အပိုင်း ၁၅၄ ( Mine Owner 3 )
Viewers 10k

ကြယ်မြို့တော်ဂြိုဟ် (Capital Star) တွင် ကြယ်တာရာ မဟာမိတ် (Galactic Alliance) ၏ ဘီလီယံပေါင်းများစွာသော အရည်အချင်းရှိသူများ နေထိုင်ကြပြီး ဤလူများသည် နေ့စဉ်နေ့တိုင်း အစားအသောက်များစွာကို စားသုံးကြသည်။ ကြယ်မြို့တော်ဂြိုဟ် ကိုယ်တိုင်က ၎င်းကို ပံ့ပိုးရန်အတွက် အစားအသောက် လုံလောက်အောင် မထုတ်လုပ်နိုင်ချေ။ အမှန်တကယ်မှာ ကြယ်မြို့တော်ဂြိုဟ်ရှိ အသားနှင့် အသီးအရွက် အများစုတို့ကို Kamil ဂြိုဟ် ဟူသော မြို့တော်၏ *လအခြေစိုက် ဂြိုဟ်မှ ထောက်ပံ့ထားခြင်း ဖြစ်သည်။


( *လအခြေစိုက် - လ၏မျက်နှာပြင်ပေါ်ရှိ အဆောက်အဦးတစ်ခု သို့မဟုတ် ပံ့ပိုးမှုအင်္ဂါရပ် ဖြစ်ပြီး လပေါ်ရှိ လူသားများ၏ လုပ်ဆောင်ချက်များကို ပံ့ပိုးပေးသည်။ • ဒီမှာကတော့ Kamil ဂြိုဟ်ပေါ်မှာ ရှိတဲ့ လူတွေရဲ့ အခြေစိုက်စခန်းလို့ သုံးတာပါ။ )


Kamil ဂြိုဟ်သည် အမှန်တကယ် နေထိုင်နိုင်သော ဂြိုဟ် ဖြစ်ပြီး ပူနွေးစွတ်စိုကာ ရေနှင့်ကုန်းမြေတို့လည်း ရှိသည်။ သို့သော် ဂြိုဟ်ပေါ်တွင် အခြားသော အရင်းအမြစ်များ၊ ကောင်းမွန်သော စာသင်ကျောင်းများနှင့် အလုပ်အကိုင်များ မရှိချေ။ ကြယ်မြို့တော်ဂြိုဟ်၏ ကပ်လျက်တည်ရှိမှုကြောင့် အရည်အချင်းရှိသူ အားလုံးတို့ကလည်း ကြယ်မြို့တော်ဂြိုဟ်သို့ ထွက်ပြေးသွားကြရာ အချိန်ကြာလာသည်နှင့်အမျှ ဤဂြိုဟ်ဟာ စိုက်ပျိုးရေးအထူးပြုသော ဂြိုဟ် ဖြစ်လာသည်။


ဤဂြိုဟ်ပေါ်တွင် စံအိမ်အများအပြား ရှိသည်။ ကြယ်မြို့တော်ဂြိုဟ်မှ ချမ်းသာသူတို့သည် ဤနေရာရှိ စံအိမ်များကို ရင်းနှီးမြှုပ်နှံမှုအဖြစ် ဝယ်ယူရသည်ကို သဘောကျကြသည်။


ရှကျီရှိူ့သည် စံအိမ်တစ်လုံးတွင် ယခု ရောက်ရှိနေသည်။


ဤစံအိမ်သည် မကြီးမားဘဲ ၎င်းကို ဝေးလံခေါင်သီသော ဂြိုဟ်မှ မိုင်းပိုင်ရှင်တစ်ဦး ဖြစ်သည့် ယန်ကျင်းဇီ ဟူသော သူ့ခင်ပွန်းမှ ပိုင်ဆိုင်သည်။ 


ဆက်သွယ်ကိရိယာ (contact terminal) ထဲရှိ သူ့အား ရှမိသားစု ပေးထားသော ယန်ကျင်းဇီအကြောင်း အချက်အလက်ကို ကြည့်ရှုနေသော ရှကျီရှိူ့သည် အသက်ပြင်းပြင်းရှူလိုက်သည်။


သူသည် ဤနေရာအထိ သူ တကယ်ပင် ပြုတ်ကျသွားလိမ့်မည်ဟု မထင်မိခဲ့ပေ။


ရှကျီရှိူ့သည် ကြယ်မြို့တော်ဂြိုဟ်တွင် မွေးဖွားခဲ့သည့်အပြင် အထက်တန်းလွှာ မိသားစုတစ်စုတွင်လည်း မွေးဖွားခဲ့သည်။ မိသားစုက နည်းနည်းကြီးပြီး အနည်းငယ် ရှုပ်ထွေးနေသော်ငြား သူ့မိဘများက အရမ်းချစ်မြတ်နိုးကြပြီး သူ့ကိုလည်း အလွန်ချစ်ခင်ကြသည်။ ထို့အပြင် သူသည် အဖိုးတန်သော အဆင့် B အကူဆရာတစ်ဦးလည်း ဖြစ်သဖြင့် သူဟာ ငယ်ငယ်ကလေးဘဝကတည်းက အလွန်ပျော်ရွှင်ခဲ့သည်။


သူသည် သူ့ကိုယ်သူ မြင့်မြင့်မားမား မျှော်မှန်းထားပြီး အရာအားလုံးကို သဘောတကျ သင်ယူတတ်သည်။ ဗဟိုစစ်တက္ကသိုလ်သို့ ဝင်ရောက်ပြီး စစ်မြေပြင်တပ်မှူးတစ်ဦး ဖြစ်ဖို့ရန်လည်း ငယ်ငယ်ကတည်းက ပန်းတိုင်ချမှတ်ခဲ့သည်။ သူသည် ဤပန်းတိုင်ထံသို့ ရောက်ရှိရန် အလွန်ကြိုးစားခဲ့ပြီး သူ့ဆန္ဒအတိုင်းပင် လွန်ခဲ့သော နှစ်နှစ်က ဗဟိုစစ်တက္ကသိုလ်သို့လည်း ဝင်ခွင့်ရခဲ့၏။  


သို့သော်ငြား လွန်ခဲ့သော တစ်နှစ်ကျော်က သူ့ဖခင် ရုတ်တရက် ပျောက်ကွယ်သွားပြီး သူ့ဘဝတွင် အလှည့်အပြောင်း ဖြစ်သွားသည်။


သူ့ဖခင်သည် မဟာမိတ်တပ်ပေါင်းစု၏ တပ်ကြီးရှစ်မှ ဗိုလ်ချုပ်တစ်ဦး ဖြစ်ပြီး ရှမိသားစုတွင် အတော်ဆုံး စစ်သည်တော် ဖြစ်သည်။ သူ့ဖခင်ကြောင့် သူ့ဘဝ ချောမွေ့ခဲ့ပြီး သူသည် အနှောင့်အယှက်များကို တစ်ခါမှ မတွေ့ကြုံခဲ့ဖူးပေ။ သို့သော်လည်း သူ့ဖခင် ပျောက်ကွယ်သွားသောအခါ သူသည် ဆက်တိုက်ထိုးနှက်မှုများကို စတင်ခံစားခဲ့ရသည်။


သူ့မိခင်သည် သူ့ဖခင် မသေသေးဟု အခိုင်အမာ ယုံကြည်ပြီး အသေးစိတ် အချက်အလက်များကို သိချင်ခဲ့သောကြောင့် တပ်ကြီးရှစ်သို့ သတင်းသွားမေးခဲ့သော်ငြား ဘာမှရှာမတွေ့ခဲ့ချေ။


တိုက်ဆိုင်စွာဖြင့် ထိုအချိန်တွင် ကြီးမားသော သတင်း ထွက်ပေါ်လာသည် – သူနဲ့ ငယ်ငယ်ကတည်းက အတန်းဖော် ဖြစ်ခဲ့တဲ့ ဖုဖေးက နှစ်ပေါင်းများစွာ ပျောက်ဆုံးနေခဲ့တဲ့ တပ်ကြီးရှစ် တပ်မှူးရဲ့ တစ်ဦးသော သားတဲ့!


သူသည် ဖုဖေးနှင့် ယခင်က အဆက်အသွယ်ရှိပြီး ကောင်းမွန်သော ဆက်ဆံရေး ရှိခဲ့သောကြောင့် ဖုဖေးနှင့် ချိန်းဆိုကာ သူ့ဖခင်ကို ရှာရန် တောင်းဆိုချင်ခဲ့သည်။


သို့ရာတွင် ဖုဖေးက ငြင်းဆိုရုံသာမက သူ့အား ငွေကိုးကွယ်ပြီး ဆင်းရဲသူကို မုန်းတီးကာ ချမ်းသာသူကို နှစ်သက်သူဟုပင် ပြောဆိုကြိမ်းမောင်းသွားသည်။


သူက သူ့အဖေအကြောင်း မေးဖို့ ကဖေးဆိုင်မှာ ဖုဖေးကို သူနဲ့ လာတွေ့ခိုင်းရုံလေး ဖြစ်ပေမယ့် အဲ့လိုနာမည်တပ်ပြီး အပြောခံလိုက်ရတယ်လား?


သို့သော် ၎င်းက သူ့ဘဝအပေါ် သက်ရောက်မှု အနည်းငယ်သာ ရှိပြီး ဖုဖေးကို ဆန့်ကျင်ရန် မတတ်နိုင်သဖြင့် လက်လျှော့ကာ အခြားနည်းလမ်း တွေးရန်သာ တတ်နိုင်ခဲ့သည်။


သူသည် လူများစွာကို တစ်ယောက်ပြီးတစ်ယောက် ဆက်သွယ်ခဲ့သော်လည်း သူ့ဖခင်အကြောင်း မသိရှိရပေ။ ထိုမျှတင်မက ရှမိသားစုကလည်း နှောင့်နှေးစေနေခဲ့သေးသည်။


ရှမိသားစုတွင် လူများစွာ ရှိပြီး အနည်းငယ် ရှုပ်ပွေနေသည်။ သူ့ဖခင်နှင့် ရှမိသားစုတို့က ဆက်ဆံရေးမကောင်းသဖြင့် သူ့ဖခင်က အလွန်စောစီးစွာ အိမ်မှထွက်လာခဲ့သည်။ သို့သော်လည်း အတိအကျပင် ဤအကြောင်းကြောင့် အတိတ်၌ သူတို့ ပြန်သွားသည့်အချိန်တိုင်းတွင် ရှမိသားစုက သူတို့အပေါ် ကောင်းခဲ့ပြီး သူတို့သည် ရှမိသားစုကို သတိမထားခဲ့ကြချေ။


သူ၏ တတိယဦးလေးက သူ့ဖခင်ကို ရှာရန် ကြေးစားစစ်သားများကို ရှာပေးမည်ဟု ပြောလာခဲ့သည်။ သူ့မိခင်သည် ၎င်းက အကြံဉာဏ်ကောင်းဟု ထင်ပြီး တတိယဦးလေးကို အိမ်ရှိစုဆောင်းငွေများ ပေးခဲ့၏။


သို့ရာတွင် တတိယဦးလေးက ကြေးစားစစ်သားများကို သွားမရှာဘဲ ငွေယူပြီး ကြယ်မြို့တော်ဂြိုဟ်မှ ထွက်သွားကာ လိုက်လံသုံးဖြုန်းခဲ့သည်။ သူတို့သည် တတိယအဒေါ်ထံမှ ငွေသွားပြန်တောင်းခဲ့ပြီး တတိယဒေါ်လေးက သူတို့ကို တတိယဦးလေးအား ငွေပေးလိုက်သည့်အတွက် အပြစ်တင်ခဲ့၏။


သူ့မိခင်သည် ရူးလုမတတ်ပင်။


သူ့ညီသည် ကျန်းမာရေးချို့တဲ့ပြီး ရှားပါးမျိုးရိုးဗီဇရောဂါတစ်ခု ရှိသည်။ သူသည် ဆေးဝါးဖန်ပေါင်းချောင် (medical cabin) ထဲတွင် အချိန်အများစုကို ကုန်ဆုံးနေရပြီး များပြားသော ဆေးဖိုးဝါးခများ လိုအပ်နေသည်။ 


ထို့အပြင် သူ့ဖခင်သည် ရှမိသားစုမှ ပြောင်းရွှေ့ပြီးနောက် ရှမိသားစုထံမှ ငွေကို လုံးဝ မသုံးခဲ့ပေ။ ၎င်းအစား သူက သူ့ဘာသာသူ အိမ်တစ်လုံးကို ပေါင်နှံပြီး လစဉ် အပေါင်ခကို ပေးခဲ့သည်။


မူလက သူ့ဖခင်၏ဝင်ငွေသည် သူ့ညီ၏ ဆေးဖိုးဝါးခနှင့် အပေါင်ခတို့ကို ကာမိနိုင်ပြီး တစ်စိတ်တစ်ပိုင်းကို စုဆောင်းနိုင်ခဲ့သော်ငြား သူ့ဖခင် ပျောက်သွားပြီးနောက် ဤကုန်ကျစရိတ်များသည် ပြဿနာကြီးတစ်ခု ဖြစ်လာသည်။


သူနှင့် သူ့မိခင်သည် ငွေကြေးရုန်းကန်ရပြီး ငွေအတွက် စတင်စိတ်ပူလာကြရသည်။ သို့သော် ကံကောင်းထောက်မစွာဖြင့် သူတို့နှစ်ဦးစလုံးသည် အကူဆရာများ ဖြစ်ကြသောကြောင့် ငွေရှာရန် မခက်ခဲခဲ့ချေ။


အကူဆရာများ အရေအတွက်သည် စစ်သည်တော်များ၏ အရေအတွက်ထက် များစွာနည်းပါးသည်။ စစ်သည်တော် အများအပြားသည် အကူဆရာများနှင့် စာချုပ်ကို မချုပ်ဆိုနိုင်ကြပေ။ စိတ်စွမ်းအင် ပြဿနာများအတွက် သူတို့သည် သက်သာစေသော ဆေးများ သောက်ခြင်း သို့မဟုတ် ငွေသုံး၍ အကူဆရာများကို ကူညီဖြေရှင်းခိုင်းကြသည်။


အကူဆရာများသည် အပိုဝင်ငွေ ရှာလိုပါက စစ်သည်တော်များကို ကူညီ၍ သူတို့၏ စိတ်စွမ်းအင်ကို တည်ငြိမ်စေနိုင်သည်။


သူသည် ထိုအလုပ်ကို သွားလုပ်ခဲ့သည်။


အစပိုင်းတွင် အခြေအနေများ ကောင်းမွန်သော်လည်း နောက်ပိုင်းတွင် စစ်သည်တော်တစ်ဦးက စိတ်စွမ်းအင် လျော့ပါးစေခြင်း ကိစ္စရပ်အတွင်း၌ သူ့ကို တစ်စုံတစ်ရာ လုပ်ချင်ခဲ့၏။ သူ ရဲခေါ်ပြီးနောက်ပင် ထိုလူက သူ့ဘက်မှ လူများကို အရင်ဆွဲဆောင်သည်ဟု ပြန်ကိုက်နေသေးသည်။


ကံကောင်းစွာဖြင့် သူသည် အချိန်အတော်ကြာကတည်းက ပြင်ဆင်ထားခဲ့ပြီး ဆက်သွယ်ကိရိယာတွင် အသေးစိတ် အခြေအနေကို မှတ်တမ်းတင်ထားခဲ့သဖြင့် သူ အစွပ်စွဲမခံလိုက်ရပေ။


သို့ရာတွင် ဟိုးယခင်ကတည်းက ကြယ်မြို့တော်၏ အထက်တန်းလွှာများဟာ အကူဆရာများက နှောင်ကြိုးရှိသည့်လူ၏ စိတ်စွမ်းအင်ကိုသာ ဖြေလျှော့ပေးနိုင်ပြီး ထိုအလုပ်မျိုးကို လုပ်ဆောင်ခြင်းမှာ ရှက်ဖွယ်ဟု ထင်ခဲ့ကြသည်။


ယနေ့ခေတ်တွင် သိပ္ပံနှင့်နည်းပညာများ ဖွံ့ဖြိုးတိုးတက်နေပြီ ဖြစ်သည်။ လူနှစ်ဦး၏ မျိုးရိုးဗီဇများ ရှိ‌သရွေ့ ကလေးများကို မွေးနိုင်သည်။ ထို့ကြောင့် အမျိုးသားနှင့် အမျိုးသမီး၊ အမျိုးသားနှင့် အမျိုးသား၊ အမျိုးသမီးနှင့် အမျိုးသမီးတို့ဟာ လွတ်လပ်စွာ လက်ထပ်နိုင်၏။ စစ်သည်တော်တစ်ဦးနှင့် အကူဆရာတစ်ဦးကြားမှ နှောင်ကြိုးမှာ လက်ထပ်ခြင်းနှင့် တူညီပြီး လက်ထပ်စာချုပ်ထက်ပင် ပိုကောင်းသေးသည်။ အဘယ့်ကြောင့်ဆိုသော် နှောင်ကြိုးဖွဲ့ပြီးသည်နှင့် သူတို့သည် တစ်ဖက်လူ၏ ခံစားချက်များကို ခံစားသိရှိနိုင်သဖြင့် ရုပ်ပိုင်းဆိုင်ရာ ဆက်ဆံရေးထက် ပိုမိုရင်းနှီးသော ဆက်ဆံရေးကို ရရှိနိုင်ခြင်းကြောင့် ၎င်းက ပိုမိုတရားဝင်အကျိုးသက်ရောက်သည်။ 


ထို့အပြင် စစ်သည်တော်များနှင့် အကူဆရာများသည် တစ်ဦးနှင့်တစ်ဦး လုံးလုံးလျားလျား ယုံကြည်ရန် လိုအပ်ပြီး နှောင်ကြိုးဖွဲ့ရန်အတွက် သူတို့၏စိတ်စွမ်းအင်များကို အတူတကွ ပေါင်းစည်းရမည်ဖြစ်သည်။ နှောင်ကြိုးဖွဲ့ပြီးနောက် အလွယ်တကူ ပြန်မဖျက်နိုင်ချေ – ၎င်းကို ပြန်ဖျက်ချင်လျှင် နှစ်ဦးနှစ်ဖက်စလုံး၏ စိတ်စွမ်းအင်အဆင့်များ လျော့ကျသွားမည်ပင်။


ထိုအကြောင်းကြောင့် စစ်သည်တော်နှင့် အကူဆရာတို့၏ နှောင်ကြိုးဟာ လက်ထပ်လိုက်သည်နှင့် ညီမျှသည်။


အကူဆရာများသည် တစ်ခါမှ မသိကျွမ်းခဲ့ဖူးသော စစ်သည်တော်များ၏ စိတ်စွမ်းအင်ကိုလည်း ဖြီးသင်ပေးနိုင်သည်။ ပုံသေနှောင်ကြိုးကဲ့သို့ ခံစားချက်အားလုံးကို မျှဝေခြင်းမပြုသော်ငြား သူတို့သည်လည်း အချင်းချင်းကြားတွင် ခံစားချက်အချို့ကို ခံစားနိုင်သဖြင့် စစ်သည်တော် အများအပြားသည် သူတို့၏ကိုယ်ပိုင်အကူဆရာများကို အခြားစစ်သည်‌တော်များ၏ စိတ်စွမ်းအင် မဖြေလျှော့ပေးရန် တောင်းဆိုကြလိမ့်မည်ဖြစ်သည်။


ထို့အပြင် အချို့သော စစ်သည်တော်များသည် စစ်သည်တော်များစွာအတွက် စိတ်စွမ်းအင်ဖြီးသင်ခြင်း လုပ်ပေးဖူးသော အကူဆရာများနှင့် နှောင်ကြိုးဖွဲ့ရန်ပင် တိုက်ရိုက်တွန့်ဆုတ်သွားကြသည်။


သေချာတာပေါ့၊ ထိုသို့ပြုမူသူများဟာ အများအားဖြင့် အထက်တန်းလွှာများ သို့မဟုတ် သန်မာအားကောင်းသော စစ်သည်တော်များ ဖြစ်ကြ၏။ သာမန်စစ်သည်တော်များအတွက်မူ... သူတို့သည် အကူဆရာများကို လုံးဝ မရှာဖွေနိုင်ကြချေ။


ဤအကြောင်းကြောင့်ပင် သူနှင့် သူ့မိခင်က ငွေရှာရန် ဤနည်းလမ်းကို အားကိုးကြောင်း လူသိရှင်ကြား သတင်းလွှင့်ခံရသောအခါ သူနှင့် ကျောင်းတူသော အထက်တန်းလွှာ ကျောင်းသားများက ထူးဆန်းသော အကြည့်များဖြင့် သူ့ကို စတင်ကြည့်လာကြသည်။


လူအချို့က သူ့ကို တိုက်ရိုက်ချဉ်းကပ်ပြီး “ဝန်ဆောင်မှုများ” ကို သူ ပေးသရွေ့ သူတို့က သူ့ကို ငွေပေးရန် ဆန္ဒရှိသည်ဟု ပြောကြ၏။


အချိန်တိုအတွင်းတွင် ကြယ်မြို့တော်၌ သူ့ဂုဏ်သတင်းမှာ အံ့အားသင့်ဖွယ်ကောင်းလှစွာ ဆိုးရွားသွားခဲ့ပြီး စစ်သည်တော်အချို့ဆိုလျှင် သူက သူ့ခန္ဓာကိုယ်ကို ရောင်းစားနေသည်ဟုပင် ကျိန်ဆိုကြသေးသည်။


သူသည် အဆင့် B အကူဆရာတစ်ဦး ဖြစ်ပြီး ယခင်က သူ့ကို လိုက်လံပိုးပန်းသော စစ်သည်တော်များစွာက အနားတွင် အမြဲရှိခဲ့သည်။ ယခုမူ သူ၏ မူလက ချစ်ရေးဆိုသူများ အားလုံးဟာ ပျောက်ဆုံးသွားကြပြီဖြစ်သည်။ လူအချို့ဆိုလျှင် သူ၏ဂုဏ်သိက္ခာကိုပင် စတင်ဖျက်ဆီးခဲ့ကြပြီး လူတော်တော်များများက ငွေပေး၍ သူနှင့် အတူအိပ်ခဲ့သည်ဟုပင် အခြားသူများကိုတောင် ကြွားလုံးထုတ်ခဲ့ကြသည်။


ဤအရာအားလုံးက သူ့ကို ဒေါသတကြီး ရယ်မောစေခဲ့သည်။


သူသည် အလွန့်အလွန် စိတ်အနှောင့်အယှက်ဖြစ်မိသော်ငြား ဤအချိန်တွင် သူ့ညီက မတော်တဆမှု ဖြစ်ပြီး အပြင်းဖျားသွားခဲ့၏။


သူသည် ငွေများစွာ လိုအပ်နေခဲ့ပြီး ရှမိသားစုကိုသာ အကူအညီသွားတောင်းနိုင်ရာ ရလဒ်ကမူ ရှမိသားစုက သူ့ကို ယန်ကျင်းဇီနှင့် လက်ထပ်ခိုင်းခဲ့သည်။


သူသည် သူ့ကိုယ်သူ သစ္စာဖောက်ပြီး လက်မထပ်ချင်သဖြင့် သဘောမတူချင်သော်လည်း သူ့ညီအတွက် ဆေးဖိုးဝါးခများကို ချက်ချင်း ရမှ ဖြစ်မည်ပင်... ရှမိသားစုဘက်မှ စကားအရ သူသည် ယန်ကျင်းဇီနှင့် ဦးစွာ နေထိုင်ကြည့်နိုင်ပြီး နောက်ပိုင်းတွင် လက်ထပ်ရန် သင့်၊မသင့်ကိုလည်း ဆုံးဖြတ်နိုင်ပေသည်။ သူလည်း သဘောတူလိုက်ပြီး ဤစံအိမ်သို့ လာရောက်ကာ ယန်ကျင်းဇီ ရောက်လာမည်ကို စောင့်ဆိုင်းနေသည်။


ဤနေရာတွင် သူ့အပြင် ဝန်ထမ်းနှစ်ဦးသာ ရှိသည်။ သူတို့နှစ်ဦးသည် အခြေခံအားဖြင့် သူနှင့် အဆက်အသွယ်မရှိသော်ငြား သူတို့က သူ့ကို အတော်လေး သက်တောင့်သက်သာ ဖြစ်စေသည်။ သူသည် ယန်ကျင်းဇီနှင့် လက်ထပ်ခြင်း၏ ကောင်းကျိုးဆိုးကျိုးများကိုလည်း စတင်‌စဉ်းစားကြည့်လာမိသည်။


ယန်ကျင်းဇီသည် ဝေးလံခေါင်သီသော ကြယ်စင်စု၏ မိုင်းပိုင်ရှင် ဖြစ်သည်။ ထိုလူတွင် ကြယ်မြို့တော်၏ အထက်တန်းလွှာများကဲ့သို့ အကူဆရာများအတွက် ရှုပ်ယှက်ခတ်သော တောင်းဆိုမှုများ မရှိလောက်ချေ။ ထိုလူက သူ့အား သူ၏ပညာရေးကို ဆက်လက်သင်ကြားခွင့်ပြုရန် သဘောတူနိုင်လောက်သည်။


ထို့အပြင် ဤလူက အလွန်ချမ်းသာသည်။ ဤလူကို လက်ထပ်လိုက်ခြင်းအားဖြင့် သူ၏ စီးပွားရေး အကျပ်အတည်းကို ဖြေရှင်းနိုင်သေးသည်...


တကယ်တော့ လက်ထပ်ခြင်းကလည်း ကောင်းမွန်သည်။


ရှကျီရှိူ့သည် ဤသို့တွေးမိသော သူ့ကိုယ်သူ ရယ်မောလိုက်သည်။


သူ့တွင် ဤသို့သော နေ့ရက်မျိုး ရှိလာလိမ့်မည်ဟု သူ မထင်ထားပေ။


တကယ်တော့ သူ ယန်ကျင်းဇီနဲ့ ဆွေးနွေးနိုင်တယ်၊ ယန်ကျင်းဇီဆီက ငွေချေးပြီး အနာဂတ်မှာ ယန်ကျင်းဇီကို တဖြည်းဖြည်း ပြန်ပေးလို့ရတယ်မလား?


ရှကျီရှိူ့သည် ထိုသို့တွေးနေစဉ် သူ၏ ဆက်သွယ်ကိရိယာက ရုတ်တရက် အသံမြည်လာကာ မက်ဆေ့ခ်ျတစ်စောင် ရောက်လာသည်။


“ဂုဏ်ယူပါတယ်၊ သင်နှင့် ယန်ကျင်းဇီက ဒီနေ့မှာ သင်တို့ရဲ့ လက်ထပ်မှတ်ပုံတင်ကို ဖြည့်သွင်းပြီးသွားပါပြီ! ပျော်ရွှင်ဖွယ် နေ့စဉ်ဘဝ ရရှိပါစေလို့ ဆုတောင်းပေးပါတယ်!”


ရှကျီရှိူ့ ချက်ချင်း အံ့အားသင့်သွားသည် – သူ လက်ထပ်ပြီးပြီလား?


သူနဲ့ ယန်ကျင်းဇီက လက်ထပ်ဖို့ မှတ်ပုံတင်ထားတာလား?


ဘယ်လိုလုပ်ပြီး သူက သူ့သဘောဆန္ဒ မပါပဲနဲ့၊ သူ့ကိုယ်ပိုင် လျှောက်ထားချက် မပါပဲနဲ့ လက်ထပ်နိုင်တာလဲ?


တစ်စုံတစ်ယောက်က သူတို့ရဲ့ အထူးအခွင့်အရေးကို သုံးခဲ့တာလား? ရှမိသားစုလား။ မဟုတ်မှလွဲ... ဖုဖေးများလား?


သူက ဖုဖေးကို အကူအညီတောင်းရန် ကျရှုံးပြီး ငွေကိုးကွယ်သည်ဟု ဖုဖေးထံမှ ပြောဆိုခံရပြီးနောက် ဖုဖေးက သူ့ဝမ်းကွဲ ရှချီချီနှင့် တွဲသွားသည်။ ထိုအချိန်တွင် သူသည် သူတို့ကို ဂုဏ်ပြုလိုက်သော်လည်း ဖုဖေးနှင့် သူ့ဝမ်းကွဲ ရှချီချီတို့ နှစ်ဦးစလုံးက အကြောင်းအချို့ကြောင့် သူနှင့် ပြဿနာကြီးတစ်ခု ရှိနေပုံရသည်။


သူသည် ဖုဖေးထံမှ သူ့ဖခင်အကြောင်း သိချင်သည်။ ဖုဖေးက ရှောင်ဖယ်သွားရုံသာမက သူ့ဝမ်းကွဲကလည်း သူ့ကို ကိုယ့်ကိုကိုယ် လေးစားရန် ပြောလာသည်။


ဤလက်ထပ်ပွဲဟာ မူလက သူ့ဝမ်းကွဲနှင့် သက်ဆိုင်ပြီး သူ့ဝမ်းကွဲက လက်ထပ်ပွဲကို အပြီးအပိုင် ဖယ်ရှားနိုင်ရန်အတွက် ဖုဖေးက သူ့ကို အမြန်လက်ထပ်စေချင်နေသည်မှာ ပုံမှန်ပင်။


ဖုဖေး၏ဖခင်သည် တပ်ကြီးရှစ်၏ ခေါင်းဆောင် ဖြစ်ပြီး အထူးအခွင့်အရေးများ တကယ် ရရှိထားသည်။


ရှကျီရှိူ့သည် အမြဲတမ်း တည်ငြိမ်ပြီး မိမိကိုယ်ကို ထိန်းချုပ်ထားသော်ငြား ယခုအချိန်တွင် သူသည် စိတ်မဆိုးဘဲ မနေနိုင်ပေ။ သူသည် သူ့အခန်းထဲမှ ခြေလှမ်းကျဲကျဲ လျှောက်ထွက်ပြီး အခြေအနေ မေးမြန်းရန် ကြယ်မြို့တော်ဂြိုဟ်သို့ သွားချင်ခဲ့သည်။


သို့သော် သူ့အခန်းထဲမှ ထွက်လာသည်နှင့်တပြိုင်နက် သူသည် စံအိမ်ထဲတွင် ဝန်ထမ်းနှစ်ဦးနှင့် တွေ့လိုက်ရသည်။


သူတို့နှစ်ဦးက သာမန်လူများ ဖြစ်သော်လည်း သူသည် သူတို့ကို မြင်ရသောအခါတွင် အနည်းငယ် ထူးဆန်းနေမိသည်။ ဤအချိန်တွင် သူတို့က ပြုံးကာ မေးလာသည် : “ ရှသခင်လေး၊ တစ်ခုခုလိုအပ်လို့လား? ”


ရှကျီရှိူ့သည် သူတို့၏မေးခွန်းကို ကြားသောအခါ စိတ်ငြိမ်သွားသည်။


လက်ထပ်ပွဲက ပိတ်ပြီးသားဖြစ်ရာ ယခု ရှမိသားစုထံသို့ သွားခြင်းက သူ့ကို ဘာမှမကူညီနိုင်ချေ။


ရှကျီရှိူ့ ပြောလိုက်သည် : “ အဆင်ပြေပါတယ်။ ”


စကားပြောပြီးနောက် သူသည် လူနှစ်ဦးကို ပြုံးပြကာ အခန်းထဲသို့ ပြန်သွားခဲ့သည်။


သူ ယန်ကျင်းဇီကို ဆက်သွယ်သင့်လား?


သူသည်လည်း သူ၏ ဤအိမ်ထောင်ဖက်က မည်သို့ဖြစ်မည်ကို တွေးတောမိသည်။


ရှကျီရှိူ့သည် အခန်းထဲသို့ ပြန်သွားပြီး အပြင်ဘက်ရှိ “ဝန်ထမ်း”နှစ်ဦးသည် သက်ပြင်းရှည်ကြီး ချလိုက်ကြသည်။


သူတို့သည် သာမန်စံအိမ်ဝန်ထမ်းများ သေချာပေါက် မဟုတ်ပေ။ အမှန်တကယ်တော့ သူတို့နှစ်ဦးစလုံးသည် အိမ်တော်ထိန်း Allen ၏ သားများ ဖြစ်ကြပြီး အဆင့် S စစ်သည်တော်များလည်း ဖြစ်ကြသည်။


မူလက သူတို့သည် ဤနေရာတွင် နေ၍ သူတို့၏အရှင် ရောက်ရှိမှုကို စောင့်ကြိုကာ ပြီးမှ ရှချီချီကို သွားခေါ်ရမည်ဖြစ်သည်။


ရလဒ်ကမူ ရှမိသားစုဘက်မှ လူအရင်ပို့လာပြီး ၎င်းမှာ ရှကျီရှိူ့ ဖြစ်သည်။


သူတို့သည် ယခုအခါတွင် အနည်းငယ်လည်း စိုးရိမ်နေသည်။


သို့သော် စိတ်ပူနေစဉ်တွင် သူတို့သည် မအံ့ဩပဲလည်း မနေနိုင်ကြပေ။


ရှမိသားစု၏ သခင်လေးက တကယ် လှသည်။


ရှချီချီက အလွန်လှပသော်လည်း ၎င်းက တိုက်ခိုက်နိုင်စွမ်း မရှိသော အလှတရား ဖြစ်သည်။ သူတို့ရှေ့ရှိ ရှသခင်လေးက တောက်ပပြီး အသက်ဝင်ကာ သူ့အလှတွင် အားအင်များ ပြည့်ဝနေသည်။


ပြောရမည်ဆိုလျှင်... သူ့မျက်နှာကို မြင်တိုင်း ရှေးဒဏ္ဍာရီများထဲမှ မြေခွေးအကြောင်းကို သတိရစေမည်ပင်။


သူက ကြယ်မြို့တော်တွင် နာမည်ကျော်ကြားသော လူ့အလွှာပန်းတစ်ပွင့်* (social flower) ဖြစ်လာသည်ကို မအံ့ဩတော့ချေ။


[*social flower - အတိအကျ မသိပေမယ့် ကြည့်ရတာတော့ ငွေပေးရင် ဝန်ဆောင်မှုပေးတဲ့ လူကို ခေါ်တဲ့ အသုံးလို့ ထင်တယ်။ ဟိုလို မကောင်းတဲ့သဘောမျိုးပေါ့...]


တစ်ချိန်တည်းမှာပင် WA865 ဂြိုလ်၌။


အာကာသယာဉ်သည် မရေမတွက်နိုင်သော ရောင်စုံမိုးမျှော်သစ်ပင်များကို အုပ်မိုးလျက် ဖြည်းညှင်းစွာ ဆင်းသက်လာပြီး ယန်ကျင်းဇီဘေးတွင် ရပ်သွားသည်။


ထိန်းချုပ်နည်း မသိသော mecha (မက်ခါစက်ရုပ်) ကို သိမ်းလိုက်ပြီးနောက် ယန်ကျင်းဇီသည် မြေ‌ပြင်ပေါ်တွင် ဒူးထောက်ပြီး ငိုနေသော “လူရိုင်း” ကို ကြည့်လိုက်သည် : “ သွားရအောင်။ ”


ရှဝေချန်သည် ချက်ချင်း ထရပ်လိုက်ပြီး သူနှင့် သူ့လူတို့သည် အာကာသယာဉ်ကို စိတ်လှုပ်ရှားစွာ ကြည့်ကာ ယန်ကျင်းဇီနောက်မှ လိုက်သွားကြသည်။


ထို့နောက် အာကာသယာဉ်၏ အဝင်ဝတွင် လူအများအပြားက မတ်တပ်ရပ်နေပြီး ယန်ကျင်းဇီကို အာကာသယာဉ်ထဲသို့ တလေးတစား ကြိုဆိုနေကြသည်အား သူတို့ တွေ့လိုက်ရသည်။


ထို့အပြင် ဤလူများက...


ဤလူများသည် သူတို့၏စိတ်စွမ်းအင်ကို မဖုံးကွယ်ထားကြချေ။ သူတို့ထဲက လူအများအပြားက သူ့ထက် စိတ်စွမ်းအင် ပိုမြင့်တာကို ရှဝေချန် ခံစားမိတယ်!


သူက အဆင့် A စစ်သည်တော်၊ ဒီလူတွေရဲ့ စိတ်စွမ်းအင်က သူ့ထက် ပိုမြင့်တယ် ဆိုတာက အနည်းဆုံး သူတို့က အဆင့် S ရှိတယ်လို့ ဆိုလိုတာပဲ!


အဆင့် S စစ်သည်တော်များသည် စစ်တပ်ထဲတွင် ဒုတိယဗိုလ်ချုပ်ကြီးများ သို့မဟုတ် ဗိုလ်ချုပ်ကြီးများပင် ဖြစ်နိုင်ပြီး ယခုမူ သူတို့အားလုံးက ဤလူငယ်လေး၏ ပတ်ဝန်းကျင်တွင် ရိုသေလေးစားသော အမူအရာများဖြင့် ရှိနေကြသည်...


ဒါပေါ့၊ ဒါက အံ့ဩစရာတော့ မဟုတ်ဘူး။


ဒါက လျှို့ဝှက်ဆန်းကြယ်ပြီး အစွမ်းထက်တဲ့ Marshal အရှင်ပဲလေ!


ရှဝေချန်၏မျက်နှာတွင် ရိုသေလေးစားမှုများ အပြည့်ရှိနေသည်။ ဤအချိန်တွင် ဆံပင်ရွှေရောင်ဖျော့နှင့် မျက်လုံးပြာတို့ရှိသော အလွန်မြင့်မြတ်သည့် အဆင့် S စစ်သည်တော်တစ်ဦးက သူတို့ထံသို့ ရောက်ရှိလာပြီး တစ်ချက်ကြည့်ကာ မျက်မှောင်ကြုံ့လျက် ဂရုမစိုက်စွာ ဆိုသည် : “ သူတို့ကို ဆေးကြောဖို့ ခေါ်သွား။ ”


ဤလူက စကားပြောပြီးနောက် ထွက်သွားကာ သူတို့ကို လုံးဝ မျက်လုံးထဲမထည့်ချေ။


သို့ရာတွင် ရှဝေချန်သည် လုံးဝ စိတ်မဆိုးပေ။


ဘာလို့ဆို ဒါက အဆင့် S စစ်သည်တော်လေ! အဆင့် S!


သူ့ကို အထင်သေးသည်မှာ မှန်ကန်သည်။


ရှဝေချန်နှင့် သူ့လူများသည် ဆေးကြောရန်အတွက် အခန်းတစ်ခန်းသို့ ခေါ်သွားခံရသည်။


ရေပန်းခေါင်းမှ ရေသန့်များ ထွက်လာသောအခါ သူတို့ ပထမဆုံး လုပ်သည့်အရာမှာ ပါးစပ်ဖွင့်ပြီး ရေသောက်ရန် ဖြစ်သည်။


ရေသောက်ပြီးနောက် သူတို့အားလုံး အတူငိုမိကြသည်။


“ ငါတို့ ကယ်တင်ခံရတယ်! ဘုရားရေ၊ ငါတို့ တကယ် အကယ်ခံရပြီ! ”


“ ဒါတွေအကုန်လုံး အိပ်မက်လိုပဲ! ”


“ ငါတို့ အိပ်မက်မက်နေတာလား? ”


“ Marshal အရှင်ကိုတောင် တွေ့လိုက်ရတာ ငါ မယုံနိုင်ဘူး... ”




စကားပြောနေကြစဉ် လူတိုင်းသည် သူတို့၏ အိမ်ရှိ ဆွေမျိုးများကိုလည်း တွေးမိကြသည်။


သူတို့သည် အချိန်အကြာကြီး ပျောက်ဆုံးနေခဲ့ရာ မိသားစုတွင် ဘာဖြစ်နေမည်ကို သူတို့ မသိပေ...


ပြီးနောက် သူတို့၏ ရဲဘော်ရဲဘက်များ... ထိုအချိန်တွင် ယာဉ်ပေါ်၌ လူထောင်ပေါင်းများစွာ ရှိခဲ့သော်ငြား တိုက်ပွဲတွင် အများအပြား သေဆုံးသွားပြီး ထိုဂြိုဟ်ပေါ်သို့ ပြုတ်ကျပြီးနောက် နောက်ထပ်လူများစွာ သေဆုံးသွားကြကာ ယခုအချိန်တွင် သူတို့တစ်ဒါဇင်သာ ကျန်တော့သည်။


ရှဝေချန်သည် သူ့မျက်နှာကို သုတ်လိုက်ပြီး ပြောလိုက်သည် : “ ငါတို့ ပြန်ရောက်ရင် ကျဆုံးသွားတဲ့ လူတွေအတွက် တရားမျှတမှုကို ရှာဖွေပေးရမယ်။ ” 


သူ့မိသားစုကို သူ တကယ် လွမ်းသည်။


သူသည် သူ့အကူဆရာ၏ လက်ရှိအခြေအနေကို မသိပေ။ သူ့သားငယ်လေးရဲ့ အခြေအနေကရော တိုးတက်လာပြီလား?


သူ့သားအကြီးဆုံး... သူ့သားကြီး၏ ရုပ်ရည်က အလွန်ထင်ပေါ်လွန်းပြီး မက်မောနေကြသော လူများမှာ အများအပြား ရှိနေသည်။ သူသည် ထိုနေရာတွင် သူ မရှိလျှင် သူ့သား ကြုံတွေ့ရမည့် ပြဿနာများကို တကယ် စိုးရိမ်မိသည်။


ရှဝေချန်သည် အသက်ပြင်းပြင်းရှူလိုက်ပြီး အမြန်ဆေးကြောကာ စစ်ဆေးရန်အတွက် လာခေါ်သော စက်ရုပ်နောက်သို့ လိုက်သွားသည်။ လူအချို့က သူထံသို့ ရောက်လာပြီး သူ၏ လူအထောက်အထားနှင့် သူတို့ ကြုံတွေ့ခဲ့ရသည့် အခြေအနေမျိုးစုံကို မေးမြန်းကြသည်။


ရှဝေချန်က ဖြေသည်...


ဤအချိန်တွင် ယန်ကျင်းဇီသည် ထမင်းစားပွဲ၌ ထိုင်နေပြီးဖြစ်သည်။ သူ့ထမင်းစားပွဲပေါ်တွင် နောက်ထပ်သော “တိုက်ခန်း” ရှိနေသည်။


သူ ထမင်းစားနေစဉ် လူတချို့က မဟာမိတ်စစ်သည်တော်များ၏ အာကာသယာဉ် အပျက်အစီးကို သွားရောက်စုဆောင်းကြပြီး တချို့က ထိုလူများ၏ အထောက်အထားများကို သွားစုံစမ်းကြသည်။


သူ စားသောက်ပြီးချိန်တွင် အာကာသယာဉ်ဟာ ဂြိုဟ်မှ ပြန်လည်ထွက်ခွာလာပြီးဖြစ်သည်။


ယန်ကျင်းဇီသည် အာကာသယာဉ်၏ လေ့ကျင့်ရေးခန်းသို့ ဝင်ရောက်ကာ mecha ကို အသုံးပြုရန် သင်ယူပြီး အသေအချာ လေ့ကျင့်ရန် ရည်ရွယ်ထားသည်။


နာရီအနည်းငယ်ကြာအောင် လေ့ကျင့်ပြီးနောက် သူသည် ပြန်ထွက်လာကာ တံခါးတွင် စောင့်နေသော Allen ကို တွေ့လိုက်ရသည်။


သူ့ကို မြင်သော် Allen က ကိုယ်ကွေးညွတ်ပြီး အလေးပြုသည် : “ အရှင်၊ အရှင့်ကို ပြောပြဖို့ ကိစ္စနှစ်ခု ရှိပါတယ်။ ”


“ ဘာလဲ? ” ယန်ကျင်းဇီက မေးသည်။ နောက်ဆုံးတော့ သူသည် mecha အသုံးပြုနည်းကို သင်ယူပြီးဖြစ်ကာ ယခုအခါတွင် သူ့စိတ်အခြေ

အနေက အတော်လေး ကောင်းမွန်နေသည်။


“ အရှင်၊ အခု အရှင်က ဟိုရှသခင်လေးနဲ့ လက်ထပ်ပြီးပါပြီ။ ” Allen ၏ မျက်နှာက သိပ်မကောင်းပေ။


ယန်ကျင်းဇီ : “ ......ပြီးတော့? ”


Allen က ဆက်ပြောသည် : “ အရှင် ကယ်လိုက်တဲ့ လူအုပ်စုထဲမှာ အဲ့ရှသခင်လေးရဲ့ အဖေ ရှိတယ်။ ”


____