Chapter 101
ကျန်းရှောင်မန်နှာခေါင်းရှုတ်လိုက်ပြီး အငိုရပ်သွားလေသည်။ သူမဘာကိုမေ့နေလည်း နောက်ဆုံးတော့သိသွားလေသည် ။
မနေ့ညက အဖွားကူညီဖို့ပြောသည်ကို ကျန်းရှောင်မန်ငြင်းပယ်ခဲ့ခြင်းဖြစ်သည်။ လူကြီးများ၏အကူအညီလိုသည်ကို ကျန်းရှောင်မန်နားလည်သွားလေသည် ။
ကျန်းရှောင်မန် နောက်တစ်ကြိမ်လက်မှုပညာအတန်းတွင်ပထမနေရာရရန် စောင့်မျှော်နေခဲ့သည် ။
လက်မှုပညာအတန်းသည်ပြောင်းလဲသွားပြန်သည်။ ဒီတစ်ကြိမ်တွင်တော့ပန်းခြင်းများလုပ်စရာမလိုတော့ဘဲ ရွံ့ရုပ်များပြောင်းလုပ်ရမည်ဖြစ်သည် ။
အိမ်ပြန်ပြီးနောက်တွင် ကျန်းရှောင်မန်စိတ်အားထက်သန်စွာဖြင့် ပြောလိုက်သည်။
" ဖွားဖွား…ဖွားဖွားရွံ့ရုပ်လုပ်ပေးလို့ရမလား ..."
" သမီးရဲ့သူငယ်တန်းကျောင်းက လူတွေကိုရွံနဲ့ကစားဖို့သင်ပေးသေးတာလား…”
" ရွံနဲ့ကစားတာမဟုတ်ပါဘူး....ရွံရုပ်လုပ်ရတာပါ.... ဖွားဖွားသိလား…ရွံ့ကနေအရုပ်လုပ်တာ”
ကျန်းဟွေ့မိန်သည် ကလေးများရွံ့နှင့်ကစားခြင်းကိုမကြိုက်ပေ။ ထိုသို့ကစားလျင်အဝတ်အစားများလျှော်ရခက်သောကြောင့်ပင်။ ကျန်းရှောင်မန်သည် ညစ်ပတ်ပြီးအနံ့နံသည့်နေရာများသို့ မသွားရန်ခဏခဏ အပြောခံရ၍ သူမ၏ရွှံ့နှင့်ဆော့သည့်အရည်အချင်းသည် မကောင်းပေ ။
" မသိဘူး…ဒါပေမဲ့သမီးဦးလေးတော့သိလောက်တယ်.....”
ကျန်းဟွေ့မိန်မှဆက်ပြောလိုက်သည်။
" သူကရွံ့ထဲမှာ ကြီးလာတာ...."
" အိုး…”
ကျန်းရှောင်မန်စဥ်းစားလိုက်လေသည် ။
သူမစိတ်ဆိုးသွားလေသည်။ အဘယ်ကြောင့်ဆိုသော် ဦးလေးအိမ်မှာမဟုတ်ဘဲ ရွာကိုပြန်သွား၍ ဖြစ်သည် ။
သူ သူမရဲ့လက်မှုပညာအတန်းကိုဘယ်လိုကူညီနိုင်တော့မှာလဲ…
ကျန်းရှောင်မန် ဆင့်နှစ်ဆယ်ကိုယူ၍ ဖုန်းခေါ်ရန် ဆိုင်လေးတစ်ဆိုင်သို့သွားခဲ့လေသည် ။
မြို့ကအိမ်တွင်ဖုန်းမရှိသည့်အတွက် ကျန်းရှင်းကိုဆက်သွယ်ရန်အလွန်ဒုက္ခများလေသည် ။
" ဦးလေး… ဦးလေးသမီးရဲ့ လက်မှုအတန်းအိမ်စာကိုကူပေးဖို့ဘယ်တော့ပြန်လာမှာလဲ.... ” ကျန်းရှောင်မန်ဖုန်းကိုကိုင်ထားပြီးပြောလိုက်သည် ။
"ဘာကြီး…”
ကျန်းရှင်းက မိုင်းတွင်းထဲရောက်နေ၍ ဆူညံနေပြီး ကျန်းရှောင်မန်၏ အသံကိုလည်းကွဲကွဲပြားပြားမကြားရပေ ။
" ဦးခေးဘယ်အချိန်ပြန်လာပြီး သမီးကိုရွှံ့ရုပ်လုပ်ဖို့ကူညီပေးမှာလဲလို့ သမီးပြောတာ..."
" ရွံရုပ်ဘယ်လိုလုပ်ရလဲ ငါမသိဘူးလေ…”
" ဒါပေမဲ့ ဖွားဖွားပြောတော့ဦးဦးကရွှံ့ထဲမှာကစားရင်းကြီးလာတာဆို…”
ကျန်းရှောင်မန် နှုတ်ခမ်းလေးကိုကိုက်ထားပြီး သူမနှလုံးသားထဲတွင်ဗလာကျင်းဖြစ်လျက်နေလေသည် ။
ကျန်းရှင်းအလုပ်များနေ၍ သူမကိုလိုက်မလုပ်ပေးနိုင်ပေ။ သူမအလွန်ဝမ်းနည်းသွားလေသည် ။
" အခြားကလေးတွေဆို သူတို့မိဘတွေကသူတို့ရဲ့လက်မှုအတန်းအိမ်စာကိုဝိုင်းလုပ်ပေးကြတယ်... သမီးကိုကြတော့လုပ်ပေးမယ့်သူမရှိဘူး …”
ကျန်းရှောင်မန်ငိုရှိုက်ပြီး ပြောလိုက်သည်။
"ထားလိုက်ပါတော့ ဦးလေးအလုပ်သာဆက်လုပ်ချေ သမီးကိုယ့်ဘာသာကိုယ်လုပ်နိုင်ပါတယ်… ”
ကျန်းရှောင်မန်၏ငိုသံသည် ကျန်းရှင်း၏ အသိစိတ်ကိုထိခိုက်သွားစေသည် ။
သူလည်းအိမ်ကနေအဝေးကိုနေ့တိုင်းမသွားချင်ပေ။ ဒီလိုအချိန်မျိုးဆိုရွာကိုလည်းမပြန်ချင်ပါဘူး ။
ဟုန်ရှင်းကောသားအဖနှစ်ယောက်သည်ပြဿနာရှာထားသည်မို့ မိုင်းအဖွဲ့သည်သူ့ကိုပြန်လာပြီးဖြေရှင်းရန်မေးခဲ့သောကြောင့်ဖြစ်သည်။ သူပြန်လာရုံကလွဲ၍အခြားရွေးချယ်စရာမရှိပေ။
"ရှောင်မန် သမီးအိမ်စာကိုဘယ်တော့ပေးရမှာလဲ …”
" မနက်ဖြန် ..."
" အိုး…အဲ့ဒါဆိုဦးလေးမနက်ဖြန်ပြန်လာခဲ့မယ်.."
ဦးလေးကအရမ်းတုံးတာပဲ.... သူမနက်ဖြန်မှပြန်လာရင်ငါတို့အချိန်ဘယ်လိုရှိတော့မှာလဲ ငါကျောင်းမသွားခင်ချိန်ထိ ရွှံ့ကနေတစ်ခုခုရအောင်လုပ်နေရမှာလား…
သူမ မငြင်းနိုင်ခင်တွင် ကျန်းရှင်းမှ ဆက်ပြောသည်။
" ဦးဦး အသင့်လုပ်ပြီးသားတစ်ခုကိုယူလာခဲ့မယ်... သမီးအဲ့ဒါနဲ့ ပထမနေရာရလိမ့်မယ်လို့ အာမခံရဲတယ် …”
ပထမနေရာ...
"ကောင်းတယ်…ကောင်းတယ်…”
ကျန်းရှောင်မန် ပျော်ရွှင်သွားပြန်လေသည်။ သူမလက်ခုပ်တီးပြီး ဦးလေးပြန်လာသည်ကိုစောင့်နေမည် ဟုပြောလိုက်လေသည် ။
ဆင့်နှစ်ဆယ်စာ ဖုန်းပြောချိန်ကုန်ဆုံးသွား၍ ကျန်းရှောင်မန်ဖုန်းချလိုက်သည် ။
သူမကိုယ်တိုင်လုပ်စရာမလိုတော့ပဲ သူမဦးလေးလုပ်လာတာကိုစောင့်ရန်ပင်။ သူမကိုဦးလေးမနက်ဖြန်ဘာယူလာပေးမလဲဟု မျှော်လင့်စောင့်ဆိုင်းနေပေသည် ။
နောက်တစ်နေ့တွင် ကျန်းရှင်းစောစောထ၍ ကလေးကိုကျောင်းပို့ပေးရန်ရွာမှပြန်လာခဲ့သည် ။
သူအရုပ်ကိုပြန်ယူလာခဲ့ပြီး အဝတ်အနီဖြင့်အုပ်ထားသည်။ အရုပ်သည်ကျန်းရှောင်မန်နီးနီးပင်ရှိသည် ။
ကျန်းရှောင်မန်အရုပ်ကိုမဖို့ကြိုးစားသည့်အခါတွင် အရုပ်သည်တုပ်တုပ်မျှမလုပ်ချေ။
"ဒါဘာကြီးလဲ…”
" လျို့ဝှက်ချက်…”
ကျန်းရှင်းပြုံ၍ ပြောလိုက်သည်။
" သမီးဒီတစ်ခါပထမနေရာ ရလိမ့်မယ်... ဦးဦးကတိပေးတယ် ဒီမြို့မှာ ဒီလောက်လှတဲ့ဟာရှိမှာမဟုတ်ဘူး.... ဒါကဦးဦးတို့မိသားစုရဲ့ရတနာပဲ ဦးဦးသမီးအတွက်ယူလာခဲ့ပေးတာ..."
ရတနာဆိုတည်းက ကောင်းမှာသေချာနေသည်။ ကျန်းရှောင်မန်ခေါင်းငြိမ့်ပြပြီး ကျန်းရှင်းကိုအရုပ်အားအခန်းတွင်းသို့ယူသွားခိုင်းပြီး အဝတ်ကိုလှန်ခိုင်းလိုက်သည် ။
ဟ…
သေစမ်း…
အဝတ်နီအောက်တွင် ကြီးကျယ်ခမ်းနားသော ကျောက်ခြင်္သေ့ကြီးပင် ။
"ဝါး…!!”
"ဝါး……!!"
"!!!"
ကလေးများထိတ်လန့်သွားသည်။ယွီချင်းရှီလည်းထိတ်လန့်သွားသည် ဆရာမနှင့်ကျန်းရှောင်မန်လည်းထိတ်လန့်သွားကြလေသည် ။
Chapter 102
ကျန်းရှောင်မန် တစ်ယောက် တစ်ခဏလောက် စကားမပြောနိုင်အောင်ဖြစ်သွားသည်။ အဘယ်ကြောင့်ဆိုသော် သူမဘေး နားမှာရှိသည့်ကလေးတွေက အံ့ဩတကြီးနဲ့အော်ကြသောကြောင့်ဖြစ်သည်။
ကလေးတွေကလည်း တော်တော်ကြီးကိုကြီးတဲ့ခြင်သေ့ကိုမမြင်ဖူးကြသောကြောင့် သူတို့တွေရဲ့စိတ်ထဲမှာခြင်္သေ့ကြီးကအရမ်းကိုမိုက်နေတာပဲဖြစ်သည်။
"…"
ကျန်ရှင်းဟွာ ကတော့အံ့ဩတကြီးဖြင့် ပြောလိုက်သည်။
"ရှောင်မန် ဒီဟာကနင်ကိုယ်တိုင်လုပ်ထားတဲ့ဟာလို့ပြောတာလား.."
"ဟု..ဟုတ်တယ်..."
ကျန်းရှောင်မန် သူ့ကိုယ်သူတီးတိုးပြောသလိုနှင့် ဆက်ပြောသည်။
"တကယ်တော့အဲ့တာက ငါ့ဦးလေးနဲ့အတူလုပ်ထားတာ...."
ဒါပေမယ့်အဲ့တိရစ္ဆာန်အရုပ်ကြီးကိုကြည့်လေလေ... သူမတို့ရွာထိပ်က အစောင့်အရှောက်ခြင်္သေ့ကြီးနဲ့တူလေတူလေပဲ...ဘွားဘွားသိသွားရင် အိမ်ရောက်တဲ့အခါသေအောင်ရိုက်မလားမသိဘူး…
ကျန်ရှင်းဟွာ ကတော့အသံတိုးတိုးလေးနဲ့ "ဝိုး…"ဟုနောက်တစ်ကြိမ်ထပ်ပြောလေသည်။
ယဲ့ကျားကျား သည်ရုပ်တုအောက်ခြေနားက ပေနေတဲ့ရွှံတွေကိုလက်ညှိုးထိုးပြီး ပြောသည်။
"ရှောင်မန် ဒီဟာကြီးကလေကျောက်တုံးနဲ့လုပ်တာမလား အဲ့တာကိုဒီပေါ်မှာ ဘာလို့ရွှံတွေရှိနေရတာလဲ...."
"အာ…ငါသိပြီ ဒီဟာကလေ ငါတို့ရွာအဝင်ဝမှာရှိတာကြီးမလား... ရွာကအိမ်တွေကို ကာကွယ်ဖို့နဲ့ကံကောင်းခြင်းတွေ လက်ယပ်ခေါ်ဖို့ လုပ်ထားတဲ့အစောင့်အရှောက်အရုပ်ကြီးနဲ့တူတယ်နော်..."
အို… သူမရုတ်တရက်ကြီးအမှန်တရားကို ထုတ်ပြောမိသွားသလိုပင်။ ရှောင်မန် သူမဆက်ပြောမှာကြောက်လို့ ပါးစပ်ကိုမြန်မြန်လှမ်းပိတ်လိုက်သည်။ တော်သေးတာကအနီးနားကကလေးတွေသည် ထိုစကားပေါ်အာရုံမရှိ၍သာပင်။
"အိမ်တွေကိုကာကွယ်ဖို့ဆိုတာ ဘာကိုပြောတာလဲ…"
"ကံကောင်းခြင်းတွေယူဆောင်ပေးဖို့ဆိုတာကရော ဘာကြီးလဲ…"
"…"
ကျန်းရှောင်မန် တစ်ယောက်ရုတ်တရက်လောကအသစ်ကို ရှာတွေ့သွားသလိုခံစားလိုက်ရသည်။ ဒီကမ္ဘာကြီးပေါ်မှာ သူမတစ်ယောက်ထဲက မေးခွန်းအများကြီးမေးတဲ့သူ မဟုတ်မှန်း သဘောပေါက်သွားသည်။
ကလေးတွေအကုန်လုံးသိချင်စိတ်ဖြစ်သွားရင် ပါးစပ်ကပိတ်မနေနိုင်တော့တာဖြစ်ရမယ်....
သို့သော်သူမလည်းတစ်လုံးမှနားမလည်တော့မဖြေတတ်ဘူးဖြစ်နေပေမယ့် နားလည်သ လောက်တော့ပြန်ပြောလေသည်။
" အထွတ်အမြတ်ထားတဲ့ရုပ်ထုအကြီးကြီးကို အိမ်အပေါက်ဝမှာထားရင်ကံကောင်းခြင်းတွေ ကိုယ့်အိမ်ကိုချက်ချင်းရောက်လာမယ်လို့ ငါ့ဘွားဘွားကပြောထားတာရှိတယ်..."
"အထွတ်အမြတ်ရုပ်တုဆိုတာကရောဘာကြီးလဲ…"
"ငါကတော့ဘာမှကိုမသိဘူး....အရုပ်ကြီးကိုကြည့်ရတာ တစ်ခုခုထူးဆန်းပေမယ့် အဆင်ပြေတယ်ထင်တာပဲ...
ကျန်ရှင်းဟွာ ကတစ်ခဏလောက်ကြာအောင်စဉ်းစားကြည့်ပြီး ပြောလိုက်သည်။
"အဲ့တာဆိုငါလည်းငါ့အဖေကို ငါတို့အိမ်ကိုစောင့်ရှောက်ဖို့တစ်ရုပ်လောက်လုပ်ခိုင်းရမယ်...."
ကျန်းရှောင်မန် သိချင်စိတ်ဖြင့် မေးသည်။
"နင်ကအိမ်ရှေ့မှာဘာထားချင်လို့လဲ...."
"Ultraman လေ အဲ့တာကိုထားရင်အဆင်ပြေလောက်မယ်လို့နင်ထင်လား..."
Ultraman "… "
ကျန်းရှောင်မန် ခဏလောက်သူ့ခေါင်းကိုကိုင်ကြည့်ပြီး စဉ်းစားလိုက်လေသည်။
"နင်ကအဲ့ကောင်ကြီးထားမယ်ဆိုရင် ငါကစွန်းဝူခုန်း ကိုထားမယ်လေ...."
ကလေးနှစ်ယောက်ရဲ့ခေါင်းစဉ်က တဖြည်းဖြည်းနဲ့သူမတို့အိမ်ရောက်ရင်မိဘတွေကို ရုပ်တုလုပ်ခိုင်းဖို့အထိကိုရောက်သွားသည်။
ဂျူနီယာအခန်း(၃)မှာရှိတဲ့ကျောင်းသားတွေကလည်း ကျန်းရှောင်မန် ရဲ့ရုပ်တုကိုကိုင်ကြည့်ချင်သည့်အတွက် သူမကိုခွင့်တောင်းလာကြသည်။
ကျန်းရှင်း သည်ရွာကိုချက်ချင်းပြန်မသွားပေ။
သူကဒီမှာတစ်ညအိပ်မယ်စိတ်ကူးထားသည်လေ။ အဲ့တာကြောင့် အရင်ဆုံး ရှောင်မန် နဲ့ခြင်သေ့ရုပ်ထုကြီးကို အရင်သွားကြိုဖို့လုပ်ထားသည်။ သူကဒီရုပ်ထုကြီးကို သူတို့အိမ်ပေါက်ဝမှာစောင့်ရှောက်ဖို့ ခက်ခက်ခဲခဲနဲ့ကိုတူးခဲ့ရတာပင်။
ရွာ၏ဘိုးဘေးဘီဘင်အစဉ်အဆက်ထိန်းသိမ်းခဲ့ရတဲ့အစောင့်အရှောက်ရုပ်ထုဖြစ်သော်ငြား ထို့ရုပ်ထုမြှုံထားတဲ့အောက်ခြေတွင် ရွှံဗွက်တွေဖြင့်ညစ်ပတ်နေပြီး ရုပ်ထုကြီးကလည်း နှစ်ပေါင်းများစွာကြာအောင် လေတိုက်ခံရအအေးခံရနဲ့ခံစားနေခဲ့ရသည်။
ပြီးတော့ ရုပ်ထုအားကြည့်ရတာ အရမ်းကိုတမူထူးခြားပြီး တော်တော်ကိုရှေးဆန်တယ်ဆိုပေမယ့်.... ရုပ်ထုကိုထုတဲ့သူကသေသွားတာကြာပြီလေ.... ရွာမှာရုပ်ထုကိုပိုင်တဲ့သူ မရှိတော့ဘူးဆိုတာသေချာနေမှတော့ သူယူလိုက်ရင်လည်း အဆင်ပြေတာပဲဖြစ်သည် မဟုတ်လား....
ထို့အပြင် ကျန်းရှင်းသည် ရုပ်ထုကိုဘယ်လိုထုရမလဲမသိပေ။
သို့သော် သူ့တူမလေးကိုလည်း ဝမ်းမနည်းစေချင်ပေ။ ထို့ကြောင့်ရုပ်ထု ကြီးကိုတူးလာပြီးအိမ်ယူလာဖို့လုပ်ခဲ့ရခြင်းဖြစ်သည်။
သူတို့ကဒီရွာမှာပဲ အခြေကျဖို့မဆုံးဖြတ် ထားသလို ခြင်သေ့ကြီးကိုလည်း နေရာမှန်ရောက်အောင်လုပ်ခဲ့ယုံသာဖြစ်သည်။
စောင့်ရှောက်သင့်တဲ့နေရာကို သူစောင့်ရှောက်လိမ့်မည်မဟုတ်လား…
Chapter 103
ရှောင်မန်သည် စိတ်ပူစွာပြောလိုက်သည်။
"ဦးလေး...ဘွားဘွားကသမီးတို့ကို ရိုက်တော့မယ်ထင်တယ်...အဲ့ဒီ့ခြင်္သေ့ရုပ်ထုကို ဘွားဘွားကအရမ်းတန်ဖိုးထားတာ...."
သူမသည်ပင် ထိုခြင်္သေ့အား တက်ဆော့ခွင့်မရခဲ့ပေ။
ကျန်းရှင်းသည် သူအရိုက်ခံရမည့်ဘေးအား စိတ်ထဲမထားသကဲ့သို့ ပြောလိုက်သည်။
"စိတ်မပူပါနဲ့ ဘွားဘွားက တစ်ယောက်ယောက်ကိုရိုက်ချင်ရင်တောင် ဦးဦးကိုပဲရိုက်မှာပါ...သမီးကိုမရိုက်ပါဘူး....."
"အိုး...ဒါဆိုဦးဦးက အပြစ်အကုန်လုံးကိုတစ်ယောက်တည်း ခံရမှာပေါ့..."
ကျန်းရှောင်မန် သူမ၏ဦးလေးအား အလွန်ပင်သနားသွားခဲ့သည်။ ဦးလေးက အချိန်အကြာကြီးကြာသောအခါမှ သူမတို့ထံသို့ ပြန်ရောက်လာခဲ့ခြင်းဖြစ်သည်။ အကယ်၍ ဘွားဘွားရိုက်သည့်အခါ သူထွက်ပြေးသွားခဲ့ပါလျှင် သူမသည် သူ့အားမည်သည့်နေရာတွင် လိုက်၍ရှာရမည်နည်း။
ကျန်းရှောင်မန်သည် စိုးရိမ်နေသောမျက်နှာကလေးဖြင့် ပြောလာသည်။
"ဦးလေးဘွားဘွားရိုက်တဲ့အခါကျရင်လေ...သမီးနောက်မှာဝင်ပုန်းနေနော်..သမီးကာပေးထားမယ်..."
ကျန်းရှင်းသည် ပြုံးကာပြောလိုက်သည်။
"အရမ်းမစိုးရိမ်ပါနဲ့ သမီးရယ်..ဘွားဘွားကခုရက်ပိုင်း ဦးလေးကိုသိပ်မဆူဘူးမဟုတ်လား..ဦးလေးအရိုက်မခံရလောက်ပါဘူး...တကယ်လို့ သူမသာရိုက်မယ်ဆိုရင် ဦးဦးကထွက်သွားမှာ ဆိုပြီးပြောလိုက်မယ်လေ...မကောင်းဘူးလား....."
"ဝိုး...ဦးလေးကအရမ်းတော်တာပဲ...."
လူကြီးများတွင် ထူးဆန်းသောဆင်ခြေ အများအပြားရှိကြသည်။ သူမအနေနှင့်လိုက်၍မမီနိုင်ချေ။
ကံမကောင်းစွာပင် ကျန်းရှင်းသည် သူ့ကိုယ်သူပို၍တွက်ခဲ့မိလေသည်။
ကျန်းဟွေ့မိန်သည် ဖန်းရွှယ်(ကံကြမ္မာကောင်း)အား ယုံကြည်သူတစ်ဦးဖြစ်ပြီး အယူလည်းသီးတတ်ပေသည်။
ကျန်းရှင်းသည် အိမ်မှအချိန်အတော်ကြာ ထွက်ခွာသွားသည့်နောက် ကျန်းဟွေ့မိန်သည် သားဖြစ်သူအား လွမ်းဆွတ်နေခဲ့သည်။ ထို့နောက် သူသည် ခြင်္သေ့ပန်းပုရုပ်နှင့် အတူပြန်လာသောအခါ သူမသည် အလွန်ပျော်ရွှင်ခဲ့ရသည်။
ထိုပန်းပုထုလုပ်သူလူအိုကြီးသည် လက်ရာမြောက်လှသောလက်မှုပညာကြောင့် အလွန်ပင်ကျော်ကြားလေသည်။ အဆိုပါခြင်္သေ့ရုပ်တစ်ရုပ် အိမ်တွင်ရှိခဲ့လျှင် ထိုအိမ်ရှိမျိုးဆက်သုံးဆက်အပေါ် ကံဆိုးမိုးမှောင်ကျရောက်ခြင်းမဖြစ်စေရန် ဘိုးဘေးများ၏ကာကွယ်ခြင်းခံရသည်ဟူ၍ ပြောလေ့ရှိကြသည်။ ကျန်းဟွေ့မိန်သည် ထိုပန်းပုရုပ်အားရရှိရန် အားအင်အမြောက်အများစိုက်ထုတ်၍ ကြိုးစားခဲ့သော်လည်း နောက်ဆုံးတွင်မူ သူမ၏သားဖြစ်သူသည် သူမအတွက်ယူဆောင်လာပေးခဲ့လေသည်။
ကျန်းဟွေ့မိန်သည်ယခုမူ အလွန်ပင်စိတ်ဆိုးနေလေသည်။ ကျန်းရှင်းသည် သနားညှာတာရန် တောင်းဆိုနေခဲ့ရလေသည်။ ကျန်းဟွေ့မိန်သည် ကျန်းရှင်းမှာ သူမ၏သားဖြစ်ကြောင်း ကိုယ့်ကိုယ့်ကိုယ် သတိပေးရင်း ဒေါသအားအနိုင်နိုင်ထိန်းခဲ့ရလေသည်။
သူသည် ထိုမျှနှင့်ပင်ပြီးသွားပြီဟု ယူဆခဲ့လေသည်။
သို့ရာတွင် ကျန်းဟွေ့မိန်မှာ ပိုတွေးလေလေ ပို၍စိတ်ဆိုးလေလေပင်ဖြစ်သည်။ သူမသည် ကျန်းရှင်းအား အေးအေးလူလူစားသောက်ခွင့်ပင်မပေးချေ။ ထမင်းစားနေစဥ်အတွင်း သူမ၏တူများအား ပစ်ချလိုက်ကာ စတင်ရိုက်ပြန်လေသည်။
ကျန်းရှင်းသည် ဤအိမ်တွင် တစ်ရက်ကလေးပင် မနေရဲတော့ချေ။
"အမေ...ကျွန်တော့်ကိုထပ်မရိုက်ပါနဲ့တော့...ကျွန်တော့်မှာကိစ္စအကြီးကြီး လုပ်စရာရှိသေးတယ်လေ...တကယ်လို့ဟုန်ရှင်းကောတို့သားအဖလာတဲ့အချိန် ကျွန်တော်သူတို့ကိုရိုက်မထုတ်နိုင်ရင် ဘယ်လိုလုပ်မလဲ..."
ကျန်းဟွေ့မိန်သည် နဖူးကြောများတွန့်သွားကာ မေးလိုက်သည်။
"သူတို့ကထပ်ပြီးပြသနာရှာပြန်ပြီလား..."
"ဟုတ်တာပေါ့...သူတို့သိတာဆိုလို့ စားဖို့ အိပ်ဖို့နဲ့ သူတပါးဆီက အမြတ်ထုတ်ဖို့ပဲသိတယ်..သူတို့ကအရမ်းကိုပျင်းရိကြပြီးတော့...."
"လိုရင်းကိုပြောစမ်း...."
"သူတို့က ကျွန်တော်တို့မိသားစုကို သွားပုတ်လေလွင့်ပြောချင်ကြတယ်လေ...ဒါပေမယ့်ကျွန်တော်က သူတို့နဲ့အဆက်အသွယ်ဖြတ်လိုက်ပြီဆိုတာ အိမ်နီးချင်းတွေကိုပြောထားခဲ့လိုက်တယ်..အဲ့ဒီ့တော့ သူတို့သားအဖက ကျွန်တော့်ကို အသင်းမှာလာရှာတယ်လေ...အသင်းကညီအကိုတွေက သူတို့ကျွန်တော့်ကိုပြသနာလာရှာမှန်းသိတာကြောင့် မောင်းထုတ်လိုက်ကြတယ်...."
ကျန်းရှင်းအား ထောက်ပံရေးအသင်းမှလူများသည် လာရောက်၍ အကြောင်းကြားခဲ့ကြသည်။ သူသည် ချက်ချင်းလိုက်သွားကာ သူတို့နှင့်ဘာမှမဆိုင်တော့ပြီဖြစ်ကြောင်းနှင့် အရေးစိုက်ရန်မလိုအပ်ကြောင်း ပြောကြားခဲ့လေသည်။
ဟုန်ရှင်းကောနှင့် သူ၏သားသည် အလွန်စိတ်ဆိုးသွားကြပြီး မိုင်းတွင်း၌ပြသနာထပ်ရှာခဲ့သည်။ သူတို့သည် မိုင်းလုပ်သားတစ်ဦးအား ဒဏ်ရာရစေခဲ့ပြီး အငြင်းပွားစရာဖြစ်ခဲ့လေသည်။ ထို့ကြောင့် ကိစ္စများသည်ပို၍ပင်ရှုပ်ထွေးသွားခဲ့သည်။
Chapter 104
အကြောင်းစုံသိရပြီးနောက် ကျန်းဟွေ့မိန်သည် ပြောလိုက်သည်။
"သူတို့ငါနဲ့မတွေ့တာ ကံကောင်းသွားတယ်...မဟုတ်ရင်သူတို့ပိုပြီး အရိုက်ခံရမှာ....."
ကျန်းရှင်းသည် နောက်ဆုံးတွင် အရိုက်ခံရခြင်းမှ လွတ်မြောက်သွားခဲ့သည်။
စာအုပ်များဖတ်ခြင်းသည် ဉာဏ်ပညာကြီးမားစေကြောင်းပြောကြသည်။ သူ ဤနည်းလမ်းအား စာအုပ်များထဲမှသင်ကြားခဲ့ခြင်းဖြစ်သည်။
ရှေးအခါကထိုလှည့်ကွက်အား "ရေလွှမ်းမိုးခြင်းကို အရှေ့အရပ်သို့နေရာလွှဲစေသည်" ဟူ၍ပြောကြသည်။ ယခုခေတ်တွင်မူ "သူများအပေါ်အပြစ်လွှဲချခြင်း" ဟုခေါ်ကြသည်။
ကျန်းအိမ်သည် ခေတ္တမျှအေးချမ်းသွားပြီးနောက် မှောင်ရီပျိုးစအချိန်တွင် တစ်စုံတစ်ယောက်သည် ရောက်ရှိလာခဲ့လေသည်။
ဟုန်ရှင်းကောက တစ်ယောက်တည်းလာခဲ့ခြင်းဖြစ်သည်။
သူ ကျန်းရှင်းနောက်မှ တိတ်တိတ်ကလေးလိုက်လာခဲ့ခြင်းပင် ဖြစ်သည်။
အချုပ်မှလွတ်လွတ်ချင်းပင် ဟုန်ရှင်းကောသည် ကျန်းအိမ်သို့သွားရောက်ခဲ့သည်။ သူတို့သည် မြို့သို့ပြောင်းရွှေ့သွားကြောင်းသိခဲ့ရသဖြင့် ဤအထိသူလိုက်လာခဲ့ခြင်းဖြစ်သည်။
သူတို့ကကောင်းမွန်တဲ့ဘဝမှာနေနေတာပဲ...ဒါတောင်သူ့ကို လာမခေါ်ကြဘူးပေါ့...ဒါကဆွေမျိုးအချင်းချင်းလုပ်ရမယ့် လုပ်ရပ်လား...
ဟုန်ရှင်းကောသည် ကျန်းတို့ထံမှ ငွေကြေးများစွာလက်ခံရရှိခဲ့သည်။ ထို့နောက် ကျန်းဟွေ့မိန်သည် သူတို့မိသားစုအား အဆက်အသွယ်ဖြတ်လိုက်ပြီဖြစ်ကြောင်း သတင်းဖြန့်ခဲ့သည်။ ရွာရှိ ယောက်ျားမိန်းမအားလုံးသည် သတင်းပို့စက်များသာဖြစ်ကြသည်။ ထို့ကြောင့် ဟုန်ရှင်းကောသည် ပြသနာရှာ၍မရခဲ့ခြင်းဖြစ်သည်။ သူသည် ရွာလူကြီးထံမှပင် လာရောက်၍သတိပေးခြင်းခံခဲ့ရသည်။ ရွာလူကြီးသည် ဟုန်ရှင်းကောအနေဖြင့် ထပ်မံ၍ပြသနာရှာခဲ့လျှင် သူ၏လူများအားအသုံးပြုကာ သူ့အားဆွဲထုတ်စေမည်ဖြစ်ကြောင်း သတိပေးခဲ့လေသည်။ သို့ရာတွင် ဟုန်ရှင်းကောသည် လက်မလျှော့ခဲ့ပေ။
သူသည် ကျန်းတို့ပြောင်းရွှေ့သွားသောအိမ်အား မည်သည့်နေရာတွင်ရှိမှန်း မသိသော်လည်း ထောက်ပံ့ရေးအသင်း၏နေရာအား သိပေသည်။
ထို့ကြောင့် အသင်းသို့သွားကာ ပြသနာရှာခဲ့လေသည်။ ကျန်းရှင်းသည် ရှောင်၍မရတော့သည့်အဆုံး ဖြေရှင်းရန်ထွက်လာရတော့သည်။
ဟုန်ရှင်းကောက အသင်းနှင့်မိုင်းတွင်းတွင် ဖြစ်ပေါ်ခဲ့သောပြသနာများနှင့်ပတ်သတ်၍ ကျန်းရှင်းအပေါ်မကျေနပ်ခဲ့ပေ။ ထို့ကြောင့် မြို့သို့ပြန်မည်ဖြစ်ကြောင်းကြားသောအခါ သူသည်ကျန်းရှင်း၏နောက်မှ တိတ်ဆိတ်စွာလိုက်လာခဲ့သည်။ ယခုအခါ သူတို့၏နေအိမ်အား ရှာတွေ့သွားပြီဖြစ်သည်။
သို့ရာတွင် သူသည် မယုံကြည်နိုင်သကဲ့သို့ တံခါးဝတွင် ရပ်ကြည့်နေခဲ့လေသည်။
ဒါကသူတို့အိမ်လား...ရွာမှာရှိတဲ့အိမ်ထက်တောင် အခြေအနေဆိုးသေးတယ်...သူတို့ခေါင်းက တစ်ခုခုဖြစ်သွားတာလား...
ကျန်းမိသားစုက လူတွေပြောနေကြသလိုမျိုး အရမ်းချမ်းသာသွားတာမဟုတ်ဖူးလား...ဒီတိုင်းကြွားတာသပ်သပ်ပဲလား...သူအခုအလကားသပ်သပ်အရိုက်ခံခဲ့ရတာလား..ဒီအိမ်ကိုကြည့်ပါဦး....ဒီလောက်စုတ်ပြတ်နေတာ...သူ့ကိုအလကားလာပေးရင်တောင်မယူဘူး...
ဟုန်ရှင်းကော လှည့်စားခံရသလိုခံစားရည်။
သူသည် အိမ်တံခါးဝမှ အော်ဟစ်ပြောဆိုခဲ့သည်။
"ဒီ ပုပ်ပွနေတဲ့မိသားစုကတော့...အဓိပ္ပာယ်မရှိတာတွေ ကြွားပြီးတော့သူဌေးလိုဆက်ဟန်ဆောင်ချင်နေသေးတယ်...ငါ့အထင်တော့ နင်တို့တွေပိုက်ဆံမရှိပဲ မွဲတေနေလို့ ရွာကထွက်လာခဲ့ရတာမဟုတ်လား...."
ထို့နောက် သူသည် ကျန်းရှင်းအားဆက်လက်ပြောဆိုခဲ့သည်။
"ဒီလူအိုကြီးက အရိုက်ခံရတဲ့ကိစ္စကို ဒီတိုင်းထားမယ်မထင်နဲ့..."
ကျန်းဟွေ့မိန်၏မျက်နှာသည် အိုးဖင်ကဲ့သို့မည်းလာခဲ့ကာ မီးဖိုချောင်ထဲသို့သွားပြီးနောက် ဓားကိုဆွဲယူခဲ့သည်။
"အမေ...စိတ်ကိုလျှော့ပါ.."
ကျန်းရှင်းသည် သူမအားဆွဲထားခဲ့သည်။
သို့ရာတွင် ဟုန်ရှင်းကောက သေလမ်းဆက်လက်၍ရှာနေခဲ့သည်။
"နောက်ပြီးတော့ ဘယ်ကမှန်းမသိတဲ့ မျိုးစေ့ရိုင်းလေးကိုလည်း ခေါ်မွေးထားသေးတယ်...နင်ကကိုယ့်မိသားစုအရင်းအချာထက် အရိုင်းအစိုင်းလေးကိုပိုပြီးဦးစားပေးနေတာပဲ...အံ့သြပါ့...."
ကျန်းရှင်းသည် အလွန်ပင်စိတ်ဆိုးသွားခဲ့ပြီးနောက် ဟုန်ရှင်းကောထံသို့ပြေးသွားကာ တံခါးကိုအကြမ်းပတမ်းတွန်းဖွင့်လိုက်ရင်း သူ၏ပါးစပ်အား တံခါးဘောင်နှင့်ပိတ်ရန်ကြံရွယ်လိုက်သည်။ သူသည် ဟုန်ရှင်းကော၏စကားများကို ရှောင်မန်ကြားသွားမည်အား စိုးရိမ်နေခဲ့ခြင်းပင်ဖြစ်သည်။
ဟုန်ရှင်းကောအား သူ၏လက်နှစ်ဖက်ဖြင့်ချုပ်လိုက်ပြီးနောက် ကျန်းဟွေ့မိန်အား လှမ်းပြောလိုက်သည်။
"အမေ...သူ့ကိုကျွန်တော်ချုပ်ထားပေးမယ်..လာ..ဝိုင်းရိုက်ရအောင်..."
Chapter 105
ကျန်းဟွေ့မိန် မီးဖိုချောင်သုံးဓားကိုကိုင်ကာ ဒေါသတကြီးထွက်လာသည့်အချိန်တွင် ဟုန်ရှင်းကောက စဥ့်တီတုံးပေါ်ရှိငါးကဲ့သို့ ဖြစ်နေခဲ့သည်။ ကျန်းရှင်းက သူ့အမေလုပ်ချင်သည့်အရာမှန်သမျှလုပ်နိုင်ရန်အတွက် ဟုန်ရှင်းကောကိုချုပ်ထားပေးခဲ့သည်။ ဟုန်ရှင်းကော ရုန်းကန်နေခဲ့သော်လည်း ကျန်းရှင်းသည်သူ၏လက်နှစ်ဖက်ဖြင့် ရုန်း၍မရအောင်ချုပ်ထားခဲ့သည်။
ကျန်းဟွေ့မိန်လက်ထဲရှိ တရုတ်နံနံအနံ့ထွက်နေသောဓားက အလင်းတစ်ချက်လက်သွားခဲ့သည်။
“ငါ့ကိုလွှတ်..."
ကျန်းရှင်းက ဟုန်ရှင်းကောစကားပြော၍မပြီးသေးခင် သူ၏ပါးစပ်ကိုပိတ်လိုက်သည်။ ကျန်းဟွေ့မိန်ကလည်း သူ့အားအေးစက်စက်စိုက်ကြည့်လိုက်ကာ ဓားကိုယမ်းလိုက်ပြီး ပြောလိုက်သည်။
“ငါတို့ဆက်ဆံရေးပြီးသွားပြီလို့နင့်ကိုပြောခဲ့ပြီးပြီ...ငါ့မှာနင်နဲ့ဘာမှလုပ်စရာမရှိတော့ဘူး...ငါတို့ကောင်းကောင်းနေနေတာမြင်ပြီး နင့်ရဲ့ကိုယ်ကျိုးအတွက် အသုံးချဖို့ကြံနေတာတွေရပ်တန်းကရပ်လိုက်တာကောင်းမယ် ..."
သူမစကားအဆုံးတွင် ဟုန်ရှင်းကောက လေလျော့သွားသည့်ပူဖောင်းကဲ့သို့ လဲကျသွားခဲ့သည်။
ကျန်းဟွေ့မိန်သည် ဆက်၍ပြောခဲ့သည်။
“နင်ကငါ့သမီးသေတော့မှာကိုမြင်ရဲ့သားနဲ့မကူညီခဲ့ဘူး...ငါနင့်ကိုဒီဓားနဲ့ခုချက်ချင်းအဆုံးသတ်မပေးတာနဲ့တင် ညှာတာရာကျနေပြီ...နင်ကဒီလောက်အရှက်မရှိမှတော့ယဥ်ကျေးနေလဲအပိုပဲ..."
“အွန်း....”
ဟုန်ရှင်းကော စကားပြောဖို့ပင်ခက်ခက်ခဲခဲရုန်းကန်နေခဲ့ရသည်။ ကျန်းရှင်းသည် တွန့်ဆုတ်သွားပြီးနောက် သူ၏အမေကိုပြောလိုက်သည်။
"အမေ...သူ့မှာပြောစရာရှိနေတဲ့ပုံပဲ...ပြောခွင့်ပေးလိုက်ပါ..."
နောက်ဆုံးတွင် ဟုန်ရှင်းကော လေကိုတဝကြီးရှူခွင့်ရသွားခဲ့သည်။ သူသူ၏ညီမဖြစ်သူအားကြည့်ရင်း နှာမှုတ်လိုက်သည်။
"မင်းကမွေးရကျိုးမနပ်တဲ့ကလေးလို့ အမေတို့ပြောတုန်းကငါမယုံနိုင်ခဲ့ဘူး...မင်းဒီလောက်ထိကြောက်စရာကောင်းမှန်းထင်မထားဘူး..ငါတို့မိဘတွေဆုံးပါးသွားကြတာ နှစ်အနည်းငယ်ပဲရှိသေးပေမယ့် မင်းကငါ့ကိုအသိအမှတ်မပြုတော့ဘူးပေါ့ဟုတ်လား...မင်းဒီလောက်အဆင်ပြေနေတာပဲ...ငါ့ကိုယွမ်ထောင်ဂဏန်းလောက်ပေးတော့ဘာဖြစ်မှာမို့လို့လဲ...ရွာမှာရှိတဲ့မိသားစုတွေအားလုံးကအချင်းချင်းကူညီကြတယ်...မင်းလိုမျိုးမစစ်လေးကဆင်းရဲတဲ့ဆွေမျိုးတွေကိုအသိအမှတ်မပြုချင်ဘူးပေါ့...မင်းဟာမင်းအသိအမှတ်ပြုပြုမပြုပြု ငါတို့ကသွေးရင်းမောင်နှမတွေပဲ..."
“နင်.....”
ကျန်းဟွေ့မိန် ဒေါသကြောင့်မျက်လုံးများ ပြူးကျယ်လာခဲ့သည်။ သို့သော် ဟုန်ရှင်းကောသည် ဆက်လက်၍ဖြတ်ပြောခဲ့သည်။
“ဒါပေါ့..ကောင်းကင်ဘုံကဒီတိုင်းဘယ်ကြည့်နေပါ့မလဲ...မင်းဘဝကအခုထက်ပိုကောင်းမလာဘူးမဟုတ်လား...သိပ်မကြာခင်မင်းလည်းအဆုံးသတ်တော့မှာပါ...ပြီးတော့အပြင်ကခေါ်လာတဲ့ဒီအရိုင်းအစိုင်းလေးကိုလည်းကျွေးမွေးနေလိုက်သေးတယ်...သူမကြောင့်သာမဟုတ်ရင် ကျန်းရွှယ်ကနေမကောင်းဖြစ်မှာမဟုတ်ဘူး...."
"သူ့ကိုချုပ်ထားပေးစမ်းပါ..."
ကျန်းဟွေ့မိန်သည် ဒေါသချောင်းချောင်းထွက်သွားခဲ့သည်။ ဟုန်ရှင်းကောကလည်း ထိုကဲ့သို့အခြေအနေအားခန့်မှန်းထားသည့်အတွက်လွယ်လွယ်ဖမ်းထား၍မရတော့ပဲ ငါးရှဥ့်တစ်ကောင်လိုလျှောထွက်သွားခဲ့သည် ။ ကျန်းရှင်းသည် သူ့အားဆက်၍ချုပ်မထားနိုင်တော့ပေ။
သို့သော် ကျန်းဟွေ့မိန်သည် အလွန်လျှင်မြန်သည်။
ဟုန်ရှင်းကောသည် သူ၏သွားအကုန်လုံးကျိုးတော့မည်ကဲ့သို့ ခံစားလိုက်ရသည်။
“ဖွီး..."
သူ၏ပါးစပ်တစ်ခုလုံး သံအရသာနှင့်ပြည့်သွားကာ သွေးတစ်လုတ်အားထွေးထုတ်လိုက်ပြီးနောက် ဆဲဆိုလိုက်သည်။
“အောက်တန်းစားမလေး...မင်းကအပြစ်ဝန်မခံချင်တဲ့အပြင် ငါ့ကိုရိုက်ရဲတယ်ပေါ့..."
“အေး ငါလုပ်ရဲတယ်...."
ကျန်းဟွေ့မိန် သူမကိုယ်သူမဆက်လက်၍ထိန်းချုပ်မနေတော့ပဲ သူ၏အင်္ကျီကော်လံအား ဆွဲဆုပ်လိုက်သည်။
“ငါကဘာကိုမလုပ်ရဲရမှာလဲ...ရှောင်မန်လေးကို စောင့်ရှောက်ထားတာကိုလား...သူမငါတို့မိသားစုရဲ့ကလေးမဟုတ်လို့လား...အဲ့ဒီ့တော့ဘာဖြစ်လဲ... ငါကသူမကိုတင်မဟုတ်ဖူး...ဝက်တွေကိုတောင်နင့်ထက်ပိုကောင်းကောင်းဆက်ဆံနိုင်သေးတယ်...ဝက်တွေကမွေးထားရင်စားလို့ရတယ်လေ...နင့်အပေါ်ကောင်းပေးရင်နင်ကအမြှီးနှံ့ပြမှာလား...."
Footnotes:
တရုတ်မှာအမျိုးသမီးတွေက အိမ်ထောင်ပြုပြီးရင် မျိုးရိုးနာမည်ပြောင်းရပါတယ်။