အပိုင်း ၁၀၆-၁၁၀
Viewers 14k

Chapter 106


"ငါကျန်းဟွေ့မိန်က ဘယ်တုန်းကများ တခြားလူတွေဘာပြောမလဲဆိုတာ ဂရုစိုက်ဖူးလို့လဲ...ကလေးတွေအဖေဆုံးခါစက ငါနဲ့ငါ့ကလေးနှစ်ယောက်u အသက်ရှင်ဖို့တောင်အနိုင်နိုင် ရုန်းကန်ခဲ့ရတယ်...ငါတို့နင့်အိမ်တံခါးဝကိုလာပြီး အစားအစာနည်းနည်းပေးဖို့တောင်းတော့ နင်ဘာပြောခဲ့သလဲမှတ်မိလား...လူတွေကသိက္ခာရှိရှိနဲ့ ကိုယ့်ခြေထောက်နှစ်ချောင်းပေါ် ရပ်တည်သင့်တယ်တဲ့...ကောင်းကင်နဲ့မြေကြီးကို အားကိုးမယ့်အစား ကိုယ့်အားကိုယ်ကိုးသင့်တယ်လို့ နင်ပြောခဲ့တယ်လေ....."


"ငါ့ကလေးနှစ်ယောက်နဲ့ငါက ကွမ်ရင်ရွှံ့စေးတွေနဲ့ သစ်မြစ်တွေကိုစားပြီးတော့တောင် အသက်ဆက်ကြရတယ်...အခုတော့အားလုံးကိုဖြတ်သန်းပြီး အဆင်ပြေပြေနေနိုင်ခဲ့ပြီ...နင်လည်းကိုယ့်ဘဝကိုယ်တာဝန်ယူပြီးနေလေ...နင်ပြောခဲ့တဲ့အတိုင်းပေါ့...သေချာနားထောင်..

ဟုန်ရှင်းကော...ငါ့အပေါ်နင်လုပ်ခဲ့တဲ့အကြွေးတွေက နင့်တစ်သက်လုံးဆပ်ရင်တောင် ဆပ်လို့မကုန်နိုင်ဘူး...ငါကပြန်မစဥ်းစားချင်ပေမယ့် နင်ဒီကိုတောင်လာရဲနေမှတော့ အရိုက်ခံဖို့တောင်းဆိုနေတာပဲမဟုတ်လား...."


ကျန်းဟွေ့မိန် ဒေါသတကြီးပြောဆိုပြီးနောက် သူ့ကိုနှစ်ချက်ထပ်ရိုက်လိုက်သည်။


သူမဘဝတစ်လျှောက်လုံးထက်ပို၍ ရှည်ကြာသည်ဟုထင်ရသော နှစ်များစွာတွင် သူမ၏ဒေါသကို မြိုသိပ်ခဲ့ရသည်။


ဟုန်ရှင်းကောက သူမအားငေးငိုင်စွာကြည့်နေခဲ့သည်။ သူ့ခေါင်းတစ်ခုလုံးသည် အရိုက်ခံထားရသောကြောင့် ချာချာလည်နေသည်။


သူကစကားပြောဖို့ရန်အတွက်ပါးစပ်ကိုဖွင့်လိုက်သော်လည်း ကျန်းဟွေ့မိန်ကသူ့ထက်အရင်ဦးအောင်ပြောလိုက်သောကြောင့် သူစကားပြောချိန်မရလိုက်ပေ။


ကျန်းဟွေ့မိန်က သူ့လုပ်ရပ်ဆိုးများအား တစ်ခုပြီးတစ်ခုပြောနေခဲ့သည်။


ကျန်းရှင်း နားထောင်နေရင်း သူ့ဦးလေးဖြစ်သူအရိုက်ခံနေရခြင်းကို ငြိမ်သက်စွာကြည့်နေခဲ့သည်။


ဤသည်မှာ သူကသွေးအေးသောကြောင့်မဟုတ်ပဲ သူ့အမေပြောနေသောကိစ္စများအားလုံးကို အခုအချိန်အထိထင်ထင်ရှားရှားမှတ်မိနေခြင်းကြောင့် ဖြစ်သည်။ သူတို့ဘဝများသည် အတော်လေးရုန်းကန်ခဲ့ရသည်။


သူ့မေမေတွင် ဤမျှခက်ခဲကြမ်းတမ်းသောဘဝရှိခဲ့မှန်းနားမလည်ခဲ့ချေ။ သူမ၏

အေးစက်ပြီးမာကြောသောအမူအကျင့်သည် ထိုရက်များတွင်စတင်ခဲ့ခြင်းဖြစ်သည်။


သူမက ကလေးနှစ်ယောက်အား ပြုစုပျိုးထောင်ရမည့် မုဆိုးမတစ်ဦးဖြစ်သည်။အကယ်၍ သူမသာစိတ်ဓာတ်မခိုင်မာခဲ့လျှင် မည်ကဲ့သို့ဖြတ်ကျော်မည်နည်း။ နောက်တစ်ကြိမ်သူမထံမှအရိုက်ခံရလျှင် သူညည်းညူရဲမှာမဟုတ်တော့ပေ။ သူကတကယ့်ကို အရိုက်ခံရဖို့ပဲတန်သည်။ 


ဟုန်ရှင်းကောက သူတို့ထံမှအမြတ်ထုတ်ရန်လာခဲ့သော်လည်း အပြောအဆိုသာခံရခဲ့သည်။ သူ့မိဘများသေဆုံးပြီးကတည်းက မည်သူ့ထံကမှ အပြောအဆိုမခံခဲ့ရပေ။ သူတို့သက်ရှိထင်ရှားရှိစဥ်ကလည်း သူသည်ဖူးဖူးမှုတ်အလိုလိုက်ခံခဲ့ရသည်။ သူတို့ဆုံးသွားတဲ့အခါမှာတော့သူ့ကိုကူညီပေးမယ့်လူမရှိလေတော့ဘူး။


အခုချိန်မှာတော့ ကျန်းဟွေ့မိန်က ဒေါသတကြီးဖြစ်နေခဲ့ပြီး သူမဘေးကကျန်းရှင်းက ကျားတစ်ကောင်လိုသူ့ကိုစိုက်ကြည့်နေခဲ့သည်။ ဟုန်ရှင်းကော စိတ်ရှုပ်ထွေးလာခဲ့သည်။


ဟုန်ရှင်းကော လွဲမှားစွာတွက်ချက်မိခဲ့သည်။သူက ဆူဆူပူပူရန်ပွဲတစ်ခုဖန်တီးချင်ခဲ့တာဖြစ်ပြီး ကျန်းဟွေ့မိန်အား မျက်နှာပျက်အရှက်ရစေချင်ခဲ့ခြင်းဖြစ်သည်။ ထိုအခါသူမက သူ့ကိုငွေတစ်ချို့ပေးပြီး ပြန်လွှတ်လိမ့်မည်။ သူတို့ရွာမှာဆိုလျှင်တော့ လူတွေမှာလုပ်စရာမရှိသည့်အလျှောက် ရန်ပွဲကိုလာကြည့်ရင်း သူကြံစည်ထားသည့်အတိုင်း အဆင်ပြေသွားမှာဖြစ်သည်။ မြို့မှာတော့သူဒီလောက်အာရုံစိုက်စရာဖြစ်အောင်လုပ်ထားပေမယ့်  ဘယ်သူမှလာမကြည့်ကြဘူး။


"ငါမင်းနဲ့ပြိုင်ပြီးရန်မဖြစ်ဘူး...."


ဟုန်ရှင်းကောသည် စိတ်တိုနေခဲ့သည်။ အကျိုးအမြတ်မရသည့်အပြင် အရိုက်ပါခံလိုက်ရသည်။သူကအတင်းရုန်းရင်းပြောလိုက်သည်။ 


"ငါ့ကိုလွှတ်..ငါပြန်မယ်..."


ကျန်းဟွေ့မိန် သူ့ကိုဆက်လက်၍ ရိုက်ချင်နေခဲ့သော်လည်း ဒီအမှိုက်သရိုက်ကို ဆက်ပြီးမြင်ချင်စိတ်မရှိတော့ပေ။ ထို့ကြောင့် သူ့အင်္ကျီကော်လံမှဆွဲကိုင်ကာ အိမ်အပြင်ဘက်ကို ပစ်ထုတ်လိုက်သည်။ ထို့နောက်တံခါးကိုအရှိန်ပြင်းပြင်းဆောင့်ပိတ်လိုက်သည်။


နောက်ဆုံးတော့ ပြန်ပြီးအေးချမ်းသွားပြီ။


ဟုန်ရှင်းကောက သူတို့အိမ်လေးမှာ အတော်လေးဟောင်းနွမ်းနေတာကတစ်ကြောင်း..အရိုက်ခံရတာကြောင့် ဆက်ပြီးအမြတ်ထုတ်ရန်သတ္တိမရှိတော့သည်ကတစ်ကြောင်းမို့ ထပြီးမြန်မြန်ထွက်သွားခဲ့သည်။


"အမေ...."


ကျန်းရှင်းက ခေါ်လိုက်သည်။


"ကျွန်တော့်ကိုယ် ကျွန်တော်မကောင်းမှန်းသိပါပြီ...."


"နင်က အဲ့ဒီ့လောက်လည်းမဆိုးပါဘူး...."


ကျန်းဟွေ့မိန် သက်ပြင်းအသာချရင်းဆက်ပြောသည်။


"ငါအများကြီး မမျှော်လင့်ပါဘူး...နင်ကဘဝကို ရိုးရိုးသားသားနဲ့ ကောင်းကောင်းမွန်မွန်နေသွားရင်ရပါပြီ...ငါတို့အခြေအနေက အရင်ထက်အများကြီးပိုကောင်းလာပြီပဲလေ...နင့်ညီမလေးသာ အခုချိန်သက်ရှိထင်ရှားရှိနေခဲ့ရင် ပိုပြီးပျော်စရာကောင်းမှာပဲ....."


Footnotes

ကွမ်ရင်ရွှံ့စေးက စားလို့ရတဲ့ရွှံ့စေးပါ..အနည်းငယ်စားတာက ပြသနာမရှိပေမယ့် ပမာဏများရင်တော့ အဆိပ်ဖြစ်နိုင်ပါတယ်။


Chapter 107


သားဖြစ်သူ၏ ပြောင်းလဲသွားမှုကိုသူမခံစားမိသည်။ သူမ မျက်လုံးတွေမှိတ်သွားခဲ့တဲ့နေ့ကို  ရောက်လာခဲ့လျှင်ပင် သူကသူ့ဘဝကိုကောင်းကောင်းဂရုစိုက်နိုင်လိမ့်မည်။


လူတွေမှာအရေးအကြီးဆုံးက  နောင်တရစရာမရှိပဲ  အေးအေးချမ်းချမ်းသေဆုံးဖို့  ဖြစ်သည်။


ကျန်းရှင်း  သက်ပြင်းချလိုက်ပြီး  ဘာမှဆက်မပြောတော့ပေ။


ကျန်းဟွေ့မိန် အိမ်ထဲပြန်ဝင်သောအခါ ကျန်းရှောင်မန်အား တိုက်မိသွားခဲ့သည်။


ကျန်းရှောင်မန်  ကုလားထိုင်ပေါ်တွင်  နာခံစွာငြိမ်ငြိမ်လေးထိုင်နေခဲ့သည်။ သူမလေး၏ ခြေထောက်ဖောင်းဖောင်းကလေးများသည် မြေပြင်နှင့်မထိပဲတွဲလောင်းကျနေပြီး  လက်ကလေးနှစ်ဖက်ကို  ဒူးပေါ်တင်ထားသည်။သူမလေးက မူကြိုမှာသင်ခဲ့သည့်ယဥ်ကျေးပြီးအပြုအမူကောင်းသည့်  ကလေးတစ်ယောက်တွင်ရှိသင့်သည့်အနေအထားအတိုင်း ထိုင်နေခဲ့တာပဲဖြစ်သည်။


ကျန်းဟွေ့မိန်သည် ကျန်းရှောင်မန်၏အပြစ်ကင်းပြီးကြည်လင်သောမျက်ဝန်းများကို  ရင်ဆိုင်လိုက်ရပြီးနောက်  သူမနှလုံးသားတစ်ခုလုံးတင်းကျပ်သွားခဲ့သည်။


သူမကယခုလေးတင် ဟုန်ရှင်းကောအားသတိပေးချက်အပြည့်ဖြင့်ပြင်းပြင်းထန်ထန်ဆူနေခဲ့သည်။ 


သူမလေးအိမ်ထဲမှာရှိနေခဲ့သည်အား မေ့သွားခဲ့ပြီးတော့ပေါ့..... ဒီကလေးမလေးက ဘယ်လောက်အထိများ ကြားသွားခဲ့ပြီလဲ.... 


ကျန်းဟွေ့မိန်သည် ကလေးမလေးထံ လျှောက်သွားရင်းမေးခဲ့သည်။ 


"အချစ်လေး...ဘာလို့အခုထိမအိပ်သေးတာလဲဟင်...."


ကျန်းရှောင်မန် သူမ၏ဦးခေါင်းလုံးလုံးလေးကိုခါလိုက်သည်။ သူမ ငိုတာရော ဆူညံတာရောမပြုလုပ်ခဲ့ပေ။


ပုံမှန်ဆိုရင်သူမ စတင်ငိုကြွေးတော့မှာဖြစ်သည်။ အနည်းဆုံးတော့ သူမကဘာ့ကြောင့် ကျန်းမိသားစုရဲ့ကလေး မဖြစ်တာလဲ အရိုင်းအစိုင်းလေးဆိုတာ ဘာကိုပြောတာလဲ ဆိုတဲ့မေးခွန်းတွေရှိနေရမှာဖြစ်သည်။


ဒီညမှာတော့ ကျန်းရှောင်မန်သည် မည်သည့်အရာကိုမှမမေးပဲသတိကြီးစွာရှိနေခဲ့သည်။


ကျန်းဟွေ့မိန်သည် တွန့်ဆုတ်စွာမေးခဲ့သည်။


"ရှောင်မန်...သမီးအားလုံးကိုကြားသွားခဲ့တာလား...."


ကျန်းရှောင်မန် ခေါင်းလေးအသာညိတ်ရင်း နူးညံ့စွာပြောခဲ့သည်။


"ဘွားဘွားပြောတာကို သမီးကြားလိုက်ပါတယ်...."


ရှောင်မန်သည် နှစ်သစ်ကူးတုန်းက ကိစ္စများအားအမှတ်ရနေဆဲဖြစ်သည်။ သူမက

ဟုန်ရှင်းကောအား လူဆိုးတစ်ယောက်မှန်း ခံစားမိခဲ့သည်။ ထို့ကြောင့် အဘွားနှင့်ဦးလေးဖြစ်သူအား အနှောင့်အယှက်မဖြစ်စေလို၍ အိမ်ထဲမှာပဲနာခံစွာနေခဲ့တာဖြစ်သည်။


"သမီးမှာ.....မေးစရာတွေရှိနေလား...."


ကျန်းရှောင်မန်သည် ခေါင်းခါပြလိုက်ပြီးနောက် မေးခဲ့သည်။ 


"ဘွားဘွား...အဲ့ဒီ့ဦးဦးက ထပ်လာဦးမှာလားဟင်...."


"မလာလောက်တော့ပါဘူး....."


ကျန်းဟွေ့မိန် သူမလေး၏ခေါင်းလေးကိုအသာအယာပွတ်သပ်လိုက်သည်။


သူမသည်ခဏတွေးလိုက်ပြီးဆက်ပြောခဲ့သည်။ 


"ရှောင်မန်....သူပြောသွားတဲ့ သမီးကဒီမိသားစုရဲ့ကလေး မဟုတ်ဘူး ဆိုတာမျိုး စကားတွေကိုမယုံရဘူးနော်...အဲ့ဒီ့လူကြီးကကလေးတွေကိုဆိုရင် အလိမ်အညာတွေပြောနေကျလူဆိုးကြီး..ဟုတ်ပြီလား....."


ကျန်းရှောင်မန်လေးသည် အံ့သြတကြီးဖြစ်သွားခဲ့သည်။


"သမီးက ဒီမိသားစုရဲ့ကလေး မဟုတ်ဘူး မဟုတ်လားဟင်...."


ကျန်းဟွေ့မိန်သည် မျက်နှာဖြူလျော်သွားပြီး ရုတ်တရက်လန့်သွားသည့်အတွက် ဘာဆက်ပြောရမှန်းမသိတော့ချေ။ သူမသည် တုန်လှုပ်စွာမေးခဲ့သည်။


"သမီးကို ဘယ်သူကပြောတာလဲ...."


"သမီးကို ဆရာမကပြောပြခဲ့တာ...."


"ဟမ်....."


သူမသည် ခေါင်းလေးကိုကုတ်လိုက်ရင်း


"ဆရာမကသမီးကို သင်ပေးတယ်...အဖေဘက်ကအဖိုးကို yeye(ရဲ့ရဲ)လို့ခေါ်ပြီး အမေဘက်ကအဖွားကိုတော့  waipao(ဝိုက်ပေါ်) လို့ခေါ်ရမယ်တဲ့..သမီးကအဖွားကို laolao(လောင်လောင်း) လို့ပဲခေါ်ရတာလေ....."


သူမကဒါကိုပြောတဲ့အချိန်မှာ စိတ်ဓာတ်ကျနေပုံပေါ်နေခဲ့သည်။


"အာ...အဲ့လိုကိုး...ဆိုတော့မူကြိုကဆရာမက ဒီလိုသင်ပေးလိုက်တာပဲ...."

ကျန်းဟွေ့မိန်သည် ရှုပ်ထွေးသွားခဲ့ပြီးနောက် ညှင်သာစွာပြောခဲ့သည်။


"ဘွားဘွားက ရှောင်မန်ရဲ့အမေဘက်ကအဖွားဆိုတော့  waipo(ဝိုက်ပေါ်) လို့ခေါ်ရမှာကို laolao(လောင်လောင်း) လို့ပဲခေါ်ခိုင်းခဲ့မိတာပါကွယ်..ဒါပေမယ့် ရှောင်မန်လေးက waipo(ဝိုက်ပေါ်) လို့ခေါ်ချင်ရင် အဲ့သည်လိုခေါ်လို့ရတာပဲ...ဘယ်လိုပဲခေါ်ခေါ်ဘွားဘွားကရှောင်မန်လေးရဲ့ဘွားဘွားပါပဲ..."


"ဒါဆိုရင်ဘာလို့သမီးငယ်ငယ်တုန်းက  waipo(ဝိုက်ပေါ်)လို့မခေါ်ခိုင်းပဲ  LaoLao(လောင်လောင်း)လို့ပဲခေါ်ရတာလဲဟင်...."


"အဲ့တာက...အဲ့တာကဘာလို့လဲဆိုတော့ Laolao(လောင်လောင်း) က Waipo(ဝိုက်ပေါ်)ထက်ခေါ်ရတာပိုလွယ်တာမို့လို့လေ... ဘွားဘွားဆိုရင်လည်း ဘွားဘွားအမေဘက်ကအဖွားကို LaoLao(လောင်လောင်း) လို့ပဲခေါ်ခဲ့တာ...."


ကျန်းဟွေ့မိန် သူမလေး၏ခေါင်းကလေးကိုထပ်မံပွတ်သပ်ကာပြုံးလိုက်သည်။


"မူကြိုကျောင်းကအရမ်းကောင်းတာပဲ...ရှောင်မန်လေးကအခုဆိုပိုပြီးတော်လာပြီ ကြည့်ပါဦး...ဘွားဘွားတော့သိပ်ပျော်တာပဲ...."


"အို....သမီးအခုနားလည်သွားပြီ..." 

ကျန်းရှောင်မန်လေး နောက်ဆုံးတွင် သဘောပေါက်သွားခဲ့ပြီး ပျော်ရွှင်စွာပြောခဲ့သည်။


"ဘွားဘွားပျော်ရင် သမီးလည်းပျော်တယ်...."


ဟုတ်တာပေါ့...အဲ့ဒီ့လိုအသံထွက်ကအတော်လေးခက်ခဲတာပဲ....


ကျန်းရှောင်မန်တွင်အဖေရော အဖိုးရောမရှိသည့်အတွက် သူမနားမလည်သည့် ဆက်နွယ်မှုများစွာရှိနေသေးသော်လည်း သူမကိုနေ့ပေါင်းများစွာဒုက္ခပေးနေသောပြသနာသည် နောက်ဆုံးမှာအဖြေရှာတွေ့သွားပြီလေ..။


ဒါကြောင့်သူမက ဘွားဘွားကိုWaipao(ဝိုက်ပေါ်) လို့မခေါ်တာပေါ့..သူမကဒီလိုမစဥ်းစားမိတော့ ကိုယ့်ကိုယ်ကိုကောက်ယူလာတဲ့ကလေးလို့တောင် ထင်နေတာ...


ကြိုးစားပမ်းစားရှင်းပြအပြီးတွင် သူမ ကလေးကိုချော့မြှူပြီးသိပ်နိုင်ခဲ့သည်။ ကျန်းဟွေ့မိန်သည် ရှောင်မန်အားအိပ်ရာပေါ်တင်ပေးပြီးနောက် သူမလေးလည်ပင်းတွင်ဆွဲထားသော ကျောက်စိမ်းလည်ဆွဲထံ အကြည့်ရောက်သွားခဲ့သည်။ ခေတ္တမျှရပ်တန့်တွေးတောပြီးနောက် သူမသည် ထိုလည်ဆွဲအားဖြုတ်ယူကာ သူမနှင့်အတူယူဆောင်သွားခဲ့လေသည်။


System "..."


အခုဘာလုပ်လိုက်တာလဲ...ခုချက်ချင်းချလိုက်....ခုချက်ချင်းလည်ဆွဲကိုပြန်ချထားလိုက်စမ်း...ဟေ့..ချထားလိုက်...


ပိုင်ရှင်..ပိုင်ရှင်...ထပါဦး..မြန်မြန်ထပါဦး...ငါတို့မစ်ရှင်ရဲ့အရေးအကြီးဆုံးပစ္စည်းကို မင်းအဘွားကယူသွားပြီ!! မြန်မြန်ထပါတော့...ကယ်ကြပါဦး...သူ့ကိုတစ်ယောက်ယောက်တားကြပါ....


ငါ့ဘဝတော့အဆုံးသတ်ပါပြီ...


Footnotes:


တရုတ်ဘာသာမှာ အဖေဘက်ကအဖွားနဲ့ အမေဘက်ကအဖွားကိုခေါ်ပုံခေါ်နည်းကွဲပြားကြပါတယ်။ ဦးလေးတွေအဒေါ်တွေကိုရော တခြားမိသားစုဝင်တွေကိုပါ ခေါ်နည်းမှတ်မိအောင်လို့ ကလေးသီချင်းနဲ့သင်ပေးကြတာပါ။ ရှောင်မန်က

အဲ့ဒီ့သီချင်းကိုသင်ခဲ့ရတော့မေးတာပါ။


အမေဘက်ကအဖွားကို WaiPao(ဝိုက်ပေါ်) လို့ခေါ်ရမှာပေမယ့် ရှောင်မန်က Laolao(လောင်လောင်း)လို့ခေါ်ရလို့သူ့အဘွားကိုမေးတာပါ။ ကျန်းဟွေ့မိန်က Laolao(လောင်လောင်း) ရော Waipao(ဝိုက်ပေါ်) ရောကအဘွားကိုခေါ်တာပဲမို့အတူတူပဲဆိုပြီးပြန်ရှင်းပြပါတယ်။


Chapter 108


ရှောင်မန်က မည်သည့်နေရာကလာခဲ့သည်ကို...ကျန်းဟွေ့မိန်တကယ့်ကို မသိပေ။


ကျန်းရွှယ် ဘွဲ့ရပြီးနောက်ပိုင်းတွင် မြို့ပေါ်ရှိကောင်းမွန်သောအလုပ်တစ်ခုကို ရရှိသွားခဲ့သည်။ ကျန်းဟွေ့မိန်က သူမ၏သမီးကိုပစ်မထားချင်သော်လည်း ရွာတွင်နေသားကျနေပြီဖြစ်သောကြောင့် သူမနှင့်အတူ မြို့သို့လိုက်မသွားနိုင်ခဲ့ပေ။ ထို့ကြောင့် အဲ့ဒီ့နောက်ပိုင်း ကျန်းရွှယ်မှာဘာတွေဖြစ်သွားခဲ့လဲဆိုသည်ကို သူမ မသိတော့တာဖြစ်သည်။


သူမ သိတာက  ရွာကအပျိုတစ်ယောက်အနေနဲ့ လအနည်းငယ်လောက်ထွက်သွားခဲ့တဲ့ သူမရဲ့သမီးက ပြန်လာတဲ့အခါမှာ ကလေးမလေးတစ်ယောက်ကို ခေါ်လာခဲ့တာပဲ..


နောက်တော့ ဒါကသူမရဲ့သမီးလို့ပြောခဲ့တယ်....


အဓိပ္ပါယ်မရှိတာတွေ...


တခြားလူတွေကတော့ မသိနိုင်လောက်ဘူးဆိုပေမယ့် သူမရဲ့အမေအရင်းကိုတော့ တကယ်ကြီးအရူးလုပ်နိုင်မှာတဲ့လား...


သို့သော်ကျန်းရွှယ်ပ ကလေး၏ဇစ်မြစ်အား လုံးဝမပြောခဲ့ပေ။ အဲ့ဒီ့အစား သူမ၏ကလေးလို့ပဲ ဇွတ်တရွတ်ပြောဆိုနေခဲ့သည်။


သူမ၏သမီးတွင် ထုတ်မပြောချင်သော လျှို့ဝှက်ချက်ရှိခဲ့ပုံရသည်။


ကျန်းဟွေ့မိန်က ကျန်းရွှယ်အတွက် ဘယ်တုန်းကမှ စိုးရိမ်ရခြင်းမရှိခဲ့သော်လည်း ဤတစ်ကြိမ်တွင်မူ ကျန်းရွှယ်သည် အရိုက်သာခံခဲ့ပြီး ကလေး၏ဇာစ်မြစ်အားထုတ်မပြောခဲ့ပေ။


ကျန်းဟွေ့မိန် ရွေးချယ်စရာမရှိပဲ သူမ၏မည်သည့်နေရာမှရောက်လာမှန်းမသိသည့် မြေးမလေးအား အသိအမှတ်ပြုခဲ့ရတော့သည်။


ကျန်းရွှယ်မှာ ရှောင်မန်လေးအား ကောင်းမွန်စွာပြုစုပျိုးထောင်မည်ဖြစ်ပြီး မြို့ပေါ်သို့ထပ်၍မသွားလိုကြောင်း..ရွာမှာရှိသောဆရာမတန် ကဲ့သို့ ဆရာမကောင်းတစ်ယောက်ဖြစ်ချင်ကြောင်း ပြောခဲ့သည်။


ရွာမှလူတိုင်းလိုလိုသည် တောင်ကိုကျော်ကာ တခြားတစ်ဘက်တွင်ရှိသော မြို့ဆီသို့ သွားရောက်လိုကြသော်လည်း ကျန်းရွှယ်ကမူ အခြားလမ်းကိုရွေးခဲ့သည်။ ရွာမှထွက်သွားရန်အတွက် အားအင်စိုက်ထုတ်ခဲ့သော်လည်း ရွာကိုပဲပြန်လာခဲ့သည်။


ကျန်းရွှယ် သူမ၏ကံကြမ္မာကို လက်ခံခဲ့သည်။

သူမ၏ သမီးငယ်သည် ရွှေရောင်ဖီးနစ်ငှက်တစ်ကောင်ဖြစ်ခဲ့သည်။ သို့သော် ဖီးနစ်ငှက်သည် ကောင်းကင်သို့ပျံဝဲခွင့် မရခဲ့ပေ။ ကျန်းရွှယ်ပြန်ရောက်ကာစ ရက်များတွင် အရာအားလုံးအဆင်ပြေနေခဲ့သေးသည်။ မိသားစုသုံးယောက်စုစည်းမိပြီးနောက် အခက်အခဲများကို ရင်ဆိုင်ကျော်လွှားခဲ့ကြသည်။


သူမ၏ ကံကြမ္မာဆိုးသည် ဤမျှလောက်နှင့်ရပ်မသွားမှန်း သူတို့မသိခဲ့ကြပေ။ မိုးကောင်းကင်သည် သူမ၏ သေခြင်းကို အမျိုးမျိုးလှည့်ဖြားပြီး သူမရှေ့အရောက်ခေါ်ဆောင်လာခဲ့သည်။ 


ကျန်းဟွေ့မိန်က ကျန်းရွှယ်ကွယ်လွန်ပြီးနောက်တွင် ကျန်းရှောင်မန်အား တခြားလူကိုပေးပစ်ရန် စဥ်းစားခဲ့သေးသည်။ သို့သော် ကျန်းရှောင်မန်အား သူမကြည့်ရှုလာခဲ့သည်မှာ အချိန်အတော်ကြာပြီဖြစ်သောကြောင့် မပေးရက်ပေ။ 


ထို့အပြင် ကျန်းရှင်းကလည်း ကျန်းရှောင်မန်ကလေးအား ချစ်ခင်ခဲ့သည်။ အိမ်မကပ်သောကျန်းရှင်းသည် တူမလေးရှိလာပြီးနောက်ပိုင်း သူမနှင့်အတူဆော့ရန် ခဏခဏပြန်လာလေ့ရှိသည်။ 


သူပြန်လာသည့်အခေါက်တိုင်းလည်း လက်ဗလာနှင့်တစ်ခါမှ မပြန်ခဲ့ပေ။ မုန့်များ သကြားလုံးများ အရုပ်များ တစ်ခုမဟုတ်တစ်ခု ကလေးကိုချော့မြှူရန်အတွက်ပါလာလေ့ရှိသည်။


လူကြီးများ၏လုပ်ရပ်အားဖယ်လိုက်လျှင် ကျန်းရှောင်မန်လေးသည် လိမ္မာသောကလေးမလေးတစ်ဦးဖြစ်သည်။


သူမလေးသည် ငယ်စဥ်ကတည်းက ငိုယိုပြီးဆူဆူညံညံလုပ်ခြင်းမျိုးမရှိခဲ့ပေ။ အကယ်၍ မင်းကသူမကိုစလျှင်တောင် သူမသည်ပူဖောင်းများမှုတ်ရင်း အပြစ်ကင်းစွာရယ်ပြနေမှာပဲဖြစ်သည်။


ကျန်းဟွေ့မိန် သူမလေးအား အဝေးကိုပေးမပစ်ရက်ခဲ့ချေ။ ကျန်းရွှယ်ရှိစဥ်က ရှောင်မန်အားအလွန်ဂရုစိုက်ခဲ့တာကြောင့် ပို၍မပေးရက်ခဲ့ခြင်းဖြစ်သည်။


သူတို့အိမ်သည် အရမ်းကိုတိတ်ဆိတ်ခြောက်ကပ်နေခဲ့တာဖြစ်ပြီး သူမလေးကိုပျိုးထောင်တာက တူတစ်စုံထပ်တိုးလာရုံအပြင်မပိုခဲ့ပေ။ ထို့ကြောင့် သူတို့သည်သူမလေးအား ဆက်၍ကျွေးမွေးခဲ့ကြခြင်းဖြစ်သည်။


သူမသည် ကျန်းဟွေ့မိန်အား ဘွားဘွားဟုခေါ်ပြီး ကျန်းရှင်းအားဦးလေးဟုခေါ်သည်။


ရှောင်မန်လေးက အတော်လေးသွက်လက်ပြီး ကောင်းမွန်စွာပြုမူတတ်ရုံသာမက ရံဖန်ရံခါ ဆိုးနွဲ့တတ်လေသည်။ အားလုံးကိုခြုံကြည့်ရလျှင် သူမလေးက အရမ်းကိုချစ်စရာကောင်းသည်။ ရှောင်မန်သည် ကျန်းဟွေ့မိန်၏ အနွေးဂျက်ကတ်ကလေးဖြစ်သည်။ 


ကျန်းဟွေ့မိန်သည်  သူမအားမြေးမလေးတစ်ယောက်ကဲ့သို့မက သမီးလေးတစ်ယောက်ကဲ့သို့ ရောသဘောထားခဲ့သည်။ သူမ၏ကျန်းရွှယ်အပေါ်ထားရှိခဲ့သော အချစ်အားလုံးကို ရှောင်မန်အားပုံအောပြီးချစ်ခဲ့သည်။


ယနေ့ညတွင် ဟုန်ရှင်းကောက သူမလေးအား ဘယ်ကလာမှန်းမသိသောအရိုင်းအစိုင်းလေးဟု ခေါ်ဆိုခဲ့သည်။ သူမ စိတ်အရမ်းဆိုးသွားခဲ့ပြီး တစ်ချိန်ထဲတွင် ထိတ်လန့်သွားခဲ့သည်။


ရှောင်မန်သည် တခြားတစ်ယောက်၏ကလေးဖြစ်သည်..အကယ်၍တစ်နေ့မှာ တစ်ယောက်ယောက်က သူမကိုပြန်ပေးဖို့လာပြောရင်..သူဘယ်လိုလုပ်ရမလဲ...


ဘယ်လိုပဲဖြစ်ဖြစ် လိမ္မာတဲ့ကလေးတစ်ယောက်အဖြစ် ပျိုးထောင်ရတာလွယ်တာမှမဟုတ်ပဲလေ...သူမဆီကကလေးကိုဒီတိုင်းထည့်ပေးလိုက်ရမှာလား...မဖြစ်နိုင်တာ...


Chapter 109


ကျောက်စိမ်းလည်ဆွဲက ကျန်းရှောင်မန်ငယ်

စဥ်ကတည်းက ဆွဲထားခဲ့ခြင်းဖြစ်သည်။

ကျန်းရွှယ်က ထိုလည်ဆွဲအား သူမမွေးဖွားစဥ်အချိန်ကဆွဲပေးထားခဲ့ခြင်းဖြစ်ပြီး မည်သည့်အခါမှ မချွတ်ပစ်ရန်ပြောခဲ့ဖူးသည်။ ထို့ကြောင့် ကျန်းဟွေ့မိန်သည်လည်း မည်မျှငွေကြေးခက်ခဲစေကာမူ ထုခွဲရောင်းချခြင်းမပြုခဲ့ပေ။


သို့သော် ယခုအချိန်မှာတော့ သူမတွင် ထိုလည်ဆွဲအားလွှင့်ပစ်ရမည့် အကြောင်းပြချက်ရှိလာခဲ့ပြီဖြစ်သည်။ 


ကျန်းရှောင်မန်ကအိပ်မောကျနေခဲ့ပြီး မှော်ဆန်သောအိမ်မက်ကလေးများပင် မက်နေခဲ့သည်။


သူမသည် အိမ်မက်ထဲတွင် သီချင်းဆိုနေခဲ့သည်။


"ဖေဖေ့ရဲ့ အဖေကိုဘယ်လိုခေါ်မလဲ.....

Yeye(ရဲ့ရဲ)လို့ခေါ်မယ်..."


"မေမေ့ရဲ့အမေကိုဘယ်လိုခေါ်မလဲ...

Laolao(လောင်လောင်း) လို့ခေါ်မယ်.."


ရှောင်မန်နောက်ဆုံးတော့ ဒီဆက်နွယ်မှုကိုအဖြေရှာတွေ့သွားပြီ...ရှောင်မန်ဒီသီချင်းကို

ဆိုလို့ရသွားပြီ...


မနက်ဖြန်သည် ကျောင်းပိတ်ရက်ဖြစ်သောကြောင့် မူကြိုသို့သွားရန် မလိုအပ်ပေ..ထို့ကြောင့် သူမ အနည်းငယ်ပိုအိပ်၍ရသည်..


ကျန်းရှောင်မန်သည် မျက်လုံးကလေးအားမပွင့်တပွင့်ဖွင့်လိုက်သည်။ သူမလေးသည် အိပ်ချင်မပြေသေးသောကြောင့် ဆက်လက်၍လူးလိမ့်နေခဲ့သည်။


စနစ်က အိပ်ရန်မလိုအပ်ပေ။ ထို့ကြောင့် သူသည်တစ်ညလုံးပင် မစ်ရှင်၏အရေးအကြီးဆုံးပစ္စည်း ပျောက်ဆုံးသွားမှုကြောင့် ပြာယာခတ်နေခဲ့သည်။


ပိုင်ရှင်...နောက်ဆုံးတော့နိုးလာပြီပေါ့...


"ပိုင်ရှင်...ထဖို့အချိန်ရောက်ပါပြီ...လိမ္မာတဲ့ကလေးတွေကစောစောထကြတယ်လေ...."


ကျန်းရှောင်မန် သဘောတူသည့်အသံတစ်ချို့ပြုလုပ်လိုက်ပြီးနောက် တစ်ဖက်သို့လူးလိမ့်ကာ ဆက်၍အိပ်စက်ရန်ပြင်လိုက်သည်။


စနစ်သည် ငိုတော့မလို ဖြစ်နေခဲ့သည်။


ကလေးလေးတစ်ယောက်ကိုတောင် မကိုင်တွယ်နိုင်သည့်အတွက် စနစ်သည်အတော်လေးရှက်ရွံ့လာပြီဖြစ်သည်။


အကယ်၍ သူသာကြိုသိခဲ့လျှင်  ပိုင်ရှင်နှင့်စတင်တွေ့ဆုံမှုကတည်းက ခက်ထန်စွာပြုမူကာ သူမအား အနည်းငယ်ခြောက်လှန့်လိုက်မှာပဲဖြစ်သည်။ ယခုတော့ သူ့သည်သိက္ခာကျရလွန်းသဖြင့် အတော်လေးမျက်နှာပျက်ရလေသည်။


အား....မဖြစ်ဘူး...မဖြစ်ဘူးး...သူမကိုသေချာပေါက် အကြီးတစ်ယောက်မှာရှိတဲ့ အရှိန်အဝါကို ပြသပေးရမယ်...


"ပိုင်ရှင်....အခုမထဘူးဆိုရင် မင်းကိုရိုက်တော့မှာနော်...."


ရှောင်မန် စနစ်ပြောသည်အားကြားပြီးနောက် အပြည့်အဝနိုးသွားခဲ့သည်။


သူမ၏ တုန့်ပြန်မှုသည် စနစ်မျှော်လင့်ထားသည်ထက် မြန်ဆန်နေခဲ့သည်။ သို့သော် သူမလေး၏အာရုံမှာ စနစ်၏စကားလုံးများအပေါ်၌ ရောက်နေခဲ့ကာ...


"ဦးဦးစနစ်....ဦးဦးမှာအခု လက်တွေရှိနေပြီလား...."


စနစ်သည် ကိုယ်ထည်သာရှိခဲ့လျှင် သူအရမ်းကိုစိတ်ဆိုးနေကြောင်း သိသာစွာပေါ်လွင်နေလိမ့်မည်။


ပိုင်ရှင်...တခြားလူတွေကို မခြောက်လှန့်ပါနဲ့လား..


မင်းဒါကို ရည်ရွယ်ချက်ရှိရှိလုပ်နေတာ မဟုတ်လား..


သူမသည် ဗီလိန်တစ်ယောက် ဖြစ်သည်။ သို့သော် သူမ၏ဓားသည် အဘယ့်ကြောင့် သူ့ကိုသာ ချိန်ထားသည်ဟုခံစားနေရသနည်း။ စနစ်သည် အလွန်စိတ်ဆိုးလာသည်။


စနစ်သည် ရှောင်မန်၏စကားကို လျစ်လျူရှုလိုက်ကာ စကားဆက်လိုက်သည်။


"ပိုင်ရှင်...အရေးတကြီးတာဝန်ပေးစရာ တစ်ခုရှိပါတယ်..ပြောတာကိုဂရုစိုက်နားထောင်ပေးပါ...မစ်ရှင်ရဲ့အရေးအကြီးဆုံးပစ္စည်း ပျောက်ဆုံးသွားပါတယ်...ပိုင်ရှင်ကဒါကိုပြန်ရအောင်ယူရပါမယ်..."


ရှောင်မန်သည် ရှုပ်ထွေးသွားခဲ့သည်။ သူမသည် ရှုပ်ပွနေသော ဆံပင်များအား လက်ဖောင်းဖောင်းကလေးနှင့် ထိုးဖွလိုက်သောကြောင့် ပို၍ရှုပ်ပွသွားခဲ့သည်။


"မစ်ရှင်ရဲ့အဓိကပစ္စည်းက ဘာလဲဟင် ဦးဦးစနစ်"


"..."


မင်းက မစ်ရှင်ရဲ့အဓိကပစ္စည်းကိုတောင် မေ့သွားပြီတဲ့လား...ဒီရက်ပိုင်းဘာတွေများတွေးနေခဲ့လို့လဲဟင်...


စနစ်သည် သူ့ကိုယ်သူ စိတ်ရှည်ရန်အားပေးလိုက်ပြီးနောက် ပြောခဲ့သည်။ 


"အဲ့တာက လခြမ်းပုံကျောက်စိမ်းလည်ဆွဲလေးလေ...မှတ်မိပြီလား....မနေ့ညကမင်းအိပ်နေတုန်း မင်းရဲ့အဘွားကယူသွားခဲ့တာ...မင်းကအဲ့တာကိုပြန်ယူရမှာ..."


အာ...အဲ့ဒီ့ကျောက်စိမ်းလည်ဆွဲလေးကိုး...


ကျန်းရှောင်မန်သည်နောက်ဆုံးတွင် နားလည်သွားခဲ့ပြီ ဖြစ်သည်။


သူမသည် လက်ချောင်းကလေးများကို လိမ်ယှက်ရင်း တိုးတိုးလေးပြောခဲ့သည်။


"တကယ်လို့ ဘွားဘွားကအဲ့လည်ဆွဲကိုကြိုက်ရင် သမီးပေးလိုက်မယ်လေ...သမီးအဲ့တာကိုမဝတ်ချင်ပါဘူး...."


သူမ ထိုကဲ့သို့ပြောချင်နေခဲ့သည်မှာ အတော်လေးကြာပြီဖြစ်သည်။


ဦးဦးစနစ်သည် သူမအား ထိုလည်ဆွဲကိုဝတ်ဆင်ထားရန် ပြောခဲ့သည်။ အေးခဲနေသောရာသီဥတုတွင် ထိုကျောက်စိမ်းလည်ဆွဲအား ဝတ်ဆင်ထားရခြင်းသည် သူမအတွက် ဒုက္ခခံနေရသလိုပင်ဖြစ်နေခဲ့သည်။


အဲ့ဒီ့လည်ဆွဲက အရမ်းအေးတာမှ ခဲနေသလိုပဲ....


ကျန်းရှောင်မန်သည် ထိုလည်ဆွဲအား သဘောမကျပေ။ ထိုအစား ဘွားဘွား၏လက်နွေးနွေးလေးအား ပို၍သဘောကျသည်။


"မရဘူးနော်...မင်းအဲ့ဒီ့လည်ဆွဲကိုပြန်ယူရမယ်နော်..."


စနစ်သည် ဆက်လက်၍သည်းမခံနိုင်တော့ပေ။


"အဲ့တာငါ့ရဲ့ သက်စောင့်ပစ္စည်းပဲ...."


ကျန်းရှောင်မန်သည် မျက်တောင်ပုတ်ခတ်ပုတ်ခတ်လုပ်ရင်းမေးလိုက်သည်။


"သက်စောင့်ပစ္စည်းဆိုတာ ဘာလဲဟင်...."


"အဲ့တာက...အဲ့တာကသက်စောင့်ပစ္စည်းပဲလေ...အဲ့တာငါ့ဘဝပဲ..ငါ့ရဲ့အရာအားလုံးပဲ..ငါအဲ့တာမရှိပဲအသက်မရှင်နိုင်ဘူး.."


စနစ် လဲကျတော့မလိုဖြစ်နေခဲ့သည်။


"ပိုင်ရှင်...ငါတောင်းဆိုတာပါ...ကျေးဇူးပြုပြီးပြန်ယူပေးပါ..."


"ဝါး...."


ကျန်းရှောင်မန်သည် အံ့အားသင့်သွားကာ ထပ်မံမေးခဲ့သည်။


"ဦးဦးစနစ်...ဦးဦးကအခု အသက်ရှင်တာနဲ့သေဆုံးတာကိုတောင် လုပ်လို့ရနေပြီလား...."


"..."


ပိုင်ရှင်...မင်းဒါကိုရည်ရွယ်ချက်ရှိရှိနဲ့ တမင်လုပ်နေတာမဟုတ်လား...ဟုတ်တယ်မလား...


ဟုတ်တယ်...သူက စားဖို့ရောအိပ်ဖို့ရောမလိုဘူး...အသက်ရှူစရာလည်းမလိုဘူး...သူဘာကိုမှလုပ်စရာမလိုဘူး...သူ့မှာ ရုပ်ခန္ဓာမရှိတာကြောင့်မို့လို့..သူသေလည်းမသေနိုင်ပါဘူး...


ဒါပေမယ့် သူ့ဘဝကတကယ်ကြီး...အဆုံးသတ်ဖို့နီးနေပြီလေ....အကယ်၍ကျန်းဟွေ့မိန်သည် ဒေါသတကြီးဖြင့် ထိုလည်ဆွဲအားထုချေဖျက်ဆီးခဲ့လျှင် သူသည်ပျောက်ကွယ်သွားတော့မည်ဖြစ်သည်။


Footnotes: ရှောင်မန်ဆိုတဲ့သီချင်းရဲ့ မူလစာသားကဘွားဘွားနေရာမှာ Waipo(ဝိုက်ပေါ်)ပါ။ အရင်အပိုင်းပြီးတဲ့နောက် သူမက Laolao(လောင်လောင်း) လို့စပြီးပြောင်းဆိုလိုက်တာပါ။


Chapter 110


အား....ပိုင်ရှင်..ဒီကိစ္စဘယ်လောက်ထိပြင်းထန်လဲဆိုတာသိရဲ့လား...


"ပိုင်ရှင်..ငါအတည်ပြောနေတာနော်...ဒီကိစ္စကအရမ်းအရေးကြီးတယ်...အကယ်၍မင်းမသွားရင်..."


စနစ်သည် သူမအား ကြောက်လန့်သွားအောင် ခြောက်ချင်ခဲ့သည်။ သို့သော် ဤကလေးမလေးသည် သေခြင်းကိုပင် မျက်လုံးထဲမထည့်သောအခါ မည်သည့်အရာနှင့် သူမအားခြိမ်းခြောက်ရမည်နည်း။ 


စနစ် နှလုံးရောဂါရလုနီးပါး စိတ်ဆိုးနေမိသည်။


သူမက အရင်နေ့များတွင် အလွန်စိတ်ရှုပ်စရာကောင်းခဲ့သည်။ ထို့ကြောင့် သူ့တွင်ရုပ်ခန္ဓာမရှိသောကြောင့် သူသေဆုံးသွားမည်အား စိုးရိမ်ကြောက်လန့်နေစရာမလိုအပ်ကြောင်း တဖွဖွပြောပြခဲ့ရသည်။ ယခုမူ သူ့ဘဝသည် အကျိုးအမြတ်တစ်ခုအနေဖြင့်ပင် လဲလှယ်၍မရတော့ပေ။


ဆုံးရှုံးမှုအကြီးစားပင် ဖြစ်သည်။


စနစ်သည် သူ၏ရှုံးနိမ့်မှုအားလက်ခံလိုက်ကာ မည်သည်ကိုမှထပ်မံမပြောဆိုတော့ချေ။ ထိုအစား ဆုပေးဒဏ်ပေးစနစ်ကိုသာ ကျင့်သုံးရန်ရည်ရွယ်လိုက်သည်။


[လျှို့ဝှက်မစ်ရှင် : ကျောက်စိမ်းလည်ဆွဲအားပြန်လည်ရယူရန်...


အဓိကမစ်ရှင်နှင့်ဆက်နွယ်နေပါသည်...ပိုင်ရှင်..ဂရုပြု၍လုပ်ဆောင်ပါ..]


စနစ်လေးက လက်ကိုင်ပဝါနှင့်သူ၏မျက်ရည်များကိုသုတ်လိုက်ကာ..


[ဆုလာဘ်- ၅၀မှတ်]


အမှတ် ၅၀သည် ကျန်းရှောင်မန်အဖို့ ကြီးမားသောပမာဏပင်ဖြစ်သည်။


၅၀မှတ်ဆိုသည်မှာ သူမငယ်စဉ်က ယွီဝမ်ချန်း သူတို့အားယွမ်တစ်သန်းပေးသောအချိန်တွင်သာ ရနိုင်ခဲ့ခြင်းဖြစ်သည်။


ယေဘူယျကျကျပြောရလျှင် သူမကြိုးစားရန်အတွက် တကယ့်ကိုထိုက်တန်ပေသည်။


သို့သော် သူမသည် တခြားအရာလေး၏ဆွဲဆောင်ခံလိုက်ရသည်။


"ဝါး..." 


ကျန်းရှောင်မန်သည် မျက်လုံးအဝိုင်းသားနှင့်မေးခဲ့သည်။ 


"ဦးဦးစနစ်...ဒီငိုနေတဲ့ လူပိစိကလေးက ဘာလေးလဲဟင်.."


"..."


သူ ဝမ်းနည်းမှုကို အဓိပ္ပာယ်ဖော်လိုက်မိသည်လား...


"အရမ်းပျော်စရာကောင်းတယ်...ကြည့်ပါဦး..သူကလျှောက်ပြေးနေတယ်...သမီးကိုနောက်တစ်ခုထပ်လုပ်ပေးပါလားဟင်...."


"အဲ့တာက စိတ်ခံစားချက်ပြတဲ့အကောင်လေးလို့ခေါ်တယ်..."


စနစ်သည်အံကြိတ်သံနှင့်ပြောလိုက်သည်။


"ဘာလို့သမီးအရင်ကမမြင်ဖူးတာလဲဟင်...အဲ့တာလေးကအရမ်းချစ်စရာကောင်းတာပဲ..."


"...."


သူသည် စိတ်ခံစားချက်များသွားသောကြောင့် ကိုယ်တိုင်ပင်မသိလိုက်ပဲ ထိုလူပိစိကလေးအား ဖန်တီးလိုက်မိခြင်းဖြစ်သည်။


ကျန်းရှောင်မန် ထိုလူသေးသေးလေးအပေါ် အချိန်အတော်ကြာ စိတ်ဝင်စားနေခဲ့သည်။ ထိုအရာလေးက အရမ်းကိုချစ်စရာကောင်းသောကြောင့် သူမသူနှင့်အတူ ဆော့ကစားချင်သည်။


စနစ်သည် သူမအား နောက်လည်းထိုလူကလေးအား တွေ့နိုင်မည်ဖြစ်ကြောင်း ပြောပြသည်။ သူမအွန်လိုင်းဖြစ်သော အချိန်တိုင်းတွင် သူသည်ဖန်တီးပေးမှာဖြစ်ပြီး သူမကြိုက်သလောက်ဆော့ကစားနိုင်မှာဖြစ်သည်။ ယခုအရေးအကြီးဆုံးသည် မစ်ရှင်အဓိကပစ္စည်းအားပြန်ယူရန်ဖြစ်ကြောင်း မဟုတ်လျှင်သူသည် ပျောက်ကွယ်သွားရမည်ဖြစ်ကြောင်း အာပေါက်မတတ်ရှင်းပြနေခဲ့သည်။ 


ကျန်းရှောင်မန်လည်း ရွေးချယ်စရာမရှိတော့ပဲ လူပိစိကလေးထံမှ အာရုံလွှဲလိုက်ရတော့သည်။


သူမလေးက တိုးတိုးကလေးရေရွတ်ရင်း ငြင်းဆန်ချင်ခဲ့သည်။


"ဒါပေမယ့်လေ...ဘွားဘွားစိတ်ဆိုးရင် အရမ်းကြောက်စရာကောင်းတာ...သမီးမယူရဲဘူး..ပြီးတော့လေ ဘွားဘွားကလည်ဆွဲကို တိတ်တိတ်ကလေးယူသွားတာဆိုတော့...သူမသေသေချာချာလေးဖွက်ထားမှာပဲ...ဟုတ်တယ်မဟုတ်လား...."


မင်းကလည်ဆွဲကို သူမဆီက ပြန်မယူချင်ဘူးပေါ့ဟုတ်လား...ဒီနတ်ဆိုးမလေးကတော့...သူ့ကိုဒီလှည့်ကွက်ထပ်သုံးရအောင်လုပ်နေတာပဲ...


စနစ်သည် ဆက်၍မပြောတော့ပဲ အံအသာကြိတ်ကာ ဆုကိုတိုး၍ပေးလိုက်သည်။


[လျှို့ဝှက်မစ်ရှင် : ကျောက်စိမ်းလည်ဆွဲကိုပြန်လည်ရယူပါ...


အဓိကမစ်ရှင်နှင့် ဆက်နွယ်နေသောကိစ္စရပ်ဖြစ်သည်...ပိုင်ရှင်....

ကျေးဇူးပြု၍ ဂရုတစိုက်လုပ်ဆောင်ပေးပါ]


မျက်ရည်များအားလက်ကိုင်ပဝါဖြင့်သုတ်ကာ ထပ်ပြောလိုက်ပြန်သည်။


[ဆုလာဘ် - ၇၀ မှတ်]


မင်းက ခံစားချက်ပြတဲ့လူပိစိလေးတွေ လိုချင်တယ်မဟုတ်လား..ရော့...မင်းစိတ်ကြိုက်ပဲ..


ကျန်းရှောင်မန် လူပိစိကလေးများနှင့် ဆော့ကစားနေရင်း အမှတ်အကြောင်းကိုလည်း မတွေးပဲမနေနိုင်ချေ။


ဝါး..၇၀တောင်...


အရင်အချိန်ကသာဆိုလျှင် သူမသည် ကလေးအများအပြားကို ငိုအောင်ပြုလုပ်မှသာလျှင် 

ရနိုင်သောအမှတ်ဖြစ်သည်။


ကျန်းရှောင်မန်သည် တကယ့်ကို စိတ်ဝင်စားနေခဲ့သည်။


သို့သော် ဘွားဘွား၏ပစ္စည်းအား ပြန်ယူရမည်ကို သူမမလုပ်ဝံ့သေးပေ။


"ဒါပေမယ့်လေ..."


[လျှို့ဝှက်မစ်ရှင် : ကျောက်စိမ်းလည်ဆွဲကိုပြန်လည်ရယူပါ...


အဓိကမစ်ရှင်နှင့် ဆက်နွယ်နေသောကိစ္စရပ်ဖြစ်သည်...ပိုင်ရှင်....

ကျေးဇူးပြု၍ ဂရုတစိုက်လုပ်ဆောင်ပေးပါ]


[ဆုလာဘ်- ၈၀မှတ်]


"...."


ကျန်းရှောင်မန် တုံ့ဆိုင်းနေဆဲပင်ဖြစ်သည်။ စနစ်သည် အံအသာကြိတ်ရင်း အမှတ်များအား ၁၀၀သို့ရောက်သည်အထိ တိုးပေးခဲ့သည်။


ဤသည်မှာ သူ့ဘဝနှင့် သက်ဆိုင်နေသောကိစ္စဖြစ်သည်...စည်းကမ်းများအားခဏတာမေ့ထား၍ရသည်။


ကျန်းရှောင်မန်သည် အချိန်အတော်ကြာ တွေဝေနေခဲ့သည်။ နောက်ဆုံးတွင် သူမ၏ ဉာဏ်များသောဗီဇကလေးထွက်ပေါ်လာပြီး လက်ချောင်းများကိုလိမ်ယှက်ရင်း ပြောခဲ့သည်။


"ဘွားဘွားက အရမ်းစိတ်တိုလွယ်တာ..ပြီးတော့လေ...လူတွေကိုရိုက်တဲ့နေရမှာလည်း ကျွမ်းကျင်သေးတယ်...သမီးသာ သူမရဲ့ပစ္စည်းကိုယူမှန်းသိရင် သမီးတော့သေချာပေါက် အရိုက်ခံရမှာပဲ...အဲ့လိုစဉ်းစားမိတော့လေ အမှတ် ၁၀၀ ဆိုတာသိပ်ပြီး မတန်တော့သလိုပဲ...သမီးကို အမှတ် ၈၀၀ ပေးပါလားဟင်...."


မစ်ရှင်လုပ်ပြီးသွားလျှင် သူမစနစ်ထံတွင်တင်နေသောအကြွေးအားလုံးကို ကြေအောင်ဆပ်နိုင်ပြီဖြစ်သည်။


ရှောင်မန်လေးသည် အရမ်းကိုစူးစမ်းလေ့လာမှုအားကောင်းကာ ထက်မြက်လာခဲ့သည်။ စနစ်ထံမှ ညှိုနှိုင်းမှုအားလုံးကို သင်ယူခဲ့ပြီး ပြန်လည်အသုံးချတတ်နေပြီပဲဖြစ်သည်။


စနစ်သည် အလွန်ပင်စိတ်ဆိုးသွားခဲ့သည်။


"အိမ်မက်မက်နေလိုက်...တွေးတောင်မတွေးနဲ့...."


သူမသည် သူ့အပေါ်တွင် အရမ်းကိုလူလည်ကျလွန်းသည်။


ပိုင်ရှင်...အရမ်းကိုလွန်နေပြီ..ငါမင်းကိုအမှတ်ထပ်တိုးပေးမှာမဟုတ်တော့ဘူး...


နောက်ဆုံးတွင် ရှောင်မန်နှင့်စနစ်သည် အမှတ် ၁၀၀နှင့် သဘောတူညီမှုရသွားခဲ့သည်။ ရှောင်မန်သည် သူမ၏အဘွားမသိစေပဲ လည်ဆွဲကိုတိတ်တိတ်ကလေးသွားယူခဲ့သည်။