အပိုင်း ၁၂၆-၁၃၀
Viewers 14k

Chapter 126


ကစားကွင်းသည် အလွန်ပင်ကြီးမားလှသည်။ သူမသည် မူလနေရာကိုပင်ပြန်မသွားတတ်ချေ။ ယွီချင်းရှီအား မည်ကဲ့သို့ လိုက်၍ရှာရမည်နည်း။


"ပိုင်ရှင်..ခဏနေရင်လေ..."


"သမီးမိဘတွေကို လိုက်မရှာချင်တော့ဘူး..."


ကျန်းရှောင်မန် ငိုကြွေးရင်းပြောလိုက်သည်။


"ယွီချင်းရှီ ပျောက်သွားပြီ..မကောင်းတဲ့လူဆိုးကြီးတွေက သူ့ကိုခေါ်သွာကြပြီ..သူသူ့ရဲ့ဖေဖေကို ထပ်ပြီးမတွေ့နိုင်တော့ဘူး..ဝါး....အခုချိန်ကစပြီးသူကဝဝလင်လင်လည်းမစားရတော့ဘူး..နွေးနွေးထွေးထွေးလည်းမနေနိုင်တော့ဘူး...ကျောင်းလည်းမသွားရတော့ဘူး....သူများရဲ့ပေးစာကမ်းစာတွေနဲ့ပဲအသက်ဆက်ရတော့မယ်...သူ့ရဲ့ဆွေမျိုးတွေကလည်း သူ့ကိုမလိုချင်တဲ့အတွက် သူ့ခမျာ့ငယ်ငယ်လေးနဲ့အသက်ရှင်ဖို့ရုန်းကန်ရတော့မှာ...နောက်တော့သူအသက် ၁၅နှစ်ရောက်တဲ့အခါကျမှ သူ့ကိုသူ့ဖေဖေကပြန်ရှာတွေ့လိမ့်မယ်...သူကအရမ်းသနားစရာကောင်းတာပဲ...ဝါး...."


"...."


စနစ် "ကိုယ့်သေနတ်ဖြင့် ကိုယ့်ခြေထောက်ကိုယ်ပြန်၍ပစ်မိသည်" ဟူသည့်စကားအားကြားယောင်မိလေသည်။


သူက သူမအားထိုပုံပြင်ကိုပြောပြခဲ့သည်။ ယခုမူ မည်ကဲ့သို့ကိုင်တွယ်ရတော့မည်နည်း။ 


"ပိုင်ရှင်..စိတ်ကိုလျှော့ပါ..သူ့မှာသက်တော်စောင့်နှစ်ယောက်ရှိတယ်လေ....ဘာမှမဖြစ်လောက်ပါဘူး.."


"ဟုတ်လို့လား...ဟင့်အင်း..သမီးမယုံဘူး..."


ကျန်းရှောင်မန် ခဏအကြာတွင် စနစ်၏ပြောစကားအား ယုံကြည်သွားခဲ့သည်။ ယွီချင်းရှီက သက်တော်စောင့်နှစ်ဦးနှင့်အတူ ရောက်လာခဲ့လေသည်။


သူသူမအားတွေ့သောအချိန်တွင် ရှောင်မန်သည် လမ်းမပေါ်တွင် ဆောင့်ကြောင့်လေးထိုင်ရင်း သနားစရာကောင်းစွာ ငိုကြွေးနေလေသည်။


သူ့နှလုံးသားအားဖိစီးနေသောအလေးချိန်က နောက်ဆုံးတွင် ပေါ့ပါးသွားသလိုခံစားလိုက်ရသည်။ ယွီချင်းရှီ စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်သည်။ ထို့နောက် သူသည်စိတ်ဆိုးလာခဲ့လေသည်။


သူမက ငိုနေတယ်ပေါ့...သူ့လက်ကိုဖြုတ်ပြီးပြေးသွားတာဘယ်သူမို့လို့လဲ...ကံကောင်းလို့လူဆိုးတွေနဲ့မတွေ့တာ..တွေ့သာတွေ့ခဲ့ရင် သူမငိုနေရင်လည်းအပိုပဲ...


သူတွေးလေလေ ပို၍စိတ်ဆိုးလေလေဖြစ်သည်။ ထို့နောက် စတင်ရှိုက်ငိုလာတော့သည်။


သူစိတ်ဆိုးဆိုးနှင့်ပင် သူမထံသို့ပြေးသွားလိုက်သည်။


"ကျန်းရှောင်မန်....နင်ဘာလို့ပြေးသွားတာလဲ..."


ကျန်းရှောင်မန် သူ၏လက်ကလေးများကိုကိုင်ရင်း ပြောခဲ့သည်။


"ငါတောင်းပန်ပါတယ်...ငါနင့်ကိုပျောက်သွားခဲ့တယ်....ကံသီပေလို့ပဲ...နင်ကမကောင်းတဲ့လူတွေနဲ့မတွေ့တာ...မဟုတ်ရင်လေ...အန်ကယ်ယွီ့ကိုဘယ်လိုရှင်းပြရမလဲသိမှာမဟုတ်ဘူး...နောက်ဆိုရင်လေ ငါ့လက်ကိုသေချာကိုင်ထားရမယ်နော်..လောကကြီးကအရမ်းကိုရက်စက်တာ..ငါအိမ်ကနေတောင်ထွက်မပြေးရဲဘူးလေ...နင့်လိုကလေးလေးတွေကိုအနိုင်ကျင့်တဲ့လူဆိုးတွေအများကြီးရှိတယ်...ဝါး..."


ဘယ်သူကဘယ်သူ့ကိုပျောက်တာလဲ...


အခု သူမကသူ့အမှားလို့ပြောချင်တာလား...


ယွီချင်းရှီ စိတ်ဆိုးလာသည့်အတွက် သူ့ကိုယ်သူထိန်းချုပ်မနေတော့ပဲ ကျမ်းရှောင်မန်၏ဖင်လုံးလုံးလေးအား ရိုက်လိုက်တော့သည်။


ထို့နောက် ကလေးနှစ်ယောက် အတူတကွဆက်လက်၍အော်ငိုကြတော့သည်။


[တင်းတောင်! ယွီချင်းရှီအား သုံးကြိမ်ငိုစေခဲ့သည်..


 ရမှတ်: +၁၅မှတ်]


[လက်ကျန်အမှတ်ပေါင်း : -၆၃၀မှတ်]


ကျန်းရှောင်မန် အရိုက်ခံရသောအခါ ပို၍ဝမ်းနည်းသွားခဲ့သည်။ သို့ရာတွင် စနစ်၏အမှတ်ပေးသံအား ကြားလိုက်ရသောအခါ ယွီချင်းရှီအားငိုလက်စနှင့်ပြောလိုက်သည်။


"ရိုက်ပါ..နောက်တစ်ချက်လောက်ထပ်ရိုက်လိုက်ဦး...ငါ့ကိုရိုက်တဲ့အခါ နင်လည်းစိတ်မကောင်းဖြစ်ရတယ်မဟုတ်လား...အဲ့တာကြောင့်နင်ငိုနေတာမဟုတ်လား...အဆင်ပြေပါတယ်..ငါလုံးဝမနာဘူးနော်..."


ယွီချင်းရှီသည် ရုတ်တရက် ကျန်းဟွေ့မိန်၏ခံစားချက်အား နားလည်သွားလေသည်။ ရှောင်မန်၏အဘွားသည် သူမအား အလကားသပ်သပ်လိုက်ရိုက်နေခြင်းမဟုတ်ပေ။


သူဆက်၍မငိုတော့ပဲ သူမကိုသာထပ်၍ရိုက်တော့သည်။ 


ကျန်းရှောင်မန်သည် စနစ်မှအမှတ်များထပ်မံမရတော့သောအခါ သူ့အားရိုက်ခွင့်မပေးတော့ချေ။


ကလေးနှစ်ယောက် တစ်ယောက်နှင့်တစ်ယောက်စိတ်ကောက်ကာ လျစ်လျူရှုလိုက်ကြတော့သည်။


ခဏအကြာတွင် ဒရိုင်ဘာက လက်မှတ်နှစ်စောင်နှင့်အတူ ပြန်ရောက်လာခဲ့သည်။


Chapter 127


ထိုအချိန်တွင် ကလေးနှစ်ယောက်က တစ်ယောက်နှင့်တစ်ယောက် စိတ်ကောက်နေကြဆဲပင်ဖြစ်သည်။ တစ်ယောက်နှင့်တစ်ယောက် အပြစ်ပုံချရင်း လျစ်လျူရှုနေကြဆဲဖြစ်သည်။ တစ်ဖက်လူ၏ တောင်းပန်မှုကိုလက်ခံရရှိသောအခါမှ စကားပြန်ပြောမည်ဟု ကိုယ်စီဆုံးဖြတ်ထားကြလေသည်။


ထို့ကြောင့်သူတို့က တစ်ယောက်လက်ကိုတစ်ယောက်ချိတ်ကာ ချားရဟတ်မစီးချင်ကြတော့ချေ။


သို့ရာတွင် လက်မှတ်များမှာ ဝယ်ယူပြီးဖြစ်သောကြောင့် ဖြုန်းတီးရန်မသင့်တော်ပေ။


ထို့ကြောင့် သက်တော်စောင့်နှစ်ဦးမှာ တစ်ယောက်လက်ကိုတစ်ယောက်ချိတ်ကာ ချားရဟတ်သွားစီးကြလေသည်။

(အူတက်...🤣🤣)


ယွီချင်းရှီ ကျန်းရှောင်မန်အား သူမ၏အိမ်သို့ ပြန်ပို့ပေးခဲ့သည်။ တံခါးဝသို့ရောက်သောအခါ...


"ဟမ့်....ငါနင်နဲ့ဘယ်တော့မှ အပြင်မှာတူတူမဆော့တော့ဘူး..."


သူ၏မျက်လုံးများ ကန်းနေ၍သာ သူမသည်ချစ်စရာကောင်းသည်ဟု ထင်မြင်ခဲ့ခြင်းဖြစ်လိမ့်မည်။


သူမက လန့်စရာကောင်းတယ်...


"ဟမ့်..ငါကလည်း နင်ငါ့ကိုတောင်းပန်ရင်တောင် နင်နဲ့တူတူမဆော့ဘူးမှတ်...."


ကလေးနှစ်ယောက် တစ်ယောက်နှင့်တစ်ယောက် ကတ်ကတ်လန်ရန်တွေ့ပြီးသည်နှင့် ကိုယ်စီအိမ်သို့ပြန်ခဲ့ကြသည်။


ရှောင်မန်၏ပါးဖောင်းဖောင်းလေးပေါ်တွင် မျက်ရည်များသည် ကောင်းကောင်းမခြောက်သေးပေ။ ထို့အပြင် သူမ၏မျက်နှာလေးသည် ဖြူဖျော့နေသောကြောင့် မျက်ရည်ဝိုင်းနေသောမျက်ဝန်းများနှင့်ပေါင်းလိုက်သောအခါ သူမသည် ပို၍သနားစရာကောင်းနေခဲ့သည်။


ကျန်းဟွေ့မိန်က ထိုမျက်နှာလေးအားတွေ့လိုက်သောအခါ သူမ၏အဖိုးတန်မြေးမလေးအား ဆီးကြို၍ဖက်လိုက်ပြီးနောက် ယွီချင်းရှီနှင့်များရန်ဖြစ်ခဲ့သည်လားဟူ၍ စတင်မေးမြန်းတော့သည်။


သူမ သူ့ကိုနိုင်လာခဲ့တယ်မဟုတ်လား..


ကျန်းရှောင်မန်သည် သူမအဘွား၏မေးမြန်းခြင်းကိုခံရသောအခါ ပို၍ပင်မှားယွင်းသလိုခံစားလာခဲ့ရသည်။ သူမသည် ငိုရင်းပြောခဲ့သည်။


"သမီးကသူ့ကိုပျောက်သွားတာ...သမီးမှာတော့ဘယ်လောက်စိုးရိမ်လိုက်ရလဲ...မိဘတွေကိုတောင်မရှာနိုင်ခဲ့ဘူး...ဒါပေမယ့်သူကသမီးကိုရိုက်တယ်...ဝါး..."


ယွီချင်းရှီသည် လိမ္မာသောကလေးတစ်ယောက်ဖြစ်သည်။ အဘယ့်ကြောင့် သူမတို့၏ရှောင်မန်အား ရုတ်တရက်ထရိုက်ရသနည်း။


"သမီးက မိဘတွေကိုဘာလို့လိုက်ရှာခဲ့တာလဲ...."


"သမီးက...သမီးကသူတို့ကိုတစ်ခါလောက်တွေ့ချင်ရုံပါ...ထားပါ...အဲ့တာကအရေးမကြီးပါဘူး..သမီးကဦးဦးစနစ်ပြောတာကိုယုံခဲ့ရမှာ...သူဘာမှမဖြစ်ပဲ ဦးဦးနှစ်ယောက်နဲ့အတူ သမီးဆီပြန်လာခဲ့တယ်လေ...နောက်တော့သမီးကိုသူရိုက်တော့တာပဲ.."


ကျန်းဟွေ့မိန်သည် ဘာပြောရမှန်းမသိပဲ တိတ်ဆိတ်သွားခဲ့သည်။


"ဒါပေမယ့် သမီးကစိတ်မဆိုးပါဘူး...သမီးကိုထပ်ရိုက်ချင်ရိုက်လို့တောင်ပြောခဲ့သေးတယ်..အဲ့တာတောင်သူကစိတ်ဆိုးမပြေဘူးလေ..သမီးနဲ့နောက်တခါမကစားတော့ဘူးတဲ့...ဝါး...."


ကျန်းဟွေ့မိန် ခပ်တိုးတိုးရေရွတ်လိုက်သည်။


"ပုံမှန်ဆို အဲ့ဒီ့ကလေးကလိမ္မာပါတယ်..ရုတ်တရက်ဘာထဖြစ်တာတုန်း.."


ဒါပေမယ့် ပြောရရင်ရှောင်မန်က တခြားလူကိုစိတ်မဆိုးဆိုးအောင်လုပ်တဲ့နေရာမှာ တကယ့်ကိုတော်တာ...


ကျန်းဟွေ့မိန် ဤကဲ့သို့တွေးမိလိုက်ပြီးနောက် ကျန်းရှောင်မန်အား သူငယ်ချင်းနှင့်ရန်မဖြစ်ရန် ဆိုဆုံးမလိုက်လေသည်။


ကျန်းရှောင်မန်မှာ အဘွားဖြစ်သူကိုပါ စိတ်ကောက်သွားပြီး နှုတ်ခမ်းလေးစူကာဘာမှဆက်မပြောတော့ချေ။


ညနေခင်းသို့ရောက်ချိန်တွင် ကျန်းရှင်းက သုန်မှုန်သောမျက်နှာဖြင့် အိမ်သို့ပြန်လာခဲ့သည်။


သူတို့တူဝရီးသည် ခုံတန်းရှည်ပေါ်တွင် အတူတကွထိုင်နေကြရင်း ပြိုင်တူသက်ပြင်းချမိကြသည်။


ကျန်းရှင်း သူမအားမေးလိုက်သည်။


"ဘာလို့သက်ပြင်းချတာလဲ.."


ရှောင်မန်သည် သူ့အားပြန်၍မေးလိုက်သည်။


"ဦးလေးကရော..."


"ရှောင်မန်...ဦးလေးဒီနေ့လေ ရန်သူတစ်ယောက်နဲ့တွေ့ခဲ့တယ်..."


"ဟမ်.....ဦးလေးနော်...ဘွားဘွားကထပ်ပြီးရန်မဖြစ်ရဘူးလို့ပြောထားတယ်မဟုတ်လား..တကယ်လို့ ဦးလေးထပ်ပြီးရန်ဖြစ်မယ်ဆိုရင် သမီးဘွားဘွားနဲ့တိုင်ပြောမှာနော်..."


"ဘာလို့ရန်ဖြစ်ရမှာလဲ..ဦးလေးတို့ကလူကြီးလူကောင်းတွေပါ...ခုက ဦးလေးးရဲ့စီးပွားရေးကို တစ်ယောက်ယောက်ကနှောင့်ယှက်လိုက်တာ..."


သူ ပြောရင်းပြောရင်း ပို၍စိတ်ဆိုးလာလေသည်။ သူက ထိုပြသနာအားဖွင့်ထုတ်ခွင့်မရခဲ့ပဲ စိတ်ထဲမှာသာသိမ်းထားခဲ့ရလေသည်။ ထို့ကြောင့် ရှောင်မန်လေးအားပွေ့ပိုက်ရင်း သူ၏ရင်တွင်းမှမခံချင်မှုများကို ရင်ဖွင့်နေခဲ့သည်။ 


"ဦးလေးက ဘယ်လောက်ထိအရှုံးခံနိုင်မလဲဆိုတာ သေချာတွက်ချက်ပြီးမှ ဒီစီးပွားရေးကိုစလုပ်ခဲ့တာ..ခုအောင်မြင်ပြီးရလဒ်ကောင်းလာတဲ့အခါကျတော့ တစ်စုံတစ်ယောက်ရဲ့မျက်စိကျတာခံလိုက်ရတယ်လေ..ပြောရရင်ဒီလိုရလဒ်ရဖို့အတွက် နေရာစုံလျှောက်သွား လူတွေအများကြီးနဲ့စကားပြောပြီးကြိုးစားထားရတာ ခုတော့ လေထီးစစ်သားကောင်က ဖြတ်ခုတ်သွားတယ်လေ.."


"လေထီးစစ်သားဆိုတာဘာလဲဟင်...."


"ခြေထောက်ကျိုးနိုင်ချေများတဲ့လူပေါ့.."


ကျန်းရှင်းသည် အေးစက်စွာရယ်လိုက်သည်။


"ရှောင်မန်..ဦးဦးကဒါကိုဒီတိုင်းမထားဘူး...သမီးစောင့်ကြည့်နေလိုက်..."


ရန်သူသည် သူ၏ယောက္ခမများအပေါ်မှီခိုနေရသော မကြာသေးခင်ကမြို့မှပြန်ရောက်လာသည့် လူငယ်တစ်ဦးဖြစ်သည်။ ကျန်းရှင်းသည် ထိုလူ၏နောက်ခံအား သေချာစုံစမ်းထားပြီးပြီဖြစ်သည်။


Chapter 128


ကျန်းရှင်း၏စီးပွားရေးသည် စတင်ဖွံ့ဖြိုးကာစအဆင့်၌သာ ရှိသေးသည်။ သူက ဖောက်သည်များနှင့်စကားပြောဆိုထားပြီး အချိန်ရောငွေကြေးကိုပါ ရင်းနှီးထားပေသည်။ 


သူ၏စီးပွားရေးသည် ယခုအချိန်တွင် စိုက်ထုတ်ထားရသောစရိတ်နှင့် ပြန်၍ဝင်လာသောဝင်ငွေ ညီတူမျှတူဖြစ်နေပြီဖြစ်သည်။


 ကျန်းရှင်းက ရှုံးမည်အားမစိုးရိမ်ပါ။ သူသည် မျက်တောင်တစ်ခတ်အတွင်းတွင် ရလဒ်အားပြောင်းပြန်လှန်ပစ်နိုင်ခြင်းကြောင့်ဖြစ်သည်။


သို့သော် သူ့လောက်နီးနီးဉာဏ်ကောင်းသောထိုလူငယ်သည် ငွေကြေးအမြောက်အများသုံးကာ သူ၏ဖောက်သည်များအား ယူဆောင်သွားခဲ့လေသည်။


ထိုလူငယ်သည် ပိုက်ဆံအမြောက်အများကို သုံးစွဲနိုင်လေသည်။ ပိုက်ဆံများအားမီးရှို့ပစ်နေခြင်းကိုမြင်ရသည်မှာ ကျန်းရှင်းအနေဖြင့် အလွန်ပင် စိတ်မငြိမ်မသက်ဖြစ်ရလေသည်။


ကျန်းရှင်းက သည်းခံနိုင်စွမ်းမြင့်မားသူတစ်ဦးမဟုတ်သဖြင့် သူသည်ဒေါသကြောင့်အသက်ပင်ပါတော့မည်ဟုထင်မိသည်။


စုံစမ်းကြည့်ရာတွင် ထိုအရူးဖြုန်းတီးနေသောပိုက်ဆံများမှာ သူကိုယ်တိုင်ရှာထားခြင်းမဟုတ်ပေ။ သူ့ယောက္ခမ၏ပိုက်ဆံများသာ ဖြစ်လေသည်။ ထို့ကြောင့် နှမြောမနေပဲ ငွေကိုရေလိုသုံးစွဲနေခြင်းဖြစ်ပေသည်။


လူငယ်က မြို့ခံလူတစ်ဦးဖြစ်ပြီး ချမ်းသာသောဇနီးအား လက်ထပ်ယူပြီးနောက် သူအပါအဝင်သူ့မိသားစုတစ်ခုလုံး ဤမြို့မှပြောင်းရွှေ့သွားကြလေသည်။ ယခုမူ စီးပွားရေးလုပ်ရန် ပြန်လာခဲ့ခြင်းဖြစ်သည်။ ထို့နောက် သူက ကျန်းရှင်း၏ဦးခေါင်းပေါ်သို့ တက်ရန်ကြံရွယ်နေလေသည်။


ကျန်းရှင်း ညစာစားလိုစိတ်ပင်မရှိပဲ ခြံဝင်းထဲတွင်လမ်းလျှောက်ရင်း ဆက်လက်စဥ်းစားနေသည်။


သူအနေဖြင့် ထိုကဲ့သို့ပိုက်ဆံအမြောက်အများမသုံးစွဲနိုင်ပေ။ ချမ်းသာကြွယ်ဝသော ဇနီးမယားအားရှာရန်မှာလည်း နောက်ကျနေပြီဖြစ်သည်။ ထို့ကြောင့် ကွဲပြားသောချဥ်းကပ်မှုအားလုပ်ရန်လိုအပ်သည်။


ဟမ့်...နဂါးက မြွေကိုမရှုံးနိုင်ဘူးဆိုတာပြရသေးတာပေါ့...


ကျန်းရှင်း တံခါးအားတွန်းဖွင့်လိုက်သည်။ ကျန်းဟွေ့မိန်တို့မြေးအဘွားနှစ်ယောက်သည် သူ့အားစိုးရိမ်နေလေသည်။ သူတို့က သူ့အားမေးချင်သော်လည်း မည်သည်ကိုမှနားလည်မည်မဟုတ်ပေ။ ထို့ကြောင့် ကျန်းရှင်းအား အနှောင့်အယှက်မပေးပဲ တိတ်ဆိတ်စွာနေကြလေသည်။


သုံးလေးရက်ကြာသောအခါ ကျန်းရှင်း အိမ်သို့ပြန်လာခဲ့လေသည်။


သူ၏မျက်လုံးနှင့်နှာခေါင်းသည် နီရဲနေခဲ့သည်။ သူသည် ချက်ချင်းပင်ရေနွေးဖြင့်ရေချိုးခဲ့သည်။ အပြင်သို့ထွက်လာချိန်တွင် သူ၏မျက်နှာသည် အားအင်အပြည့်ဖြစ်နေခဲ့သည်။


သူသည် ကောင်းမွန်သောစိတ်အခြေအနေတွင် ရှိနေသော်လည်း သူ၏မျက်လုံးနှင့်နှာခေါင်းများအားကြည့်ရသည်မှာ ငိုထားသည့်ပုံပေါ်နေခဲ့သည်။


ကျန်းဟွေ့မိန် အလန့်တကြားဖြစ်သွားခဲ့သည်။


သူမ၏မြေးမလေးနှင့်သားဖြစ်သူသည် အတူတကွအရိုက်ခံရင်း ကြီးပြင်းလာခဲ့ခြင်းဖြစ်သည်။ သူမ၏သားက အချိန်တော်တော်များများတွင် အရိုက်ခံနေရသော်လည်း သူငိုသည်အားသူမ မတွေ့ဖူးချေ။


သူကငိုခဲ့တယ်ဆိုတော့ သူဘယ်လောက်တောင်ခံစားခဲ့ရတာလဲ...


"အမေ...စိတ်မပူပါနဲ့...ကျွန်တော်အားလုံးကို ကိုင်တွယ်နိုင်ပါပြီ...အခုကစပြီးအေးအေးဆေးဆေးဖြစ်သွားပြီ...."


သူ အရင်နေ့ရက်များတွင် စိတ်ရှုပ်ကာဒေါသကြီးနေခဲ့သော်လည်း ယခုမူ အလွန်ပျော်ရွှင်နေလေသည်။


"သူလုချင်ရင်လုပါစေ...သူပိုက်ဆံဘယ်လောက်သုံးသုံး သုံးသမျှအရှုံးပေါ်မှာပဲ..ကျွန်တော်က ပွဲစားကိုဘယ်လိုအမြတ်ပေးစားရမယ်ဆိုတာကိုရော ဖောက်သည်တွေအနေနဲ့ ဘယ်လိုမျိုးလိုချင်တယ်ဆိုတာရောကို သိတယ်လေ..."


"ကုမ္မဏီကအခုဆိုရင် မြို့ဆင်ခြေဖုံးမှာ ဆောက်ခွင့်ရသွားပြီလေ...ဖောက်သည်တွေက ပစ္စည်းတွေလာပို့ထားလို့တောင်ရတယ်..အဲ့တာကအိမ်ထောင်စုတော်တော်များများအတွက် အဆင်ပြေတဲ့နေရာပဲ..ဘယ်သူမှသူတို့အိမ်နဲ့ဝေးဝေးကိုမသွားချင်ဘူး.."


"ဟမ်...ကုမ္မဏီက ဆင်ခြေဖုံးမှာ တိုက်ရိုက်စီမံနိုင်ပြီလား...ဒီမြို့ရဲ့ဆင်ခြေဖုံးမှာလေ.."


"အမှန်ပဲ..."


"ကျွန်တော် မြို့တော်ဝန်ဆီကိုသွားပြီး သနားစရာကောင်းအောင်ငိုခဲ့တယ်လေ..တကယ်လို့ ဆင်ခြေဖုံးမှာကုမ္မဏီဖွင့်ခွင့်မပေးရင် အဲ့အဆောက်အဦးပေါ်က ခုန်ချပစ်မယ်လို့ပြောခဲ့တယ်.."


ဟမ်...ဘယ်လိုကြီးလဲ...ဒီလိုလည်းဖြစ်တာပဲလား..အဲ့လိုဆိုပိုရှုပ်ကုန်မှာမဟုတ်လား...


ကျန်းဟွေ့မိန် အနည်းငယ်ကြောင်အသွားခဲ့သည်။


"စတာပါ...အမေကလည်း..."


"ကျွန်တော်က "တရားမျှတမှုအားရဲရင့်စွာကိုင်ဆောင်မှု" ဆိုတဲ့ သူတို့ချီးမြှင့်ထားတဲ့စာတမ်းကိုကိုင်ပြီး ကျွန်တော်စီးပွားရေးလုပ်တဲ့ကိစ္စမှာ အခက်အခဲလေးနည်းနည်းရှိလို့လို့ ပြောလိုက်ရုံပါပဲ...."


"ဆိုတော့...အသုံးဝင်သွားတယ်ပေါ့..."


ကျန်းရှင်း သူ၏သိက္ခာကိုပင်အရေးမစိုက်ခဲ့ချေ။ နှပ်ချေးများထွက်သည်အထိ ငိုယိုပြခဲ့လေသည်။


ကျန်းရှင်းသည် သူ၏ရင်ဘတ်အားပုတ်လိုက်ကာ ပြန်ပြောလိုက်သည်။

"ကျွန်တော်က ဗိုက်ကိုဓားထိခံပြီးတော့ အဲ့ဒီ့မှတ်တမ်းကိုရထားတာလေ..သေချာပေါက်အသုံးဝင်တာပေါ့..."


မည်သို့ပင်ဖြစ်စေ ကိစ္စအားလုံးအဆင်ပြေသွားခဲ့ပြီဖြစ်သည်။ သူ၏စီးပွားရေးတွင် ရင်းနှီးမြှုပ်နှံမှုအနည်းငယ် လိုအပ်နေသည်မှလွဲ၍ပေါ့..။


Chapter 129


ကျန်းရှင်းတွင် ငွေအရင်းအနှီးများများစားစားမရှိပေ။ ထို့ကြောင့် သူလုပ်နိုင်သမျှမှာ သူ၏စုငွေအားပုံအောလိုက်ကာ ရင်းနှီးမြှုပ်နှံသူများထပ်မံရှာဖွေရန်သာတတ်နိုင်သည်။


သူတို့မိသားစု ခြိုးခြံစွာနေရတော့မည်ဖြစ်သည်။


ကျန်းဟွေ့မိန်သည် အများကြီးပြောရန်မလိုအပ်ပေ။ သူမတို့၌ ရွာရှိဧကအနည်းငယ်ကျယ်ဝန်းသော မြေယာကွက်နှင့်ဘိုးဘွားပိုင်အိမ်ရှိသေးသည်။ အကယ်၍ မြို့ပေါ်၌ဆက်လက်မနေနိုင်တော့လျှင် ရွာသို့ပြန်၍လယ်စိုက်ရင်း ဝက်များကိုမွေးရင်း အသက်မွေးဝမ်းကျောင်းပြုနိုင်သေးသည်။


 သို့ရာတွင် လက်ရှိနေအိမ်အားရောင်း၍တော့မဖြစ်ပေ။ ရှောင်မန်လေးက ကျောင်းဆက်တက်ရန် လိုအပ်ပေသည်။


မြို့ပေါ်ရှိပညာရေးစနစ်သည် အလွန်ပင်ကောင်းမွန်ပေသည်။ သူမအနေဖြင့် ကျန်းရှောင်မန်အား ရွာတွင်ပြန်လည်မသင်ကြားစေလိုပေ။ ရွာရှိကလေးများသည် သုံးတန်းအောင်ပြီးသည်နှင့် ဆက်လက်၍ကျောင်းမတက်ကြတော့ပေ။ အခြေခံပိုင်နိုင်ခြင်းမရှိလျှင် သူမလေးကြီးပြင်းလာချိန်၌ ခက်ခက်ခဲခဲကြိုးစားရလိမ့်မည်။


ရှောင်မန်၏ကျူရှင်လခများအတွက်မူ ကျန်းဟွေ့မိန်သည် ကျောင်းတွင်သန့်ရှင်းရေးအနေဖြင့် အလုပ်ဝင်လုပ်နိုင်သည်။ 


ကျန်းဟွေ့မိန်၏အမြင်တွင် ရှောင်မန်သည် မြို့ပေါ်ရှိမူကြိုသို့ ပြောင်းပြီးသည့်အချိန်မှစ၍ သူမ၏အိမ်စာများကြောင့် အခက်တွေ့ခြင်းမျိုးမရှိတော့ချေ။ သူမသည် ဉာဏ်ပိုထက်လာပြီး ပို၍တော်လာသည်။ တစ်ခါတစ်ရံတွင် ဤကလေးမလေးသည် လူလည်ကျတတ်လွန်း၍ စိတ်တိုစရာပင်ကောင်းသည်။ မည်သို့ပင်ဖြစ်စေ ကျန်းရှောင်မန်က ရွာတွင်နေစဥ်ကထက်ပို၍ ထက်မြက်လာသည်မှာအမှန်ပင်ဖြစ်သည်။


ကျန်းဟွေ့မိန်မှာ သင့်လျော်စွာစီမံပြီးပြီဖြစ်သောကြောင့် ကျန်းရှင်းအားနောက်ဆံမတင်းစေပဲ သူ့စီးပွားရေးသူဆက်လုပ်စေသည်။


ကျန်းရှင်း၏ငွေကြေးပြသနာအားဖြေရှင်းမည့်အပြင် ကျန်းရှောင်မန်အား အခက်အခဲများကြုံရချိန်တွင် လိုက်လျောညီထွေဖြစ်စေရန်အတွက်ပါ အစီအစဥ်ချထားလေသည်။ ကျန်းတို့သည် နေ့ရက်များစွာကို အသီးအရွက်များသာစားရင်း ဖြတ်သန်းခဲ့ကြသည်။


ကျန်းရှောင်မန်က အသားအလွန်ကြိုက်လေသည်။ သူမသည် အစိမ်းရောင်စွပ်ပြုတ်အားကြည့်ရင်း ပြောလိုက်သည်။


"ဘွားဘွား သမီးအသားစားချင်တယ်...."


ကျန်းဟွေ့မိန်က ညှင်သာစွာပြောလိုက်သည်။


"ရှောင်မန်လေး....ဒီရက်ပိုင်းမှာ ဘွားဘွားကျွေးတာလေးကိုပဲစားပြီး နည်းနည်းဒုက္ခခံပေးပါဦးကွယ်...သမီးဦးလေးရဲ့လုပ်ငန်းက အခုချိန်မှာငွေကြေးအခက်အခဲရှိနေတယ်လေ...တို့တွေခဏလောက်ချွေတာပြီးသူ့ကိုကူညီရအောင်နော်..."


ကျန်းရှောင်မန်က လိမ္မာသောကလေးလေးပင်ဖြစ်သည်။ သူမသည် ပုံမှန်အားဖြင့် စကားနားထောင်လေ့မရှိသော်လည်း အရေးကြီးကိစ္စများနှင့်ပတ်သတ်၍မူ ကောင်းမွန်စွာပြုမူတတ်သည်။


ကျန်းဟွေ့မိန်၏စကားအားနားထောင်ပြီးနောက် ရှောင်မန်သည် သူမ၏စုငွေများကိုယူကာ ဘွားအေဖြစ်သူအားပေးလိုက်လေသည်။


ထိုသည်မှာ နှစ်သစ်ကူးစာအိတ်များပင်ဖြစ်သည်။ တစ်အိတ်စီတွင် ဆင့်အနည်းငယ်စီပါဝင်သော်လည်း စုစုပေါင်းသည် ဆယ်ယွမ်ထက်တော့မပိုပေ။


ပုံမှန်အားဖြင့် ကျန်းရှောင်မန်သည် ထိုစာအိတ်များအား သူမ၏ရတနာကဲ့သို့တန်ဖိုးထားလေသည်။ သူမသည် ကျန်းရှင်းအားဖုန်းခေါ်ရန်နှင့် မုန့်ဈေးတန်းမှမုန့်များဝယ်စားရန်အတွက်သာ အသုံးပြုလေ့ရှိသည်။ 


ကျန်းဟွေ့မိန် ငိုရမည်လားရယ်ရမည်လားမသိတော့ပေ။ သူမသည် စာအိတ်နီများအားပြန်၍ပေးလိုက်သည်။ သူမတို့၏ရှောင်မန်လေးသည် အလွန်ပင်လိမ္မာပြီး သိတတ်လာသည်ဟု တွေးနေမိသည်။ သူမလေးအား ညစာအဖြစ် အသားဟင်းချက်ကျွေးရမည်။


ကျန်းရှောင်မန်သည် ကျောင်းသို့ရောက်သောအခါ ခုံပေါ်သို့မျက်နှာမှောက်ချလိုက်ရင်း ထိုင်ငိုတော့သည်။


သူမသည် အချိန်အတော်ကြာသည်အထိ အသားစားရမည်မဟုတ်ကြောင်းတွေးမိသောအခါ ပို၍ပင်ဝမ်းနည်းလာတော့သည်။


Chapter 130


ရှောင်မန်သည် ယခင်ကမူ ချိုချဥ်မစားရခြင်းမှာ ကမ္ဘာပေါ်တွင် အနာကျင်ရဆုံးကိစ္စရပ်ဟုထင်ခဲ့သည်။ ယခုမူ ထိုသို့မဟုတ်ပေ။ အသားမစားရခြင်းကသာ အနာကျင်ရဆုံးကိစ္စရပ်ပင် ဖြစ်လေသည်။


သူမကအရမ်းသနားစရာကောင်းတာပဲ..


သူမသည် ယွီချင်းရှီသူမအနားသို့ကပ်လာသည်အထိ ငိုကြွေးနေခြင်းအားမရပ်တန့်နိုင်ခဲ့ပေ။


ယွီချင်းရှီက သူမအားစိတ်ဆိုးနေဆဲဖြစ်သည်။ သူတို့နှစ်ဦးမှာ စစ်အေးတိုက်ပွဲအလယ်တွင် ရှိနေကြသည်။ သို့ရာတွင် သူမငိုကြွေးနေခြင်းအားတွေ့သောအခါ သူဂရုမစိုက်ပဲမနေနိုင်ချေ။


"နင်...ဘာလို့ငိုနေတာလဲ.."


ကျန်းရှောင်မန် သူမ၏မျက်ရည်များကိုပွတ်သုတ်လိုက်သည်။ ထို့နောက်ရှိုက်ငိုနေရင်းပြောသည်။


"ငါတို့အိမ်မှာ ငွေကြေးအခက်အခဲရှိနေတာမို့လို့ ဘွားဘွားက ချွေတာတဲ့အနေနဲ့ အသီးအရွက်ဟင်းတွေကိုပဲ စားရမယ်လို့ပြောတယ်...အသီးအရွက်တွေပဲစားရင် ငါကပိုးတုံးလုံးလေးဖြစ်သွားမှာပေါ့..ပြီးတော့တဖြည်းဖြည်းနဲ့ လိပ်ပြာလေးဖြစ်သွားပြီး အဝေးကိုပျံထွက်သွားမိရင်ရော...တကယ်လို့ပျံသွားမိရင် ကျောင်းကိုလည်းမလာနိုင်တော့ဘူး...ဘွားဘွားနဲ့ ဦးလေးကိုလည်းမတွေ့ရတော့ဘူး...ငါအသီးအရွက်တွေနေ့တိုင်းစားပြီး ပိုးတုံးလုံးဖြစ်သွားတော့မယ်....ဝါး...."


သူ့အိမ်တွင် ငွေကြေးအခက်အခဲကြောင့် အသားမစားနိုင်ခြင်းမျိုးမရှိခဲ့ဖူးချေ။ ထို့အပြင် သူ့ဖေဖေသည် အသီးအရွက်နှင့်အသားကိုမျှတစွာကျွေးလေ့ရှိသည်။ သူသည်အစားနည်းသည့်အခါ သူ့ဖေဖေမျက်နှာသည် သုန်မှုန်နေတတ်သည်။ 


ယွီချင်းရှီက သူ့ကိုယ်သူသနားစရာကောင်းသည်ဟု ထင်ခဲ့မိသည်။ ယခုမူ ကျန်းရှောင်မန်၏ ပိုးတုံးလုံးဖြစ်ခါနီးအခြေအနေသည် ပို၍ပင်သနားစရာကောင်းကြောင်း သိလိုက်ရလေသည်။ သူမနှင့်ယှဥ်ပါက သူသည်ပျော်ရွှင်နေသင့်ပေသည်။


သူ့အိမ်မှာအသားတွေအများကြီးရှိတယ်လေ...အသီးအရွက်ပဲစားစရာမှမလိုတာ..ဟုတ်တယ်မလား.....


"မငိုပါနဲ့...ငါနင့်ကိုအမဲသားခေါက်ဆွဲကျွေးမယ်လေ..."


"မရဘူး...ငါကအခက်အခဲတွေကိုသေချာတောင့်ခံရမယ်.."


ကျန်းရှောင်မန် သူမတို့နှစ်ဦးရန်ဖြစ်ထားသည်အား သတိရသွားကာ..


"ပြီးတော့...ငါနင့်မုန့်တွေကိုမစားတော့ဘူးလို့ ပြောထားတယ်လေ..."


ဘွားဘွားက ကလေးတွေကအစားလောဘမကြီးရဘူးလို့ပြောထားတယ်..ဘာလို့ဆို လူစိမ်းတွေကျွေးတဲ့ချိုချဥ်ကိုစားပြီး ဒုက္ခရောက်သွားနိုင်တယ်တဲ့...


ဒါပေမယ့် သူမတကယ်ကြီးအသားစားချင်တယ်လေ....


ယွီချင်းရှီသည် ခဏတွေးလိုက်ပြီးနောက်ပြန်ပြောလိုက်သည်။

"ဒါဆို ငါကအိမ်စာကူလုပ်ပေးဖို့ တောင်းဆိုတဲ့အနေနဲ့ထားလိုက်လေ...အပြန်အလှန်အနေနဲ့ နင့်ကိုအမဲသားခေါက်ဆွဲကျွေးတာပေါ့...အဆင်ပြေလား..."


"အိမ်စာက....အဲ့လောက်များလို့လား.."


"အွန်း...အရမ်းခက်တာ..."


ကောင်းပြီလေ...ယွီချင်းရှီကဒီလိုတောင်းဆိုလာမှတော့ ကူညီပေးရတော့မှာပေါ့...ပြီးတော့ အိမ်စာလုပ်ရတာက ပျော်ဖို့ကောင်းတယ်လေ..


ဤသို့ဖြင့် အမဲသားခေါက်ဆွဲ၏ဖြေရှင်းချက်အောက်တွင် စစ်အေးတိုက်ပွဲသည် ပြီးဆုံးသွားလေသည်။


ကျောင်းဆင်းသောအခါ ယွီချင်းရှီသည်ကျန်းရှောင်မန်အား အမဲသားခေါက်ဆွဲကျွေးရန် သူတို့နှစ်ဦး ဆိုင်သို့အတူတူသွားခဲ့ကြသည်။


ထိုအမဲသားခေါက်ဆွဲဆိုင်သည် အချိန်အတော်ကြာကတည်းက ရှိနေခဲ့တာဖြစ်သည်။ အမဲသားခေါက်ဆွဲမှာ အလွန်ပင်အရသာရှိပေသည်။


ကျန်းရှောင်မန်က သူမ၏ဘဝတွင် နောက်ဆုံးအကြိမ်အသားစားရသကဲ့သို့ ခံစားရသည်။ ထို့ကြောင့် သူမသည် အလွန်ပင်တန်ဖိုးထားလေသည်။ 


ဆိုင်ပိုင်ရှင်သည် အလုပ်များနေလေသည်။ ကျန်းရှောင်မန်သည် မျက်ရည်ဝိုင်းနေသောမျက်ဝန်းများနှင့် သူ့အားကြည့်လိုက်ကာ..


"ဦးဦး....ခေါက်ဆွဲမပါပဲ အမဲသားပဲရနိုင်မလားဟင်...."


တကယ်တော့ ဤသည်မှာ စားသုံးသူတိုင်းတွေးနေခြင်းပင်ဖြစ်သည်။ သို့ရာတွင် သူမတစ်ယောက်သာ ထိုသို့ပြောရဲလေသည်။


ပိုင်ရှင်သည် အနည်းငယ်ထူးဆန်းသလို ခံစားရသည်။ သို့ရာတွင် သူမသည်ချစ်စရာကောင်းသဖြင့် သူမပန်းကန်ထဲသို့ အမဲသားပိုထည့်ပေးလိုက်လေသည်။


ရှောင်မန်သည် အလွန်ခံစားသွားရပြီး..


"ကျေးဇူးအများကြီးတင်ပါတယ် 

ဦးဦး...."


သူမသည် သနားစရာကောင်းအောင် မျက်ရည်များပင်ကျလာခဲ့သည်။ ဆိုင်ရှင်သည် နောက်ထပ်အမဲသားများပင်ထည့်ပေးချင်သွားလေသည်။


ယွီချင်းရှီသည်လည်း ထိုမြင်ကွင်းအား တောင့်မခံနိုင်ခဲ့ပေ။ သူသည် သူ့ပန်းကန်ထဲမှအမဲသားအားလုံးကို သူမအားထည့်ပေးလိုက်သည်။


"စား..."


ရှောင်မန်သည် စားချင်နေသော်လည်း သူ့အပေါ်မတရားရာကျမည်အား စိုးရိမ်လေသည်။


"နင် မစားဘူးလား...ဘာလို့လဲ...."


သနားစရာလေး..သူမအသားကိုဒီလောက်စားချင်နေခဲ့တာပဲ..