အပိုင်း ၁၅၃ ( Mine Owner 2 )
Viewers 10k

ယန်ကျင်းဇီသည် မူလပိုင်ရှင်၏ မှတ်ဉာဏ်များ မရှိသော်ငြား ထိုစကားကို ကြားသောအခါ ဆွံ့အသွားရသည်။


ရှမိသားစုရဲ့ အလိမ်က အရမ်းအဓိပ္ပာယ်မဲ့လိုက်တာ... သူများတွေက တုံးအတယ်လို့ သူတို့ ထင်နေတာလား?


ရှမိသားစုရဲ့ သခင်လေးက ဒီလက်ထပ်ပွဲကို သဘောကျပြီး ရှမိသားစုရဲ့ သခင်မလေးဆီက လက်ထပ်ပွဲကို လုယူလိုက်တယ်လား? ဒါ မဖြစ်နိုင်ဘူး!


အဆင့် S အကူဆရာများသည် အဖိုးတန်လွန်းလှသည်။ ကြယ်တာရာ မဟာမိတ် (Galactic Alliance) တစ်ခုလုံးတွင် အဆင့် S အကူဆရာ အယောက်ခြောက်ဆယ်ပင် မကျော်ချေ။ မည်သူနှင့်မျှ နှောင်ကြိုးမဖွဲ့ရသေးသော ရှချီချီကဲ့သို့ လှပငယ်ရွယ်သူမှာ ဆယ်ယောက်အောက်သာ ရှိသည်။


ထိုသို့သော လူကို ရှမိသားစုက ရတနာအဖြစ် တန်ဖိုးထားလောက်သည်။ ဘယ်သူက သူ(မ)ရဲ့ လက်ထပ်ပွဲကို လုယူနိုင်မှာလဲ?


အမှန်ပင်၊ ရှမိသားစုက သူ(မ)၏ အဆင့် S အကူဆရာ အထောက်အထားကို မထုတ်ဖော်ထားဘဲ အဆင့် A ဖြစ်သည်ဟုသာ ပြောထားသည်။ သူ(မ)၏ အဆင့်အစစ်ကို မူလပိုင်ရှင်ဘက်မှ လူများက လျှို့ဝှက်ရှာတွေ့ခဲ့ခြင်း ဖြစ်သည်။ သို့သော်လည်း အဆင့် A အကူဆရာဆိုလျှင်ပင် အလွန်အဖိုးတန်နေပြီပင်။


ရှမိသားစုက သူတို့သမီးကို လက်ထပ်ပေးဖို့ရန် တွန့်ဆုတ်နေသောကြောင့် နောက်ထပ်သားတစ်ယောက်ကို ထုတ်လာခြင်း ဖြစ်လောက်သည်။ ထိုသားက အရည်အချင်းမပြည့်မှီလောက်ချေ။


“ ဒီရှမိသားစု... ဟေး! ” အိမ်တော်ထိန်း Allen က လှောင်ရယ်လိုက်ပြီး ယန်ကျင်းဇီကို မျက်နှာမူထားသည့် သူ၏ အလွန်ရိုကျိုးသော အကြည့်များထဲတွင် အေးစက်စက် အလင်းတန်း ဖြတ်သွားသည်။


“ ငါ သူတို့ကို အပြစ်မတင်နိုင်ဘူး။ ငါလည်း ရှမိသားစုဆိုရင် အဲ့လိုအရည်အချင်းရှိတဲ့ သမီးတစ်ယောက်ကို လက်ထပ်ပေးဖို့ လိုလားမှာ မဟုတ်ဘူး။ ဒါပေမယ့် အခုရော အဲ့ရှသခင်လေးကို တန်းပြီးပြန်ပို့ဖို့ ဖြစ်နိုင်ပြီလား? ” ယန်ကျင်းဇီက မေးသည်။


မူလပိုင်ရှင်ဟာ ရုပ်ပိုင်းဆိုင်ရာ အကြောင်းအရင်းကြောင့် မကြာမီက သေဆုံးသွားသည်။ သူ့လက်အောက်မှ တပ်ကြီးရှစ်တပ်က လွတ်လပ်ချင်နေခဲ့ပြီး လူအချို့က မူလပိုင်ရှင်ကို သတ်ချင်ခဲ့ကြသည်... ထို့ကြောင့် မူလပိုင်ရှင်က ရှမိန်းကလေး၏ စေ့စပ်ထားသူကို အစားထိုးပြီး လက်ထပ်ခွင့်တောင်းခဲ့ခြင်းပင်။


ဤမိုင်းပိုင်ရှင်က ချမ်းသာပြီး အဆင့် A စစ်သည်တော် ဖြစ်သော်ငြား ကြယ်မြို့တော်ဂြိုဟ် (Capital Star) ၏ ထိပ်တန်းလူငယ်များနှင့် ယှဉ်လျှင်တော့ သေချာပေါက် ဘာမှမဟုတ်ချေ။


အဆုံးတွင်မူ အဆင့် S စစ်သည်တော်များ၏ အရေအတွက်မှာ အဆင့် S အကူဆရာများ၏ အရေအတွက်ထက် များစွာပိုများသည်ပင်။ လူဦးရေ ရာပေါင်းများစွာ ရှိပြီး ရှချီချီ၏အသက်နှင့် နီးစပ်ပြီး နှောင်ကြိုးမဖွဲ့ရသေးသူတို့မှာ အနည်းဆုံး လူနှစ်ဆယ် ရှိသည်။ ထို့အပြင် ထိုလူများတွင် အများအားဖြင့် ရှမိသားစုထက် များစွာသာလွန်သော မိသားစုနောက်ခံ ရှိကြသေးသည်။ 


ရှချီချီ၏အရည်အချင်းဖြင့် သူ(မ)ဟာ အဆင့် S စစ်သည်တော်နှင့် လက်ထပ်နိုင်ပေသည်။


မူလပိုင်ရှင်နှင့် Allen တို့ နှစ်ဦးစလုံးသည် ရှမိသားစု၏ သဘောမတူညီမှုအတွက် ပြင်ဆင်ထားခဲ့ကြသည်။ တကယ်တော့ သူတို့သည် ဤလူအထောက်အထားကို ရှမိသားစုနှင့် ဆက်သွယ်ဖို့ရန်သာ အသုံးပြုချင်ခဲ့ကြ၏။


ရှမိသားစုနှင့် အဆက်အသွယ်ရပြီးနောက် သူတို့သည် ရှမိသားစုအား လက်ဆောင်ငယ်အဖြစ် ဂြိုဟ်အနည်းငယ်ကို ပစ်ပေးလိုက်မည်ဖြစ်ပြီး ရှမိသားစုက သဘောတူသွားလိမ့်မည်ဟု သူတို့ ယုံကြည်ကြသည်။


မည်သို့ပင်ဖြစ်စေ ရှမိသားစုက ယခုအချိန်တွင် အတော်လေး ငွေပြတ်နေကြသည်ပင်။


သို့သော်လည်း ရုတ်တရက် ဖြစ်လာသော ယန်ကျင်းဇီ၏ စိတ်စွမ်းအင် ပြဿနာကြောင့် အိမ်တော်ထိန်း Allen သည် လက်ထပ်ပွဲနှင့်ပတ်သက်၍ ‌ဆွေးနွေးရန် လူတစ်ဦးအား စကားပြောခိုင်းထားသော်ငြား သူ့တွင် ရှမိသားစုကို ဆက်သွယ်ရန် အချိန်မရှိခဲ့ပေ။


ရှမိသားစုဘက်ကသာ လက်ထပ်ဖို့ သဘောတူပြီး လက်ဦးမှုရယူ၍ တံခါးဝသို့ လူလွှတ်ခဲ့ခြင်း ဖြစ်သည်။ အစပိုင်းတွင် ရှမိသားစုက တကယ် အပို့ခံရသူမှာ ထိုရှချီချီ မဟုတ်ဘဲ ရှမိသားစု၏ သခင်လေး ဖြစ်ကြောင်း မပြောပြခဲ့ချေ။


“ အရှင်၊ ရှမိသားစုကို အလွယ်တကူ ခွင့်မလွှတ်သင့်ပါဘူး။ ” အိမ်တော်ထိန်း Allen က ပြောသည်။ ရှမိသားစုက လူလွှတ်လိုက်သည်ဟု ကြားသိရခါစတွင် သူသည် ရှမိသားစုက အတော်ကောင်းသည်ဟု တွေးနေခဲ့သေးသော်လည်း ယခုမူ ရှမိသားစုကို ရွံရှာမိသည် : “ ရှမိသားစုက ကျွန်တော်တို့ဆီမှာ ငွေအများကြီး ကြွေးတင်ထားတယ်။ ”


ရှမိသားစုဟာ အကူဆရာများစွာ ရှိသည့် အထက်တန်းလွှာ အဆင့်အတန်းရှိ မိသားစုကြီး ဖြစ်သော်ငြား ရှမိသားစု၏ စစ်သည်တော်အများစုမှာ အလားအလာမရှိချေ။ သူတို့သည် ဤနှစ်များတွင် သူတို့၏ အကူဆရာများကို လက်ထပ်ပေးခြင်းဖြင့် “ငွေရှာနေခြင်း” ဖြစ်သည်။ 


အိုး၊ ရှမိသားစုမှ စစ်သည်တော်အားလုံးကတော့ မျှော်လင့်ချက်မဲ့နေခြင်း မဟုတ်ပေ။ လွန်ခဲ့သော နှစ်အနည်းငယ်က အားကောင်းသော အဆင့် A စစ်သည်တော်တစ်ဦးသည် ရှမိသားစုထဲမှ ထွက်လာပြီး Major General ရာထူးအထိ တလျှောက်လုံး ရရှိခဲ့သော်လည်း လွန်ခဲ့သော တစ်နှစ်ကျော်က သူ ရုတ်တရက် ပျောက်သွားခြင်းမှာ စိတ်မကောင်းစရာပင်။


ရှချီချီနှင့် စေ့စပ်ထားသော မိုင်းပိုင်ရှင်သည် အစွန်အဖျားဂြိုဟ်တစ်ခုတွင် နေထိုင်သည်။ အိမ်တွင် မိုင်းတွင်း ရှိပြီး သူက အလွန်အလွန် ချမ်းသာသော်လည်း ကြယ်မြို့တော်ဂြိုဟ် (Capital Star) ၏ လူအမြင်ထဲတွင်တော့ သူဟာ ကျေးလက်မှ သူဌေးတစ်ယောက်သာ ဖြစ်သည်။ သူတို့သည် တကယ်ပင် ဤမိုင်းပိုင်ရှင်ကို အထင်သေးကြသည်။


သို့သော် မိုင်းပိုင်ရှင်က ရှမိသားစုကဲ့သို့ ဆွေကြီးမျိုးကြီးမှာ အလွန်မြင့်မြတ်သည်ဟု ခံစားရသည်။


ရှချီချီသည် ဒုတိယအကြိမ်မြောက် စိတ်စွမ်းအင်နိုးကြားခဲ့ပြီး အဆင့် S အကူဆရာ ဖြစ်လာသည်။ တကယ်တော့ အစပိုင်းတွင် သူ(မ)ဟာ အဆင့် E အမှိုက်အကူဆရာသာ ဖြစ်ခဲ့သည်။ 


ရှမိသားစုသည် အကူဆရာက ပို၍ အဖိုးတန်သည် ဟူသော အချက်ကို မှီခိုအားထားခဲ့ပြီး ထိုအချိန်၌ ရှမိသားစု၏ အထက်တန်းလွှာ အဆင့်အတန်းက အဆင့် E အကူဆရာသာ ဖြစ်သော ရှချီချီကို မိုင်းပိုင်ရှင်နှင့် စေ့စပ်စေခဲ့သည်။ နှစ်များတလျှောက် သူတို့သည် မိုင်းပိုင်ရှင်၏ အိမ်မှ ငွေများစွာကို ဆက်တိုက် ချေးယူလာခဲ့ကြသည်။ 


ယခုအခါ မူလပိုင်ရှင်သည် မိုင်းပိုင်ရှင်၏ လူအထောက်အထားကိုပင် ဝယ်ယူခဲ့ရာ ဤ IOU များလည်း သူတို့လက်ထဲတွင် ရှိနေသည်။


ထို့အပြင် သူတို့သည် လက်ထပ်ခွင့်မတောင်းမီ ပစ္စည်းများစွာကိုလည်း တကယ်ပင် ယူ‌ဆောင်သွားခဲ့သည်။ ခန့်မှန်းရသည်မှာ ရှမိသားစုက ထိုပစ္စည်းများကိုသာ လိုချင်ပြီး သူတို့၏ သမီးငယ်လေးကို ထုတ်ပေးရန် တွန့်ဆုတ်သောကြောင့် အတုတစ်ယောက်ကို ရှာ၍ ပို့လိုက်သည်ဟုပင်။


“ မင်း ဖြေရှင်းလိုက်ပါ။ ” ယန်ကျင်းဇီက ပြောပြီးနောက် ရုတ်တရက် တစ်ခုတွေးမိသွားသည် : “ ဟိုရှသခင်လေးလည်း နစ်နာသူပဲ။ အခြားသူတွေကို မထိခိုက်စေနဲ့။ ”


“ ဟုတ်ကဲ့ပါ အရှင် ” အိမ်တော်ထိန်း Allen က ဆက်ပြောသည် : “ အရှင်က တကယ်ကို ကြင်နာတတ်တဲ့သူတစ်ယောက်ပဲ။ ” ထိုသို့ပြောလျက် Allen သည် ယန်ကျင်းဇီကို စိတ်လှုပ်ရှားစွာ ကြည့်လိုက်သည်။


သူ့အရှင်တွင် စိတ်စွမ်းအင် များပြားလွန်းနေခဲ့လောက်သဖြင့် သူ့အရှင်က ကိုယ်ခန္ဓာမသက်မသာဖြစ်မှုကို ခံစားခဲ့ရသည်။ သူဟာ ငယ်ငယ်ကတည်းက ဒေါသကြီးသည်။ လွန်ခဲ့သော နှစ်အနည်းငယ်က စိတ်စွမ်းအင် အထိန်းကွပ်မဲ့မှုကြောင့် သူက ပို၍ပင် စိတ်ပြောင်းလွယ်လာသည်... သူသာ ယခင်ကကဲ့သို့ဆိုလျှင် သေချာပေါက် ရှမိသားစု၏ သခင်လေးကိုလည်း အဆင်မပြေအောင် လုပ်လိမ့်မည်ပင်။


ယခုအခါတွင်မူ အရှင်၏စိတ်စွမ်းအင်က တိုးတက်လာပြီဖြစ်ရာ လူတစ်ယောက်လုံးလည်း အေးချမ်းသွားသည်... သူ့အရှင်ဟာ တကယ့်ကို နူးညံ့သိမ်မွေ့သူတစ်ဦး ဖြစ်သည်။


ယန်ကျင်းဇီသည် Allen ၏ အတွေးများကို မသိပေ။


Allen နှင့် အချိန်အတော်ကြာ စကားစမြည်ပြောပြီးနောက် သူသည် ဗိုက်ဆာလာကာ ဤအချိန်တွင် တစ်စုံတစ်ဦးက အရသာရှိသော စားသောက်ဖွယ်ရာများကို လာပို့သည်။


တကယ်တော့ သူသည် ယခုအချိန်တွင် ကြယ်မြို့တော်ဂြိုဟ်သို့ (Capital Star) ဦးတည်နေသော အာကာသယာဉ်ပေါ်၌ ရောက်ရှိနေခြင်းဖြစ်သည်။


သာမန်လူများသည် အာကာသယာဉ်ပေါ်တက်ပြီး ကျယ်ပြောလှသော စကြဝဠာထဲသို့ ဝင်ရောက်သောအခါ ဂြိုဟ်ရှိ လူများနှင့် လုံးဝ မဆက်သွယ်နိုင်သော်ငြား မူလပိုင်ရှင်၏ အာကာသယာဉ်ကတော့ ကွဲပြားပြီး ၎င်းက သူ့အား ကြယ်မြို့တော်အနီးရှိ သူ့စံအိမ်မှ သတင်းများကို သိရှိနိုင်စေသည်။


ထိုမျှတင်မက သူသည် အလုံအလောက် ကြွယ်ဝသောကြောင့် အခြားသော သယ်ယူရန် လွယ်ကူအဆင်ပြေသည့် အာဟာရစားစရာများအား အာကာသခရီးရှည်အတွင်း၌ စားရန် မလိုချေ – သူ့စားဖိုမှူးက သူ့အတွက် အလွန်အရသာရှိသော စားသောက်ဖွယ်ရာများကို ချက်ပြုတ်ပေးသည်။


Havel ဂြိုဟ်၏ နှင်းတောင်များရှိ အဖြူရောင်သစ်မြစ်များပေါ်တွင် ပေါက်ရောက်သော မှိုနှင်းဖြူများ၊ Kekasi ဂြိုဟ်တွင်သာ ရှာတွေ့နိုင်သော အနီရောင်ငါးရှဉ့်များ၊ အရသာရှိမြေအောင်းမှိုများနှင့် ချက်ထားသည့် အမွှေးအကြိုင်ကဲသော ဒေါ်လာတစ်ထောင်တန် ဝက်သားဟင်း...


ယန်ကျင်းဇီသည် အလွန်အရသာရှိသည်ဟု ထင်မိသည်။ ပါဝင်ပစ္စည်းများ၏ အမျိုးအစားများကို မေးပြီးနောက် သူ အံ့အားသင့်သွားရသည်။ 


သူ၏ ဤအစားအစာများ ကုန်ကျမှုတန်ဖိုးက အနည်းဆုံးတော့ ကြယ်မြို့တော်ရှိ သာမန်အိမ်တစ်လုံးဖိုး ရှိသည်။


မူလပိုင်ရှင်၏ဘဝဟာ တကယ်ပင် ခမ်းနားကြီးကျယ်သည်။


သို့ရာတွင် မူလပိုင်ရှင်က အမှန်ပင် ပိုမိုဇိမ်ခံသင့်သည်။ သူ့မိသားစုတွင် သူတစ်ယောက်တည်းသာ ရှိပြီး သူ့တွင် သူ သုံးဖြုန်းနိုင်သည်ထက် ပိုသော ပိုက်ဆံများ ရှိနေသည်။


တန်ဖိုးကြီးသော အာကာသယာဉ်သည် ကိုယ်ပျောက်မုဒ်ကို ဖွင့်ထားသည်။ မူလက ၎င်းသည် လျင်မြန်စွာ ရှေ့သို့ရွေ့လျားနေသော်ငြား ယန်ကျင်းဇီ၏ ကောင်းမွန်သော စိတ်စွမ်းအင်ကြောင့် ၎င်းက ဖြည်းညှင်းစွာသာ ရှေ့သို့မောင်းနှင်တော့ပြီး Allen ၏ လမ်းညွှန်မှုအောက်တွင်လည်း ၎င်းက ရှုခင်းသာ ခရီးလမ်းကြောင်းသို့ ပြောင်းလဲသွားသည် — ယန်ကျင်းဇီသည် စကြဝဠာ၏ ရှုခင်းများကို ကြည့်ရှုရခြင်းအား နှစ်သက်သည်။


ယန်ကျင်းဇီ အလွန်စိတ်ကျေနပ်နေသည်။


ရလဒ်ကမူ လမ်းတစ်ဝက်တွင် အာကာသယာဉ်သည် ဘေးအန္တရာယ် ကျရောက်ခြင်း အချက်ပေးမှုတစ်ခုကို ရရှိခဲ့သည်။


မူလပိုင်ရှင်က အပြည့်အစုံ ရှိုးလုပ်ခဲ့၏။ လွန်ခဲ့သော ရက်အနည်းငယ်က သူသည် မိုင်းပိုင်ရှင်၏ ဂြိုဟ်သို့ သွား၍ လူအထောက်အထား အသိအမှတ်ပြုစာရွက်ကို ရယူခဲ့သည်။ လူအထောက်အထား အသိအမှတ်ပြုစာရွက်မှ နာမည်မှာ သူနှင့် တူပြီး ယန်ကျင်းဇီဟု ခေါ်သည်။


ပြီးနောက် ယခုအခါ သူတို့သည် မိုင်းပိုင်ရှင် ပိုင်သော ဂြိုဟ် ဖြစ်သည့် တွင်းထွက်ကြယ် (Mineral Star) မှ ကြယ်မြို့တော်ဂြိုဟ် (Capital Star) ၏ ဦးတည်ရာသို့ အမြန်သွားနေကြသည်။


တွင်းထွက်ကြယ်သည် ကြယ်မြို့တော်နှင့် ဝေးကွာပြီး အတော်လေး ခေါင်သည်။ ယခုအချိန်တွင် သူတို့ရှိရာအရပ်သို့ လူအများစုက မလာကြတော့ချေ။ ထိုကဲ့သို့သော အားနည်းသည့် ဘေးအန္တရာယ် ကျရောက်ခြင်း အချက်ပေးမှုဟာ မူလပိုင်ရှင်၏ အဆင့်မြင့်အာကာသယာဉ်ကြောင့်သာ မဟုတ်လျှင် သူတို့သည် ၎င်းကို မရရှိနိုင်လောက်ပေ။


“ သူတို့ကို ဆက်သွယ်ပြီး လူသွားကယ်ရအောင်။ ” ယန်ကျင်းဇီက ပြောသည်။


Allen သည် ယန်ကျင်းဇီက ကြင်နာသည်ဟု ပြောလျက် ယန်ကျင်းဇီကို ထပ်မံချီးကျူးလာပြန်သည်။


ယန်ကျင်းဇီ : “ ... ” သူက အကူအညီတောင်းတဲ့လူတွေကို ကြည့်ပဲကြည့်ပြီး သူတို့ကို ကယ်ဖို့ ရည်ရွယ်လိုက်တယ်၊ ကြင်နာမှုတော့ အတိအကျ မဟုတ်ဘူးမလား? သို့ရာတွင် သူ့အနားမှ လူများ၏ သဘောထားကို ကြည့်ပြီး ခန့်မှန်းကြည့်ရာ... မူလပိုင်ရှင်တွင် ကောင်းမွန်သော စိတ်သဘောထား ရှိပုံမပေါ်ချေ။


ယန်ကျင်းဇီသည် သိပ်မတွေးပေ။ ဤကမ္ဘာတွင် စိတ်စွမ်းအင်၏ အခန်းကဏ္ဍက ပြင်းထန်လွန်းသည်။ အားကောင်းသော စိတ်စွမ်းအင်ရှိသူသည် သန်မာသော တိုက်ခိုက်ရေးစွမ်းအား ရှိသည်။ သူ၏ လက်ရှိစိတ်စွမ်းအင်ဖြင့်... သူသည် ဘယ်သူ့ကိုမှ ကြောက်စရာမလိုချေ။


ဘေးအန္တရာယ် ကျရောက်ခြင်း အချက်ပေးမှု လာသော ဂြိုဟ်မှာ မြေပုံပေါ်တွင် “အန္တရာယ်များသည်” ဟု အမှတ်အသားပြုထားသည့် ဂြိုဟ်တစ်လုံး ဖြစ်ပြီး နံပါတ်မှာ WA865 ဖြစ်သည်။


သာမန်လူများသည် ၎င်းတွင် အန္တရာယ်အဆင့်မြင့်သည်ဟုသာ မြင်နိုင်သော်ငြား ယန်ကျင်းဇီကမူ ကွဲပြားသည်။ Allen က သူ့အား ထိုဂြိုဟ်၏ သတင်းအချက်အလက်ကို တိုက်ရိုက်ပေးခဲ့သည် : “ အရှင်၊ ဒီဂြိုဟ်က အသက်ဇီဝ ရှိတဲ့ ဂြိုဟ်တစ်လုံး ဖြစ်ပေမယ့် အဲဒီ့ဂြိုဟ်ပေါ်က သတ္တဝါတွေက အန္တရာယ်များလွန်းတယ်၊ အရမ်းရှားတဲ့ ဗိုင်းရပ်စ်တွေ အများကြီးနဲ့ အဆိပ်အတောက်ပစ္စည်း အမျိုးမျိုးလည်း ရှိတာကြောင့် အန္တရာယ်ရှိတယ်လို့ သတ်မှတ်ခံရတယ်။ ”


“ လူသွားကယ်ရင် ငါတို့ ထိခိုက်မှာလား? ” ယန်ကျင်းဇီက မေးသည်။


“ မဖြစ်ပါဘူး။ ” Allen က ယုံကြည်မှုအပြည့်နှင့် ဖြေသည်။


ဒါဆို အဆင်ပြေပြီ...


အာကာသယာဉ်က ဂြိုဟ်ဆီသို့ ဖြည်းညှင်းစွာ ချဉ်းကပ်ပြီးနောက် အာကာသယာဉ်၏ ရှာဖွေရေးကိရိယာများမှတဆင့် ယန်ကျင်းဇီရှေ့တွင် ရှုမောဖွယ်ရာ ကမ္ဘာတစ်ခု ပေါ်လာသည်။


ဤဂြိုဟ်ကမ္ဘာရှိ အပင်များအားလုံးသည် အရောင်အသွေး စုံလင်လှပြီး ဤအရောင်စုံအပင်များ၏ အလယ်တွင် ၎င်းတို့ကို အတွင်းအပြင် ကွေ့ပတ်ရှောင်ရှား သွားလာနေသည့် ကြီးမားသည့် အနက်ရောင်သတ္တဝါအချို့ ရှိနေသည်။


ဤအရာများသည် အလွန်အစွမ်းထက်သော သတ္တဝါများ ဖြစ်ကြသည်။


ယန်ကျင်းဇီသည် ထိုသတ္တဝါများကို ကြည့်ကာ သူ့ကိုယ်ထဲမှ တိုက်ခိုက်လိုစိတ် ပြင်းပြလာသည်။


သူ အောက်ဆင်းပြီး တိုက်ခိုက်ချင်တယ်! ဒါနဲ့ သူ့စိတ်စွမ်းအင်ကိုလည်း သုံးမယ်!


စိတ်စွမ်းအင်သည် ယခု သူ့တွင် ရှိနေသည့် အသက်ကယ် ဖြစ်ပြီး သူက မသုံးဘဲ အမြဲမနေနိုင်ပေ။




WA865 ဂြိုဟ်၊ မီတာဒါဇင်ပေါင်းများစွာ မြင့်မားသော သစ်ပင်တစ်ပင်။


တပ်ကြီးရှစ်မှ ဗိုလ်ချုပ် ရှဝေချန်သည် သူ့လက်ထဲရှိ စွမ်းအင် လုံးဝ ကုန်ဆုံးသွားသော အချက်ပြကိရိယာကို ကြည့်ပြီး သူ့မျက်နှာအမူအရာမှာ အရုပ်ဆိုးသွားသည်။


သူနှင့် သူ့လူများသည် ဤဂြိုဟ်ကမ္ဘာပေါ်တွင် ပိတ်မိနေသည်မှာ တစ်နှစ်ကျော်ပြီဖြစ်သည်။


လွန်ခဲ့သည့်တစ်နှစ်‌ကျော်က သူသည် နယ်မြေကင်းလှည့်ရန် အမိန့်ရခဲ့ကာ ရလဒ်ကမူ သူ စီးလာသော စစ်ယာဉ်က ရုတ်တရက် တိုက်ခိုက်ခံရပြီးနောက် ဤဂြိုဟ်ကမ္ဘာပေါ်သို့ ဆင်းသက်ခဲ့သည်။ 


သူသည် အဆင့် A စစ်သည်တော် ဖြစ်ပြီး သူ့လက်အောက်တွင် အဆင့် A စစ်သည်တော်များစွာ ရှိသည်။ စစ်ယာဉ်တွင် ရိက္ခာများစွာ ရှိသဖြင့် သူတို့သည် ဤဂြိုဟ်ပေါ်၌ အချိန်အကြာကြီး ရှင်သန်နေနိုင်ခဲ့သော်လည်း ယခုအခါတွင်မူ သူတို့သည် ဆက်လက်တောင့်ခံရန် မဖြစ်နိုင်လုနီးပါး ဖြစ်လာသည်။


အဘယ့်ကြောင့်ဆိုသော် ဤဂြိုဟ်ရှိ တိရစ္ဆာန်များနှင့် အပင်များတွင် အဆိပ်အတောက်များ ပါ၀င်ပြီး ၎င်းတို့ကို လုံးဝ မစားနိုင်ချေ။ ဤဂြိုဟ်သို့ သူတို့ ယူဆောင်လာသော အစာနှင့်ရေတို့မှာလည်း ကုန်ဆုံးတော့မည်ပင်။


ထိုအတွက်ကြောင့်သာမဟုတ်လျှင် သူသည် သူ၏ နောက်ဆုံးအခွင့်အရေး အကူအညီတောင်းဖို့ရန်ကို အသုံးပြုမည်မဟုတ်ပေ။


“ ဗိုလ်ချုပ်၊ ငါတို့ အခု ဘာလုပ်ကြမလဲ? ” ရှဝေချန်၏ လူတစ်ယောက်က ရှဝေချန်ကို မေးသည်။


“ မကြာခင် ငါတို့ကို ကယ်မယ့်လူ လာလောက်တယ်။ ” ရှဝေချန်သည် သူ၏ ခြောက်သွေ့အက်ကွဲသော နှုတ်ခမ်းများကို လျှာသပ်ကာ သူ့လူများကို ပြုံးပြလိုက်သည်။ 


သို့သော် သူသည် ဤဂြိုဟ်ပေါ်တွင် သူ သေသွားခြင်းက ပို၍ပင် ဖြစ်နိုင်ချေရှိသည်ဟု ခံစားမိသည်...


သူ့စိတ်ထင်က အလွန်မှန်ကန်သည်။ ဤနေရာတွင် သေလိမ့်မည်ဟု သူ တွေးမိပြီးသည်နှင့် သူသည် သူတို့ထံသို့ ရုတ်တရက် ဦးတည်ပြေးလာနေသော ဧရာမသတ္တဝါ အနည်းငယ်ကို ‌တွေ့လိုက်ရသည်။


ဤဂြိုဟ်ပေါ်တွင် မီတာဆယ်ဂဏန်းကျော် မြင့်မားသော ကြီးမားလှသည့် အနက်ရောင်သတ္တဝါများ အများအပြား ရှိ‌သည်။ ဤအနက်ရောင်သတ္တဝါများက ဒိုင်နိုဆောများနှင့် ဆင်တူသည်။ သူတို့က မြက်စားပြီး အသိဉာဏ်မရှိချေ။ သို့သော်လည်း သူသည် ဘာကြောင့်မှန်း မသိရဘဲ သူတို့က သူကဲ့သို့သော လူသားများကို အလွန်မုန်းတီးကြပြီး လူတို့ကို မြင်သည့်အခါတိုင်း လိုက်လံတိုက်ခိုက်ကြကာ စားပင် စားပစ်တတ်ကြသည်။


သူတို့၏ ရဲဘော်များစွာသည် ထိုဧရာမသတ္တဝါများ၏ ပါးစပ်ထဲတွင် သေဆုံးသွားခဲ့ကြ၏။


သာမန်အားဖြင့် သူတို့သည် မြေအောက်၌ အမှန်တကယ် ပုန်းအောင်းနေကြသောကြောင့် ဤအနက်ရောင်သတ္တဝါက သူတို့ကို မရှာနိုင်ခဲ့သော်ငြား ယနေ့တွင်မူ အချက်ပြမှု ပိုမိုကောင်းမွန်စေရန်အတွက် သူတို့သည် သစ်ပင်တစ်ပင်ပေါ်သို့ တက်ခဲ့ကြသည်။


သွားပြီ၊ သူတို့ကို ဒီအနက်ရောင်သတ္တဝါက ရှာတွေ့သွားပြီ!


ဒါပေမယ့် အဆင်ပြေတယ်၊ သူတို့ မပြန်နိုင်တော့တာ အမှန်ပဲ။ တိုက်ပွဲမှာ ပျော်ပျော်ကြီး သေသွားတာက ပိုကောင်းတယ်!


ကံမကောင်းစွာဖြင့် သူတို့ mecha (မက်ခါစက်ရုပ်) ၏ စွမ်းအင် ကုန်ဆုံးသွားသည်မှာ ကြာလှပြီဖြစ်ရာ သူတို့က ဤကဲ့သို့ တန်းတန်းမတ်မတ် သွားရောက်တိုက်ခိုက်လျှင် သတ္တဝါတစ်ကောင်ကိုပင် မသတ်နိုင်လောက်ပေ။  


ရှဝေချန်သည် ခါးသက်စွာ ပြုံးလိုက်ပြီး သူ့လက်ထဲမှ လက်နက်ကို ခပ်တင်းတင်း ဆုပ်ကိုင်လျက် သစ်ပင်ပေါ်မှ ခုန်ဆင်းကာ ရှေ့တွင် ပြေးလာနေသော အနက်ရောင်သတ္တဝါကြီးဆီသို့ အမြန်ပြေးဝင်သွားသည်။


ရလဒ်ကမူ အနက်ရောင်သတ္တဝါကြီးပေါ်သို့ သူ ခုန်လိုက်သည့်အချိန်တွင် mecha (မက်ခါစက်ရုပ်) တစ်ခုက ကောင်းကင်မှ ရုတ်တရက် ကျလာသည်...


ရှဝေချန်သည် လျင်မြန်စွာ တုံ့ပြန်ခဲ့ပြီး ဘေးသို့ခုန်ကာ အောင်မြင်စွာ ရှောင်တိမ်းလိုက်သည်... အမှန်တော့ သူသည် လွတ်မြောက်ရန်အတွက် သူ့ဘာသာသူ ခုန်ချဖို့ရာ အားမကိုးခဲ့ပေ။ ကြီးမားလှသော စိတ်စွမ်းအင်တစ်ခုက သူ့ကို ဖမ်းဆုပ်ပြီး ဘေးသို့တွန်းဖယ်ပစ်လိုက်ခြင်း ဖြစ်သည်ပင်။


ရှဝေချန်သည် ပြင်းပြင်းထန်ထန် ပစ်လွှတ်ခံလိုက်ရသောကြောင့် သစ်ရွက်ကြွေများထဲသို့ ဇောက်ထိုးမိုးမျှော် ပြုတ်ကျသွားခဲ့သည်။


သူသည် နောက်ဆုံးတွင် ထနိုင်‌သွားပြီး mecha (မက်ခါစက်ရုပ်) က အစောမှ ကြောက်မက်ဖွယ်သတ္တဝါကို ရိုက်ပစ်လိုက်သည်အား တွေ့လိုက်ရသည်။


အနည်းဆုံး အဆင့် A ခွန်အား ရှိတဲ့ သူ့အတွက်တောင်မှ အနိုင်ယူဖို့ ခက်တဲ့ အဲ့သတ္တဝါက အခုတော့ mecha (မက်ခါစက်ရုပ်) ဆီက အရိုက်ခံရရုံနဲ့ သေသွားပြီလား...?


ရှဝေချန် ပင့်သက်ရှိုက်လိုက်သည်။


သူသည် mecha (မက်ခါစက်ရုပ်) ၏ ပုံသဏ္ဍာန်ကို သတိပြုမိပြီးနောက် လူတစ်ကိုယ်လုံး ပို၍ပင် စိတ်လှုပ်ရှားသွားပြီး စကားမပြောနိုင်တော့ပေ။


သူက ဘာမှမပြောသော်လည်း သစ်ပင်ပေါ်တွင် ရှိနေကြသေးသော သူ့လူများက စကားထပြောကြသည် : “ အဲ့ဒါ စစ်နတ်ဘုရား! အဲ့ဒါ စစ်နတ်ဘုရားပဲ! ” 


သူတို့အားလုံး ဒီ mecha (မက်ခါစက်ရုပ်) ကို သိကြတယ်! အဲ့ဒါက ကြယ်တာရာ မဟာမိတ် (Galactic Alliance) ရဲ့ စစ်နတ်ဘုရား၊ Marshal အရှင် သီးသန့်ပိုင်ဆိုင်တဲ့ mecha ပဲ!


အရှင် Marshal က အတပ်ပြောရခက်ပေမယ့် မဟာမိတ်အဖွဲ့ ကပ်ဆိုက်တဲ့ အကြိမ်တိုင်းမှာ သူက စစ်နတ်ဘုရားကို မောင်းနှင်ပြီး ပေါ်လာလိမ့်မယ်!


ရှဝေချန်သည် ဗိုလ်ချုပ်တစ်ဦး ဖြစ်သော်လည်း Marshal က မည်သူမည်ဝါ ဖြစ်သည်ကို ဘယ်တုန်းကမှ မသိခဲ့ဘဲ စစ်နတ်ဘုရားကိုလည်း လက်တွေ့တွင် တစ်ခါမှ မမြင်ခဲ့ဖူးချေ။ သူသည် ဤအချိန်တွင် ရုတ်တရက် တွေ့မြင်လိုက်ရရာ သူ့စိတ်လှုပ်ရှားမှုကို စိတ်ကူးကြည့်နိုင်ပေသည်။


သို့ရာတွင် သူသည် အနည်းငယ်လည်း ပဟေဠိဖြစ်နေသည်။


ခလုတ်ဖွင့်အသက်သွင်းနိုင်ဖို့ အနည်းဆုံး အဆင့် SS စိတ်စွမ်းအင် ရှိကို ရှိရမယ့် အသန်မာဆုံး mecha အဖြစ် အမွှမ်းတင်ခံရတဲ့ စစ်နတ်ဘုရားက ဘာကြောင့် အနက်ရောင်သတ္တဝါကြီးကို သေအောင် ရိုက်ပြီးတော့ ဆက်ပြီး မလှုပ်ရှားတော့တာလဲ?


Mecha ထဲမှ ယန်ကျင်းဇီ : “ ... ” ဒီဟာ... သူ ပထမဆုံးအကြိမ် သုံးဖူးတာ ဆိုတော့ ဒါ ဘယ်လိုအလုပ်လုပ်လဲ သူ မသိဘူး!


ယန်ကျင်းဇီသည် ဤ mecha ကို အသုံးပြုနည်းအား လေ့လာလိုက်သည်။ 


ထို့နောက် ရုတ်တရက် လှုပ်ရှားလာပြီး မတ်တပ်ရပ်ချင်ပုံပေါ်သော စစ်နတ်ဘုရားက နောက်ဆုံးတွင် ဘေးဘက်သို့သာ တလှိမ့်လှိမ့် လိမ့်သွားသည်ကို ရှဝေ့ချန် တွေ့မြင်လိုက်ရသည်။


ရှဝေချန် : “ ??? ”


အနက်ရောင်သတ္တဝါကြီးများသည် သူတို့၏အဖော် သေဆုံးသွားမှုကြောင့် ရူးသွပ်သွားကြပြီးဖြစ်ကာ mecha ဆီသို့ တန်းတန်းမတ်မတ် အမြန်ပြေးဝင်သွားကြသည်။


“ သတိထား! ” ရှဝေချန် အော်လိုက်သည်။ ဤအခိုက်အတန့်တွင် သူသည် mecha ၏ တံခါးပေါက် ပွင့်လာသည်ကို တွေ့လိုက်ရသည်။


ထို့နောက် အလွန်ငယ်ရွယ်သော လူတစ်ဦးသည် mecha ထဲမှ ထွက်လာသည်။


ရှဝေချန်၏နှလုံး “ဒုတ်ခနဲ” ခုန်ကာ စိတ်ပူသွားသည် – ရောက်လာသူက အရှင် Marshal မဟုတ်တာ ဖြစ်နိုင်လား? ဒီလူက mecha လည်ပတ်ပုံကို မသိလို့ mecha ထဲက ထွက်လာတာများလား?


ဤအကောင်များက အစွမ်းထက်လွန်းသည်။ mecha မရှိလျှင် သာမန်လူများက လက်ဗလာနှင့် လက်သီးသက်သက်တို့ဖြင့် သေချာပေါက် သူတို့ကို မရိုက်နိုင်ချေ...


ရှဝေချန်သည် စိတ်ပူနေကာ အလွန်အားကောင်းပြီး အဆုံးမဲ့နီးပါး စိတ်စွမ်းအင်တစ်ခုကို ရုတ်တရက် ခံစားလိုက်ရသည်။ တစ်ချိန်တည်းတွင်ပင် လူငယ်က လက်သီးကို ဆန့်ထုတ်လိုက်ပြီး စိတ်စွမ်းအင်ဖြင့် ရစ်ပတ်ထားသော လက်သီးက အနက်ရောင်သတ္တဝါကြီးတစ်ကောင်ကို အလဲထိုးပစ်လိုက်သည်။


ဒါက... တကယ်ပဲ အစွမ်းထက်လွန်းတယ်!


ရှဝေချန် ကြက်သေသေသွားသည်။


သို့သော်လည်း ထိုလူသည် တိုက်ခိုက်နေဆဲဖြစ်ပြီး ယခင်က သူတို့၏ mecha များကို အသုံးပြုလျက်နှင့်ပင် သူတို့ အနိုင်မယူနိုင်ခဲ့သော သတ္တဝါကြီးများဟာ ထိုလူ၏လက်အောက်တွင် အလွယ်တကူ ရိုက်နှက်ခံခဲ့ကြရသ သည်။


“ ဗိုလ်ချုပ်၊ အဲ့ဒါ အရှင် Marshal လား? ” ရှဝေချန်၏ လူတစ်ယောက်က မေးသည်။


“ အဲ့ဒါ သူပဲဖြစ်နိုင်တယ်! ” ရှဝေချန်သည် ထိုလူကို မျက်တောင်မခတ်ပဲ စိုက်ကြည့်လျက် ပြန်ပြောလိုက်သည် — ဒီလူရဲ့ စိတ်စွမ်းအင်က အနည်းဆုံး အဆင့် SSS ပဲ!


ဤအချိန်တွင် ယန်ကျင်းဇီသည် အနီးအနားရှိ အနက်ရောင်သတ္တဝါကြီးများစွာကို ရိုက်နှက်ပြီးပြီဖြစ်သည်။


သူသည် သူ့ကြွက်သားများနှင့် အရိုးများက တောင့်တင်းနေဆဲဟု ခံစားရသော်လည်း ယင်းကား လက်ရှိတွင် သူ လုပ်နိုင်သမျှသာ ဖြစ်သည်... ယန်ကျင်းဇီသည် ခေါင်းလှည့်ပြီး စစ်ယူနီဖောင်းများ ဝတ်ထားသော်ငြား လူရိုင်းများနှင့် ဆင်တူနေပြီးဖြစ်သော လူအနည်းငယ်ကို ကြည့်လိုက်သည် : “ မဟာမိတ်စစ်သားတွေလား? ဘယ်တပ်လဲ? ”


“ တပ်ကြီးရှစ် ရှဝေချန် သတင်းပို့ပါတယ်! ” ရှဝေချန်က ဆို့နင်သော အသံနှင့် ပြောသည် : “ Marshal အရှင်လား? ”


“ ဟုတ်တယ်။ ” ယန်ကျင်းဇီက အသိအမှတ်ပြုသည်။


ရှဝေချန်သည် အသက်ငါးဆယ်ကျော်ပြီဖြစ်သည်။ စစ်သည်တော်တစ်ဦး၏ ပျမ်းမျှဘဝသက်တမ်းက နှစ်နှစ်ရာ ဖြစ်နေသော ယနေ့ခေတ်တွင် သူဟာ အတော်ငယ်သေးသော်လည်း များစွာကြုံတွေ့ဖူးပြီး ဟိုးယခင်ကတည်းက ရင့်ကျက်တည်ငြိမ်နေခဲ့သည်။


ယခုမူ ဤအရွယ်ရောက်ပြီးသူသည် မြေပေါ်တွင် ဒူးထောက်ကာ ချက်ချင်း အော်ပြောလာသည် : “ Marshal အရှင်... ”


____