အပိုင်း ၁၅၂ ( Mine Owner 1 )
Viewers 10k

မိုင်းပိုင်ရှင်


ယန်ကျင်းဇီသည် သူ့ခေါင်းက ပေါက်ကွဲထွက်တော့မတတ် ပြင်းထန်သော နာကျင်မှုကို ခံစားနေရသည်။ တစ်ချိန်တည်းတွင် သူ့အနား၌ သူ့ကို ပိုစိတ်တိုစေသော ဆက်တိုက်ထွက်ပေါ်နေသည့် ဆူဆူညံညံအသံ အချို့လည်း ရှိနေသည်။


ကံကောင်းထောက်မစွာဖြင့် ပြင်းထန်သော နာကျင်မှုလှိုင်းလုံးများဟာ တဖြည်းဖြည်း ပျောက်ကွယ်သွားပြီး နောက်ဆုံးတွင် သူသည် သူ့ပတ်ဝန်းကျင်ရှိ အသံများကို ရှင်းရှင်းလင်းလင်း ကြားနိုင်လာသည်။


“ အရှင့်ရဲ့ စိတ်စွမ်းအင်က ကျနေတာ ရပ်သွားပြီး ပိုအားကောင်းလာပြီ! ”


“ စိတ်စွမ်းအင် တိုးတက်လာတယ်! ဘုရားရေ! SSS ဖြစ်နေပြီ! ”


“ ဘုရားသခင်! စိတ်အင်အား စမ်းသပ်ကိရိယာ ပျက်သွားပြီ! စိတ်စွမ်းအင်က သေချာပေါက် SSS ထက် ကျော်သွားပြီပဲ! ”


“ ဒါက အရှင်ရဲ့ ဒုတိယမြောက် စိတ်စွမ်းအင်နိုးကြားခြင်းလား? ”


“ ဒါကြောင့် အရှင်ရဲ့ အခြေအနေက ပိုဆိုးသွားနိုင်လား? ”


“ အရှင်ရဲ့ စိတ်စွမ်းအင်တွေ ငြိမ်သက်သွားပြီ! တကယ် အရမ်းကောင်းတာပဲ! ”



ဘာအရှင်လဲ? ဘာစိတ်စွမ်းအင်လဲ? ယန်ကျင်းဇီသည် အနည်းငယ် စိတ်မသက်မသာ ခံစားရပြီး ထိုအသံမျိုးကို မကြားချင်တော့ပေ...


သူ့စိတ်ထဲတွင် ဤအတွေး ပေါ်လာသည်နှင့် တပြိုင်နက်နီးပါး၌ အားကောင်းသော စိတ်စွမ်းအင်အရှိန်က သူ့ကိုယ်ထဲမှ ပျံ့နှံ့သွားသည်။


သူ့အနားရှိ လူများအားလုံးသည် ဤစိတ်စွမ်းအင်၏ ဖိနှိပ်အောက်တွင် မလှုပ်မယှက် ဖြစ်သွားကြရသည်။ တစ်ချိန်တည်းမှာပဲ အခန်းထဲတွင် ရှိနေသော စိတ်စွမ်းအင် ထောက်လှမ်းရန် အသုံးပြုသည့် ကိရိယာများ အားလုံးဟာလည်း ပြင်းထန်သော စိတ်စွမ်းအင်ကြောင့် ချက်ချင်း ပျက်စီးသွားခဲ့ကြသည်။ 


တန်ဖိုးကြီးသော စမ်းသပ်ကိရိယာက ဖျက်ဆီးခံရပြီး သူတို့ကိုယ်တိုင်ကလည်း ဒဏ်ရာရရှိခဲ့ကြသော်ငြား ယန်ကျင်းဇီအနားတွင် စုဝေး‌နေသူများဟာ ပီတိဖြာနေကြဆဲ ဖြစ်သည်။


ဒါက အရမ်းအားကောင်းပြီး အရမ်းချောမွေ့တဲ့ စိတ်စွမ်းအင်ပဲ! 


သူတို့၏အရှင်တွင် ယခင်က စိတ်စွမ်းအင် အထိန်းကွပ်မဲ့မှု ရှိခဲ့သဖြင့် သူ့သက်တမ်းက မကြာရှည်သည့်အပြင် ပုန်းခိုခဲ့ရသည်။ သို့သော် ယခုမူ သူတို့အရှင်၏ စိတ်စွမ်းအင်က သန္ဓေပြောင်းပြီးဖြစ်သည်။ ပိုသန်မာလာရုံတင်မကဘဲ ပြင်းလည်း မပြင်းထန်တော့ဘူး!


ဤကဲ့သို့သော အားကောင်းပြီး ချောမွေ့သည့် စိတ်စွမ်းအင်မှာ မည်သည့်စစ်သည်တော်အတွက်မဆို ရတနာ ဖြစ်သည်။ သူတို့အရှင်က ညဘုရင်အစစ် ဖြစ်လာလိမ့်မယ်!


စိတ်စွမ်းအင်၏ ဖိနှိပ်မှုအောက်တွင် ဤလူများသည် လေးလေးနက်နက် ဒူးထောက်နေကြပြီး သူတို့၏ခန္ဓာကိုယ်များမှာ စိတ်လှုပ်ရှားစွာ တုန်ယင်နေကြသည်။


ပတ်ဝန်းကျင်မှ အသံများ ပျောက်ကွယ်သွားသောအခါ ယန်ကျင်းဇီသည် အနည်းငယ် ပိုအဆင်ပြေသွားပြီး လူတစ်ကိုယ်လုံး နိုးလာသည်။ နောက်ဆုံးတွင် သူသည် မျက်လုံးဖွင့်လိုက်ပြီး သူ၏ ဖြန့်ကျက်ထားသော စိတ်စွမ်းအင်က အလိုအလျောက် ပြန်ဆုတ်သွားသည်။


သူ သိလိုက်ရတာက သူ လှဲနေတာ... အခေါင်းထဲမှာလား?


မဟုတ်သေး၊ ဤသည်က အခေါင်း မဖြစ်နိုင်ဘဲ သုတေသနကိရိယာအချို့ ဖြစ်နိုင်သည်။


ယန်ကျင်းဇီသည် ပတ်ဝန်းကျင်ကို သတိဝီရိယကြီးစွာ လိုက်ကြည့်လိုက်သည်။ မဟုတ်‌ချေ၊ ကြည့်ရှုခြင်း မဟုတ်... သူသည် သူ့မျက်လုံးများကို အသုံးပြုရန် မလိုဘဲ သူ့ပတ်ဝန်းကျင်ရှိ အရာအားလုံးကို တွေ့မြင်နိုင်၏။


သူ့ကိုယ်တိုင်ကား အမည်မသိအထည်ဖြင့် ပြုလုပ်ထားသော ဝတ်စုံပါးပါးကို ဝတ်ဆင်ထားပြီး ပြွန်များစွာဖြင့် ချိတ်ဆက်ထားသည့် စေးပျစ်ပျစ်အရည်များ ပြည့်နေသော ထောင့်မှန်စတုဂံပုံ မှန်သေတ္တာထဲတွင် ဝင်စိမ်နေကြောင်း သူ သိလိုက်ရသည်။


သူ့တစ်ကိုယ်လုံးက အရည်ထဲတွင် နစ်မြုပ်နေသော်ငြား ၎င်းက သူ၏ အသက်ရှူခြင်းကို မသက်ရောက်ဘဲ မှန်အဖုံးအပြင်ဘက်တွင် အမျိုးစုံသော ထူးဆန်းသည့် အသုံးအဆေောင်များ ရှိနေပြီး အလွန်စိတ်လှုပ်ရှားပုံပေါ်နေသော မတ်တပ်ရပ်လျက်ရှိသည့် လူတစ်ဒါဇင်ကျော်လည်း ရှိနေသည်။


စမ်းသပ်မှုတွေအတွက် အသုံးပြုခံရတဲ့ ဓာတ်ခွဲခန်း အစမ်းသပ်ခံအဖြစ် သူ ကူးပြောင်းလာတာများလား?


ယန်ကျင်းဇီတွင် မကူးပြောင်းမီ သူ့ကိုယ်ပိုင် မှတ်ဉာဏ်များ မရှိဘဲ ဤခန္ဓာကိုယ်၏ မှတ်ဉာဏ်လည်း မရှိချေ။ သို့ရာတွင် သူသည် အကြောင်းအချို့ကို အလိုအလျောက် သိရှိနေပြီး ဥပမာအားဖြင့် သူ့နာမည်မှာ ယန်ကျင်းဇီ ဖြစ်သည်။


ဤအခိုက်အတန့်၌ သူ့စိတ်နှလုံးဟာ အလွန့်အလွန် သတိနိုးကြားနေသည်။


ဤကဲ့သို့ ယန်ကျင်းဇီက ဤမှန်ထည်“အခေါင်း”ထဲတွင် ဆက်နေပြီး သရုပ်ဆောင်ရန် အခွင့်အလမ်း စောင့်ဆိုင်းရန် သင့်၊ မသင့် သို့မဟုတ် အပြင်မှလူများနှင့် ပြဿနာရှာရန် အပြေးအလွှား ထွက်သင့်၊ မသင့် တို့ကို စဉ်းစားနေချိန်၌ နံရံဘေးတွင် မတ်တပ်ရပ်နေသူများ ရောက်လာကြသည်။


ထို့ကြောင့် ယန်ကျင်းဇီသည် ချက်ချင်း လှမ်းကြည့်လိုက်ပြီး အပြစ်ကင်းစင်သော မျက်နှာနှင့် ကြည်လင်သော မျက်ဝန်းတို့ဖြင့် ဘာမှမသိဟန်ဆောင်နေလိုက်သည်။


ထို့နောက် သူ ကြားလိုက်ရသည်မှာ ရှေ့မှလျှောက်လာသော ရွှေရောင်ဖျော့ဆံပင်၊ မျက်လုံးပြာနှင့် အသက်လေးဆယ် အမျိုးသား၏ အံ့ဩတကြီး စကား ဖြစ်သည် : “ အရှင် နိုးလာပြီ! ”


ချက်ချင်းပင် အခြားသူများ ရောက်လာကြသည် : “ အရှင် နိုးလာတာ အရမ်းကောင်းတယ်! ”


“ ဂုဏ်ပြုပါတယ် အရှင်၊ အရှင်ရဲ့ စိတ်စွမ်းအင် ပိုသန်မာလာပြီ! ”


“ အရှင်! အရှင်ရဲ့အလင်းက ကြယ်စုများတစ်လျှောက် ထွန်းလင်းနေပါစေ! ”





ယန်ကျင်းဇီ : “ ... ” သူ့ကို ကြည့်နေကြသော ဤလူများ၏ အကြည့်များက တကယ့်ကို ထုံထိုင်းစေနိုင်လွန်းပြီး သူသည် နာခံမှု၊ လေးစားမှုနှင့် ဝမ်းမြောက်မှုတို့ဖြင့် ပြည့်နှက်နေသော ဤလူများ၏ စိတ်စွမ်းအင်များကိုလည်း သိနေနိုင်သေးသည်။


ဒီတော့ ဒီလူတွေက သူ့ကို စမ်းသပ်ဖို့ ဖမ်းလာတဲ့ ဗီလိန်တွေ မဟုတ်ဘဲ သူ့လက်အောက်ငယ်သားတွေလား?


ဒါပေမယ့် အခု ဒီအခြေအနေက... သူ ဘာဖြစ်သွားတာလဲ? ဒါမှမဟုတ် မူလပိုင်ရှင် ဘာဖြစ်သွားတာလဲ?


ယန်ကျင်းဇီ ထထိုင်ရန် ကြိုးစားလိုက်သည်။


သူ လှုပ်ရှားလိုက်သည်နှင့် “အခေါင်း”မှန်အဖုံးက အလိုအလျောက် ပွင့်သွားသည်။


အရည်များ စိမ့်ကပ်နေသော ခန္ဓာကိုယ်ဖြင့် သူ ထထိုင်လိုက်သောအခါ ကပ်စေးစေး အရည်ကြည်ကလည်း သူ့ကိုယ်ပေါ်မှ လျင်မြန်စွာ လှိမ့်ဆင်းသွားပြီး သူ့တစ်ကိုယ်လုံး စိတ်သက်သာရာရစေသော ခံစားချက်ကို ပေးစွမ်းလေသည်။


သို့သော်လည်း သူသည် စိတ်မလျှော့ရဲပေ။ မည်သို့ပင်ဖြစ်စေ သူသည် ဤနေရာကို မသိသကဲ့သို့ ဤလူများကိုလည်း မသိရှိချေ။


ယန်ကျင်းဇီသည် သူ့အခြေအနေကို လူမသိအောင် ဖုံးကွယ်ရန် ခက်ခဲကြောင်း သိလိုက်ပြီး နောက်ဆုံးတွင် မေးလိုက်သည် : “ မင်းတို့က ဘယ်သူလဲ? ”


သူ အတိတ်မေ့နေသလိုပဲ ဟန်ဆောင်လိုက်တော့မယ်!


ယန်ကျင်းဇီသည် အလွန်စိတ်ပူနေပြီး သူ့ရှေ့ရှိ ဤလူများက သူ့ကို သံသယဝင်မည်အား စိုးရိမ်သွားသည်။ ဤလူများက သူ့ကို လုံးဝ သံသယမဖြစ်လိမ့်မည်ဟုတော့ သူ မထင်ထားပေ။ ရှေ့ဆုံးရှိ ဆံပင်ရွှေရောင်ဖျော့နှင့် မျက်လုံးပြာပြာ သက်လတ်ပိုင်း အမျိုးသားက သူ့ကို အကြောင်းပြချက် ပေးလာသည် : “ အရှင်၊ ကျွန်တော်တို့ကို မမှတ်မိဘူးလား? မစိုးရိမ်ပါနဲ့၊ စိတ်စွမ်းအင် ဒုတိယမြောက် တိုးတက်ဖွံ့ဖြိုးမှုကြောင့် ဖြစ်ပါလိမ့်မယ်။ အဲ့ဒါကြောင့် အရှင် အချိန်ခဏတာ မှတ်ဉာဏ်မေ့လျော့သွားတယ်။ ”


အခြားသူများကလည်း စိုးရိမ်ပုံပေါ်နေကြသည် : “ အရှင်၊ အဆင်မပြေဖြစ်နေသေးလား? ”


“ အရှင် အသေးစိတ် စစ်ဆေးရေး ထပ်လုပ်ချင်လား? ”


“ စိတ်မပူပါနဲ့၊ အရှင်ရဲ့ စိတ်စွမ်းအင်နဲ့ အရှင် အသားကျသွားရင် အရာအားလုံး အဆင်ပြေသွားလိမ့်မယ်။ ”




ယန်ကျင်းဇီသည် တိတ်တဆိတ်ဖြင့် စိတ်သက်သာရာရစွာ သက်ပြင်းချပြီး ဤလူများကို ကြည့်လိုက်သည် : “ ဒါဆို... ငါက ဘယ်သူလဲ၊ ဒီနေရာက ဘယ်မှာလဲ? ”


ယန်ကျင်းဇီ ဤမေးခွန်းကို မေးပြီးနောက် ဆံပင်ရွှေရောင်ဖျော့နှင့် မျက်လုံးပြာပြာ သက်လတ်ပိုင်း အမျိုးသားက သူ့အား သူ၏ ပုဂ္ဂိုလ်အထောက်အထားကို စတင်ရှင်းပြသည်။ မဟုတ်သေး၊ မူလပိုင်ရှင်၏ အထောက်အထားဟု သူ ပြောသင့်သည်ထင်။


မူလပိုင်ရှင်သည် အလွန်အားကြီးသူ ဖြစ်သည်။ အမှန်ဆိုရသော် စွမ်းအားကြီးသူမှာ မူလပိုင်ရှင် မဟုတ်ဘဲ မူလပိုင်ရှင်၏ဖခင် ဖြစ်၏။


သူ ကူးပြောင်းလာသော ကမ္ဘာမှာ ကြယ်စုများကြား ကမ္ဘာတစ်ခု (interstellar) ဖြစ်ပြီး သူ ရောက်ရှိနေသော နေရာမှာ ကြယ်တာရာ မဟာမိတ် (Galactic Alliance) ဖြစ်သည်။


(Galaxy) ကြယ်စင်စုကြီးတစ်ခုလုံးတွင် လူသားများ တီထွင်နေထိုင်နေကြသော နေထိုင်ရန် သင့်လျော်ရာ ဂြိုဟ်စုစုပေါင်း ၉၈ လုံး ရှိသည်။ ဤဂြိုဟ်များ၏ စနစ်များ ကွဲပြားသော်ငြား သူတို့သည် ကြယ်တာရာ မဟာမိတ် (Galactic Alliance) ကို အတူတကွ ဖွဲ့စည်း၍ စကြဝဠာထဲရှိ ကြောက်မက်ဖွယ် သတ္တဝါမျိုးစိတ်စုံ သို့မဟုတ် လူသားများ မဟုတ်သော အခြားမျိုးစိတ်တို့ကို တိုက်ခိုက်ကြသည်။


ဂြိုဟ်များစွာ ရှိပြီး ဂြိုဟ်တိုင်း၏ အရင်းအမြစ်များမှာ ကွဲပြားကြကာ ကြယ်တာရာ မဟာမိတ် (Galactic Alliance) တွင် ချမ်းသာသူများနှင့် ဆင်းရဲသူများကြား ကွာဟချက်မှာလည်း အလွန်များပြားသည်။


အချို့သော ဂြိုဟ်များတွင် မြေဈေးပေါပြီး ဘယ်သူကမှ မဝယ်ချင်ကြဘဲ ဂြိုဟ်အချို့တွင်မူ မြေဈေးက အလွန်ကြီးသည်။ နေရာအချို့တွင် နည်းပညာမြင့်ထုတ်ကုန်များသည် သိပ္ပံနှင့်နည်းပညာ၏ နေရာတိုင်း၌ ရှိကြပြီး အချို့နေရာများတွင်မူ သိပ္ပံနှင့်နည်းပညာအဆင့်မှာ လူသားများ စကြဝဠာခေတ်သို့ မဝင်ရောက်ရသေးချိန်နှင့် ဆင်တူသည်။ အချို့သော လူများသည် အာကာသယာဉ်များကို မောင်းနှင်၍ ကြယ်စုကြယ်‌ဝေးများ တစ်လျှောက်တွင် လျှောက်သွားနိုင်ကြပြီး သူတို့၏ ဇာတိဂြိုဟ်မှ ထွက်ခွာရန် အခွင့်အရေးပင် မရှိသူများလည်း အများအပြား ရှိနေသည်။


အမှန်ပင်၊ ချမ်းသာသူနှင့်ဆင်းရဲသူကြား ကွာဟချက်မှာ ကြီးမားသော်လည်း ပေါကြွယ်ဝသော အရင်းအမြစ်များက လူတိုင်း၏ စားဝတ်နေရေးအတွက် ပြည့်စုံစေသည်။ သတင်းအချက်အလက် ထိန်းချုပ်မှုကိုပါ ထည့်ပေါင်းလိုက်သောအခါ လူအားလုံးဟာ လွတ်လပ်၍ တန်းတူညီမျှသော လူ့အဖွဲ့အစည်းတွင် နေထိုင်ကြသည်ဟု ခံစားနေကြရသည်။


သို့သော် တကယ်တမ်းတွင်မူ ထိုသို့မဟုတ်ချေ။


များပြားသော ပိုင်ဆိုင်မှုများ၊ အာကာသယာဉ်များနှင့် အင်အားကြီးမားသော လက်နက်ကိုင်တပ်ဖွဲ့များကို ပိုင်ဆိုင်သူတို့သည် ဂြိုဟ်အသစ်များကို စူးစမ်းလေ့လာနိုင်ပြီး အရင်းအမြစ်အသစ်များကို ရှာဖွေနိုင်ကာ သူတို့ဟာ အံ့အားသင့်ဖွယ် မကောင်းစွာပင် ချမ်းသာသထက် ချမ်းသာလာကြသည်။


အရင်းအမြစ်များဟာ တဖြည်းဖြည်း စုဆောင်းခံရပြီး နောက်ဆုံးတွင် ၎င်းတို့သည် လူအနည်းငယ်၏ လက်များထဲသို့ သို့မဟုတ် လူတစ်ဦးတည်း၏ လက်ထဲသို့ပင် ဖြည်းညှင်းစွာ ကျရောက်သွားလိမ့်မည် ဖြစ်သည်... ထိုလူမှာ မူလပိုင်ရှင် ဖြစ်၏။


မူလပိုင်ရှင်၏ ဘိုးဘေးမှာ လူသားများကို ဦးဆောင်၍ စကြဝဠာသို့ ခေါ်ဆောင်သွားခဲ့သော Marshal ဖြစ်ပြီး သူသည် ထိုအချိန်တွင် သူ့သားစဉ်မြေးဆက်အတွက် အရင်းအမြစ်ကြယ်ပေါင်းများစွာကို ချန်ရစ်ခဲ့သည်။


သူ၏သားစဉ်မြေးဆက်များကလည်း အလွန်ထက်မြက်ကြပြီး ဤဂြိုဟ်များမှ အရင်းအမြစ်များကို အသုံးပြုခြင်းဖြင့် လက်နက်ကိုင်တပ်ဖွဲ့အချို့ကို ထောက်ပံ့ခဲ့ကြသည်။


နောက်ပိုင်းတွင် ခေတ်ကာလများ ပြောင်းလဲလာသောအခါ ကြယ်တာရာ မဟာမိတ် (Galactic Alliance) ၏ အုပ်ချုပ်မှုစနစ်က ပြောင်းလဲပြီးနောက် ထပ်ပြောင်းလဲသွားသော်လည်း မူလပိုင်ရှင်၏မိသားစုက အခိုင်အမာ ရပ်တည်နိုင်ခဲ့သည်။ နှစ်ထောင်ပေါင်းများစွာ စူးစမ်းလေ့လာပြီးနောက်တွင်တော့ သူတို့သည် ပိုမိုများပြားသော အရင်းအမြစ်ဂြိုဟ်များကို ပိုင်ဆိုင်ထားပြီး မဖွင့်ဟထားသော လူနေထိုင်နိုင်သည့် ကိုယ်ပိုင်ဂြိုဟ်များစွာလည်း ရှိထားသည်။ သူတို့မိသားစုသည် တိုးပွားလျက်ရှိသော ကြီးမားလှသည့် လက်နက်ကိုင်တပ်ဖွဲ့များကို ကျွေးမွေးထားသေးသည်...


လွန်ခဲ့သော နှစ်ပေါင်းနှစ်ရာကတည်းက မူလပိုင်ရှင်၏မိသားစုသည် ကြယ်တာရာ မဟာမိတ် (Galactic Alliance) တွင် ဩဇာအကြီးဆုံးမိသားစု ဖြစ်လာခဲ့သည်။


ကြယ်တာရာ မဟာမိတ် (Galactic Alliance) ၏ စစ်တပ်လက်နက်ကိုင်တပ်ဖွဲ့များသည် အဓိကတပ်ကြီး ရှစ်တပ် ဖြစ်ကြပြီး ဤတပ်ကြီးရှစ်တပ်တို့သည် မူလပိုင်ရှင်၏ မိသားစုနှင့် လုံးဝ ဆက်စပ်နေပြီး အားလုံးဟာ မူလပိုင်ရှင် မိသားစု၏ ထောက်ပံ့မှုကို လက်ခံကြသည်။ ၎င်းတို့အနက် အဓိကတပ်ကြီးများစွာတို့သည် မူလပိုင်ရှင်၏မိသားစုကို လုံးဝဥဿုံ နာခံကြပေသည်။


မူလပိုင်ရှင်၏မိသားစုမှ မိသားစုခေါင်းဆောင်ဟာလည်း တပ်ကြီးရှစ်တပ်ကို အုပ်ချုပ်သော Marshal အဖြစ် အလိုအလျောက် ဖြစ်လာမည်ပင်။ 


သို့သော် သာမန်လူများသည် မူလပိုင်ရှင်၏မိသားစု တည်ရှိမှုကိုပင် မသိကြချေ။ မူလပိုင်ရှင်၏မိသားစုကလည်း အလွန်အနေငြိမ်ကြပြီး သာမန်လူများကို ဒုက္ခမပေးရုံသာမက အလွန်ဖော်ရွေကြသည်။ အဘယ့်ကြောင့်ဆိုသော် ဤလူများသည် ဘဝတစ်သက်လုံး အလုပ်ကြိုးစားပြီး သူတို့မိသားစု၏ ချမ်းသာကြွယ်ဝမှုကို တည်ဆောက်ပေးခဲ့ကြသောကြောင့်ပင်။


သို့သော်လည်း ချမ်းသာလွန်းပြီး တစ်သက်တာလုံး အရာရာကို ပိုင်ဆိုင်ထားသူတို့သည် လေ့လာလိုက်စားရာကို မသိကြတော့သဖြင့် ငြီးငွေ့နိုင်ပေသည်။


မူလပိုင်ရှင်၏အဘိုးသည် ကြယ်စုများကြား စူးစမ်းရှာဖွေမှုကို စွဲလမ်းနေခဲ့ပြီး နောက်ပိုင်းတွင် ဘယ်သူမှ မသိသော နေရာသို့ ပျောက်ကွယ်သွားခဲ့သည်။


မူလပိုင်ရှင်၏ဖခင်သည်လည်း ကြယ်စုများကြား စူးစမ်းရှာဖွေမှုကို စွဲလမ်းနေခဲ့ကာ ပျောက်ကွယ်သွားခဲ့ပြန်သည်။


အဆုံးတွင် မူလပိုင်ရှင်သည် အသက်ငယ်ငယ်ဖြင့် မိသားစုခေါင်းဆောင်နှင့် ကြယ်တာရာ မဟာမိတ် (Galactic Alliance) ၏ တစ်ဦးတည်းသော Marshal ဖြစ်လာခဲ့သည်။


ဤသည်ကား မွေးကတည်းက ထိပ်ဆုံးတွင် ရပ်တည်နေသော လူတစ်ဦး ဖြစ်သော်ငြား မူလပိုင်ရှင်တွင် ဆိုးရွားသော ဘဝ ရှိခဲ့သည်။


၎င်းက မူလပိုင်ရှင်၏ “စစ်သည်တော်” အခြေအနေနှင့် စတင်သည်။


ကြယ်တာရာ မဟာမိတ် (Galactic Alliance) သည် တစ်ချိန်က ကြယ်စုများကြားတွင် ကြောက်စရာကောင်းသော သတ္တဝါတစ်ကောင်၏ တိုက်ခိုက်ခြင်းကို ခံခဲ့ရပြီး မူလပိုင်ရှင်၏ဘိုးဘေးများမှာ ထိုသတ္တဝါနှင့် လူသားတို့ကြား တိုက်ပွဲ၌ ချမ်းသာသထက် ချမ်းသာလာပြီး အာဏာကို ချုပ်ကိုင်ထားခဲ့ကြသူများ ဖြစ်ကြသည်။


နှစ်ပေါင်းရာချီသော ထိပ်တိုက်ရင်ဆိုင်မှုများအတွင်းတွင် အချို့သော လူတို့သည် အဆင့်တိုးတက်ပြောင်းလဲခဲ့ကြသည်။ သူတို့သည် ပြင်းထန်သော စွမ်းအား — စိတ်စွမ်းအင် ကို စတင်ပိုင်ဆိုင်လာကြ၏။


ထိုအချိန်၌ ထိုလူများကို ကြယ်တာရာ စစ်သည်တော်များဟု ခေါ်ဝေါ်ခဲ့ကြပြီး နောက်ပိုင်းတွင် အားလုံးက သူတို့အား စစ်သည်တော်များဟု အတိုချုပ် ခေါ်ဆိုခဲ့ကြသည်။ သမိုင်းတွင် မှတ်တမ်းတင်ထားသည့် ပထမဆုံးသော စစ်သည်တော်ဟာ မူလပိုင်ရှင်၏ဘိုးဘေး ဖြစ်သည်ပင်။


စစ်သည်တော်များတွင် အားကောင်းသော စိတ်စွမ်းအင်များ ရှိကြသော်လည်း အားနည်းချက်တစ်ခု ရှိသည်။ ယင်းကား သူတို့၏ အလွန်အစွမ်းထက်ပြီး ရန်လိုသော စိတ်စွမ်းအင်များမှာ တစ်ခါတစ်ရံ၌ သူတို့၏ထိန်းချုပ်မှုအောက်မှ ကင်းလွတ်သွားတတ်ခြင်း ဖြစ်သည်။


ထိုအချိန် စစ်ပွဲတွင် စွမ်းအားကြီးမားသော စစ်သည်တော် အများအပြားသည် သူတို့၏ စိတ်စွမ်းအင်များကို မထိန်းချုပ်နိုင်သောကြောင့် သေဆုံးခဲ့ကြရသည်။


လူသားများတွင် နောက်ထပ်သော လူအမျိုးအစားတစ်ခု ပြောင်းလဲထွက်ပေါ်လာချိန်မှာလည်း ဤအချိန်၌ပင် ဖြစ်ခဲ့သည်။ ဤလူအမျိုးအစားတွင်လည်း စိတ်စွမ်းအင် ရှိသော်ငြား စိတ်စွမ်းအင် နိုးထပြီးနောက် သန်မာသော ခန္ဓာကိုယ်များကို အလိုအလျောက် ရရှိလာသော စစ်သည်တော်များနှင့် မတူဘဲ သူတို့၏ခန္ဓာကိုယ်မှာ အမြဲတစေ နူးညံ့နေပြီး သူတို့၏စိတ်စွမ်းအင်ကလည်း အလွန်တည်ငြိမ်နေပေသည်။


ထိုကဲ့သို့သော ငြိမ်းချမ်းသည့် စိတ်စွမ်းအင်ကို တိုက်ခိုက်ရာတွင် အသုံးမချနိုင်သော်လည်း ၎င်းက စစ်သည်တော်များ၏ ပြင်းထန်သော စိတ်စွမ်းအင်ကို ကူညီငြိမ်သက်စေနိုင်ပြီး စစ်သည်တော်များကို စိတ်စွမ်းအင် အထိန်းကွပ်မဲ့မှု၏ နာကျင်မှုမှ ကာကွယ်ပေးနိုင်သည်။


ဤလူများကို အကူဆရာများဟု ခေါ်သည်။


စစ်သည်တော်များနှင့် အကူဆရာများ၏ ပေါ်ပေါက်လာမှုတို့က လူသားများအား ကြယ်စင်စု (Galaxy) တစ်ခုလုံးကို သိမ်းပိုက်နိုင်စေခြင်းပင်။


စစ်သည်တော်နှင့် အကူဆရာတို့သည် စိတ်စွမ်းအင် ပေါင်းစပ်ခြင်းကိုလည်း ပြုလုပ်နိုင်ပြီး ၎င်းကို နှောင်ကြိုးဟု ခေါ်သည်။ ယေဘူယျအားဖြင့် ပြောရလျှင် စစ်သည်တော်က သူနှင့် မြင့်မားသော လိုက်ဖက်နှုန်း ရှိသည့် အကူဆရာတစ်ဦးနှင့် ပေါင်းစပ်နိုင်သရွေ့ သူက စိတ်စွမ်းအင် မထိန်းချုပ်နိုင်မှာကို စိတ်ပူစရာမလိုတော့ဘူး!


လက်ရှိ ကြယ်တာရာ မဟာမိတ် (Galactic Alliance) တွင် စစ်သည်တော်များ၏ စိတ်စွမ်းအင်အဆင့်များကို အနိမ့်မှအမြင့် F, E, D, C, B, A, S, SS နှင့် အပြင်းထန်ဆုံး SSS ဟူ၍ ခွဲခြားထားသည်။


ယခု ကြယ်တာရာ မဟာမိတ် (Galactic Alliance) တစ်ခုလုံးတွင် အဆင့် SSS စစ်သည်တော် တစ်ဦးပင် မရှိသော်ငြား အဆင့် SS စစ်သည်တော် အနည်းငယ်တော့ ရှိကာ သူတို့အားလုံးဟာ တပ်ကြီးရှစ်တပ်၏ တပ်မှူးများ ဖြစ်ကြသည်။ အဆင့် S စစ်သည်တော်များဆိုလျှင်ပင် ရာဂဏန်းအနည်းငယ်သော တပ်သားများသာ ရှိသည်။


အကူဆရာများအတွက်မူ သူတို့၏ စိတ်စွမ်းအင်အဆင့်များကို စစ်သည်တော်များနှင့် ထပ်တူခွဲခြားထားသော်လည်း ယေဘူယျအားဖြင့် စစ်သည်တော် အဆင့်များအောက် နိမ့်ကျသည်။ ယနေ့ခေတ်တွင် အသန်မာဆုံးမှာ အဆင့် S ဖြစ်ပြီး လူဦးရေ ဒါဇင်အနည်းငယ်သာ ရှိသည်။ 


မူလပိုင်ရှင်၏ မိသားစုဗီဇများဟာ သံသယဖြစ်ဖွယ်မရှိစွာပင် ကြယ်တာရာ မဟာမိတ် (Galactic Alliance) တစ်ခုလုံးတွင် အကောင်းဆုံး ဖြစ်ပြီး များစွာသော အဆင့် SSS စစ်သည်တော်တို့သည် သူ့ဘိုးဘေးများ ဖြစ်ကြကာ သူ့တွင်လည်း မွေးကတည်းက အဆင့် SS စိတ်စွမ်းအင် ရှိသည်။


၎င်းက ကိစ္စကောင်း ဖြစ်ပြီး ကိစ္စဆိုးလည်း ဖြစ်၏။


မူလပိုင်ရှင်၏ စိတ်စွမ်းအင်က ပြင်းထန်လွန်းပြီး ကြမ်းတမ်းလွန်းသဖြင့် ထိန်းချုပ်နိုင်စွမ်းမရှိ ဖြစ်လာရာ အစောပိုင်းနှစ်များတွင် သူသည် စိတ်စွမ်းအင် အထိန်းကွပ်မဲ့မှုများကြောင့် သေဆုံးလုနီးပါး ဖြစ်ခဲ့ရသည်။


ထို့အပြင် မူလပိုင်ရှင်၏စိတ်စွမ်းအင်၌ ပြဿနာရှိလာကတည်းက သူသည် သူ့လက်အောက်ရှိ အင်အားကြီးမားသော စီးပွားရေး “အင်ပါယာ” နှင့် တပ်ကြီးရှစ်တပ်တို့ကို မအုပ်ချုပ်နိုင်တော့ပေ။


သန်မာသော စိတ်စွမ်းအင်ရှိသူတို့တွင် သန်မာသော တိုက်ခိုက်ရေးနှင့် သင်ယူခြင်း အရည်အချင်းတို့လည်း ရှိသည်။ အဆင့် SS စစ်သည်တော်တစ်ဦးဟာ အသက်ငယ်ငယ်နှင့်ပင် အာဏာကောင်းကောင်း ကိုင်ဆောင်ထားသူတစ်ဦး ဖြစ်နိုင်ပေသည်။


သို့ရာတွင် စိတ်စွမ်းအင် အထိန်းကွပ်မဲ့မှု ရှိသော လူတို့က မလုပ်နိုင်ပေ။ 


သူတို့သည် အဆုံးမဲ့နာကျင်မှုထဲသို့ ကျရောက်ပြီး အခြားအရာကို လုပ်ဆောင်ရန် ခွန်အား မရှိတော့ချေ။


မူလပိုင်ရှင်၏ အဘိုးနှင့်ဖခင်တို့ ပျောက်ကွယ်ပြီးနောက် သူ့စိတ်စွမ်းအင်က ထပ်မံမှားယွင်းသွားပြန်သည်။ ယခုအခါ တပ်ကြီးရှစ်တပ်တို့တွင် စစ်တပ် တပ်မှူးများစွာတို့က မူလပိုင်ရှင်၏နေရာကို မက်မောလျက် လှုပ်ရှားရန် အသင့်ဖြစ်နေကြသည်။


ယန်ကျင်းဇီသည် အချိန်တိုလေးအတွင်း မူလပိုင်ရှင်အကြောင်းကို သိရှိလိုက်ရပြီး မူလပိုင်ရှင်ကို အနည်းငယ် စာနာမိသွားခဲ့သည်။


မူလပိုင်ရှင်က ကောင်းကင်ဘုံ၏ ခံ့ညားသော သားရတနာအဖြစ် မွေးဖွားလာခဲ့သော်ငြား ကံမကောင်းစွာဖြင့် စိတ်စွမ်းအင် အထိန်းကွပ်မဲ့မှုကြောင့် ဘာကိုမှ မလုပ်ဆောင်ရသေးဘဲ စောစောစီးစီး ဆုံးပါးသွားရသည်။


မကူးပြောင်းခင်က သူဟာ ဘယ်သူမှန်း သူ မသိပေမယ့် ဝတ်မယ့်လူကို ရွေးတာတော့ တကယ် တော်တယ်! သူက ကမ္ဘာ့ထိပ်ဆုံးမှာ ရပ်တည်နေတဲ့ လူဆီကို ကူးပြောင်းလာတာ အံ့ဩစရာပဲ!


ဤအဆင့်အတန်းနှင့် သူသည် အခြေခံအားဖြင့် သူ လုပ်ချင်သမျှကို လုပ်ဆောင်နိုင်ပြီး သူ စားချင်သမျှကို စားနိုင်ကာ ဘာကိုမှ ကြောက်စရာမလိုပေ။


အမှန်ပင်၊ သူကိုယ်တိုင်ကလည်း အရမ်းတော်သည်။


သူ့တွင် အရည်အချင်းမရှိလျှင် သူဟာ ဤလူအဖြစ် ကူးပြောင်းလာလျှင်တောင်မှ ဖြုတ်ချခံရနိုင်ပြီး သင်္ဂြိုဟ်စရာ နေရာတစ်နေရာပင် မရှိဘဲ သေဆုံးသွားနိုင်လောက်သည်။ သို့သော် သူ့တွင် အရည်အချင်း ရှိ၏။


သူက ဉာဏ်ကြီးရှင်! သာမန်လူတွေထက် အများကြီး သာလွန်တဲ့ စိတ်စွမ်းအင်ကို ပိုင်ဆိုင်ထားတယ်! သူ့စိတ်စွမ်းအင်က ကြယ်တာရာ မဟာမိတ် (Galactic Alliance) ရဲ့ သမိုင်းထဲက အသန်မာဆုံးထက်တောင် ပိုသန်မာနေသေးတယ်!


မူလပိုင်ရှင်အနားမှ လူများက မူလပိုင်ရှင် ထိုတပ်မှူးများထံ၌ အသတ်ခံရမည်အား တကယ်ပင် စိုးရိမ်နေခဲ့ကြသော်ငြား ယခုမူ သူတို့ လုံးဝ စိတ်ပူစရာမလိုတော့ချေ။


ဘာလို့ဆို သူက အရမ်းအစွမ်းထက်တယ်လေ!


“ အရှင်၊ အခု အရှင့်မှာ ဒီလောက် သန်မာတဲ့ စိတ်စွမ်းအင် ရှိလာပြီဆိုတော့ ဘာကိုမှ ကြောက်စရာ မလိုတော့ဘူး။ အရှင့်ရဲ့ တည်နေရာကိုလည်း ဖုံးကွယ်ထားစရာ မလိုတော့သလို အရှင့်ရဲ့ လက်ထပ်ပွဲကိုလည်း သင့်တော်တဲ့ ပုံစံနဲ့ ဆောင်ရွက်နိုင်ပြီ... ” ဆံပင်ရွှေရောင်ဖျော့ သက်လတ်ပိုင်း အမျိုးသားက ဆိုသည်။


“ ဘာ? လက်ထပ်ပွဲ? ” ယန်ကျင်းဇီ အံ့အားသင့်သွားသည်။ မူလပိုင်ရှင်က လက်ထပ်တော့မှာလား? သူက သူစိမ်းတစ်ယောက်နဲ့ လက်ထပ်ရတော့မှာလား? သူ ငြင်းတယ်!


“ တောင်းပန်ပါတယ် အရှင်။ အရှင့်ကို ပြောပြဖို့ မေ့သွားတယ်... အရှင်က အကူဆရာတစ်ယောက်ကို အရှင့်ရဲ့ အိမ်ထောင်ဖက်အဖြစ် ကိုယ်တိုင်ကိုယ်ကျ ရွေးချယ်ခဲ့တယ်။ ” ဆံပင်ရွှေရောင်ဖျော့ သက်လတ်ပိုင်း အမျိုးသားက ဆက်ပြောပြပြန်သည်။ သူသည် မူလပိုင်ရှင်၏ အိမ်တော်ထိန်း ဖြစ်ပြီး Allen ဟု ခေါ်ကာ အင်အားကြီးသော အဆင့် S စစ်သည်တော် ဖြစ်သည်။


အဆင့် S စစ်သည်တော်သည် ကြယ်တာရာ မဟာမိတ် (Galactic Alliance) တွင် အလွန်မြင့်သော အဆင့်အတန်း ရှိသော်လည်း သူသည် ယန်ကျင်းဇီရှေ့တွင် လေးစားမှုရှိပြီး သူ့စိတ်စွမ်းအင်ဆိုလျှ

င် စိတ်အတွင်းထဲမှ ခယအောက်ကျို့ခြင်းကိုပင် ပွင့်ပွင့်လင်းလင်း ဖော်ထုတ်ပြထားသည်။


မူလပိုင်ရှင်အတွက် အသက်သေရန်ပင် အဆင်သင့်ဖြစ်နေသော ဤသစ္စာရှိလက်အောက်ငယ်သားများမှာ မူလပိုင်ရှင်၏ဖခင်က သူ့အတွက် ထားရစ်ခဲ့ခြင်းဖြစ်သည်။


ယန်ကျင်းဇီသည် Allen ထံမှ မူလပိုင်ရှင်၏ လက်ထပ်ပွဲနှင့် ပတ်သက်သော အကြောင်းအရာအားလုံးကို သိလိုက်ရသည်။


မူလပိုင်ရှင်၏ စိတ်စွမ်းအင် အထိန်းကွပ်မဲ့မှုများကြောင့် သူသည် သဘာဝကျစွာပင် သူ့စိတ်စွမ်းအင်ကို သက်သာစေမည့် နူးညံ့သော စိတ်စွမ်းအင် ရှိသည့် အကူဆရာတစ်ယောက်ကို လိုချင်ခဲ့သည်။ သို့သော် မူလပိုင်ရှင်တွင် သန်မာသော စိတ်စွမ်းအင် ရှိရုံသာမက အကူဆရာများနှင့် နည်းပါးသော လိုက်ဖက်နှုန်းလည်း ရှိနေ၏။ အကူဆရာတိုင်းနီးပါးက သူနှင့် လိုက်ဖက်နှုန်း 30% ကိုပင် မကျော်လွန်ကြချေ။


မူလပိုင်ရှင်သည် သင့်လျော်သော အကူဆရာကို မရှာနိုင်သောကြောင့် သေဖို့ရန်သာ စောင့်ဆိုင်းနိုင်ခဲ့သည်။ ရလဒ်ကမူ ဤအချိန်မှာ မြို့တော်၌ နာမည်ကြီးပြီး အကူဆရာများစွာ ရှိသော ရှမိသားစုတွင် အဆင့် S အမျိုးသမီး အကူဆရာတစ်ဦး ရုတ်တရက် နိုးကြားလာခဲ့သည်။


မူလပိုင်ရှင်က သူ(မ)ကို ရုပ်ဖျက်၍ တစ်ကြိမ်သွားတွေ့ခဲ့သည်။ ဒီအမျိုးသမီး အကူဆရာက သူနဲ့ လိုက်ဖက်နှုန်း 50% တောင် ရှိတာကို တွေ့လိုက်ရတယ်!


ထိုအချိန်တွင်ပင် မူလပိုင်ရှင်၏ ခန္ဓာကိုယ်အခြေအနေသည် အလွန်ဆိုးရွားနေပြီဖြစ်ပြီး တပ်ရှစ်တပ်က သေးငယ်သော လှုပ်ရှားမှုများကို ဆက်တိုက်လုပ်ဆောင်နေသည်။ ဤအမျိုးသမီးအကူဆရာ၏ အနားတွင်လည်း တပ်ရှစ်တပ်မှ လူများ ရှိနေသေးသည်...


မူလပိုင်ရှင်နှင့် သူ၏ လက်အောက်ငယ်သားတို့သည် ဤအမျိုးသမီးအကူဆရာကို လျှို့ဝှက်စွာ ခေါ်ထုတ်ရန် စီစဉ်ခဲ့ကြသည်။


တိုက်ဆိုင်စွာပင် သူတို့သည် ဤအမျိုးသမီးအကူဆရာ၌ ငယ်စဉ်ကတည်းက ချမ်းသာသော မိုင်းပိုင်ရှင်တစ်ဦးနှင့် လက်ထပ်စာချုပ် ရှိခဲ့ကြောင်း သိလိုက်ရသဖြင့် ထိုလူ၏ မိုင်းတွင်းနှင့် ပုဂ္ဂိုလ်အထောက်အထားတို့ကို တိုက်ရိုက်ဝယ်ယူကာ လက်ထပ်ပွဲ တောင်းဆိုရန် ကြယ်မြို့တော်ဂြိုဟ်သို့ (Capital Star) သွားခဲ့ကြသည်။ 


ရှမိသားစုက လုံးဝ မလိုလားလောက်ကြောင်းကိုလည်း သူတို့ သိထားပြီး ရှမိသားစုက သဘောမတူလျှင် ဖိအားပေးရန် သို့မဟုတ် ရှမိသားစုကို ပြင်ဆင်မှုအနည်းငယ် ပြသရန် အဆင်သင့်ပြင်ထားခဲ့ကြသော်ငြား ရှမိသားစုက သဘောတူလိမ့်မည်ဟုတော့ သူတို့ လုံးဝ မထင်ထားခဲ့ကြပေ။  


သို့သော်လည်း သူတို့ ထိုရှမိန်းကလေးကို လူလွှတ်မကြိုခိုင်းမီ မူလပိုင်ရှင်၏စိတ်စွမ်းအင်က ထပ်မံသောင်းကျန်းလာခဲ့ပြန်သည်...


အချိန်တိုအတွင်း ထိုရှမိန်းကလေးကို ဘယ်သူကမှ ဂရုမစိုက်တော့သော်ငြား... ရှမိသားစုဘက်က လက်ဦးမှုယူ၍ လူလွှတ်လိုက်သည် ဟူသော သတင်းကို သူ ရလိုက်သည်။


ယန်ကျင်းဇီ : “ ... ”


ယန်ကျင်းဇီသည် သူ၏ ဆက်သွယ်ကိရိယာ (contact terminal) ကို ထုတ်ယူပြီး အင်တာနက်ပေါ်ရှိ ရှမိန်းကလေး၏ အခြေအနေကို စစ်ဆေးလိုက်သည်။


မူလပိုင်ရှင်၏ အိမ်ထောင်ဖက်မှာ ရှချီချီဟု အမည်ရှိပြီး ရှမိသားစုတွင် အဆင့်ခုနစ် ဖြစ်သည်။ သူ(မ)ဟာ အလွန့်အလွန် လှ‌ပသော အမျိုးသမီး ဖြစ်၏။ အင်တာနက်ပေါ်ရှိ သတင်းများကို ဖတ်ရှုကြည့်ရာ သူ(မ)တွင် ပိုးပန်းသူ အများအပြားလည်း ရှိနေသေးသည်။


သို့ရာတွင် သူ(မ) လက်ထပ်တော့မည် ဟူသော သတင်းများ အင်တာနက်ပေါ်တွင် လုံးဝ မရှိချေ။


“ သူ(မ)က လက်ထပ်ဖို့ တကယ် သဘောတူလား? ” ယန်ကျင်းဇီက မေးသည်။


“ သဘောတူတယ်။ ရှမိသားစုရဲ့ အာကာသယာဉ်က ကျွန်တော်တို့စံအိမ်ကို လာနေပါပြီ။ ” အိမ်တော်ထိန်း Allen က ဖြေသည်။


“ ငါ သူ(မ)ကို လက်မထပ်ချင်ဘူး။ ငါ သူ(မ)ကို မကြိုက်ဘူး။ ” ယန်ကျင်းဇီသည် မဆိုင်းမတွ ပြောလိုက်သည်။ သူသည် တစ်စုံတစ်ယောက်ကို ရှာဖို့ရန် ဤနေရာသို့ ရောက်လာသည်ဟု ခပ်ရေးရေး ခံစားနေရသော်လည်း သူ ရှာနေသူမှာ သေချာပေါက် ဤအမျိုးသမီး မဟုတ်ချေ။


“ အရှင်၊ အရှင့်ရဲ့ စိတ်စွမ်းအင်က အခု တိုးတက်နေပြီဆိုပေမယ့် အရမ်းအားပြင်းနေတုန်းပဲ။ အရှင် သင့်တော်တဲ့ အကူဆရာတစ်ယောက်ကို လိုအပ်တယ်... ” အိမ်တော်ထိန်း Allen က ပြောသည်။


“ ငါကိုယ်တိုင် လူရှာမယ်! ” ယန်ကျင်းဇီက ဆိုသည်။


အိမ်တော်ထိန်း Allen သည် ယန်ကျင်းဇီကို စိုးရိမ်တကြီး ကြည့်ကာ ဖြောင်းဖြလိုက်သည် : “ အရှင်၊ ရှမိန်းကလေးက ကျွန်တော်တို့ ရှာနိုင်တဲ့ အသင့်တော်ဆုံး အကူဆရာပါ။ ”


“ ပိုကောင်းတာ ရှိရမယ်။ တကယ်တော့ ငါ အကူဆရာ လိုလိမ့်မယ်လို့တောင် မထင်ဘူး။ ” ယန်ကျင်းဇီသည် သူ့စိတ်စွမ်းအင်က အလွန်ငြိမ်းချမ်းနေကြောင်း ခံစားနိုင်နေသည်။ ထိုနေရာတွင် လုံးဝ ပြဿနာမရှိလေရာ အကူဆရာတစ်ယောက် လုံးဝ မလိုအပ်ချေ။


“ ဒါပေမယ့် ရှမိသားစုက ရှမိန်းကလေးကို လွှတ်လိုက်ပြီ... ဘယ်လိုပဲဖြစ်ဖြစ် အရှင် သူ(မ)ကို သွားတွေ့သင့်တယ်။ သူ(မ)က အရမ်းလှတဲ့ မိန်းမပျိုပါ။ အရှင် သူ(မ)ကို သဘောကျလိမ့်မယ်လို့ ကျွန်တော် ယုံကြည်တယ်။ ”


ယန်ကျင်းဇီသည် ထိုရှမိန်းကလေးကို တွေ့ရမည်အား တကယ် စိတ်မဝင်စားပေ။ သူသည် ၎င်းကို သူ့စိတ်နှလုံး၏ အောက်ခြေထဲမှပင် ငြင်းပယ်သည်။


ဤအခိုက်တွင် လူတစ်ယောက် ဝင်လာပြန်သည် : “ အရှင်၊ စံအိမ်က သတင်း ရောက်တယ်။ ”


“ ဘာသတင်းလဲ? ” ယန်ကျင်းဇီက မေးသည်။


“ ရှမိသားစုက ရှမိန်းကလေးကို မပို့လိုက်ဘူး... ရှမိသားစုရဲ့ သခင်လေးတစ်ယောက်က ဒီလက်ထပ်ပွဲကို သဘောကျသွားပြီး ရှမိန်းကလေးဆီက လက်ထပ်ပွဲ လုလိုက်တယ်လို့ ပြောတယ်။ ”


ယန်ကျင်းဇီ : “ ... ”


____