ပေးနေတယ်... ရည်းစားရဖို့ကိုလေ…"
"မင်းက စင်ဂယ်ဂေးလေး မဟုတ်ဘူးလား... ရည်းစားကောင်လေးရအောင် မိတ်ဆက်ပေးတာ ဘာမှားလို့လဲ…"
"အဲ့ဒါက... အဲ့ဒါက... ငါ နည်းနည်းသိချင်လို့ပါ... ဒါကြောင့် မင်းကို မေးလိုက်တာ…"
ရန်ရှူက ဆက်ပြီး မိတ်ဆက်ပေးလိုက်သည်။
"သူက ဆရာဝန်နော်…"
"အဲ့ဒီတော့..."
"သူက စိတ်ရောဂါအထူးကုဆေးခန်း ဖွင့်ထားတယ်...ဆေးခန်းရဲ့လူနာတွေက ချမ်းသာပြီး စျေးလည်း ကြီးတယ်... ငါ့မိသားစုက စန့်ရှန်းတောင် သူ့ရဲ့ သစ္စာရှိ အဖွဲ့ဝင်ကြီးလေ... တစ်နှစ်ကို ယွမ်သန်းတစ်ရာလောက် ရမယ်လို့ ခန့်မှန်းရတာပဲ... မင်းက တစ်နှစ်လုံး လိုက်ဖ်လွှင့်ပြီး ပစ္စည်းတွေယူတယ်... လစာက သူ့ထက်တော့ ပိုနည်းပေမယ့် ယှဥ်နိုင်နေတုန်းပဲ... အရေးကြီးဆုံးက ဒီလိုဝင်ငွေနဲ့မင်းထက် လူက ဆယ်နှစ်ပဲကြီးပြီး ရုပ်ချောတဲ့အပြင် လေ့ကျင့်ခန်းလည်းလုပ်သေးတယ်... တစ်နိုင်ငံလုံး လိုက်ရှာရင်တောင် ဒီလိုလူကို မတွေ့နိုင်လောက်ဘူး... "
"အိုး... ဒီလိုဆို…"
ချောင်းချွမ်ကွေ့က ဆိုဖာပေါ် မှီနေရင်း ထိုင်နေသည့်ပုံစံကို ပြန်ပြင်လျက် နှလုံးသားက စတင် ခုန်ပေါက်လာသည်။
"ကြည့်ရတာ ငါနဲ့ သင့်တော်မဲ့ပုံပဲ…"
ရည်းစားရှိတာလည်း ကောင်းပါတယ်... အရမ်းကြီးတော့ မစွဲနဲ့ပေါ့... ဒါကို တကယ်အောင်နိုင်သွားရင် နေ့တိုင်း အမွှေးတိုင် ပူဇော်နေရမယ်... မဟုတ်ရင် လုံလုံလောက်လောက် အာရုံစိုက်နိုင်မှာ မဟုတ်ဘူး...
ရန်ရှူ လက်မထောင်ပြလိုက်သည်။
"ပြောတာ ကောင်းတယ်…"
ချောင်းချွမ်ကွေ့ စိတ်ငြိမ်သွားသည်။
"အလုပ်ဖြစ်ရင် ငါပြန်လာတဲ့အခါ မင်းကို အောင်သွယ်တော်လမင်းကြီးလို့ ဘန်နာရေးပြီး ပို့ပေးမယ်…"
သူက လှည့်ပြောလိုက်သည်။ ဓာတ်လှေကားတံခါးမှာ ပိတ်နေဆဲပင်။ ရန်ရှူမှာ စန့်ရှန်းနှင့် ထပ်ပြီး လမ်းခွဲပြန်လေပြီ။ ချောင်းချွမ်ကွေ့တစ်ယောက် ကြောက်လွန်း၍တံခါးကိုပိတ်ရန် ခလုတ်မြန်မြန်နှိပ်လိုက်သည်။ နောက်ကျသွားလျှင် ပြန်မထွက်နိုင်မည်ကို စိုးရိမ်ရလေသည်။
အိမ်ပြန်ရောက်သောအခါ ဖုန်းကိုင်ထားရင်း စိတ်လှုပ်ရှားနေခဲ့သည်။
သူပြောခဲ့သည့်အရာများကို ကြည့်ရန် စကားပြောမှတ်တမ်းကို ပြန်ကြည့်လိုက်သည်။
ထို့နောက် ပြောသင့်သည် စကားများသာမက မပြောသင့်သည့်စကားများပါ ရှာတွေ့သွားလေသည်။
စိတ်ရောဂါအထူးကုဆရာဝန်နှင့် တွေ့ရသောအခါ အချိန်နှင့်အမျှ ရှပ်ထွေးမှုအချို့ ရှိနေပြီး ယခင်က ဖြစ်ခဲ့သမျှ အရာအားလုံးကို အသေးစိတ် ပြောပြရသည်။
ထို့အပြင် ဒေါက်တာကျိအန်းက စိတ်ရောဂါအထူးကုဖြစ်၍ သူက လမ်းပြပေးပေလိမ့်မည်။ အဆုံးသတ်တွင် ချောင်းချွမ်ကွေ့ အမှန်ပင် အလင်းပွင့်သွားလေ၏။
ငါ အများကြီး ပြောမိသွားပြီ…
သူ သက်ပြင်းချကာ စာရိုက်လိုက်သည်။ [တောင်းပန်ပါတယ်... အရင်က အထင်လွဲမိသွားတယ်]
ကျိအန်း: [ရှင်းအောင် ပြောရရင် ကိုယ်က ချစ်သူတစ်ယောက် ရှာနေတာပါ]
ရုတ်တရက် မည်သို့စာပြန်ရမည်ကို မသိတော့ပေ။
ဆိုရှယ်နွားလေးအဖြစ်မှ ဆိုရှယ်ထိတ်လန့်မှုအထိ အထောက်အထားတစ်ခု ပြောင်းလဲရန်သာ လိုအပ်သည်။
ကံအားလျော်စွာဖြင့် ဒေါက်တာကျိအန်းက အစပြု၍ စကားလမ်းကြောင်း လွှဲလိုက်သည်။ [ကိုယ့်ကို လာတွေ့ဖို့ အဆင်ပြေမလား]
ချောင်းချွမ်ကွေ့: [ဟုတ် ဟုတ်ကဲ့... အခကြေးငွေ ပေးရမှာလား]
ကျိအန်း: [မဟုတ်တာ…အကြိမ်တိုင်း အခမဲ့ပါ]
ချောင်းချွမ်ကွေ့: [နေ့လည်ပိုင်း တွေ့ရအောင်လေ.. နေ့လည်ကျရင် လိုက်ဖ်မှာ လူနည်းနည်းပဲ ရှိတာ... အဲ့ဒီအချိန်ဆို တွေ့လို့ရပြီ]
ကျိအန်း: [ကောင်းပါပြီ]
...
သူတို့၏ တွေ့ဆုံမှုက မန်ဘာရှစ်ကလပ်တစ်ခုတွင် ဖြစ်သည်။
ချောင်းချွမ်ကွေ့က ရောက်ဖူးသဖြင့် ဝင်သွားလိုက်ပြီးနောက် ဒေါက်တာကျိအန်း၏ နာမည်ကို ပြောလိုက်သည်။ ထို့နောက် တစ်စုံတစ်ယောက်က သူ့ကို ဒေါက်တာကျိအန်း၏အခန်းထံ လိုက်ပို့ပေးခဲ့ပြီး တံခါးခေါက်လိုက်သည်။
ချောင်းချွမ်ကွေ့ ရုတ်တရက် စိတ်လှုပ်ရှားလာခဲ့သည်။
တစ်နှစ်ပတ်လုံး တိုက်ရိုက်လွှင့်နေရသဖြင့် တစ်နှစ်လုံး ၅ရက်ခန့် နားရသည်က ကောင်းပေလိမ့်မည်။ ကြည့်ရုံမျှဖြင့် အင်တာနက်ပေါ်တွင် သူ့ဗီဒီယိုဒေတာများ ရှာတွေ့နိုင်ပြီး မိတ်ကပ်မပါသည့်ရုပ်ကိုလည်း လွယ်ကူစွာ ရှာတွေ့နိုင်၏။
သူ၏ အစောပိုင်းဗီဒီယိုများကို မည်သူမဆို တွေ့နိုင်ပေသည်။ ထိုကြမ်းကြမ်းရမ်းရမ်းပုံစံများကို တွေးမိတိုင်း ရှက်ရသည်။
'ဒေါက်တာကျိအန်းက ငါ့ပုံတွေ တွေ့ပြီးသား ဖြစ်မယ် ထင်တယ်…'
'မနေ့က ဒေါက်တာကျိအန်းနဲ့ ကမန်ကတန်း ပြောလိုက်ရတာ ပြီးတော့ ဒေါက်တာရဲ့ပုံကိုလည်း တွေ့လိုက်တယ်... ဖြစ်စဥ်တစ်ခုလုံးက စကားတစ်ခွန်းတည်းပဲ... သူကတော်တော် ကြည့်ကောင်းတယ်…'
'အရင်ဆုံး ဓါတ်ပုံတောင်းလိုက်သင့်တာ... ချိန်းတွေ့မှုလောကမှာ အတင်းအဖျင်းအချို့ ရှိတယ်... ဝါဒဖြန့်မှု အတုတွေလိုမျိုးတောင် ရှိချင်ရှိလောက်တယ်...'
ထိုအချိန် လူတစ်ယောက်က အထဲမှ တံခါးကို ဖွင့်ပေးလာပြီး သူ့ကို နှုတ်ဆက်လာခဲ့သည်။
"ဟယ်လို…"
"ဪ ဟယ်လို…"
ချောင်းချွမ်ကွေ့က ဒေါက်တာကျိအန်းကို အမြန်နှုတ်ဆက်လိုက်ပြီးနောက် လက်ကမ်းပေးလိုက်သည်။ သူ့အမူအရာက တစ်ခဏမျှ ပြောင်းလဲသွားသည်။ အပြစ်အနာအဆာတစ်ခုရှိနေ၍ သူမြန်မြန် ဖုံးထားလိုက်ရသည်။
ဒေါက်တာကျိအန်းက သူ့ထက် အရပ်အနည်းငယ် ပိုရှည်သည်။
သူက176 စင်တီမီတာရှိပြီး သွယ်လျသော ကိုယ်ခန္ဓာနှင့် နှစ်သက်ဖွယ်ရာ အသွင်အပြင်တို့ ရှိသည်။
အင်တာနက်ပေါ်မှ အမျိုးအစားခွဲမှုအရ သူကို မြွေပုံစံ မျက်နှာဟု ခွဲခြားနိုင်ပြီး ရန်မူလိုသော မျက်နှာဖြင့် မိတ်ကပ်အတွက် သင့်တော်သည်။ မိတ်ကပ်၏ အကျိုးကျေးဇူးက အံ့လောက်ဖွယ်ပင်။ ဤအလွန်အကြူး ကလူမြှူတတ်သော မျက်နှာက ဗျူးတီးဘလော့ဂါများအကြား ထင်ပေါ်စေခဲ့သည်။
ဒေါက်တာကျိအန်းက သူနှင့် လုံးဝ ဆန့်ကျင်ဖက်ပင်။ ထိုလူက ချောမောကာ နူးညံ့မည့်ပုံပင်။ ရွှေကိုင်းမျက်မှန်တစ်လက်ကို တပ်ဆင်ထားပြီး အကျင့်သိက္ခာရှိသည့် ဆရာဝန်တစ်ယောက် သို့တည်းမဟုတ် တက္ကသိုလ် ပါမောက္ခတစ်ယောက်အလား ပုံစံတူနေခဲ့သည်။
အရပ်ကလည်း 183cmနီးပါး ရှိမည်ဟု ခံစားရသည်။
ချောင်းချွမ်ကွေ့က လက်ဆွဲနှုတ်ဆက်နေရင်း ဒေါက်တာကျိအန်း၏ လက်ချောင်းလေးများကို တွေ့လိုက်ရာ စိတ်ထဲတွင် သက်ပြင်းချမိသွားသည်။ စွန်းထင်းခြင်းအလျဥ်းမရှိ၊ သွယ်လျ ဖြူဖွေးနေသည် လက်တစ်စုံဖြစ်ကာ လက်ဆစ်များက မပေါ်လွင်လေဘဲ ကျောက်စိမ်းအလား သိမ်မွေ့နေသည်။
အမှန်ပင် လှပလွန်းလှသည်။
လူတစ်ယောက်က ဘယ်လိုလုပ်ပြီး လက်ချောင်းလေးတွေအောက်မှာ သိမ်မွေ့သန့်စင်တဲ့ ခံစားချက်ကို ဖော်ထုတ်နိုင်ရတာလဲ...
ထင်ထားသည့်အတိုင်း ရန်ရှူက ဆွေ့ဟို့ယွီကဲ့သို့ အလှလေးမျိုးကို ကြည့်နေကျ ဖြစ်ပြီး ဒေါက်တာကျိအန်းကလည်း အတော်လေး ချောလှသည်ဟု သတ်မှတ်နိုင်သည်။
ဒါကတော်တော်လေး ကောင်းမနေဘူးလား...
ရုတ်တရက်ဆိုသလို ဘလိုင်းဒိတ် ဗန်းစကားတစ်ခုကို သတိရသွားသည်။
မိတ်ဆက်ပေးသူအနားတွင် ထူးခြားပြောင်မြောက်သူများ ဝန်းရံနေလျှင် သူတို့၏ ရုပ်ပိုင်းဆိုင်ရာ အခြေအနေနှင့် အမြင်တို့သည်လည်း အလွန်မြင့်မားနေမည် ဖြစ်ပြီး သူတို့က အဆင်ပြေသည်ဟု ပြောလာသူများက သာမန်လူများအမြင်တွင် အလွန်ကောင်းမွန်နေမည် ဖြစ်သည်။
ထိုအရာက ဘလိုင်းဒိတ်ကို မျက်စိမှိတ် ချီးကျုးနေသည့် မိတ်ဆက်ပေးသူတွင် တူညီသော အမြင်နှင့် အသိုင်းအဝိုင်း ရှိနေကာ ထိုသူကို စိတ်ရင်းထဲမှ ကောင်းသည့်လူဟု ထင်နေမည်ဟု သက်သေပြနေခြင်းပေလား။
ရန်ရှူ၏ မိတ်ဆက်ပေးမှုက အမှန်ပင် ယုံကြည်၍ ရသည်ဟု ဝန်ခံရပေမည်။
"ဝင်လာပြီး စကားပြောကြမယ်လေ…"
ဒေါက်တာကျိအန်းက သူ့ကို အခန်းထဲသို့ ခေါ်လိုက်ပြီး ခုံကူထုတ်ပေးလာ၏။
ထိုင်နေရင်း ဒေါက်တာကျိအန်းကို ကြည့်လိုက်ရာ ဒေါက်တာက လက်ဖက်ရည်ငှဲ့နေသည်ကို တွေ့လိုက်ရသည်။
သူ သိလိုစိတ် ဖြစ်သွားသည်။ အဆုံးတွင် သူက လက်ဖက်ရည်နှင့် ပတ်သက်ပြီး များများစားစား မသိပေ။ သူ စမ်းသောက်ဖူးသည်က နို့လက်ဖက်ရည်နှင့် အူလုံသာ ဖြစ်၍ အတော်လေး ရှားပါးလှသည်။
ဒေါက်တာက လက်ဖက်ရည်အကြောင်း ပြောလာရင် ဘယ်လိုလုပ်ရမလဲ... ဘယ်တံဆိပ်ရဲ့ မစ်တီးက အရသာ ရှိမလဲဆိုတဲ့အကြောင်း ပြောရင်ရော...
ဒေါက်တာကျိအန်းက သူ့စိတ်ကို ဖတ်နိုင်ပုံရပြီး မေးလာ၏။
"စိတ်မလှုပ်ရှားပါနဲ့... ကိုယ်က ဒီနေရာကို လူနာတွေနဲ့ တွေ့ဖို့ လာတတ်တယ်... လူအများစုက ဆေးခန်းကို မလာချင်ကြဘူးလေ... တခြားနေရာ သွားဖို့ကလည်း ဆူညံနေတော့ ဒီကိုပဲ လာတတ်တာ... တစ်နှစ်ပတ်လုံး ဒီမှာ လာတွေ့တဲ့ အဖွဲ့ဝင်တွေ ရှိတယ်... ဒီနေရာက တွေ့ဖို့အတွက် ပိုပြီး ဘေးကင်းတယ်လေ... ဒီနည်းနဲ့ ဒေါက်တာနဲ့ လာတွေ့တာ မဟုတ်ဘဲ သူငယ်ချင်းနဲ့ လာတွေ့တာလို့ ပြောလို့ရတာပေါ့…"
"အိုး.... ခင်ဗျားရဲ့ ကာစတန်မာ ဆားဗစ်က တော်တော်လေးကောင်းကြောင်း ရန်ရှူဆီကနေ ကြားဖူးတယ်…"
"အင်း... တစ်ကိုယ်ကောင်းဆန်တာလေးလည်း ပါတာပေါ့…"
ဒေါက်တာကျိအန်းက ပြုံးလိုက်သည်။
"ဒီကို လာရင် ဆေးခန်းကနေ အဘန်းခံရတော့မှာ မဟုတ်ဘူးလေ... သူများတွေကတော့ ကိုယ့်ကို အလုပ်ကောင်းကောင်း မလုပ်ဘူးလို့ ပြောကြမယ်... ကိုယ်ကတော့ အရမ်းကောင်းတဲ့ ဘောစ့်တစ်ယောက်ရဲ့ ပုံရိပ်ကို ထိန်းထားတုန်းပါပဲ…"
"ကျွန်တော်နဲ့ တွေ့တာက အလုပ်ကို မနှောင့်နှေးစေဘူးလား…"
သူက သတိထား၍ မေးလိုက်သည်။
"မဖြစ်ပါဘူး... မင်းက ကိုယ့်ရဲ့ အထူး VIPတစ်ယောက် ဖြစ်လာမှာ…"
အကြောင်းအရင်းအချို့ကြောင့် ချောင်းချွမ်ကွေ့ ထိုသူ့ပါးစပ်မှ VIP ဟု ကြားလိုက်ရချိန်တွင် အလိုလို တွေးမိသွားသည်မှာ - " သေလောက်အောင် စျေးကြီးမှာပဲ ထ ဟူ၍ပင်။
ထို့ကြောင့် သူ လက်ယမ်းပြလိုက်သည်။
"မလိုပါဘူး... ရပါတယ် ရပါတယ်…"
နှစ်ယောက်သားက အခြားသော ကိစ္စများကို စတင်ဆွေးနွေးခဲ့ကြသည်။ ချောင်းချွမ်ကွေ့က သာမန်ကာလျှံကာ မေးလိုက်သည်။
"ခင်ဗျားက အမြဲတမ်း သဝန်တိုနေတတ်တဲ့သူလား... ကျွန်တော့်ရဲ့ ပရော်ဖက်ရှင်နယ်ဆက်ဆံရေးကြောင့် လူတွေက ယောက္ခထီးကြီးတို့ ယောက္ခမကြီးတို့ အဲ့လိုတွေ ခေါ်တတ်ကြတယ်..."
"ကိုယ်က သဝန်မတိုတတ်ပါဘူး…"
"မချစ်လို့လား…"
"စိတ်ပညာနဲ့ ပတ်သက်ပြီး အပိုင်း နည်းနည်းလောက် ပြောပြမယ်နော်..."
ဒေါက်တာကျိအန်းက ပြုံးပြလိုက်သည်။
"ကိုယ်တို့ရဲ့ နှလုံးသားထဲမှာ စိတ်အာရုံမြင်ကွင်းဆိုတဲ့ သဘောတရား ရှိတယ်... ဥပမာအားဖြင့် မင်းကို မုန်းနေတဲ့ လူတစ်ယောက် ရှိတယ်လို့ တွေးမိရင် သူတကယ် မင်းကို မုန်းနေပါတယ်လို့ သက်သေမပြနိုင်ဘူး... ဒါပေမယ့် မင်းကတော့ သူ့ကို မုန်းနေတယ်... ဒီလိုပဲ မင်းရဲ့ ချစ်သူက သဝန်တိုပြီး မင်းကို ဖောက်ပြန်နေတယ်လို့ တွေးရင် သူမင်းကို ဂရုစိုက်နေလို့ မဟုတ်ဘဲ သူ့ရဲ့ မသိစိတ်ထဲမှာ ဖောက်ပြားမဲ့ အတွေးတွေ ရှိနေလို့ မင်းကိုလည်း အတူတူပဲ ဖြစ်မယ်လို့ တွေးနေတာ…"
ချောင်းချွမ်ကွေ့ ထိုစကားကို ကြားသောအခါ ကြက်သေသေသွားသည်။
ဒါက သဝန်တိုခြင်းဆိုတဲ့ သဘောတရားနဲ့ လုံးလုံး ကွဲပြားနေတာပဲ... ငါ တွေးနေတာက ပိုင်ဆိုင်လိုစိတ်ကြောင့်လို့လေ... ဒေါက်တာရဲ့ မျက်လုံးထဲမှာကျ ဘယ်လိုလုပ်ပြီး ဒီလို ဖြစ်သွားပါလိမ့်...
ချောင်းချွမ်ကွေ့ တစ်ခဏမျှ ပဟေဠိ ဖြစ်သွားသည်။
"ဒါပေမယ့် ရန်ရန်နဲ့ စန့်ရှန်းက သဝန်တိုတတ်တဲ့ပုံစံမျိုးတွေပဲလေ .. သူတို့က အချင်းချင်းချစ်ပြီး ဖောက်ပြန်ဖို့ မတွေးကြဘူး…"
"သူတို့က ကွဲပြားတယ်... ဒီနှစ်ယောက်မှာ နာမကျန်းမှုတစ်ခု ရှိနေတယ်... သူတို့ရဲ့ သဝန်တိုမှုက စိတ်မလုံခြုံမှု ဖြစ်လာတာ... သိမ်ငယ်စိတ်ကြောင့်လည်း ပါတာပေါ့... အချစ်ရဲ့ စစ်ထုတ်ကိရိယာက ကိုယ်တို့ကို တစ်ဖက်လူက သာမန်ထက်ထူးကဲကောင်းမွန်တယ်လို့ ခံစားရစေတာ... ဒါကြောင့် လိုချင်တပ်မက်လာကြမယ်လို့ပေါ့... ဒါက အထူးအခြေအနေတွေပေါ် မူတည်တယ်... ကိုယ်တို့တွေက အသေးစိတ်ကျကျ ခွဲခြမ်းစိတ်ဖြာရတယ်..."
ချောင်းချွမ်ကွေ့က လက်ဖက်ရည်တစ်ခွက်လုံးကို သောက်လိုက်ပြီး အတွေးနက်သွားသည်။
ငါ့ရဲ့ ကမ္ဘာကြီးကိုကြည့်တဲ့ အမြင်က တစ်ခါတည်း ယိုင်လဲသွားပြီပဲ…
ဒေါက်တာကျိအန်းက ရုတ်တရက် ပြုံး၍ ပြောလာသည်။
"ဒီလိုလုပ်ဆောင်ချက်တွေကို စိတ်ဝင်စားတဲ့ပုံပဲ…"
"ဟမ်... ဘယ်လိုသိတာလဲ…"
"မင်းရဲ့ ပုံစံအရလေ... ဒါကို အပြုအမူပိုင်းဆိုင်ရာ စိတ်ပညာလို့ ခေါ်တယ်…"
“…” ချောင်းချွမ်ကွေ့ သူ့စိတ်ကို ထိုးဖောက်မြင်ခံနေရသည့်အတွက် ရုတ်တရက်ဆိုသလို မတည်မငြိမ် ဖြစ်လာသည်။
“ဒီမှာ အစာသွပ်မုန့်တွေ ပို့ထားတာ ရှိတယ်... စားလို့ကောင်းတယ်... စားကြည့်လေ... ဗိုက်ဆာရင် အစားအသောက်တွေ ထပ်မှာလို့ရတယ်…"
ဒေါက်တာက လက်ခုပ်ပုံစံ လုပ်ကာ လက်ဟန်ပြလာသည်။
ချောင်းချွမ်ကွေ့က အစာသွပ်မုန့်တစ်ခုကို ယူ၍ မေးလိုက်သည်။
"ရန်ရှူနဲ့ စကားပြောရင် ဖိအား မရှိဘူးလား…"
"မရှိပါဘူး... ကိုယ်သိထားတဲ့ အရာအားလုံးကို ကျေးဇူးတင်ရမှာပဲ…"
ထိုနှစ်ယောက်၏ အထူးစွဲလမ်းချက်များ အပါအဝင်ပင်...
အိပ်မွေ့ချခံထားရသည့်အခြေအနေနှင့် အလိမ်အညာများ ပြော၍မရသည်ကြောင့်သာ မဟုတ်ခဲ့ပါက ဒေါက်တာကျိအန်းတစ်ယောက် စန့်ရှန်း၏ တစ်ညတာအကြိမ်အရေအတွက်ကို ကြွားဝါသည်ဟုသာ သံသယ ဝင်မိမည် ဖြစ်သည်။
သူတို့နှစ်ယောက်၏ ကိုယ်ခံအားက အံ့လောက်စရာပင်။ သသူတို့ တစ်ချိန်တည်းမှာပင် စိတ်ဓာတ်ကျပြီး စိတ်ကြွနေကြသည်လားဟု စစ်ဆေးကြည့်ချင်မိသည်။
ချောင်းချွမ်ကွေ့က ပွင့်ပွင့်လင်းလင်းနှင့် ညှာညှာတာတာ လုပ်ရန် ဆုံးဖြတ်လိုက်သည်။
"တကယ်တော့... ကျွန်တော် ယောကျ်ားတွေနဲ့ စကားပြောဖူးတာ..."
"ကိုယ်လည်း အတူတူပဲ... မင်းက ကိုယ်ဆက်သွယ်ဖို့ ကြိုးစားဖူးတဲ့ ပထမဆုံးယောကျ်ားလေးပဲ…"
"ဟမ်... ကျွန်တော် ထင်တာ..."
"စန့်ရှန်းနဲ့ ရန်ရှူ ကြောင့်ပါ…"
"သူတို့ကို ဦးနှောက်ဆေးထားတာလား…"
ဒေါက်တာကျိအန်းက ခြောက်ကပ်ကပ် ပြုံးလိုက်သည်။ "ကိုယ်တို့က တကယ်တော့... ကျိန်စာလို တည်ရှိမှုလို့ ဆိုမလား…"
ချောင်းချွမ်ကွေ့ အဆုံးတွင် ချုပ်တည်းထားလိုက်ပြီး မေးလိုက်သည်။
"ချစ်သူကောင်မလေး ဘယ်နှယောက် ထားဖူးလဲ…"
"နှစ်ယောက်…"
"အာ... တော်တော်လေးကောင်းတဲ့ အဖြေပဲ..."
"အမှန်တိုင်းပြောတာပါ... ပထမတစ်ယောက်နဲ့ ဆယ်နှစ်လောက် စကားပြောခဲ့ကြပြီးတော့ တခြားတစ်ယောက်က ငါးနှစ်လောက်... နှစ်ယောက်ကြားမှာ ငါးနှစ်လောက် ခြားတယ်... အခု စင်ဂယ်ဖြစ်တာ နှစ်နှစ်ရှိပြီ…"
"ဒါက ပိုလို့တောင် မယုံနိုင်စရာကြီး.. ဒါပေမယ့် ဘာလို့ ပြတ်သွားတာလဲ…"
ဒေါက်တာကျိအန်း သက်ပြင်းချလိုက်သည်။
"ပထမ ချစ်သူက အတန်းဖော်လေ... တချို့လူတွေက သူတို့ရဲ့ အလုပ်တွေအတွက် စိတ်ပညာကို သင်ယူကြတယ်... တချို့ကတော့ သူတို့ကိုယ်သူတို့ ကယ်ဖို့အတွက်ပေါ့... သူက ကိုယ့်ကိုယ်ကိုယ် သတ်သေသွားတယ်... သူ ဒါကို အဖြေထုတ်နိုင်ခဲ့ရဲ့လားတောင် ကိုယ်မသိပါဘူး... ဒုတိယတစ်ယောက်က သူငယ်ချင်းပဲ... သူ့ကို အရင်ကတည်းက အလင်းဖွင့်ပေးခဲ့ပေမယ့် အဆုံးကျ လမ်းခွဲဖြစ်သွားတယ်လေ... သူပြောတာတော့ သူ့အတိတ်ကို ကိုယ်သိတာ အရမ်းများနေပြီတဲ့... ဒါကြောင့် အမြဲတမ်း အတူတူ မနေနိုင်မှာ စိုးရိမ်တယ်တဲ့…"
ချောင်းချွမ်ကွေ့ ၎င်းကို ကြားလိုက်ရချိန်တွင် တစ်ခဏမျှ ကြောင်အသွားသည်။
"ဒီအကြောင်းအရာက တကယ်ကို လေးလံတာပဲနော်…"
"ကိုယ်ရော မင်းအကြောင်း မေးလို့ရမလား…"
ချောင်းချွမ်ကွေ့က ထိုင်ခုံပေါ် ထိုင်ရင်း သက်ပြင်းချလိုက်သည်။
"ကျွန်တော်က လေးယောက်... တစ်ယောက်က မပြီးနိုင်မစီးနိုင် ရန်ဖြစ်ရလို့... ကျွန်တော်က ရန်ရှူရဲ့ သူငယ်ချင်းပါနော်... စကားစစ်ထိုးရင် ဘယ်လိုလုပ်ပြီး ရှုံးပါ့မလဲ... ကျွန်တော်က ငယ်ရွယ်ပြီး ထောင်လွှားတတ်တာကြောင့်လည်း ဖြစ်မှာပါ... ဒုတိယတစ်ယောက်ကကျ ဘယ်လို ပြောရမလဲ... တကယ်တော့ သူက ချောကလက်ကိတ်စားချင်တာဆိုလို့ ကျွန်တော် သွားဝယ်ပေးတာလေ... ကျွန်တော်က သက်တံ့ကိတ် ဝယ်ခဲ့လိုက်တာ... ဒါပေမယ့် ကျွန်တော် ဝယ်ပြီး ပြန်လာရော သူ ဒေါသထွက်ပြီး လမ်းခွဲကြတော့တာပဲ... နားကိုမလည်နိုင်ဘူး... ကျွန်တော့်ကို ကူစဥ်းစားပေးပါလား…"
ဒေါက်တာကျိအန်း နားလည်သွားသည်။
"သူက မင်းကို အကောင်းဆုံး ကြိုးစားစေချင်တယ်လို့ တွေးနေတာနေမယ်... ဒါဆို မင်းလည်း နောက်တစ်ဆိုင်ကို သွားကြည့်လို့ရတယ်လေ…"
"အဟုတ်ပဲ... သူလည်း ဒီလိုပြောလိုက်တာ... ဒါပေမယ့် အဲ့အချိန်တုန်းက တမင်သက်သက် အပြစ်ရှာပြီး ရန်ဖြစ်အောင် လုပ်တယ်လို့ပဲ တွေးခဲ့တာ... ကျွန်တော်က တစ်နေ့ကို 15 နာရီလောက် လိုက်ဖ်လွှင့်ရတာဆိုတော့ ကျန်တဲ့အချိန်ဆို ကြော်ငြာတွေ ရေးလိုက်၊ ကိရိယာတွေ ပြင်ဆင်လိုက်၊ ပရော်ဖက်ရှင်နယ် အသိပညာတွေ လေ့လာလိုက် လုပ်နေရတာ... ကိတ်ကိုတောင် ခေါင်းတွေ မူးနေရတဲ့ကြားက သွားဝယ်ခဲ့ရတာလေ... ကားထဲမှာတောင် အိပ်ပျော်တော့မလို့ အိမ်အမြန် ပြန်လာခဲ့ရတယ်... ဟုတ်ပါပြီ…"
ချောင်းချွမ်ကွေ့ လက်ယမ်းပြလိုက်ပြီးနောက် ပြောလိုက်သည်။
"ထားလိုက်ပါတော့... ဆင်ခြေပေးတယ်လို့ပဲ ဆိုလိုက်ပါ...ကျွန်တော်က အမှိုက်ကောင်ပါပဲ…"
ချောင်းချွမ်ကွေ့က တစ်ခုခု စဥ်းစားလိုက်ပြီးနောက် မေးလာသည်။
"ဒါဆို ခင်ဗျားက 0 လား 1လား…"
ဒေါက်တာက သူ့အားကြည့်လာပြီး ပြုံးလိုက်သည်။
"ကိုယ်က ပထမအဆင့်ကိုတော့ အောင်သွားပြီလို့ တွေးနေတာ... မင်းက ဒါတွေပါ စဥ်းစားနေပြီလား…"
"အာ... မေးကြည့်ရုံပါ…"
"မင်းက ဘာကိုလိုအပ်တာလဲ…"
"စမ်းကြည့်မယ်လေ…"
ချောင်းချွမ်ကွေ့က ဒေါက်တာကျိအန်းကို တစ်ခဏမျှ ကြည့်လိုက်ပြီးနောက် ဖုန်းထုတ်ကာ ရန်ရှူထံ မေးရန် ပြင်သည်။
"တကယ်တော့ မင်းရဲ့ သတင်းရင်းမြစ်က ရန်ရှူလေ... သူပြောပုံအရ မင်းမှာ လိုအင်ဆန္ဒတွေ ရှိတယ်တဲ့... မင်းရဲ့ခေါင်းထဲက မသိစိတ်ထဲမှာ ရန်ရှူရဲ့ အနေအထားကို တွေးနေချိန်မှာ ကိုယ့်ရဲ့ သတင်းရင်းမြစ်က စန့်ရှန်းလေ…"
“…” ချောင်းချွမ်ကွေ့ ဖုန်းကို ပြန်ချကာ စာပို့ရန် စိတ်မရှိတော့ပေ။
သူ မျက်လုံးပင့်ကာ ဒေါက်တာကျိအန်းကို ဆက်ကြည့်နေခဲ့သည်။ ဒေါက်တာကလည်း သိမ်မွေ့သော မျက်နှာထားဖြင့် သူ့အား ကြည့်လာသည်ကို တွေ့လိုက်ရလေသည်။
သူ့လည်ချောင်း လှုပ်ရှားသွားပြီး မသိစိတ်အရ ချောင်းဆိုးမိသွားကာ ရှက်တက်တက် ဖြစ်သွားသည်။
ကြည့်ရတာ စမ်းကြည့်ရုံပဲထင်တယ်...
သူတွေးနေသည့် တစ်ချိန်တည်းမှာပင် ဒေါက်တာကျိအန်းက သူ့စိတ်ကို ဖောက်မြင်နေရသည့်အလား ပြုံးလိုက်သည်ကို တွေ့လိုက်ရလေသည်။
📽️
ဒီနှစ်ယောက်လည်း ချစ်စရာလေး ဒါပေမဲ့ သူတို့အကြောင်းက ဒီတစ်ပိုင်းပဲပါတယ်🥹