အပိုင်း ၁၅၅ ( Mine Owner 4 )
Viewers 10k

သူက ရှသခင်လေးရဲ့အဖေကို တကယ် ကယ်ခဲ့တာလား? ယန်ကျင်းဇီသည် ၎င်းက အနည်းငယ် တိုက်ဆိုင်လွန်းသည်ဟု တွေးမိသည်။


သို့သော် ယခုလက်ရှိ အရေးကြီးဆုံးအလုပ်မှာ သူက ယခု လက်ထပ်ပြီးသား ဖြစ်သွားရသည့် အကြောင်းအရင်းကို သိရှိရန် ဖြစ်သည်။ 


ယနေ့ခေတ်တွင် ကြယ်တာရာ မဟာမိတ် (Galactic Alliance) ရှိ လူများ၌ ရှေးခေတ်လက်ပတ်နာရီနှင့် ဆင်တူသော ဆက်သွယ်ကိရိယာတစ်ခု ရှိကြသည်။ ၎င်းတွင် သူတို့၏ အချက်အလက်များ အားလုံး ရှိသည့်အပြင် အမျိုးမျိုးသော လုပ်ဆောင်ချက်များလည်း ရှိသည်။ ဥပမာအားဖြင့် လူတစ်ဦးနှင့် ဗီဒီယိုခေါ်ဆိုမှု ပြုလုပ်သောအခါ သူတို့သည် တစ်ဖက်လူကို တိုက်ရိုက်ပုံဖော်ထုတ်နိုင်သည်။


ထို့အပြင် ငွေပေးချေမှုနှင့် အစရှိသည်တို့ကိုလည်း ဆက်သွယ်ကိရိယာကို အသုံးပြု၍ ဆောင်ရွက်ကြသည်။


ကြယ်တာရာ မဟာမိတ်ရှိ လူတိုင်းဟာ ဆက်သွယ်ကိရိယာ မရှိဘဲ ဘာမှမလုပ်နိုင်ဟု ပြောနိုင်ပေသည်။


ဆက်သွယ်ကိရိယာ တည်ရှိခြင်းကြောင့်လည်း လက်ထပ်ခြင်းသည် ယခင်ကထက် များစွာပိုမိုလွယ်ကူလာခြင်း ဖြစ်သည်။ နှစ်ဦးနှစ်ဖက်က ဖောင်ဖြည့်သွင်းပြီး ဆက်သွယ်ကိရိယာပေါ်တွင် ၎င်းကို တင်သွင်းပြီးသည်နှင့် သူတို့သည် သတ်မှတ်ချက်များနှင့် ကိုက်ညီသရွေ့ လက်ထပ်နိုင်ကြသည်။ 


သို့ပေမယ့် မူလပိုင်ရှင်က... အဲ့လိုဖောင်မျိုးကို မဖြည့်ဖူးဘူးမလား?


“ ဒါဘာဖြစ်တာလဲ? ” ယန်ကျင်းဇီက မေးသည်။


Allen က ဖြေသည် : “ တပ်ကြီးရှစ်က လူတစ်ယောက် လှုပ်ရှားထားတာပါ။ ”


“ သူတို့ သိတာလား? ” ယန်ကျင်းဇီ မေးလိုက်သည်။ မူလပိုင်ရှင်သည် လုံခြုံရေးအတွက် သူ့အထောက်အထားကို ပြောင်းလဲခဲ့သည်... ရှာတွေ့သွားကြတာများလား?


Allen က ဆိုသည် : “ မဟုတ်ဘူး။ သူတို့က အရှင့်ရဲ့ လက်ထပ်ပွဲကို ရှသခင်လေးနဲ့ အတည်ဖြစ်စေချင်လို့ပါ။ ”


Allen သည် ကြယ်မြို့တော်ဂြိုဟ်မှ လူများနှင့် အမြဲတစေ အဆက်အသွယ်ရှိသည်။ သူသည် ကြယ်တာရာ မဟာမိတ်၏ ကြယ်စင်စုကွန်ယက် (interstellar network) တွင် မြင့်မားသော အခွင့်အာဏာ ရှိထားသည်။ သူသည် ရှမိသားစု၏ အစားထိုးကိစ္စကို သိရှိပြီးနောက် ရှသခင်လေး၏အကြောင်းကိုလည်း သတင်းစုံစမ်းခဲ့ရာ ယန်ကျင်းဇီအား အသေးစိတ် အခြေအနေကို အမြန်ပြောပြခဲ့သည်။ 


“ တပ်ကြီးရှစ်ရဲ့ တပ်မှူးက သူ့ရဲ့ တရားမဝင်သား ဖုဖေးကို လွန်ခဲ့တဲ့ တစ်နှစ်ကျော်က ရှာတွေ့ခဲ့တယ်။ သူ့သားက အသက်ငယ်ငယ်နဲ့ အဆင့် A စစ်သည်တော် ဖြစ်ခဲ့ပြီး အခု အဆင့် S ရောက်သွားတော့ အနာဂတ်မှာ အဆင့် SS ရောက်မယ်လို့ မျှော်မှန်းခံထားရတယ်။ သူနဲ့ ရှချီချီက တွဲနေကြပြီး ရှကျီရှိူ့ရဲ့ လက်ထပ်ပွဲက ရှချီချီကို ထိခိုက်သွားမှာ သူက ကြောက်တော့ အထူးအခွင့်အရေးကို သုံးပြီး အရှင်နဲ့ ရှသခင်လေးတို့ရဲ့ လက်ထပ်မှတ်ပုံတင် စာရင်းသွင်းဖို့ကို ဝင်ကူသွားတာပါ။ ” Allen က ပြောပြသည်။


သာမန်အခြေအနေများတွင် စစ်သည်တော်များနှင့် အကူဆရာများသည် အသက်ကြီးလာသည်နှင့်အမျှ သူတို့၏ စိတ်စွမ်းအင်များကလည်း တိုးလာကာ သူတို့သည် အဆင့်တစ်ဆင့် သို့မဟုတ် နှစ်ဆင့် တိုးမြင့်ပြီး ပိုမိုသန်မာလာနိုင်ကြသည်။


အမှန်ပင်၊ ရှချီချီကဲ့သို့သော အဆင့် E မှ အဆင့် S သို့ ရုတ်တရက် ပြောင်းလဲသွားခြင်းက အလွန်ရှားပါးနေဆဲ ဖြစ်သည်။


သူတို့၏အရှင်ကဲ့သို့ တစ်ခါတည်းဖြင့် အဆင့် SS မှ အဆင့် SSS ကျော်သည့်အထိ စိတ်စွမ်းအင် ခုန်တက်သွားခြင်းဟာလည်း ထပ်တူထပ်မျှ ရှားပါး၏။


ရှချီချီမှာ လူရှိနေပြီးသားပဲ... ယန်ကျင်းဇီ မျက်မှောင်ကြုံ့သွားသည်။


Allen က ဆက်ပြောသည် : “ အရှင် စိတ်မပူပါနဲ့။ ကျွန်တော်တို့က ဒီလူအထောက်အထားကို အချိန်မရွေး ဖယ်ရှားနိုင်ပါတယ်။ ဒီလက်ထပ်ပွဲက အရှင့်ကို မသက်ရောက်နိုင်ပါဘူး။ ”


“ ဒါဆို ဖယ်ရှားလိုက်တော့... နေဦး။ ဖယ်ရှားဖို့ကို ကွာရှင်းပြီးတဲ့အထိ စောင့်လိုက်။ ” ယန်ကျင်းဇီသည် ရုတ်တရက် တွေးမိလိုက်သည်။ သူက ဤလူအထောက်အထားကို ဖယ်ရှားလိုက်လျှင် အဆင်ပြေသေးသော်ငြား လက်ထပ်ပြီးခါစ ရှသခင်လေးအတွက် သူ့ခင်ပွန်းက ရုတ်တရက် ပျောက်သွားလျှင် အတော်လေး ဝမ်းနည်းစရာကောင်းလိမ့်မည်ပင်။


“ ဒါနဲ့ ဒီရှသခင်လေးကရော ဘာကိစ္စလဲ? ”


“ အရှင်၊ အစောက အရှင် ကယ်ခဲ့တဲ့လူက တပ်ကြီးရှစ်ရဲ့ ရှဗိုလ်ချုပ်ပါ။ ရှသခင်လေးက သူ့ရဲ့ သားအကြီးဆုံး၊ ရှကျီရှိူ့လို့ ခေါ်ပါတယ်။ သူက ထင်ရှားတဲ့ ရုပ်ရည် ရှိတဲ့ အဆင့် B အကူဆရာတစ်ယောက်ပါ။ ဒါပေမယ့် သူ့ရဲ့ ဂုဏ်သတင်းက မြို့တော်မှာ သိပ်မကောင်းပါဘူး။ သူ့မှာ စစ်သည်တော်တွေ အများကြီးနဲ့ အချစ်ရေးကိစ္စတွေ ရှိပြီး နာမည်ကျော် လူ့အလွှာပန်းတစ်ပွင့် (social flower) လို့ ပြောကြတယ်။ ”


“ သူက ဘာလို့ ငါ့ကို လက်ထပ်ချင်တာလဲ? ” ယန်ကျင်းဇီ မေးလိုက်သည်။ ထိုသူတွင် အထက်တန်းလွှာ နောက်ခံ ရှိပြီး အဆင့် B အကူဆရာ ဖြစ်ကာ ရုပ်ရည်ကြည့်ကောင်း၍ သူ့ဖခင်ကလည်း ဗိုလ်ချုပ်တစ်ဦး ဖြစ်သည့်အပြင် သူကလည်း “‌ဆော့ကစား”ရသည်ကို နှစ်သက်သည်။ ဘာကြောင့် သူက ဝေးလံတဲ့ ကြယ်စင်စုရဲ့ မိုင်းပိုင်ရှင်ကို လက်ထပ်ဖို့ ဆန္ဒရှိတာလဲ?


“ သူ့ညီရဲ့ ဆေးကုသစရိတ်‌တွေကြောင့် ဖြစ်နိုင်ပါတယ်။ ” Allen သည် ရှမိသားစု၏ အခြေအနေအကြောင်း ပြောပြခဲ့သည်။


ဒီလိုကိုး...


ယန်ကျင်းဇီသည် ရှမိသားစုက သူ့ပိုက်ဆံများကို မယူသင့်ဟု ခံစားရသည်။ သူသည် သေချာပေါက် သူ့ငွေများကို ပြန်ယူမည်ဖြစ်သည်။ ရှသခင်လေးကိုမူ... ဒါပေါ့၊ သူ့ကို ချက်ချင်း ကွာရှင်းဖို့ လိုအပ်တယ်!


ယန်ကျင်းဇီက Allen နှင့် စကားပြောပြီးနောက်တွင် ရှဝေချန်က သူ့ကို တွေ့ချင်နေသည်ဟု လူတစ်ဦးက သူ့ကို လာပြောခဲ့သည်။


သူသည် ဤရှဝေချန်အကြောင်းကို Allen ထံမှ သိရှိထားသည်။ ဤလူက အတော်လေး ကောင်းမွန်သေးသည်။ နေရာတကာ ငွေညာစားတတ်သော ရှအိမ်မှ လူများနှင့် သူက မတူပေ။ ဤလူ၏သားက အနည်းငယ် ဆော့ကစားတတ်လျှင်တောင်မှ... ရှသခင်လေးက ထိုအချိန်တွင် လက်မထပ်ရသေးသဖြင့် သူတစ်ပါးကို အပြစ်တင်ခြင်းမှာ မမှန်ကန်ချေ။


သို့ရာတွင် သူ့၌ ရှဝေချန်နှင့်ပတ်သက်ပြီး ကောင်းမွန်သော ခံစားချက်လည်း မရှိပေ။


အမှန်ပင်၊ ကွာရှင်းဖို့ရန် ပိုမိုလွယ်ကူသွားအောင် သူသည် ရှဝေချန်ကို ကြယ်မြို့တော်သို့ အသေအချာ ပြန်‌ပို့ပေးမည်ဖြစ်သည် : “ သူ့ကို လာခိုင်းလိုက်။ ”


ရှဝေချန်သည် လူတစ်ဦးနောက်မှ လိုက်ပါလာပြီး ဤအာကာသယာဉ်ထဲတွင် ရှေ့သို့လျှောက်လှမ်းလာသည်။


ဤအာကာသယာဉ်၏ အပြင်ပုံပန်းသည် XX ဓာတ်သတ္တုကုမ္ပဏီ ဟူ၍ စာလုံးရိုက်နှိပ်ထားသည့် သာမန်ကုန်တင်အာကာသယာဉ်သာ ဖြစ်သည်။ အာကာသယာဉ်၏ ဝင်ပေါက်ကလည်း အတော်ရိုးရှင်းသော်ငြား အာကာသယာဉ်ထဲသို့ ဝင်သောအခါတွင် ဤအာကာသယာဉ်၏ ခြားနားချက်ကို တွေ့ရလိမ့်မည်ပင်။


ဒီအာကာသယာဉ်မှာ အသုံးပြုတဲ့ ပစ္စည်းက အရမ်းအရေးပါတဲ့ အနီရောင်ရွှေစင်တွေ၊ တပ်ကြီးရှစ်ရဲ့ ထိပ်တန်းအာကာသယာဉ်မှာတောင် ပမာဏနည်းနည်းပဲ သုံးနိုင်တဲ့ဟာ!


ဒီနည်းပညာအဆင့်မြင့်ပစ္စည်း အမျိုးမျိုးတွေဆိုရင် သူ တစ်ခါမှ ဒီလောက်အများကြီး မမြင်ဖူးသေးဘူး!


အထဲက လူတွေကိုဆို ပြောစရာတောင် မလိုဘူး၊ သူ့ထက် အားနည်းတဲ့ လူတစ်ယောက်ကိုတောင် သူ အခုထိ မတွေ့ရသေးဘူး!


ရှဝေချန်သည် သတိထားပြီး ရှေ့သို့လျှောက်သွားကာ နောက်ဆုံးတွင် အခန်းတစ်ခန်း၏တံခါးဆီသို့ ရောက်သွားသည်။


အခန်းတံခါးက အလိုအလျောက် ပွင့်သွားပြီးနောက် ရှဝေချန်၏ရှေ့တွင် ဇိမ်ခံကမ္ဘာကြီးတစ်ခု ပေါ်လာ၏။


အကယ်၍ ရှဝေချန်တွင်သာ အနည်းငယ်သော ဗဟုသုတတို့ မရှိခဲ့လျှင် သူသည် ဤနေရာရှိ အရာများက အလွန်တန်ဖိုးကြီးကြောင်းကိုပင် နားမလည်နိုင်လောက်ပေ။


သူသာ အမှတ်မမှားဘူးဆိုလျှင် သူ့ခြေဖဝါးအောက်မှ ကြမ်းပြင်မှာ စိတ်စွမ်းအင်ကို သီးခြားခွဲထုတ်နိုင်သည့် အကျိုးသက်ရောက်မှုရှိသော Dasan ဂြိုဟ်၏ အကောင်းဆုံး မင်ကျောက်ဖြင့် ခင်းထားခြင်း ဖြစ်လောက်သည်။ 


ပတ်ဝန်းကျင်နံရံများကို မင်ကျောက်ထက်ပင် ပိုမိုအဖိုးတန်သော အခြားကျောက်တစ်မျိုးဖြင့် ပြုလုပ်ထား၏။ အဲ့ဒါက စိတ်စွမ်းအင်ကိုတောင် ငြိမ်သက်စေနိုင်တဲ့ ကျောက်ပဲ!


သာမန်လို့ထင်ရတဲ့ စားပွဲကလည်း စိတ်စွမ်းအင်ကို ကောင်းကောင်းကြီး တည်ငြိမ်စေတဲ့ Flan အပင်နဲ့ ပြုလုပ်ထားတာ!


ယခင်က သူ့အထက်အရာရှိ ဖြစ်သော တပ်ကြီးရှစ်၏ ဗိုလ်ချုပ်ကြီးသည် Flan အပင်၏ အမျှင်မှ ပြုလုပ်ထားသော လက်ကောက်တစ်ခုကို ရရှိခဲ့သည့်အချိန်တွင် ၎င်းကို တစ်နှစ်တာလုံး ကြွားဝါခဲ့ပြီး သူ့ကိုယ်ပေါ်တွင် အမြဲဝတ်ဆင်ထားခဲ့သည်။


ဒါပေမယ့် အခုတော့ လူတစ်ယောက်က Flan အပင်ကို စားပွဲလုပ်ဖို့ သုံးလိုက်ပြီ!


ရှဝေချန်သည် ၎င်းကို ပေါ့ပေါ့ပါးပါး တစ်ချက်သာ လှမ်းကြည့်မိပြီး သူ၏ဆင်းရဲမှုကို ခံစားလိုက်ရကာ ယခုမူ သူသည် သူ မသိသည့် သေးငယ်သော အလှတန်ဆာများ အားလုံး၏အကြောင်းကို တွေးပင် မတွေးဝံ့တော့ပေ။


တပ်ကြီးရှစ်တပ်တို့ကို ထိန်းချုပ်သော အရှင် Marshal ဟာ တကယ့်ကို လျှို့ဝှက်ဆန်းကြယ်ပြီး အတပ်ပြောရခက်လှသည်။


“ အရှင် Marshal, ကျွန်တော်တို့ကို ကယ်တင်ပေးလို့ ကျေးဇူးတင်ပါတယ်။ ” ရှဝေချန်သည် ယန်ကျင်းဇီကို အလေးပြုသည်။


“ အင်း။ ” ယန်ကျင်းဇီသည် ဆိုဖာပေါ်တွင် ထိုင်ပြီး ဂရုမစိုက်စွာ တုံ့ပြန်လိုက်ကာ သူ့အကြည့်က သူတို့အပေါ်ကို ဖြတ်သန်းသွားသည်။


ရှဝေချန်နှင့် အခြားသူများသည် သူတို့က ပစ်မှတ်ထားခံရပြီး တစ်ဖက်လူက အတွေးတစ်ခုနှင့်တင် သူတို့၏အသက်များကို နှုတ်ယူသွားနိုင်သည်ဟု ရုတ်တရက် ခံစားလိုက်ရသည်။


ဒါက တကယ် အစွမ်းထက်လွန်းတယ်... Marshal အရှင်က အဆင့် SSS စစ်သည်တော်လား?


ရှဝေချန်နှင့် အခြားသူတို့ ကြွက်သားတစ်ခုကိုပင် မလှုပ်ရဲကြသည့် ဤအခိုက်အတန့်၌ ယန်ကျင်းဇီက ဆိုသည် : “ ငါ့ကိုတွေ့ခဲ့တဲ့အကြောင်း မင်းတို့ အပြင်မှာ မပြောရဘူး။ ပြီးတော့ နောင်မှာ ငါ့ကိုတွေ့ခဲ့ရင် မင်းတို့ ငါ့ကို မသိဘူးလို့ သဘောထားရမယ်။ ” 


“ ဟုတ်ကဲ့ပါ၊ Marshal အရှင် ” ရှဝေချန်နှင့် အခြားသူတို့အားလုံးက သဘောတူကြသည်။


“ သွားတော့။ ” ယန်ကျင်းဇီသည် အေးအေးဆေးဆေး လက်ဝှေ့ယမ်းလိုက်ပြသည်။


ရှဝေချန်နှင့် အခြားသူများသည် ကျေးဇူးတင်စကားကို တကယ်ပင် ပြောချင်သော်ငြား ယန်ကျင်းဇီက ဤကဲ့သို့ဖြစ်နေသဖြင့် သူတို့သည် မပြောရဲတော့ဘဲ နောက်ဆုံးတွင် တရိုတသေဖြင့် ပြန်သွားကြရသည်။


ယန်ကျင်းဇီသည် ဤလူများရှေ့တွင် ဟန်ဆောင်ခဲ့ပြီးနောက် သူတို့ ထွက်သွားသောအခါ သူက မတ်တပ်ရပ်လိုက်သည် : “ ခဏလောက် mecha သွားကစားလိုက်ဦးမယ်... Allen, အာကာသယာဉ်ကို အရှိန်မြှင့်ခိုင်းလိုက်ပါ! ”


သူ အရမ်းအရမ်း ကွာရှင်းချင်နေပြီ!


အာကာသယာဉ်သည် ၎င်း၏ ကိုယ်ပျောက်ကိရိယာကို အသက်သွင်းပြီး မှောင်မိုက်သော စကြဝဠာအတွင်းသို့ ရှေ့ဆက်ပျံသန်းသွားသည်။


နောက်နှစ်ရက်အကြာတွင် ယန်ကျင်းဇီသည် ကြယ်မြို့တော်ဂြိုဟ်၏ အချက်ပြအကွာအဝေးအတွင်းတွင် ရောက်ရှိနေပြီဖြစ်ကြောင်း သိလိုက်ရသည်။ 


“ အရှင်၊ ကျွန်တော် ရှဝေချန်နဲ့ တခြားလူတွေကို ပြန်လွှတ်လိုက်ပြီး အရှင့်‌အကြောင်း ဘယ်သူ့ကိုမှ မပြောဖို့ သတိပေးလိုက်ပါတယ်။ အခု Kamil ဂြိုဟ်ကို အရင်သွားပါမလား? ”


“ အင်း ” ယန်ကျင်းဇီက တုံ့ပြန်လိုက်ပြီး တစ်ချိန်တည်းမှာပင် သူ၏ ဆက်သွယ်ကိရိယာမှ အသံထွက်လာသည်။


ကြယ်မြို့တော်ဂြိုဟ်၏ အချက်ပြအကွာအဝေးအတွင်းတွင် ရောက်ရှိနေပြီးနောက် ကွန်ယက်တစ်ခု ရှိလာပြီဖြစ်ကာ သူတို့၏အာကာသယာဉ်သည်လည်း သာမန်ကုန်တင် အာကာသယာဉ်အဖြစ် ဟန်ဆောင်၍ ဖြည်းညှင်းစွာ ရှေ့ဆက်ရမည်ပင်။


“ မြို့တော်ကို ရောက်ရင် အရှင် ဘာကိုမှ ကြောက်စရာမလိုပါဘူး။ ” Allen က ဆက်ပြောသည် : “ အရှင့်ရဲ့ ပုံမှန်ယာဉ်ကိုလည်း ပြန်ပြောင်းလို့ရပါပြီ။ ” သူတို့အရှင်၏ လက်ရှိစိတ်စွမ်းအင်နှင့်ဆိုလျှင် သူတို့သည် တပ်ကြီးရှစ်တပ်တို့၏ ထိုတပ်မှူးများက အသေးတကာ့ အသေးဆုံး လှုပ်ရှားမှုကိုပင် မလုပ်ရဲကြလောက်ဟု ယုံကြည်ကြသည်။


ယခင်က မသိမသာ လှုပ်ရှားခဲ့ကြသူများအတွက်မူ... ပြောင်းပစ်လိုက်တာ ပိုကောင်းတယ်!


ဤအချိန်တွင် Allen တောင်မှ အနည်းငယ် အေးစက်နေ၏။


ယန်ကျင်းဇီသည် ခေါင်းညိတ်လိုက်ပြီး ဆက်တိုက်မြည်နေသော သူ့ကိုယ်ပိုင် ဆက်သွယ်ကိရိယာကို ဖွင့်လိုက်ကာ သတင်းများစွာကို ရရှိထားကြောင်း တွေ့လိုက်ရသည်။


၎င်းတွင် မြို့တော်သို့ ကြိုဆိုစာ၊ အဓိကစနစ် (main brain) မှ သူ့ကို ပေးပို့သော သူ့လက်ထပ်ပွဲအတွက် ဂုဏ်ပြုစာနှင့် လွန်ခဲ့သော နှစ်ရက်က သူ့အိမ်ထောင်ဖက်ထံမှ စာသားမက်ဆေ့ခ်ျတစ်စောင်တို့ ရှိနေသည် : “ဟယ်လို၊ ရှကျီရှိူ့ပါ။ ငါတို့ လက်ထပ်မှတ်ပုံတင်ပြီးတာ သိလိုက်ရလို့ ငါ မင်းနဲ့ စကားပြောချင်ပါတယ်။” 


ယန်ကျင်းဇီသည် သာမန်မိုင်းပိုင်ရှင်တစ်ဦးကဲ့သို့ ဟန်ဆောင်လိုက်သည် : “ငါ မြို့တော်နားကို အခုမှ ရောက်ပြီး ကြယ်ကွန်ယက်ကို ချိတ်ဆက်မိတဲ့အချိန်မှာပဲ ငါတို့ရဲ့ အိမ်ထောင်ရေး အချက်အလက်ကို တွေ့လိုက်ရတယ်... ငါတို့ အခု လက်ထပ်ပြီးတယ်ဆိုတာ ဘယ်လိုဖြစ်သွားတာလဲ?”


သူ့မက်ဆေ့ခ်ျကို ပေးပို့ပြီးနောက် ရှကျီရှိူ့က သူတို့၏လက်ထပ်ပွဲအကြောင်း ရှင်းပြသော မက်ဆေ့ခ်ျတစ်စောင်ကို လျင်မြန်စွာ ပြန်ပို့လာသည် : “ဒီလိုပါ။ ငါ့ဝမ်းကွဲ ရှချီချီနဲ့ တပ်ကြီးရှစ် တပ်မှူးရဲ့ တစ်ဦးတည်းသော သား၊ ဖုဖေးတို့က ချစ်နေကြတယ်။ ဒါကြောင့် ရှမိသားစုက ငါနဲ့မင်းကိုပဲ လက်ထပ်စေချင်ကြတယ်။ ငါတို့ရဲ့လက်ထပ်မှတ်ပုံတင်ကလည်း ဖုဖေးနဲ့ ဆိုင်လောက်တယ်...”


ရှကျီရှိူ့သည် Kamil ဂြိုဟ်ပေါ်ရှိ သူ့အရေးကိစ္စများကို ပြောပြပြီးနောက် ရှမိသားစုကိုယ်စား တောင်းပန်ခဲ့သည်။ အဆုံးတွင် သူက မေးသည် : “ဒါက လက်ရှိအခြေအနေပါ။ ငါ တကယ် တောင်းပန်ပါတယ်။ ဒါပေမယ့် ဒီလိုဖြစ်မယ်လို့ ငါ မထင်မိခဲ့ဘူး... ငါ သိချင်တယ်၊ မင်းရဲ့စိတ်ကူး ဘယ်လိုရှိလဲ?”


ယန်ကျင်းဇီက စာပြန်လိုက်သည် : “ငါ ကွာရှင်းချင်တယ်၊ ရမလား? ”


ရှကျီရှိူ့က သဘောတူသည် : “ပြဿနာမရှိပါဘူး။ ဒီကိစ္စက အစကတည်းက ငါတို့ရဲ့အမှားပါ။ မစိုးရိမ်ပါနဲ့၊ ငါ မင်းရဲ့စေ့စပ်လက်ဆောင်ကို ပြန်ပေးပါ့မယ်။”


ရှကျီရှိူ့က ကွာရှင်းရန် ကတိပြုသည်ကို တွေ့သော် ယန်ကျင်းဇီ၏ သူ့အပေါ် အမြင်မှာ ချက်ချင်း တိုးတက်သွားသည်။


ဒါပေမယ့် ဒီရှကျီရှိူ့က နာမည်ကျော် လူ့အလွှာပန်းတစ်ပွင့်ပဲ၊ ရုပ်ချောပြီး ချမ်းသာတဲ့ သူ့ကို မြင်ပြီး ထွက်မသွားချင်တော့ဘူးဆိုရင် ဘယ်လိုလုပ်မလဲ?


မျိုးရိုးတစ်ဆက်ပြီးတစ်ဆက် ဆင်းသက်လာတဲ့ မျိုးရိုးဗီဇကောင်းမွန်မှုကြောင့် မူလပိုင်ရှင်က တကယ် ရုပ်ရည်ချောမောတာကို သူ ဝန်ခံရမယ်!


ယန်ကျင်းဇီသည် ခဏတဖြုတ် တွေးလိုက်ပြီး သူ့အတွက် ဝေးလံသော ကြယ်စင်စုမှ မိုင်းပိုင်ရှင်၏ အထောက်အထားနှင့် ကိုက်ညီသော ဝတ်စုံတစ်စုံ ရှာလာရန် Allen ကို ပြောလိုက်ကာ မေးလိုက်သည် : “ ငါ့ရဲ့ရုပ်ရည်ကို ပြောင်းလဲဖို့ နည်းလမ်းရှိလား? ”


“ ဒါပေါ့၊ နည်းလမ်း ရှိပါတယ်။ အရှင်၊ အလှပြင် စက်ကိရိယာက ရုပ်ရည်ကို အချိန်တိုအတွင်း ပြောင်းလဲပေးနိုင်တယ်။ ဒါပေမယ့် ပြောင်းလဲမှုက သိပ်ပြီး ကြီးကြီးမားမား မဖြစ်နိုင်ပါဘူး။ ” Allen က ပြန်ဖြေသည်။


“ အရမ်းကြီး ပြောင်းဖို့ မလိုဘူး။ အသားအရည်အရောင်နဲ့ အသားအရည်ကိုပဲ ပြောင်းမယ်။ ” ယန်ကျင်းဇီသည် Allen ကို မေးပြီး အလှပြင် စက်ကိရိယာကို အသုံးပြု၍ သူ၏ပုံရိပ်အသစ်ကို ပြောင်းလဲလိုက်သည်။


တစ်ချိန်တည်းမှာပင် Kamil ဂြိုဟ်ပေါ်၌ ရှကျီရှိူ့သည် မျက်မှောင်ကြုံ့နေသည်။


မူလက သူသည် ယန်ကျင်းဇီနှင့် ကောင်းမွန်စွာ နေထိုင်ချင်ခဲ့သည်။ သူတို့က အဆင်ပြေနိုင်လျှင် လက်ထပ်နိုင်သော်ငြား ယခုမူ ဖုဖေးက သူတို့၏ လက်ထပ်ရန် စိတ်ဆန္ဒကို ဂရုမစိုက်ခဲ့သဖြင့် ဤသို့ပြုလုပ်ရန်မှာ မလွယ်တော့ချေ။


သူသည် ကွာရှင်းပြီးနောက် ချက်ချင်း အလုပ်ရှာကာ ရှမိသားစုအား ယန်ကျင်းဇီ ပေးခဲ့သော ပိုက်ဆံများကို ပြန်ပေးမည်ဖြစ်သည် – ရှမိသားစုအား ယန်ကျင်းဇီ ပေးထားသော တင်တောင်းငွေကို ယခုအချိန်တွင် သူ့ညီကို ဆေးကုသရန် အသုံးပြုနေပြီး ယင်းကား သူ ပြန်ပေးရမည့် ပိုက်ဆံ ဖြစ်၏။


သို့ရာတွင် ဖုဖေးကို ဖြေရှင်းရန်မှာ မလွယ်ချေ... ရှကျီရှိူ့သည် ခဏတာ စဉ်းစားလိုက်ပြီးနောက် ယန်ကျင်းဇီထံသို့ စာပို့လိုက်သည်။ ထိုအခါမှသာ ယန်ကျင်းဇီက စိတ်လက်မာန်ပါ မပြုမူတော့ဘဲ ဖုဖေးကိုလည်း ဒေါသမထွက်စေတော့မည်ပင်။


ယန်ကျင်းဇီက စာပြန်သည် : “စိတ်မပူနဲ့။ ငါ ရှချီချီကို လက်မထပ်ချင်ဘူး၊ သူနဲ့ သွားမရှုပ်ဘူး။ ဒါပေမယ့် ငါ့မှာ ရှမိသားစုရဲ့ နှစ်ပေါင်းများစွာကြာအောင် ငါ့ဆီက ငွေတောင်းခဲ့တဲ့ သက်သေ ရှိတယ်။ ငါ သူတို့ကို ငွေပြန်ပေးခိုင်းမယ်။”


ရှကျီရှိူ့ အံ့အားသင့်သွားသည် : “ဒီနှစ်တွေမှာ ရှမိသားစုက မင်းကို ပိုက်ဆံတောင်းခဲ့တာလား?”


ဤစာကို သူ ပို့ပြီးနောက် ဆက်သွယ်ကိရိယာ၏ တစ်ဖက်လူက သူ့ကို ဆက်သွယ်ကာ ငွေတောင်းခံလွှာတစ်စောင် ပို့လာသည်။


ရှကျီရှိူ့သည် ငွေတောင်းခံလွှာကို မြင်သောအခါ လုံးဝဥဿုံ ကြက်သေသေသွားသည်။


ရှမိသားစုက ဒီမိုင်းပိုင်ရှင်ဆီက ငွေတွေအများကြီး တကယ် ချေးခဲ့တာလား? ပြီးတော့ သူ့တင်တောင်းငွေက အရမ်းရက်ရောလှချည်လား? သူ့ညီရဲ့ ဆေးကုသမှုအတွက် ရှမိသားစု သုံးခဲ့တဲ့ငွေက နှစ်ဆယ်ပုံတစ်ပုံအောက်ပဲ ရှိတယ်!


သူသည် ဤတင်တောင်းငွေ အားလုံးကို ပေးရမည်ဆိုလျှင် သေချာပေါက် မတတ်နိုင်ပေ... ရှကျီရှိူ့သည် ရှမိသားစုထံမှ ငွေလွှဲမှတ်တမ်းကို ယန်ကျင်းဇီထံသို့ ချက်ချင်း ပို့လိုက်ပြီး သူက ဤမျှသာ ရခဲ့၍ အတိုးကိုပင် ပြန်ပေးမည်ဟု ပြောလိုက်သည်။ လက်ကျန်ကိုမူ... သူ့တွင် အားအင်ကင်းမဲ့၏။


သူနှင့် သူ့မိခင်က ရှင်သန်ရဦးမည်ပင်။


ယန်ကျင်းဇီသည် သဘောတူလိုက်ပြီး သူ၏ ရှသခင်လေးအပေါ် အမြင်က ပိုကောင်းလာသည်။


ဤလူကလည်း အတော်သနားစရာကောင်းသည်... သူ့ပုဂ္ဂလိကဘဝက အနည်းငယ် ရှုပ်ထွေးသော်လည်း လူဆိုးတော့ မဟုတ်ချေ။


ကြယ်မြို့တော်ဂြိုဟ်၏ အချက်ပြအကွာအဝေးအတွင်း ရောက်ရှိပြီး နောက်တစ်ရက်အကြာ၌ ယန်ကျင်းဇီသည် Kamil ဂြိုဟ်သို့ ရောက်ရှိသည်။


ဤနေ့တွင် သူနှင့် ရှကျီရှိူ့တို့၌ စကားဖလှယ်မှုအချို့ ရှိခဲ့ပြီးနောက် သူသည် တောသား မိုင်းပိုင်ရှင်အဖြစ် ပြီးပြည့်စုံစွာ သရုပ်ဆောင်ခဲ့သည်။


တကယ်တော့ သူ သရုပ်ဆောင်စရာ မလိုပေ... သူ့တွင် မူလပိုင်ရှင်၏ မှတ်ဉာဏ်များ မရှိဘဲ အကြောင်းအရာ တော်တော်များများကို နားမလည်ချေ။


Kamil ဂြိုဟ်ကို တွေ့လိုက်ရသော ယန်ကျင်းဇီသည် တောသားပုံစံ ဝတ်စုံအပြည့်အစုံကို ချက်ချင်း ဝတ်ဆင်လိုက်သည်။


တံဆိပ်က အလွန်ထင်ရှားနေပြီး သူ ဝတ်ထားသမျှ အားလုံးမှာ လူတိုင်း သိသည့် ဇိမ်ခံပစ္စည်းများ ဖြစ်ကာ ၎င်းတို့က သဟဇာတမဖြစ်စွာ လိုက်ဖက်ညီနေသည်။ တောသူဌေးများ၏ အကြိုက်ဆုံးဟု ဆိုနိုင်သည့် ရွှေရောင်အိတ်တစ်လုံးလည်း သူ့တွင် ရှိသည်။


သူ့ဆံပင်ပုံစံကိုလည်း အနည်းငယ် ပြောင်းလဲထားပြီး သူ့အိတ်ကပ်ထဲတွင် စီးကရက်တစ်ဘူး ပါရှိ၏။


အမှန်ပင်၊ အလှပြင် စက်ကိရိယာကြောင့် အသားအရည်ဟာလည်း အလွန်ညိုနက်ပြီး ကြမ်းတမ်းနေသေးသည်။


ယန်ကျင်းဇီသည် မှန်ထဲတွင် သူ့ကိုယ်သူ ကြည့်ပြီး မသက်မသာပင် ခံစားလိုက်ရသည်။


တကယ် ရုပ်ဆိုးတယ်...


ကြယ်မြို့တော်တွင် ကြီးပြင်းပြီး ဖက်ရှင်လွှမ်းမိုးမှုခံခဲ့ရသော ရှသခင်လေးက သူ့ကို ဤပုံစံဖြင့် မြင်သောအခါ ချက်ချင်း ကွာရှင်းချင်သွားလိမ့်မည်ဖြစ်ကြောင်း ယန်ကျင်းဇီ အာမခံသည်။


ဤသို့တွေးပြီး ယန်ကျင်းဇီသည် ကျေနပ်စွာဖြင့် အာကာသယာဉ်ပေါ်မှ ဆင်းလိုက်သည်။


ပတ်ဝန်းကျင်ရှိ လူအချို့က သူ့ကို မနာလိုစွာ ကြည့်နေကြပြီး အချို့က သူ့ကို အထင်သေးစွာ ကြည့်ကြသည်။ သူသည် မတုန်လှုပ်ဘဲ မကြာမီတွင် သူ့စံအိမ်သို့ ရောက်သွားသည်။


သူသည် ရှကျီရှိူ့အား သူ ရောက်လာသည့်အကြောင်းကို ပြောပြပြီးဖြစ်ကာ ရှကျီရှိူ့က သူ့ကို တံခါးဝတွင် စောင့်နေသည်... ယန်ကျင်းဇီသည် ကားပျံပေါ်မှ ဆင်းပြီး သူ့စံအိမ်၏တံခါးဝတွင် မတ်တပ်ရပ်နေသည့် လူငယ်တစ်ဦးက သူ့ကို အနည်းငယ် ပြုံးပြနေသည်အား မြင်လိုက်ရသည်။ 


ဒီလူက တကယ် ကြည့်ကောင်းလွန်းတယ်! ဘာရှချီချီလဲ? သူ(မ)က သူ့ရဲ့ ဆယ်ပုံတစ်ပုံကိုတောင် မယှဉ်နိုင်ဘူး!


ယန်ကျင်းဇီ၏နှလုံးသားထဲတွင် အလှအပ ဖော်ပြချက်မျိုးစုံ ဖြတ်သန်းသွားသော်ငြား ထိုဖော်ပြချက်များက သူ့ရှေ့မှလူကို ဖော်ပြရန်အတွက် နိမ့်ကျကာ အနည်းငယ် မလုံလောက်ဟု သူ အမြဲခံစားရသည်။


ဒါက ဖော်ပြမရတဲ့ အလှပဲ!


ဒီလူက အရမ်းလှလွန်းလို့ ဒီလူရဲ့ ဆံပင်အမျှင်လေးတွေကိုတောင် သူ ကြိုက်တယ်!


သူ မြင်မြင်ချင်း ချစ်မိသွားပြီ!


ဒီလူကို ရှာဖို့ ဒီကမ္ဘာကို သူ ကူးပြောင်းလာတယ်လို့တောင် သူ ခံစားရတယ်!


ယန်ကျင်းဇီ၏နှလုံးခုန်သံသည် ပိုမိုမြန်ဆန်လာပြီး သူ့တစ်ကိုယ်

လုံး မူးဝေလာသည်။ တစ်ချိန်တည်းမှာပင် သူသည် တစ်စုံတစ်ခုကို ရုတ်တရက် သဘောပေါက်သွားသည်။


ဒါက သူ့စံအိမ်၊ ဆိုတော့... သူ့အိမ်တံခါးမှာ စောင့်နေတဲ့ ဒီလူက ရှကျီရှိူ့လား?


သူ မကြာခင် ကွာရှင်းတော့မယ့် ဟိုရှကျီရှိူ့လား?!


____