အပိုင်း ၁၁၆-၁၂၀
Viewers 15k

Chapter 116


သူမသည် ဆက်လက်၍ပြောရင်း ထပ်မံငိုကြွေးပြန်သည်။


သူမ၏ မျက်ရည်များဖုံးလွှမ်းနေသော မျက်နှာလေးအားကြည့်ရင်း ယွီချင်းရှီက သူမက သူ့ထက်ပို၍ သနားစရာကောင်းသည်ဟု ခံစားရသည်။


သူမနှင့်ယှဥ်ပါက သူကမပြောပလောက်ပေ။ သူမက သူ့အားအဆုံးထိပြသလိုက်ခြင်းပင်ဖြစ်သည်။


သို့ရာတွင် ကျန်းရှောင်မန်သည် အလွန်ပင်

အတင့်ရဲကာအဆင်အခြင်ကင်းမဲ့ပြီး သနားစရာကောင်းသောကလေးမလေးနှင့် လုံးဝမတူချေ။ သူပင်လျှင် သူမအား တစ်ခါတစ်ရံရိုက်ချင်လေသည်။


ယွီချင်းရှီ အနည်းငယ်တုံ့ဆိုင်းနေပြီးနောက်မေးလိုက်သည်။


"ဘွားဘွားရိုက်တော့ နာလား..."


"အရမ်းနာတာ...နာတာမှ ငါတစ်ညလုံးအိပ်လို့တောင်မပျော်ဘူး..."


ကျန်းဟွေ့မိန်၏ကြက်မွှေးမှာ အမှန်တကယ်ရက်စက်ပေသည်။


သူသည် ဝမ်းနည်းရသောအကြောင်းအရင်းအား ရုတ်တရက်ပျောက်ရှသွားသည်ဟု ခံစားရသည်။ ယခုအခါကျန်းရှောင်မန်၏ အလှည့်ပင်ဖြစ်သည်။


"ငါအရိုက်လည်းခံခဲ့ရတယ်...အဆူလည်းခံခဲ့ရတယ်...ခုနင့်ကိုချော့ဖို့လည်းဒီအထိလာရသေးတယ်...နင်ကအဲ့တာကိုခုထိဆက်ပြီးငိုချင်နေတုန်းလား...."


"ဟင့်...ဟင့်အင်း...မငိုချင်တော့ဘူး..."


"ဒါပေမယ့် ငါငိုချင်နေတုန်းပဲ..."


သူမတွေးလေလေ ပို၍ဝမ်းနည်းလေလေပင်ဖြစ်သည်။


"ဘွားဘွားက ငါ့ပစ္စည်းတချို့ကိုယူသွားခဲ့တယ်လေ...ငါကအဲ့တာကိုပြန်လည်းရှာရော ဘွားဘွားကငါ့ကို ဆူလည်းဆူတယ်....ရိုက်လည်းရိုက်တယ်...လူကြီးတွေက ဘာလို့အဲ့လောက်ထိ ရက်စက်ရတာလဲ...သူမကငါ့ရဲ့အမြင်ကိုတော့ နည်းနည်းလေးတောင်မမေးဘူးလေ...သူမငါ့ကိုဘာလို့ရိုက်ရက်တာလဲ...ဝါး......"


ယွီချင်းရှီ ရုတ်တရက် ဘာပြန်ပြောရမည်မှန်းမသိတော့ချေ။


သူမနှင့်ယှဥ်လျှင်သူသည် ပျော်ရွှင်နေသင့်ပေသည်။ သူ့ဖေဖေက သူ၏ပစ္စည်းများအား လက်လွတ်စပယ်ထိခြင်းမပြုခဲ့ဖူးပေ။ ထို့အပြင် သူ့ဖေဖေက ရိုက်ခြင်းဆူခြင်းလည်း မရှိခဲ့ပေ။


ကျန်းရှောင်မန် အချိန်အတော်ကြာငိုရှိုက်ပြီးနောက် ကုတင်အောက်မှလိမ့်၍ ထွက်လိုက်သည်။


ထို့နောက် ယွီချင်းရှီအား လက်ဝှေ့ယမ်းပြကာပြောလိုက်သည်။ 

"အဲ့တာထားလိုက်ပြီး...အပြင်ကိုထွက်ခဲ့စမ်းပါ...ငါ့မှာတိုင်ပင်စရာရှိတယ်..."


ယွီချင်းရှီ ခေတ္တမျှတုံ့ဆိုင်းနေပြီးနောက် ကုတင်အောက်မှထွက်လာခဲ့သည်။


"ငါအိမ်ကနေ နှစ်ရက်လောက်ထွက်ပြေးချင်တယ်...ငါ့ကိုခဏဖွက်ထားပေးပါလားဟင်...ငါ့မှာသူငယ်ချင်းဆိုလို့နင်ပဲရှိတာ...ပြီးငါအိပ်လို့ရတာဆိုလို့လည်း နင့်အိမ်ပဲရှိတာ...နင်မခေါ်ထားရင်လေ...ငါလမ်းတွေပေါ်မှာအိပ်ရတော့မှာ...ဦးဦးစနစ်ကပြောတယ်...လမ်းပေါ်မှာလူဆိုးကြီးတွေ လျှောက်သွားတတ်တယ်တဲ့...ငါ့ကိုနှစ်ရက်လောက်ဖွက်ထားပေးပါနော်..."


သူမဘယ်လိုများ အိမ်မှထွက်ပြေးမယ့် ကြောင်း စဥ်းစားနိုင်ရတာခဲ...သူပင် တစ်ခါမှ မစဥ်းစားခဲ့ဖူးဘူးလေ....


သို့ရာတွင် သူမသည် သူ၏သူငယ်ချင်းဖြစ်နေ၍ ကြည့်ရှုရမည်ဖြစ်သောကြောင့် ခေါင်းကိုအသာညှိတ်လိုက်သည်။


ဘယ်လိုပဲဖြစ်ဖြစ် အိမ်မှာအခန်းတွေအများကြီးရှိတာပဲလေ...ရှောင်မန်နှစ်ရက်လောက်နေတာ ဘာမှမဖြစ်ပါဘူး...


သို့သော် သူမသည်တစ်လက်မပေးလျှင် တစ်မိုင်လောက်တောင်းဆိုလာတတ်သူဖြစ်သည်။


"ဒါဆိုရင်လေ...ဒီညငါတို့တူတူအိပ်ကြမယ်နော်...ငါ့မှာနင့်ကိုပြောပြစရာ ပုံပြင်တွင်အများကြီးရှိတယ်...မေမေကျားမကြီးပုံပြင်ဆို ကြောက်စရာအကောင်းဆုံးပဲသိလား...သူမကအရမ်းငိုတဲ့ကလေးတွေကိုစားတာလေ...."


ယွီချင်းရှီ အလွန်ပင်ကြောက်ရွံ့သွားခဲ့သည်။ သူမအား သူ့အခန်းသို့နှစ်ခါဝင်ခွင့်ပြုခဲ့ခြင်းသည်ပင် လိုက်လျောလွန်းရာကျနေပြီဖြစ်သည်။


သူမနဲ့တူတူအိပ်ရမယ်...နောက်ပြီးဘာ...မေမေကျားမကြီးပုံပြင်..သူမကအရမ်းကြောက်စရာကောင်းတာပဲ...


ယွီချင်းရှီ မျက်ရည်များပြန်လည်ကျလာပြီးနောက် သူ့ဖေဖေအားရှာရန်ပြေးထွက်သွားခဲ့သည်။ 


"ဝါး...ဖေဖေ...သားဖေဖေနဲ့ဒီညအိပ်ချင်တယ်..."


ယွီဝမ်ချန်းသည် သူ့သားဖြစ်သူမှာ ရုတ်တရက်ပြေးလာပြီးနောက် သူ့အားလွတ်ထွက်သွားမည်ကိုစိုးရိမ်နေသည့်အလား ဖက်ထားခြင်းကိုခံလိုက်ရသည်။ သူသည် ဝမ်းသာလွန်း၍မျက်ရည်များပင်ဝဲလာခဲ့ပြီး ပြောလိုက်သည်။


"ကောင်းပြီ...ဖေဖေနဲ့တူတူလာအိပ်နော်..."


ကျန်းရှောင်မန်သည် အမှန်တကယ်ပင်အံ့သြစရာကောင်းပေသည်...


Chapter 117


အဆုံးသတ်တွင်မူ ကျန်းရှောင်မန်က အိမ်မှထွက်ပြေးရန်အကြံစည်အား စွန့်လွှတ်လိုက်ရတော့သည်။


ယွီချင်းရှီဘက်က သူမအားနှစ်ရက်ခန့်နေခွင့်ပေးမည်ဖြစ်ကြောင်းပြောခဲ့သော်လည်း ကျန်းရှင်းပ သူမအားနေခဲ့ရန်ခွင့်မပြုခဲ့ချေ။ ထို့ကြောင့် ကျန်းရှောင်မန်လေးမှာ ကျန်းရှင်းနှင့်အတူ အိမ်သို့ပြန်ရတော့သည်။


ကျန်းရှောင်မန် အလွန်ပင်မပျော်ရွှင်ဖြစ်နေခဲ့သည်။ သူမလေးက အိမ်ပြန်သည့် လမ်းတစ်လျှောက်လုံးတွင် နှုတ်ခမ်းလေးစူကာ စကားတစ်ခွန်းပင် မပြောခဲ့ချေ။


ကျန်းရှင်း တူမဖြစ်သူအားစနောက်လိုက်သည်။


"ကြည့်ပါဦး...သမီးနှုတ်ခမ်းလေးကထော်နေလိုက်တာ ပုလင်းတောင်ထင်ထားလို့ရတယ်..."


"ဟွန့်...."


ကျန်းရှောင်မန် သူမ၏မျက်ရည်များအားသုတ်လိုက်သည်။ သူမသည် အသုံးပြုပြီးပြီးချင်း လွှင့်ပစ်ခံရသော ပစ္စည်းတစ်ခုလို ခံစားနေရသည်။ ယွီချင်းရှီနှင့် ဦးဦးယွီသည် ပျော်ရွှင်စွာနေခဲ့ကြသည်။ သို့သော် သူမအတွက်မူ မည်သည်ကိုမှမရခဲ့ချေ။


သူမအိမ်သို့ရောက်သောအခါ ဘွားဘွားထံမှ အဆူခံရဦးမည်။


"ဦးလေး....ဘွားဘွားကဘာလို့ သမီးရဲ့ကျောက်စိမ်းလည်ဆွဲကိုယူသွားတာလဲဟင်.."


ကျန်းရှင်းသည် အံ့သြသွားခဲ့သည်။ သူ့အမေသည် ရှောင်မန်၏လည်ဆွဲအား ယူဆောင်ထားလိမ့်မည်ဟု သူမထင်ထားခဲ့ချေ။


ခေတ္တတုန့်ဆိုင်းနေပြီးနောက် သူသည် သူမလေးအားမေးလိုက်သည်။


"ရှောင်မန်...တကယ်လို့လေ...တစ်နေ့မှာသမီးရဲ့ဖေဖေသာရှိလာခဲ့ရင်...ဦးဦးနဲ့ဘွားဘွားကိုထားပြီး သူနဲ့တူတူနေမှာလား..."


"ဘာလို့သမီးက ဦးဦးတို့ကိုထားသွားရမှာလဲ...သမီးတို့တစ်သက်လုံးတူတူနေမှာမဟုတ်ဘူးလားဟင်"


"ကောင်းပြီလေ...အဲ့ဒီ့အချိန်ကျမှကြည့်တာပေါ့...ဘွားဘွားကသမီးကို ဆူတယ်ရိုက်တယ်ဆိုတာ သမီးကိုချစ်လို့ပါကွယ်..သမီးရဲ့လည်ဆွဲကိုသိမ်းထားခွင့်ပေးလိုက်ပါ..ဟုတ်ပြီလား..ဦးဦးကသမီးကိုနောက်တစ်ခုထပ်ဝယ်ပေးမယ်လေ..."


"ဒါပေမယ့် သမီးကအဲ့လည်ဆွဲကိုပဲလိုချင်တာ"


ကျန်းရှောင်မန် ထိုလည်ဆွဲကိုမလိုချင်ပါ။ သို့သော် ဦးဦးစနစ်က ထိုလည်ဆွဲမရှိပါက သူသေဆုံးရလိမ့်မည်ဟု ပြောခဲ့သည်။ သူမ သူ့ကိုမသေဆုံးစေချင်ပါ။


အကယ်၍ ဦးဦးစနစ်မရှိတော့လျှင် သူမသည် အချိန်တော်တော်များများတွင် တစ်ယောက်တည်းဖြစ်သွားလိမ့်မည်။


ကျန်းရှောင်မန် စိတ်ညစ်ညစ်နှင့် သက်ပြင်းချလိုက်သည်။


သူမငယ်ငယ်လေးပဲရှိသေးတာလေ..ဘာလို့ဒီလောက်စိတ်ဒုက္ခရောက်နေရတာလဲ...


"ဒီလိုဆိုရင်ရော...ဦးလေးက အိမ်ပြန်ရောက်ရင် ဘွားဘွားကို လည်ဆွဲပြန်ပေးဖို့ ကူပြောပေးမယ်လေ..."


ကျန်းရှောင်မန် ထိုအခါမှသာ အငိုတိတ်၍သွားခဲ့သည်။


သူတို့အိမ်ပြန်ရောက်ကြသောအချိန်တွင် သူမလေးသည် အလွန်ပင်ပန်းနေပြီဖြစ်သည်။ ခြေလက်ဆေးကြောပြီးနောက် တန်းပြီးအိပ်ရာဝင်သွားလေသည်။ သူမသည် အိမ်မက်ထဲတွင်ပင် ဆက်လက်၍ငိုရှိုက်နေသေးသည်။ မျက်ဝန်းနားတစ်ဝိုက်တွင်နီရဲနေကာ ပါးဖောင်းဖောင်းလေးပေါ်တွင်လည်း ခြောက်ကာစမျက်ရည်စီးကြောင်းများနှင့် အလွန်ပင် သနားစရာကောင်းနေခဲ့သည်။


ကျန်းရှင်း သူ၏မိခင်အနားသို့ကပ်လိုက်သည်။


"အမေ...တကယ်လို့ရှောင်မန်က လည်ဆွဲကိုလိုချင်နေတယ်ဆိုရင်လည်း ပြန်ပြီးပေးလိုက်တာကပိုမကောင်းဘူးလား...သူမကိုထွက်မသွားစေချင်ရင် သူမကိုပိုပြီးအလိုလိုက်သင့်တယ်လို့ ကျွန်တော်ထင်တယ်...ကလေးတွေက ငြိမ်ငြိမ်မနေပဲဆိုးနွဲ့တတ်ကြတယ်လေ..ရှောင်မန်ငယ်ငယ်ကဆိုရင် ပန်းကန်တွေခဏခဏခွဲတာပဲမဟုတ်လား..သူမကိုပဲပေးထားလိုက်ပါ..လည်ဆွဲကအမှတ်တမဲ့နဲ့ ကျကွဲသွားနိုင်တာပဲလေ..."


ကျန်းဟွေ့မိန်သည် သူမအားကျန်းရှင်းတရားချနေသည်ကို မနှစ်မြို့သော်လည်း သူပြောသည့်အရာများသည် အဓိပ္ပာယ်ရှိသည်ကို ဝန်ခံရပေလိမ့်မည်။


ကျောက်စိမ်းလည်ဆွဲအားယူထားခြင်းသည် ကျန်းရှောင်မန်အား ကူညီ၍သိမ်းပေးရာပင်ရောက်နေသေးသည်။


မည်သို့ပင်ဖြစ်စေ ရှောင်မန်က သူမကိုယ်သူမပင် မထိန်းသိမ်းနိုင်သေးပေ။ သူမသည် ထိုလည်ဆွဲအား အမှတ်တမဲ့ကျကွဲနိုင်သေးသည်။ သူမသည် ကျ၍လည်းပျောက်နိုင်သေးသည်။ ထိုမျှမကပဲ တစ်နေ့နေ့တွင် မကြိုက်တော့ပဲ 

လွှင့်ပစ်နိုင်သေးသည်။


သို့သော် ကျန်းဟွေ့မိန်သည် စိတ်ပူနေဆဲပင်ဖြစ်သည်။


"တကယ်လို့ သူမရဲ့မိဘအရင်းတွေလာခေါ်ရင်ရော...သူတို့ကသူမကိုအဝေးကြီးခေါ်သွားကြမှာလေ..."


ကျန်းရှင်း ရယ်မောရင်းပြန်ဖြေခဲ့သည်။


"အမေရယ်..ကျွန်တော်လည်း ထောက်ပံ့ပို့ဆောင်ရေးအသင်းနဲ့ လျှောက်သွားနေခဲ့တာပါပဲ..ကလေးပျောက်တဲ့ကြော်ငြာစာရွက်တွေလည်း တော်တော်များများတွေ့ဖူးပါတယ်....

ဒါပေမယ့် ရှောင်မန်ရဲ့ပုံကိုတော့ တခါမှမတွေ့ဖူးပါဘူး...."


သူပြောသည်အားကြားပြီးနောက် သူမ အတော်လေးစိတ်သက်သာရာရခဲ့သည်။


သူတို့သည် သူမလေးအား နှစ်အတော်ကြာ ပြုစုစောင့်ရှောက်ခဲ့သည်။ မည်သူတစ်ဦးတစ်ယောက်မှ လာမရှာခဲ့ဖူးချေ။ 


ကျောက်စိမ်းလည်ဆွဲသည် အလွန်ပင်အရည်အသွေးကောင်းမွန်လှသည်။ ရှောင်မန်၏မိသားစုသည် သာမန်လူများမဖြစ်နိုင်ပေ။ အနည်းဆုံးတော့ သူတို့ထက်စီးပွားရေးကောင်းမွန်သောအိမ်တစ်အိမ် ဖြစ်နေနိုင်သည်။


Chapter 118


ရှောင်မန်၏မိသားစုသည် ငွေကြေးရှားပါးဟန်မပေါ်ပေ။ ချမ်းသာသောမိသားစုများက ကလေးပျောက်ဆုံးသွားပါလျှက်နှင့် မရှာဖွေခြင်းမှာ အကြောင်းပြချက်တစ်ခုသာရှိသည်။ သူတို့က သူမအား မလိုချင်ခြင်းပင်ဖြစ်သည်။


ကျန်းဟွေ့မိန်သည် ကြမ်းတမ်းသောဘဝအား ဖြတ်သန်းလာခဲ့သူဖြစ်သဖြင့် သူမ၏အတွေးများသည်လည်း ညှင်သာခြင်းမရှိပေ။


တစ်ဖက်မှကြည့်လျှင် ကျန်းရှောင်မန်မှာ သူမ၏ရတနာလေးပင်ဖြစ်သည်။ သို့ရာတွင် မည်သူတစ်ဦးတစ်ယောက်မျှ သူမအတွက်မလာခဲ့ပေ။ ထို့ကြောင့် သူမဘက်က အစိုးရိမ်လွန်ကာ အကာကွယ်လွန်နေခြင်းသာဖြစ်သည်ကို နားလည်၍သွားသည်။ ရှောင်မန်၏မိသားစုက မျက်လုံးများကန်းနေ၍သာ  ဤကဲ့သို့ရတနာလေးအား  လိုက်၍မရှာခြင်းဖြစ်မည်ဟု ခံစားရသည်။


သူမတို့၏ရှောင်မန်လေးမှာ အလွန်ပင်ချစ်စရာကောင်းလှသူဖြစ်သည်။


ကျန်းဟွေ့မိန်၏မိဘများက သူမ၏အကိုအား အလွန်အမင်းချစ်ခင်ကြသော်လည်း သူမကိုမူ ဂရုစိုက်ခြင်းမရှိပေ။ ရှောင်မန်၏မိသားစုသည်လည်း ယောက်ျားလေးများကိုသာ ဦးစားပေးသောကြောင့် သူမလေးအားဂရုမစိုက်ခြင်းသာ ဖြစ်ပုံရသည်။


ကျန်းဟွေ့မိန်သည် စဥ်းစားလေလေ ပို၍စိတ်ဆိုးလာလေလေပင်ဖြစ်သည်။ သို့ရာတွင် သူမသည်တစ်ချိန်ထဲတွင် စိတ်သက်သာရာလည်းရခဲ့သည်။ ထို့နောက် ကျန်းရှင်းအားပြောလိုက်သည်။


"နင်ပြောတာမှန်တယ်...ငါ သူမရဲ့လည်ဆွဲကိုပြန်ပေးလိုက်မယ်...လည်ဆွဲကသူမနဲ့သက်ဆိုင်တယ်...."


ရှောင်မန် နောက်တစ်ရက်နိုးလာချိန်တွင် သူမလည်ပင်း၌ ကျောက်စိမ်းလည်ဆွဲအား ဆွဲထားလျှက်ရှိနေသည်ကို ကြုံလိုက်ရသည်။


သူမ အိမ်မက်မက်နေသည်ဟူ၍ပင် ထင်ခဲ့သည်။ သို့ရာတွင် လည်ဆွဲမှ အေးစက်စက်အထိအတွေ့က အစစ်အမှန်ပင်ဖြစ်ကြောင်းသက်သေပြနေသည်။


သူမလေး စနစ်အား ပျော်ရွှင်စွာပြောလိုက်သည်။


"ဦးဦးစနစ် ဦးဦးရဲ့သက်စောင့်ပစ္စည်းကိုပြန်ပြီ..."


"..."


စနစ်သည် အိပ်စက်ခြင်းမရှိပေ။ ထို့ကြောင့်

ကျန်းဟွေ့မိန်သည် သူမလေးအိပ်ပျော်နေစဥ် လည်ဆွဲအား တိတ်တိတ်ကလေးဆွဲပေးသွားသည်ကို သိရှိပြီးဖြစ်သည်။


"ပိုင်ရှင်...သေချာသိမ်းထားရမယ်နော်...ထပ်ပြီးပျောက်လို့မဖြစ်ဘူးနော်.."


"ဟုတ်...."


ကျန်းရှောင်မန်သည် ခေါင်းညှိတ်လိုက်ပြီးနောက် မျက်တောင်များပုတ်ခတ်ပုတ်ခတ်လုပ်ကာ သတိတရမေးလိုက်သည်။


"အမှတ်တွေရော..."


အား......


ဒါကတကယ်ကြီး ဖြစ်လာခဲ့တာပဲ....


ဒီကလေးပိစိကလေးက သူ့မှာရှိတာအကုန်ညှစ်ထုတ်ဖို့ ကြံရွယ်ထားတာပဲ...


[တင်း တောင်...ကျောက်စိမ်းလည်ဆွဲအား ပြန်လည်ရယူခြင်း အောင်မြင်ပါသည်...


ဆုလာဘ်- ၁၀၀မှတ်]


သို့သော် ကျန်းရှောင်မန်ပျော်၍မဆုံးခင်မှာပင် စနစ်မှ သူမ၏အမှတ်များအားနှုတ်ယူ၍သွားခဲ့သည်။


[လက်ကျန်အမှတ်စုစုပေါင်း : -၆၆၀မှတ်]


"..."


သူမအမှတ်ရဖို့ အလုပ်ထပ်မလုပ်ချင်တော့ဘူး...


သူမမည်ကဲ့သို့ ကြိုးစားပမ်းစားအလုပ်လုပ်စေကာမူ စနစ်သည် အချိန်တိုင်းနှုတ်ယူနေဦးမှာပင်ဖြစ်သည်။


သူမဘာအတွက် အလုပ်လုပ်နေဦးမှာလဲ...


သူမ၏ဦးလေး သူဌေးဖြစ်ချင်သည်မှာ အံ့သြစရာမရှိချေ။ သူဌေးသည် မည်သည်ကိုမျှလုပ်စရာမလိုပဲ ပိုက်ဆံများအားရေတွက်နေရုံသာဖြစ်သည်။


ရှောင်မန်လည်း သူဌေးဖြစ်ချင်တယ်...ဝါး....


ကျန်းရှောင်မန်  ခဏတာငိုကြွေးပြီးနောက် အိပ်ယာမှထကာ ကျောင်းသွားရန်ပြင်ဆင်လိုက်သည်။


ပြင်ဆင်ပြီးထွက်လာချိန်တွင် ဘွားဘွားက သူမ၏မနက်စာအား ပြင်ဆင်ပေးနေသည်ကို တွေ့လိုက်ရသည်။


သူမလေးသည် ခုံပေါ်တွင်နာခံစွာထိုင်လိုက်သည်။ ခဏတာစဥ်းစားပြီးနောက် သူမသည် ကျန်းဟွေ့မိန်အားနမ်းလိုက်သည်။


"ဘွားဘွားက အရမ်းကြင်နာတတ်တာပဲ...."


ကျန်းဟွေ့မိန်သည် ပျော်ရွှင်သွားခြင်းအား ဖုံးဖိကာ..


"ဟွန်း...အရင်ကဘွားဘွားက အရမ်းဆိုးတယ်လို့ပြောတာဘယ်သူတုန်း..လည်ဆွဲကိုသာပြန်မပေးရင်...စိတ်ထဲမှာဘွားဘွားကို ငြိုငြင်နေမှာမဟုတ်လား...."


ကျန်းရှောင်မန် ချက်ချင်းပြန်လည်ဖြေကြားခဲ့သည်။


"မဟုတ်ပါဘူး...သမီးကဘွားဘွားကိုအရမ်းချစ်တာ...သမီးကအိမ်ကထွက်ပြေးဖို့စဥ်းစားတာရယ်...ဘွားဘွားကိုယွီချင်းရှီအိမ်ကို ပေးလိုက်ချင်တာရယ်...သူသာဆိုဘွားဘွားနဲ့နှစ်ရက်တောင်မနေနိုင်ပဲ ချက်ချင်းပြန်ပေးချင်လိမ့်မှာ..လို့ပြောထားတာရယ်ပါပဲ...."


ကျန်းဟွေ့မိန်၏ မျက်နှာသည်စိမ်းသွားခဲ့သည်။ သူမတစ်ယောက်ယောက်ကို ရိုက်ချင်နေပြီပဲဖြစ်သည်။


သို့သော် ရှောင်မန် အရိုက်ခံထားရသည်မှာမကြာသေးချေ။ ကလေးများအား ခဏခဏရိုက်ခြင်းသည် မကောင်းပေ။ ထို့ကြောင့်သူမသည် မြေးအလိမ္မာလေး၏စကားများကို ဒီအတိုင်းမှတ်၍ထားလိုက်ရုံသာတတ်နိုင်သည်။


အဘွားဖြစ်သူ၏ မနက်စာအားစားသောက်ပြီးနောက် ကျန်းရှောင်မန်သည် ကျောင်းသို့ပျော်ရွှင်စွာ ထွက်ခွာလာခဲ့သည်။


စနစ်သည်လည်း သူ၏သက်စောင့်ပစ္စည်းအား ပြန်လည်ရရှိသွားပြီဖြစ်သောကြောင့် သေဆုံးမည့်အကြောင်း ပြောရန်မလိုတော့ပေ။


Chapter 119


စနစ်သည် ပျောက်ကွယ်သွားရမည့်ဘေးမှ လွတ်မြောက်သည်နှင့် မစ်ရှင်များစွာထပ်မံ၍ပေးတော့သည်။ 


ယခုအချိန်မှစ၍ စနစ်က မစ်ရှင်အသေးလေးများနှင့် ကျန်းရှောင်မန်အား အင်အားဖြုန်းတီးစေတော့မည်မဟုတ်ပေ။


အရေးကြီးဆုံး မစ်ရှင်မှာစတင်ပြီဖြစ်သည်။


ယွီချင်းရှီအား ငိုအောင်လုပ်ပါ...


ယွီချင်းရှီအား ငိုအောင်လုပ်ပါ...


ယွီချင်းရှီအား ငိုအောင်လုပ်ပါ...


သူတို့သည် အနာဂတ်ဗီလိန်လေး၏ မုန်းတီးမှုအား အမိအရပင်ရယူရမည်ဖြစ်သည်။


[အဓိကမစ်ရှင် : ယွီချင်းရှီအား တစ်ကြိမ်ငိုအောင်လုပ်ပါ...၅မှတ်]


[ယွီချင်းရှီအား နှစ်ကြိမ်ငိုအောင်လုပ်ပါ...

၁၀ မှတ်]


[ယွီချင်းရှီအား သုံးကြိမ်ငိုအောင်လုပ်ပါ...

၁၅ မှတ်]


စနစ်တွင် ယွီချင်းရှီအား တစ်နှစ်လုံးငိုနေစေရန် မစ်ရှင်အမြောက်အများရှိပေသည်။


ဆုလာဘ်အဖြစ်လည်း အမှတ်အမြောက်အများပေးထားလေသည်။


သို့သော် ကျန်းရှောင်မန်က လှုပ်ပင်မလှုပ်ချေ။


သူမသည် အမှတ်၁၀၀အတွက် ပင်ပင်ပန်းပန်းကြိုးစားခဲ့ရပြီး အရိုက်ပင်ခံခဲ့သည်။ 


သူမအတွက် မည်မျှကျန်သနည်း...တစ်မှတ်လား..နှစ်မှတ်လား..လေးမှတ်လား..


တစ်မှတ်လေးပင် မကျန်ချေ။


ထို့ကြောင့် ဤကဲ့သို့ပင်ပန်းသောအလုပ်များအား သူမမလုပ်နိုင်ပေ။


အကယ်၍သူမအလုပ်လုပ်မည်ဆိုလျှင် ကြီးမားသောအလုပ်များကိုသာ လုပ်ဆောင်မည်ဖြစ်သည်။ သူမလေးသည် ထက်မြက်လာပြီဖြစ်သောကြောင့် စနစ်မှအမှတ်များများပေးလိုသော မစ်ရှင်များကိုသာ စောင့်ဆိုင်းနေခဲ့သည်။


စနစ် ငိုချင်နေပြီဖြစ်သည်။


သူ့အနေဖြင့် လူသားများသည် ကမ္ဘာကြီးအားပြောင်းလဲရန် သူတို့၏ဉာဏ်ပညာနှင့်ခွန်အားကို အားကိုးကြသည်ဟုသာ သိရှိခဲ့ရသည်။ လုံလဝီရိယအပြည့်ဖြင့် ကြိုးစားမှုများမှတဆင့် သူတို့၏ဘဝအား မှော်ဆန်စွာပြောင်းလဲကြသည်ဟု သိခဲ့ရသည်။


သို့သော် လူသားကလေးငယ်များသည် ဤမျှတွက်ချက်တတ်မည်ဟု မသိခဲ့ချေ။


သူသည် ချို့ယွင်းချက်တစ်ခုကြောင့် ကလေးပိစိလေးနှင့် မှားယွင်းစွာချိတ်ဆက်မိသည်။ ထိုအချိန်မှစ၍ သူ၏အရာရာသည် ကလေး၏သေးခံထဲသို့ ကျရောက်သွားခဲ့ရသည်။


စနစ်  ဆက်လက်၍တွေးတောနေခဲ့သည်။


သူ၏ပိုင်ရှင်သည် အရမ်းပင်ထက်မြက်သည်။ သင်ယူရန်လွယ်ကူပြီး စူးစမ်းမှုအပြည့်ရှိသည်။ ယခုမူ သူမသည် ကြောက်စရာပင်ကောင်းလာပြီဖြစ်သည်။


သူမသည် ဗီလိန်အကြီးစားဖြစ်လာမည်ဖြစ်သောကြောင့် ဤကဲ့သို့ထက်မြက်ကာ ကြောက်စရာကောင်းနေခြင်းပင်ဖြစ်သည်။ ထိုကဲ့သို့လူလည်ကျမှုသည် အချိန်တိုင်းလိုလို သူ့အပေါ်သာကျရောက်မနေပါလျှင် စနစ်သည် ထိုအပေါ်အလွန်ပင်ပျော်ရွှင်မိမှာဖြစ်သည်၊


သို့ရာတွင် ရှောင်မိန်က သူ့အပေါ်သာ

မလှိမ့်တပတ်လုပ်လေ့ရှိသည်။


သူမ၏တစ်ခုတည်းသော အားနည်းချက်မှာ သူမသည် ကလေးတစ်ယောက်ဖြစ်နေခြင်းဖြစ်သည်။ ကလေးများသည် အယုံလွယ်တတ်သောကြောင့် လှည့်ဖြားရန်လွယ်ကူပေသည်။


စနစ်သည် သူမအားပြောလိုက်သည်။


"ပိုင်ရှင်...ငါမင်းကိုပုံပြင်တစ်ပုဒ်ပြောပြမယ်...."


ရှောင်မိန်ကလေးသည် ပုံပြင်များအားအလွန်စိတ်ဝင်စားသည်။ သူမသည် နားစွင့်ကာဂရုတစိုက်နားထောင်လိုက်သည်။


"ငါဟာ အရမ်းကိုသေးငယ်တဲ့စနစ်လေးတစ်ခုဖြစ်တယ်...အဲ့တာကြောင့် စနစ်ကမ္ဘာမှာဆိုရင် ခဏခဏစနောက်ခံရတယ်လေ..အခုတော့ငါ့ရဲ့ကံကြမ္မာကိုစတင်ပြီးပြောင်းလဲဖို့ဆုံးဖြတ်လိုက်ပြီ..နှစ်သုံးဆယ်အရှေ့အရပ်ဖြစ်ပြီးရင် နောက်နှစ်သုံးဆယ်က အနောက်အရပ်ပဲ...ကလေးတွေကိုထပ်ပြီးအနိုင်မကျင့်ဖို့ ဆုံးဖြတ်လိုက်ပြီ...."


စနစ်သည်ဆက်၍ ပြောခဲ့သည်။


”ငါမင်းကို ခုရက်ပိုင်းမှာအလုပ်တွေအများကြီးပေးပြီး ဖိအားပေးနေတာသိပါတယ်...မင်းသာမစ်ရှင်မလုပ်ဘူးဆိုရင်လေ..ငါ့ဘဝကအရမ်းကိုသနားစရာကောင်းတာသိလား..ငါတို့စနစ်သေးသေးလေးတွေရဲ့အထက်မှာ အင်အားကြီးတဲ့စနစ်တွေရှိတယ်လေ...ပိုင်ရှင်က အလုပ်မလုပ်တဲ့အခါ ငါတို့တွေအရိုက်ခံရတယ်..မင်းပဲစဥ်းစားကြည့်..ငါတို့စနစ်သေးသေးလေးတွေကရော စိတ်မဆိုးတတ်ဖူးလား...ငါတို့တစ်ခုခုပြန်ပြောတာနဲ့ သူတို့ကစပြီး ရိုက်တော့တာပဲ....ဝါး......"


စနစ်၏ ငိုကြွေးကာပြောသော စကားများကိုကြားပြီးနောက် ရှောင်မန် ပါးစပ်ကလေးအဟောင်းသားဖြစ်သွားခဲ့ရသည်။


သူမသည် ဦးဦးစနစ်အား ဤမျှခက်ခဲသောဘဝကို ဖြတ်သန်းနေရသည်ဟု မသိရှိခဲ့ပေ။


ထိုအင်အားကြီးစနစ်များသည် အလွန်ပင်ဆိုးရွားသည်။ သူတို့က ဘွားဘွားထက်ပင်ပို၍ဆိုးသည်။ ဦးဦးစနစ်မှာ အလွန်ပင်သနားစရာကောင်းသည်။ သူက သနားစရာအကောင်းဆုံးပင်ဖြစ်သည်။


"ဦးဦးစနစ် မငိုနဲ့နော်...သမီးကူညီပေးမယ်..."


"ရှောင်မန်...မင်းကအကောင်းဆုံးကလေးပါပဲ

.."


စနစ်သည် ငိုရှိုက်ရင်းတွေးလိုက်သည်။ အကယ်၍ ပိုင်ရှင်သည်သင်ယူတတ်မြောက်လွယ်လျှင် သူသည်သူမထက်ပင် ပို၍သင်ယူလွယ်ပေသည်။ ထိုကဲ့သို့ ငိုကြွေးမြည်တမ်းခြင်းသည် သူမထံမှသင်ယူခဲ့ခြင်းသာဖြစ်သည်။


သူတပါးသနားညှာတာစေရန် ဟန်ဆောင်သည့်နေရာတွင် သူ့အားမည်သူမျှမယှဥ်ပြိုင်နိုင်ပေ။


Footnotes:

အရှေ့အရပ်နှစ်သုံးဆယ်..အနောက်အရပ်နှစ်သုံးဆယ် ဆိုတာက ဒီနေ့ကလေးဖြစ်နေပေမယ့် အနာဂတ်မှာအောင်မြင်တဲ့လူတွေဖြစ်နိုင်တယ်လို့ပြောတဲ့စကားပုံပါ။


Chapter 120


ကျန်းရှောင်မန်သည် စနစ်အားသူ၏အခက်အခဲမှကယ်တင်ရန် ကတိပေးပြီးဖြစ်သောကြောင့် ယွီချင်းရှီအား ငိုယိုစေရန် စတင်လုပ်ဆောင်ရတော့မည်ဖြစ်သည်။


သို့ရာတွင် ယွီချင်းရှီအားငိုစေရန်မှာ အခြားကလေးများကဲ့သို့ မလွယ်ကူလှပေ။ ရီကျားကျားသည် သူမ၏စာအုပ်အားလုယူရုံနှင့်ပင် ငိုလေ့ရှိသည်။ ကျန်းရှင်းဟွားသည် သူ၏မုန့်များအား လုယူလိုက်လျှင် ထကာငိုလေ့ရှိသည်။ ကလေးများသည် သူတို့ပိုင်သောပစ္စည်းများ လုယူလိုက်ရုံနှင့် ငိုလေ့ရှိကြသည်။


ယွီချင်းရှီက တစ်ခါတစ်ရံတွင် သူမမည်သည်ကိုမျှမလုပ်ပဲ ငိုတတ်သည်။ တစ်ခါတစ်ရံတွင်မူ မည်သို့ပင် အနိုင်ကျင့်ခံရစေကာမူ မငိုပေ။ ထို့ကြောင့် သူမသည် သူ့အားငိုအောင်မည်ကဲ့သို့လုပ်ရမည်မှန်း နားမလည်ပေ။


ရှောင်မန် ထိုကိစ္စကြောင့် အမှန်တကယ်ပင်ခေါင်းကိုက်နေခဲ့သည်။


ယနေ့မနက်တွင် သူမ ယွီချင်းရှီ၏မုန့်များအား လုယူခဲ့သည်။


သူသည် ကျောင်းသို့မုန့်ယူလာခြင်းမှာ ရှားပါးသောကိစ္စရပ်ပင်ဖြစ်သည်။ ကျန်းရှောင်မန် သူ၏ချောကလက်များအား လုယူလိုက်သည်။


တစ်ဖက်တွင် မစ်ရှင်ကြောင့်ဖြစ်ပြီး တခြားတစ်ဖက်တွင်မူ သူမသည် ချောကလက်များအား စားချင်၍ဖြစ်သည်။ သူမ၏အတွင်းစိတ်ထဲမှ နတ်ဆိုးသေးသေးကလေးသည် သူမအားအနိုင်ယူသွားလေသည်။.


ချောကလက်များအား လုယူပြီးနောက် ကျန်းရှောင်မန်သည် စက္ကူအားခွာလိုက်ကာ ချက်ချင်းစားလိုက်သည်။


"ငါနင့်ချောကလက်တွေကို စားပစ်လိုက်ပြီ..နင်ငိုချင်နေပြီလား.."


ယွီချင်းရှီ ခေါင်းခါပြလိုက်သည်။ ချောကလက်များမှာကိစ္စမရှိသော်လည်း သူမ၏ဗိုလ်ကျသော အပြုအမူကြောင့် သူသည်စိတ်ဆိုးနေခြင်းဖြစ်သည်။ ထို့ကြောင့်သူသည် မငိုချင်ပေ။ ထို့အပြင် ရှောင်မန်လုမစားလျှင်ပင် ကျန်းရှင်းဟွားသည် လုစားမှာပင်ဖြစ်သည်။ ထို့ကြောင့် သူ့အတွက် ဘာမှမခြားနားပေ။


အဆုံးသတ်တွင် ယွီချင်းရှီသည်မငိုခဲ့ပဲ သူ့အစားကျန်းရှင်းဟွားသာ ငိုတော့သည်။ ကျန်းရှင်းဟွားသည် မူကြိုတွင် ဗိုလ်အကျဆုံးကလေးအဖြစ် သူ့ကိုယ်သူသတ်မှတ်ထားလေသည်။ သူသည်ယွီချင်းရှီ၏မုန့်များအား လုစားနေကျပင်ဖြစ်သည်။ သို့သော် ကျန်းရှောင်မန်သည် သူ့ထက်ပင်ပို၍ဆိုးလေသည်။ သူမသည် သူလုစားမည့်ချောကလက်များအား ဦးစွာလုယူကာ အသံများပင်ထွက်အောင်စားပြနေသေးသည်။ 


ကျန်းရှောင်မန် ပျော်ရွှင်သွားပြီးတစ်ချိန်ထဲတွင် ရှုံးနိမ့်သကဲ့သို့ခံစားရလေသည်။ ထို့ကြောင့် သူမသည် ခါးလေးထောက်ကာ အသံစွာစွာနှင့်ပြောလိုက်သည်။


"မနက်ဖြန်ကျရင် နင့်ရဲ့ချိုချဥ်တွေကိုလည်းငါလုစားမှာ...အဲ့အခါကျရင်ရော နင်ငိုမှာလား...."


ချောကလက်များက အလွန်ပင်အရသာရှိပေသည်။ ကျန်းရှောင်မန်သည် ထပ်မံ၍စားလိုက်ရင်း သူ့အားဆက်လက်၍ မခံချင်အောင် ပြောဆိုနေခဲ့သည်။


ယွီချင်းရှီက သူမအတွက် ချောကလက်နှင့်သကြားလုံးအမြောက်အများ ယူလာပေးခဲ့သည်။ ထို့နောက် သူ၏စားပွဲအောက်မှ ချောကလက်များကိုပါ ထုတ်ယူလိုက်ကာ သူမအားထပ်မံ၍ပေးလိုက်သည်။


"ဖြည်းဖြည်းစား..."


ယွီချင်းရှီမှာ အလွန်ပင်လိမ္မာသော ကလေးပင်ဖြစ်သည်။ ကျန်းရှောင်မန်က သူ၏မုန့်များအား စားသောက်ခဲ့ပြီးပြီဖြစ်သည်။ သူမသည် ယွီချင်းရှီအား သူမလူများထဲမှတစ်ယောက်အဖြစ် အသိအမှတ်ပြုလိုက်ပြီဖြစ်သည်။ ထို့ကြောင့် သူမသည် သူ့အားကာကွယ်ပေးရမည်။


ကျန်းရှင်းဟွားသည် မုန့်အနံ့ရသဖြင့် ယွီချင်းရှီ၏မုန့်များအား လုစားရန်ရောက်လာခဲ့သည်။ သို့သော် ကျန်းရှောင်မန်သည် သူ့အားတွန်းလွှတ်လိုက်သည်။


"နင်သူ့မုန့်တွေကို ထပ်ပြီးမလုရတော့ဘူး..."


ကျန်းရှောင်မန်၏မျက်လုံးထဲတွင် ကျန်းရှင်းဟွား၏အပြုအမူသည် လုံးဝမသင့်လျော်ပေ။


ယွီချင်းရှီသည် ကျန်းရှင်းဟွား၏မုန့်လုစားခြင်းအပေါ် တိတ်ဆိတ်စွာသာငြိမ်ခံနေခဲ့သည်။


ရှောင်မန်သည် ကျန်းရှင်းဟွား၏ ဝဖြိုးနေသောလက်မောင်းလေးများကို ကြည့်လိုက်သည်။ သူသည်ဖက်တီးလေးဖြစ်နေပြီး ဆန့်ကျင်ဘက်အနေဖြင့် ယွီချင်းရှီသည် ပိန်ပိန်ကလေးဖြစ်နေလေသည်။ သူမသည်သူ့အားကာကွယ်ရပေမည်။


ကျန်းရှင်းဟွားသည် မျက်ရည်များစီးကျလာကာ အော်ငိုတော့သည်။


"ဘာလို့လဲ..နင်ကျတော့ သူ့မုန့်တွေလုစားလို့ရပြီး ငါကျတော့ဘာလို့မရတာလဲ..ဝါး.."


"ငါနဲ့သူက သူငယ်ချင်းတွေ....."


"ငါလည်း သူနဲ့သူငယ်ချင်းပဲလေ....."


"အဲ့တာက...အဲ့တာကမတူဘူး..."


ကျန်းရှောင်မန်သည် ရုတ်တရက်ဦးနှောက်စားသွားခဲ့သည်။ သို့သော် ကလေးများသည် ပြဿနာရှာရာ၌ အကျိုးသင့်အကြောင်းသင့် စဥ်းစားမနေချေ။ 


"ဘာပဲဖြစ်ဖြစ်...နင်သူ့မုန့်တွေကို လုမစားရဘူး..မဟုတ်ရင်...ငါနင့်ကိုရိုက်မှာ...."


ကျန်း"မူကြို၏သခင်ကြီး" ရှောင်မန်က အလွန်ကြောက်စရာကောင်းပေသည်။ သူမသည် တစ်ယောက်ယောက်အား ရိုက်ချင်နေသည်။


ကျန်းရှင်းဟွား အလွန်ပင်စိတ်ဆိုးသွားခဲ့သည်။ သူသည်မျက်လုံးလိမ့်လိုက်ရင်း ပြောခဲ့သည်။ 


"ကောင်းပြီ...နင်ငါ့ကိုရိုက်ရင် ငါလည်းနင့်ကိုရိုက်မှာပေါ့...နင်ငါ့ကိုအနိုင်မယူနိုင်ပါဘူး..."


ကျန်းရှင်းဟွားမှာ ဖြူဖွေးပြီး ဝဝကစ်ကစ်လေးဖြစ်သည်။ ရှောင်မန်သည် သူ့အားမရိုက်နိုင်ပေ။


"ငါနင်နဲ့ရန်ဖြစ်မှာမဟုတ်ဘူး...ငါနင့်ကိုမနိုင်ဘူးလေ..."


ကျန်းရှောင်မန်သည် ရိုးရိုးသားသားပင်ပြောလိုက်သည်။


"ငါ့ဦးလေးကို နင့်ကိုရိုက်ခိုင်းမှာ..."


"..."


ကျန်းရှင်းဟွားက ကြောက်စရာခြင်္သေ့ရုပ်

နှင့်အတူ လာခဲ့သောကျန်းရှင်းအား မှတ်မိလေသည်။


အဲ့ဒီ့ဦးလေးကြီးက ခြင်္သေ့လိုကြောက်စရာကောင်းတာလား..သူကအကျယ်ကြီးဟိန်းလိုက်ပြီး ကလေးတွေကိုတစ်လုတ်ထဲနဲ့မြိုချနိုင်တာလား...


ကျန်းရှင်းဟွားသည် သူ့ကိုယ်သူမြင်ယောင်ကြည့်ပြီးနောက် စတင်ငိုတော့သည်။


ရတယ်လေ...ငိုချင်လည်းငိုပေါ့...ကလေးတွေကတစ်နေ့ကိုအကြိမ်ရေအနည်းငယ်ငိုနေကျပဲ...


သို့သော် သူမတွင်ပြသနာတစ်ခုရှိနေသေးသည်။


"ဦးဦးစနစ်...ဘာလို့သမီးကိုတာဝန်ထပ်မပေးတာလဲဟင်"


အကယ်၍ ကျန်းရှင်းဟွားအားငိုအောင်လုပ်ရမည်ဆိုလျှင် သူမသည် အမှတ်များစွာရှာနိုင်မည်ဖြစ်သည်။


စနစ်သည် သူ့ကိုယ်သူ အမေ့လျော့ခံဟုသတ်မှတ်လိုက်သည်။ သူသည်စိတ်ဆိုးရလွန်းသဖြင့် စကားမပြောနိုင်တော့ချေ။


သူသည် အလွန်သနားစရာကောင်းသည့်ပုံစံ လုပ်ပြခဲ့ပေသည်။ ရှောင်မန်သည် သူ့ဘဝအားကယ်တင်ပေးမည်ဖြစ်ကြောင်း ကတိပေးခဲ့သည်။ ယခုမူ သူမသည် ဗီလိန်ကလေးအား ငိုအောင်လုပ်ရမည့်အစား ကာကွယ်ပေးနေသေးသည်။


ကျန်းရှောင်မန်သည် ယခုယွီချင်းရှီအားအနိုင်ကျင့်ပါက သူမအနေဖြင့် အတော်လေးအရှက်ရစရာဖြစ်မည်ဟုခံစားရသည်။ ထို့ကြောင့် သူ့အား အကြိမ်ရေအနည်းငယ်ငိုရန် တိုက်ရိုက်သာတောင်းဆိုရတော့မည်ဖြစ်သည်။