Chapter 141
လျန့်ယွမ်ချင်းသည် လေးပင်စွာသက်ပြင်းချလိုက်သည်။ သူ တစ်စုံတစ်ခုပြောရန် ပါးစပ်မဖွင့်ရသေးခင် သူ၏သမီးဖြစ်သူက ကျယ်လောင်စွာ ထငိုလေသည်။
"ဖေဖေ...သမီးအဲ့လိုမလုပ်ဘူး...အဲ့လိုမလုပ်ဘူးလို့ဆိုနေ....သမီးက ကြောင်တွေကိုတောင်ကြောက်တာ...ဘယ်လိုလုပ်ဝက်ကိုကန်ရဲမှာလဲ..ဖေဖေ...ဖေဖေကသမီးကိုမချစ်တော့ဘူးမလား...သမီးအိမ်ပြန်ရောက်ရင် မေမေ့ကိုပြန်ပြောမယ်...ဝါး..."
ဖခင်တစ်ယောက်၏ချစ်ခြင်းမေတ္တာသည် လျန့်ယွမ်ချင်းကိုကန်းသွားစေခဲ့သည်။ သူက ယွီချင်းရှီ၏စကားများကို လျစ်လျူရှုလိုက်သည်။ ထို့နောက် ရှိုက်ငိုနေသော ကျန်းရှောင်မန်အားကြည့်ကာ အေးစက်စွာပြောခဲ့သည်။
"မင်းက တော်တော်ဆိုးဝါးတဲ့ကလေးပဲ...အခု ငါ့သမီးကိုတောင်းပန်ပြီး ချက်ချင်းမျက်စိရှေ့ကထွက်သွားစမ်း...ဒါဆိုဒီကိစ္စကို ဘာမှမဖြစ်ခဲ့သလို ထားပေးမယ်.."
ယွီချင်းရှီက ယွီဝမ်ချန်း၏သားဖြစ်သော်လည်း သူကအလွန်ငယ်ရွယ်သေးသည်။ သူ၏စိတ်အခြေအနေမှာလည်း ပုံမှန်မဟုတ်ဟူ၍ပင် ကြားထားသေးသည်။ ထိုကလေးသည် ပြသနာအား လိမ့်ပတ်လည်အောင်ပြောနိုင်ခြင်းရှိမည်မဟုတ်ပေ။
လျန့်ယွမ်ချင်းက ရှောင်မန်အား ကိုယ်ထိလက်ရောက်ရိုက်နှက်ခြင်းမရှိသော်လည်း မရပ်မနားအပြစ်တင်ရင်း အေးစက်စွာစိုက်ကြည့်နေသည်။ သို့သော်ထိုသို့ကြည့်သည်ကိုက ကလေးတစ်ယောက်အား စိတ်ဒဏ်ရာပေးနိုင်လေသည်။ သူမလေးက ဘွားအေဖြစ်သူ၏ အရိုက်ခံရစဥ်ကထက်ပင် ပို၍နာကြင်သည်ဟု ခံစားရလေသည်။
ကျန်းရှောင်မန် အသက်ရှူရခက်လာသည်အထိ ငိုကြွေးနေခဲ့သည်။သို့ရာတွင် သူမက အမှားဝန်ခံခြင်းရော ခေါင်းငုံ့ထားခြင်းရော မရှိခဲ့ပေ။
ယွီချင်းရှီက ပုံမှန်အားဖြင့် ကိစ္စများအားဝင်ပါလေ့မရှိသော်လည်း ယခုမူပစ္စည်းများအားလွှင့်ပစ်ချင်လောက်အောင်ပင် စိတ်ဆိုးနေလေသည်။
သို့သော် ကျန်းရှောင်မန်၏ငိုရှိုက်သံကြောင့် သူ၏ဒေါသအားခက်ခက်ခဲခဲ ပြန်လည်ထိန်းသိမ်းလိုက်သည်။ ထို့နောက် သူက အပြောင်းအလဲမရှိသောအသံဖြင့် စကားဆက်လိုက်သည်။
"မယုံဘူးဆိုရင်လည်း စောင့်ကြည့်ကင်မရာရှိတယ်လေ..ဖေဖေ့ကိုခေါ်လိုက်မယ်.."
"ဘာ...ဘာပြောတယ်..."
လျန့်ယွမ်ချင်းသည် ရုတ်တရက်ထိတ်လန့်သွားသည်။ သူပွေ့ချီထားသော လျန့်စစ်ယွီသည်လည်း အငိုရပ်ကာ ကြောင်အသွားလေသည်။ သူမသည် ယခုအခါ ယွီချင်းရှီအား ထိတ်လန့်စွာကြည့်နေလေသည်။
"တကယ်လို့ မယုံဘူးဆိုရင် စောင့်ကြည့်ကင်မရာကို ပြန်ကြည့်လို့ရတယ် လို့ပြောတာ..ဖေဖေ့ကိုခေါ်လိုက်မယ်.."
ယွီချင်းရှီက လျန့်ယွမ်ချင်းအား မည်သည့်အရာကိုမှပြောခွင့်မပြုတော့ပဲ
"ဖေဖေ..."
ယွီဝမ်ချန်းက စာကြည့်ခန်းထဲတွင် စာရွက်စာတမ်းများနှင့် အလုပ်များနေခဲ့သည်။ ထို့ကြောင့် ရန်ပွဲအားမသိလိုက်ပေ။ သူ့သားဖြစ်သူ၏ခေါ်သံကြားသောအခါ သူသည်ချက်ချင်းရောက်လာခဲ့သည်။
"ဘာဖြစ်လို့လဲ..သား..."
"ဒီရိုင်းစိုင်းတဲ့ကလေးမလေးက မွှေးတုံလေးကို ကန်လိုက်တယ်လေ..နောက်တော့သူ့ဖေဖေကို မွှေးတုံလေးကသူ့ကို လိုက်ဆွဲတယ်လို့ပြန်တိုင်နေတယ်...မွှေးတုံလေးက သူ့ကိုလိုက်ဆွဲရအောင် သူကဂေါ်ဖီထုပ်မို့လို့လား.."
လျန့်စစ်ယွီက ခေတ္တမျှကြောင်အနေပြီးနောက် စတင်ငိုယိုလာတော့သည်။
"ဖေဖေ...ဖေဖေ...အိမ်ကိုပြန်ရအောင်...သမီးဒီမှာမနေချင်ဘူး...သမီးက...သမီးက..ဂေါ်ဖီထုပ်မဟုတ်ဘူး.."
ထိုကလေးက ပြသနာအားစတင်ခဲ့ပြီးနောက် ယခုမူသူမမဟုတ်သလို ပြုမူနေလေသည်။
လျန့်ယွမ်ချင်းက အထစ်ထစ်အငေါ့ငေါ့ဖြင့် ပြောလိုက်သည်။
"မစ္စတာယွီ...ဒါက..ဒါက..နားလည်မှုလွဲတာပါ.."
ယွီဝမ်ချန်းက မည်သည့်အရာများဖြစ်နေသည်ကို ကောင်းစွာနားမလည်သေးပေ။ သို့သော် သူ့သားဖြစ်သူတောင်းဆိုသည့်အရာအားလုံးကို သူသည်လုပ်ပေးမှာပင်ဖြစ်သည်။ထို့အပြင် ကျန်းရှောင်မန်က မည်သည်ကိုမှတိုင်တောခြင်းမရှိပဲ သနားစရာကောင်းစွာ ငိုကြွေးနေခြင်းအား တွေ့လိုက်ရလေသည်။ သူသည် သူ့လူများအား ကင်မရာကိုချက်ချင်းပင်ဖွင့်စေခဲ့သည်။
ကျန်းရှောင်မန်က မွှေးတုံလေးအား ကြိုးစားပမ်းစားဆွဲထားခဲ့လေသည်။ လျန့်စစ်ယွီကသာ ရုတ်တရက်ရှေ့တိုးကာ ဝက်ကလေးအား ကန်ကျောက်လိုက်ခြင်းသာဖြစ်သည်။ ထိုအဖြစ်အပျက်အား ရှင်းလင်းစွာသိသွားကြပြီးနောက် ယွီဝမ်ချန်းက လျန့်သားအဖအား စကားတစ်ခွန်းမှမပြောတော့ချေ။
သူက ကျန်းရှောင်မန်ဘက်သို့လှည့်ကာ..
"ရှောင်မန်...ဦးဦးဆီလာပါဦး.."
ကျန်းရှောင်မန်လေးက နာခံစွာလျှောက်လာခဲ့သည်။ သူမ၏နစ်နာမှုသည် ကောင်းကင်ကြီးလောက်ကျယ်ပြန့်ပြီး ပင်လယ်ကြီးလောက်နက်ရှိုင်းသည်ဟု သူမခံစားရလေသည်။
ယွီဝမ်ချန်းက သူမလေးအား ဆီးကြိုပွေ့ဖက်လိုက်သည်။
"သမီးက လိမ္မာတဲ့ကလေးလေးဆိုတာ ဦးဦးသိတာပေါ့..သမီးဘယ်သူ့ကိုမှတောင်းပန်စရာမလိုဘူး..သမီးအမှားလည်းမဟုတ်ဘူနော်...."
ရှောင်မန်က ခိုနားစရာရသွားသကဲ့သို့ ဦးဦးယွီဟူ၍ ဆက်တိုက်ခေါ်ကာ သူ့အားဖက်တွယ်ရင်း ငိုကြွေးနေတော့သည်။
ယွီချင်းရှီက သူ့တွင်ဖက်စရာဟူ၍ မွှေးတုံလေးသာရှိချိန်တွင် ကျန်းရှောင်မန်ကမူ သူ့ဖေဖေအားဖက်နေလေသည်။ ပုံမှန်ဆိုလျှင် သူသဝန်တိုနေမှာဖြစ်သည်။
ဒီနေ့သူမက အများကြီးခံစားရတာပဲ...သူ့ဖေဖေကိုတစ်ရက်ငှားလိုက်ပါ့မယ်လေ...
မွှေးတုံလေးသည် ယွီချင်းရှီ၏လက်ထဲတွင်နေရင်း သူ့အားတရှုံ့ရှုံ့လုပ်ရန်ကြိုးပမ်းနေလေသည်။ ခဏအကြာတွင်မူ အောက်သို့ပြန်ချထားခြင်းခံလိုက်ရသည်။
ယွီချင်းရှီက မွှေးတုံလေးအား စိတ်မရှည်ပေ။ သူသည် သူ့သခင်ဖြစ်သူ ကျန်းရှောင်မန်မဟုတ်ပေ။
လျန့်ယွမ်ချင်းက လျန့်စစ်ယွီ၏ငိုသံအားကြားနေရင်းပင် အရှက်ရသလိုခံစားလိုက်ရသည်။ အဆုံးသတ်တွင်မူ သူသည်သူ့သမီးကိုသာ ဂရုစိုက်မှာပဲဖြစ်သည်။
Chapter 142
လျန့်ယွမ်ချင်းသည် ခြောက်ကပ်ကပ်ရယ်လိုက်သည်။
"မစ္စတာယွီ..ဒါက...ဒါကနားလည်မှုလွဲသွားတာပါ.."
ထို့နောက်လျန့်စစ်ယွီအား ခပ်ဖွဖွရိုက်ဟန်ပြုလိုက်သည်။
ယွီဝမ်ချန်းက ကလေးတစ်ယောက်ကိုတော့ ပြသနာမရှာလောက်ဘူးထင်တာပဲ...ဟုတ်တယ်မဟုတ်လား...
သို့ရာတွင် လျန့်စစ်ယွီက ဖူးဖူးမှုတ်အလိုလိုက်ခံရသူဖြစ်ပြီး တစ်ခါမှအရိုက်မခံရဖူးပေ။ ထို့ကြောင့် သူမသည်နစ်နာသလိုခံစားရပြီး အကြီးအကျယ်အော်ငိုတော့သည်။
"ဖေဖေ...ဖေဖေကဘာလို့သမီးကိုရိုက်တာလဲ....ဖေဖေပဲပြောခဲ့တာလေ...ထူးဆန်းတဲ့ဟာတွေတွေ့ရင် သူတို့ကသမီးကိုနာအောင်မလုပ်နိုင်ခင် အရင်ကန်ပစ်ရမယ်လို့...ခုကြဘာလို့ရိုက်တာလဲ...ဝါး..."
လျန့်ယွမ်ချင်းသည် အလွန်ပင်စိတ်ကသိကအောက်ဖြစ်သွားလေသည်။ သူသည် သူမအားအကြိမ်ရေအနည်းငယ် ထပ်မံရိုက်လိုက်လေသည်။
လျန့်စစ်ယွီက ပို၍ပင်ကျယ်လောင်စွာ အော်ငိုတော့သည်။
"မစ္စတာယွီ....ကျွန်တော်..."
"ကျေးဇူးပြုပြီး...အိမ်ကိုပြန်လိုက်ပါတော့.."
ယွီဝမ်ချန်းက အေးစက်စွာပြောလိုက်သည်။
"မစ္စတာလျန့်က ကျွန်တော်တို့ရဲ့ဧည့်သည်တွေဖြစ်တဲ့အတွက် ကောင်းကောင်းမွန်မွန်ဆက်ဆံခဲ့တာပါ..ကျွန်တော့်အနေနဲ့ မိတ်ဆွေတစ်ဦးလိုမျိုး သဘောထားချင်ခဲ့ပေမယ့် အခုကတော့...."
ယွီဝမ်ချန်းက သူ့ရင်ခွင်ထဲတွင် ရှိုက်ငိုနေဆဲဖြစ်သော ကျန်းရှောင်မန်အားငုံ့ကြည့်လိုက်သည်။
သူ ဤကလေးမလေးအား သိလာသည်မှာကြာပြီဖြစ်သော်လည်း သူမထိုကဲ့သို့ဝမ်းနည်းနေခြင်းအား တစ်ခါမှမတွေ့ခဲ့ဖူးချေ။
"ဒီကိစ္စက အပေါ်ယံအားဖြင့် ကလေးတွေကြားကရန်ပွဲပဲဖြစ်ကောင်းဖြစ်နိုင်ပါတယ်...ဒါပေမယ့် တစ်စုံတစ်ယောက်ရဲ့ သားသမီးကိုဆိုဆုံးမတဲ့အပြုအမူကိုကြည့်ရင် အဲ့ဒီ့လူအကြောင်း အကြမ်းဖျဥ်းတော့ ခန့်မှန်းနိုင်တယ်မဟုတ်လား...ကျွန်တော့်အနေနဲ့ အပြုအမူကောင်းမရှိတဲ့လူတွေနဲ့တော့ မပတ်သတ်လိုပါဘူး.."
ယွီဝမ်ချန်း ဆက်လက်ပြောလေသည်။
"ရှောင်မန်က ကျွန်တော်တို့မိသားစုအပေါ် ကျေးဇူးပြုဖူးတဲ့ကလေးပါ..သူမကညစ်ပတ်တဲ့ကောင်မလေးမဟုတ်သလို ဆိုးရွားတဲ့ကလေးလည်းမဟုတ်ပါဘူး..သူမစိတ်တိုင်းကျ ဒီအိမ်မှာနေခွင့်ရှိပါတယ်..."
ယွီချင်းရှီသည် ဝင်ပြောလာသည်။
"ဟုတ်တယ်...သားဖေဖေက ရှောင်မန့်ဖေဖေပဲ..သားအိမ်က ရှောင်မန့်အိမ်ပဲ.."
ယွီဝမ်ချန်းက သားဖြစ်သူအား အထူးအဆန်းသဖွယ်ကြည့်နေမိသည်။
ဒီကောင်လေး...သူဘာကိုပြောနေမှန်းရောနားလည်ရဲ့လား..နေပါဦး...သူ့သားကဘယ်တုန်းက စကားအများကြီးပြောလာတာလဲ..
အိုက်ရိုး...သားတွေကြီးလာရင် အဖေတွေမနိုင်ဘူးဆိုတာ အလကားပြောနေကြတာမဟုတ်ဖူးပဲ..
လျန့်ယွမ်ချင်းသည် သူ၏သားသမီးအပေါ်ဆုံးမမှုအား ပြက်ရယ်ပြုခံရသဖြင့် အရှက်ရသွားလေသည်။ ထို့နောက် လျန့်စစ်ယွီအားခေါ်ကာ အိမ်သို့ပြန်လာခဲ့သည်။ သူသည်အလွန်စိတ်ရှုပ်နေပြီး တစ်စုံတစ်ယောက်အား ရိုက်ချင်နေသည်။
သူ၏ရင်းနှီးမြှုပ်နှံသူသည် လျန့်စစ်ယွီကြောင့် ထွက်ခွာသွားချေပြီ။ သူမသည် အနာဂတ်တွင် သူ့ဘဝအားအောက်ဆုံးအထိ ဆွဲချသွားမည်ဟူ၍ပင် တွေးမိလေသည်။
လျန့်ယွမ်ချင်း တွေးလေ ပို၍စိတ်ဆိုးလေဖြစ်လာသည်။ နောက်ဆုံးတွင် လျန့်စစ်ယွီအား အကြိမ်ရေအနည်းငယ် ထပ်မံရိုက်လိုက်သည်။ ဤတစ်ကြိမ်က ဟန်ဆောင်ပန်ဆောင်ရိုက်ခြင်းမဟုတ်ပေ။
လျန့်စစ်ယွီသည် ဖခင်ဖြစ်သူအား စိတ်ကောက်နေဆဲဖြစ်သည်။ အားပြင်းပြင်းအရိုက်ခံလိုက်ရသောအခါ သူမသည် ကြောက်ရွံ့သွားပြီး တုန်၍နေလေလေသည်။ သားအဖနှစ်ဦးသည် အိမ်သို့ပြန်ရာလမ်းတစ်လျှောက်လုံး စကားမပြောကြတော့ပေ။
ထိုစဥ် ယွီဝမ်ချန်းတို့သားအဖက ကျန်းရှောင်မန်အား ချော့မော့ရင်းအလုပ်များနေလေသည်။ ရှောင်မန် နောက်ဆုံးတွင် အငိုတိတ်သွားပြီး စတင်ပြုံးရယ်လာလေသည်။
ထိုစဥ် စနစ်မှ အသိပေးချက်မြည်လာခဲ့သည်။
[မစ်ရှင် အောင်မြင်ပါသည်...
ဖခင်အရင်းနှင့် အမျိုးသမီးဇာတ်လိုက်အား အဆင်မပြေအောင်လုပ်လိုက်နိုင်ပါတယ်
ဆုလာဘ် - ၅၀မှတ်]
[အမှတ်များ လက်ခံရရှိပါသည်
လက်ကျန်အမှတ်ပေါင်း : -၅၀၀မှတ်]
"သမီးအဖေ...သူကလား...ဘာလို့စောစောကမပြောတာလဲ.."
စနစ်က ကိစ္စများအားဝင်မပါတော့ဟူ၍ ဆုံးဖြတ်ချက်ချပြီးဖြစ်သည်။ သူ ချောင်းဟန့်လိုက်ကာ...
"အရမ်းစိတ်လှုပ်ရှားသွားပြီး စနစ်ချို့ယွင်းသွားတာပါ...ပြင်ဆင်နေရတာနဲ့ အခုမှပြန်ကောင်းသွားတာလေ..ပိုင်ရှင်...မင်းမပျော်ဘူးလား...မင်းအဖေအရင်းကိုပြန်တွေ့ရပြီလေ..."
ကျန်းရှောင်မန်သည် မရေမရာဖြစ်နေခဲ့သည်။ သူမသည် သူမအဖေရင်း၏မျက်နှာအား ကောင်းစွာမှတ်မိခြင်းမရှိပေ။ သူမမှတ်မိသမျှသည် သူ၏အေးစက်သောအမူအရာနှင့်အသံသာဖြစ်သည်။
အနောက်အရပ်သို့ခရီးသွားခြင်းမှ ယက်ရှာကဲ့သို့ ရုပ်ဆိုးဆိုးနှင့်စိတ်ပုပ်သောလူကြီးပင်ဖြစ်သည်။
"သမီး အဲ့လိုအဖေမျိုးမလိုချင်ဘူး..."
နဂါးသည် နဂါးပေါက်ကလေးကိုမွေးပြီး ဖီးနစ်ငှက်သည် ဖီးနစ်ကလေးကိုမွေးလေသည်။ ကြွက်၏ကလေးသည်လည်း တွင်းများအားတူးလိမ့်မည်။
အကယ်၍သူမသည် ညစ်ပတ်လျှင် သူသည်ပို၍ညစ်ပတ်သည်။ သူသည် အမှိုက်ပုံမှကောက်လာခြင်းပင်ဖြစ်နိုင်သည်။
ကျန်းရှောင်မန်သည် ယခုအချိန်မှစ၍ အဖေအသစ်ရှာရန်ကိစ္စကို အရာအားလုံးထက်ဦးစားပေးတော့မည်ဖြစ်သည်။
Chapter 143
လျန့်သားအဖနှင့်ဆုံပြီးနောက်ပိုင်းတွင် ကျန်းရှောင်မန်က ယွီချင်းရှီ၏အိမ်သို့ လာရောက်ခြင်းမရှိတော့ချေ။
ယွီချင်းရှီသည် သူမအားလိုက်၍ခေါ်သောအခါ ကျန်းရှောင်မန်က သူမသည်ဝမ်းနည်းနေဆဲဖြစ်သဖြင့် တစ်ယောက်တည်းနေရန် အချိန်လိုအပ်ကြောင်းပြောခဲ့လေသည်။
"ဝမ်းမနည်းပါနဲ့...အဲ့ဒီ့လူကြီးနဲ့ကလေးမလေးက နောက်ထပ်ငါတို့အိမ်ကို ထပ်မလာတော့ဘူး..ဖေဖေကသူတို့ကို အပြတ်ပြောထားပြီးပြီ...နင်သူတို့ကိုကြောက်စရာမလိုတော့ဘူး...."
ယွီချင်းရှီသည် ရှောင်မန်မှာ လျန့်ယွမ်ချင်းအားကြောက်နေသည်ဟုထင်၍ အားပေးနှစ်သိမ့်လိုက်သည်။
"ငါ့ရဲ့ဝမ်းနည်းမှုကို...နင့်လိုကလေးငယ်ငယ်လေးက နားမလည်နိုင်ပါဘူးလေ...."
ယွီချင်းရှီ လှည့်ပြန်ရန်ပင်စဥ်းစားမိသွားသည်။ သူမသည် အပြစ်ကင်းသောမျက်နှာလေးနှင့် ကြီးကြီးကျယ်ကျယ်ပြောလွန်းသည်။
သို့ရာတွင် သူက သူမ၏သူငယ်ချင်းကောင်းဖြစ်သည့်အတွက် လှည့်ပြန်ချင်စိတ်အား ထိန်းချုပ်လိုက်ကာ သူမအားဆက်လက်နှစ်သိမ့်လိုက်သည်။
"အနာဂတ်မှာလည်း ငါနင့်ကိုကာကွယ်ပေးမယ်..တစ်ယောက်ယောက်အနိုင်ကျင့်မှာကို စိုးရိမ်စရာမလိုဘူး..."
ကျန်းရှောင်မန် သူမ၏မျက်နှာလေးအားပွတ်သပ်လိုက်ကာ ခေါင်းသာတွင်တွင်ခါလိုက်သည်။
သူမက ဖခင်ကောင်းတစ်ယောက်လိုချင်ခြင်းဖြစ်သည်။
ဦးဦးယွီသည် သူမအပေါ် အလွန်ကြင်နာသည်။ သို့သော် သူသည် ယွီချင်းရှီ၏ဖခင်သာဖြစ်သည်။ သူမလုယူ၍မရချေ။ သူမသည် မကောင်းသည့်လူတစ်ဦးဖြစ်သွားလိမ့်မည်။
ယွီချင်းရှီတွင် သူ့ဖေဖေတစ်ယောက်သာရှိသည်။ သူမသာလုယူလိုက်လျှင် သူသည်အလွန်သနားစရာကောင်းသွားလိမ့်မည်။
သို့ရာတွင် သူ၏အိမ်သို့ခဏခဏသွားပါက သူမကိုယ်သူမရပ်တန့်နိုင်မည်မဟုတ်ချေ။ ထို့ကြောင့် ရှောင်မန်သည် ဝမ်းနည်းနေခြင်းဖြစ်သည်။
"ငါခဏလောက် ဒီတိုင်းငြိမ်ငြိမ်လေးပဲနေချင်တယ်...."
ရှောင်မန် သက်ပြင်းချလိုက်ကာ အိမ်ထဲဝင်သွားလေသည်။ သူမ၏ နောက်ကျောပုံရိပ်လေးသည် ကိုင်းကိုင်းလေးဖြစ်နေလေသည်။
ယွီချင်းရှီသည် သူမ၏အတွေးများကိုပင် နားလည်နိုင်စွမ်းမရှိသည့်အလျှောက် သူမ၏အကျပ်အတည်းကိုလည်း မသိရှိပေ။ သို့သော် သူ့သူငယ်ချင်း၏ စိတ်အခြေအနေမှာ မကောင်းသည့်အတွက် သူမပျော်ရွှင်ရန် အရာအားလုံးလုပ်ပေးမှာပင်ဖြစ်သည်။
ယွီချင်းရှီ ကျန်းရှောင်မန်အား မည်ကဲ့သို့ချော့မော့ရမှန်းမသိချေ။ သူသည် ကျန်းရှောင်မန်ကဲ့သို့ အံ့သြစရာကိစ္စအများအပြားကိုပြောပြရင်း တစ်စုံတစ်ယောက်အား စိတ်ပြေအောင်မလုပ်တတ်ပေ။
အတန်ကြာစဥ်းစားပြီးနောက် မြောင်မြောင်အားချော့ခိုင်းရန် အကြံရသွားလေသည်။ ကျန်းရှောင်မန်သည် မြောင်မြောင့်ကို အလွန်သဘောကျသည်။ သူသည် မြောင်မြောင့်လောက်ပင် မချော့တတ်သည့်အတွက် အနည်းငယ်စိတ်မကောင်းဖြစ်မိသော်လည်း သူမ ပျော်နေသရွေ့အရေးမကြီးပေ။
နောက်ရက်တွင် ယွီချင်းရှီသည် မြောင်မြောင်၏ ဓာတ်ပုံအားယူလာခဲ့သည်။
"မြောင်မြောင်က ဒီရက်ပိုင်းပိုးသတ်ဆေးအတိုက်ခံထားရတယ်လေ...သူကကြောင်စာကလွဲပြီး တခြားဟာတွေဘာမှမစားဘူး...အရင်ကဆို သူ့အစာအိမ်ကတွင်းနက်ကြီးလိုပဲ...တစ်ခုပြီးတစ်ခုဆက်တိုက်စားတာ...ဒီမှာကြည့် အဲ့ကတော့လေးကို ငါ့ဖေဖေကပတ်ပေးထားတာလေ...မဟုတ်ရင် သူ့အနာတွေကိုလျှာနဲ့လျှောက်လျက်လိမ့်မယ်တဲ့.."
ယွီချင်းရှီသည် မြောင်မြောင်၏လည်ပင်းပတ်လည်တွင် စွပ်ထားသော ကတော့လေးကို ညွှန်ပြရင်းပြောလိုက်သည်။ မြောင်မြောင်၏ လိမ္မော်ရောင်အမွှေးများသည် တောင်ပြောင်နေလေသည်။သူ၏ ဦးခေါင်းကလေးမှာ လိမ္မော်ရောင်အမွှေးဖွားလေးနှင့်တူသည်။
မြောင်မြောင်သည် ကတော့လေးတပ်ထားသောအခါ အစွမ်းကုန်ပွင့်လန်းနေသော နေကြာပန်းကလေးနှင့်တူ၍နေလေသည်။
ကြောင်လေးတစ်ကောင်က ဘာလို့များအဲ့လောက်ချစ်စရာကောင်းရတာလဲ..
"မြောင်မြောင်က ပိုဝလာတာပဲ.."
ကျန်းရှောင်မန်က ချစ်မဝဖြစ်ကာ ပြုံးရင်းပြောလိုက်သည်။
"ဟုတ်တယ်...ငါသူ့ကိုအစာစားပြီးတိုင်းလမ်းလျှောက်ခိုင်းမလို့..."
မီးဆိုသည်မှာ ပူနေတုန်းသုံးရသည်။ ယွီချင်းရှီ ခဏတာတုန့်ဆိုင်းနေပြီးနောက် ပြောလိုက်သည်။
"မြောင်မြောင်က နင့်ကိုအရမ်းလွမ်းနေတာ..နင်သူ့ဆီလာမဆော့ချင်ဘူးလား.."
ကျန်းရှောင်မန်သည် ခဏတာတိတ်ဆိတ်သွားသည်။
"ဟင့်အင်း...ငါမွှေးတုံလေးကို ကတော့လေးဆင်ပေးလိုက်မယ်..သူလည်းချစ်စရာကောင်းမှာပဲ.."
ကျန်းရှောင်မန်က မွှေးတုံလေးအား ဖိနပ်များဦးထုပ်များဆင်ပေးရန် တစ်ခါမှစိတ်ကူးမရဖူးချေ။ ယခုအခါ သူမသည် ကမ္ဘာသစ်တစ်ခုအား တွေ့မြင်လိုက်ရသလို ခံစားရသည်။
"အဲ့တာက...မဖြစ်နိုင်လောက်ဘူး...."
မြောင်မြောင်၏ကတော့သည် ဆိုဒ်အကြီးဆုံးတစ်ခုဖြစ်သည်။ သူတို့သည် အတော်လေးရှာဝယ်ခဲ့ရသည်။ မွှေးတုံလေးသည် မြောင်မြောင်ထက်ပင် ပို၍လုံးကစ်သည်။
"အိမ်ကိုလိုက်ယူလေ...ငါနင့်ကိုတစ်ခုငှားမယ်..."
"ရတယ်...ဒါကကြည့်ရတာ ဘွားဘွားရဲ့ကောက်ရိုးဦးထုပ်နဲ့တူတယ်...ငါ့ဟာငါတစ်ခုလုပ်လိုက်မယ်..."
ယွီချင်းရှီ သက်ပြင်းအရှည်ကြီးချလိုက်သည်။
"နင်အဲ့လိုနဲ့အရိုက်ခံရဦးမယ်...ငါ့အိမ်ပဲလိုက်ယူလိုက်ပါလား..."
ကျန်းရှောင်မန် ခါးကလေးထောက်ကာ ပြောလိုက်သည်။
"ဘွားဘွားက တစ်ချို့အဖေတွေလိုမဟုတ်ဘူး...ငါ့ကိုရိုက်မှာမဟုတ်ဖူး..ငါကလည်း မလိမ္မာတဲ့ကလေးမဟုတ်ဖူး....နောက်ပြီး ဘွားဘွားကငါ့ကို တစ်ကြိမ်ပဲရိုက်မယ်ပြောထားတယ်... တကယ်လို့အများကြီးရိုက်ရင် ကလေးအတွက်မကောင်းဘူးတဲ့.."
ယွီချင်းရှီ သူမအားဆက်လက်၍ မတိုက်တွန်းတော့ချေ။
Chaptet 144
သူမ အိမ်သို့ပြန်ရောက်သောအခါ ကျန်းရှောင်မန်က မွှေးတုံလေးအတွက် ကတော့အား ပျော်ရွှင်စွာစတင်လုပ်တော့သည်။ သို့သော် မွှေးတုံလေးက ဆိုဒ်လွန်ဖြစ်နေသည့်အတွက် သူမသည် ကောက်ရိုးဦးထုပ်အား သုံးလုံးလောက်အသုံးပြုရတော့သည်။
သူမသည် သုံးလုံးမြောက်ဦးထုပ်အား ညှပ်နေသည့်အချိန်တွင် ဘွားဘွားသည် တွေ့သွားလေသည်။
ဒါပေါ့...ရှောင်မန်အရိုက်ခံခဲ့ရတယ်လေ..
ရှောင်မန်သည် မှားယွင်းသလိုခံစားခဲ့ရပြီး နောက်တစ်နေ့ ကျောင်းသို့ရောက်သည်အထိပင် သူမ၏မျက်ဝန်းလေးများ နီရဲနေခဲ့သည်။
ယွီချင်းရှီသည် ထိုအရာအားသတိထားမိသွားပြီးနောက် သူမထံပြေးလာခဲ့သည်။
"နင်မနေ့ကအရိုက်ခံခဲ့ရတယ်မလား..."
ရှောင်မန် စိတ်ပင်ဆိုးလာသည်။ ယွီချင်းရှီသည် အတော်လေးဆိုးရွားပြီး စိတ်ရှုပ်စရာကောင်းသည်။
သို့သော် သူတို့သည် သူငယ်ချင်းကောင်းများဖြစ်ကြသည့်အတွက် သူ့အား အမှန်အတိုင်းသာပြောလိုက်သည်။
"အင်း.."
"ကံကောင်းလို့...ငါနင့်အတွက်တစ်ခုယူလာတယ်..."
"နင်ကငါ့အိမ်လိုက်မဆော့ဘူးဆိုတော့....
ငါဒီတပါတ်နင့်အိမ်လာဆော့မယ်လေ.."
ရှောင်မန် တက်ကြွသွားခဲ့သည်။
အနည်းဆုံးတော့အိမ်မှာ ဧည့်သည်ရောက်နေရင် သူမအရိုက်မခံရတော့ဘူးပေါ့...
ဝူး..ဝူး..သူမကအရမ်းသနားစရာကောင်းတာပဲ...ဦးဦးရဲ့ကလေးဘဝက ခက်ခဲကြမ်းတမ်းတယ်ထင်နေတာ..ခုသူမဘဝကိုကြည့်ပါဦး...ဝူး....
ဤသို့ဖြင့် သူတို့နှစ်ဦး၏သဘောတူညီချက်အရ ယွီချင်းရှီက ကျောင်းပိတ်ရက်တွင် ကျန်းရှောင်မန်၏အိမ်သို့ အလည်လာခဲ့လေသည်။
ကျန်းဟွေ့မိန်သည် ယွီချင်းရှီလာမည်ဖြစ်ကြောင်းသိသောအခါ သူမသည် သူ့အားကျွေးမွေးရန်ပြင်ဆင်တော့သည်။ သူမတို့၏ရှောင်မန်သည် ယွီအိမ်သို့သွားလည်ရာမှ ယခုမူ ယွီချင်းရှီလာလည်သည့်အလှည့် ဖြစ်ဟန်တူသည်ဟု ယူဆလိုက်သည်။
"ရှောင်မန်ကပြောတယ်...သားက ပုစဉ်းရင်ကွဲအခွံကြော်ကိုအရမ်းကြိုက်တာဆို..ဘွားဘွားသားဖို့ ဖမ်းထားတယ်သိလား..ရာသီဥတုကအေးနေတော့ အများကြီးတော့ဖမ်းလို့မရခဲ့ဘူး...ဒါပေမယ့်နွေရာသီရောက်ရင်တော့ များများဖမ်းပြီး သားအတွက်ကြော်ပေးမယ်နော်..."
ဒီကလေးက သူမလုပ်ထားတာကိုကြိုက်တယ်..သူကသိပ်ချစ်စရာကောင်းတာပဲ....
ယွီချင်းရှီသည် အပြစ်ရှိစိတ်နှင့်ခေါင်းငုံ့ထားသော ကျန်းရှောင်မန်အား ကြည့်လိုက်သည်။
ဘွားဘွားက ယွီချင်းရှီကြိုက်တယ်လို့ပြောရင် အများကြီးပိုဖမ်းပေးမှာလေ....အဲ့လိုဆို ရှောင်မန်လည်း အများကြီးပိုစားရမှာပေါ့...
သူမ ညာပြောမိတယ်...သူမ ကအရမ်းဆိုးတဲ့ကလေးလေးပဲ...ဝူး..ဝူး...
ဒါပေမယ့် ပုစဉ်းရင်ကွဲအခွံကြော်ကအရမ်းစားလို့ကောင်းတယ်လေ...အဲ့တာကမွှေးပြီးကြွပ်ရွနေတာ...
ရှောင်မန် မျက်ရည်ဝိုင်းနေသောမျက်ဝန်းလေးများဖြင့် ယွီချင်းရှီအားကြည့်လိုက်သည်။
"ဟုတ်ကဲ့...သားက ပုစဉ်းရင်ကွဲအခွံကြော်ကိုအရမ်းကြိုက်တာ..ဘွားဘွားကိုကျေးဇူးတင်ပါတယ်.."
ကျန်းဟွေ့မိန်က သူ့အတွက်ချက်ပြုတ်ရန် ပျော်ရွှင်စွာပြင်ဆင်တော့သည်။
ပုစဉ်းရင်ကွဲအခွံများစားပွဲပေါ်သို့ ရောက်လာချိန်တွင် ငိုရမည့်လူသည် ယွီချင်းရှီဖြစ်သွားလေသည်။
ထိုအခါ ကျန်းရှောင်မန်က သူ့ပုခုံးလေးအားပုတ်ရင်း ပြောလိုက်သည်။
"စိတ်မပူနဲ့ ငါ့တာဝန်ထားလိုက်...."
သူမ စတင်၍ အားရပါးရစားသောက်တော့သည်။ ယွီချင်းရှီက အနည်းငယ်မှားယွင်းနေသည်ဟု ခံစားရသော်လည်း ရှောင်မန်အား ကျေးဇူးတင်ကြောင်းပြောလိုက်သည်။
"ရပါတယ်...သူငယ်ချင်းကောင်းဆိုတာ အချင်းချင်းကူညီရတယ်...ဒါကဘာမှမဟုတ်ပါဘူး.."
သူမ အားလုံးစားပြီးသည့်အချိန်တွင် ယွီချင်းရှီ၏မျက်တောင်များ၌ မျက်ရည်များမခြောက်သေးကြောင်းတွေ့လိုက်ရသည်။ ထို့ကြောင့် သူမသည် ဦးဦးစနစ်အား အမှတ်လှမ်းတောင်းလိုက်သည်။
"...."
[ယွီချင်းရှီအား တစ်ကြိမ်ငိုစေခဲ့သည်...
ဆုလာဘ်: ၅မှတ်]
[လက်ကျန်အမှတ်ပေါင်း: -၄၉၅မှတ်]
စနစ်သည်ရှောင်မန်၏ လက်ကျန်အမှတ်ကိုကြည့်ကာ ဘဝသည်ခက်ခဲလွန်းသည်ဟု ခံစားရသည်။
"ပိုင်ရှင်..ငါမင်းကို ဖိအားပေးပြီးအလုပ်မလုပ်ခိုင်းတော့ဘူး.."
"ဦးဦးစနစ်က သမီးကို ဘယ်တုန်းက ဖိအားပေးပြီးအလုပ်လုပ်ခိုင်းလို့လဲ.."
ဦးဦးစနစ်မှာ အလွန်သနားစရာကောင်းအောင် အနိုင်ကျင့်ခံရသောကြောင့် သူမသည်သူ့အားကူညီခဲ့ခြင်းဖြစ်သည်။ သူသည် ဖိအားပေးကာ ခိုင်းစေခဲ့ခြင်းမဟုတ်ပေ။
စနစ်သည် ခဏမျှပြောစရာစကားမဲ့သွားပြီးနောက် ဦးတည်ချက်ကိုမပြောင်းစေပဲ ထပ်မံပြောလိုက်သည်။
"တခြားကလေးတွေကို ငိုအောင်လုပ်ရတာ မင်းအတွက်ခက်ခဲမှာပဲ.."
"ဟုတ်တယ်...သူတို့ကလွယ်လွယ်နဲ့မငိုတော့ဘူး....`
အစပိုင်းတွင် တစ်ယောက်နှင့်တစ်ယောက်မရင်းနှီးကြသေးပဲ သူစိမ်းများသာဖြစ်သဖြင့် သူမသည် သူတို့အား လန့်အောင်ခြောက်ရန်လွယ်ကူလေသည်။ သူတို့ပစ္စည်းများအား လုယူရုံနှင့်ပင် သူတို့သည်ကျယ်လောင်စွာ ငိုယိုကြလေသည်။
မူကြိုရောက်ခါစနှင့်ယှဥ်ပါက ရှောင်မန်နှင့်ကလေးများကြားရှိဆက်ဆံရေးသည် ယခုအခါ ပို၍ကောင်းလာပြီဖြစ်သည်။ ထို့အပြင် ကလေးများသည် အရွယ်ရောက်လာပြီဖြစ်သောကြောင့် လွယ်လွယ်နှင့်မငိုကြတော့ချေ။
[အထူးမစ်ရှင် : တစ်စုံတစ်ယောက်မှ သင့်အား အရိုးတွင်းထိမုန်းအောင်လုပ်ပါ။
ဆုလာဘ် : ၅၀၀မှတ်]
"..."
သူမသည် ကမ္ဘာကြီးအားမြင်ဖူးသော်လည်း ထိုကဲ့သို့များပြားလှသော အမှတ်များအားတစ်ခါမှမမြင်ဖူးခဲ့ချေ။
"ဒါက ဗီလိန်တစ်ယောက်ရဲ့ အခြေခံလိုအပ်ချက်ဖြစ်ပါတယ်... တစ်စုံတစ် ယောက်ထံက အံကြိတ်ပြီး ကျိန်စာတိုက်ခြင်းမခံရတဲ့ဗီလိန်ဟာ ဗီလိန်တစ်ယောက်မဖြစ်နိုင်ပါဘူး.."
"အို..."
ကျန်းရှောင်မန်သည် ထိုမစ်ရှင်အားမလုပ်ချင်ပေ။
Chapter 145
အကြမ်းဖျဥ်းပြောရလျှင် သူမ ကောက်ရိုးဦးထုပ်သုံးလုံးအားညှပ်ပစ်ခဲ့၍ ဘွားဘွားထံမှအရိုက်ခံရလေသည်။ ဘွားဘွားသူမအား တစ်သက်လုံးအရိုးထိမုန်းအောင်လုပ်ရမည်ဆိုလျှင် ကောက်ရိုးဦးထုပ်အလုံးရေ မည်မျှညှပ်ရမည်နည်း။
အိမ်ရဲ့အုတ်မြစ်ထိ တွင်းတူးရမှာလား...အရမ်းပင်ပန်းမှာပဲ...နောက်ပြီးအိမ်ပြိုကျရင်ရော..ဘယ်နားသွားနေရမလဲ...
စနစ်က အလွန်စိတ်ရှည်လေသည်။ ထိုမစ်ရှင်သည် အထူးမစ်ရှင်ဖြစ်သောကြောင့် အမှတ်အများအပြားပေးထားခြင်းဖြစ်သည်။ ထို့အတူ အောင်မြင်ရန်လည်းခက်သည်။
သို့ရာတွင် သူပေးထားသည်မှာ အဓိကမစ်ရှင်မဟုတ်သလို မစ်ရှင်အခွဲလည်းမဟုတ်ချေ။ ထို့ကြောင့် ရှောင်မန်အနေနှင့် မလုပ်ချင်လျှင်မလုပ်၍ရသည်။ သူ၏ပိုင်ရှင်အား အေးအေးဆေးဆေးကိုင်တွယ်ရန်သာစဥ်းစားထားလေသည်။
ရာသီဥတုက ပို၍အေးလာခဲ့သည်။
ကျန်းရှင်းက နှစ်သစ်ကူးပိတ်ရက်မတိုင်ခင်ထိအလုပ်များနေခဲ့ပြီး ကျန်းရှောင်မန်သည် သူမ၏ဆောင်းရာသီအားလပ်ရက်အတွက် ပြင်ဆင်နေလေသည်။
ကျန်းရှင်း၏လုပ်ငန်းသည် အမြတ်များစွာရရှိခဲ့သည်။ သူက ဗီလာတစ်လုံးမဝယ်နိုင်သေးသော်လည်း မြို့ပေါ်ရှိအိမ်တွင် ကြိုးဖုန်းအားတပ်ဆင်ပြီးပြီဖြစ်ပြီး ရေခဲသေတ္တာအားဝယ်ယူထားရှိပြီးပြီဖြစ်သည်။
သူသည် မွှေးတုံလေး၏ခြံအား အဖြူရောင်ခြံစည်းရိုးခတ်ကာ အမိုးမိုးပြီး မွမ်းမံပြင်ဆင်လိုက်သည်။ ထိုနေရာလေးမှာ လှပသပ်ရပ်ပြီး ချစ်စရာကောင်းလွန်းသည့်အတွက် ကျန်းရှောင်မန်သည် သူမကိုယ်လေးအားကျုံ့ကာ မွှေးတုံလေးနှင့် အတူဝင်ရောက်ဆော့ကစားချင်လေသည်။
ကျန်းရှင်းသည် အနီရောင်စာအိတ်နှင့်အတူ အိမ်သို့ပြန်လာခဲ့သည်။
သူမ၏လက်ထဲမှ အနီရောင်စာအိတ်ထူထူကိုကြည့်ရင်း ရှောင်မန် စိတ်လှုပ်ရှားနေလေသည်။ ဤမျှများပြားသော ပိုက်ဆံများအား တစ်ခါမှမရေတွက်ဖူးချေ။
ရှောင်မန် နေ့တိုင်းအသားစားနိုင်ပြီ...ယွီချင်းရှီနဲ့တူတူ အမဲသားခေါက်ဆွဲသွားစားရမယ်...အမဲသားအပိုထည့်စားမယ်...
"သမီးရဲ့ဦးဦးက အဲ့ဒီ့လူငယ်ကို အပြတ်အသတ်အနိုင်ပိုင်းလိုက်တဲ့အတွက် သူအခုသူ့ယောက္ခမတွေရှိတဲ့မြို့ကို ပြန်သွားပြီလေ..သူ့ပိုက်ဆံတွေတော့နှမြောစရာပဲ..."
ကျန်းရှင်း ယခုနှစ်တွင် အကောင်းအဆိုးမျိုးစုံကြုံခဲ့ရလေသည်။
သူသည် ထိုလူငယ်အားအနိုင်ပိုင်းကာစျေးကွက်မှတိုက်ထုတ်နိုင်ခဲ့သည်။ လူငယ်သည် သူ့ယောက္ခမများ၏ အဆိုအပြောခံခဲ့ရသည်ဟူ၍ပင် ကြားသိရသည်။
လုံးဝလန်းဆန်းသွားတာပဲ...သူအိပ်နေတဲ့အချိန်တောင်တွေးရင်းရယ်ချင်မိတယ်....
ကျန်းရှောင်မန်သည် ဦးလေးဖြစ်သူနောက်မှ သံယောင်လိုက်ကာပြောလိုက်သည်။
"ရှက်စရာပဲ..."
ထို့နောက်သူမသည် လူငယ်အားမသိသလို မြင်ဖူးခြင်းလည်းမရှိကြောင်း သတိပြုမိသွားသည်။ ထို့ကြောင့် သူမ၏မုန့်ဖိုးများကိုသာလျှင် ဆက်လက်ရေတွက်နေတော့သည်။
သို့ရာတွင် ပြီးဆုံးအောင်မရေတွက်ရသေးခင် ကျန်းဟွေ့မိန်က ရှောင်မန်၏လက်ထဲမှ ယူဆောင်သွားခဲ့လေသည်။
"ဘွားဘွား..အဲ့တာသမီးရဲ့ နှစ်သစ်ကူးမုန့်ဖိုးလေ..ဦးလေးပေးထားတာ.."
ကျန်းဟွေ့မိန်သည် သူမအား ယွမ် ၁၀၀တန်တစ်ရွက်နှင့်အတူ တစ်ယွမ်တစ်ရွက်ထည့်ကာ ပြန်ပေးလိုက်သည်။
"ဒီမှာ..သမီးရဲ့နှစ်သစ်ကူးမုန့်ဖိုး.."
ရှောင်မန်သည် မျက်ရည်ဝဲသွားသည်။
"ဘွားဘွားကအရမ်းဆိုးတာပဲ..သမီးမုန့်ဖိုးကိုယူပစ်တယ်...အရင်ကဒီလိုမလုပ်ပါဘူး..."
အရင်ကနဲ့ဘယ်လိုလုပ်တူမှာလဲ...အရင်ကသူမအားလုံးပေါင်းမှ ဆယ်ယွမ်လောက်ပဲရတာလေ..ခုကျန်းရှင်းက ယွမ်တစ်ထောင်ကျော်ပေးထားတာ..ကလေးကို ပိုက်ဆံအများကြီးကိုင်ခိုင်းလို့ ဘယ်ဖြစ်မှာလဲ...
ကျန်းရှောင်မန်က ကလေးဘဝအမှတ်တရများစွာထဲမှ တစ်ခုဖြစ်သော နှစ်သစ်ကူးမုန့်ဖိုးအသိမ်းခံရခြင်းအား ရင်ဆိုင်လိုက်ရတော့သည်။
ကျန်းမိသားစုသည် ဤမြို့တွင် အသိဆွေမျိုးမရှိသည့်အလျှောက် ရွာသို့ပြန်ကာ နှစ်သစ်ကူးမည်ဖြစ်သည်။ အထုပ်အပိုးများ ကိုယ်စီပြင်ဆင်ကြလေသည်။ မွှေးတုံလေးအား ခေါ်သွားရန်အဆင်မပြေသည့်အတွက် အနီးအနားရှိ တိရစ္ဆာန်အရောင်းဆိုင်တစ်ဆိုင်သို့ ခဏပို့ထားလိုက်သည်။ ရှောင်မန်သည် သူ့အားမှန်တံခါးမှတဆင့် နှုတ်ဆက်ခဲ့လေသည်။
ကျန်းရှောင်မန်သည် သူမ၏ကျောင်းစာအုပ်များနှင့် လေ့ကျင်းခန်းစာအုပ်များအပြင် မူကြိုရှေ့တွင်ရှိသော ပန်းပွင့်နီနီကလေးများကိုပါယူခဲ့သည်။ သူမသည် မူကြိုတွင် ကောင်းစွာလေ့လာခဲ့ပြီး ဆရာထန်အားစိတ်မပျက်စေခဲ့ပေ။
ကျန်းမိသားစုသည် ရွာရှိဝက်များကိုစောင့်ရှောက်ရန် ဘေးအိမ်မှအဘွားကို ပေးခဲ့ခြင်းဖြစ်သည်။ သို့သော် ထိုအိမ်သည် ဝက်မနှစ်ကောင်လုံးအား မမွေးနိုင်သောကြောင့် တစ်ကောင်ကိုပေါ်လိုက်ပြီး တစ်ခြမ်းခြမ်းလိုက်ကာ ကျန်းမိသားစုအား နှစ်သစ်ကူးညစာအဖြစ် ပေးခဲ့သည်။
ကျန်းရှောင်မန်အိမ်သို့ပြန်ရောက်သောအခါ သူမအားကြိုနေသည်မှာ ဟွားဟွား၏တစ်ခြမ်းသာဖြစ်လေသည်။
သနားစရာလေး...အရင်နှစ်ကသူ့သမီးတွေကိုဆုံးရှုံးလိုက်ရပြီး အခုကျသူကနှစ်သစ်ကူးညစာဖြစ်သွားပြီ...