Chapter 86
ထိုအပေါက်သည် မူလက ထိုမျှမကြီးသော်လည်း မြောင်မြောင်က ပိုပိုကာ ကြီးလာသည့်အတွက် သူတို့အနေဖြင့် ဆက်ချဲ့၍ပဲနေရသည်ဟု ယွီချင်ရှစ်က ပြော၏။ အကယ်၍ ကျန်းရှောင်မန်သာ ဝလာခဲ့ပါလျှင် သူမ အဝတ်အစားအသစ်တွေ အများကြီး ဝယ်နေရမည် မဟုတ်ပါလော။
ကျန်းရှောင်မန် အဝတ်အစားအသစ်တွေ ဝတ်ရသည်ကို အင်မတန်ပျော်ပါသော်လည်း ဘဝကလက်ရှိတွင် မလွယ်ကူတော့ဟု ဘွားဘွားဆိုသည်။ သူမအနေဖြင့် ဆင်းရဲဒုက္ခကို ခံနိုင်ရည်ဖို့ သင်ယူရမည်ဖြစ်သည့်အတွက် သူမ အဝတ်အစားအသစ်တွေ မရပါချင်ပါလေ။
စနစ်က ဆက်ပြောလာ၏။
"မင်းက ဟွားဟွားလောက် ဝရင်တောင် ...မင်းဘွားဘွားက မင်းက ဝပါတယ်လို့ထင်မှာမဟုတ်ဘူး...."
"ဘာလို့လဲ..."
"မင်းဘွားဘွားက မင်းကို မဝဘူးလို့ ထင်အောင်လုပ်နေတဲ့ ပိန်ခြင်းတစ်မျိုးရှိတယ်..."
"ဘာလို့လဲ... "
"နောက်ကျ မင်းနားလည်လာမှာပါ..."
"အာ...ကောင်းပြီလေ..."
စနစ်က အမြဲတမ်း ဤသို့ပင်၊ မကြာခဏဆိုသလို သူမ နောက်ကျရင် ကိစ္စတွေ အများကြီး နားလည်လာမှာဟုဆိုလေသည်။ ကျန်းရှောင်မန်ကတော့ ထိုဟာက သူ၏မသိနားမလည်မှုနှင့် အရည်အချင်းမပြည့်ဝမှုတို့အတွက် ဆင်ခြေတစ်ခုသာ ဖြစ်ရမည်ဟု ခံစားရ၏။ သူက ၎င်းကို သူ မဖြေတတ်သည့်အတွက် စကားလမ်းကြောင်း လွှဲခြင်းဖြစ်လေသည်။
ဟီးဟီး...သူမကငယ်သေးလို့နဲ့ပဲ အဲ့ဒါကို နားမလည်ဘူးလို့များ သူထင်နေတာလား...
သူမ အတော်လေးကို ကောင်းကောင်းနားလည်ပါ၏။ သို့သော်ငြား သူမ စနစ်၏မာနလေးအတွက် ၎င်းကို မဖော်ထုတ်ဖို့ ရွေးချယ်ခဲ့သည်။
သူမက ဒီလိုမျိုး ကလေးကောင်းတစ်ယောက်ပဲလေ ...
——————
နောက်တစ်နေ့တွင် ကျန်းရှင်း တစ်နေကုန် အိမ်မှာမရှိပေ။
ပထမအချက် သူ ကုမ္ပဏီကိစ္စတွေနှင့် အလုပ်ရှုပ်နေ၏။
ဒုတိယအချက် သူ ကျန်းရှောင်မန်ကိုကျောင်းအပ်သည့် ကိစ္စနှင့် အလုပ်ရှုပ်နေသည်။ သူသည် ဂျင်ကလည်တစ်ခုကဲ့သို့ တစ်နေ့ကုန် အလုပ်လုပ်နေခဲ့၏။
သို့သော် ကံကောင်းထောက်မစွာဖြင့် အစစအရာရာ အဆင်ပြေသွားခဲ့သည်။
အလုပ်ပွဲစားက အလွန် စိတ်ချရ၏။ သူတို့ သူ့အတွက် ရှာတွေခဲ့သည့် လူတွေအကုန်လုံးသည် အရည်အချင်းသည့် လက်ဟောင်းတွေဖြစ်လေသည်။ ၎င်းတို့သည် အကုန်လုံးကို သင်ပေးနေစရာမလိုဘဲ သူတို့၏ အတွေ့အကြုံအချို့က ကျန်းရှင်းကိုပင် များစွာအပင်ပန်းသက်သာစေ၏။ ကျန်းရှင်း တစ်ခုခုကို နားမလည်ချိန်တွင် သူက နားလည်ဟန်ဆောင်ပြီး "အာ...အာ...အာ...."
ဟု ပြောလိမ့်မည်ဖြစ်ကာ နောက်မှ သူ၏ဗဟုသုတ ကို ထပ်ဖြည့်ဖို့ အချိန်ရှာမည်ဖြစ်သည်။
ထိုအခိုက်အတန့်တွင် ကျန်းရှင်း သူယခင်က လုံလောက်အောင် မလေ့လာခဲ့သလို ခံစားရ၏။
ငယ်ငယ်တုန်းက နည်းနည်းလောက် စိတ်နှစ်ပြီး စာသင်ခဲ့ပါလျှင် ယခုအချိန်တွင် သူ ဤမျှဒုက္ခရောက်မှာ မဟုတ်ပေ။ သို့သော် လက်ရှိတွင် ဆက်ပြောနေလျှင်လည်း အသုံးဝင်မှာ မဟုတ်ပါချေ။ အချိန်က လူကိုမစောင့်၊ အတိတ်က အတိတ်သာဖြစ်သည်ပင်။
ယောကျာ်းစစ်စစ်တွေက ဘယ်တော့မှ နောက်ပြန်မကြည့်။
အတိတ်က ပြောင်းလဲ၍မရပေ။ ပစ္စုပ္ပန်ကို သာလျှင် ပြောင်းလဲနိုင်၏။
ကျန်းရှင်းအနေဖြင့် ကျန်းရှောင်မန်က ဖီးနစ်တစ်ကောင်အဖြစ် ပွင့်လန်းလာမှာဟုသာ မျှော်လင့်ပြီး သူ၏ မျှော်လင့်ချက်တွေအကုန် သူမအပေါ်တွင် ပုံအောလိုက်သည်။ သူ ပြန်ရောက်လာပြီးနောက် သူမကို သူ့ပေါင်ပေါ်တင်ကာ ဘဝ၏စည်းမျဥ်းများအကြောင်း ပြောပြေနေလေ၏။
သူကား ဆရာထန်ကဲ့သို့ စကားပုံများသုံးဖို့ကို မဆိုထားနှင့် စကားတောင် ကောင်းကောင်းမပြောတတ်သည့် အရူးတစ်ယောက်ဖြစ်နေသည်ကတော့ စိတ်မကောင်းစရာပင်။ သူက နက်နဲ ရှုပ်ထွေးသော ကိစ္စများကို ရိုးရှင်းသည့် နည်းဖြင့် ရှင်းမပြတတ်ပေ။ ကျန်းရှောင်မန်က သူဘာအကြောင်းပြောနေသည်ကို နားမလည်ဘဲ သူမ၏ဦးလေးက ထူးဆန်းနေသည်ဟုသာ ထင်လေသည်။
"ဘွားဘွား... ဦးလေးက ဘာဖြစ်နေတာလဲ.... "
ဟု ကျန်းရှောင်မန် မေးလိုက်၏။
ကျန်းဟွေ့မိန်က မီးဖိုချောင်ထဲတွင် အလုပ်ရှုပ်နေဆဲဖြစ်ပြီး ပေါ့ပေါ့တန်တန်ဖြေလိုက်သည်။
"ဘွားဘွားလည်း မသိဘူး...သူသောက်တာ များသွားလို့နေမှာပေါ့..."
"အာ...အိုခေ...."
ဒါဆို လက်စသတ်တော့ သူ မူးနေလို့ကိုး...
ကျန်းရှောင်မန် နားလည်သွား၏။တစ်ယောက်ယောက် ဘာပြောနေမှန်း နားမလည်ပါက တစ်ဖက်လူထံတွင် ပြဿနာ ရှိနေရမည်ဖြစ်သည်။
အဲ့ဒါက...မူးနေတာပဲ....
အဆုံးမတော့ သူမက အသုံးဝင်သည့် အတွေ့အကြုံများကို အမြဲစုဆောင်းနိုင်သော ဉာဏ်ရည်ထက်မြက်သည့် ကလေးတစ်ဦးဖြစ်ချေ၏။ သူမကို တစ်ခုပြောလိုက်ရင် သုံးခုနားလည်နိုင်တယ်...
ကျန်းရှင်းသည် နောက်ဆုံးမှာ ကျန်းရှောင်မန် အတွက် လုပ်ထုံးလုပ်နည်းများကို မူကြိုစမဖွင့်မီတွက် အပြီးသတ်နိုင်ခဲ့၏။
ခြေကုန်လက်ပန်းကျ နေခဲ့ပြီး သူ ပြန်လာချိန်တွင် မေးစေ့တဝိုက်တွင် မုတ်ဆိတ်မွှေးငုတ်တိုများ ဖုံးလွှမ်းနေပြန်သည်။ ကျန်းရှောင်မန်ကသူ့ကို မုတ်ဆိတ်မွှေးရိတ်ဖို့ ပြောသည့်အခါ သူ မပျော်မရွင်ဖြစ်သွားပြီး ကျန်းရှောင်မန်၏မျက်နှာလေးကို သူ့၏မုတ်ဆိတ်ငုတ်တိုများဖြင့် ရည်ရွယ်ချက်ရှိရှိ ပွတ်လိုက်ပြီး သူမအား "ဝါး...ဝါး"ဟု အော်မိသွားစေခဲ့၏။
"ဦးလေး...သမီးရဲ့ အနာဂတ်မူကြိုကျောင်းက ဘယ်လိုပုံစံလဲဟင်...."
"ပြီးပြည့်စုံပြီး အရမ်းလှတယ်..."
ကျန်းရှင်းက ပြောလိုက်သည်။
"မင်း ကျောင်းအပ်နေမှန်း ဘော့စ်ယွီသိတယ်...သူက ယွီချင်းရှီကို မင်းနဲ့ တစ်ခန်းထဲထားဖို့ အထူးတလည် စီစဥ်လိုက်တယ်...ပျော်ရဲ့လား ...."
ကျန်းရှောင်မန် အလွန်ကို ပျော်ပါ၏။ သူမ၏လက်ပုစိလေးများနှင့် လက်ခုပ်တီးကာ အော်လေသည်။
"ပျော်တယ်....."
သူငယ်ချင်းလေး ယွီချင်းရှီလည်း ကျေနပ်နေရတော့မှာပဲနော်...
အခုကနေစပြီး သူတို့က စာသင်ခုံတစ်လုံးကို အတူမျှသုံးရတော့မှာ...နေ့တိုင်း သူတို့ အတူတူဆုံပြီး ကစားလို့ရပြီ...
သူငယ်ချင်းကောင်းဆိုတာ ဒါပဲလေ...
Chapter 87
ကျန်းရှောင်မန် ယွီချင်းရှီကို အမြန်ဖုန်းခေါ်ပြီး ပျော်လားဟု မေးလိုက်၏။
ဖုန်းတစ်ဖက်မှ ယွီချင်းရှီကား အချိန် အတော် အတော် အတော်ကြာအောင် ငြိမ်သက်သွားခဲ့သည်။ (T/N–ထပ်ရေးမိခြင်းမဟုတ်ပါ)
"မပျော်ဘူးလား..."
ကျန်းရှောင်မန် သူ့ကိုမေးလိုက်၏။
"ငါ... ငါ အတန်းကျော်ချင်တယ်...အတန်းကြီး ကို သွားချင်တာ... ငါတို့ စာသင်ခုံတစ်ခုထဲ မျှသုံးရမှာမဟုတ်ဘူး...ငါ့အဖေကို အခုချက်ချင်း သွားပြောလိုက်မယ်...."
ယွီချင်းရှီက ပြောလေသည်။
"နင့်အဖေက အဲ့လို စီစဥ်လိုက်တဲ့ သူပဲလေ..."
ကျန်းရှောင်မန်၏ နူ့ညံ့ပျော့ပျောင်းလှသည့် အသံလေးက အင်မတိအင်မတန် စိတ်လှုပ်ရှားမှုကြောင့် တုန်ယင်နေခဲ့၏။
'နင်အဖေ'
'အဲ့လို စီစဥ်လိုက်တဲ့သူက'
ယွီချင်းရှီ သူနှုတ်ခမ်းလေးများကို စုဝိုင်းလိုက်ပြီး ပထဆုံးအကြိမ်အဖြစ် သူငိုမိသလို ခံစားရသော်လည်း မျက်ရည်က ထွက်မလာပေ။ သူ မျက်တောင်ခတ်လိုက်ရင်း ဘာပြောရမှန်းမသိ ဖြစ်နေခဲ့သည်။ သူ ဝမ်းပဲနည်းမိပါ၏။
သူ အနာဂတ်တွင် ဤနတ်ဆိုးပေါက်စလေး၏ ဖိနှိပ်မှုအောက်မှ မလွတ်မြောက်မှာကို စိုးရိမ်လေသည်။
သူရဲ့ အဝတ်ဗီရိုကို လုယူပြီးတဲ့ နောက်မှာ သူမ နောင်ကျရင် သူ့ရဲ့ ကျောင်းက စာသင်ခုံကိုပါ လုဦးမို့လား...
ယွီချင်းရှီ ခဏမျှတွေးတောပြီးနောက် ခံစားရသည်ကား...ဘဝက တကယ့်ကို ခွကျလွန်းတာပဲ...
ကံမကောင်းစွာဖြင့် ဖုန်းတစ်ဖက်မှ ကျန်းရှောင်မန်ကတော့ ထိုသို့ ခံစားမနေရပေ။ သူမက စိတ်အားထက်သန်စွာဖြင့် မေးလိုက်၏။
"မူကြိုက ပျော်စရာကောင်းလား ..."
"အရမ်း ပျင်းစရာကောင်းတယ်..."
"ကလေးတွေက အကုန်လုံး ချစ်စရာကောင်းကြလား..."
"သာမန်ပါပဲ ..."
"ဆရာက ဆရာထန်လိုကောင်းလား..."
"ဆရာထန်က ဘယ်သူလဲ ..."
" ဘာလို့ နင်စကားဘယ်လိုပြောရမှန်းမသိရတာလဲ..."
ကျန်းရှောင်မန် အလွန်စိတ်ဆိုးသွားသော်လည်း များမကြာမီ သူ့ကို ခွင့်လွှတ်လိုက်သည်။
"ထားလိုက်ပါ... ငါအဲ့ဒီကို သွားတဲ့ အခါကျ သိမှာပဲ...ဟေး သူငယ်ချင်းလေး...ကျောင်းစတက်ရင် ငါတို့က အတန်းဖော်တွေဖြစ်ကြမှာ...နင်ငါ့ကို ပိုပြီး ကောင်းကောင်းဆက်ဆံရမယ်နော် သိလား..."
ယွီချင်းရှီ ဖုန်းချလိုက်၏။
သူ မူကြိုမတက်ချင်တော့ဘူး...
သို့သော် ကျောင်းမတက်ဖို့က မဖြစ်နိုင်ပါလေ။ မနက်စောစောတွင် ယွီချင်ရှစ်သည်လ သူ့အဖေနောက်မှ ကားဆီသို့ မျက်နှာသေနှင့် လိုက်သွားခဲ့သည်။
ကားပေါ်မှ ဆင်းပြီးနောက် ကျန်းရှောင်မန် ဂိတ်ပေါက်မှာစောင့်နေသည်ကို တွေ့လိုက်ရ၏။
သူမ၏ မျက်လုံးပြူးပြူးလေးများက ဘာလုပ်ရမှန်းမသိဖြစ်နေပုံရပြီး ဤကြောက်စရာကောင်းသော၊ရဲရင့်သော ကလေးမလေးဟာ ပထမဆုံးအကြိမ် အဖြစ် ကြောက်ရွံနေသည့် အမူအရာကို ပြသနေခဲ့သည်။
ယွီချင်းရှီ သူမကို အကြာကြီး ကြည့်နေခဲ့၏။ သူ သူမကို မမြင်ချင်ယောင်ဆောင်ချင်သော်လည်း သူမငိုတော့မလိုဖြစ်နေသည်ကို တွေ့ရသည့်အတွက် "ဟဲလို..."ဟု စပြီးနှုတ်ဆက်ရန် သူ့ကိုယ်သူ အတင်းအကြပ်ခိုင်းလိုက်ရသည်။
"မဂ်လာနံနက်ခင်းပါ ကျန်းရှောင်မန် ..."
ယွီချင်းရှီက ပြောလိုက်၏။
"မင်းဦးလေး ဘယ်မှာလဲ ...ဒီမှာ တစ်ယောက်ထဲ ဘာလုပ်နေတာလဲ ..."
"သူက ငါ့ကိုစာရင်းသွင်းဖို့ ဆရာနဲ့စကားပြောနေတယ်..."
သူမ၏အသံက အလိုလျောက် တုန်ယင်သွားခဲ့သည်။
ပထမဆုံး ကျောင်းတက်သည့်နေ့ဖြစ်၏။ စောလွန်းနေသောကြောင့် ဖြစ်၍ထင် လူတွေအများကြီး ရှိမနေပေ။ ကလေးတွေက မူကြိုကျောင်းကို အချိန်မှန်ရောက်လေ့မရှိပါချေ။ ယေဘုယျအားဖြင့် ပြောရပါလျှင် ဆရာက 8နာရီ အတန်းစမည်ဟုပြောပါက 8နာရီခွဲတိုင်အောင် မရောက်သေးသည့်သူအချို့ ရှိနေဦးမည်ဖြစ်လေသည်။
ကောင်းပြီ၊ နောက်ကျမှ လာခွင့်ရှိသည့် ကလေးတွေနှင့်ဆို ဤသို့သာဖြစ်သည်ပင်။
သူတို့သည် ကလေးဆန်ဆဲ ၊ငိုယိုဆဲ၊ ပြဿနာရှာဆဲဖြစ်သည့်အတွက် ထိုဟာကို ဖြေရှင်းရန် နည်းလမ်းမရှိပါချေ။
ယွီချင်းရှီက အေးဆေးတည်ငြိမ်ပြီး ငိုယိုခြင်း သို့မဟုတ် ပြဿနာရှာခြင်း မရှိသောကြောင့် စောစောရောက်လာလေ့ရှိသည်။
ကျန်းရှောင်မန် အနည်းငယ် ကြောက်ရွံ့နေသော်လည်း မူကြိုတက်ဖို့ စောင့်မျှော်နေဆဲဖြစ်ပါ၏။
သူမက လက်တစ်ဖက်တွင် ကြက်သွန်နီစိမ်းများနှင့် တခြားတစ်ဖက်တွင် သစ်အယ်သီးများကို ကိုင်ထားသည်။ ယွီချင်းရှီကို မြင်သော်အခါ အရင်ဆုံးနှုတ်ဆက်ပြီးနောက် ဘယ်ညာကိုကြည့်ကာ လှည့်စားခံရသလို ခံစားလိုက်ရ၏။
ကျောင်းသွားတက်သည့် ကလေးတိုင်းဟာ ဉာဏ်ကောင်းမှုနှင်လိမ္မာမှု တို့ကို ကိုယ်စားပြုသည့် ကြက်သွန်နီများနှင့် သစ်အယ်သီးများကို လက်တစ်ဖက်စီမှာ ကိုင်ရမည်ကို ဘွားဘွားကပြောသည်။
ဆရာထန်၏လက်အောက်တွင် စာသင်ရသည်ကို ထည့်မတွက်ပေ။ ဤတစ်ကြိမ်တွင် သူမ တရားဝင် ကျောင်းတက်ခြင်းဖြစ်ရာ ဘွားဘွားက သူမအား စာကောင်းကောင်းသင်ပြီးဉာဏ်ကောင်းလာဖို့ ၎င်းတို့အကုန်လုံးကို ယူသွားခိုင်းလေ၏။
ကျန်းရှောင်မန် ဤနည်းလမ်းက အလွန် ပေါတောတောနိုင်သည်ဟု ခံစားရသော်လည်း ဘွားဘွားက တခြားကလေးတွေအကုန် ဒါကို လုပ်နေကြသည်ဟုဆိုသည်။ ကမ္ဘာပေါ်ရှိ ကလေးတွေအကုန်လုံးက အတူတူဖြစ်ကြသည့်အတွက် ရွေးချယ်စရာမရှိဘဲ သူမအနေဖြင့် နားထောင်လိုက်ရုံသာရှိတော့၏။
ဒါပေမဲ့ ဘယ်သူ ထင်ထားပါလိမ့်မလဲ။ သူမ ပထမဆုံးတွေ့သည့် ကလေး ယွီချင်းရှီက ကြက် သွန်နီစိမ်းတွေလည်း ယူမလာသလို သစ်အယ်သီးတွေလည်း ယူမလာပါချေ။
"မင်း...မင်း ကြက်သွန်စိမ်းတွေနဲ့ ဘာလုပ်နေတာလဲ ..."
သေချာသည်ပင်၊ထိုကြက်သွန်စိမ်းက သူ၏အာရုံစိုက်မှုကို ရရှိသွားခဲ့သည်။
ကျန်းရှောင်မန် အထိတ်ထိတ်အပျာပျာ ဖြစ်သွား၏။
တခြားကလေးတွေက ကြက်သွန်စိမ်းတွေ ယူမလာလောက်သလို သူမနဲ့လည်း သူငယ်ချင်းဖြစ်ချင်ကြတော့မှာ မဟုတ်ဘူး...
ကျန်းရှောင်မန် သူမ၏နှုတ်ခမ်းလေးကို စုဝိုင်းလိုက်ပြီး သူမငိုသာငိုလိုက်ချင်သော်လည်း ရုတ်တရက် ဖြတ်ထိုးဉာဏ်ရွှင်လာပြီး သူ့လက်ထဲကို ကြက်သွန်စိမ်းတွေ ထိုးထည့်ပြီး ပြောလိုက်သည်။
"ငါနင့်အတွက် မနက်စာယူလာတာ...မြန်မြန်လေး စားပစ်..."
"..."
Chapter 88
ယွီချင်းရှီ လက်ထဲမှာ ကြည်သွန်နီစိမ်းကို ကိုင်ထားပြီး ခဏလောက် ဘာလုပ်ရမှန်းမသိ ဖြစ်သွား၏။
ရိုးရိုးသားသားပြောရပါလျှင် သူ အလွန် စိတ်ပူနေမိသောကြောင့် ယနေ့မနက် ထွက်မလာမီတွင် မနက်စာက အလုတ်နည်းနည်းသာစားခဲ့သည်။ အခုအချိန်မှာ သူ အတော်လေး ဗိုက်ဆာနေလေပြီ။
ဒါပေမဲ့ သူတကယ်ကြီး ကြက်သွန်နီစိမ်းတွေစားရမယ်ဆိုရင်တော့...ကောင်းပြီ... အရင်တုန်းကတော့ မစားကြည့်ဖူးသေးဘူး...
"ဒီတိုင်း အစိမ်းစားရမှာလား..."
ယွီချင်းရှီက မေးလိုက်သည်။
"အင်းပေါ့ ..."
ကျန်းရှောင်မန် သူမခေါင်းကို ညိတ်ပြလိုက်၏။
"ငါ့ဦးလေးအရက်သောက်တဲ့အခါဆိုရင်...အဲ့ဒါကို မုန့်လိုမျိုးစားတာနော်...သူပြောတာတော့ တကယ်အရသာရှိတယ်တဲ့..."
"မစပ်ဘူးလား..."
"မစပ်ပါဘူး...နည်းနည်းချိုတယ်...."
ယွီချင်းရှီ၏ မျက်နှာထက်တွင် သံသယတွေ အထင်းသားပေါ်နေပြီး မလှုပ်မယှက်နှင့် ကြက်သွန်နီများကို ကိုင်ထားလေသည်။
ကျန်းရှောင်မန်က ဆက်ပြောလာ၏။
"ငါနင့်ကို ညာမှာမဟုတ်ဘူး...ခွေးတွေပဲညာကြတာ..."
"နင်ငါ့ကို မယုံရင် ကိုက်ကြည့်လိုက်...."ဟု
ကျန်းရှောင်မန် ဆက်ပြောပြန်သည်။
ယွီချင်းရှီ သူမ၏ ရိုးသားသော မျက်လုံးများကို ကြည့်ပြီး ၎င်းနောက် သူ့အဖေကိုကြည့်လိုက်၏။
တစ်နေကုန်လောက်အကြာမှာတော့ တစ်စုံတစ်ယောက်၏လက်ဆောင်ကို လွှင့်ပစ်လိုက်ခြင်းကဲ့သို့သော ရိုင်းစိုင်းလွန်းသည့် အလုပ်မျိုးကို သူမလုပ်နိုင်ခဲ့ပါချေ။
ဤဟာတွေအကုန်လုံးသည် ကျန်းရှောင်မန် သူ့အတွက် အထူးတလည်ပြင်ဆင်ပေးထားသော မနက်စာများဖြစ်ကြသည်ပင်။
ကြက်သွန်နီ အစိမ်းစားခြင်းသည် ထူးဆန်းသော်လည်း နှံကောင်ကြော်နှင့် ပျားသားလောင်းမွှေကြော်တို့နှင့် နှိုင်းယှဥ်ပါက အင်မတန် ရိုးစင်းလှပေသည်။ အနည်းဆုံးတော့ သာမန်လူတွေ စား၍ရသည့် အစားအစာများဖြစ်သေးလေသည်။
ယွီချင်းရှီ အကိုက်သေးသေးလေးကိုက်လိုက်ပေမဲ့ ဘာအရသာမှမရှိချေ။
ကျန်းရှောင်မန်က မျက်လုံးလေး ပေကလက် ပေကလက်နှင့်"စားလို့ကောင်းလား"ဟု မေးလာ၏။
'အရသာရှိလား' 'အဲ့ဒါက အရသာကောင်းမှန်း မကောင်းမှန်း မင်းမသိဘူးလား'
"တကယ် နည်းနည်း ချိုတာလား "
".....ငါ နောက်တစ်ခါ ထပ်စားကြည့်လိုက်ဦးမယ်..."
ယွီချင်ရှစ် နောက်တစ်ကိုက် ကိုက်လိုက်သည်။
ကျန်းရှောင်မန်က သူ့ကို ဘယ်လိုမျိုး ဦးနှောက်ဆေးလိုက်သလဲဆိုသည်ကို သူမသိသော်ငြား ထိုဟာက တကယ်ကို... နည်းနည်း ချိုပုံရသလိုပင်။သို့ပေမဲ့ တော်တော်လေးလည်း စပ်၏။
ယွီချင်းရှီ၏မျက်နှာလေး ရှုံမဲ့သွားပြီး ကြက်သွန်နီစိမ်းကို ချထားလိုက်သည်။ သူ ပါးစပ်ထဲက ကြက်သွန်နီများကို ထွေးထုတ်ပစ်ချင်သော်လည်း ထိန်းထားလိုက်၏။
ထိုအချိန်တွင် ကျန်းရှောင်မန်က ရုတ်တရက် အခွံနွှာထားသော သစ်အယ်သီးတစ်လုံးကို လှမ်းပေးလေသည်။
ယွီချင်းရှီ အကုန်လုံး မျိုချလိုက်၏။
ထိုဟာက ချိုပြီး ဝါးစားနေရလေသည်။
ကျန်းရှောင်မန် သူ့ကိုထပ်မေးလာသည်။
"ချိုလား ..."
".....ချိုတယ် "
ဤတစ်ခါတွင်တော့ ချို၏။
ယွီချင်းရှီ ခေါင်းငုံ့ကာ အကြာကြီး တုန့်ဆိုင်းနေခဲ့သော်လည်း ကြက်သွန်နီစိမ်းများကို အမှိုက်ထဲသို့ လွှင့်မပစ်သေးပါချေ။ သူ ၎င်းကို နောက်ထပ် တစ်ကိုက် ထပ်ကိုက်လိုက်ကာ ၎င်းနောက် တစ်ကိုက်ပြီးတစ်ကိုက် စားနေခဲ့ပြီး ကျန်းရှောင်မန်ကလည်း သူ့ကို သစ်အယ်သီးတွေ ဆက်ပေးနေခဲ့သည်။
ဤသို့နှင့်ပင် သူ သစ်အယ်သီးတွေနှင့် ကြက်သွန်နီစိမ်းတွေ အကုန်လုံးစားပစ်လိုက်၏။
ယွီချင်းရှီ၏မျက်နှာလေးက နီရဲလာသော်လည်း သူ ယဥ်ယဥ်ကျေးကျေး ပြောနေဆဲပင်။
"မနက်စာအတွက် ကျေးဇူးတင်ပါတယ်...ငါဗိုက်ပြည့်သွားပြီ..."
ကျန်းရှောင်မန် တခစ်ခစ်ရယ်လိုက်ပြီးနောက် သူမလက်များကို သုတ်ကာ စိတ်သက်သာရာရစွာဖြင့် သက်ပြင်းချလိုက်သည်။
ဒီသူငယ်ချင်းလေး ယွီချင်းရှီက လူကောင်းလေးပဲ...
ကျန်းရှင်း ကိစ္စတွေ ပြီး၍ အပြင်ထွက်လာချိန်တွင် ကျန်းရှောင်မန်နှင့် ယွီချင်းရှီတို့ အတူတူထိုင်နေကြသည်ကို တွေ့လိုက်ရ၏။ သူတို့ တစ်ကိုက်ပြီး တစ်ကိုက်စားနေသည်ကို မြင်သောအခါ သူ သိနေဟန်ဖြင့် ပြုံးလေသည်။
သူနှင့် ယွီဝမ်ချန်တို့ တစ်ယောက်ကိုတစ်ယောက် ကြည့်၍ အကူအညီမဲ့စွာဖြင့် ပခုံးတွန့်ပြီး လက်တွေဖြန့် လိုက်မိကြ၏။
"ကလေးတွေ အဆင်ပြေနေကြတာပဲ..."
"လက်ဖျားခါလောက်တယ်...."
ကျန်းရှင်းက ပြောလိုက်သည်။
"ဒါက ကျန်းရှောင်မန် အတွက် ပထမဆုံး ကျောင်းတက်တာပါ...အဲ့ဒါကြောင့် သူနားလည်မှာမဟုတ်လောက်တဲ့ ဟာတွေ အများကြီးရှိတယ်ဗျ...ချင်းရှီကိုပဲ သူ့ကို စောင့်ရှောက် ပေးဖို့ အကူအညီတောင်းရမှာပဲ..."
"ငါ သူ့ကို ရှောင်မန်အပေါ်မှာ ကောင်းကောင်းဆက်ဆံဖို့ ပြောပြီးပါပြီ..."
နှစ်ယောက်သား စီးပွားရေး ကိစ္စကြီးတစ်ခုကို ပြီးမြောက်သွားသလိုမျိုး အချင်းချင်း စကားစမြည်ပြောနေကြပြီး ၎င်းနောက် ကလေးတွေကို နှုတ်ဆက်လိုက်ကြ၏။
"ရှောင်မန်... ဦးလေး အခုပြန်တော့မယ်...ပြီးမှလာကြိုမယ်...အတန်းဖော်တွေနဲ့ တည့်အောင်ပေါင်းဖို့မမေ့နဲ့..."
ကျန်းရှောင်မန်က "ဟေး..."ဟု ဆိုပြီး ပြေးသွားကာ ကျန်းရှင်းအား ရှက်ရှက်နှင့် နမ်းလိုက်သည်။ သူမက တိုးတိုးလေးပြောလေ၏။
"သမီး တီဗွီမှာ သူတို့လုပ်တာကိုမြင်ခဲ့တာ....."
ကျန်းရှင်း ရယ်လိုက်ကာ အားရကျေနပ်စွာဖြင့် ထွက်လာခဲ့သည်။
ယွီဝမ်ချန်း ကျန်းရှောင်မန် ကြည့်လိုက်ပြီး ၎င်းနောက် ထိုနေရာတွင် သစ်သားတုံးလိုရပ်နေသည့် သူ၏တုံးအသောသားကို ကြည့်လိုက်၏။ သူ ရုတ်တရက် အားကျမိသလို ခံစားလာရသည်။
ပုံမှန်အားဖြင့်တော့ သူသိပ်ပြီးအလုပ်မရှုပ်သရွေ့ ယွီဝမ်ချန်းသည် သူ့သားလေး ကို ကျောင်းပို့ဖို့ သူ့ကိုယ်သူ တွန်းအားပေးလေ့ရှိ၏။ မိုးမရွာသည်ဖြစ်စေ နေမပူသည်ဖြစ်စေ မမှုပါဘဲ အလုံးစုံသည် သူအား နွေးထွေးပြီး ပြည့်စုံကောင်းမွန်သည့် ငယ်ဘဝကို ပေးစွမ်းရန်အတွက်ပင်။
(T/N–မိုးရွာလို့ နေပူလို့လိုက်ပို့တာမဟုတ်ဘူးလို့ပြောချင်တာပါ)
Chapter 89
သူ့သွေးသားသည် တခြားကလေးများနှင့် မတူသော်လည်း ယွီဝမ်ချန်းက သူ့သားလေးကို အထူးတလှယ် မဆက်ဆံချင်သည့်အတွက် တခြားကလေးတွေလို ပုံမှန်ကျောင်းတက်ခိုင်းပြီး အထူးတလည် ကုသမှုများမရှိပါဘဲ နာနာခံခံ အတန်းတက်ခိုင်းခဲ့သည်။
သူ့အကြံဉာဏ်က အလုပ်ဖြစ်ခဲ့၏။ ရောဂါထမဖောက်သည့် အချိန်များတွင် သူ့သားလေးက ကောင်းကောင်းပြုမူလေသည်။
သူက..... နည်းနည်း အေးစက်နေရုံတင်ပေ။
ဥပမာအားဖြင့် ဤအဖြစ်အပျက်တွင် ယွီဝမ်ချန်း သူ့ကို နှုတ်ဆက်လိုက်သောအခါ သူက မျက်လုံးပင့်၍ ကြည့်လာပြီး ညင်သာစွာ ပြောလာခဲ့၏။
"လမ်းမှာ ဂရုစိုက်ပါ အဖေ..."
သူက ဉာဏ်ကောင်းပြီး တည်ငြိမ်အေးဆေးမှာဖြစ်ကောင်းဖြစ်နိုင်သော်လည်း တခြားဆူဆူညံညံကလေးများနှင့် ကွဲပြားနေခဲ့သည်။ သို့ပေမဲ့ ဤအချိန်တွင်မူ ယွီဝမ်ချန်းက သူ့သားလေး သူ့လက်ကိုဆွဲထားပြီး မသွားခိုင်းဖို့ကို မျှော်လင့်မိပါ၏။
ယွီဝမ်ချန်း သူ့သားကို ရှုပ်ထွေးသည့် အမူအရာဖြင့် အကြာကြီး ကြည့်နေခဲ့သည်။ သူအနေဖြင့် ကျန်းရှောင်မန်နှင့် ကျန်းရှင်းကို အင်မတိအင်မတန် အားကျပါသော်ငြား သူ့သားလေးက ထိုသို့ မလုပ်တတ်ပါလေ။
လေးလံစွာ သက်ပြင်းချပြီး ထွက်သွားတော့မည့်အချိန်တွင် သူ့လက်ကို အဆွဲခံလိုက်ရ၏။
ကျန်းရှောင်မန်က သူ့ကို ခေါင်းမော့၍ ကြည့်ကာဖြင့် သူမ၏တခြားလက်တစ်ဖက်ကို ဆန့်ပေးလာပြီး လေးလေးနက်နက် ပြောနေလေသည်။
"ဦးလေးယွီ...သမီးကို အာဘွားပေး..."
"ဘာ..."
"သမီးကို အာဘွားပေး...."
ကျန်းရှောင်မန်က သူမလက်ကို မြှောက်ပြလေ၏။
ယွီဝမ်ချန်း ဘာဖြစ်နေမှန်း နားမလည်သဖြင့် သူမ၏လက်ဖဝါးကို တုန်တုန်ယင်ယင်နှင့် နမ်းလိုက်သည်။
သူနမ်းပြီးသည်နှင့် ကျန်းရှောင်မန်က ယွီချင်ရှစ် ဘေးနားသို့ ပြန်ပြေးသွားပြန်၏။ ထို့နောက် စကားတစ်ခွန်းမှမပြောဘဲ "ပါ့"ခနဲမြည်အောင် သူမ၏လက်ဖဝါးကို ယွီချင်းရှီ၏ပါးပေါ်သို့ ဖိကပ်လိုက်လေသည်။
"ဒါက လေပေါ်အနမ်းလို့ခေါ်တယ်..."
"......"
ယွီချင်းရှီ၏ ပါးပြင်များ အလျင်အမြန်ပင် နီရဲသွားခဲ့၏။
ကျန်းရှောင်မန် သူမပါးစပ်လေးကို အုပ်ပြီး ပြုံးလေသည်။
"ရှက်နေတဲ့ဟာလေး...ဘာလို့ နင့်အဖေကို နမ်းလို့မရရမှာလဲ...နင်ထပ်လိုချင်သေးရင် ငါနင့်ကို ကူညီမယ်နော်...."
"..."
အသိသာကြီးကို သူမ သူ့ကို ရိုက်လိုက်တာလေးးး...
ယွီချင်းရှီ သူမကို ဒေါသတကြီး စိုက်ကြည့်လိုက်ပြီး သူမနှင့် စကားပြောချင်မနေချေ။
ယွီဝမ်ချန်း သူတို့နှစ်ယောက်ကို ငိုရမလို ရယ်ရမလို ဟန်ဖြင့် ကြည့်လိုက်သည်။ သူ ပြုံးကာဖြင့် တာ့တာပြလိုက်ပြီး နောက်ဆုံးတွင် ထွက်ခွာသွားခဲ့၏။
——————
များမကြာမီ မူကြိုကျောင်းက ပို၍ အသက်ဝင်လာခဲ့လေသည်။
ထိုနေရာတွင် ကလေးတွေအများကြီးရှိနေပြီး သူတို့ကို ကျောင်းလိုက်ပို့သည့် မိဘတွေ၊အဘိုးအဘွားတွေ၊ဦးလေးတွေ၊အန်တီတွေ၊အကိုတွေနှင့် အစ်မတွေလည်းရှိခဲ့၏။
တစ်မိသားစုလုံး ဒီကို ရောက်နေသလိုပင်။
ကျန်းရှောင်မန် လူတွေဝင်လာသည်ကို ကြည့်နေလေသည်။ မိဘတွေက သားသမီးများကို ဆရာဆီသို့ လက်လွှဲနေကြပြီး ကလေးတွေက ကျောင်းစည်းရိုးကို ဝင်တိုးကာ ငိုယိုပြီး အိမ်ပြန်ချင်နေကြ၏။
ဝိုး...အရမ်းကို စည်စည်ကားကားရှိတာပဲ...မူကြိုကျောင်းက မနက်ခင်းတိုင်း အရမ်းစည်ကားတာပဲလား...
အကြောင်းတချို့ကြောင့် သူမ တစ်ခုခုဆိုးရွားတာဖြစ်လာတော့မလို ခံစားနေရသည်။
သူမ သူတို့ကို ခဏလောက် ကြောင်ငေး ကြည့်နေပြီးနောက် ယွီချင်းရှီကို ထိုအကြောင်းပြောချင်လာ၏။ သို့ပေမဲ့ သူမလှည့်ကြည့်လိုက်ချိန်တွင် ထိုနေရာတွင် ယွီချင်းရှီ မရှိတော့ကြောင်းတွေ့လိုက်ရသည်။
သူက လျောအောက်တွင် ငုတ်တုတ်ထိုင်နေပြီး ဘာတစ်ခွန်းမှ မပြောဘဲ ဒူးနှစ်ဖက်ကို ဖက်၍ ထိုင်နေလေ၏။
သူက ငိုလည်းမငိုသလို ပြဿနာလည်းမရှာပေ။ တစ်ယောက်ပြီးတစ်ယောက် အပို့ခံနေရသည့် ကလေးတွေကိုသာ ကြည့်နေခဲ့သည်။
ကျန်းရှောင်မန် ခဏမျှ တုံ့ဆိုင်းနေပြီးနောက် ဆောင့်ကြောင့် ထိုင်ချပြီး သူအား ငြိမ်ငြိမ်လေး ကြည့်နေခဲ့၏။
ကံကောင်းထောက်မစွာဖြင့် ကလေးတွေမှာ ပြဿနာရှာသည့် နည်းလမ်းများရှိသလို ဆရာတွေမှာလည်း ထိုဟာများကို ဖြေရှင်းသည့် နည်လမ်းများရှိကြသည်ပင်။ မကြာမီ ထိုဆူညံနေသည့်ကလေးများအနေဖြင့် သုတ်သင်ရှင်းလင်းခံလိုက်ရသည်။
နေက တဖြည်းဖြည်းနှင့်ထွက်လာခဲ့၏။ မူကြိုကျောင်းက ဆူညံနေဆဲဖြစ်သော်လည်း ပရမ်းပတာအခြေအနေကြားထဲတွင် စနစ်တကျဖြစ်သွားသလိုလို ရှိနေသည်။
"ဂျူနီယာ အတန်း (3)က ကလေးတွေ...ဒီကိုလာ...."
အတော်လေးလှပသော မမဆရာမက လက်ထဲက ဆိုင်းဘုတ်ကို ယမ်းပြီး ကျယ်ကျယ် ပြောလိုက်၏။
"ဆရာမက ကလေးတို့ရဲ့ဆရာမ...ဆရာမယန်ပါ...အရင်ဆုံး ဒီမှာစုပြီး အတန်းခေါ်ချိန်ယူရအောင်...."
ဂျူနီယာ အတန်း(3) ကျန်းရှောင်မန်၏ အတန်းဖြစ်လေသည်။
သူမ စိတ်လှုပ်ရှားသွားပြီး အရင်ဆုံးမတ်တပ်ရပ်လိုက်၏။
ဆရာမယန် ခဏမျှ ကြောင်အသွားပြီး မေးလိုက်သည်။
"သူငယ်ချင်းလေး... သမီးအတန်းမှားနေတာလား..."
ဤကလေးက နည်းနည်း စိမ်းနေ၏။
ကျန်းရှောင်မန်က ပြောလိုက်သည်။
"မဟုတ်ဘူး...သမီးကအခုမှ ဒီကိုရောက်တာ...ဒါက ဆရာမသမီးကို ပထမဆုံးအကြိမ်တွေ့ဖူးတာပါ...."
သူမ အတန်းမှား တက်မှာမဟုတ်ပေ။ ထိုသည်က အရူးတွေပဲ လုပ်မည့်အရာဖြစ်၏။ ဆရာမက သူမကို လျော့တွက်နေသည်။
ဆရာမယန် ခေါင်းညိတ်လိုက်၏။ တခြားကလေးတွေ သူမနှင့် ဤနေရာတွင် လာမရပ်ရဲမှာ စိုးသဖြင့် ကျန်းရှောင်မန်ကို သူမဘေးနား ဆွဲခေါ်၍ တခြားကလေးများကို အသံကျယ်ကျယ်ဖြင့် ဆက်မိတ်ဆက်နေလေသည်။
Chapter 90
မကြာမီတွင် လိုင်းအရှည်ကြီးဖြစ်လာပြီးနောက် ကလေးများသည်နေရာကောင်းကောင်းတွင်ရပ်နေလေသည်။
ကျန်းရှောင်မန် သက်ပြင်းတစ်ချက်ချလိုက်လေသည် ၊ နောက်ဆုံးတော့သူမစာသင်ခန်းထဲဝင်ရတော့မည်ဖြစ်သည်။
ထိုအချိန်လူအုပ်ထဲတွင် အော်ဟစ်သံကျယ်လောင်လာမည်ဆိုတာ မည်သူသိလိမ့်မည်နည်း။
ငုတ်တုတ်ထိုင်ကာ ခေါင်းကိုကိုင်၍ငိုနေသည့်ကလေးတစ်ယောက်…
" ဒါသမီးသူငယ်ချင်းတွေမဟုတ်ဘူး... သမီးအသိအမှတ်မပြုနိုင်ဘူး...သမီးဘယ်အတန်းမှာတတ်ခဲ့လည်း သမီးမမှတ်မိတော့ဘူးဆရာမ သမီးကူညီပေးပါ ..."
ခနကြာပြီးနောက်တွင်… ကလေးငယ်တစ်ယောက် သူမလက်ကိုမဝံမရဲထောင်၍ ငိုသံဖြင့် " ဝါး ဝါး ဝါး… သမီးလည်းဘာမှ မမှတ်မိတော့ဘူး… ”
ကျန်းရှောင်မန် အံသြသွားလေသည် ။
သူမ ရင်ထဲမှမကြာခင် တစ်ခုခုဖြစ်တော့မယ်ဟုသော အသိပေးချက်သည် ပို၍ခိုင်မာလာလေသည် ။
နောက်ထပ်ရန်ပွဲတစ်ခုပြီးနောက်တွင်၊ ဆရာမများသည် အတန်းစာရင်းအရ ကျောင်းသားများအား တစ်ယောက်ပြီးတစ်ယောက်စုလိုက်ရာ နောက်ဆုံးတွင် ပရမ်းပတာဖြစ်နေမှုများ ငြိမ်ကျသွားလေသည် ။
သူတို့ နောက်ဆုံးတွင်အတန်းအတွင်းသို့ ဝင်နိုင်သွားလေသည် ။
ကျန်းရှောင်မန်သည် လေပေါ်လွှင့်သလိုပင်နေသလိုပင်ခံစားရလိုက်လေသည် ။
မကြာသေးမီကပင် သူမသည်ဆရာမများကို စာသင်ခန်းတံခါးပေါက်ကနေသာ ကြည့်နိုင်ခဲ့သည် ။ ဆရာတန်သည် သူမကို ကျောင်းသားများအားအနှောင့်အယှက်မဖြစ်ရန် တိတ်တိတ်ဆိတ်ဆိတ်နေဖို့ အထူးညွှန်ကြားထားလေသည် ။
ကျန်းရှောင်မန်သည် ထိုစကားအားအမြဲမှတ်သားထားပြီး နာခံလေသည်။
သူမကိုယ်ပိုင်စားပွဲနှင့် ခုံတစ်လုံးအမြဲလိုချင်ခဲ့လေသည် ။ သူမတွင်အရင်ကမရှိခဲ့ပေမဲ့ ယခုကိုယ်ပိုင်ရှိလာပြီဖြစ်သည် ။
သူငယ်တန်းဆရာမသည် သူမအားမည်သည့်အတန်းဖတ်စာအုပ်မျှ မပေးခဲ့ချေ ၊ သို့ပေမဲ့သူမ၏ကျောင်းလွယ်အိတ်အတွင်းတွင် စာအုပ်နှစ်အုပ်ရှိလေသည် ။
တစ်အုပ်မှာအိမ်စာ စာအုပ်ပါးပါးလေးတစ်အုပ်ဖြစ်ပြီး နောက်တစ်အုပ်မှာဆရာတန်ပေးထားသည့် ရှင်ဟွာအဘိဓာန်စာအုပ်အဟောင်းဖြစ်သည် ။
ရှင်ဟွာ အဘိဓာန်စာအုပ်မှာ ဟောင်းနွမ်းပြီးစုတ်ပြတ် နေပြီဖြစ်ပြီး တစ်ခါတစ်ရံသူမဖတ်နေရင်းပင် စာရွက်များပြဲကုန်တိုင်း ကျင်းရှောင်မန်အမြဲ စိတ်ဒုက္ခရောက်ရလေသည်။
ဦးလေးကသူမအား အဘိဓာန်စာအုပ်အသစ်ဝယ်ပေးနိုင်ပြီး ထိုစာအုပ်အဟောင်းအားထပ်မယူလာဖို့ပြောသော်လည်း သူမ မပျော်နိုင်ပေ၊ ထိုစာအုပ်သည် ဆရာမတန်ဆီမှ ရထားသောကြောင့်ဖြစ်သည် ။
ဆရာထန်က ဤစာအုပ်သည်သူမအတွက် လက်ဆောင်ဖြစ်သည့်အပြင် အမွေအနှစ်လည်းဖြစ်သည်ဟုပြောခဲ့သည် ။
အနာဂတ်တွင်သူ သူမအနားမရှိခဲ့လျှင် ထိုစာအုပ်ကိုကြည့်ချင်းဖြင့် သူ၏သင်ကြားပုံများကိုသိရှိနိုင်မည် ဖြစ်သည် ။
ကျန်းရှောင်မန်သည် အမွေအနှစ်ဆိုတာဘာမှန်း မသိခဲ့ပါ သို့သော်ဆရာထန်သည် ထိုစကားလုံးများကိုပြောနေချိန်တွင် သူ၏အကြည့်များသည်လေးနက်နေလေသည်။ ဆရာတန်မည်မျှ မျှော်လင့်ထားသည်ကို သူမခံစားနိုင်လေသည် မည်မျှအရေးကြီးသည်ကိုပင် သူမ တွေးနိုင်လေသည်၊ ထို့ကြောင့်ပင် ရှင်ဟွာအဘိဓ္ဓာန်စာအုပ်ကို ရတနာတစ်ပါးကဲ့သို့ ထိန်းသိမ်းထားချင်းပင်ဖြစ်သည် ။
သူမ၏စာရေးကိရိယာများကို နေရာချပြီးနောက်တွင် ကျန်းရှောင်မန်သည် သူမခုံတွင်ရိုသေစွာထိုင်လိုက်ပြီး ဆရာမစာသင်ရန်စောင့်ဆိုင်းနေလေသည် ။
သို့ပေမဲ့…
ဆရာမယန်ကိုကြည့်ရသည်မှာ စိတ်ဖိစီးနေပုံပေါ်သည် ။သူမသည် အတန်းတွင် လာတတ်ရောက်သည့်သူများကိုစာရင်းပြုစုနေလေသည်။ သူမကလေးတစ်ယောက်၏ နာမည်ကိုခေါ်လိုက်ချိန်တွင် သူသည် သူ၏ခေါင်းကိုထောင်ကာ မထီမဲ့မြင်ပြုလျက် မေးလာသည်။
" ဆရာမသားကိုခေါ်လိုက်တာလား ..."
ဆရာမယန်သည် သူမ၏မျက်ခုံးများကိုပင့်လိုက်ပြီး ပြောလိုက်သည်။
" ကျန်းရှင်းဟွာ.. ငါမင်းကိုအတန်းထဲမုန့်မစားဖို့ ခနခနပြောထားတယ်လေ ..."
ကျန်းရှင်းဟွာသည် သူ၏မုန့်များနှင့်သကြားလုံးများကို အလျင်အမြန်လှမ်းယူလိုက်၍ ပြန်ပြောသည်။
" ဒါပေမဲ့ သားဗိုက်တအားဆာနေလို့ပါ…”
ဆရာမယန်သည် သက်ပြင်းတစ်ချက်ချလိုက်ပြီး နောက်ကလေးတစ်ယောက်နာမည်ကိုဆက်ခေါ်လေသည် ။
နောက်တစ်ယောက်…
" ဝါး… သားကျောင်းမသွားချင်ဘူး...သားအိမ်ပြန်ချင်တယ်...ငါအိပ်ချင်တယ် အဖေနဲ့ အမေဆီပြန်ချင်တယ် ... ဝါး…ဝါး…ဝါး သားအိမ်ပြန်ချင်တယ် ..."
" … ”
ကျန်းရှောင်မန် စတင်ခေါင်းကိုက်လာလေသည်။
စာသင်ခန်းတိတ်ဆိတ်တော့မည့်ပုံ မပေါ်ပေ။ဆူညံ၍ ပရမ်းပတာဖြစ်လို့နေသည် ။
ကျန်းရှောင်မန်သည် အားလျော့စွာဖြင့်ဘေးသို့ကြည့်လိုက်လေသည် ။
ဘယ်ဘက်တွင်ထိုင်နေသည့်ကလေး "ဝါး…ဝါး…ဝါး!!!”
ညာဘက်တွင်ထိုင်နေသည့်ကလေး"ဝါး…ဝါး…ဝါး”
" နင်တို့ ဘယ်သူပိုကျယ်ကျယ် ငိုနိုင်လဲပြိုင်နေကြတာလား ..."
၎င်းသည်သူမတွေးထားသည်နှင့် မတူညီပေ ။
ကျန်းရှောင်မန်သည်သူမ၏ပါးစပ်ကို အနည်းငယ်စိလိုက်၍ သူမသူငယ်ချင်းလေး ယွီချင်းရှီ' ကိုကြည့်လိုက်လေသည် ။
ယွီချင်းရှီကတော့ အရင်ယွီချင်းရှီ ဖြစ်နေဆဲပင်။
အေးဆေးတည်ငြိမ်ပြီး ဘာမှမထူးခြားနေပါဘူး အသက်နဲ့တောင်မလိုက်ပေ ။
သူသည်ထောင့်မှာထိုင်၍ စကားတစ်ခွန်းမျှမပြောချေ ။
သူမသက်ပြင်းချသည်ကိုမြင်သည့်အခါတွင် သူသဘောပေါက်သွားပုံပေါ်၍ အကူအညီတောင်းပုံပေါ်နေလေသည်။သူအေးဆေးစွာဖြင့် သူမကိုပြောလေသည်။
" ငါနင့်ကိုဟိုးအရင်တည်းကပြောသားပဲ သူငယ်တန်းကအရမ်းပျင်းဖို့ကောင်းတယ်လို့ ..."
ကျန်းရှောင်မန် စတင်ငိုကြွေးပါတော့သည်။
"ဝါး…ဝါး…ဝါး”
သူမလည်းအိမ်ပြန်ချင်နေပါပြီ ။