Chapter 136
ကျောင်းပိတ်ရက် ထပ်မံရောက်ရှိလာလေသည်။
ပုံမှန်အတိုင်းပင် ကျန်းရှောင်မန်က ယွီချင်းရှီ၏နေအိမ်သို့သွားရောက်လေသည်။ သူမကဤအိမ်ကို အကြိမ်ရေများစွာလာဖူးပြီဖြစ်သောကြောင့် ဤနေရာနှင့် စိမ်းသက်မနေတော့ပေ။ သိုသော် သူမက ချီးမွန်းခန်းဖွင့်ဆဲပင်ဖြစ်သည်။
"ဝါး...အရမ်းလှတာပဲ...."
"အရမ်းကြည့်လို့ကောင်းတယ်..."
"ဟင်...ဒီရွှေငါးလေးက ရက်နည်းနည်းပဲမတွေ့ရတာကို ပိုကြီးလာတာပဲ.."
ယွီချင်းရှီ သူမအားကြည့်လိုက်ပြီးနောက် ပြောလိုက်သည်။
"အရင်တခါ နင်တွေ့တဲ့ငါးလေးက သေသွားတယ်လေ...ဖေဖေက ဖုန်းရွှေမကောင်းမှာစိုးလို့တဲ့..ရွှေငါးအကြီးကြီးထပ်ဝယ်လာတယ်..ကြည့်လေ..အရောင်မတူပါဘူး..."
"အိုး...ဟုတ်သားပဲ..."
"..."
"သူငယ်ချင်းကောင်းတွေက တစ်ယောက်ကိုတစ်ယောက်ချီးကျူးပေးရတယ်တဲ့.."
ကျန်းရှောင်မန်မှာ သူတစ်ခါမှမကြားဖူးတဲ့ အယူအဆတွေအများကြီးပဲ..သူမဘယ်ကနေများသင်လာတာလဲ...
ယွီချင်းရှီသည် သူမ၏သူ့အိမ်ကိုချီးကျူးပုံအမူအရာအား အတုမခိုးနိုင်ပေ။ ခဏမျှတိတ်ဆိတ်စွာစဥ်းစားပြီးနောက် သူသည် တီးတိုးပြောလိုက်သည်။
"အရမ်း....ချစ်စရာကောင်းတယ်..."
"ငါသိပါတယ်...ကျေးဇူးပါ..."
သူမ၏ဦးလေးသည် သူမအား မိုးပေါ်မှဆင်းသက်လာသော နတ်သမီးလေး၊ ရွာ၏ပန်းပွင့်လေး စသည်ဖြင့်အမျိုးမျိုးချီးကျူးဖူးလေသည်။ နှိုင်းယှဥ်ရလျှင် ယွီချင်းရှီ၏ချီးကျူးမှုသည် ဘာမှမဟုတ်ပေ။
ကိစ္စမရှိပါဘူး...ချစ်စရာကောင်းတယ်ပြောသရွေ့သူမပျော်ပါတယ်...
ရှောင်မန်က ဤတစ်ကြိမ်တွင် လက်ချည်းသပ်သပ်မလာခဲ့ချေ။ ကျမ်းဟွေ့မိန်က အစားအစာများစွာပါသော အိတ်ကြီးတစ်လုံးကိုပြင်ဆင်ပေးခဲ့သည်။ ထိုအိတ်ထဲတွင် ကျန်းဟွေ့မိန်ကိုယ်တိုင် ပြင်ဆင်ပေးလိုက်သော ကျေးလက်သွားရည်စာမျိုးစုံ ပါဝင်လေသည်။
သူတို့သည် တန်ဖိုးကြီးပစ္စည်းများမပေးနိုင်သော်လည်း စေတနာအပြည့်ဖြင့်မုန့်များထည့်ပေးလိုက်ခြင်းဖြစ်သည်။
ထိုအိတ်ထဲမှမုန့်များသည် မြို့တွင်ရှာ၍မရနိုင်ပေ။ ကျန်းဟွေ့မိန် တစ်ချို့ပါဝင်ပစ္စည်းများအတွက် ရွာသို့ပင်ပြန်ခဲ့သည်။ သူမသည် အတော်လေးအားအင်စိုက်ထုတ်ထားပေသည်။
ယွီချင်းရှီ ကျန်းရှောင်မန်၏မုန့်များအား တစ်ခုပြီးတစ်ခုထုတ်ကြည့်လိုက်သည်။မွှေးပျံ့သောရနံ့များအားရှူရှိုက်ရင်း သူသည်သူမအားမေးလိုက်သည်။
"ဒါဘာတွေလဲ...."
"မုန့်တွေလေ..."
"ဘွားဘွားကပြောတယ်..နင်ဒါတွေကိုစားဖူးမှာမဟုတ်ဘူးတဲ့...ဒီမုန့်တွေကအရသာလည်းရှိတယ်...အာဟာရလည်းရှိတယ်...နင်တစ်ခုလောက်စားလိုက်တာနဲ့ ထပ်စားချင်လာလိမ့်မယ်.."
"...."
အမှန်အတိုင်းပြောရလျှင် ယွီချင်းရှီက ထိုမုန့်များအားစားရမှာကြောက်နေလေသည်။ သို့သော် သူသည် သူမအားမပြောရဲပေ။ ဤသို့ပြောလိုက်လျှင် သူမကငိုလိမ့်မည်ဖြစ်သည်။
ကျန်းရှောင်မန် မုန့်တစ်ခုအားယူကာ သူ့ပါးစပ်ထဲသို့ခွံ့လိုက်သည်။
ယွီချင်းရှီ ပါးစပ်ကလေးအားဟလိုက်ကာ မည်သည့်အရာနှင့်လုပ်ထားမှန်းမသိသော အစိမ်းရောင်အရာအားစားလိုက်ရတော့သည်။
သူသည် အကြိမ်ရေနည်းနည်းဝါးကြည့်လိုက်သည်။
နည်းနည်းကပ်တယ်...ဆန်နဲ့အရွက်ရဲ့အနံ့မျိုးလည်းရတယ်...
"ဒါကဘာမုန့်လဲ.."
"ဆန်ကိတ်...."
ကျန်းရှောင်မန် တစ်ခုကိုယူစားလိုက်ရင်း ပလုတ်ပလောင်းပြောလိုက်သည်။
"အရမ်းအရသာရှိတယ်..."
ယွီချင်းရှီ စိတ်သက်သာရရစွာဆက်လက်စားတော့သည်။
စေးကပ်သောမုန့်သည် အလွန်အရသာရှိသည်။ ကျန်းဟွေ့မိန်သည် ကလေးများ၏ပါးစပ်နှင့် မကာမည်စိုး၍ အနေတော်အရွယ်လောက်လုပ်ပေးထားလေသည်။ သို့ရာတွင် ယွီချင်းရှီက တစ်ခါစားလျှင် နှစ်ခုသုံးခုလောက်ကို တစ်ပြိုင်နက်ထဲစားလေသည်။
ထို့နောက်သူသည် အနံ့မွှေးပြီးကြွပ်ရွသောအရာအား ဆက်လက်စားကြည့်သည်။
ထိုအရာသည် အတွန့်အတွန့်လေးများပါရှိပြီး အလွန်မွှေးပျံ့လေသည်။
ဆန်မုန့်သည် ပုံမှန်သာဖြစ်ပြီး မည်သည့်ထူးခြားသောပါဝင်ပစ္စည်းမှမပါဝင်ချေ။ ထို့ကြောင့် သူသည် နောက်တစ်မျိုးအားဆက်တိုက်စားလိုက်သည်။
ထို့နောက် ရှောင်မန်အား မေးလိုက်သည်။
"ဒါကဘာလဲ..."
"ပုစဉ်းရင်ကွဲရဲ့ အခွံလေ.."
ယွီချင်းရှီ၏မျက်နှာလေးသည် စိမ်းဖန့်သွားလေသည်။
"ပု....ပုစဉ်းရင်ကွဲရဲ့အခွံ.."
"အွန်းလေ.."
ဝေါ့....
သူ့ပါးစပ်ထဲရှိအစားအစာက မွှေးပျံ့သည်ဟု ထပ်မံ၍မခံစားရတော့ချေ။
"မြန်မြန်စားလေ...အရမ်းစားလို့ကောင်းတာ...ဘွားဘွားကပြောတယ်...ဆေးဘက်လည်းဝင်တယ်တဲ့...နင့်ရဲ့နားတွေကပိုထက်မြက်လာပြီးတော့ မျက်လုံးလေးတွေလည်းပိုတောက်လာမှာတဲ့...အဲ့တာရဖို့ ဘွားဘွားကအကြာကြီးဖမ်းခဲ့ရတာ...နင့်အတွက်မဟုတ်ရင် သူကအဲ့လောက်အားကုန်မခံဘူး....."
ယွီချင်းရှီ မျက်ရည်များဝိုင်းသွားခဲ့သည်။
"ဘွားဘွားက ငါ့ကိုအရမ်းချစ်တာပဲ.."
[တင်းတောင်...ယွီချင်းရှီအားတစ်ကြိမ်ငိုစေခဲ့သည်
ဆုလာဘ် - ၅မှတ်]
[လက်ကျန်အမှတ် : -၅၅၀မှတ်]
ကျန်းရှောင်မန်သည် သူမ၌ပေးစရာအမှတ်ကြွေးဘယ်လောက်မှမကျန်တော့ကြောင်း သတိပြုမိသွားသည်။ သူမသည် အရသာရှိသောအစားအစာအားစားနေရင်း အမှတ်များကိုပါရနေလေသည်။
ယွီချင်းရှီ ဆက်မစားတော့ပေ။ ထို့ကြောင့် ထိုမုန့်အားလုံးအား သူမသာလျှင် တာဝန်ယူ၍ လက်စသတ်ရတော့သည်။ ပုံမှန်အားဖြင့် ဘွားဘွားထံမှ လွယ်လွယ်မစားရနိုင်သောမုန့်များအား ရှောင်မန် အများအပြားစားခဲ့ရလေသည်။
ကျန်းရှောင်မန်သည် နေ့ရက်အားပျော်ရွှင်စွာ ဖြတ်သန်းနေလေသည်။
ယွီချင်းရှီအတွက်မူ တစ်ရက်သည် တစ်နှစ်မျှကြာသည်ဟု ခံစားနေရလေသည်။
ကလေးနှစ်ယောက် အတူတကွစာလုပ်ကြပြီးနောက် ဆော့ကစားကြလေသည်။ ညနေသို့ရောက်ချိန်တွင် ကျန်းရှောင်မန် သူမ၏အိမ်သို့ပြန်သွားခဲ့သည်။ သူမအား အံ့သြစရာတစ်ခုသည် စောင့်ကြိုနေလေသည်။
ကျန်းရှင်း ပြန်ရောက်နေခြင်းဖြစ်သည်။ သူက ဝက်ကလေးတစ်ကောင်အား သူမအတွက်လက်ဆောင်အဖြစ်ယူလာခဲ့သည်။
ဝက်ကလေး...
သူသည် ယောက်ျားစင်စစ်တစ်ယောက်ဖြစ်သည်။ သူ၏ကတိအား အမှန်တကယ်ကိုတည်ခဲ့လေသည်။
Xxxxxxxxxx
Chapter 137
ဝက်ကလေးက ဖြူဖြူကစ်ကစ်ကလေးမဟုတ်ပေ။ အတော်လေးပိန်ပေသည်။ စားလျှင်ပင်အရသာမရှိလောက်ပေ။
ကျန်းရှောင်မန် ဆောင့်ကြောင့်လေးထိုင်လိုက်ပြီးနောက် ဝက်ကလေး၏ရှေ့လက်အား အသားလေးကိုင်ကြည့်လိုက်သည်။ သူမ၏မျက်လုံးဝိုင်းဝိုင်းကလေးများနှင့် ဝက်ကလေး၏ မျက်လုံးပိတ်ပိတ်ကလေးများအား စိုက်ကြည့်လိုက်သည်။
သူတို့နှစ်ဦးသည် တစ်ယောက်နှင့်တစ်ယောက် စူးစမ်းနေကြလေသည်။ ဝက်ကလေးသည် သူမအားကြောက်ရွံ့ခြင်းမရှိပေ။
"ဝါး...ဦးလေး...ဒီဝက်ကလေးကအရမ်းချစ်စရာကောင်းတာပဲ..."
"ဒါပေါ့...ဦးလေးကအကြာကြီးလိုက်ရှာခဲ့ရတာလေ...သေချာပေါက်ချစ်စရာကောင်းရမှာပေါ့..."
အိမ်မွေးတိရစ္ဆာန်အရောင်းဆိုင်အများစုသည် ခွေးနှင့်ကြောင်ပေါက်ကလေးများကိုသာ ရောင်းချလေ့ရှိကြသည်။ သူသည် ဝက်ကလေးအားရရန် အတော်လေးနှံ့နှံ့စပ်စပ်ရှာဖွေခဲ့ရလေသည်။ ကျန်းရှင်းသည် ရှောင်မန့်အား ထိုအနံ့မွှေးသောဝက်ကလေးပေးချင်သဖြင့် ရအောင်လိုက်ရှာခဲ့ခြင်းဖြစ်သည်။
ကျန်းရှောင်မန်က ဝက်ကလေးအား ရွာတွင်ကျန်ခဲ့သောဟွားဟွားတို့နှင့် အတူတူဟူ၍သာထင်နေလေသည်။ သို့သော် ထိုဝက်ကလေးသည် ပို၍လှပပြီးချစ်စရာကောင်းလေသည်။
သူ၏နှာခေါင်းလေးနှင့် နှုတ်ခမ်းလေးများသည်ပန်းရောင်သမ်းနေလေသည်။ သူသည် အသံပြုသောအခါ ပန်းရောင်လျှာကလေးအားတစ်လစ်ထုတ်လိုက်သည်။
ကျန်းရှောင်မန် ဝက်ကလေးနှင့် ခဏတာကစားပြီးနောက် ဦးခေါင်းလေးကိုမော့ကာမေးလိုက်သည်။
"အရမ်းချစ်စရာကောင်းတာပဲ...ဒါပေမယ့်သေးတော့သေးတယ်နော်...သမီးနဲ့ဘွားဘွားအတွက်လောက်ရောလောက်ပါ့မလား...ခဏလေးနဲ့ကြီးလာရင်ကောင်းမယ်...ဘယ်အချိန်လောက်စားလို့ရမလဲမသိဘူးနော်..."
ယခုအချိန်တွင် ကျန်းရှောင်မန်၏အတွေးထဲတွင် အစားအစာများ အထူးသဖြင့်အသားများသာရှိသည်။
"ဒါကစားဖို့မဟုတ်ဘူးသမီးရဲ့...သမီးအလှမွေးဖို့..."
ကျန်းရှင်းကဆက်ပြောသည်။
"ဒီဝက်ကလေးက အရမ်းမွှေးတယ်..နောက်ပြီးသူကဒီအရွယ်အတိုင်းပဲရှိနေမှာ..ဆက်လည်းမကြီးလာဘူး..သမီးသူနဲ့တူတူဆော့လို့ရတာပေါ့..သူ့ကိုနာမည်ပေးလိုက်ပါဦး..."
ကျန်းရှောင်မန် သဘောပေါက်စပြုလာသည်။
ယွီချင်းရှီရဲ့မြောင်မြောင်လိုမျိုးလား..ထပ်ပြီးမကြီးလာတော့ဘူးပေါ့...အလှမွေးရမှာပေါ့...
သူမသည် ကိုယ်ပိုင်ကစားဖော်အကောင်လေးအား လိုချင်ခဲ့သော်လည်း မြောင်မြောင်အားကျွေးမွေးရသည်မှာ အလွန်ပင်အကုန်အကျများနိုင်ကြောင်းသိလေသည်။ မြောင်မြောင်သည် အသားကိုနေ့တိုင်းစားသည်။ သူမသည်ပင် သူ့အားမနာလိုပေ။
သူမမှာတောင် အသားစားစရာမရှိတာ..ဘယ်လိုလုပ်ပြီး ဒီဝက်ကလေးကိုအသားကျွေးနိုင်မှာလဲ...နောက်ပြီးသူ့ကိုသူမနဲ့တူတူ အသီးအရွက်တွေချည်း မစားခိုင်းရက်ပါဘူး...
ခဏတာစဥ်းစားပြီးနောက် ရှောင်မန်သည် မျက်ရည်အဝိုင်းသားဖြင့် ကျန်းရှင်းအားပြောလိုက်သည်။
"သမီးသူ့ကိုမမွေးတော့ဘူး...အိမ်မှာအလှမွေးတဲ့အကောင်လေးတွေက အသားစားရတယ်လေ..နောက်ပြီးဝက်ကလေးတွေက အရမ်းအစားကြီးတာ..ဟွားဟွားဆိုရင်အမြဲတမ်းတစ်ခုမဟုတ်တစ်ခုဝါးနေတာချည်းပဲ...တကယ်လို့သူက သမီးနဲ့တူတူ အသီးအရွက်တွေမစားနိုင်ရင် သူကအဆာလွန်ပြီးသေသွားမှာမဟုတ်လား.."
ကျန်းရှင်း သူမအားမရေမရာမေးလိုက်သည်။
"သမီးခုပဲသူ့ကိုစားချင်နေတာမဟုတ်ဖူးလား.."
"ဟင့်အင်း...ခုသူကသမီးသူငယ်ချင်းဖြစ်သွားပြီ...အခုလေးတင်ပဲ..."
ကလေးများမှာ စိတ်အပြောင်းအလဲမြန်ကြသည်။ အထူးသဖြင့် သူတို့၏ရှောင်မန်လေးဖြစ်သည်။ ကျန်းရှင်းကထိုအရာအား နေသားကျနေပြီးဖြစ်သည်။
"အဲ့တာက အဆင်ပြေပါတယ်...ဘာလို့ဆိုဝက်ကလေးတွေက အသီးအရွက်ပဲစားကြတာ..အသားမစားဘူးလေ.."
"ဟုတ်လား...."
ကျန်းရှောင်မန်၏မျက်နှာလေးက တောက်ပသွားခဲ့သည်။ သို့သော် ခဏချင်းပြန်မှိန်ကျသွားကာ..
"ဒါပေမယ့် ဒီမှာဝက်ခြံမှမရှိတာ..."
"တခြားနည်းလမ်းတွေရှိပါသေးတယ်.."
ကျန်းရှင်း သူမအားရှင်းပြရန်ပြင်လိုက်သည်။
"သမီးရဲ့ ဦးဦးယွီက ဦးဦးကိုအားလုံးပြောပြခဲ့တယ်...ဘွားဘွားရှင်းပြတာ မှားနေတယ်...ဦးဦးသမီးကို သေချာပြောပြမယ်နော်..."
ယွီဝမ်ချန်းသည် ကျန်းရှောင်မန်ထံမှကြားသိပြီးနောက်တွင် ကျန်းရှင်းအားသွားရောက်ရှာဖွေကာ အခက်အခဲများကိုမေးမြန်းခဲ့သည်။
ငွေအရင်းအနှီးလိုနေသည်လား...လုပ်ငန်းမှာအခက်အခဲကြုံရ၍လား..စသည်ဖြင့်..
ကျန်းရှင်း ရှုပ်ထွေးစွာအိမ်သို့ပြန်ခဲ့လေသည်။ သူ့မိခင်အားမေးမြန်းပြီးနောက်တွင် ကျန်းရှင်းသည် ကိစ္စအားလုံးကိုနားလည်သွားခဲ့သည်။ သူသည် ကျန်းဟွေ့မိန်၏ပုံသွင်းခြင်းအပေါ် ဝင်ရောက်စွက်ဖွက်လိုခြင်းမရှိပေ။
အနာမခံလျှင် အသာမစံရပေ။ ကျန်းရှင်းသည် ထိုသဘောတရားအား ငယ်စဥ်ကပင်သင်ယူခဲ့ရပြီး သူတို့၏ရှောင်မန်အားလည်း နားလည်စေချင်ခဲ့သည်။
ပြဿနာမှာ ရှောင်မန်သည် အလွန်အကျွံတွေးခြင်းပင်ဖြစ်သည်။
သူမသည် ခဏတာငွေကြေးပြတ်လပ်မှုအား နားမလည်ပေ။ သူမသည် ယခုမှစ၍ စစ်စစ်စီစီနေရတော့မည်ဖြစ်ပြီး အရာအားလုံးဆုံးရှုံးသွားပြီဟု ထင်ခဲ့လေသည်။
သူအလုပ်ကြိုးစားနေတာက မိသားစုတစ်ခုလုံး အဓိကအားဖြင့် သူ့တူမလေးဘဝကို ကောင်းကောင်းမွန်မွန်ထားချင်လို့လေ...
ကျန်းရှင်းသည် တူမဖြစ်သူအားနှစ်သိမ့်ရန်အတွက် ထိုဝက်ကလေးအားဝယ်ယူပေးခဲ့ခြင်းဖြစ်သည်။ သူတို့သည် အသားအားစားနိုင်သည်တင်မကပဲ အလှပင်မွေးနိုင်သည်ဟူ၍ သိစေလိုခဲ့သည်။
Xxxxxxxxxx
Chapter 138
"သမီးရဲ့ ဦးဦးက အခုဆိုရင် ပြိုင်ဘက်တွေအားလုံးကိုအလဲထိုးခဲ့ပြီးပြီလေ...နောက်ရက်တွေကစပြီး သမီးကိုမုန့်ဖိုးပေးနိုင်တော့မှာ..သမီးဦးဦးမှာ ပိုက်ဆံတွေအများကြီးရှိလာတော့မယ်..ဟား..ဟား..."
ကျန်းရှင်း အောင်ပွဲခံသလို ဆက်တိုက်ရယ်နေခဲ့သည်။
ကျန်းရှင်းသည် သူ၏လုပ်ငန်းအား ဆင်ခြေဖုံးဧရိယာသို့ပြောင်းရွှေ့ခြင်းအပေါ် အလွန်အကျိုးအမြတ်ရှိမည်ဟု မမျှော်လင့်ခဲ့ပေ။ သူသည် ဖောက်သည်များအားပို၍အဆင်ပြေရုံသာမက ရင်းနှီးမြှုပ်နှံသူများကိုပင် ဆွဲဆောင်နိုင်ခဲ့လေသည်။
သဘာဝကျကျပင် ထိုရင်းနှီးမြှုပ်နှံသူမှာ ယွီဝမ်ချန်းပင်ဖြစ်သည်။
ယွီဝမ်ချန်းသည် သူ၏အကြံအစည်မှာအလွန်ကောင်းကြောင်း တဖွဖွချီးကျူးခဲ့ပြီးနောက် အတူတကွအလုပ်လုပ်ကြရန် ပြောဆိုခဲ့ကြလေသည်။ ကျန်းရှင်းသည် ငွေအရင်းအနှီးအား ပင်တိုင်လည်ပတ်ငွေထဲသို့ထည့်လိုက်သည်။
သူတို့နှစ်ဦးသည် မြို့၏စျေးကွက်ကို အတူတကွချုပ်ကိုင်လိုက်ကြလေသည်။ သူ့ပြိုင်ဘက်ဖြစ်သော လူငယ်ကလေးအား အခွင့်အရေးတစ်ခုပင်မပေးချေ။
အကယ်၍တစ်စုံတစ်ယောက်သာ ပိုက်ဆံအားပို့ဆောင်ချင်သည်ဆိုလျှင်ပင် ကျန်းရှင်းသည်ဝမ်းမြောက်ဝမ်းသာဖြင့် ပို့ဆောင်ပေးမှာဖြစ်သည်။
နှစ်လသုံးလကြာသောအခါ ထိုပြိုင်ဘက်လူငယ်က ပိုက်ဆံများအားမီးရှို့သကဲ့သို့ ထပ်မံမသုံးနိုင်တော့ပေ။ ထိုသူသည် ငွေကြေးပြတ်လပ်သွားပုံပေါ်သည်။
ကျန်းရှင်းက ငွေများဖောဖောသီသီဝင်နေသည်အား မကြွားပဲမနေနိုင်ချေ။ အကယ်၍ အလုပ်များအလွန်များပြားမနေပါက သူသည် အိမ်သို့ပို၍စောစောပြန်ရောက်နေမှာဖြစ်သည်။
ထိုလူငယ်လေးသည် ဇနီးဖြစ်သူအား ကျောထောက်နောက်ခံရှိသကဲ့သို့ သူ့တွင်လည်း သူဌေးယွီရှိလေသည်။
"ဒါဆို သမီးတို့အနာဂတ်မှာ အိမ်အကြီးကြီးနဲ့နေနိုင်တော့မှာလား..."
"ဟုတ်တယ်..သမီးသူငယ်ချင်းနဲ့သမီးက အိမ်နီးချင်းတွေတောင်ဖြစ်နိုင်တယ်.."
ကျန်းရှောင်မန် သူမ၏ခေါင်းကလေးကိုကုတ်ကာ ခေတ္တစဥ်းစားလိုက်သည်။ ထို့နောက် သူမသည် ခေါင်းကိုခါလိုက်သည်။
"ဟင့်အင်း..ယွီချင်းရှီကအစောကြီးထရပြီး ကျောင်းလည်းနောက်ကျတတ်တယ်...သူနဲ့ယှဥ်ရင် သမီးက မူကြိုနဲ့နီးတော့ နည်းနည်းပိုအိပ်လို့ရတယ်လေ...."
ယွီချင်းရှီက ထို့ကြောင့်ပင် သူ၏ဖေဖေအား အိမ်ပြောင်းရန် ခဏခဏပူဆာနေခြင်းဖြစ်သည်။
ကျန်းရှောင်မန်သည် သနားစရာကောင်းစွာပြောခဲ့သည်။
"သမီးရဲ့ပိုက်ဆံလေးသောင်းကို ဒီတိုင်းမဖြုန်းပစ်သင့်ဘူး...."
ဤအိမ်သည် ယိုယွင်းကာဟောင်းနွမ်းနေသော်လည်း မူကြိုနှင့်နီးသောကြောင့် သူမကျောင်းသွားရသည်မှာ အဆင်ပြေလေသည်။ အပြေးအလွှားလုပ်ရန် မလိုအပ်ပေ။ ထို့အပြင်နေရသည်မှာလည်း သက်တောင့်သက်သာရှိလေသည်။
ကျန်းရှင်းသည် ကျန်းရှောင်မန်အား ဝက်ကလေးလက်ဆောင်ပေးပြီးနောက် ခြံထဲတွင် ဝက်ခြံလေးဆောက်လုပ်ပေးလေသည်။ ဟွားဟွားအားမြို့သို့ခေါ်မလာသော်လည်း သူသည် ဝက်များ၏ဝေယျာဝစ္စကို လုပ်ပေးနေရဆဲပင်ဖြစ်သည်။ ကျန်းရှောင်မန် အလွန်ပျော်ရွှင်နေခဲ့သည်။ မပျော်နိုင်သူမှာ ကျန်းဟွေ့မိန်ပင်ဖြစ်သည်။
ထိုဝက်ကလေးသည် အိမ်ထဲမှာမွေးရခြင်းဖြစ်သော်လည်း ကျန်းဟွေ့မိန်သည် ခွင့်မပြုခဲ့ချေ။ ထို့ကြောင့် ကျန်းရှင်းသည် ဝက်ခြံအားဆောက်လုပ်ရတော့သည်။ ထိုဝက်ခြံလေးသညိ အတော်အတန် ကျယ်ဝန်းသည်။ ဟွားဟွား၏အိမ်ကဲ့သို့မဟုတ်ပဲ ဝက်ကလေးဝင်အိပ်ရန်ခြင်းတောင်းလေးပါရှိပြီး ကြမ်းပြင်ကိုသစ်သားပြားများခင်းထားပေးလေသည်။
ကျန်းရှောင်မန် အလွန်မနာလိုဖြစ်သွားခဲ့သည်။ သူမသည် ဝက်ခြံထဲတွင်လှဲလိုက်ပြီး မထချင်တော့ပေ။ သူမသည် ဝက်ကလေးနှင့်အတူအိပ်ချင်လေသည်။
ပြောရမယ်ဆိုရင်..ယွီချင်းရှီက မြောင်မြောင့်ကိုဒီလိုပဲမွေးတာလေ..
သို့သော် ကျန်းဟွေ့မိန်သည် သူမအားဝက်ခြံထဲတွင်မအိပ်ခိုင်းခဲ့ပေ။ ပေကပ်ကပ်နှင့်လှဲနေသောရှောင်မန်အားချီကာ အိမ်ထဲပြန်ခေါ်သွားလေသည်။ ရှောင်မန် သူမ၏အကြံအစည်အားလက်လျှော့လိုက်ရတော့သည်။
သူမသည် ဝက်ကလေးအား မွှေးတုံဟူ၍အမည်ပေးခဲ့သည်။ ခဏမျှစဥ်းစားပြီးနောက် သူမသည် သူ့အားမွှေးတုံလေးဟုပြန်ပြောင်းခေါ်ခဲ့သည်။ သူသည် အရမ်းမွှေးနေလျှင် သူမသည်သူ့အားစားချင်လာနိုင်သည်။
သို့သော် ဝက်ကလေးအားပွေ့ချီလိုက်သောအခါ သူမသည် အစိုးရိမ်လွန်နေကြောင်းသိလိုက်ရသည်။ သူသည် ပန်းကြီး၏အနံ့ကဲ့သို့မဟုတ်ပေ။ နံ့သာတုံးလေးလိုမွှေးခြင်းမျိုးဖြစ်သည်။ ထို့ကြောင့် သူ့အားမွှေးတုံဟုခေါ်သည်ဖြစ်စေ မွှေးတုံလေးဟုခေါ်သည်ဖြစ်စေ သူမသည်သူ့အားစားချင်မည်မဟုတ်ပေး
သူမ ကျောင်းပိတ်ရက်တွင် ယွီချင်းရှီအိမ်သို့သွားသောအခါ မွှေးတုံလေးကိုပါခေါ်သွားခဲ့သည်။ သူမကဝက်လေးကို ကြိုးကလေးနှင့်ဆွဲလာခဲ့ခြင်းဖြစ်လေသည်။
မွှေးတုံလေးက သေးငယ်သော်လည်း အလွန်သန်လေသည်။ ရှောင်မန် သူ့အားဤနေရာသို့ခေါ်ရန် အားအင်အများကြီးစိုက်ထုတ်ခဲ့ရလေသည်။ သူမသည် ကြိုးအားလက်နှစ်ဖက်ဖြင့်ဆွဲထားပြီးနောက် ယွီချင်းရှီအားအော်ခေါ်လိုက်သည်။
"ယွီ...ယွီချင်းရှီ...ငါမွှေးတုံလေးကိုခေါ်လာတယ်..နင့်ကို...ပြဖို့..."
ယွီချင်းရှီသည် ပြေးထွက်လာပြီးနောက် ဝက်တစ်ကောင်နှင့်ကျန်းရှောင်မန်အားတွေ့သောအခါ နောက်ပြန်ဆုတ်သွားလေသည်။
သူမသည် မွှေးတုံလေးအကြောင်း ကျောင်းတွင်ခဏခဏပြောခဲ့သည်။ ထို့နောက် သူ့အားမွှေးတုံလေးသည် ဘာကောင်လေးဖြစ်မလဲဟူ၍ ခန့်မှန်းခိုင်းခဲ့သည်။ ကျောင်းပိတ်ရက်တွင် သူမသည် နံ့သာလေးအားသူ့အိမ်သို့ခေါ်လာမည်ဟု ပြောခဲ့လေသည်။
သူသည် ထိုတပါတ်လုံးအား မွှေးတုံလေးကို ဖြစ်နိုင်ချေ အမျိုးမျိုးခန့်မှန်းခဲ့သည်။
ဝက်တစ်ကောင်...
ယွီချင်းရှီသည် ငုတ်တုတ်လေးထိုင်လိုက်ပြီး လက်ကလေးကိုဆန့်ကာ ခင်မင်ရင်းနှီးမှုကိုပြရန်ကြိုးပမ်းလိုက်သည်။ သို့ရာတွင် သူသည် မွှေးတုံလေး၏နှာခေါင်းအားမထိရသေးခင် မွှေးတုံလေးသည် သူ့မျက်နှာအားတရှုံ့ရှုံ့လိုက်နမ်းတော့သည်။
သူသည် မည်ကဲ့သို့တုန့်ပြန်ရမည်မှန်းမသိတော့ပဲ ကြောင်အသွားလေသည်။
Xxxxxxxxx
Chapter 139
ခဏမျှကြောင်အသွားပြီးနောက် သူပြောလိုက်သည်။
"ဧည့်ခန်းမှာ ဖေဖေ့ဧည့်သည်တွေရောက်နေတယ်..ငါတို့ဥယျာဥ်ထဲမှာဆော့ကြမယ်နော်.."
"ကောင်းပြီလေ.."
ကျန်းရှောင်မန်သည် မွှေးတုံလေးအားခေါ်ကာ ဥယျာဥ်ထဲသို့လိုက်လာခဲ့သည်။ သူမအတွက်မူ မည်သည့်နေရာတွင်ဆော့ရသည်မှာ အရေးမကြီးပေ။
ကလေးနှစ်ယောက်နှင့် ဝက်ပေါက်ကလေးတစ်ကောင် ဥယျာဥ်ထဲ၌ကစားကြလေသည်။
သို့သော် ကစားသည်ဟူ၍အတိအကျပြောလို့မရပေ။
ယွီချင်းရှီသည် မွှေးတုံလေးအား ကျန်းရှောင်မန်သင်ကြားနေခြင်းကို တောက်လျှောက်ကြည့်နေရခြင်းသာဖြစ်သည်။
ကျန်းရှောင်မန်သည် ညာသို့သွားခိုင်းသည့်အခါ မွှေးတုံလေးသည် နှာခေါင်းရှုံ့ရင်းတအွင့်အွင့်အသံပြုကာ ဘယ်ဘက်သို့သွားသည်။
အဆုံးသတ်တွင် ကျန်းရှောင်မန်သည် အရှုံးကိုဝန်ခံလိုက်ရတော့သည်။
"ကောင်းပြီ...နင်ကငယ်ငယ်လေးရှိသေးတာပဲ..ငါအခုတော့လက်လျှော့လိုက်ပြီးနောက်မှထပ်သင်ပေးတော့မယ်...ဟိုဘက်နားသွားရအောင်.."
သူမသည် ကြိုးအားဖြေလျော့ပေးလိုက်သည်နှင့် ဝက်ကလေးသည် ပန်းပွင့်များရှိသောနေရာသို့ ဦးတည်၍ပြေးသွားတော့သည်။
"အွင့်...အွင့်..."
မျက်တောင်တစ်ခတ်အတွင်းတွင် ပန်းပွင့်များပျောက်ဆုံးသွားလေသည်။
ယွီချင်းရှီ၏မျက်နှာလေးသည် ဖြူဖျော့သွားလေသည်။
ငါတော့ အဆူခံရတော့မယ်...
ကျန်းရှောင်မန်သည် စိတ်ဆိုးသွားပြီးနောက် ဝက်ကလေး၏တင်ပါးကို ဖွဖွရိုက်လိုက်သည်။
"နင်ကသိပ်ဆိုးတာပဲ...နင့်ကိုဒီညဘာမှမကျွေးတော့ဘူး.."
မွှေးတုံလေးသည် သူမ၏စကားများကိုနားမလည်ချေ။ သူသည် ပန်းခင်းပေါ်ရှိပန်းများအားလုံးကိုစားပြီးနောက် ကျင်းပင်တူးလိုက်သေးသည်။
"..."
"အိုက်ရိုး...ညစ်ပတ်လိုက်တာ...."
ကျန်းရှောင်မန် မွှေးတုံလေး၏တင်ပါးကိုထပ်ပုတ်လိုက်သည်။
ကျန်းရှောင်မန်သည် ဝက်ကလေးအား အမေကြီးတစ်ယောက်လို ပွစိပွစိပြောနေလေသည်။
ကျန်းရှောင်မန်သည် ဆူညံလွန်းသူဖြစ်သောကြောင့် သူမ၏ ဝက်ကလေးသည်လည်း အငြိမ်မနေတတ်ခြင်းဖြစ်ရမည်ဟု ယွီချင်းရှီသည် ယူဆလိုက်သည်။ သူ၏မြောင်မြောင်သည် အိပ်စက်ခြင်းမှလွဲ၍ မည်သည်ကိုမှစိတ်မဝင်စားချေ။ ယခုအခါတွင် သူသည် မြောင်မြောင့်အား နတ်သမီးလေးဟုခံစားမိသည်။
မြောင်မြောင်က အရမ်းကောင်းတာပဲ...
ယွီချင်းရှီသည် ကျန်းရှောင်မန်၏ဆူပူနေခြင်းအား တိတ်ဆိတ်စွာစောင့်ကြည့်နေသည်။
သို့ရာတွင် သူမသည် နံ့သာလေး၏ရှေ့ခြေနှစ်ဖက်အား စုကိုင်လိုက်ကာ မတ်တပ်ရပ်ခိုင်းချိန်တွင် သူသည်ဆက်၍သည်းမခံနိုင်တော့ချေ။
"မွှေးတုံလေးက နင်ပြောတာကိုနားလည်မှာမဟုတ်ဘူး.."
"နင်ကဝက်မှမဟုတ်တာ...သူနားမလည်မှန်းဘယ်လိုသိမှာလဲ.."
ကျန်းရှောင်မန် မျက်တောင်များအားပုတ်ခတ်ရင်းဆက်ပြောသည်။
"ဘွားဘွားကပြောတယ်...ကလေးတွေက စကားနားမထောင်ရင် သူတို့ကိုဆူခွင့်ရှိတယ်တဲ့...ဒါပေမယ့် သူတို့ဘာမှားသွားလဲဆိုတာကို နားလည်အောင်ပြောပြရမယ်တဲ့...မဟုတ်ရင် သူတို့ကဘာလို့အဆူခံရမှန်း နားလည်မှာမဟုတ်ဖူး...အမှားကိုလည်းပြင်မှာမဟုတ်တော့ဘူး...သူကခုကျင်းတွေလျှောက်တူးနေပြီ...သူ့မှာဒီလိုဆိုးဝါးတဲ့အကျင့်ကြီးပါသွားရင်ဘယ်လိုလုပ်မလဲ...ငါ့အိမ်မှာသာ ကျင်းတွေလိုက်တူးရင် အိမ်ပြိုကျသွားမှာပေါ့..."
"..."
အင်း...အဲ့တာလည်းဟုတ်တာပဲ...
ယွီချင်းရှီ ဘာကိုမှဆက်၍မပြောတော့ပေ။ သူမအားမတားနိုင်သည့်အတွက် ငြိမ်ငြိမ်လေးဆက်လက်နားထောင်နေရတော့သည်။
ကျန်းရှောင်မန်သည် သူမ၏အာဏာကိုပြန်လည်ရရှိသွားသည့်အတွက် မွှေးတုံလေးအား ဆက်လက်၍ဆူနေလေသည်။ ထိုအချိန်တွင် ကလေးမလေးတစ်ယောက်၏ခေါင်းကလေးသည် အခန်းဝမှပြူကြည့်လာသည်။ ထို့နောက် ယွီချင်းရှီနှင့်ကျန်းရှောင်မန်တို့အရှေ့သို့ပြေးလာပြီးနောက် သူမအားမေးလိုက်သည်။
"ဘာလုပ်နေတာလဲ..."
"ငါသူ့ကိုသင်ကြားပေးနေတာ..:
"အရူး...ဝက်ကဘယ်လိုလုပ်နားလည်မှာလဲ."
ကလေးမလေးသည် ယွီချင်းရှီအားကြည့်လိုက်သည်။ သူသည် အလွန်ထူးဆန်းသောကြောင့် သူမ သူ့အားအနည်းငယ်ကြောက်သည်။ သို့သော် သူသည် ကျန်းရှောင်မန်အားစကားပြောနေသည်ကို တွေ့သောအခါ သူမသည် အနည်းငယ်မသက်မသာခံစားရလေသည်။
သူမသည် သူမ၏ဖခင်နှင့်အတူလာရောက်ခြင်းဖြစ်ပြီး ယွီချင်းရှီအားတွေ့သောအခါ သူနှင့်သူငယ်ချင်းဖွဲ့ချင်ခဲ့သည်။ သို့သော် သူသည် သူမအား လျစ်လျူရှုခဲ့လေသည်။
"သူနားလည်တယ်.."
ကျန်းရှောင်မန်သည် မွှေးတုံလေးမှာတုံးအပြီး သူမပြောသည်အား နားမလည်မှန်းသိသော်လည်း တစ်စုံတစ်ယောက်အား သူ့အပေါ်အထင်သေးခွင့်မပြုနိုင်ချေ။
မွှေးတုံလေးသည် ထိုကလေးမလေး၏ခြေထောက်အား အနံ့ခံကြည့်လေသည်။ သူသည် ယခုမှကျင်းတူးလာခြင်းဖြစ်သောကြောင့် နှုတ်သီးတွင်ရွှံ့များပေကျံနေလေသည်။.
"ဝေးဝေးသွားစမ်း...ရုပ်ဆိုးတဲ့ဝက်.."
ကျန်းရှောင်မန်သည် အလွန်စိတ်ဆိုးသွားသည်။ သူမသည် မွှေးတုံလေးအားပွေ့ချီလိုက်ကာ..
"နင်ကသာရုပ်ဆိုးတာ..မွှေးတုံလေးကအရမ်းချစ်စရာကောင်းတယ်..."
"ရုပ်ဆိုးတယ်...ရုပ်ဆိုးတယ်...အရမ်းရုပ်ဆိုးတဲ့ဝက်.."
ကလေးမလေးက ဝက်များအားကြောက်ရွံ့လေသည်။ မွှေးတုံလေးသည် သူမအားမထိရသေးသော်လည်း သူမသည်စတင်၍ငိုကြွေးလာလေသည်။
ကျန်းရှောင်မန်သည် သူမ၏လက်ကလေးများနီရဲလာသည်အထိ ကြိုးကိုဆွဲကာ မွှေးတုံလေးအား သူမဘက်သို့ပါအောင်ပြန်ဆွဲထားခဲ့သည်။
မွှေးတုံလေး သူမထံပြန်ရောက်လာသောအခါ ရှောင်မန်သည် သက်ပြင်းချလိုက်ကာ လက်များအားဖြေလျှော့လိုက်သည်။ ထိုအချိန်တွင် ကလေးမလေးသည် ရှေ့တိုးလာကာ မွှေးတုံလေးအားကန်ကျောက်လိုက်လေသည်။ ဝက်ကလေးသည် အထိတ်တလန့်အော်ဟစ်ကာ ပတ်ပြေးတော့သည်။
"နင် ဘာလုပ်လိုက်တာလဲ.."
ကျန်းရှောင်မန် အလွန်စိတ်ဆိုးသွားလေသည်။
"ဝူး..ဝူး...ဖေဖေ...သမီးကိုအနိုင်ကျင့်နေကြတယ်...အိမ်ပြန်မယ်...ဒီမှာမနေချင်ဘူး.."
Xxxxxxxxxxx
Chapter 140
ကလေးမလေးက သနားစဖွယ်ငိုယိုနေခဲ့သည်။ ခဏအကြာတွင် သူမ၏ဖခင် အပြေးရောက်လာခဲ့သည်။
"သမီးလေး...ဘာဖြစ်လို့ငိုနေတာလဲ..သမီးကိုဘယ်သူအနိုင်ကျင့်လို့လဲ..."
ထိုငယ်ရွယ်ပြီးကြည့်ကောင်းသောအမျိုးသားသည် သူ၏သမီးဖြစ်သူအား ကာကွယ်သလိုဖက်ထားပေးခဲ့သည်။
ကျန်းရှောင်မန်သည် မွှေးတုံလေး၏ လည်ပတ်ကြိုးအားတင်းကျပ်စွာ ဆုပ်ကိုင်ထားမိသည်။ ဖခင်ဖြစ်သူ၏ချော့မော့ခြင်းခံနေရသော ထိုကလေးမလေးအားကြည့်ရင်း သူမ၏ရင်ထဲတွင် အမည်မသိသောဝမ်းနည်းမှုသည် ကြီးစိုးလာခဲ့သည်။
"ဖေဖေ..သူကလေ..သူ့ရဲ့အရမ်းညစ်ပတ်တဲ့ဝက်နဲ့သမီးကိုခြောက်တယ်...အဲ့ဝက်ကအရမ်းညစ်ပတ်တာ...သမီးထိတောင်မထိချင်ဘူး...အရမ်းရွံတာပဲ.."
ကလေးမလေးက စကားလုံးအနည်းငယ်သုံးကာ အကြောင်းအရာအား ပြင်ဆင်ပြောဆိုလိုက်ပြီးနောက် ငိုကြွေးတိုင်တန်းနေလေသည်။
လျန့်ယွမ်ချင်း၏မျက်နှာ ပျက်ယွင်းသွားခဲ့သည်။ သူသည် ကျန်းရှောင်မန်အားကြည့်လိုက်ပြီး...
"မင်းက ကိုယ့်တိရစ္ဆာန်ကိုယ် နိုင်အောင်မထိန်းတဲ့အပြင် တခြားလူကိုပါလိုက်ခြောက်ရဲတယ်ပေါ့..."
"သမီး....မလုပ်ဘူး.."
ကျန်းရှောင်မန် ငိုချင်လာခဲ့ပြီး မျက်ရည်များဝိုင်းလာခဲ့သည်။ သို့သော် ဘွားဘွားက တစ်စုံတစ်ယောက်နှင့် အချေအတင်ပြောဆိုရာတွင် မျက်ရည်မကျရဟု သင်ကြားထားသဖြင့် သူမသည် မငိုခဲ့ပေ။
ယခုအချိန်တွင် သူမငိုလိုက်ပါက အားနည်းကာအနိုင်ကျင့်ရလွယ်ကူသည့်ပုံစံအား ပြသရာကျမည်ဖြစ်ပြီး တစ်ဖက်သားကပို၍ပင် အကျိုးအကြောင်းမညီမျှစွာ ပြောဆိုလာမည်ဖြစ်သည်။
ကျန်းရှောင်မန် သူမ၏မျက်ရည်များအားကျဆင်းခြင်းမရှိစေရန် ပွတ်သပ်ပစ်လိုက်သည်။
"သမီးက မွှေးတုံလေးကိုအသုံးချပြီးသူ့ကိုမခြောက်ဘူး..ဒီမှာကြည့်...."
သူမသည် မွှေးတုံလေး၏ကြိုးကိုဆွဲထားရသဖြင့် အနီရောင်သမ်းနေသော လက်ဖဝါးလေးများကိုပြသရင်း အပြစ်ကင်းကြောင်းဖော်ပြလိုက်သည်။
လျန့်ယွမ်ချင်း ကျန်းရှောင်မန်အားကြည့်လိုက်သည်။ သူမ၏ အဝတ်အစားများက စျေးမကြီးပေ။ ထို့ကြောင့် ချမ်းသာသောမိသားစုမှကလေးတစ်ဦးမဖြစ်နိုင်ဟု ယူဆလိုက်သည်။
သူသည် သူမ၏လက်မှအနီရောင်အရာများအား ကြည့်ပြီးနောက် မျက်နှာပင်တစ်ချက်မပြောင်းပေ။ ထို့နောက် ရွံရှာသလိုကြည့်ရင်းပြောလိုက်သည်။
"ဒါဖြင့် ငါ့သမီးကဘာလို့ငိုမှာလဲ...အဲ့ညစ်ညစ်ပတ်ပတ်ကြီးကို ငါတို့မျက်စိရှေ့ကမြန်မြန်ခေါ်သွားစမ်းပါ..."
ညစ်ညစ်ပတ်ပတ်ကြီး...ဘာကညစ်ညစ်ပတ်ပတ်ကြီးလဲ...
ကျန်းရှောင်မန်သည် အောက်သို့ငုံ့ကြည့်လိုက်သည်။ သူမသည် မငိုမိစေရန် ဆက်လက်ထိန်းမထားနိုင်တော့ပေ။ မျက်ရည်များဒလဟောကျဆင်းလာလေသည်။
မွှေးတုံလေးသည် တုံးအသော်လည်း နာခံမှုရှိသောဝက်ကလေးဖြစ်သည်။
သူသည် ညစ်ညစ်ပတ်ပတ်ကြီးဟူ၍ အပြောမခံရသင့်ပေ။
စိတ်သက်သာရာရလိုရငြား ရှောင်မန်သည် မွှေးတုံလေးအား ခပ်တင်းတင်းပွေ့ဖက်လိုက်သည်။ ထို့နောက်
"မွှေးတုံလေးက ညစ်ညစ်ပတ်ပတ်ကြီးမဟုတ်ဖူး...သူ့ကိုနေ့တိုင်းရေချိုးပေးတယ်...သူကအရမ်းကိုအဆော့သန်ပေမယ့် ဘယ်သူ့ကိုမှနာကြင်အောင်မလုပ်ဖူး...ငါသူ့ကိုဆွဲထားခဲ့သားပဲ..နင်ကသာမွှေးတုံလေးကို ကန်ခဲ့တာ...နင်ကသူ့ကိုကန်ပြီးတော့မှ လန့်ပြီးအခုလိုငိုပြနေတာ...လူလိမ်...လူလိမ်..."
သူမလေး ပြောရင်းအားအင်ကုန်ခမ်းလာသလို ခံစားနေရသည်။
"ဝက်ကလေးကသူ့ကိုမခြောက်ဖူး...သူကသာ ဝက်ကလေးကိုကန်ခဲ့တာ..."
ယွီချင်းရှီ ကျန်းရှောင်မန်၏လက်အားကိုင်လိုက်ကာ သူမနောက်တွင်ရပ်ရင်းပြောခဲ့သည်။ ရှောင်မန်သည် မွှေးတုံလေးအားပိုက်ထားရင်း ယိုင်လဲတော့မလိုဖြစ်နေခဲ့သည်။ ထို့ကြောင့် သူသည် ရှောင်မန်၏နောက်မှထိန်းလိုက်ကာ ကူညီ၍ပိုက်ထားပေးလိုက်သည်။
သူသည် ထိုကလေးမအားသဘောမကျချေ။ သူမသည် အိမ်သို့ရောက်ကာစက မြောင်မြောင်အားစနောက်ခဲ့ပြီး အကုတ်ခံရမလိုပင်ဖြစ်ခဲ့သည်။ ယခုမူ ဝက်ကလေးအား ကန်ကျောက်ပြန်လေသည်။
"အဲ့ဒီ့ကောင်မလေးက ဝက်ကလေးကိုကန်ခဲ့တာ..ကျွန်တော်မြင်လိုက်တယ်..."
လျန့်ယွမ်ချင်း ဘာဆက်ပြောရမှန်းမသိတော့ချေ။
ကျန်းရှောင်မန်က ဘယ်ကကလေးမှန်းမသိသည့်အတွက် သူ့အနေဖြင့် ဆူပူ၍ရသည်။ သို့သော် ယွီချင်းရှီကတော့ မတူညီပေ။ ထို့အပြင်သူသည် ဤအိမ်သို့ ရင်းနှီးမြှုပ်နှံမှုကမ်းလှမ်းရန် ရောက်လာခဲ့သူဖြစ်သည်။
သူသည် ကျန်းရှင်း၏ပြိုင်ဘက်လူငယ်ဖြစ်သည်။
သူနှင့်ကျန်းရှင်းတို့သည် လုပ်ငန်းချင်းပြိုင်ဆိုင်နေကြပြီး သူသည် ပိုက်ဆံများများပို၍ ရင်းနှီးနိုင်လေသည်။ ကျန်းရှင်းကဲ့သို့ ငွေအရင်းအနှီးများများစားစားမထည့်နိုင်သူအား သေချာပေါက် အနိုင်ပိုင်းနိုင်မည်ဟု မျှော်လင့်ထားလေသည်။
သို့သော် ကျန်းရှင်းသည် ယွီဝမ်ချန်းအားဖိတ်ခေါ်လိုက်နိုင်လေသည်။ ယွီဝမ်ချန်းတွင် အဆက်အသွယ်ရော ငွေကြေးပါရှိလေသည်။ ထိုသူတို့နှစ်ယောက်ပေါင်းလျှင် သူ့အား အပြတ်အသတ်ရိုက်ချနိုင်လေသည်။
လူတို့သည် အခြေအနေကိုလိုက်၍ ပြောင်းလဲရလေသည်။ စီးပွားရေးတွင် ထာဝရရန်သူဟူ၍မရှိပဲ ထာဝရစီးပွားဖက်သာရှိသည်။ ထို့ကြောင့် သူသည် မာနအားလုံးခဝါချကာ ယွီဝမ်ချန်းနှင့်ညှိနှိုင်းရန် လာရောက်ခဲ့ခြင်းဖြစ်သည်။
သူ့အနေဖြင့် ကျန်းရှင်းထက်ပို၍ကောင်းသောကမ်းလှမ်းမှုများအား ကမ်းလှမ်းနိုင်သဖြင့် ယွီဝမ်ချန်းအားသူ့ဘက်ပါလာစေရန် ယုံကြည်မှုအပြည့်ရှိလေသည်။
သူတို့နှစ်ဦး အတန်ကြာဆွေးနွေးခဲ့ကြသော်လည်း သဘောတူညီချက်မရသေးပေ။ ဆန့်ကျင်ဘက်အနေဖြင့် ကလေးများကြားတွင်သာ ကတောက်ကဆဖြစ်သွားလေသည်။
Xxxxxxxxxxxxxx