အပိုင်း ၁၄၆-၁၅၀
Viewers 14k

Chapter 146


ကျန်းရှောင်မန် သနားစရာကောင်းစွာ ငိုနေခဲ့သည်။ 


သူမက အိမ်တံခါးဝတွင်ထိုင်ကာ စားပွဲပေါ်တွင်ရှိသောဟွားဟွား၏အသားများကိုတစ်လှည့် ဝက်ခြံကိုတစ်လှည့် ကြည့်နေခဲ့သည်။ ရှောင်မန် အလွန်အမင်းဝမ်းနည်းလာပြီးနောက် မျက်ရည်များအဆက်မပြတ်ကျဆင်းလာကာ ငိုတော့သည်။


ကျန်းရှင်းက ဝက်သားကင်တစ်ခုကိုယူကာ သူမအားပေးလိုက်သည်။


ဝက်သားကင်သည် အကျအနကင်ထားခြင်းဖြစ်သောကြောင့် နီရဲကာမွှေးပျံ့နေလေသည်။ 


"ဝက်တွေက စားဖို့မွေးကြတာလေ...သမီးကဒါကို ကောင်းကောင်းစားရင် ဟွားဟွားလည်းသေရတဲ့အတွက် အလကားမဖြစ်တော့ဘူးပေါ့.."


"အဓိပ္ပာယ်မရှိတာတွေ..."


"အဓိပ္ပာယ်ရှိလားမရှိလားဆိုတာကိုတော့ သမီးစားပြီးရင်သိလိမ့်မှာပေါ့..ဟုတ်ပြီလား...ငိုစရာရှိတာ ငိုပြီးရင် စားစရာရှိတာစားရမှာပဲလေ..."


ကျန်းရှောင်မန် ဦးလေးဖြစ်သူ၏စကားအား နားထောင်လိုက်ပြီးနောက် ခေါင်းကလေးကိုငုံ့ကာစားလိုက်သည်။


"အရသာလည်း မရှိဘူး...."

ထို့နောက် ရှောင်မန်သည် ဟွားဟွား၏သေဆုံးခြင်းသည် အလဟသတ်ဖြစ်ရသည်ဟုတွေးမိပြီးနောက် ပို၍ကျယ်လောင်စွာအော်ငိုတော့သည်။


ကျန်းရှင်းအတွက်လည်း ထိုဝက်သားကင်က အရသာမရှိချေ။ ဟွားဟွားမှာအိုပြီဖြစ်သောကြောင့် အသားများသည်ကြမ်းတမ်းနေလေသည်။ သူ့အနေနှင့်ဆိုလျှင် ပန်းကြီးအား ပုံမှန်သာသေဆုံးစေပြီး မြှုပ်နှံပေးလိုက်ချင်သည်။


 သို့ရာတွင် ကျန်းဟွေ့မိန်က အစားအစာများအားမဖြုန်းတီးသင့်ဟူသော အစဥ်အလာကို ကျင့်သုံးလေသည်။ ကျန်းရှင်းသည်လည်း သူ့အမေအား ဆန့်ကျင်မပြောလိုပေ။


သူ သက်ပြင်းချလိုက်မိသည်။ ရှောင်မန်သည် ဝက်သားကင်အားမစားတော့သဖြင့် သူသာဆက်လက်စားရတော့သည်။


ရှောင်မန်ဟကြာမြင့်စွာရှိုက်ကြီးတငင်ငိုနေခဲ့သည်။ အတန်ကြာငိုပြီးနောက် သူမသည် ပင်ပန်းစွာ အိပ်ပျော်သွားတော့သည်။ သူမသည် အိပ်ရင်းနှင့်ပင် ယောင်ယမ်းကာငိုရှိုက်နေခဲ့သည်။


ကျန်းရှင်းသည် သူမအားချီပိုးလိုက်ကာ အိပ်ရာပေါ်သို့တင်ပေးရန် ပြင်ဆင်လိုက်သည်။အိမ်တွင် လူမနေသည်မှာအတော်လေးကြာပြီဖြစ်သောကြောင့် ဖုန်နံ့များစွဲနေလေသည်။ ထို့ကြောင့် ကျန်းရှင်းသည် ရှောင်မန်၏အိပ်ယာပေါ်တွင်ရှိသော ဖုန်များကို အရင်ရှင်းထုတ်လိုက်သည်။ ထို့နောက် ရှောင်မန်အားအသာအယာချလိုက်ကာ စောင်အပါးတစ်ထည်လွှမ်းပေးရင်း သိပ်လိုက်လေသည်။


ဝက်သားကင်မှာ များပြားလွန်းသဖြင့် သူတို့သားအမိနှစ်ဦးတည်းမကုန်နိုင်ပေ။ ထို့ကြောင့် ကျန်းရှင်းက ဆရာထန်အားဝေပေးရန်တစ်ဝက်ဝက်ကာ ခြင်းတောင်းထဲသို့ထည့်လိုက်သည်။


ယခုမူသူက ကားမောင်းတတ်နေပြီဖြစ်သောကြောင့် ကိုယ်တိုင်သယ်သွားရန်မလိုတော့ပေ။ 


ကျန်းရှင်းနှင့် ယွီဝမ်ချန်းသည် ကောင်းမွန်သောဆက်ဆံရေးရှိကြသည်။ လွန်ခဲ့သောနှစ်တွင် သူသည် မိုင်းတွင်းမှကားကိုမကြာခဏငှားလေ့ရှိသောကြောင့် ကားမောင်းရာ၌အဆင်ပြေစေရန် လမ်းကိုပြင်ဆင်ထားခဲ့သည်။


မိုးကောင်းကင်သည် လူသားများအပေါ် အမျိုးမျိုးလှည့်စားတတ်လေသည်။ ယခင်ကမူ ကျန်းရှင်းအကြောင်းပြောကြသောအခါ ခေါင်းတယမ်းယမ်းနှင့်ပြောလေ့ရှိကြသည်။ ယခုအချိန်တွင် ကျန်းရှင်း၏ဂုဏ်သတင်းသည် အတော်လေးကောင်းမွန်နေပြီဖြစ်သည်။ လူကြီးသူမများသည် သူ့အကြောင်းပြောဆိုသည့် အချိန်တိုင်းတွင် သူ့အားချီးမွမ်းမဆုံးဖြစ်ကြသည်။ 


ရှောင်မန်နိုးလာသည့်အခါ ကျန်းရှင်းသည် သူမအားပြောလိုက်သည်။


"ဆရာထန်ရဲ့အိမ်ကို သွားကြရအောင်.."


ရှောင်မန် ထိုစကားအားကြားပြီးနောက် စတင်၍ပူပန်သွားတော့သည်။


သူမခုပဲငိုပြီးတာလေ...မျက်လုံးတွေမို့နေတုန်းမဟုတ်လား...မျက်နှာကရောနီရဲနေတုန်းလေ...ဒီလိုပုံစံနဲ့ ဆရာ့ကိုနှုတ်ဆက်ရမှာလား...ဘာလို့ဦးဦးက စောစောမပြောရတာလဲ...


သို့ရာတွင် သူမက ဆရာဖြစ်သူအားတွေ့ချင်နေဆဲဖြစ်သည်။


သူမသည် ကျောင်းစာအုပ်များနှင့်လေ့ကျင့်ခန်းစာအုပ်များကို လွယ်အိတ်ထဲထည့်လိုက်သည်။ ထို့နောက် ပန်းပွင့်နီနီကလေးများကိုပါ လွယ်အိတ်ထဲထည့်လိုက်သည်။ 


ဆရာထန်က သူတို့ရောက်လာသောအခါ အံ့သြမသွားပေ။


ကျန်းရှောင်မန်သည် သူမလုပ်ခဲ့သောစာအုပ်များကိုရော ပန်းပွင့်ကလေးများကိုပါ တစ်ခုချင်းစီထုတ်ပြရင်းပေးလိုက်သည်။ ဆရာထန်သည် သေသေချာချာကြည့်ရှုပြီးနောက်


"ရှောင်မန်ကအရမ်းတော်တာပဲ..သမီးကအနာဂတ်မှာပိုပြီးတော်တဲ့ ကလေးလေးဖြစ်လာမှာ.."


ကလေးများသည် အလွန်အကြီးမြန်ကြသည်။ ရှောင်မန်သည် သူတို့နောက်ဆုံးအကြိမ်တွေ့စဥ်ကထက် ပို၍ဉာဏ်ကောင်းကာ ထက်မြက်လာသည်ဟု ခံစားရသည်။


Chapter 147


ဆရာထန် ရှောင်မန်အား ဂရုတစိုက်ကြည့်နေလေသည်။ သူမက အရပ်ရှည်လာပြီး အရင်လိုခပ်ညှက်ညှက်ကလေးမဟုတ်တော့ချေ။


သူမ၏မျက်လုံးကလေးများက ပို၍တောက်ပလာပြီး စကားပြောသောအခါတွင်လည်း ယခင်ထက်ပို၍ပင် သွက်သွက်လက်လက်ရှိလာလေသည်။ 


ရှောင်မန်သည် ခေါင်းကလေးကိုညိမ့်ရင်းပြောလိုက်သည်။


"ဟုတ်...သမီးစာပိုကြိုးစားပါ့မယ်....ဦးလေးကပြောတယ်..နွေရာသီအားလပ်ရက်ပြီးသွားရင် မူကြိုမသွားရတော့ဘူးတဲ့...မူလတန်းဆက်တက်ရတော့မယ်တဲ့...."


ဆရာထန်က သူမအားချီးမွမ်းမဆုံးဖြစ်နေခဲ့သည်။ ကျန်းရှင်းသည် အတန်ကြာသူတို့နှင့်အတူထိုင်နေပြီးနောက် ရှောင်မန့်အားခေါ်ကာ အတူတကွပြန်ခဲ့ကြသည်။


ဆရာထန်သည် မူလတန်းစာများကိုပါ ပူးတွဲသင်ကြားပေးနေရခြင်းဖြစ်သည်။ သူ့အား ကြာမြင့်စွာအနှောက့်အယှက်မပြုလိုချေ။


နောက်တစ်ရက်တွင် ကျန်းရှောင်မန်က မနှစ်ကကျန်းရှင်းဝယ်လာခဲ့သည့် နှစ်သစ်ကူးဝတ်စုံအား ဝတ်ဆင်တော့သည်။ 


ဘယ်သူကထင်ပါ့မလဲ...တစ်နှစ်ပဲဝတ်ရသေးတယ်...မတော်တော့ဘူး..


သူမအရမ်းကိုကြီးလာတာပဲ...


ရှောင်မန်သည် ပျော်ရွှင်ခြင်းနှင့်ဝမ်းနည်းခြင်းအား တပြိုင်နက်ခံစားလိုက်ရသည်။


တစ်ဖက်တွင် သူမအရပ်ရှည်လာသည့်အတွက် တစ်ယောက်ယောက်နှင့်ရန်ဖြစ်လျှင် ကြောက်စရာမလိုတော့ချေ။ ထို့အပြင် ဘွားဘွားရိုက်လျှင်လည်း ပို၍လျှင်မြန်စွာ ထွက်ပြေးနိုင်မည်ဖြစ်သည်။


တခြားတဖက်တွင် ချစ်စရာကောင်းစွာ နေ၍မရသည့်အတွက် ဝမ်းနည်းနေလေသည်။


ရှောင်မန် နှစ်သစ်ကူးဝတ်စုံအား အဝတ်အစားသေတ္တာအောက်ဆုံးသို့ ပြန်ထည့်လိုက်သည်။


သူမသည် အသက်တစ်နှစ်ပိုကြီးလာပြီဖြစ်သည်။ အသေးအမွှားကိစ္စများအား ငိုနေ၍မဖြစ်တော့ချေ။


သန်မာရမယ်...


ထို့နောက် ရှောင်မန်သည် ဘွားဘွားအားကူညီရန် ပြင်ဆင်တော့သည်။ ဘွားဘွားသည် နှစ်သစ်ကူးတွင် တစ်အိမ်လုံးအားသန့်ရှင်းရေးလုပ်ပြီး "ကံကြမ္မာ" ဟူသောစာလုံးကို တံခါးတွင်ချိတ်ဆွဲထားမည်ဖြစ်သည်။


ရှောင်မန်က ငယ်စဥ်ကတည်းကပင် ကူညီသန့်ရှင်းပေးလေ့ရှိသည်။ သူမ အခန်းအားတံမြက်စည်းလှဲနေရင်း တစ်စုံတစ်ခုအား ရုတ်တရက်သတိရသွားလေသည်။


သူမသည် ပြတင်းပေါက်ဘောင်ကြားသို့ အပြေးလေးသွားကာ စာအိတ်နီအားယူလိုက်လေသည်။ 


စာအိတ်၏အရောင်သည် ပျယ်လွင့်နေပြီး ဖုန်များစွဲနေလေသည်။ တချို့နေရာများတွင် ပိုးကိုက်ရာများပင်ရှိလေသည်။


သူမသည် စာအိတ်ထဲသို့ကြည့်လိုက်ရာ ဆင့်၅၀ရှိကြောင်းတွေ့ရသည်။


"ဦးဦးစနစ်...မနှစ်ကနှစ်သစ်မုန့်ဖိုးကို ဘာလို့မယူတာလဲ.."


စနစ် မည်ကဲ့သို့ပြန်ဖြေရမည်အားမသိသဖြင့် တိတ်ဆိတ်စွာနေလိုက်သည်။


ဦးဦးစနစ်က သူ့တွင်ရုပ်ခန္ဓာမရှိသဖြင့် မုန့်ဖိုးယူ၍မရဟုပြောခဲ့သော်လည်း ရှောင်မန်သည် မယုံကြည်ခဲ့ပေ။ သူမချိုချဥ်နှင့် အမှတ်များလဲလှယ်သည့်အခါတိုင်း လေထဲတွင်မှော်ဆန်ဆန်ပေါ်လာစမြဲဖြစ်သောကြောင့်ဖြစ်သည်။


သူမအား ယုံကြည်အောင်ရှင်းမပြနိုင်သည့်အဆုံး စနစ်သည် ရွေးချယ်စရာမရှိတော့ပဲ လျှို့ဝှက်နေရာတွင်ထားပါက နှစ်သစ်မုန့်ဖိုးကိုယူ၍ရကြောင်းပြောရတော့သည်။ 


ကလေးများသည် အလွယ်တကူမေ့သွားမည်ဟုသူထင်ခဲ့သည်။ သူ၏ပိုင်ရှင်သည် ထိုဖြစ်စဥ်အား တစ်နှစ်ကြာသည်အထိ မှတ်မိနေဦးမည်ဟုမထင်ခဲ့ပေ။


"အိုး...သမီးမှတ်မိပြီ...ဦးဦးစနစ်က ပိုကြီးတဲ့စနစ်တွေဆီက အနိုင်ကျင့်ခံရတယ်လေ..အဲ့ဒီ့တော့ စာအိတ်နီကိုယူမယ်ဆိုရင် အမှတ်တွေနဲ့လဲရမှာစိုးလို့ မယူတာမဟုတ်လား.."


"ဟုတ်တယ်...ဟုတ်တယ်...အဲ့လိုမျိုးပဲ.."


စနစ်သည် မြန်မြန်ထောက်ခံလိုက်သည်။ သူသည် ပိုင်ရှင်အားလိမ်ညာမိခြင်းအပေါ် အနည်းငယ်အပြစ်ရှိစိတ်ဝင်မိသည်။


"ပိုက်ဆံယူလို့မရပေမယ့် အမှတ်တော့ယူလို့ရတယ်မဟုတ်လား...သမီးကဦးဦးစနစ်ကို ၅မှတ်ပါတဲ့ စာအိတ်နီပေးမယ်လေ..."


စနစ်သည် ငြိမ်သက်သွားသည်။


Chapter 148


စနစ်ကမည်မျှပင် သည်းခံနိုင်စွမ်းမြင့်မားလာစေကာမူ သူ့ပိုင်ရှင်၏အတွေးများအား နားလည်နိုင်ခြင်းမရှိသေးပေ။


အရင်နေ့ရက်များတွင် သူက ကျန်းရှောင်မန်အား အမှတ်များများသုံးကာ ဘဝကိုပျော်ပျော်ကြီးဖြတ်သန်းရန်အကြံပြုခဲ့သည်။ သို့ရာတွင် သူမက ကျန်းရှင်း၏အရင်တခါဖြစ်ရပ်မျိုးဖြစ်လျှင်သော်လည်းကောင်း သူမများအကယ်၍ အကြီးအကျယ်ထိခိုက်မှု ကြုံရလျှင်သော်လည်းကောင်း သုံးစရာအမှတ်မရှိမည်စိုးသဖြင့် သူ့စကားအားနားမထောင်ခဲ့ပေ။

သူမက ချိုချဥ်များလဲလှယ်ခြင်းအပါအဝင် အမှတ်အများအပြားသုံးရသော တခြားအကျင့်ဆိုးများကိုလည်း ပြုပြင်ခဲ့သည်။


ယခုအခါတွင်မူ သူ့အားနှစ်သစ်မုန့်ဖိုးအဖြစ် ပေးချင်နေပြန်သည်။


လူသားကလေးလေးတွေ...အရမ်းကိုနားလည်ရခက်တာပဲ...


"ဘာဖြစ်လို့လဲ...မင်းရဲ့အသက်အာမခံအဖြစ်မသိမ်းထားတော့ဘူးလား.."


ကျန်းရှောင်မန် ခေါင်းယမ်းရင်းပြောလိုက်သည်။


"နေပါစေ...သမီးမနှစ်က ပြင်းပြင်းထန်ထန်ထိခိုက်တာမျိုးမရှိဘူးလေ...ပြီးတော့ဦးလေးက သူ့အလုပ်နဲ့သူတောင်မအားတာ...တခြားနေရာလျှောက်သွားပြီး အရိုက်ခံရမှာမျိုးကိုစိုးရိမ်စရာမရှိဘူးမဟုတ်လား...ဦးဦးစနစ်က အမှတ်မလိုချင်လို့လား.."


"မဟုတ်...အဲ့လိုတော့မဟုတ်ပါဘူး..."


စနစ် ရှောင်မန်ထံမှ ၅-မှတ်ကိုယူလိုက်သည်။ 


ပိုင်ရှင်က အရမ်းကြင်နာတတ်တာပဲ...ဝူး..


စနစ်သည် သူမအားနှစ်သစ်မုန့်ဖိုးပေးခြင်းမရှိပေ။ သူ့တွင် အမှတ်များများစားစားမရှိသောကြောင့် ပို၍စုဆောင်းရန်လိုအပ်နေလေသည်။ ထို့အပြင် ရှောင်မန်သည် သူမအားပေးစရာမလိုဟုပြောသည်။ သူမသည် အရွယ်ရောက်နေပြီဖြစ်ပြီး နှစ်သစ်မုန့်ဖိုးသည် ကြီးသူမှ ငယ်သူသို့ပေးရခြင်းဖြစ်သည်ဟုပြောလာသည်။


ဘယ်လို...ကြီးတဲ့လူက ငယ်တဲ့လူကိုပေးရတယ်...


စနစ်သည်ထပ်မံ၍ တိတ်ဆိတ်သွားလေသည်။


ကျန်းရှောင်မန်သည် ဦးဦးစနစ်မည်ကဲ့သို့တွေးမည်အား စိတ်မဝင်စားချေ။ သူမ သိသည်မှာ သူ့အားနှစ်သစ်မုန့်ဖိုးပေးရခြင်းသည် ချိုချဥ်များအပေါ်သုံးသည်ထက် ပို၍ပျော်စရာကောင်းသည်ဟူ၍သာဖြစ်သည်။


သူမ အမှန်တကယ်အရွယ်ရောက်လာပြီဟု ခံစားရလေသည်။


ဦးဦးစနစ်သည် အင်အားကြီးစနစ်များ၏အနိုင်ကျင့်ခြင်းအား ရင်ဆိုင်ခဲ့ရသည်။ သူက အလွန်သနားစရာကောင်းပေသည်။


အိုက်ရား..သူမလုပ်ပေးနိုင်တာဆိုလို့ သူ ကံပိုကောင်းအောင်စာအိတ်နီပဲပေးနိုင်တယ်လေ...


ဖြစ်နိုင်တာက...မနှစ်ကနှစ်သစ်မုန့်ဖိုးကိုမယူခဲ့လို့များလား..ဘွားဘွားပြောတာတော့ နှစ်သစ်မုန့်ဖိုးက မကောင်းတဲ့ကံတွေကိုဖယ်ရှားပစ်ပြီး ကံကြမ္မာကောင်းတွေ ယူလာပေးတယ်တဲ့..ဘာပဲဖြစ်ဖြစ် သူဒီနှစ်တော့စာအိတ်နီယူလို့ရသွားပြီပဲလေ..


သူ့ဘဝလေး ပိုပြီးကောင်းလာမှာပါ...


နှစ်သစ်ကူးအပြီးနှစ်ရက်အကြာတွင် အိမ်ရှိအမျိုးသမီးအားလုံးက သူမတို့အားမွေးဖွားပေးခဲ့သော မိသားစုရှိရာနေအိမ်သို့ ပြန်ကြလေသည်။ ကလေးများကိုပါ အလည်အပတ်ခေါ်သွားကြသဖြင့် ရွာက လျှင်မြန်စွာတိတ်ဆိတ်သွားလေသည်။ 


ကျန်းဟွေ့မိန်တွင် ပြန်စရာမိသားစုအိမ်မရှိချေ။ သူမသည် ပျင်းလာသဖြင့် မူလတန်းကျောင်းရှိ မီးဖိုအားအပူပေးရန် အပြင်သို့ထွက်သွားလေသည်။ နှစ်သစ်ကူးတွင် ဤကဲ့သို့ပြုလုပ်ပေးပါကမီးဖိုစောင့်နတ်မင်းသည် အရသာရှိသောအစားအစာများကို ကျောင်းသားများအား ပေးကမ်းလိမ့်မည်။ သူမသည် ကျောင်း၌ ဆက်လက်၍ အလုပ်မလုပ်တော့သော်ငြား သံယောဇဥ်ရှိနေဆဲဖြစ်သည်။


ကျန်းရှင်းက သူ၏ထောက်ပံ့ရေးအသင်းမှညီအကိုများထံသို့ သွားရောက်လည်ပတ်လေသည်။ သူတို့သည် ရယ်ရယ်မောမောပြောဆိုကြရင်း တစ်ခွက်တစ်ဖလားမော့ကာ နှစ်သစ်ကူးခါစအချိန်အခါအား ဖြတ်သန်းနေကြလေသည်။


ရှောင်မန်က အိမ်တွင်တစ်ယောက်ထဲကျန်ခဲ့လေသည်။ ဟွားဟွားမရှိတော့ပြီဖြစ်သောကြောင့်သူမတွင် အစာကျွေးစရာဝက်လည်း မရှိချေ။ နှစ်သစ်ကူးမုန့်ဖိုးများသုံးကာ ယွီချင်းရှီအား ဖုန်းခေါ်ရန်တွေးမိသေးသည်။ သို့သော် သူသည်လည်း သူ့မေမေဘက်မှမိသားစုထံ အလည်သွားနေလောက်ပေသည်။


နေပါဦး...သူ့မှာအမေဘက်က အဘိုးအဘွားတွေရှိတာလား...


ကျန်းရှောင်မန် စဥ်းစားနေတုန်း ဧည့်သည်တစ်ဦးရောက်လာခဲ့သည်။ သူမသည် ထိုလူအားမှတ်မိသည်။ သူသည် ဘွားဘွား၏မောင်ဖြစ်သူ သူမ၏အဘိုးဖြစ်သည်။


"ရှောင်မန်...အိမ်မှာတစ်ယောက်ထဲလား.."


ဟုန်ရှင်းကောပင် ဖြစ်လေသည်။


Chapter 149


ရွာရှိ ရွာသားများက ရိုးသားပြီးအေးဆေးကြသည်။ လမ်းဖြတ်ကူးလိုက်ရုံနှင့် ဆွေမျိုးအိမ်သို့ရောက်နိုင်သည်အထိ အိမ်ချင်းနီးကြလေသည်။ ထို့ကြောင့် အိမ်အများစုက ညအခါတွင်ပင် တံခါးသော့ခတ်ထားခြင်းမရှိကြပေ။


ကျန်းရှောင်မန်သည် အိမ်တွင်တစ်ဦးထဲကျန်ခဲ့သော်လည်း နေ့ခင်းနေ့လည်တွင် တံခါးသော့ခတ်ထားခြင်းမျိုး လုပ်လေ့မရှိချေ။


သူမသည် ဟုန်ရှင်းကောဝင်ရောက်လာသည်ကို မတားဆီးရသေးခင် သူသည်ခြံထဲသို့ရောက်နှင့်နေပြီဖြစ်သည်။


"ဘာကိစ္စရှိလို့လဲ...ဘွားဘွားကခဏနေရင်ပြန်လာလိမ့်မယ်.."


"မကြောက်ပါနဲ့...မကြောက်ပါနဲ့...ဘိုးဘိုးကဒီကိုအလည်လာတာပါ.."


သူသည် ဖော်ရွေစွာပြုံးလိုက်သော်လည်း သူ၏ပုံစံမှာ "ခေါင်းဆောင်းနီဝတ်ဆင်ထားသောကလးမလေး" ပုံပြင်မှကလေးမလေး၏အဘွားအယောင်ဆောင်သော ဝံပုလွေကဲ့သို့ ဖြစ်နေလေသည်။ ဟုန်ရှင်းကောသည် ပစ္စည်းများအပြည့်ထည့်ထားပုံရသည့် အိတ်တစ်လုံးကိုလွယ်ထားလေသည်။


သူမ၏ကိုယ့်ကိုယ်ကိုယ်ကာကွယ်နေမှုအား လျော့ကျစေရန် ဟုန်ရှင်းကောသည် သူ၏အိတ်ကိုချလိုက်ပြီးနောက် အပေါစားကစားစရာများကိုထုတ်လိုက်သည်။


"ဒီမှာလေ...ဒီစင်္ကြာလေးက ဘိုးဘိုးသမီးအတွက်လုပ်ထားတာ..."


ရှောင်မန်သည် စင်္ကြာအားကြည့်လိုက်ပြီး ဟုန်ရှင်းကောကိုယ်တိုင်လုပ်ထားခြင်းမှန်း သိလိုက်သည်။ မူကြိုမှဆရာရန်သည် လက်မှုပညာအတန်းတွင် စင်္ကြာလုပ်နည်းအား သင်ပေးဖူးလေသည်။ 


စက္ကူအားလေးခုဖြတ်ပြီး ခေါက်လိုက်ကာ ဝါးချောင်းလေးပေါ်တွင် သံနှင့်လိုက်ရိုက်ရုံသာဖြစ်သည်။


သူမတောင် သူ့ထက်ပိုကောင်းကောင်းလုပ်တတ်တယ်...


ယွီချင်းရှီလုပ်ထားတာဆိုရင် အရမ်းလှတာ..ပြီးတော့သူ သူမကိုပေးခဲ့တယ်လေ...

"သမီးက အဲ့တာနဲ့မဆော့ချင်ဘူး..."


ကလေးမလေးထံမှ ငြင်းပယ်မှုကိုရပြီးနောက် ဟုန်ရှင်းကောမျက်နှာ အနည်းငယ်ပျက်ယွင်းသွားသည်။ 


"ဒီမှာကြည့်...ခရီးကပြန်လာတဲ့အမှတ်တရ စားစရာတွေလည်း ဝယ်လာတယ်..."


ကျန်းရှောင်မန် ထိုသစ်သီးများကို တစ်ချက်ကြည့်ရင်းပြောလိုက်သည်။


"ဒါတွေက ဒီမှာပေါတယ်မဟုတ်ဖူးလား.."


သူမ အများကြီး စားဖူးပါတယ်နော်...


ဟုန်ရှင်းကော သူမအားကြည့်ရင်းပြောလိုက်သည်။


"ဘိုးဘိုးက ခရီးကပြန်လာရတော့အရမ်းပင်ပန်းနေတာ...အိမ်ထဲကိုခဏဝင်ပြီး အနားယူလို့ရမလား...."


ဟုန်ရှင်းကောက ခြံဝင်းထဲ၌သာရှိသေးသည်။ ထို့အပြင် ဖြတ်သွားဖြတ်လာများလည်းရှိသေးရာ ပြစ်မှုကျူးလွန်၍မကောင်းချေ။


"မရဘူး...ဘွားဘွားကပြောတယ်..သူစိမ်းတွေကိုပေးမဝင်ရဘူးတဲ့.."


"ဒါပေမယ့် ဘိုးဘိုးတို့ကနှစ်ခါတောင်တွေ့ဖူးတယ်လေ...ဟုတ်တယ်မလား.."


"နှစ်ခါလုံးက ဘွားဘွားနဲ့ရန်ဖြစ်ဖို့လာတာပဲလေ


ဒီငတိမလေးက ဘာလို့ဒီလောက်မှတ်မိနေရတာလဲ..အရမ်းကြာနေပြီလေ...သူမမေ့သွားသင့်ပြီမဟုတ်လား....


ဟုန်ရှင်းကော အရောင်အသွေးစုံပြီးလှပသောချိုချဥ်များအား ထုတ်လိုက်သည်။


"ဘိုးဘိုးက အထဲကိုမဝင်တော့ပါဘူး...ဒီကိုမရောက်တာကြာတော့ လမ်းတွေမသိတော့လို့ပါ..သမီးကိုဒီချိုချဥ်ကျွေးမယ်လေ...ဘိုးဘိုးကိုလမ်းညွှန်ပေးပါလား..."


ဒီလူက မကောင်းဆိုးဝါးပဲ...


အကယ်၍သူမသာ ပုံမှန်ကလေးတစ်ဦးဆိုပါက အချိန်အတော်ကြာကတည်းက အလှည့်စားခံရမည်ဖြစ်သည်။ 


"သမီး မယုံဘူး...သမီးကိုခုထိ ၃နှစ်ကလေးလို့ထင်နေတာလား..."


ကျန်းရှောင်မန် သူမ၏လက်ငါးချောင်းကို ဖြန့်ကာထောင်ပြလိုက်သည်။


"သမီးက ငါးနှစ်ဖြစ်နေပြီ.."


ဟုန်ရှင်းကော၏ သည်းခံနိုင်စွမ်း ကုန်ဆုံးသွားလေသည်။ သူသည် အေးစက်စက်ရယ်လိုက်ပြီး ရှောင်မန်အား လက်ကိုင်ပဝါဖြင့်အုပ်လိုက်သည်။


လက်ကိုင်ပဝါသည် မေ့ဆေးသုတ်ထားလေသည်။


ရှောင်မန်သည် ထိုကဲ့သို့အလစ်တိုက်ခိုက်မှုအား မျှော်လင့်မထားခဲ့ပေ။ သူမသည် အကြိမ်အနည်းငယ်ရုန်းကန်ပြီးနောက် ပျော့ခွေသွားတော့သည်။ ထို့နောက် ဟုန်ရှင်းကောသည် သူမအား သူ၏အိတ်ထဲသို့ထည့်လိုက်တော့သည်။ ရှောင်မန်မှာ အသံတစ်ချက်ပင်မပြုနိုင်ခဲ့ချေ။


သူသည်ရှောင်မန်အား လူဆိုးများသည် မကောင်းသည့်လုပ်ရပ်များလုပ်ရန် အကြောင်းပြချက်မလိုကြောင်း မကြာခဏသတိပေးခဲ့သည်။ သို့ရာတွင်  ဟုန်ရှင်းကောအား ဤမျှရဲတင်းမည်ဟု မမျှော်လင့်ထားပေ။ 


ရွာရှိလူများက ဟုန်ရှင်းကောအားသိကြသည်။ ထို့အပြင် ကျန်းဟွေ့မိန်နှင့်သူ့ကြားရှိ ရန်ပွဲအားလည်းတွေ့ဖူးကြသည်။ မိသားစုနှစ်ခုသည် ပြန်လည်သင့်မြတ်ရန် လမ်းမရှိပေ။ ထို့ကြောင့် နှစ်သစ်ကူးချိန်တွင် တွေ့လိုက်ရသောအခါ သူတို့သည် သူ့အားလှောင်ပြောင်ကြတော့သည်။


"အိုး...ဒီမှာဘယ်သူလဲ..ကြည့်ကြပါဦး...ဒီတခါလည်း ပြသနာရှာဖို့ရောက်လာတာလား...စိတ်မကောင်းပါဘူး..သူတို့ကဆင်းရဲတဲ့ဆွေမျိုးတွေကို မလိုချင်ဘူးတဲ့..မင်းကတော်တော်အရှက်မရှိတာပဲ....နည်းနည်းပါးပါးရှက်တတ်ပါဦးလား"


ဟုန်ရှင်းကောသည် အပြစ်ရှိကြောင်းခံစားရဟန်ဆောင်ကာ ပြန်ပြောလိုက်သည်။


Chapter 150


ဟုန်ရှင်းကောက သူ၏ချွေးစိုနေသောလက်များကို အချင်းချင်းပွတ်သပ်လိုက်သည်။ ထို့နောက်သူငှားလာသော ကားစုတ်ထဲသို့ ကျန်းရှောင်မန်အားထည့်လိုက်ကာ ထွက်ခွာလာခဲ့သည်။


သူ လွန်ခဲ့သည့်ရက်အနည်းငယ်က ခရီးတိုတစ်ခုသွားခဲ့ရသည်။


ထိုအချိန်တွင် လမ်းဘေးရှိကြော်ငြာစာရွက်တစ်ခုအား သတိပြုမိခဲ့သည်။ အနီးအနားရှိလူများအား မေးမြန်းကြည့်သောအခါ ထိုစာရွက်ထဲရှိကလေးငယ်သည် ပျောက်ဆုံးသွားခြင်းဖြစ်ကြောင်း သိခဲ့ရသည်။ ကလေး၏မိသားစုသည် သူမအားလိုက်လံရှာဖွေနေပြီး သဲလွန်စပေးနိုင်သူအား ထိုက်ထိုက်တန်တန် ငွေကြေးချီးမြှင့်မည်ဟု ပြောကြားထားလေသည်။


ပုံမှန်အားဖြင့် မွေးကာစကလေးများသည် အတူတူသာဖြစ်သည်။ သို့သော် ဟုန်ရှင်းကောသည် ရှောင်မန်အား ငယ်ငယ်ကတည်းကမြင်ဖူးခဲ့ခြင်းဖြစ်သည်။ သူသည် ကြော်ငြာစာရွက်ထဲရှိကလေးပုံအားကြည့်ရင်း ကျန်းရှောင်မန်နှင့် တစ်နည်းတစ်ဖုံတူနေသည်ဟု ခံစားရသည်။


ထို့အပြင် ကျန်းမိသားစုက သူမအား ခိုးယူလာကာမွေးစားထားသည်ဟု သူ့တွင်သံသယရှိလေသည်။ သူသည် ကျန်းရှောင်မန်အား သူမ၏မိဘရင်းများထံခေါ်သွားပြီး ဆုငွေယူရန်စဥ်းစားမိသွားသည်။


ကန်းနေတဲ့ကြောင်တောင်မှ ကြွက်ကိုဖမ်းနိုင်တာပဲလေ....


လူတစ်ယောက်ကလည်း ညတွင်းချင်းချမ်းသာနိုင်တာပဲမဟုတ်လား...


သို့ရာတွင် ကျန်းဟွေ့မိန်သည် ကျန်းရှောင်မန်ကိုသူနှင့်အတူထည့်ပေးမည်မဟုတ်ချေ။


ဆုကြေးက အလွန်များပြားလှကာ ဟုန်ရှင်းကောအနေဖြင့် မည်သူ့ကိုမှခွဲဝေမပေးလိုချေ။ ကျန်းရှောင်မန်အား နှစ်နှင့်ချီ၍ ကျွေးမွေးစောင့်ရှောက်ခဲ့သူသည် ကျန်းဟွေ့မိန်သာဖြစ်ပြီး သူမဟုတ်ချေ။ ထို့ကြောင့် သူမ၏မိဘရင်းများသည် ကျန်းဟွေ့မိန်ကိုသာ ကျေးဇူးဆပ်ပေလိမ့်မည်။


ဒါဆိုသူ့မှာ ဘာအကျိုးအမြတ်မှမကျန်တော့ဘူးလေ..


ဟုန်ရှင်းကောသည် ကျန်းတို့ထက်လက်ဦးမှုရယူကာ ကျန်းရှောင်မန်ကို သူမ၏မိဘရင်းများထံပြန်ပို့မည်။ ထို့နောက် ကျန်းရှင်းနှင့်ကျန်းဟွေ့မိန်အား ကလေးများကိုပြန်ပေးဆွဲကာ ရောင်းစားနေသည်ဟု တိုင်ချက်ဖွင့်လိုက်မည်။ ဤသို့ဆိုလျှင် သူတို့သည် အရေးယူခံရမှာဖြစ်သည်။


အကယ်၍ သူတို့နှစ်ဦးထောင်ကျသွားလျှင် ကျန်းရှင်း၏ထောက်ပံ့ပို့ဆောင်ရေးအသင်း၌ရှိသော ငွေကြေးများနှင့် ဘိုးဘွားပိုင်အိမ်က သူ့လက်ထဲသို့ရောက်လာလိမ့်မည်။


ခဲတစ်လုံးနှင့် ငှက်နှစ်ကောင်ပစ်ခြင်းပင်ဖြစ်သည်။


ဤသို့ဖြင့် ဟုန်ရှင်းကော အကွက်ချခဲ့ခြင်းဖြစ်သည်။ သူသည် ပါးစပ်နားရွက်တက်ချိတ်မတတ် အလွန်ပျော်ရွှင်နေခဲ့သည်။ ကျန်းရှောင်မန်အား ရွာမှညတွင်းချင်း ကားဖြင့်ခေါ်ထုတ်ခဲ့လေသည်။


ကျန်းရှောင်မန်နိုးလာသည့်အခါ ကောင်းကင်သည် မှောင်နေပြီဖြစ်သည်။


သူမသည် ခေါင်းကိုက်နေဆဲဖြစ်ပြီး မျက်လုံးများသည် ဝေဝါးနေလေသည်။ အိပ်ယာပေါ်တွင် ထိုင်လိုက်ရင်း ပတ်ပတ်လည်ကိုစူးစမ်းလိုက်သည်။


သူမရောက်ရှိနေသောနေရာက အိမ်ကျဥ်းကျဥ်းကလေးဖြစ်ပြီး မှောင်မဲကာ ဖုန်နံ့ထွက်နေလေသည်။ နံရံများသည် ယိုင်နဲ့နေပြီး မြေကြီးတွင် မြက်ဖုတ်ကလေးများပင်ပေါက်ရောက်နေသည်။


ပတ်ဝန်းကျင်တွင် ကားဟွန်းသံတစ်ချက်တစ်လေမှလွဲ၍ မည်သည့်အသံမှမကြားရအောင် လူခြေတိတ်လွန်းသည်။


ရှောင်မန် ခဏတာကြောင်စီစီဖြစ်နေလေသည်။ ထိုစဥ် စနစ်၏အသံအားကြားလိုက်ရသည်။


"ပိုင်ရှင်...ဒုက္ခရောက်ပြီ...မင်းပြန်ပေးဆွဲခံလိုက်ရပြီ...."


ပြန်ပေးဆွဲခံရတယ်...အဲ့တာကကလေးတွေကို အနိုင်ကျင့်တဲ့ လူဆိုးကြီးတွေလုပ်တာမဟုတ်လား..ဘယ်မှာလဲ..လူဆိုးကြီးက..


စနစ်သည် ရှောင်မန်အား မေ့မြောမသွားခင်ဖြစ်ပျက်သမျှကို ပြန်လည်ပြောကြားလိုက်သည်။


ဟုန်ရှင်းကော.....အဲ့လူကြီးက သူမရဲ့ဘိုးဘိုးလို့ပြောပြီး သူမကိုပြန်ပေးဆွဲခဲ့တာပဲ...


ဝူး...ဝူး...


မဟုတ်ဘူး..မငိုရဘူး...


ကျန်းရှောင်မန်သည် စနစ်အားမေးလိုက်သည်။


"ဦးဦးစနစ်....ဒါကဘယ်နေရာလဲသိလားဟင်.."


"ငါလည်းမသိဘူး..."


ကျန်းရှောင်မန်ရှိသည့်နေရာတွင် စနစ်သည် ရှိလေသည်။ သူမမရောက်ဖူးသည့်နေရာအား သူလည်းရောက်ဖူးခြင်းမရှိချေ။


ထို့အပြင် ဟုန်ရှင်းကောက ဇာတ်လမ်းတွင်မပါဝင်ချေ။ ဇာတ်ကြောင်းအတိုင်းဆိုလျှင် သူသည် ကျန်းရှောင်မန်နှင့် တွေ့ရန်ပင်အကြောင်းမရှိပေ။ စနစ်တွင် သူနှင့်ပတ်သတ်သောအချက်အလက်မရှိသည့်အတွက် မည်သည်ကိုမှ မခန့်မှန်းနိုင်ဖြစ်နေလေသည်။


"ပုံမှန်အားဖြင့် ပြန်ပေးဆွဲတဲ့လူတွေက ကလေးတွေကိုခိုးပြီးရောင်းစားတယ်....ဒါမှမဟုတ် သူတို့မိသားစုတွေဆီက ပိုက်ဆံတောင်းတယ်...ဘယ်လိုပဲဖြစ်ဖြစ် အဆုံးသတ်မလှတတ်ဘူး....ပိုင်ရှင်အနေနဲ့ အမြန်ပြေးပြီး အကူအညီတောင်းတာအကောင်းဆုံးပဲ..."


ကျန်းရှောင်မန်သည် နာခံစွာ အကြိမ်ရေအနည်းငယ်အော်ရင်း အကူအညီတောင်းခဲ့သည်။ သို့သော် ဝင်ရောက်လာသူမှာ သူမ၏ရန်သူသာ ဖြစ်နေခဲ့သည်။


ဟုန်ရှင်းကောသည်. အပြင်ဘက်တွင် အသင့်စားခေါက်ဆွဲစားနေရင်း ကျန်းရှောင်မန်၏အသံကြားသဖြင့် ဝင်လာခဲ့ခြင်းဖြစ်သည်။


"အားကုန်မခံစမ်းပါနဲ့...နာနာခံခံနေစမ်းပါ..မဟုတ်ရင်.."


သူသည် ပြောရင်းရပ်လိုက်သည်။ သူ့မျက်လုံးများသည် ခြိမ်းခြောက်မှုအပြည့်ဖြစ်နေသည်။


ကျန်းရှောင်မန်သည် ခေါင်းကိုမော့ပြီးမေးလိုက်သည်။


"မဟုတ်ရင် သမီးကိုဘာလုပ်မှာလဲ.."


"နာခံလာတဲ့အထိ နင့်ကိုရိုက်ပစ်မယ်.."