အပိုင်း ၁၂၁-၁၂၅
Viewers 14k

Chapter 121


မုန့်စားဆင်းချိန်ပြီးသွားပြီးနောက် ကျန်းရှောင်မန်သည် ယွီချင်းရှီအားငိုကြွေးရန် ဆက်လက်၍တောင်းဆိုခဲ့သည်။ သူမလေးက အတန်းတက်နေစဥ်မှ ကျောင်းဆင်းချိန်ရောက်သည်အထိ တောက်လျှောက်ပြောဆိုခဲ့သော်လည်း သူကမငိုခဲ့ပေ။ ထိုအစား သူမသာလျှင်ငိုချင်လာခဲ့သည်။


ကျန်းရှောင်မန် သူမ၏မျက်လုံးအားပွတ်သပ်လိုက်ကာ သူ့အားမေးခဲ့သည်။


"နင့်မေမေက နင့်ကိုရိုက်ခဲ့တာလေ..နင်မငိုချင်ဘူးလား...နင်ကအရမ်းသနားစရာကောင်းတာပဲ..ငိုချင်ရင်ငိုလိုက်ပါ..ဒီကမ္ဘာပေါ်မှာ ဘယ်ကလေးကမငိုပဲနေလို့လဲ..."


ဘာလို့သူကတခြားကလေးတွေနဲ့ မတူရတာလဲ...


ယွီချင်းရှီက အလွန်ပင်စိတ်ရှည်ခဲ့သည်။ သူသည် ယနေ့တစ်နေ့လုံးပင် သူမ၏မရပ်မနားအနှောင့်အယှက်ပေးခြင်းကို ခံခဲ့ရပေသည်။ သို့သော် စိတ်မဆိုးပဲ အေးဆေးစွာရှင်းပြခဲ့သည်။


"နင့်မှာဆို အဖေရောအမေရောမရှိဘူးလေ..နင်တောင်ဝမ်းမနည်းတာပဲ...ငါကဘာလို့ဝမ်းနည်းရမှာလဲ..နင်ဆိုရင် အိမ်ကထွက်ပြေးချင်လောက်အောင်အထိကို အဆူခံခဲ့ရတာမဟုတ်လား..ဒါပေမယ့်နင်ခုမငိုတော့ဘူးလေ..ငါကသနားစရာကောင်းပေမယ့် နင်ကငါ့ထက်တောင်မှပိုပြီးသနားဖို့ကောင်းနေသေးတယ်..ဒါပေမယ့်နင်က တည်တည်ငြိမ်ငြိမ်နဲ့နေနိုင်တယ်လေ...ငါ့ဖေဖေကငါ့ကို နင့်အပေါ်ပိုပြီးကောင်းပေးရမယ်တဲ့ ပြီးတော့နင့်ဆီကသင်ယူရမယ်တဲ့...တကယ်လို့နင်က မေမေကျားမကြီးပုံပြင်ပြောပြီး ငါ့ကိုခြောက်ရင်တောင်မှ ငါငိုမှာမဟုတ်ဘူး...."


သူက မေမေကျားမကြီးပုံပြင်ပြောပြရန် သူ့ဖေဖေအား မရပ်မနားတောင်းဆိုခဲ့သည်။ ထို့နောက် တိရစ္ဆာန်ရုံသို့သွားရောက်ကာ ကျားမကြီးအားသွား၍ကြည့်ခဲ့သည်။ ကျားများသည် ကြမ်းပြင်တွင်သာလမ်းလျှောက်၍နေကြပြီး  ကလေးများကိုမစားကြောင်း နားလည်သွားခဲ့ပြီဖြစ်သည်။


ထိုပုံပြင်သည် ကလေးများအားကြောက်လန့်စေရန် ဖန်တီးလုပ်ယူထားခြင်းသာဖြစ်သည်။ အရူးများသာ အမှန်တကယ်ဖြစ်ရပ်ဟူ၍ ယုံကြည်ကြလိမ့်မည်။


ကျန်းရှောင်မန်မှာ သူပြောသည်အားအကုန်အစင်နားထောင်ပြီးနောက် အလွန်ခံစားသွားရလေသည်။


သူမကအရမ်းသနားစရာကောင်းတာပဲ...ဝါး...


ကျန်းရှောင်မန် မျက်ရည်များစီးကျလာကာ ပြေးထွက်လာခဲ့သည်။ သူမ ယွီချင်းရှီအား နောင်ဘယ်သောအခါမှ စကားမပြောတော့ရန် ဆုံးဖြတ်လိုက်သည်။ 


သူမ သူ၏ချောကလက်များအား ထပ်မံ၍မစားတော့ပဲ သူ့အားကာကွယ်ပေးခြင်းလည်းမပြုတော့ဟု ဆုံးဖြတ်လိုက်သည်။


သို့သော် ထိုဆုံးဖြတ်ချက်သည် တစ်ညတာသာခံခဲ့ပြီး နောက်နေ့မနက်တွင်မူ သူတို့နှစ်ဦးမှာ သူငယ်ချင်းများအဖြစ်ဆက်ရှိနေကြပေသည်။


ကျန်းရှောင်မန်က လက်စားချေတတ်သော ကလေးမလေးဖြစ်သည်။ ယွီချင်းရှီက သူမအားစိတ်ဆိုးစေပြီး ဝမ်းနည်းစေခဲ့သည်။ သို့ရာတွင် ယွီချင်းရှီက နောက်တနေ့မနက်တွင် မုန့်များစွာယူလာပြီး လာဘ်ထိုးခဲ့လေသည်။


မုန့်တွေက...အရမ်း..အရမ်းကိုအရသာရှိတာလေ...


ထောပတ်ကွတ်ကီးများ၊ခရင်ပါသောမုန့်များ၊သကြားလုံးများနှင့်ချောကလက်များအပြင် သူမမစားဖူးသောမုန့်များစွာပင်ပါလေသည်။ 


မုန့်တွေက..အရမ်းအရသာရှိတာပဲ....


အကယ်၍ သူမမစားပါက ကျင်းရှင်းဟွာက ထိုမုန့်များအား စားသွားမှာပင်ဖြစ်သည်။


ကျန်းရှောင်မန် ဤကဲ့သို့ဖြစ်မည်အား ခွင့်မပြုနိုင်ခဲ့ပေ။ ထို့ကြောင့်သူမသည် ထိုမုန့်များအား ငိုနေရင်းစားနေခဲ့သည်။ စားနေရင်းလည်း ဆက်လက်၍ငိုနေခဲ့သည်။


ယွီချင်းရှီက မနေ့ကသူတို့စကားများခဲ့သည်မှာ သူ့အမှားဖြစ်ကြောင်းပြောရင်း ခွင့်လွှတ်မှုကိုတောင်းဆိုခဲ့သည်။ သူသည် သူမနှင့် ဆက်လက်၍ သူငယ်ချင်းဖြစ်လိုကြောင်းပြောခဲ့သည်။


ကျန်းရှောင်မန် စိတ်ဆိုးလာသည်။ ယွီချင်းရှီအားမဟုတ်ပဲ သူမကိုယ်သူမစိတ်ဆိုးလာခြင်းဖြစ်သည်။ သူမသည် အလွန်အသုံးမကျသည့်အပြင် ဖြေရှင်းနိုင်စွမ်းလည်းမရှိပေ။ သူမနှင့်

ယှဥ်ပါက ယွီချင်းရှီသည် အရမ်းကိုကောင်းမွန်သည်ဟု ခံစားရသည်။


"ငါနဲ့တူတူလိုက်ငိုပေးရင်...နင့်ကိုခွင့်လွှတ်မယ်...."


"ငါမှမငိုချင်တာ..."


ယွီချင်းရှီက ခံစားချက်များအား အပြင်သို့များများစားစား မထုတ်ဖော်တတ်ပေ။ သို့ရာတွင် သူ့အားငိုစေသည့်အကြောင်းအရာတစ်ခုရှိလေသည်။ သူသည် ထိုနည်းလမ်းကို ကျန်းရှောင်မန်အားပျော်ရွှင်စေရုံသပ်သပ်ဖြင့် အသုံးမပြုချင်ခြင်းသာဖြစ်သည်။


သူ လမ်းအနည်းငယ်လျှောက်ရင်း ကြံရွယ်နေရလေသည်။ မူကြိုသည် အလွန်ပင်ရှင်းလင်းနေကာ အင်းဆက်နှင့် ကြွက်များမရှိပေ။ ယွီချင်းရှီသည် သူ၏လက်မအရွယ်သာရှိသော ပုလင်းကလေးကိုထုတ်လိုက်သည်။


"ငါဘာလို့ငိုရမယ်မှန်းမသိပေမယ့်...ငါ့မှာနည်းလမ်းတစ်ခုတော့ရှိတယ်..."


ရှောင်မန်သည် ငိုရှိုက်နေရင်းမေးလိုက်သည်။ 


"အဲ့တာဘာလဲ.."


"ယူကလစ်ဆီလေ...”


ယွီချင်းရှီ မည်သည်ကိုမှဆက်လက်၍မပြောတော့ပဲ အဆီအနည်းငယ်ကို သူ၏မျက်ခွံပေါ်တွင်သုတ်လိမ်းလိုက်သည်။ ခဏကြာသောအခါ သူ့မျက်လုံးများသည် စတင်၍နီရဲလာပြီးနောက် မျက်ရည်များကျဆင်းလာတော့သည်။


"..."


ရှောင်မန်သည် အံ့သြသွားခဲ့သည်။


"ဝါး...အံ့သြဖို့ကောင်းလိုက်တာ...."


ရှောင်မန်လည်း ဆီအနည်းငယ်ယူကာ သူမ၏မျက်ခွံပေါ်သို့ သုတ်လိမ်းလိုက်သည်။ ခဏကြာသောအခါတွင် သူမသည်လည်း မျက်လုံးများနီရဲလာပြီးနောက် မျက်ရည်စတင်ကျဆင်းလာတော့သည်။ 


ယွီချင်းရှီ သူမအားမေးလိုက်သည်။


"ဒီလောက်ဆို အဆင်ပြေပြီလား"


ကျန်းရှောင်မန်သည် သူမကိုယ်တိုင်စမ်းသပ်ကြည့်ပြီးနောက် ထိုအဆီသည် မသက်မသာဖြစ်ခြင်းမျိုးမရှိသည်အား သိလိုက်ရသည်။ ယွီချင်းရှီက သူမအတွက်အမှန်တကယ်စဥ်းစားပေးခဲ့ခြင်းဖြစ်ပေသည်။ ရှောင်မန်မှာ သူ၏ကျဆင်းနေဆဲဖြစ်သောမျက်ရည်များအားကြည့်ကာ ခေါင်းညှိတ်လိုက်ရင်း..


"အဆင်ပြေပြီ..."


ကျန်းရှောင်မန်သည် စိတ်သက်သာရာရသွားခဲ့သည်။ သူတို့နှစ်ဦးသည် မျက်လုံးအားဆေးကြောပြီးနောက် ပြန်လာခဲ့ကြသည်။


"ဦးဦးစနစ်..အမှတ်တွေရော..."


သူသည်သူမအား ယွီချင်းရှီကိုငိုအောင်လုပ်ရန်မစ်ရှင်အား ဆက်တိုက်ပင်ပေးနေခဲ့သည်။ ယခုမူ သူမအောင်မြင်သွားပြီဖြစ်သည်။


"ဦးဦးစနစ်...အကြွေးထားဖို့စဥ်းစားနေတာလား..."


သူမသည်ထပ်၍မေးလိုက်သည်။


စနစ်သည် စိတ်တိုရလွန်းသဖြင့် စကားမပြောချင်တော့ပေ။ 


ပိုင်ရှင်သည် သူ့အားလူသားမှတ်ဉာဏ်တုပတီထွင်မှု၏ အလွဲအမှားအဖြစ် မြင်နေခဲ့သည်လား...သူကအရူးတစ်ယောက်အပြင် ဘာမှမဟုတ်ဘူးလား...


ဒီလိုလှည့်ကွက်သေးသေးလေးနဲ့ သူ့ကိုတကယ်ကြီး လှည့်စားလို့ရမယ်ထင်နေတယ်ပေါ့လေ...


ယူကလစ်ဆီ...ဟုတ်လား...လူတွေကဒီလိုပစ္စည်းမျိုးကိုတောင် တီထွင်လာပြီပေါ့....ဒီကလေးမလေးက အရမ်းကိုထက်မြက်လာတယ်ပေါ့...သူထင်ထင်ရှားရှားကို မြင်လိုက်ရပါပြီ...


သူသည် သူ၏နေဝင်ချိန်အား ဒီအတိုင်းရပ်စောင့်မနေနိုင်တော့ချေ။ ယခုမှစ၍ တိုက်စစ်သို့ပြောင်းမည်ဖြစ်ပြီး အောင်မြင်မှုကိုဆွတ်ခူးရန်အတွက် လက်ဦးမှုရယူတော့မည် ဖြစ်သည်။


စနစ်သည် သူ၏ပိုင်ရှင်အပေါ် ကြောက်စရာကောင်းသောတစ်စုံတစ်ခုပြုလုပ်ရန် ဆုံးဖြတ်ချက်ချလိုက်သည်။


Chapter 122


စနစ်သည် သူပေးသောအလုပ်မှာ မှားယွင်းခြင်းမရှိဟု ယူဆသည်။ ထို့အပြင် ကျန်းရှောင်မန်သည်လည်း ယွီချင်းရှီအားအနိုင်ကျင့်ခဲ့ပေသည်။ ထို့ကြောင့် သူမလည်းမမှားချေ။


ယွီချင်းရှီ၏ ဗီလိန်လမ်းကြောင်းသည်သာ ပြောင်းလဲသွားခြင်းဖြစ်သည်။ သူသည် အသေးအမွှားပြသနာများကိုပင် လက်စားချေတတ်သော သူ၏အကျိုးအမြတ်ကိုသာသိသော အပြောင်းအလဲမြန်၍ရက်စက်သော ဗီလိန်တစ်ဦးမဟုတ်တော့ချေ။


ကျန်းရှောင်မန်သည် သူ့အားမည်သို့ပင် စနောက်စေကာမူ သူသည်စိတ်မဆိုးတော့ပေ။ ဤသို့ဆိုလျှင် ရှောင်မန်က အဘယ့်ကြောင့်ဆက်လက်စနောက်နေရဦးမည်နည်း။


စနစ်သည် ယွီချင်းရှီ၏လမ်းကြောင်းမှာ ပြောင်းလဲသွားပြီဖြစ်ကြောင်း နားလည်လိုက်ပေသည်။ သို့ရာတွင် သူ၏ပိုင်ရှင်မှာ ကျန်းရှောင်မန်သာဖြစ်ပြီး ယွီချင်းရှီမဟုတ်ပေ။ ထို့ကြောင့် သူသည်ယွီချင်းရှီအား လွတ်လပ်စွာနေထိုင်ခွင့်ပြုလိုက်တော့သည်။


"ပိုင်ရှင်...ဒီနေ့ကစပြီးတော့ အိပ်ယာဝင်ပုံပြင်နေ့တိုင်းပြောပြမယ်နော်...သေချာနားထောင်ပေးပါ...."


ဦးဦးစနစ်က သူမကိုထပ်ပြီးပုံပြင်ပြောပြဦးမလို့လား...


ကျန်းရှောင်မန်သည် စနစ်အားမေးလိုက်သည်။


"ဦးဦးစနစ်အနိုင်ကျင့်ခံခဲ့ရတဲ့ ပုံပြင်တွေလား...."


"...."


သူသည် ရှန်းလင်း၏ဇနီးမဟုတ်ပေ။ အဘယ့်ကြောင့် တူညီသောအရာတစ်ခုအား ထပ်ခါထပ်ခါပြောရမည်နည်း။ သူသည် သူမ၏ငယ်ဘဝအကြောင်းအား ပြောပြမှာဖြစ်သည်။ အမျိုးသမီးဇာတ်ဆောင်သည် ရှောင်မန်၏မိဘများနှင့်အပါအဝင် သူမပိုင်ဆိုင်ရမည့်အရာရာအားလုယူကာ ပျော်ရွှင်စွာနေထိုင်နေသည့်အကြောင်းပင်ဖြစ်သည်။


ရှောင်မန်က ထိုအရာအား လက်သင့်မခံနိုင်လောက်ပေ။


အတိတ်တွင်မူ ရွာတွင်သာနေထိုင်ရခြင်းဖြစ်သဖြင့် သူမ၏ဘဝသည်အလွန်ပင်ရိုးရှင်းပေသည်။ ယခုမူ မြို့သို့ပြောင်းရွှေ့လာပြီဖြစ်သောကြောင့် ဇိမ်ခံပစ္စည်းများနှင့် ကောင်းမွန်သောအရာများအား မြင်တွေ့ခဲ့ပြီးပြီဖြစ်သည်။ ထို့ကြောင့်သူမအား အရောင်ဆိုးရန်ပိုမိုလွယ်ကူပေလိမ့်မည်။


ပိုင်ရှင်သည် အလွန်ငယ်ရွယ်သောကြောင့် ဤနည်းလမ်းအားအသုံးပြုရန် မဝံ့ရဲခြင်းဖြစ်သည်။ သို့ရာတွင် သူမသည်အသက်အရွယ်နှင့်မလိုက်အောင် ထက်မြက်သည့်အပြင် သူ့အပေါ်ပင်လူလည်ကျနေတတ်ပြီဖြစ်သောကြောင့် သူ့အနေဖြင့်ညှာတာရန်မလိုအပ်တော့ပေ။


ပိုင်ရှင်သည် စိတ်သဘောထားနူးညံ့သူမဟုတ်ပဲ သူမ၏ဇာတ်ကြောင်းအတိုင်း အန္တရာယ်များသောကလေးဖြစ်ကြောင်း သူသိရှိသွားပြီဖြစ်သည်။


ညအိပ်ချိန်သို့ရောက်ချိန်တွင် ရှောင်မန်သည် ခြေလက်မျက်နှာဆေးကြောသန့်စင်ပြီးနောက် အိပ်ရာပေါ်တွင် ငြိမ်ငြိမ်လေးထိုင်လိုက်သည်။ ထို့နောက် ခေါင်းအုံးကလေးကိုပိုက်ကာ စနစ်ပြောပြမည့်ပုံပြင်အားနားထောင်လေသည်။


"ဟိုးတစ်ချိန်တုန်းက....စုံတွဲတစ်တွဲမှာ အရမ်းချစ်စရာကောင်းတဲ့သမီးကလေးရှိခဲ့တယ်...သူတို့ရဲ့ဘဝက လာဘ်လာဘပေါများကြွယ်ဝပြီး သူတို့မိသားစုဟာလည်း လူတိုင်းကအားကျရလောက်အောင်ကို လိုက်ဖက်ညီကြလေတယ်..."


"ဒါပေမယ့်...မမျှော်လင့်တဲ့ကံကြမ္မာဆိုးတစ်ခုဖြစ်လာခဲ့တယ်...သူတို့ရဲ့သမီးလေးကို မကောင်းတဲ့လူတွေက ပြန်ပေးဆွဲသွားခဲ့တယ်.."


"ဟာ...."


"ဦးဦးစနစ်...ကလေးလေးကအရမ်းသနားဖို့ကောင်းတာပဲ...မိဘတွေကလည်းသနားဖို့ကောင်းတယ်...ဦးဦးစနစ်..ဇာတ်လမ်းကိုပြောင်းပေးပါ..သမီးက ကလေးလေးကိုသူ့မိဘတွေနဲ့တူတူရှိစေချင်တာ...ပြန်ပေးဆွဲမခံရစေချင်ဘူး..လို့...."


"...."


သူကဘယ်လိုလုပ်ပြောင်းပေးရမှာလဲ...


"ပိုင်ရှင်...မနှောင့်ယှက်ပဲငြိမ်ငြိမ်လေးနားထောင်ပေးပါ...ပုံပြင်ကရေးပြီးသားလေ...ဘယ်လိုလုပ်ပြောင်းလို့ရမှာလဲ...."


"ဘာလို့လဲ..အဲ့ပုံပြင်ကဖန်တီးထားတာပဲဟာကို...ဘာလို့ စာရေးဆရာရေးထားတဲ့အတိုင်း လိုက်ပြောရမှာလဲ...."


"ဘာလို့လဲဆိုတော့ အဲ့ဒီ့ပုံပြင်ရဲ့အဆုံးသတ်ကို ဟိုးအရင်ကတည်းက သတ်မှတ်ထားပြီးသားမို့လို့လေ.."


"ရေးထားခဲ့တယ်ဆိုတာနဲ့ အကုန်အမှန်ချည်းပဲလို့ ပြောလို့မရဘူးလေ..."


"...."


စနစ် သူမနှင့် မည်ကဲ့သို့ဆက်လက်ငြင်းရမည်မှန်း မသိတော့ချေ။


"ပိုင်ရှင်...ဆက်ပြီးနားထောင်ချင်လား...နားမထောင်ချင်ဘူးလား..."


ရှောင်မန်သည် ဆက်လက်၍နားထောင်ချင်သောကြောင့် နာနာခံခံနှင့်ငြိမ်ငြိမ်လေးပြန်နေလိုက်သည်။


Footnotes

ရှန်းလင်းရဲ့ဇနီးဆိုသည်မှာ ထင်ရှားသောဝတ္ထုတစ်ပုဒ်ထဲရှိ အကြောင်းအရာတစ်ခုထဲကိုသာ ထပ်ခါတလဲလဲပြောနေသော ဇာတ်ကောင်ဖြစ်သည်။


Chapter 123


သူမသည် စင်ဒရဲလားကဲ့သိုပုံပြင်များအား နားထောင်ဖူးပြီးပြီဖြစ်သောကြောင့် ယခုပုံပြင်သည်လည်း နောက်ပိုင်းတွင်ပြောင်းလဲနိုင်သည်ဟူ၍ ယူဆလိုက်လေသည်။


ကလေးလေးကအစပိုင်းမှာပဲ သနားစရာကောင်းတာဖြစ်မှာပါ...နောက်ပိုင်းသူပျော်ပျော်ရွှင်ရွှင်နေသွားတာလည်း ဖြစ်နိုင်ပါတယ်လေ...


သို့ရာတွင် စနစ်သည် ပုံပြင်အားကံဆိုးမိုးမှောင်ကျခြင်းနှင့် အဆုံးသတ်လိုက်လေသည်။


"ကလေးလေးပြန်ပေးဆွဲခံရပြီးတဲ့နောက်မှာ 

ရွာလေးတစ်ရွာမှာရှိတဲ့မိသားစုက သူမလေးကို လေးနှစ်အရွယ်အထိ ကျွေးမွေးစောင့်ရှောက်ခဲ့ကြတယ်...ဒါပေမယ့်သူမရဲ့အဘွားနဲ့ဦးလေးဟာ ရှေ့ဆင့်နောက်ဆင့်ဆုံးပါးသွားခဲ့ကြတယ်...အဲ့လိုနဲ့ သူမလေးခမျာ့ ဘယ်သူမှမလိုချင်တဲ့ကလေးလေးဖြစ်ခဲ့ရလေတယ်...သူမအဘွားဘက်ကဆွေမျိုးတွေဟာလည်း အဲ့ဒီ့ကလေးလေးကိုမလိုချင်ကြဘူး...သူမလေးဟာ သူတပါးပေးစာကမ်းစာနဲ့ပဲ အသက်ဆက်ခဲ့ရလေတယ်..."


စနစ်က က်လက်၍ပြောခဲ့သည်။


"ငယ်ငယ်ကတည်းက ဝဝလင်လင်မစားခဲ့ရရှာတဲ့အတွက် သူမဟာဖွံ့ဖြိုးမှုနောက်ကျပြီး ဉာဏ်စဥ်မမီတဲ့ကလေးတစ်ယောက်ဖြစ်ခဲ့ရတယ်..အသက်ရှင်ဖို့တောင် အနိုင်နိုင်ရုန်းကန်နေရတာကြောင့် ကျောင်းလည်းမတက်နိုင်ခဲ့ဘူး..အဲ့ဒီ့ကလေးမလေးက တခြားကလေးတွေလိုမျိုး ကျောင်းတက်ပြီးစာသင်ချင်တဲ့အတွက် စာသင်ခန်းနားကိုသွားပြီး တိတ်တိတ်ကလေးနားထောင်ခဲ့တယ်...ဒါပေမယ့် သူတို့ကသူမကိုမောင်းထုတ်ကြပါလေရော..."


"ဆရာထန်ကလူကောင်းတစ်ယောက်ပါ.."


ကျန်းရှောင်မန်ကဆက်၍ပြောသည်။


"သမီးမေမေဆိုလည်း သူမကိုနားထောင်ခွင့်ပြုမှာပဲ...."


"...."


စနစ်လေး ခင်ဗျာ သူ၏ဒေါသများအားမြိုသိပ်ကာ ဆက်လက်ပြောလေသည်။


"ကလေးမလေးဟာ အဲ့ဒီ့လိုရုန်းကန်ဖြတ်သန်းရင်းနဲ့ ဆယ့်ငါးနှစ်သမီးအရွယ်ကိုရောက်လာတဲ့အခါ သူမရဲ့မိဘအရင်းတွေက သူမကိုပြန်ရှာတွေ့ခဲ့တယ်...."


"ဒါကအရမ်းကောင်းတဲ့ပုံပြင်ပဲ..သူမရဲ့မိဘတွေက သူမကိုဆူတာရိုက်တာမျိုးမလုပ်ပဲ အဝတ်အစားလှလှလေးတွေဆင်ပေးပြီးတော့ ကျောင်းသွားခိုင်းရောမဟုတ်လား..."


"မင်းပျော်တာ အရမ်းစောလွန်းတယ်...."


စနစ်သည် နှာမှုတ်ရင်းပြောလိုက်သည်။


"ကလေးမလေးက ဝဝလင်လင်မစားရတဲ့အချိန်မှာ မွေးစားသမီးကတော့ အစားနည်းလို့ချော့ကျွေးတာခံနေရတယ်...သူမကအေးလွန်းလို့ ခိုက်ခိုက်တုန်နေတဲ့အချိန်မှာ မွေးစားသမီးကတော့ နွေးထွေးတဲ့အိပ်ရာမှာအိပ်စက်နေခဲ့တယ်..သူမလေးခမျာ့ ကျောင်းကမောင်းထုတ်ခံခဲ့ရပေမယ့်...သူမရဲ့မိဘတွေကတော့ မွေးစားသမီးအတွက် နွေရာသီစခန်းချဖို့ပြင်ဆင်ပေးနေခဲ့တယ်လေ....."


"အိုး...ဒါဆိုသူမကို ပြန်ရှာတွေ့တဲ့အချိန်ကစပြီး အဝတ်ကောင်းကောင်း အစားကောင်းကောင်းပေးပြီးတော့ နွေရာသီစခန်းအတွက်လည်း ပြင်ဆင်ပေးလိုက်လေ..."


စနစ် စိတ်လေသွားခဲ့သည်။ သူသည် မည်ကဲ့သို့ပင် အတွေးအခေါ်များရိုက်သွင်းစေကာမူ သူမသည် သူလိုချင်သည့်အတိုင်းဖြစ်မလာပေ။


"ပိုင်ရှင်...မင်းအဲ့ဒီ့ပုံပြင်ကို ရင်းနှီးတယ်မခံစားရဘူးလား...အဲ့ဒီ့ကလေးလေးကိုရော မင်းနဲ့တူတယ်လို့မခံစားရဘူးလား.."


"အမ်...သမီးကအဲ့လောက်သနားစရာကောင်းတာလား.."


ကျန်းရှောင်မန်သည် အံ့သြတကြီးပြောလိုက်သည်။


မူလဇာတ်ကြောင်းအတိုင်းဆိုရင်တော့ အဲ့ဒီ့ကလေးလေးကမင်းပဲလေ...


ယခုမူ ကျန်းရှင်းက ကယ်တင်ခြင်းခံခဲ့ရသောကြောင့် ဇာတ်လမ်းသွေဖယ်သွားခဲ့ခြင်းဖြစ်ပေသည်။


စနစ်သည် ထိုကိစ္စရပ်အားတွေးမိလိုက်တိုင်းပင် ငိုချင်နေခဲ့လေသည်။ 


တစ်ခုလေးပြောင်းလဲမိတာနဲ့ အကုန်လိုက်မှားတော့တာပဲ...။


ထိုအချိန်မှစ၍ အရာရာသည် သူ၏ထိန်းချုပ်မှုမှ လွတ်မြောက်သွားခဲ့သည်။ သူသည် မကြာတော့သည့်အချိန်တွင်း၌ နေ့စဥ်လုပ်ငန်းဆောင်တာများကိုမမှတ်မိသောရောဂါပင်ဖြစ်တော့မည်ဟုခံစားရသည်။ 


ကျန်းရှောင်မန် အတန်ကြာစဥ်းစားပြီးနောက် အဆိုပါပုံပြင်သည် သူမနှင့်မဆိုင်ဟုသတ်မှတ်လိုက်သည်။ ဘွားဘွားသည်တစ်ခါတစ်ရံ သူမအားရိုက်ခြင်းဆူပူခြင်းပြုသော်လည်း ခဏခဏရိုက်နေခြင်းမဟုတ်ပေ။ ထို့အပြင် ဘွားဘွားသည်သူမအပေါ် အလွန်ကြင်နာချစ်ခင်လေသည်။ ကျန်းရှောင်မန်အနေဖြင့် သူမအားမကြောက်ရွံ့ချေ။


သူမလေးသည် အလွန်ဆိုးရွားသည့်ပုံပြင်တစ်ပုဒ်အဖြစ်သာ သတ်မှတ်လိုက်သည်။


သူမသည် ဦးဦးစနစ်အား ဇာတ်သိမ်းပြောင်းပေးရန်ပြောလိုက်သည်။


စနစ်သည် သူ့အနေဖြင့် ဤကဲ့သို့မလုပ်နိုင်ကြောင်းနှင့် ပုံပြင်၏ဇာတ်သိမ်းမှာ ရေးပြီးသားဖြစ်ကြောင်း ပြန်လည်ရှင်းပြသည်။


ကျန်းရှောင်မန်သည် ခပ်စွာစွာလေးပြောလိုက်သည်။ သူမသည်အလွန်ပင် စိတ်ဆိုးနေခဲ့သည်။


"ဒီပုံပြင်ကိုရေးတဲ့လူက သူ့ခေါင်းထိခိုက်ထားတာပဲဖြစ်ရမယ်..."


သူတို့သည် ကလေးလေးအားဤကဲ့သို့ ဆက်ဆံရက်ပေသည်။ အလွန်ရက်စက်လွန်းသည်။


"ပိုင်ရှင်...ငါမင်းကိုခြောက်လှန့်နေတာမဟုတ်ဘူးနော်...မင်းဘဝကအရမ်းသနားစရာကောင်းနေတာမဟုတ်ဖူးလား...မွေးစားသမီးက အစစအရာရာအလိုလိုက်ခံရတယ်....မင်းရဲ့မိဘအရင်းတွေကလည်း သူမကိုအရမ်းချစ်ကြတယ်..သူမကမင်းပိုင်ဆိုင်ရမယ့်အရာတွေကို လုယူသွားတာလေ...မင်းစိတ်မဆိုးဘူးလား.."


Chaptee 124


ကျန်းရှောင်မန် သူမ၏မျက်လုံးများကို ပွတ်သပ်လိုက်သည်။ ဤကဲ့သို့စဥ်းစားချိန်တွင်မူ သူမကိုယ်သူမ အလွန်သနားစရာကောင်းသည်ဟု ခံစားရလေသည်။ ဦးဦးစနစ်၏စကားများသည် ယွီချင်းရှီပြောသည်ထက်ပင် ပိုမိုဆိုးရွားလေသည်။


"သမီးအခုနားလည်သွားပြီ...သမီးရဲ့မိဘအရင်းတွေကို မလိုချင်တော့ဘူး...သမီးကမေမေကျန်းရွှယ်ကိုပဲ အမေနေရာထားလိုက်တော့မယ်.... ဒါပေမယ့် သမီးမှာ အဖေမရှိသေးဘူး...အဲ့တော့သမီးအဖေတစ်ယောက်ထပ်ရှာမယ်..."


"..."


အား...သူရူးတော့မှာပဲ....


စနစ်သည် သူမအားမဲဆွယ်ရန် လက်မလျှော့ပဲဆက်လက်ကြိုးစားခဲ့သည်။ သို့ရာတွင် သူလိုချင်သည့်ရလဒ် ထွက်မလာခဲ့ပေ။


စနစ်ကပြောသည်။


"ဘလာ...ဘလာ...ဘလာ...."


ကျန်းရှောင်မန်က ပြန်ပြောသည်။


"အာဘား...အာဘား...အာဘား...."


ညှိနှိုင်းမှုကျဆုံးခဲ့လေသည်။


"မနက်ဖြန်ကျရင် ယွီချင်းရှီက ကစားကွင်းသွားကြမယ်လို့ပြောတယ်...သမီးအိပ်ရာဝင်ပြီနော်...မနက်ဖြန်မှပဲပုံပြင်ဆက်နားထောင်တော့မယ်..ကောင်းသောညပါ..ဦးဦးစနစ်..."


"ကောင်း..သော...ည..ပါ..."


ဘဝက မလွယ်ကူလှပေ...


စနစ်သည်သက်ပြင်းရှည်ကြီးအား ချလိုက်တော့သည်။


နောက်တစ်ရက်သည် ကျောင်းပိတ်ရက်ဖြစ်သည်။ ထို့ကြောင့် ယွီချင်းရှီနှင့်ကျန်းရှောင်မန် ကစားကွင်းသို့အတူတကွသွားကြမည်ဖြစ်သည်။


ယွီချင်းရှီသည် ပုံမှန်အားဖြင့်လူများသောနေရာများအား သဘောမကျပေ။ ကျောင်းပိတ်ရက်တွင် မြောင်မြောင်နှင့်သာဆော့ကစားလေ့ရှိလေသည်။ ကလေးတစ်ယောက်နှင့်ကြောင်တစ်ကောင်သည် တစ်နေ့လုံးဆော့ကစားကြလေ့ရှိသည်။ သို့ရာတွင် ကျန်းရှောင်မန်သည် မြို့သို့ပြောင်းလာသည်မှာမကြာသေးသည့်အလျှောက် သူမနှင့်အတူတကွလျှောက်လည်ပေးရန် သူ့ဖေဖေသည် သူ့အားပြောခဲ့လေသည်။


အိုက်ယား...ကလေးတွေကအရမ်းအလုပ်ရှုပ်တာပဲ....


ကျန်းရှောင်မန်က ပို၍ပင်အလုပ်ရှုပ်လေသည်။ ယခုမူ ယွီချင်းရှီမှာ သူ့ဒုက္ခသူရှာခဲ့ခြင်းဖြစ်သည်။ ထို့အပြင် သူမသည်ချစ်စရာကောင်းသောကြောင့် စိတ်ရှုပ်စရာလေးဟူ၍ သူမမြင်မိပေ။


ယွီချင်းရှီသည် စောစောထပြီးနောက် သူ့အား ကျန်းရှောင်မန်၏အိမ်သို့လိုက်ပို့ပေးရန် အိမ်မှ

ဒရိုင်ဘာအားမေးမြန်းခဲ့လေသည်။ 


မနေ့ည၌ ရှောင်မန်သည် ပုံပြင်အားကြာမြင့်စွာနားထောင်ခဲ့ရသည့်အပြင် စနစ်နှင့်အတူငြင်းခုံခဲ့ရသောကြောင့် အိပ်ရေးမဝဖြစ်နေလေသည်။ သူမသည် ဇိမ်ခံကားကြီးအားကြည့်လိုက်သည်။ ထို့နောက် သူမ၏ခေါင်းလေးအား ယွီချင်းရှီထံသို့လှည့်လိုက်ကာ


"ငါအိပ်ရင်းလိုက်လို့ရလားဟင်..."


ကစားကွင်းသည် ဤနေရာမှနာရီဝက်လောက်သွားရသည့် မြို့လယ်ခေါင်တွင်မကြာသေးမီကဖွင့်ထားခြင်းဖြစ်သည်။


"အင်း...ရတယ်..."


ထို့နောက် ကျန်းရှောင်မန်သည် သူ၏ပေါင်ပေါ်သို့ခေါင်းအုံးကာ စတင်၍အိပ်စက်တော့သည်။ 


ယွီချင်းရှီသည် မျက်မှောင်ကြုတ်လိုက်သည်။ သို့ရာတွင် သူသည်မည်သည့်လှုပ်ရှားမှုကိုမှ မလုပ်တော့ပဲ သူမအားအိပ်စက်ခွင့်ပေးလိုက်သည်။ လမ်းတစ်လျှောက်လုံး အလွန်ပင်တိတ်ဆိတ်လွန်းသည်ဟု သူခံစားရလေသည်။


ပိတ်ရက်ဖြစ်သောကြောင့် ကစားကွင်းတွင် လူများပြည့်ကျပ်လျှက်ရှိလေသည်။


မိဘများနှင့်ကလေးများသည် အတူတကွအသက်ဝင်စွာ လျှောက်သွားနေကြသည်။


ယွီချင်းရှီ ဤနေရာမှထွက်ခွာသွားလိုသော်လည်း ဆန့်ကျင်ဘက်အနေဖြင့် ကျန်းရှောင်မန်က တလက်လက်တောက်ပနေသောမျက်လုံးများနှင့် အလွန်တက်ကြွနေလေသည်။ 


"ဝါး...."


ရှောင်မန်သည် ဤကဲ့သို့နေရာမျိုးအား ပထမဆုံးအကြိမ်ရောက်ဖူးခြင်း ဖြစ်လေသည်။


ကလေးနှစ်ဦး၏နောက်တွင် အရပ်ရှည်၍သန်မာသောကိုယ်ရံတော်နှစ်ဦး လိုက်ပါလာခဲ့လေသည်။ ယွီချင်းရှီသည် သူတို့အား သူနှင့်ဆယ်မီတာအကွာမှ လိုက်ပါခွင့်ပေးထားလေသည်။


သက်တော်စောင့်များသည် သူတို့၏သခင်လေးအား အထွန့်တက်ခြင်းမပြုခဲ့ပေ။


ထိုစဥ် ဒရိုင်ဘာသည် လက်မှတ်တန်းတွင် တန်းစီနေလေသည်။ ယွီချင်းရှီသည် ကျန်းရှောင်မန်ပျောက်သွားမည်အား စိုးရိမ်သောကြောင့် သူမ၏လက်ဖောင်းဖောင်းကလေးအား ခိုင်မြဲစွာတွဲထားလေသည်။ ကလေးနှစ်ဦးသည် လမ်းမကြီးဘေးရှိ ခုံတန်းရှည်ပေါ်တွင် နာခံစွာယှဥ်တွဲ၍ထိုင်နေကြလေသည်။


ကျန်းရှောင်မန်သည် ခေါင်းကလေးကိုဟိုဟိုဒီဒီလှည့်ကာ လျှောက်ကြည့်နေလေသည်။ သူမသည် ဤနေရာရှိအရာအားလုံးနှင့် ဆော့ကစားချင်လေသည်။


ထိုစဥ် သူမသည် ငယ်ရွယ်သောစုံတွဲနှင့် ပန်းရောင်ဂါဝန်ဝတ်ဆင်ထားသောကလေးမလေးအား မြင်လိုက်ရပေသည်။ စနစ်သည် အချိန်အကြာကြီးတိတ်ဆိတ်နေရာမှ စတင်သတိပေးခဲ့လေသည်။


[ပစ်မှတ်အား တွေ့ရှိပါပြီ...ပိုင်ရှင်..အနီးသို့သွားရောက်အတည်ပြုပါ]


[ပစ်မှတ်အား တွေ့ရှိပါပြီ...ပိုင်ရှင်..အနီးသို့သွားရောက်အတည်ပြုပါ]


[ပစ်မှတ်အား တွေ့ရှိပါပြီ...ပိုင်ရှင်..အနီးသို့သွားရောက်အတည်ပြုပါ]


Chapter 125


ကျန်းရှောင်မန် ထိုမိသားစုအား အာရုံစူးစိုက်၍ ကြည့်လိုက်သည်။ သူမသည် ပစ်မှတ်မှာမည်သူမှန်းမသိချေ။


ဦးဦးစနစ်က ယွီချင်းရှီအား တွေ့ကာစအချိန်တွင်လည်း ဤကဲ့သို့စိတ်လှုပ်ရှားနေခဲ့သည်။


ကျန်းရှောင်မန် သူမစိတ်ထဲရှိအသံအား အာရုံစိုက်နားထောင်နေသော်လည်း သူသည် မည်သည်ကိုမျှရှင်းရှင်းလင်းလင်းပြောကြားခြင်းမရှိပေ။ စက်သံကဲ့သို့မစ်ရှင်ကိုသာ ဆက်လက်၍ပေးနေခဲ့သည်။


[ပစ်မှတ်အား တွေ့ရှိပါပြီ...ပိုင်ရှင်..အနီးသို့သွားရောက်အတည်ပြုပါ]


[ပစ်မှတ်အား တွေ့ရှိပါပြီ...ပိုင်ရှင်..အနီးသို့သွားရောက်အတည်ပြုပါ]


[ပစ်မှတ်အား တွေ့ရှိပါပြီ...ပိုင်ရှင်..အနီးသို့သွားရောက်အတည်ပြုပါ]


သူမက ဘယ်ကိုသွားပြီးအတည်ပြုရမှာလဲ...ဘယ်သူ့ကိုလဲ...


စနစ်သည် ရှင်းရှင်းလင်းလင်းမပြောသည့်အတွက် ရှောင်မန်သည်လည်း နားလည်သဘောပေါက်ခြင်းမရှိပေ။ ရလဒ်အနေဖြင့် သူမက လှုပ်ပင်မလှုပ်ပဲ ဆက်လက်၍ထိုင်နေတော့သည်။


ယွီချင်းရှီလည်း သူမမည်သည်ကိုတွေးနေမှန်းမသိချေ။ သို့ရာတွင် ရှောင်မန်သည် တစ်နေရာထဲသို့စိုက်ကြည့်သည်အား သတိပြုမိသွားပြီးနောက် သူမအားမေးလိုက်လေသည်။


"ခုန်မယ်..."


"ဘမ်ပါကားနဲ့ရော.."


"ဆော့မယ်.."


"ရဟတ်ရော.."


"စီးမယ်.."


ကောင်းပြီ...သူမအကုန်လုံးနဲ့ဆော့ချင်နေတာပဲ...


ယွီချင်းရှီ မေးခွန်းများမေးခြင်းကိုရပ်လိုက်ပြီးနောက် ဒရိုင်ဘာအား ဆက်လက်စောင့်ဆိုင်းနေလေသည်။


ထိုစဥ် စနစ်သည် အချက်ပေးသံဆက်လက်မြည်နေခဲ့သည်။


"ပိုင်ရှင်...ကျေးဇူးပြု၍ ပစ်မှတ်အားသွားရောက်အတည်ပြုပါ...."


သူ၏အသံသည် စိုးရိမ်မှုဖြင့် တုန်ခါနေခဲ့သည်။

"ပစ်မှတ်က ဘယ်သူလဲဟင်..."


"စောစောကတွေ့လိုက်တဲ့ စုံတွဲနဲ့ကလေးမလေးလေ...အဲ့တာမင်းမိဘအရင်းတွေဖြစ်နိုင်ချေရှိတယ်...."


"သမီးရဲ့ မေမေနဲ့ဖေဖေ..."


ရှောင်မန် ရုတ်တရက်ထရပ်လိုက်သည်။ သူမ၏မျက်နှာလေးသည် ထိတ်လန့်မှုနှင့်ပြည့်နှက်နေသည်။


သူမ သူမ၏မိဘများကို ပြောင်းလဲချင်သော်လည်း သူတို့သည် ဤနေရာတွင်ရောက်နေသည်ဆိုလျှင် အနည်းဆုံးတစ်ခါလေးဖြစ်ဖြစ် မြင်ဖူးချင်သေးသည်။


ဒါပေမယ့်...


သွားကြပြီလေ...မရှိတော့ဘူး..


ဖက်ခ်...


စနစ်သည် မစ်ရှင်၏ပစ်မှတ်အား တွေ့သောအခါ အလွန်ပင်စိတ်လှုပ်ရှားခဲ့ရသည်။ ယခုမူ သူ၏မြင်ကွင်းထဲမှ သူတို့အားလုံးသည် ပျောက်ကွယ်သွားပြီဖြစ်သည်။ သူသည် မျက်ရည်များပင်ကျချင်လာသည်။


"ပိုင်ရှင်...ပစ်မှတ်ကိုလိုက်ရှာပေးနိုင်မလား...ငါမင်းကို အမှတ် ၁၀၀ ပေးမယ်လေ...."


အမှတ် ၁၀၀ တောင်...


ကျန်းရှောင်မန် ယွီချင်းရှီ၏လက်ကိုလွှတ်ချလိုက်ကာ စနစ်၏ညွှန်ကြားချက်အရ ထိုစုံတွဲအားတွေ့ခဲ့သောနေရာသို့ သွားရောက်ရှာဖွေတော့သည်။


ရှာရမယ်...ရှာရမယ်...


သူမ၏မျက်လုံးထဲတွင် အမှတ်များကိုသာ မြင်ယောင်နေမိသောကြောင့် သူမနောက်မှပြေးလိုက်လာသောယွီချင်းရှီအား သတိမပြုမိခဲ့ချေ။


ယွီချင်းရှီ၏မျက်နှာလေးသည် စိုးရိမ်မှုအပြည့်နှင့်ရှိနေလေသည်။


ကစားကွင်း၌ ရှောင်မန်နှင့်သက်တူရွယ်တူ ကလေးများစွာရှိနေလေသည်။ သူမသည် သမုဒ္ဒရာတွင်းသို့ကူးခတ်သွားသောငါးကလေးကဲ့သို့ လျှင်မြန်စွာပြေးသွားခဲ့ခြင်းဖြစ်သည်။ သူသည် အနည်းငယ်နောက်ကျသွားသည်နှင့် သူမ၏အရိပ်ကလေးကိုပင် မမြင်ရတော့ချေ။


ယွီချင်းရှီသည် သူမလမ်းပျောက်သွားမည်အား စိုးရိမ်သောကြောင့် သူမနောက်မှပြေးလိုက်ခဲ့လေသည်။


"ကျန်းရှောင်မန်...ပြန်လာခဲ့...."


သူသည် အကြိမ်ရေအနည်းငယ်ခေါ်ကြည့်သော်လည်း ကျန်းရှောင်မန်ထံမှ တုံ့ပြန်မှုမရခဲ့ပေ။ ယွီချင်းရှီ စတင်ငိုကြွေးတော့သည်။

သူသည် အတန်ကြာငိုနေသောအခါ သက်တော်စောင့်များသည် တစ်စုံတစ်ခုမှားယွင်းနေကြောင်း သတိပြုမိသွားပြီးနောက် အနားသို့ရောက်လာကြသည်။


ယွီချင်းရှီက သူတို့အား သူမကိုလိုက်ရှာရန်ပြောခဲ့သည်။


"ကျန်းရှောင်မန်ပျောက်သွားပြီ....ဝါး..."


သူက တော်ရုံငိုကြွေးလေ့မရှိပေ။ ယခုမူ ကျန်းရှောင်မန်ကြောင့် ငိုနေရပြီဖြစ်သည်။


ဘာလို့သူမက လူတွေကိုစိုးရိမ်အောင်လုပ်နေရတာလဲ....


သူ သူမကိုလျှောက်မပြေးဖို့ပြောတယ်လေ...ဘာလို့နားမထောင်ရတာလဲ...သူမကတကယ့်ကိုအရိုက်ခံရသင့်တယ်...


[တင်းတောင်...ယွီချင်းရှီအား.တစ်ကြိမ်ငိုစေခဲ့သည်...


 ရမှတ် +၅မှတ်]


[တင်းတောင်...ယွီချင်းရှီအား.တစ်ကြိမ်ငိုစေခဲ့သည်....


 ရမှတ် +၁၀မှတ်]


[အမှတ်ပေါင်း: -၆၄၅မှတ်]


မိဘရင်းချာများအား အာရုံစိုက်ကာရှာဖွေနေသောကျန်းရှောင်မန်သည် စနစ်၏အသံထွက်ပေါ်လာသောအခါတွင် သူမ၏သူငယ်ချင်းလေးအား သတိရသွားခဲ့လေသည်။


ယွီချင်းရှီငိုနေတယ်...သူကမငိုတတ်ဘူးလို့ ပြောခဲ့တယ်လေ...ဦးဦးစနစ်က ယူကလစ်ဆီကြောင့် ငိုတာကိုထည့်တွက်မပေးခဲ့ဘူး...သူတကယ်ဝမ်းနည်းပြီးငိုတဲ့အခါမှ အမှတ်ပေးမယ်လို့ပြောခဲ့တာ...သူမသူ့ကိုပျောက်သွားလို့ သူဝမ်းနည်းပြီးငိုနေပြီထင်တယ်..လောကကြီးကအရမ်းကြောက်စရာကောင်းတာ....မကောင်းတဲ့လူတွေကသူ့ကိုဖမ်းသွားရင် ဘယ်လိုလုပ်မလဲ...


ရှောင်မန် အလွန်ပင်နောင်တရသွားခဲ့သည်။ သူမ၏မိဘများကိုလည်း ဆက်လက်၍ ရှာချင်စိတ်မရှိတော့ပေ။ သူမသည် လမ်းပေါ်တွင် ဆောင့်ကြောင့်လေးထိုင်ချလိုက်ကာ ပါးပေါ်သို့မျက်ရည်များစတင်စီးကျလာတော့သည်


Note:

ထရမ်ပိုလိုင်းက ခုန်ပြီးဆော့တဲ့အဝိုင်းပြားကြီးပါ