Chapter 131
ယွီချင်းရှီ၏အိမ်က အလွန်ပင်ကြီးမားသည်။ ထို့အပြင်ထိုနေရာ၌ လူအနည်းငယ်သာနေထိုင်လေသည်။ သူ၏အဘိုးအဘွားများမှာ သူတို့နှင့်အတူတကွမနေပေ။ သူနှင့် သူ၏ဖခင်သာ ဤအိမ်တွင်နေထိုင်ကြသည်။ ယွီဝမ်ချန်းက အလွန်အလုပ်များလေသည်။ သားဖြစ်သူအား ကြိုးစား၍အချိန်ပေးလေ့ရှိသော်လည်း အချိန်အများစုတွင် အလုပ်၌သာရှိလေသည်။
ကျန်းရှောင်မန်ရောက်ရှိလာမှုက အတော်လေးပြောင်းလဲသွားခဲ့သည်။
သူမ ပန်းဥယျာဥ်အားကြည့်ရင်း အံ့သြတကြီးပြောလိုက်သည်။
"ဝါး...ဒါကအရမ်းကောင်းတာပဲ...."
သူမ ဝင်ပေါက်ရှိတံခါးကာအားကြည့်ရင်း ပြောလိုက်သည်။
"ဝိုး...ဒီမှာရွှေငါးလေးတွေ.."
သူမ ဥယျာဥ်ထဲရှိ ကျောက်တုံးများနှင့်ဆောက်လုပ်ထားသော ငါးကန်အားကြည့်ရင်းပြောလိုက်သည်။
စင်စစ်သူမက ထိုအရာအားလုံးအား မြင်ဖူးပြီးသားပင်ဖြစ်သည်။ သို့ရာတွင် သူမသည်အမြဲပင်ချီးမွမ်းမဆုံးဖြစ်လေ့ရှိသည်။ ယွီချင်းရှီအနေဖြင့် သူမ တမင်သပ်သပ်ပြောဆိုနေသည်ဟုပင်ထင်ခဲ့သည်။ သို့ရာတွင် သူဘာကိုမှမမေးခဲ့ချေ။
ယနေ့တွင် ယွီဝမ်ချန်း အိမ်တွင်မရှိပေ။ ဤအိမ်၏သခင်လေးဖြစ်သော သူသာရှိသည်။ သူမအား အမဲသားခေါက်ဆွဲကျွေးထားခဲ့သည့်အတွက် ကျန်းရှောင်မန်သည် သူ့အားအပြန်အလှန်အနေဖြင့် အိမ်စာကူလုပ်ပေးမည်ဖြစ်သည်။
ယွီချင်းရှီ နက်နက်နဲနဲတွေးနေမိသည်။ ကျောင်းပိတ်ရက်များ၌ သူတစ်ယောက်ထဲအိမ်တွင်နေရသည်ထက်စာလျှင်တစ်ယောက်ယောက်ရှိနေသည်မှာ ပို၍ပျော်စရာကောင်းလေသည်။ ထို့ကြောင့် ကျန်းရှောင်မန်အား အိမ်စာကူလုပ်ပေးရန်ပြောခဲ့ခြင်းဖြစ်သည်။
"မြှောင်...မြှောင်...မြှောင်..."
ကျန်းရှောင်မန်သည် အသံပြုရင်း ခေါင်းလေးအားဘယ်ညာလှည့်ကာ ရှာဖွေလိုက်သည်။
ခဏအကြာတွင် မြောင်မြောင် ထွက်လာခဲ့လေသည်။
ပုံမှန်အားဖြင့် မြောင်မြောင်သည် အိပ်၍နေလေ့ရှိသည်။ ယွီချင်းရှီတစ်ယောက်သာလျှင် သူ့အမွှေးများအားကိုင်တွယ်ခွင့်ပေးလေသည်။ယွီဝမ်ချန်းကိုပင် အနားကပ်မခံပေ။ ယွီချင်းရှီက သူသည် သူ့သခင်ဖြစ်သည့်အတွက် အထူးအခွင့်အရေးပေးခြင်းဖြစ်မည်ဟု ယူဆခဲ့သည်။
ယခုမူ ကျန်းရှောင်မန်အား ပွတ်သီးပွတ်သပ်လုပ်နေလေသည်။ သူမနှင့်မြောင်မြောင်သည် ကြောင်သံအမျိုးမျိုးပြုလုပ်ရင်း အပြန်အလှန်ဆက်သွယ်နေကြသည်။ ယွီချင်းရှီ သူတို့အား မနာလိုဖြစ်လာလေသည်။
သူမသည် သူ၏အိပ်ခန်းသို့လည်းဝင်နိုင်သည်။ သူ၏ကြောင်အားပွတ်သပ်နိုင်ပြီး သူ့မုန့်များအားလည်းစားနိုင်လေသည်။ သူမမလုပ်နိုင်သည်မှာ ဘာမှမရှိပေ။
အကယ်၍ သူသည်ထိုအသံအားမလုပ်ခဲ့လျှင် မြောင်မြောင်၏မျက်လုံးထဲတွင် ကျန်းရှောင်မန်ကသာအကောင်းဆုံးဟူ၍ ထင်သွားနိုင်သည်ဟု ခံစားခဲ့ရလေသည်။ ယွီချင်းရှီ ကူကယ်ရာမဲ့သလိုခံစားရပြီးနောက် သူမနောက်မှ လိုက်ပြောလိုက်သည်။ သူသည် ချိုအီသောအသံလေးဖြင့် အော်လိုက်သည်။
"မြှောင်..."
"မြှောင်..."
ယွီချင်းရှီ : "မြှောင်...မြှောင်...မြှောင်.."
ကျန်းရှောင်မန် : "မြှောင်...မြှောင်...မြှောင်.."
"မြှောင်....."
မြောင်မြောင် ထိုအရူးလေးနှစ်ယောက်၏စကားဝိုင်းအား ပါဝင်ချင်သကဲ့သို့အသံပြုလိုက်သည်။ သူသည် ကျန်းရှောင်မန်၏ပွတ်သပ်ပေးမှုအား မျက်လုံးများမှေးစင်းကာ ဇိမ်ယူနေရင်း..ဘာလို့ လူသားတွေရဲ့စကားကိုမပြောပဲ ကြောင်စကားပြောနေကြတာလဲ..ဟူ၍မေးနေဟန်ရှိသည်။
ကလေးနှစ်ယောက် ကြောင်သံဖြင့်စကားပြောခြင်းအား ရပ်လိုက်ကြသည်။
"နင်ဘာလို့ ကြောင်လိုအော်တာလဲ...."
ကျန်းရှောင်မန်ကမေးလိုက်သည်။
"နင်က ဘာလို့စအော်လဲ..."
"ငါကကြောင်လိုတင်မဟုတ်ဖူး...ဝက်လိုလည်းအော်တတ်တယ်...."
ကျန်းရှောင်မန် ဝက်နှာခေါင်းပုံစံလုပ်ကာ ဟွားဟွား ကဲ့သို့အော်ပြလိုက်သည်။
"..."
ယွီချင်းရှီ သူမအားလျစ်လျူရှုလိုက်ပြီး ကြောင်စာထုပ်ကိုဖောက်လိုက်သည်။ မြောင်မြောင်သည် ကြောင်စာအနံ့အားရသည်နှင့် ယွီချင်းရှီ၏လက်များအတွင်းသို့ ပြေးဝင်လာတော့သည်။
ယွီချင်းရှီ ဆက်၍မနာလိုဖြစ်ရန်မလိုတော့ပေ။
သူသည်ကျန်းရှောင်မန်အားကြည့်လိုက်သောအခါ သူမသည် တောက်ပသောမျက်လုံးများနှင့် သူ့လက်ထဲရှိကြောင်စာထုပ်အား ကြည့်နေလေသည်။
"ငါ့ကိုလည်း နည်းနည်းကျွေးပါလား.."
သူမလည်း ဗိုက်ဆာနေပြီလေ...
ယွီချင်းရှီ ရှောင်မန်အားသနားသွားပြီးနောက် မြောင်မြောင်၏အာရုံစိုက်မှုနှင့်ပတ်သတ်၍ ဆက်လက်မယှဥ်ပြိုင်လိုတော့ပေ။
"အရင်တစ်ခုခုစားရအောင်...အန်တီကခုလေးတင် အမဲသားခြောက်ကြော်လုပ်ထားတယ်...အဲ့တာအရမ်းအရသာရှိတာ...."
သူသည် တစ်ကြိမ်ထဲနှင့်ကုန်အောင်မစားနိုင်သောကြောင့် သိမ်းထားခဲ့ခြင်းဖြစ်သည်။ကြာရှည်ထား၍မရသော်လည်း မုန့်ဆိုင်ရှိအသင့်လုပ်မုန့်များထက်တော့ ပို၍စားလို့ကောင်းသည်။ ထို့ကြောင့် မူလကထိုအမဲသားအား ကျောင်းသို့ယူသွားကာ ရှောင်မန်နှင့်အတူစားမည်ဟု ကြံရွယ်ထားခဲ့ခြင်းဖြစ်သည်။
ကျန်းရှောင်မန်သည် အသားဟူသည့်အသံအားကြားသည်နှင့် အံကလေးကြိတ်ထားလေသည်။ သူမ အံကြိတ်ထားသည်အားဖြေလျှော့လိုက်သောအခါ နှုတ်ခမ်းကလေးက တုန်ယင်နေလေသည်။
ကလေးများက အစားမကြီးသင့်ဟု ဘွားဘွားသည် သူမအားဆုံးမလေ့ရှိသည်။ သူမသည် ယွီချင်းရှီ၏မုန့်များအား ခဏခဏစားနေခဲ့သည်။ အနာဂတ်တွင်သူမ၏လက်ကလေးများသည် ပို၍တိုလာတော့မည်ထင်သည်။
xxxxxxxxxxxxxxx
Chapter 132
ကျန်းရှောင်မန်က သူမ၏လက်ဖောင်းဖောင်းတုတ်တုတ်ကလေးများကိုငုံ့ကြည့်ကာ တီးတိုးရေရွတ်လိုက်သည်။
"တကယ်လို့ လက်ကလေးတွေတိုသွားရင်တောင် ရှောင်မန်ကချစ်စရာကောင်းနေတုန်းပါ.."
"ဟမ်..."
ယွီချင်းရှီသည် ရှင်းရှင်းလင်းလင်းမကြားလိုက်၍ ပြန်မေးလိုက်သည်။
"မဟုတ်ဘူး...ငါပြောတာနင်ကအရမ်းချစ်စရာကောင်းတယ်လို့.."
ယွီချင်းရှီ၏မျက်နှာလေးက ရှက်စိတ်ဖြင့်ရဲသွားလေသည်။
မြောင်မြောင်အားအစာကျွေးပြီးနောက် ကလေးနှစ်ယောက်သည် အမဲသားအကြွပ်ကြော်စားကြလေသည်။
ယွီချင်းရှီက ပေါ့သောအစားအစာများကိုသာ စားနေကျဖြစ်သည်။ အမဲသားကြော်သည် ငရုတ်သီးနံ့သင်းကာ အရသာမှုန့်များနှင့်နှံ့စပ်စွာရောနယ်၍ ကြွပ်ရွနေအောင်ကြော်ထားခြင်းဖြစ်သည်။ တစ်ခုစားပြီးသည်နှင့် သူသည်အလွန်စပ်သွားပြီး ဆက်၍မစားနိုင်တော့ချေ။ သို့ရာတွင် နှစ်ခြိုက်စွာစားသောက်နေသောကျန်းရှောင်မန်အားကြည့်ရင်း ဆက်၍စားချင်လာလေသည်။ အစားအစာများအားဖြုန်းတီးခြင်းမှာမကောင်းပေ။
သူသည်ခဏမျှတွေးပြီးနောက် မီးဖိုချောင်ထဲပြေးဝင်သွားကာ ဆလတ်ရွက်များယူလာပြီးနောက် သူမဘေးတွင်ထိုင်ကာစားလိုက်သည်။ အချိုအစပ်မျှတသွားပြီဖြစ်သည်။
ကျန်းရှောင်မန် ယွီချင်းရှီအား အလန့်တကြားကြည့်လိုက်သည်။
သူမသည် လက်ထဲမှအမဲသားကြော်များအား ခဏချလိုက်ပြီး လက်ခုပ်တီးလိုက်သည်။
"နင်ကအရမ်းတော်တာပဲ...."
ယွီချင်းရှီ အမဲသားကြော်ထပ်မံစားပြီးနောက် စပ်လာ၍ကျဆင်းနေသောမျက်ရည်များနှင့် ပြောလိုက်သည်။
"နင်လည်းအရမ်းတော်တာပဲ.."
ကျန်းရှောင်မန်သည် ထိုချီးကျူးမှုအားလက်သင့်မခံပေ။ သူမသည် အသီးအရွက်အားမချက်ပြုတ်ပဲ အစိမ်းစားနိုင်ခြင်းမရှိပေ။
"မဟုတ်ဖူး...နင်ကပိုတော်တာ.."
ကလေးနှစ်ယောက်သည် ဆက်လက်ငြင်းခုံနေကြသည်။
လေထုသည်လိုက်လျောညီထွေဖြစ်ကာ ပျော်စရာကောင်းနေလေသည်။ သူတို့နှစ်ဦးသည် ရန်ဖြစ်ခဲ့ခြင်းအားမေ့သွားပြီဖြစ်သည်။
သူသည် မြောင်မြောင်အားအနည်းငယ်ချကျွေးကြည့်သည်။ မြောင်မြောင်က စားလို့ရတာမှန်သမျှအကုန်စားလေသည်။ သူသည် ပလတ်စတစ်အိတ်များကိုပင်စားသည်။ မြောင်မြောင်သည် ဆလတ်ရွက်များကို ယွီချင်းရှီအားကူညီ၍စားကာ လက်စသတ်ပေးလေသည်။
ကျန်းရှောင်မန်သည် အထွန့်တက်ပြန်သည်။
"ကြောင်ကသခင်ကိုအတုယူတယ်တဲ့...မြောင်မြောင်ကတော်လိုက်တာ..."
မြောင်မြောင်သည် ပြန်လည်အသံပြုလိုက်ရင်း အိပ်ရန်လှဲချလိုက်သည်။
ကျန်းရှောင်မန်သည် အမဲသားကြော်အားဆက်လက်စားချင်နေဆဲပင်ဖြစ်သည်။ သို့ရာတွင်ယွီချင်းရှီက သူမအားစားခွင့်မပြုတော့ချေ။ သူ၏နာနီသည် ကလေးများ၏အစာခြေစနစ်သည် ဖွံ့ဖြိုးဆဲအနေအထားတွင်ရှိကြောင်းပြောဖူးသည်။ အမဲသားကြော်အား သွားရည်စာအနေဖြင့်စားခြင်းမှာ ပြသနာမရှိသော်လည်း အများအပြားစားလျှင်မူ အစာအိမ်နာနိုင်ပေသည်။
ကျန်းရှောင်မန်သည် နာနီအား ထိုအမဲသားကြော်လုပ်နည်းကိုမေးထားရန် ကြံရွယ်လိုက်သည်။ သူမသည် ကောင်းစွာမှတ်သားထားမည်ဖြစ်ပြီး နောင်တစ်ချိန်ချမ်းသာလာသောအခါ အိမ်တွင်လုပ်စားရပေမည်။
သို့ရာတွင် ထိုအမဲသားကြော်မှာ ဆယ်ယွမ်ထက်ကုန်ကျမည်ဟုသိလိုက်ရသောအခါ သူမ၏အကြံကို လက်လျှော့လိုက်လေသည်။
သူမ၏ပိုင်ဆိုင်မှုအားလုံးသည် ဆယ်ယွမ်သာရှိသည်။
အရမ်းစျေးကြီးတာပဲ....ဝူး....
သူတို့နှစ်ဦး စားသောက်ပြီးသောအခါ အိမ်စာစလုပ်ကြသည်။
ယွီချင်းရှီ၏အိပ်ခန်းက အတော်အတန်ကြီးမားလေသည်။ သူ၏စားပွဲသည်လည်း ကလေးနှစ်ဦးကောင်းစွာ စာရေး၍ရအောင်ပင် ကျယ်ပြန့်သည်။ မူကြိုက အိမ်စာအများအပြားမပေးပေ။ ထို့အပြင် သူတို့နှစ်ဦးသည် အတော်လေးထက်မြက်ကြသဖြင့် ခဏလေးနှင့်ပြီးသွားလေသည်။
ယွီချင်းရှီက အခြားကလေးများထက်စာပိုလုပ်လေ့ရှိကြောင်း ကျန်းရှောင်မန်သိထားသည်။
သူသည် တစ်ဦးထဲရှိချိန်တွင် စာရေးခြင်းနှင့်ပုံဆွဲခြင်းအားပြုလုပ်ရင်း တိတ်ဆိတ်စွာအချိန်ကိုအသုံးချလေ့ရှိသည်။ သူ့ဖေဖေနှင့်အဘိုးအဘွားများသည် ယွီချင်းရှီ၏ဝါသနာမှာ စာဖတ်ခြင်းဖြစ်သည်ဟုယူဆကာ မြို့တွင်ရနိုင်သမျှ လေ့ကျင့်ခန်းစာအုပ်များအားလုံးကို သူ့အတွက်ဝယ်ထားပေးလေ့ရှိသည်။
အမှန်တွင် ဤကဲ့သို့မဟုတ်ပေ။ သူသည် အမြဲတစေငိုယိုနေသောကလေးများနှင့် ရွှံ့လူးကာမဆော့လိုခြင်းသာဖြစ်သည်။ ယခုမူ သူ့တွင်လေ့ကျင့်ခန်းစာအုပ်များပုံ၍နေလေသည်။ သူတစ်ယောက်ထဲ ထိုစာအုပ်အားလုံးကိုမလုပ်နိုင်ပေ။
xxxxxxx
Chapter 133
သူစာအုပ်စင်မှ လေ့ကျင့်ခန်းစာအုပ်နှင့် ပုံဆွဲစာအုပ်အနည်းငယ်အားယူလိုက်သည်။
"ဒီမှာ...နင်ဒီစာအုပ်တွေကိုယူလို့ရတယ်...အိမ်ကိုယူသွားနော်...."
ကျန်းရှောင်မန်သည် ပုံဆွဲစာအုပ်များကိုအလွန်ပင်နှစ်သက်သည်။ စာရွက်ဖြူဖြူသည် ပုံဆွဲရန်အလွန်ကောင်းသည်။ သို့ရာတွင်သူမသည် ယူရန်တွန့်ဆုတ်နေမိသည်။
ဘာလို့ဆို သူမဆွဲတဲ့ပုံတွေကမလှဘူးလေ...
အဲ့တာက ဖားလောင်းနဲ့တူတယ်..တွန့်လိမ်တွန့်လိမ်နဲ့...ကြုံရာလျှောက်ခြစ်ထားသလိုပဲ...
ကျန်းရှောင်မန်သည် သူမကိုယ်သူမအလွန်ဂုဏ်ယူလေ့ရှိသော်လည်း မိမိအားနည်းချက်ကိုမူ သတိပြုမိလေသည်။
ယွီချင်းရှီ သူ့နောက်ရှိစာအုပ်အတန်းလိုက်အား ညွှန်ပြလိုက်သည်။
"အဲ့မှာလေ...အများကြီးပဲ..."
"ဝါး..."
ကျန်းရှောင်မန် အံ့သြသွားပြီးနောက် စာအုပ်များကိုယူရင်း သူ့အားကျေးဇူးတင်လိုက်သည်။
"ကျေးဇူးပါ...ယွီချင်းရှီ နင်အရင်ကပေးတဲ့လေ့ကျင့်ခန်းစာအုပ်တွေကိုလေ ငါအားလုံးလုပ်ပြီးသွားတာနဲ့ ဆရာထန့်ကိုပို့လိုက်တယ်သိလား..ရွာမှာပြန်အသုံးချလို့ရအောင်လို့လေ...."
ယွီချင်းရှီ ရှက်ရှက်နှင့်မျက်နှာကလေးရဲလာခဲ့သည်။
သူသည်ကောင်းမွန်သောရည်ရွယ်ချက်ဖြင့် ပေးခဲ့ခြင်းမဟုတ်ပေ။ သူမအား သူဘယ်လောက်တော်ကြောင်း သိစေချင်၍သာဖြစ်သည်။ သူမသည် တကယ်ကြီးပျော်ရွှင်စွာလက်ခံကာ သူ့အားကျေးဇူးတင်နေလေသည်။
ယွီချင်းရှီ ရှက်ရှက်နှင့် အသံလေးတိမ်ဝင်သွားသည်။
"နင်ကြိုက်တယ်ဆိုရင် ကောင်း...ကောင်းတာပေါ့...."
အ...မဖြစ်နိုင်ဘူး...သူမကအရမ်းသနားစရာကောင်းနေတာတောင် စိတ်ဓာတ်သန်မာပြီးဖြတ်လတ်လွန်းတယ်...သူ့ဖေဖေပြောတာမှန်တယ်....သူမထံကပိုပြီးသင်ယူသင့်တယ်..
ယွီချင်းရှီသည် ယခုအခါတွင် ကမ္ဘာကြီးသည် အံ့သြစရာကောင်းပြီး စိတ်ဝင်စားစရာကောင်းသည်ဟု ခံစားရသည်။
ကျေးဇူးပြုပြီး...အနာဂတ်မှာသူမအတွက်ပိုကောင်းတဲ့အရာတွေနဲ့ကြုံရပါစေ....
ဒီကလေးမလေးက အရမ်းသနားစရာကောင်းတယ်...
ကလေးနှစ်ယောက် ပျော်ရွှင်စွာကစားနေကြသည်မှာ အချိန်ကိုပင်မေ့လျော့နေကြသည်။
ညနေစောင်းသောအခါမှသာ ကျန်းရှောင်မန်သည် အိမ်ပြန်ရန်သတိရတော့သည်။
ယွီဝမ်ချန်းသည် အိမ်သို့ပြန်ရောက်လာချိန်တွင် သူမအား မပြန်ခင်ညစာစားသွားရန်ပြောခဲ့သည်။
သူ အိမ်အကူအားမေးမြန်းပြီးဖြစ်သည်။ သူ၏သားဖြစ်သူက ရှောင်မန်နှင့်အတူဆော့ကစားနေကြောင်းသိရသောအခါ စိတ်သက်သာရာရခဲ့သည်။
သူမ ယွီချင်းရှီနှင့်ဆော့ကစားခဲ့ပြီး သူ၏အစားနည်းသောပြသနာကိုလည်း ဖြေရှင်းပေးခဲ့လေသည်။ ယွီဝမ်ချန်းသည် သူမအားသူ၏ဘိုးဘေးလေးကဲ့သို့ ကျေးဇူးတင်လေသည်။
ရှောင်မန် သူမအိမ်ကိုပြန်မသွားတော့ပဲ ဒီမှာနေရင် သူတော့အရမ်းပျော်မိမှာပဲ...
ကျန်းရှောင်မန်သည်လည်း နေချင်ခဲ့သည်။ သို့ရာတွင်သူမသည် ယွီချင်းရှီ၏အမဲသားကြော်အား စားခဲ့ပြီးပြီဖြစ်သည်။ အကယ်၍ညစာသာ ဆက်၍စားပါလျှင် သူမအိမ်သို့ပြန်သောအခါ ဘွားဘွားကဆူပေလိမ့်မည်။
"ဦးဦးယွီ...သမီးအမဲသားကြွပ်ကြော် စားခဲ့ပြီးပါပြီ...."
သူမသည် တုံ့ဆိုင်းစွာဆက်၍ပြောလိုက်သည်။
"သမီးထပ်စားလို့မရတော့ဘူး...ဘွားဘွားဆူလိမ့်မယ်....."
"အိုး...ကောင်းပြီလေ..ဒါဆိုသမီးအဖွားအတွက် အရင်ကလိုပဲ မုန့်တစ်ချို့ထည့်ပေးလိုက်မယ်..အဲ့လိုဆိုရင်ရော အဆင်ပြေလား...."
"အာ...မဟုတ်တာ..မဟုတ်တာ..ရပါတယ်....."
ကျန်းရှောင်မန် သူမ၏လက်ကလေးများအား ခပ်မြန်မြန်ဝေ့ယမ်းလိုက်သည်။
သူမသည် အသားကိုအများကြီးစားပြီးပြီဖြစ်သည်။ အခက်အခဲများကို ကြံ့ကြံ့ခိုင်ကာလိုက်လျောညီထွေနေထိုင်ခြင်းမပြုခဲ့ပေ။ အကယ်၍ ဘွားဘွားသည် သူမအသားစားခဲ့ကြောင်းသိပါလျှင် သူမအားဆူပေတော့မည်။ ထို့အပြင် သူမတစ်ယောက်ထဲစားခဲ့ခြင်းဖြစ်သည့်အတွက် ဘွားဘွားအပေါ် အားနာနေလေသည်။
ကျန်းရှောင်မန် ဆက်၍ရှင်းပြသည်။
"ဘွားဘွားက သမီးတို့အတူတူ အခက်အခဲကိုရင်ဆိုင်ကြရမယ်လို့ပြောတယ်..အသားမစားပဲ အသီးအရွက်ပဲစားရမယ်တဲ့..သမီးတို့အရင်နေ့ကဆိုရင် အသီးအရွက်ကိုဆီတောင်မပါပဲ.... စွတ်ပြုတ်ပဲလုပ်သောက်ခဲ့ကြတာ..ဦးဦးယွီရဲ့အိမ်မှာသမီးက အရသာရှိတဲ့မုန့်တွေ အများကြီးစားခဲ့ပြီးသွားပြီ..အဲ့တော့ အခက်အခဲကိုတူတူရင်ဆိုင်လို့မရတော့ဘူး..."
သူမ ပြောရင်းပြောရင်း အသံလေးတိမ်ဝင်လာခဲ့သည်။
ယခုမူ စည်းကမ်းအားချိုးဖောက်မိ၍ သူမသည် အပြစ်ရှိသလိုခံစားနေရပြီဖြစ်သည်။
ယွီဝမ်ချန်းသည် မည်သည့်အရာကိုမှမသိရှိသေးသည့်အတွက် ကျန်းမိသားစုအနေဖြင့် သီးခြားရိုးရာဓလေ့အား လိုက်နာနေခြင်းဖြစ်မည်ဟု ထင်လိုက်သည်။ ထို့ကြောင့် သူသည်ရှောင်မန့်အားမေးလိုက်သည်။
"သမီးဘွားဘွားက ဘယ်လိုရိုးရာဓလေ့ကိုလုပ်နေတာလဲ.."
ကျန်းရှောင်မန် သူမ၏ခေါင်းလေးအားခါလိုက်သည်။
"မဟုတ်ပါဘူး...သမီးတို့ကငွေကြေးကြပ်တည်းနေရုံပါ...."
"..."
ယွီဝမ်ချန်း တွေဝေသွားခဲ့သည်။
သူ ကျန်းရှောင်မန်ပြောသည်အား နားလည်ရန်ကြိုးစားနေလေသည်။
ကျန်းရှောင်မန်သည် သူ့အား ဆက်လက်ရှင်းပြခဲ့သည်။
"ဦးဦးလုပ်ငန်းကခုချိန်မှာ ငွေအရင်းအနှီးပိုပြီးလိုအပ်နေတာမို့လို့ အသားစားဖို့အတွက်ပိုက်ဆံကုန်လို့ မရဘူးတဲ့..ဘွားဘွားကသမီးကို အခက်အခဲတွေအပေါ် ကြံ့ကြံ့ခံရင်ဆိုင်ဖို့ သင်ယူရမယ်လို့ပြောခဲ့တယ်..အဲ့လိုမှ ခက်ခဲတဲ့အချိန်တွေမှာအသက်ရှင်နိုင်လိမ့်မယ်တဲ့...."
"....."
ယွီဝမ်ချန်းတွင် တွေးစရာရှိသွားခဲ့သည်။
ကျန်းမိသားစုမှာ တစ်ခုခုဆိုးရွားတာဖြစ်သွားပြီး သူသတိမထားမိတာလား...
သို့ရာတွင် သူသည် ကျန်းရှင်းအားတွေ့ခဲ့သည်။ သူ့အားကြည့်ရသည်မှာ ငွေကြေးခက်ခဲနေပုံမပေါ်ချေ။
ယွီဝမ်ချန်းသည် စိတ်ရှည်စွာဆက်လက်မေးမြန်းခဲ့သည်။ ထို့နောက် ကျန်းရှောင်မန်ထံမှ အကြောင်းစုံသိလိုက်ရတော့သည်။
သူသည် ကျန်းရှောင်မန်၏ဦးခေါင်းလေးအား ပွတ်သပ်လိုက်ကာ
"ဦးဦးနားလည်ပြီ...နောက်ရက်ကျရင် သမီးဦးလေးနဲ့စကားပြောကြည့်လိုက်မယ်နော်...."
xxxxxx
Chapter 134
ကျန်းရှောင်မန် အိမ်သို့ပြန်လာသည့်အခါတွင် အစားအစာများကို လက်နှစ်ဖက်အပြည့်အိတ်များဖြင့်သယ်လာခဲ့သည်။
ထိုအရာများသည် အသားများချည်းသာဖြစ်သည်။
ယွီချင်းရှီ၏ အမဲသားကြွပ်ကြော် နှင့် ယွီဝမ်ချန်းထပ်မံထုတ်ပိုးပေးလိုက်သော အသားများသည် အိတ်များနှင့်အပြည့်ဖြစ်သွားလေသည်။
သူမ လောဘတကြီးယူခဲ့ခြင်းမဟုတ်ပဲ ယွီဝမ်ချန်းက သူမအားစိတ်အားထက်သန်စွာဖြင့် ထည့်ပေးခဲ့ခြင်းဖြစ်သည်။ အားလုံးထုတ်ပိုးပြီးနောက်တစ်စုံတစ်ယောက်အား သူမ၏အိမ်သို့လိုက်ပို့ပေးစေခဲ့သည်။
ကျန်းဟွေ့မိန်သည် သူမ၏မြေးမလေးပြန်အလာကို စောင့်ဆိုင်းနေခဲ့သည်။ သူမသည် ဝက်လက်နှပ်အပါအဝင် ဝက်သားပါသောအခြားဟင်းပွဲအများအပြားကို ပြင်ဆင်ထားခဲ့လေသည်။
သူမ ရှောင်မန်အား အချိန်အကြာကြီးအသားမစားရမည်ကိုစိုးရိမ်သဖြင့် အားအင်စိုက်ထုတ်ပြီးပြင်ဆင်ခဲ့ခြင်းဖြစ်သည်။
သို့ရာတွင် ထိုငတိမလေးပြန်လာသည့်အခါ၌ သူမပြင်ဆင်ထားသည်ထက် ပို၍များပြားသော ဟင်းပွဲများအားယူလာခဲ့လေသည်။
ကျန်းဟွေ့မိန်၏အမူအရာ မှောင်မိုက်သွားခဲ့သည်။
"ကျန်းရှောင်မန်....ကျုပ်ညည်းကိုဘယ်လိုသင်ထားလဲ...သူငယ်ချင်းအိမ်သွားပြီး တနင့်တပိုးစားလာပြန်ပြီလား..."
ယွီချင်းရှီ၏မိသားစုသည် ထင်သလောက်မရိုးရှင်းပေ။ သူတို့က အလွန်ချမ်းသာသည်။
ဒါပေမယ့် သူကချဥ်းကပ်ရလွယ်ပြီးကြင်နာတာနဲ့ သူ့မုန့်တွေကို သွားသွားပြီးကပ်စားမနေသင့်ဘူးလေ..အဲ့လိုဆိုရင် ရှောင်မန်ကသူတစ်ပါးအပေါ် အမြတ်ထုတ်တဲ့လူတွေနဲ့ ဘာများကွာတော့မှာလဲ...
သူတို့မိသားစုနှစ်ခု၏အခြေအနေသည် အလွန်ပင်ကွာဟချက်ကြီးမားလှသည်။ ကလေးများသည် အများကြီးမတွေးကြပေ။ သူတို့နှစ်ဦး၏နှလုံးသားများက ဖြူစင်ကာရိုးရှင်းကြသည်။ သို့ရာတွင် အတင်းပြောသည့်လူများသည် မကောင်းပြောကြပေလိမ့်မည်။
ကျန်းဟွေ့မိန်သည် ရှောင်မန်အား အမြင့်သို့တွယ်တက်စေလိုခြင်းမရှိပေ။ ကလေးနှစ်ယောက် အဆင်ပြေနေခြင်းအားကြည့်ကာ မဟုတ်မဟတ်အကြံအစည်များရှိမနေပေ။ သူမ ကိုယ့်လိပ်ပြာကိုယ်လုံသည်။
သို့ရာတွင် တခြားလူများက ထိုသို့တွေးမည်မဟုတ်ပေ။ သူမတို့၏ရှောင်မန်အား သူငယ်ချင်းအပေါ်ကပ်ဖားကာ အမြတ်ထုတ်နေသည်ဟု မကောင်းပြောကြလိမ့်မည်။
ရှောင်မန်သည် တိုးတိတ်စွာပြောခဲ့သည်။
"ဘွားဘွား...စိတ်မဆိုးပါနဲ့...ဦးဦးယွီကအများကြီးထည့်ပေးတာ...သမီးပြန်ထားခဲ့တာတွေရှိသေးတယ်...သမီးဒါတွေကိုမလိုချင်ပါဘူး...ဒါပေမယ့် ဘွားဘွားကအသားမစားရတာကြာပြီလေ...."
သူမသည် အပြင်၌အစားကောင်းစားရသော်လည်း သူမအဖွားကိုမမေ့ခဲ့ချေ။
ကျန်းဟွေ့မိန်၏အမူအယာ အတော်လေးပြေလျော့သွားခဲ့သည်။ သို့သော် သူမ ဘာကိုမှပြန်မပြောချေ။
ရှောင်မန်သည် မျက်နှာလေးမဲ့မဲ့လာလေသည်။သို့သော် သူမသည် ဘွားဘွားစိတ်ဆိုးမည်အားသိပြီးသားဖြစ်သည်။ ရှင်းပြရန်အတွက်လည်း စကားလုံးများစီထားခဲ့သည်။ သူမသည်မျက်ရည်များစီးကျလာကာ..
"ဦးဦးယွီကပြောတယ်..ကလေးတွေကအသားမစားရင်..ကောင်းကောင်းကြီးပြင်းမှာမဟုတ်ဘူး...ဉာဏ်လည်းကောင်းမှာမဟုတ်ဖူးတဲ့..ဦးဦးယွီကပြောသေးတယ်..အဖိုးအဖွားတွေက အသားမစားရင် အပြင်ကဝင်လာတတ်တဲ့ရောဂါပိုးတွေကို ခံနိုင်ရည်ရှိမှာမဟုတ်ဖူးတဲ့..မျက်လုံးလည်းမှုန်လာနိုင်တယ်တဲ့..အသားစားဖို့ပိုက်ဆံနည်းနည်းလေးတောင်မသုံးပဲနေရင် ရလဒ်အနေနဲ့ နေမကောင်းရင်အကြာကြီးကြာနိုင်တယ်တဲ့..အဲ့တာက မြင်းကိုအရင်မချည်ပဲလှည်းစီးဖို့ကြိုးစားနေသလိုပဲ...မကောင်းဘူးတဲ့.."
"..."
ကျန်းဟွေ့မိန် ဘာပြန်ပြောရမှန်းမသိတော့ချေ။
"စကားတွေသိပ်တတ်နေတယ်ပေါ့..ဟုတ်လား"
ကျန်းရှောင်မန် သူမအရိုက်ခံရမည်ကိုစိုးရိမ်သွားခဲ့သည်။
"ဘွားဘွား...သမီးဒီတစ်ခါလေးပဲစားတာပါ...နောက်တခါ ယွီချင်းရှီနဲ့ထပ်မဆော့တော့ပါဘူး...ဝါး..."
သူမသည် မျက်ရည်များကျနေသော်လည်း အိတ်များကိုမူသယ်ထားဆဲဖြစ်သည်။ အိတ်များမှာအတော်အတန်လေးလံသဖြင့် သူမ၏လက်ကလေးများသည် နီရဲနေလေသည်။ သို့ရာတွင်သူမလေးသည် လွှတ်မချပဲကျန်းဟွေ့မိန်အားပေးရန်သာ ကြိုးစားနေလေသည်။
ထိုမြင်ကွင်းသည် ကျန်းဟွေ့မိန်အား သူမကိုယ်သူမ လူဆိုးမကြီးဟုခံစားရစေသည်။ ကျန်းဟွေ့မိန်သည် ဆက်၍မကြည့်နေနိုင်တော့ပဲ သက်ပြင်းချရင်း အိတ်ကိုယူလိုက်လေသည်။
သူမလေး၏နီရဲနေသောလက်ကလေးများကို ခပ်ဖွဖွမှုတ်ပေးရင်း ညှင်သာစွာပြောလိုက်သည်။
"ရှောင်မန်...ယွီချင်းရှီနဲ့ဆော့တာကို ဘွားဘွားကဘာမှမပြောပါဘူး...ဒါပေမယ့်သမီးက ကိုယ့်အကန့်အသတ်ကိုယ်သိရမယ်လေ.."
"ဦးဦးယွီက သမီးဦးလေးကို အများကြီးကူညီခဲ့တယ်...သမီးဦးလေးကလည်းပြန်ပြီးကူညီခဲ့တာပဲ..ဒီလိုအပြန်အလှန်ကူညီတာက ကောင်းတဲ့ဆက်ဆံရေးမှာရှိသင့်တဲ့ကိစ္စပဲ..အခုကျသမီးကသူတို့အိမ်ကလက်ဆောင်တွေယူပြီးပြန်လာတယ်..အဲ့ဒီ့တော့ဘွားဘွားတို့ကလည်းတစ်ခုခုပြန်ပေးရလိမ့်မယ်..လက်ဆောင်ကစျေးကြီးတာမကြီးတာအရေးမကြီးဘူး..အဓိကကရောက်အောင်ပေးဖို့ပဲ..."
ကျန်းရှောင်မန် နားလည်သွားလေသည်။
"ဆရာထန်နဲ့တုန်းကလိုမျိုးလားဟင်.."
သူတို့က ဆရာထန်အား နှစ်သစ်ကူးလက်ဆောင်များပေးခဲ့သည်။ ယွီချင်းရှီကိုရော နှစ်သစ်ကူးလက်ဆောင်ပေးရမည်လား...
ဒါပေမယ့် သူကသူမဆရာမှမဟုတ်တာ...
Xxxxxxxxxx
Chapter 135
ကောင်းပြီလေ...ဘွားဘွားကဒီလိုပြောတော့လည်း နားထောင်ရုံပေါ့..ပြောရမယ်ဆိုရင် လူကြီးတွေက စည်းမျဥ်းတွေတအားများတာပဲ...ကလေးတွေကျတော့ပြသနာရှာလွန်းတယ်...
သူမ တခြားအရာအားစိတ်ပူနေခဲ့သည်။
"ယွီချင်းရှီနဲ့သမီးကလေ နောက်တပါတ်အိမ်စာတူတူလုပ်မယ်လို့ ချိန်းထားတာလေ...သွားလို့ရလားဟင်..."
သူမက ဘွားဘွားခွင့်မပြုမည်အား စိုးရိမ်စွာမေးလိုက်သည်။
"အွန်း...ရတယ်...."
ကျန်းဟွေ့မိန်ခွင့်ပြုလိုက်သောအခါ ရှောင်မန် ပျော်ရွှင်သွားလေသည်။
အေးလေ...ရှောင်မန်လေးပျော်နေသရွေ့ တခြားဟာတွေလျှောက်တွေးပြီး စိုးရိမ်မနေတော့ပါဘူး....
ညသို့ရောက်သောအခါ သူမသည် ခေါင်းအုံးလေးအားပိုက်ရင်း ဦးဦးစနစ်ပုံပြင်ပြောပြမည်ကို စောင့်ဆိုင်းနေခဲ့သည်။ သို့ရာတွင် ဦးဦးစနစ်သည် အတော်လေးကြာသည်အထိ ဘာကိုမှမပြောခဲ့ချေ။
စနစ်သည် ပုံမှန်မဟုတ်စွာပင် တိတ်ဆိတ်နေခဲ့ပြီး ကျန်းရှောင်မန်နှင့်ဆက်သွယ်ခြင်းမလုပ်ပေ။
သူသည် မစ်ရှင်များကို အေးစက်သောအသံဖြင့်ပြောသည်မှလွဲ၍ အခြားဆူညံမှုများမလုပ်ချေ။ သူသည် တစ်ညထဲနှင့်ရင့်ကျက်လာပုံရသည်။ ကျန်းရှောင်မန် အလွန်ကျေနပ်ခဲ့သည်။
သို့သော်ယခုမူ သူမသည် တစ်စုံတစ်ခုမှားယွင်းနေကြောင်း သိရှိသွားပြီဖြစ်သည်။
သူမသည် သိချင်စိတ်ဖြင့် အကြိမ်အနည်းငယ်ခေါ်နေခဲ့သည်။
"ဘာလို့လဲ...အရင်ကပြောတဲ့ကလေးလေးပုံပြင်က အဆုံးမသတ်ရသေးဘူးလေ..."
"ငါအခု ဘယ်ကိစ္စတွေကိုမှ ထပ်ပြီးဝင်မပါတော့ဘူး..."
ထိုသည်မှာ အေးစက်စက် စက်သံနှင့်မဟုတ်ပဲ သနားစရာကောင်းစွာပြောခြင်းဖြစ်လေသည်။ သူသည် စိတ်လှုပ်ရှားနေသောအချိန်များတွင်ပင် စက်သံသာထွက်လာလေ့ရှိသည်။ ကျန်းရှောင်မန်သည် သူယခု မည်ကဲ့သို့ခံစားနေရကြောင်းကို မခန့်မှန်းတတ်ချေ။
စနစ်သည် ဆက်၍ပြောလိုက်သည်။
"ငါထပ်ပြီး သည်းမခံနိုင်တော့ဘူး...."
ကျန်းရှောင်မန် မျက်မှောင်လေးကြုတ်ကာ သူမကိုယ်တိုင်အတွက် ရပ်တည်လိုက်သည်။
"သမီးက ပြောစကားနားထောင်တယ်လေ.. နောက်ပြီးသမီးတို့ကသူငယ်ချင်းကောင်းတွေမဟုတ်လား...ဘာလို့ပုံပြင်ဆက်ပြီးမပြောပြရတာလဲ...."
"ငါတို့ဆက်ဆံရေးက အဆုံးသတ်သွားပြီ..."
"အို...."
ကျန်းရှောင်မန် ဝမ်းနည်းသွားသည်။
သူမသည် အဆုံးသတ်သွားသောဆက်ဆံရေးဆိုသည်မှာ မည်သည်ကိုဆိုလိုမှန်းသိလေသည်။
သူမသည် ဘွားဘွားတီဗီကြည့်နေချိန်တွင် ရီမုကိုရံဖန်ရံခါယူပေးရလေ့ရှိသည်။
သူမတို့အရင်အိမ်ရှိ ခပ်သေးသေးတီဗီလေးသည် မိုးရွာသည့်အချိန်နှင့်နှင်းကျသည့်အချိန်မျိုးတွင် သာကူစိများကဲ့သို့ အစက်အပြောက်များပေါ်လာပြီး ကြည့်၍အဆင်မပြေတော့ချေ။ သို့ရာတွင် ရာသီဥတုသာယာနေချိန်တွင်မူ ကြည့်ရသည်မှာ ကြည်ကြည်လင်လင်ရှိပေသည်။ ရှောင်မန်၏ အကြိုက်ဆုံးမှာ မျောက်ဘုရင်ကားဖြစ်ပြီး ဘွားဘွားက မိသားစုဇာတ်လမ်းများကို နှစ်သက်လေသည်။
ယေဘူယျအားဖြင့် ငယ်ရွယ်သောစုံတွဲနှင့် ယောက္ခမဖြစ်သူ ပါဝင်သောဇာတ်လမ်းမျိုးဖြစ်သည်။ ယောက္ခမလုပ်သူသည် လင်မယားနှစ်ယောက်ကြား အမျိုးမျိုးနှောင့်ယှက်လေ့ရှိသည်။ နောက်ဆုံးတွင် ထိုနှစ်ယောက်သည် ကွာရှင်းလိုက်ကြသည်။ ကျန်းရှောင်မန်သည် ထိုသို့သောဇာတ်ကားမျိုးကို မနှစ်မြို့ပေ။ သို့သော် ဘွားဘွားက စိတ်အားထက်သန်စွာ ကြည့်ရှုလေ့ရှိသည်။
ယခုမူ ဦးဦးစနစ်က ထိုစုံတွဲများသုံးလေ့ရှိသောစကားကို ပြောနေလေသည်။
သူမဘယ်လိုပြန်ဖြေရမလဲ...သူမလည်းကွာရှင်းချင်တယ်လို့ ပြောရမှာလား...
ကျန်းရှောင်မန် ခေတ္တတုံ့ဆိုင်းနေပြီးနောက် ဘာမှပြန်မပြောရန်ဆုံးဖြတ်လိုက်သည်။ ထိုကဲ့သို့ ငါတို့ဆက်ဆံရေးဒီလောက်နဲ့အဆုံးသတ်ပြီ ဟုပြောသောစုံတွဲများသည် အမှန်တကယ်ကွာရှင်းလိုခြင်းမရှိပေ။
ဦးဦးစနစ်နှင့်သူမက ဆက်လက်၍သူငယ်ချင်းကောင်းများဖြစ်နေမည်ဖြစ်သည်။ ကျန်းရှောင်မန် သူမ၏စိတ်ထဲတွင်သာထားလိုက်ပြီး ပျော်ရွှင်စွာအိပ်ရာဝင်တော့သည်။
အကယ်၍စနစ်သာ သူ့ပိုင်ရှင်၏အတွေးများကိုသာသိပါက စိတ်ဆိုးလွန်း၍ရုပ်လုံးပင်ပေါ်လာနိုင်ပေသည်။
သူသည်သူ၏ပိုင်ရှင်အား ပြသနာရှာရန် တိုက်တွန်းတော့မည်မဟုတ်ပေ။ သူမအား လွတ်လွတ်လပ်လပ်ကြီးပြင်းစေတော့မည်ဖြစ်သည်။ စနစ်သည် အများအပြားတွေး၍ ပူပန်မနေလိုတော့ပြီဖြစ်သည်။
သူမမိဘအရင်းတွေနဲ့မတွေ့ဘူးလား...ထားလိုက်တော့...သူမကဇာတ်ညွှန်းထဲမှာရေးထားသလို မရက်စက်ဖူးလား...သူဂရုမစိုက်တော့ဘူး...ကမ္ဘာကြီးက အချိန်တန်ရင် သူလုပ်စရာရှိတာလုပ်လိမ့်မှာပေါ့....
အချိန်ကျလာခဲ့လျှင် တွေ့ဆုံရမည့်လူများသည် တွေ့ဆုံကြမှာဖြစ်ပြီး ဖြစ်ပျက်ရမည့်ကိစ္စများသည်လည်း အစဥ်အတိုင်းဖြစ်ပျက်ပေလိမ့်မည်။
သူ ကြံဖန်စိတ်ပူနေလျှင် အသက်တိုနိုင်ချေရှိသည်။ ထို့အပြင်စနစ်သည် ကျမ်းရှောင်မန်နှင့် ကြာမြင့်စွာအတူတကွရှိပြီးနောက်ပိုင်း၌ တစ်ချို့အရာများအားသင်ယူနိုင်ခဲ့လေသည်။
ကျန်းရှောင်မန်သည် မိမိကိုယ်ကိုဂရုစိုက်သည်။ တခြားလူများနှင့် ယှဥ်ပြိုင်ခြင်းမျိုးမရှိပေ။ ပြသနာများကို အေးအေးဆေးဆေးကိုင်တွယ်လေ့ရှိသည်။ ထိုအရာအားလုံးသည် ကျန်းမာရေးအတွက်အထောက်အကူဖြစ်စေသည်။ နိဂုံးချုပ်ရလျှင် သူ၏ပိုင်ရှင်သည် သူပြောသည်များအား အဓိပ္ပာယ်ကောက်လွဲလေ့ရှိသော်လည်း သူမအတွက်အကျိုးအမြတ်ကျန်သော ဖြေရှင်းချက်များကိုထုတ်ကာ အေးအေးဆေးဆေး ဖြေရှင်းလေ့ရှိသည်။
သူ သူမ၏အကြွေးကျေအောင်ဆပ်ရန်အတွက် အလုပ်ပေးခြင်းအပေါ်၌သာ အာရုံစိုက်ထားတော့မည်ဖြစ်သည်။
ဖြစ်ရမယ့်ကိစ္စက ဖြစ်လာလိမ့်မှာပေါ့လေ...
သူသည် ယခုအချိန်ထိအသက်ရှင်နေပြီးပြီဖြစ်သည်။ သူပို၍ပျော်ရွှင်စွာနေသင့်သည်။
xxxxxxx