Chapter 111
ကျန်းဟွေ့မိန်က ခက်ထန်သောအမူအကျင့်ရှိသည်။ ရှောင်မန်သည် စနစ်အား လည်ဆွဲကိုပြန်ယူလာမည်ဖြစ်ကြောင်း ကတိပေးခဲ့သော်လည်း သူမသည် ကိုင်တွယ်ဖြေရှင်းရန်မဝံ့ရဲချေ။
သူမသည် ဤနေ့ရက်များတွင် မည်သည့်လှုပ်ရှားမှုကိုမှမလုပ်ပဲ အချိန်ဆွဲနေခဲ့သောကြောင့် စနစ်သည် စိုးရိမ်တကြီးဖြစ်လာခဲ့ရသည်။
ကျန်းရှောင်မန်က ကလေးများအားငိုအောင်ပြုလုပ်ခြင်း မူကြိုတွင်အနည်းငယ်မျှဗိုလ်ကျပြခြင်းကဲ့သို့သော အမှတ်၂၀တန် မစ်ရှင်အသေးလေးများကိုသာ ပြုလုပ်နေခဲ့သည်။ သို့ရာတွင် စနစ်မှာ ထိုကိစ္စနှင့်ပတ်သတ်၍ စိတ်မချမ်းသာခဲ့ပါချေ။
စနစ်က ကျန်းရှောင်မန်အား ပြောလိုက်သည်။
"ပိုင်ရှင်....တကယ်လို့ ကျောက်စိမ်းလည်ဆွဲကို ပြန်မရခဲ့ရင် ငါမင်းရှေ့မှာပဲပျောက်ကွယ်သွားရလိမ့်မယ်...."
အဲ့ဒီ့ကလေးတွေငိုတာ ဘာများကောင်းလို့လဲ...ကလေးတွေကိုငိုအောင်လုပ်တာက ကျောက်စိမ်းလည်ဆွဲနဲ့ ဘယ်လိုလုပ်ယှဥ်နိုင်မှာတဲ့လဲ...
"ပိုင်ရှင်....မင်းကပိုဉာဏ်ကောင်းလာပြီးတော့ မနာခံချင်တော့ဘူးပေါ့...ဒီစနစ်က မင်းသရုပ် ဆောင်နေတာတွေကို မသိဘူးလို့ထင်နေတာလား...."
ကလေးငယ်ငယ်လေးတွေက တကယ့်ကို ကြောက်စရာကောင်းသော တည်ရှိမှုပဲဖြစ်သည်။
ကျန်းရှောင်မန်သည် ထိတ်လန့်စွာပြောခဲ့သည်။
"ဦးဦးစနစ်...ဦးဦးအရင်ကဒီလိုမျိုးမဟုတ်ပါဘူး...."
သူပြောသမျှအားလုံးနီးပါးသည် သေဆုံးခြင်းနှင့်သာပြည့်နေသည်...အရမ်းကြောက်စရာကောင်းတာပဲ..
"ငါကဒါကို အကြောင်းပြချက်မရှိပဲလုပ်နေတယ်ထင်လို့လား...ငါကငိုလည်းမငိုဘူး..ဆူဆူညံညံလည်းမနေဘူး...တွဲလောင်းလည်းခိုမနေဘူးလေ..."
စနစ် အသံကိုမြှင့်၍ပြောလိုက်သည်။
"ပိုင်ရှင် မင်းက အုပ်ထိန်းမှုကိုလက်မခံချင်သလို စကားကိုလည်း နားမထောင်တော့ဘူး...
တကယ်လို့ မင်းလည်ဆွဲကိုပြန်မယူပေးဘူးဆိုရင် ငါမင်းနဲ့သူငယ်ချင်းမလုပ်တော့ဘူး...."
"ဟင်..ဘာလို့လဲ...."
ဘာလို့လဲ...ဘာလို့လဲ...ငါတို့ ဘာလို့လဲကိုအခါတစ်ထောင်မေးတိုင်းကစားနေကြတာလား..
စနစ်သည် အံကြိတ်သံနှင့်ပြောခဲ့သည်။
"ဘာလို့လဲဆိုရင် ဒီစနစ်ကမ္ဘာမှာ အချိန်စောပြီး ကလေးပိစိလေးနဲ့ ချိတ်ဆက်မိခဲ့တဲ့ ငါ့လိုနုံအပြီးမိုက်မဲတဲ့ စနစ်မျိုးထပ်မရှိနိုင်တော့ဘူး..ငါကစနစ်ကမ္ဘာရဲ့ အရှက်ရစရာဆိုတဲ့ဂုဏ်ပုဒ်နဲ့ပဲတန်တယ်....."
ကျန်းရှောင်မန်သည် သူ့အားအလျှင်အမြန်
နှစ်သိမ့်ပေးခဲ့သည်။
"ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ...ဦးဦးစနစ်က အရမ်းကိုအံ့သြစရာကောင်းတာ...ဦးဦးက လူသားမှတ်ဉာဏ်အတိုင်းတီထွင်ထားတဲ့ စက်တွေထက်အများကြီးပိုတော်တယ်ဆိုပြီး...ပြီးတော့..ဦးဦးက သိပ္ပံပညာရဲ့ဖန်တီးမှုတစ်ခု..ကံကြမ္မာရဲ့ဆရာသခင်...လူတွေအားလုံးရှာဖွေနေကြတဲ့ဖြစ်တည်မှုတစ်ခု..လို့ဦးဦးပဲအရင်ကပြောခဲ့တယ်လေ...."
"မဟုတ်ဘူး...ငါကလူသားမှတ်ဉာဏ်တုပခြင်းတီထွင်မှုရဲ့ အလွဲအမှား တစ်ခုပဲ"
ကျန်းရှောင်မန်လေးသည် သူ့အားစကားမပြောရဲတော့ပဲဖြစ်သွားခဲ့ရသည်။
ဦးဦးစနစ်သည် အဘယ့်ကြောင့် ဤကဲ့သို့ဖြစ်နေမှန်း သူမမသိသော်လည်း သူ၏ စိတ် အခြေအနေမှာ အောက်ဆုံးထိထိုးကျနေသည်ကိုတော့ သူမသိလေသည်။
သူမ၏သူငယ်ချင်း ဦးဦးစနစ်အားမဆုံးရှုံးချင်သောကြောင့် ထိုကိစ္စအား ဖြစ်နိုင်သမျှ မြန်မြန်လုပ်ကိုလုပ်ရမည်ဟု ဆုံးဖြတ်ချက်ချလိုက်သည်။
စနစ်သည် သူမအား ကျန်းဟွေ့မိန်အိမ်မှ ထွက်ခွာသောအချိန်ကို စောင့်ဆိုင်းရန် ညွှန်ကြားခဲ့သည်။
သူတို့နှစ်ဦးလုံးက လည်ဆွဲအား ကျန်းဟွေ့မိန်က မည်သည့်နေရာတွင်ဝှက်ထားမှန်း မသိကြချေ။ သို့သော် ယေဘူယျအားဖြင့်ဆိုလျှင် ပစ္စည်းတန်ဖိုးကြီးလေလေ လုံလုံခြုံခြုံဝှက်ထားရလေလေ ဖြစ်သည်။
ရှောင်မန်သည် လွန်ခဲ့သည့်နှစ်ရက်မှစ၍ သူမတစ်ယောက်ထဲအိပ်ခြင်းမပြုတော့ပေ။ လည်ဆွဲအားရှာရန်အလို့ငှာ ကျန်းဟွေ့မိန်နှင့်အတူတူအိပ်စက်ခဲ့သည်။ သူမလေးသည် အိပ်စက်ချိန်တွင် ဘွားဘွားအားလွမ်းသောကြောင့် အတူတကွတိုးဝှေ့ရင်း အိပ်လိုကြောင်းပြောကာ ကျန်းဟွေ့မိန်အား ပျော်ရွှင်စေခဲ့သည်။
ရှောင်မန် ဗီရိုသော့အား လျှို့ဝှက်စွာရယူနိုင်ခဲ့ပြီးနောက် လှန်လှောရှာဖွေခဲ့ပြီးပြီဖြစ်သည်။ အချိန်အတော်ကြာရှာဖွေခဲ့သော်လည်း လည်ဆွဲနှင့်တူသည့်အရာတစ်ခုတစ်လေပင် ရှာမတွေ့ခဲ့ချေ။
သူမလေး ငိုဖို့ပင်အင်အားမရှိတော့ပြီဖြစ်သည်။
အရာဝတ္ထုများအား အပေါ်အောက်လှန်၍ရှာဖွေရခြင်းသည် လွယ်ကူသော်လည်း ခြေရာလက်ရာမပျက်စေပဲ အစီအစဥ်တကျထားရသည်မှာ အလွန့်ကိုခက်ခဲလှသည်။
ပစ္စည်းများအား သေသပ်စွာစီရီခြင်းအပေါ် အားကုန်စိုက်ထုတ်ပြီးနောက် ရှောင်မန်သည်ကြမ်းပြင်ပေါ်တွင် ပင်ပန်းစွာထိုင်နေခဲ့သည်။
"ပိုင်ရှင်...ထပ်ရှာကြည့်ပါဦး...အပြည့်အဝလုံခြုံတဲ့နေရာမရှိဘူးလေ..ရှာရတာအရမ်းမခက်ပါဘူး.."
စနစ်ကပြောလိုက်သည်။
ရှောင်မန်သည် ငိုနေရင်းပြန်ဖြေသည်။
"ဟုတ်ကဲ့ပါ...."
ရှောင်မန်လေးခမျာ့ ယခုလေးပင် အလွန့်ကိုကြိုးစားပမ်းစား ရှာခဲ့ပြီးပြီဖြစ်သည်။ သူမပစ္စည်းတွေဖွထားခြင်းကို ဘွားဘွားအတိအကျသိသွားမည်မှာ သေချာလုနီးပါးရှိသည်။ ထိုကျောက်စိမ်းလည်ဆွဲအား ရှာတွေ့သည်ဖြစ်စေ မတွေ့သည်ဖြစ်စေ သူမအနေဖြင့် အရိုက်ခံရ
မည့်အဖြစ်မှလွတ်ရန်လမ်းမမြင်ပေ။
ရှောင်မန်သည် တွေးရင်းပို၍ငိုချင်လာခဲ့သည်။
သို့ရာတွင် ဦးဦးစနစ်အားပေးထားသောကတိကို တည်ရမည်ဖြစ်သောကြောင့် သူမဆက်ရှာရန်ကိုယ့်ကိုယ်ကိုအားပေးလိုက်သည်။
ဘယ်လိုပဲဖြစ်ဖြစ် အရိုက်ခံရမှာပဲလေ..သူမဘာကိုကြောက်နေရဦးမှာလဲ..
ရွာတွင်နေထိုင်စဥ်က သူမတစ်ခုခုအားဖွက်လိုသောအခါတွင် တူရွင်းပိစိလေးအားယူကာ ကျင်းတူးလေ့ရှိသည်။ ထို့နောက်ထိုပစ္စည်းအား သံသေတ္တာထဲသို့ ထည့်လိုက်ကာ ကျင်းထဲသို့မြှုပ်လိုက်သည်။ ထိုလှည့်ကွက်ကလေးသည် ဘွားဘွားကသူမအား သင်ပေးခဲ့ခြင်းဖြစ်သည်။
သူမသည် လည်ဆွဲအား အိမ်တစ်အိမ်လုံးအနှံ့ ရှာပြီးသောအခါ၌ပင် မတွေ့ခဲ့ရပေ။ ဘွားဘွားသည် ကျင်းထဲထည့်ကာ မြှုပ်ထားခြင်းဖြစ်ကောင်းဖြစ်နိုင်ပေသည်။
သူမ၏သက်တမ်းတစ်ဝက်ကုန်လုနီးပါး ကျင်းတူးခြင်းအပေါ် အားစိုက်ထုတ်လိုက်သည်။ သို့သော် အချည်းနှီးသာဖြစ်သွားပြီး ကျန်းရှောင်မန်သည် လှုပ်ပင်မလှုပ်ချင်တော့ပေ။
သူမ အရမ်းအရမ်းကို ပင်ပန်းနေပြီဖြစ်သည်။
သို့ရာတွင် ကိစ္စများမှာ ဤမျှလောက်နှင့်အဆုံးမသတ်ခဲ့ပါ။
Footnotes:
ဘာလို့လဲကိုအခါတစ်ထောင်မေးတယ်ဆိုတာက စာအုပ်တွဲရဲ့နာမည်ပါ..
https://en.wikipedia.org/wiki/One_Hundred_Thousand_Whys
စနစ်က သူ့ကိုယ်သူ Artificial idiocy လို့ပြောထားပါတယ်။ Artificial intelligence (လူသားမှတ်ဉာဏ်ကိုတုပထားသောအသိပညာ) ရဲ့ဆန့်ကျင်ဘက်ပါတဲ့။
Chapter 112
ကျန်းဟွေ့မိန် အိမ်သို့ပြန်ရောက်သောအခါ ရှုပ်ပွနေသည်များအားတွေ့သွားခဲ့သည်။ သူမသည်အလွန်စိတ်ဆိုးသွားကာ..
"ကျန်းရှောင်မန်....ဘာတွေလုပ်ထားတာလဲ.."
ကျန်းဟွေ့မိန် အလွန်ပင် စိတ်ဆိုးနေခဲ့သည်။ သူမသည် ခြံဝင်းထဲရှိကျင်းပေါင်းများစွာကို တွေ့ရသောအခါ စိတ်ဆိုးရလွန်းသဖြင့် ဖြူဖျော့သွားခဲ့သည်။
"ဘာတွေလုပ်ထားတာလဲ...ရှောင်မန်ကကြွက်လား..ကျင်းတွေအများကြီး လျှောက်တူးရအောင်....."
ကျန်းဟွေ့မိန် အလွန်စိတ်ဆိုးနေခဲ့ပြီး ရလဒ်အနေနှင့် ကျန်းရှောင်မန်လေးသည် အရိုက်ခံထိတော့လေသည်။
ကျန်းရှောင်မန်က သူမအရိုက်ခံထိမည်အား မှန်းဆထားပြီးဖြစ်သောကြောင့် နာခံစွာပူးပေါင်းလိုက်သည်။ ကျန်းဟွေ့မိန်ကလည်း သူမအား အနည်းငယ်ရိုက်လိုက်ပြီးနောက် ရပ်တန့်လိုက်သည်။
သို့သော် ကျန်းဟွေ့မိန် အိမ်ထဲသို့ဝင်လိုက်ချိန်တွင် ကြမ်းပြင်ပေါ်ရှိ အရှုပ်အထွေးများအား ထပ်မံတွေ့ရမည်ဟု မထင်ထားခဲ့ပေ။
"ကျန်းရှောင်မန်...ဘာတွေရှုပ်ထားတာလဲ...ဘွားဘွားအိမ်ကို မှောက်လိုက်လှန်လိုက်လုပ်ထားတာလား...."
ဒီကလေးမဒီနေ့ ဘာလို့ အရမ်းဆိုးနေရတာလဲ....
ကျန်းရှောင်မန် သူမကိုယ်သူမ အရမ်းအပြစ်ရှိသည်ဟု ခံစားလိုက်ရပြီးနောက် တိုးတိုးလေးပြောခဲ့သည်။
"သမီးက..သမီးကပစ္စည်းတွေကို လျှောက်လှန်ထားရုံပါ..သမီး ဘာမှရှာနေတာမဟုတ်ပါဘူး...."
ကျန်းဟွေ့မိန်၏ မျက်ခုံးများသည် မြင့်တက်သွားပြီးနောက် သူမလေးအားမေးလိုက်သည်။
"သမီးက..ဘာကိုရှာနေတာလဲ..."
"သမီးက...သမီးက...ဘာမှမရှာပါဘူး...."
ကလေးမလေး၏အသံက တိုးသထက်တိုးလာခဲ့သည်။
သူမသည် ဦးဦးစနစ်အား ရောင်းမစားရက်ပေ။ သူမသာထုတ်ပြောလိုက်လျှင် သူ့အားသစ္စာဖောက်ရာ ကျပေလိမ့်မည်။
သူမသည် တစ်ယောက်ထဲငိုကြွေးရင်း ခံစားနေရုံသာတတ်နိုင်သည်။
ဒါပေမယ့်ဘွားဘွားက ခုပဲထပ်ပြီးစိတ်ဆိုးသွားပြန်ပြီလေ...သူမထပ်ပြီးတော့ အရိုက်မခံရလောက်ပါဘူးနော်...ဟုတ်တယ်မဟုတ်လား..
သေချာပေါက်...
မဟုတ်ခဲ့ပါ...
ကျန်းရှောင်မန် ထပ်မံ၍အရိုက်ခံခဲ့ရသည်။ သူမသည် တစ်စုံတစ်ခုအားရှာနေခဲ့သည်ဟုပြောခဲ့သည်။ ထိုအရာသည် ကျောက်စိမ်းလည်ဆွဲမှလွဲ၍ မည်သည့်အရာဖြစ်နိုင်မည်နည်း။
ကျန်းဟွေ့မိန်သည် ဤကလေးလေးမှာ အလွန်ပင်ဉာဏ်ကောင်းသည်အား သိရှိထားသော်လည်း ယခုကဲ့သို့ကိစ္စရပ်မျိုးကိုဖြင့် မျှော်လင့်မထားခဲ့ပေ။
ကျောက်စိမ်းလည်ဆွဲပျောက်သွားခဲ့သဖြင့်သူမလေးသည် ဗီရိုနှင့်သေတ္တာကိုဖွင့်ကာ ကိုယ်တိုင်ရှာဖွေခဲ့သည်။
ကျန်းဟွေ့မိန် ထိတ်လန့်ခြင်းနှင့် အပြစ်ရှိစိတ်အား တပြိုင်နက်ထဲခံစားခဲ့ရသည်။ သူမသည် ကလေးမလေးမှာငယ်ရွယ်သောကြောင့် လည်ဆွဲပျောက်ဆုံးခြင်းအပေါ် အာရုံထားလိမ့်မည်မဟုတ်ဟု ထင်ထားခဲ့သည်။ ထို့ကြောင့် လည်ဆွဲအားဖွက်ထားရန် ရွေးချယ်ခဲ့ခြင်းဖြစ်သည်။ သူမလေးသည် အရွယ်နှင့်မလိုက်အောင် ထက်မြက်လိမ့်မည်ဟု မထင်ထားခဲ့ပေ။
သူမသည် လည်ဆွဲအားပြန်ပေးရန် မဖြစ်နိုင်တော့ချေ။
အကယ်၍တနေ့နေ့တွင် သူမလေးသည် ထိုလည်ဆွဲမှ သဲလွန်စတစ်ချို့တွေ့သွားနိုင်သည်။
ကျန်းဟွေ့မိန်သည် သူမလေးအားဆက်လက်၍မရိုက်ရက်တော့ပဲ လည်ဆွဲအားလက်လျှော့သွားစေချင်သည့်စိတ်သာလျှင် ရှိတော့သည်။
ကျန်းရှောင်မန်လေးသည် သည်းထန်စွာငိုနေခဲ့သည်။ သူမတကယ့်ကို နာသည်။
ဘွားဘွားကသူမကို မချစ်တော့ဘူး...ဝါး...ဝါး..
ကျန်းဟွေ့မိန်သည် သူမအားရိုက်ရင်း ဆူပူနေခဲ့သည်။
"ကျန်းရှောင်မန်...ညည်းကလေး ပြသနာအရမ်းရှာတာပဲ...အိမ်ကိုရှင်းရတာ ဘယ်လောက်ခက်မှန်းသိရဲ့လား..ငယ်ငယ်တုန်းကပန်းကန်တွေကိုခွဲတယ်...ကျုပ်လေ ညည်းလိုဆိုးတဲ့ကလေးမျိုးမတွေ့ဖူးပါဘူး...."
ကျန်းရှောင်မန် ငိုကြွေးနေသော်လည်း ပြန်ပြောရန်မမေ့ခဲ့ချေ။
"ဒါပေမယ့် ဘွားဘွားပဲပြောတော့ သမီးလိုချစ်စရာကောင်းတဲ့ကလေးမျိုး မတွေ့ဖူးပါဘူးဆို...."
"ငါ့မျက်လုံးတွေကန်းနေလို့ပြောခဲ့တာ...."
သူမသည် ပြောရင်းအနည်းငယ်ထပ်မံရိုက်လိုက်သည်။
ကျန်းဟွေ့မိန် စိတ်ကိုလျှော့ရင်းပြောခဲ့သည်။
"သမီးက ဘာကိုရှာနေတာလဲ...."
ကျန်းရှောင်မန်သည် စူပုပ်ပုပ်လေးပြောလိုက်သည်။ ဘွားဘွားသည် စိတ်ဆိုးသည်နှင့် သူမအားရိုက်ရန်သာသိသည်။
"ဘွားဘွားက အရမ်းကြောက်စရာကောင်းတာပဲ..အကယ်၍ ဘွားဘွားသာ သမီးရဲ့လည်ဆွဲကိုယူမသွားခဲ့ရင် သမီးကလိုက်ရှာစရာလိုပါ့မလားလို့...သမီးလည်ဆွဲကိုပြန်ပေးပါ....ဝါး...ပြန်ပေးလို့...."
ထိုအရာက သူမမျှော်လင့်ထားသကဲ့သို့ပင်ဖြစ်သည်။
ကျန်းဟွေ့မိန် ကလေးကိုအသာအယာချော့လိုက်သည်။
"ကျောက်စိမ်းလည်ဆွဲက အရမ်းတန်ဖိုးကြီးတယ်လေ..အဲ့တာကြောင့် ဘွားဘွားကခဏယူသိမ်းထားတာပါ..သမီးကလည်ဆွဲကို မတော်တဆကျိုးပဲ့စေရင် ဘယ်လိုလုပ်မလဲ..သမီးကြီးလာတဲ့အခါကျ ပြန်ပေးမယ်လေ နော်..."
"ဒါပေမယ့် ဦးဦးစနစ်က အဲ့တာသူရဲ့သက်စောင့်ပစ္စည်းလို့ ပြောတယ်လေ...."
တစ်စုံတစ်ယောက်က ရှောင်မန်အား လည်ဆွဲကိုရှာရန် သင်ပေးခဲ့သည်ပေါ့....
ကျန်းရှောင်မန်သည် အံသွားများကိုဖိကြိတ်လိုက်ရင်းပြောခဲ့သည်။
"စနစ်ဆိုတာဘယ်ကဟာလဲ...အဲ့ဒီ့မျိုးမစစ်က ရှောင်မန်လေးကို ခုလိုမကောင်းတာတွေလုပ်ဖို့ သင်ပေးရဲတယ်ပေါ့...ဘွားဘွား အဲ့ဒီ့ကောင်ရဲ့ခေါင်းကိုချေမွပစ်မယ်...."
"ဦးဦးစနစ်က ဦးဦးစနစ်ပဲလေ...သမီးရဲ့သူငယ်ချင်းပါ...."
ကျန်းဟွေ့မိန်သည် စနစ်အား တော်တော်လေးအမြင်ကပ်နေခဲ့သည်။ သူမသည် ထိုအမည်အား ကျန်းရှောင်မန်ထံမှ ခဏခဏကြားခဲ့ရသည်။ ယခုတွင်တော့ ထိုအရာသည် သူ၏ဖွက်ထားသောလက်သည်းများအား အိမ်ထဲသို့ထုတ်ပြလာခဲ့ပြီဖြစ်သည်။
Chapter 113
သူမသည်ထိုစနစ်ဆိုသူအား တနေ့နေ့တွင် ဆွဲထုတ်ကာ ရိုက်နှက်ပစ်ရမည်။
ကျန်းရှောင်မန်သည် မည်သို့ပင်မေးစေကာမူ ဖြေဆိုရန်ငြင်းဆန်နေဆဲဖြစ်သည်။ ကျန်းဟွေ့မိန်သည်ကူကယ်ရာမဲ့စွာပြောခဲ့သည်။
"ရှောင်မိန်..မင်းကပိုပိုပြီးဆိုးလာတာပဲ...အရင်ကအခုလို မနာခံတာမျိုးမလုပ်ဖူးပါဘူး...ဒီလိုဆက်လုပ်နေမယ်ဆိုရင်တော့ ဘွားဘွားချစ်တဲ့ကလေးလေး မဖြစ်နိုင်တော့ဘူးနော်....z
ကျန်းရှောင်မိန်သည် ဟွန့်ကနဲ့နှာမှုတ်ကာ တရှုံ့ရှုံ့ ရှိုက်ငိုရင်းပြောလိုက်သည်။
"ဟုတ်တယ်..သမီးကအခုကစပြီးပုန်ကန်တော့မှာ..."
"..."
ကလေးလေးတစ်ယောက်အနေဖြင့် အလွန်ဉာဏ်ကောင်းခြင်းသည် ကောင်းသောကိစ္စရပ်မဟုတ်ပေ။ ကျန်းဟွေ့မိန်သည် သူမ၏ပို၍များပြားလာသောဒေါသများအား မြိုသိပ်ကာ ပြုံးလိုက်သည်။
ရှောင်မိန်လေးသည် ဂရုဏာသက်စရာကောင်းလှအောင်ပင် ရှိုက်ငိုနေခဲ့သော်လည်း သူမသည် ကလေးငယ်အားချော့မော့ခြင်းမပြုခဲ့ပေ။
သူမ ဤကလေးလေးအား သင်ခန်းစာပေးရန်လိုအပ်သည်။ နောင်အခါတွင် သူမ၏လုပ်ရပ်များမှာ ယခုထက်ပို၍လွန်လာနိုင်ချေရှိသည်။
ကျန်းရှောင်မန်က သူမနစ်နာသည်ဟုခံစားရကာ တစ်ညလုံးငိုနေခဲ့သည်။ သူမပိုတွေးလေလေ ပို၍ဝမ်းနည်းလေလေပဲဖြစ်သည်။
သူမသည် ယခုဆိုလျှင် လေဒဏ်ကြောင့်ယိမ်းထိုးကြွေလွင့်နေခဲ့ကာ မိုးဒဏ်ကြောင့်ရွှဲရွှဲစိုနေခဲ့သည့် မည်သူမှမလိုချင်သော ဂေါ်ဖီထုပ်ကလေးဟူ၍ခံစားရသည်။
ဘွားဘွားု သူမအား ဆက်လက်၍မလိုချင်တော့ပေ။
ကျန်းရှောင်မန်လေး တစ်ညလုံးပင် ငို၍နေခဲ့သည်။
စနစ်လာ်း ဆက်လက်၍မခံစားနိုင်တော့ပဲ သူမအားနှစ်သိမ့်ရတော့သည်။
"ပိုင်ရှင်...အရမ်းလည်းဝမ်းမနည်းပါနဲ့..အနာဂတ်မှာလည်ဆွဲကိုရှာဖို့ အခွင့်အရေးရ...ရ..."
"ဘာကိုရှာမှာလဲ...သမီးအဲ့လည်ဆွဲကိုဘယ်တော့မှထပ်ပြီးမရှာတော့ဘူး..သမီးအိမ်ကနေထွက်ပြေးတော့မှာ..."
"ပိုင်ရှင်...လောကကြီးကအရမ်းရက်စက်တယ်...အိမ်ကထွက်ပြေးတဲ့ကလေးက အဆုံးသတ်မလှဘူး...စိတ်လျှော့ပါ.."
ပြန်ပေးဆွဲသူများက အလွန်ကြောက်စရာကောင်းသည်။ စနစ်က ကျန်းရှောင်မန်ပူထူနေစဥ် မည်သည်ကိုမျှမစဥ်းစားပဲ အိမ်ကထွက်ပြေးလိုက်မည်ကို စိုးရိမ်သွားခဲ့သည်။၊
ယခုအချိန်အထိ ကျန်းဟွေ့မိန်ဘက်မှ လည်ဆွဲအားဖျက်ဆီးမည့် အရိပ်အယောင်မတွေ့ရသေးချေ။
ထို့ကြောင့် မပျောက်ကွယ်သေးသရွေ့ကံကောင်းသည်ဟူ၍တွေးရင်း သူ၏နေ့ရက်များအား ကောင်းချီးပေးခံရသောရက်များအဖြစ် သဘောထားကာနေထိုင်တော့မှာပဲဖြစ်သည်။ သူတို့သည် လည်ဆွဲအားပြန်ယူရန်မှာ တစ်ဆင့်ချင်းစီသွားရမည်ဖြစ်သည်။
စနစ်သည် သူ၏ကံကြမ္မာအား အပြည့်အဝလက်ခံလိုက်သည်။
ကျောက်စိမ်းလည်ဆွဲအားပြန်ရရန် ပိုင်ရှင်အပေါ်အားကိုးခဲ့ခြင်းသည် အဓိပ္ပာယ်မရှိသောအလုပ်ပင်ဖြစ်သည်။
သူမသည် လည်ဆွဲကိုလည်းမယူနိုင်လို အိမ်မှလည်းထွက်မပြေးနိုင်ချေ။ သူမအားကြည့်ရသည်မှာ အမှန်တကယ်သနားစရာကောင်းလှသည်။
ကျန်းရှောင်မန်သည် အချိန်အတန်ကြာငိုပြီးသည့်နောက် ပြန်လည်၍တည်ငြိမ်သွားပြီဖြစ်သည်။ သူမ၏ဦးလေးဖြစ်သူကျန်းရှင်းသည် မိသားစုနှင့်သူငယ်ချင်းများအား အားကိုးရန်သင်ကြားခဲ့ဖူးသည်။ ဘွားဘွားသည်သူမအား မလိုချင်တော့သော်လည်း သူမတွင် သူငယ်ချင်းများရှိသေးသည်။
သူမနှစ်ခါကြီးတောင် အရိုက်ခံခဲ့ရသည်...ဤကဲ့သို့ ဘယ်တုန်းကမှမဖြစ်ခဲ့ဘူးပေ။
ဘွားဘွားသည် အရမ်းစိတ်ဆိုးနေသောအခါတွင်ပင် ဆူရုံသာဆူခဲ့သည်။ ယခုအချိန်တွင်တော့ ကွဲပြားသွားပြီဖြစ်သည်။
သူမသည် တကယ်ကြီးရိုက်ခဲ့သည်...အရမ်းလည်းနာသည်။
သူမသည် ငိုယို၍ နာကြောင်းပြောသောအခါတွင်မူ အလုပ်မဖြစ်ခဲ့ပေ။
ရှောင်မန် ဘွားဘွားကို မချစ်တော့ဘူး...ဝူး...
သူမသည် အလွန်ခံစားရသဖြင့် အိမ်ကပင်ထွက်ပြေးချင်မိသည်။ သို့သော် ဘွားဘွားအားတစ်သက်လုံးမချစ်ပဲမနေနိုင်ပေ။
သူမသည် တစ်ယောက်ယောက်အား သူမကိုဖွက်ထားပေးရန် တောင်းဆိုရမည်။
ဘွားဘွားအား ကလေးများ၌လည်း ခံစားချက်များရှိကြောင်း စိတ်ဆိုးတတ်ကြောင်း ရိုက်ချင်တိုင်းရိုက်၍မရကြောင်း သွယ်ဝိုက်ကာပြောပြရမည်။
ဘွားဘွားအား သူမအားပြန်၍မချော့ခြင်းသည် မှားယွင်းကြောင်းပြောပြချင်သည်။
ကျန်းရှောင်မန်သည် သူမ၏စိတ်အားအသင့်ပြင်ဆင်လိုက်ကာ စနစ်မှသင်ပေးသော "အစာကောင်းကျွေးကာ အကူအညီယူသည်" အားအသုံးချရန် ကြံရွယ်လိုက်သည်။ သူမသည် ယွီချင်းရှီအား စနစ်မှအရသာရှိသောအစားအစာများကို ပေးရန်ကြံရွယ်ထားသည်။ ဤသို့ဆိုလျှင် သူသည် သူမ၏တောင်းဆိုချက်အား ငြင်းရန်ခက်ခဲမှာဖြစ်သည်။
သူမသည် သူ၏အိမ်တွင် ရက်အနည်းငယ်နေခွင့်ရရန် တောင်းဆိုရမည်။
သူမသည် သကြားလုံးဆယ်လုံးအား အမှတ်အချို့နှင့်လဲလှယ်လိုက်သည်။ စနစ်မှဝယ်ယူရသော သကြားလုံးများသည် အလွန်ပင်စျေးကြီးသည်။
ရှောင်မန်သည် သူမကိုယ်တိုင်အတွက်ပင် ဝယ်ယူရန်တွန့်တိုခဲ့ဖူးသည်။
ယခုတွင်မူ သူ့အား ထိုသကြားလုံးအကုန်လုံးကို ပေးလိုက်မည်ဖြစ်သည်။
အကြံအစည်အား အကောင်အထည်ဖော်ရန် သူမ၏အဝတ်အစားအနည်းငယ်ကို ကျောင်းလွယ်အိတ်ထဲသို့ ထည့်လိုက်သည်။ ထို့နောက် တနင်္လာနေ့အား စောင့်နေတော့သည်။
သူမသည်အရမ်းကိုဝမ်းနည်းခဲ့ရပြီး စိတ်လည်းဆိုးခဲ့ရသည်။
ကျောင်းသို့ရောက်သောအခါ ယွီချင်းရှီအား သကြားလုံးပေးရန် လိုက်၍ရှာခဲ့သည်။ သို့သော် သူသည်ကျောင်းမလာခဲ့ချေ။
Chapter 114
ယွီချင်းရှီက သူမထက်
ပင်ကျောင်းမှန်မှန်လာတတ်သည်။ သူ့အား လေနှင့်မိုးကပင် မတားဆီးနိုင်ပေ။ ဤသို့ဆိုလျှင် ကျောင်းပိတ်ရက်မဟုတ်ပဲ သူသည်အဘယ့်ကြောင့် ကျောင်းမလာရသနည်း။
ရှောင်မန်သည် လက်ထဲရှိသကြားလုံးများအား မစားမိစေရန်အတွက် ခက်ခက်ခဲခဲအားတင်းထားရသည်။ သူမစားလိုက်၍ကုန်သွားလျှင် သူနှင့်အလဲအလှယ်လုပ်စရာမရှိတော့မှာဖြစ်သည်။
သူမ သကြားလုံးများအား မစားမိစေရန်စိတ်ထိန်းရင်း စောင့်ဆိုင်းနေခဲ့သည်။ သို့သော် နေ့လည်ရောက်သည်အထိ ယွီချင်းရှီသည်ရောက်မလာခဲ့ချေ။ သူ၏ကျောင်းပျက်ခြင်းက သေချာသွားပြီဖြစ်သည်။
နေ့လည်ခင်းအနားယူချိန်တွင် ရှောင်မန်သည် အတွေးများနေသောကြောင့် မအိပ်စက်နိုင်ခဲ့ပေ။ ထို့ကြောင့် ဆရာများနားနေခန်းသို့ အပြေးကလေးသွားကာ ဆရာရန်အားမေးမြန်းခဲ့သည်။
"ဆရာမရန်...ယွီချင်းရှီကလေ..ဒီနေ့ဘာလို့ကျောင်းမလာတာလဲဟင်..."
"သြော်...သူ့အိမ်မှာကိစ္စရှိလို့ဆိုပြီး သူ့ဖေဖေကခွင့်တိုင်သွားတယ် သမီး"
"အာ...ဟုတ်ကဲ့ပါ..."
ကျန်းရှောင်မန် စိတ်ပျက်အားလျော့ကာ ဆရာများရုံးခန်းမှ ပြန်လာခဲ့သည်။
သူမ၏အကြံက အကောင်အထည်မဖော်ရပဲ ပျက်စီးသွားခဲ့ပြီဖြစ်သည်။ ဘွားဘွားနှင့်နားလည်မှုရရှိရန် မည်သည့်အရာကိုလုပ်ရမည်မှန်းမသိတော့ချေ။
သူမအရမ်းကို ကံဆိုးသည်ဟုခံစားရသည်။
သူမ စိတ်ဆိုးဆိုးနှင့် သကြားလုံးများအားထိုင်စားကာနေလိုက်သည်။ ကုန်သွားသည့်အခါ အမှတ်များနှင့်ထပ်မံလဲလှယ်ကာ ဆက်လက်၍စားသည်။
စနစ်သည် ကလေးမလေးအားသွေးဆောင်ရန် ကြိုးစားလိုက်သည်။
"ပိုင်ရှင်...ငါ့မှာမင်းစားချင်သလောက် သကြားလုံးတွေရှိတယ်သိလား...မင်းကိုဒီတိုင်း အလကားပေးမယ်လေ...တကယ်လို့ မင်းသာ.."
"မလုပ်ဘူး..."
ကျန်းရှောင်မန်သည် ပြတ်သားစွာငြင်းဆိုလိုက်သည်။
"ဘွားဘွားက သူတပါးပစ္စည်းတွေကို လျှောက်ဖွတာမကောင်းဘူးလို့ပြောတယ်...ဦးဦးစနစ် သမီးကိုထပ်ပြီး မလိမ္မာတဲ့ကလေးဖြစ်အောင်မလုပ်ပါနဲ့....."
သူမက အသက်အရွယ်နှင့်မလိုက်အောင်ပင် ထက်မြက်လွန်းသည်။
စနစ် စိတ်ဆိုးရလွန်းသဖြင့် မည်သည်ကိုမှဆက်လက်၍မပြောတော့ပေ။
ညနေခင်းကျောင်းဆင်းချိန်ရောက်လာခဲ့သည်။
ကျန်းရှောင်မန်က အိမ်မှခိုးကြောင်ခိုးဝှက်ထွက်ပြေးရန် ကြံရွယ်ဆဲပင်ဖြစ်သည်။ ဘွားဘွားသည် သူမအားကျောင်းလာကြိုလိမ့်မည်။ သူမသည် ချော့မော့ရန်မလွယ်ကူကြောင်း ဘွားဘွားအား သိရှိစေချင်သေးသည်။
သို့သော် ကျန်းဟွေ့မိန်အစား ကျန်းရှင်းသာကျောင်းလာကြိုခဲ့သည်။
"ဦးလေး..."
ကျန်းရှောင်မန်သည် သူ့အားချွဲနွဲ့စွာ ခေါ်လိုက်သည်။ သူမသည် မျက်နှာကလေးမဲ့ကာ ပြိုတော့မည့်မိုးကဲ့သို့ဖြစ်နေခဲ့သည်။
"ဦးလေး...ဦးလေးမရှိခင်ကလေ...သမီးအရိုက်ခံခဲ့ရတယ်သိလား"
ကျန်းရှင်းက သိပ်ပြီးမထူးဆန်းသည့်ကိစ္စဟု ခံစားရသည်။
သူမအားပွေ့ချီလိုက်ကာ ပြန်လာခဲ့ကြသည်။
သို့သော် သူတို့သည်အိမ်သို့ပြန်နေခြင်း မဟုတ်ပေ။ ရှောင်မန်သည် သူမ၏ဦးလေးအား ပျော်ရွှင်စွာမေးလိုက်သည်။
"ဦးလေး..ဦးလေးသမီးကို အိမ်ကထွက်ပြေးဖို့ခေါ်သွားနေတာလားဟင်..."
ကျန်းရှင်းသည် သူမအားအထိတ်တလန့်ကြည့်လိုက်သည်။
"ရှောင်မန်လေးက ဘာတွေတွေးနေတာလဲ..ဦးဦးတို့က သမီးသူငယ်ချင်းအိမ်ကိုသွားနေကြတာလေ..."
"အိုး....သူထပ်ပြီးနေမကောင်းဖြစ်ပြန်ပြီလား..."
ကျန်းရှောင်မန်သည် ယခင်ကဖြစ်ရပ်အပေါ်မူတည်၍မေးလိုက်သည်။
"ဒါကြောင့် မူကြိုကိုဒီနေ့မလာတာပဲ...သူကျတော့ပြသနာရှိရင် ကျောင်းမလာပဲနေလို့ရတယ်နော်...အားကျလိုက်တာ...."
ကျန်းရှင်း သူမလေးအား လက်လျှော့လိုက်သလိုကြည့်ကာ ရယ်လိုက်သည်။
ယွီချင်းရှီ၏ပြသနာသည် အမှန်ပင်သနားစရာကောင်းသည်။
သူသည် ရောဂါလက္ခဏာမပြသောအချိန်တွင် ကျန်းရှောင်မန်ထက်ပင် ပို၍ထက်မြက်သည့် ကလေးတစ်ယောက်ပင်ဖြစ်သည်။ သို့သော် ယခုအခါတွင်မူ မည်သည့်ကုသမှုမှအလုပ်မဖြစ်တော့ချေ။
"သူ့ကိုနောက်ဆုံးတစ်ခါတုန်းကလိုမျိုး နည်းနည်းချော့လိုက်နော်..ဟုတ်ပြီလား ယွီသူဌေးကငိုတော့မလိုဖြစ်နေပြီ..."
"ဟုတ်ကဲ့...အန်ကယ်ယွီသနားပါတယ်..."
ယွီအိမ်သို့ သူတို့တူဝရီးရောက်ချိန်တွင် ကောင်းကင်သည် မှောင်ပင်မှောင်၍နေပြီဖြစ်သည်။
ယခုတွင်မူ အရင်အချိန်ကဲ့သို့ အစားအစာများပြန့်ကျဲနေခြင်းမရှိပဲ တိတ်ဆိတ်မှုသာလျှင် ကြီးစိုးနေခဲ့သည်။
ယွီဝမ်ချန်း၏ဘေးတစ်ဖက်တစ်ချက်တွင် အဘိုးအဘွားစုံတွဲ ထိုင်နေသည်အားတွေ့ရသည်။ ယွီအဘိုးနှင့်အဘွားရောက်ရှိနေခြင်းအားကြည့်လျှင် ဤတစ်ခါပြသနာသည် ကြီးမားကြောင်းသိနိုင်လေသည်။
ကျောင်းပိတ်ရက်၌ စိတ်ကျန်းမာရေးဆေးရုံမှ ယွီချင်းရှီ၏မိခင်သည် သူမ၏ကလေးအားတွေ့လိုကြောင်း မှာကြားခဲ့သည်။
Chapter 115
ယွီဝမ်ချန်းသည် ဆရာဝန်အားမေးမြန်းကြည့်သောအခါ သူမ၏စိတ်အခြေအနေမှာ တည်ငြိမ်နေသောကြောင့် ကလေးနှင့်ပေးတွေ့ရန် အဆင်ပြေကြောင်းသိရသည်။
ယွီချင်းရှီ၏မိခင်သည် အစပိုင်းတွင် သူမ၏သားဖြစ်သူနှင့် အဆင်ပြေပြေရှိနေခဲ့သည်။ ရုတ်တရက်သူမသည် ကလေးငယ်အား စတင်၍ဆူပူကာရိုက်နှက်တော့သည်။
ယွီဝမ်ချန်း နံဘေးတွင်ရှိနေခြင်းကြောင့် အချိန်မီဟန့်တားနိုင်ခဲ့သည်။ သို့ရာတွင် ယွီချင်းရှီသည် ထိုကဲ့သို့ဖြစ်ပျက်ပြီးနောက်ပိုင်း စကားတစ်ခွန်းမျှမပြောတော့ချေ။ သူတို့ဘက်က ရွေးချယ်ရန်မရှိသည့်အဆုံး ရှောင်မန်အားခေါ်ရတော့သည်။
ယွီဝမ်ချန်း အလွန်ပင်စိတ်ဆင်းရဲနေခဲ့သည်။
သို့သော် ကျန်းရှောင်မန်နှင့်ကျန်းရှင်းအား တွေ့သောအခါတွင် စိတ်သက်သာရာရသွားခဲ့ရသည်။
သူသည်နီရဲနေသောမျက်ဝန်းများဖြင့်ပြောလိုက်သည်။
"အမြဲတမ်းပြသနာပေးသလိုဖြစ်နေတာ အားနာပါတယ်ဗျာ...."
"ရပါတယ်...မဟုတ်တာပဲ...."
ကျန်းရှင်းက ရှောင်မန်အားချီပိုးထားရာမှ လှေကားပေါ်သို့ ချပေးလိုက်သည်။ သူတို့သည် အရင်တခါအတိုင်း မြောင်မြောင်၏အပေါက်မှတဆင့် အခန်းထဲသို့ဝင်ကြပေလိမ့်မည်။
ယွီဝမ်ချန်းသည် အရင်တခါအဖြစ်အပျက်ဖြစ်ပြီးသည့်နောက်တွင် အဆိုပါအပေါက်အားသူပါဝင်လို့ရရန်ချဲ့ထားခဲ့သည်။ သို့သော် မကြာခင်ပင် ယွီချင်းရှီမှရှာတွေ့သွားသဖြင့် သူသည် မူလအတိုင်းပြန်လည်ပြင်ပေးရတော့သည်။ ထို့ကြောင့် ကျန်းရှောင်မန်၏ ခန္ဓာကိုယ်သေးသေးလေးမှလွဲ၍ လူကြီးများဝင်၍မရချေ။
ကျန်းရှောင်မန် အခန်းအတွင်းသို့အပေါက်မှတဆင့် ဝင်သွားခဲ့သည်။ အခန်းထဲ၌အပြင်ဘက်ရှိကောင်းကင်ထက်ပင် ပို၍မှောင်မိုက်နေသောကြောင့် သူမသည် မီးအားဖွင့်လိုက်သည်။ ထို့နောက် ဗီရိုထံသို့လျှောက်သွားလိုက်ကာ ဖွင့်ကြည့်လိုက်သည်။
သို့သော် ယွီချင်းရှီက ဗီရိုထဲတွင်မရှိပေ။
ထို့ကြောင့်ရှောင်မန်သည် ကုတင်ဘေးရှိကြမ်းပြင်ပေါ်တွင် လှဲချလိုက်ပြီးနောက် ကုတင်အောက်သို့ သူမကိုယ်လေးကို လိမ့်ရင်းလိမ့်ရင်းဝင်သွားခဲ့သည်။ အပတ်ရေအချို့လိမ့်ပြီးနောက်တွင် သူမသည် ယွီချင်းရှီ၏မျက်ဝန်းများနှင့် အကြည့်ချင်းဆုံမိသွားသည်။
ဝိုင်းစက်သောမျက်ဝန်းများနှင့် စူးရှသောမျက်ဝန်းများသည် အတန်ကြာစိုက်ကြည့်နေမိကြသည်။
ယွီချင်းရှီက တိတ်တိတ်ကလေးငိုနေခဲ့သည်။ ထို့နောက် ကျန်းရှောင်မန်အားတွေ့လိုက်ရခြင်းဖြစ်သည်။ သူသည်သူမအား စိတ်ဆိုးစွာကြည့်လိုက်ရင်း သူ၏ပိုင်နက်ထဲမှ နှင်ထုတ်ရန်ပြင်လိုက်သည်။
ဒီနတ်ဆိုးကလေးက သူပုန်းနေတဲ့နေရာကို ဘာဖြစ်လို့များအမြဲတမ်းရှာတွေ့နိုင်ရတာလဲ...
ကျန်းရှောင်မန်သည် သူ့အားမေးလိုက်သည်။
"ဘာလို့ ငိုနေတာလဲ..."
ယွီချင်းရှီ ပြန်မဖြေခဲ့ပေ။
"ဘာလို့ဒီမှာပုန်းနေတာလဲ..."
သူ သူမလေးအားဆက်လက်၍ လျစ်လျူရှုထားဆဲပင်ဖြစ်သည်။ ကျန်းရှောင်မန်က သူ၏ငိုကြွေးနေခြင်းကိုသာ ဆက်လက်၍ကြည့်နေရသည်။
ရှောင်မန်လေး မတရားခံရသလိုခံစားလိုက်ရသည်။ သူမသည် အရိုက်လည်းခံခဲ့ရပြီး အိမ်မှလည်းထွက်မပြေးနိုင်ပေ။ ယခုမူ သူမအားလျစ်လျူရှုထားသည့် ကလေးကိုပါချော့မော့နေရသည်။ သူမကိုယ်သူမ အလွန်ပင် သနားစရာကောင်းသည်ဟု ခံစားရသည်။
သူမသည် တွေးရင်းတွေးရင်းဝမ်းနည်းလာကာ စတင်ရှိုက်ငိုတော့သည်။
"ဟင့်...ကမ္ဘာပေါ်မှာရှိတဲ့ကလေးတွေအားလုံးက ဒုက္ခတွေကိုမျှဝေနေရတယ် သူတို့စကားနားမထောင်ရင် အဆူခံကြရတယ်..နင်လည်းစကားနားမထောင်တဲ့အတွက် အရိုက်ခံခဲ့ရတာပဲမဟုတ်လား...ဟင့်..."
ယွီချင်းရှီ သူမအားဆက်လက်လျစ်လျူရှုချင်ခဲ့သည်။ သို့သော် သူသည်ဤကဲ့သို့မလုပ်နိုင်ခဲ့ပေ။
"ငါက ကအဲ့ဒီ့လိုမဟုတ်ဘူး...."
"မဖြစ်နိုင်တာ...နင်လည်းမလိမ္မာတဲ့အတွက်အရိုက်ခံရလို့ ငိုနေတာပါ..မဟုတ်ရင်ဘာလို့ငိုမှာလဲ.."
သူက သူမနဲ့မတူဘူးဟုတ်ပြီလား..သူတစ်ခါမှ
မနာခံတဲ့အတွက် အရိုက်မခံရဘူး....
ယွီချင်းရှီသည် သူမအား စိတ်ဆိုးဆိုးနှင့်ပြောလိုက်သည်။
"ငါ့အမေက ငါ့ကိုဆူပြီးရိုက်ဖို့အထိလုပ်တယ်..သူမကငါ့ကိုမလိုချင်ဘူး..."
"ဟင်...သူမနင့်ကိုဆူတာက ဘာထူးဆန်းနေလို့လဲ...နင်ကအဲ့တာကြောင့်ပုန်းပြီးငိုနေတာလား..."
ယွီချင်းရှီသည် မကျေမနပ်ဖြင့်ပြောလိုက်သည်။
"အဲ့တာဝမ်းနည်းစရာကောင်းတဲ့ကိစ္စပဲလေ.."
"ငါ့မှာဆိုရင် အဖေလည်းမရှိသလို အမေလည်းမရှိဘူး..ဘွားဘွားနဲ့ဦးလေးပဲရှိတယ်..ဘွားဘွားကဦးလေးကိုလည်းရိုက်တယ်..ငါဆိုရင်လည်းအရိုက်ခံရတာပဲ...နင်ကဒါလေးနဲ့ငိုနေတယ်...ငါနင့်ကိုလေ ဘွားဘွားကိုနှစ်ရက်လောက်ငှားလိုက်မယ်..အဲ့ဒီ့အခါကျရင် နင်ငါ့ဘဝကဘယ်လောက်ထိသနားစရာကောင်းလဲဆိုတာ နားလည်သွားလိမ့်မယ်.."