ယန်ကျင်းဇီက ရှကျီရှိူ့ကို မြင်သောအခါ ရှကျီရှိူ့ကလည်း ယန်ကျင်းဇီကို မြင်လေသည်။
ယန်ကျင်းဇီ နေထိုင်ရာ ဝေးလံခေါင်သီသော ကြယ်စင်စုဟာ ကြယ်မြို့တော်ဂြိုဟ်နှင့် ဝေးကွာလွန်းပြီး ဆက်သွယ်ကိရိယာနှင့် သူ့ကို တိုက်ရိုက်ဆက်သွယ်ဖို့ရန်ပင် နည်းလမ်းမရှိချေ။ ထို့ကြောင့် ရှမိသားစုသည် ယန်ကျင်းဇီအကြောင်းကို သိပ်မသိကြဘဲ သူ့ကို ပေးထားသည့် အချက်အလက်ထဲတွင်လည်း ဓာတ်ပုံမရှိပေ။
သို့သော် Kamil ဂြိုဟ်ပေါ်ရှိ စံအိမ်များသည် အလွန်ကြီးမားကျယ်ဝန်းပြီး တစ်ဦးနှင့်တစ်ဦး ဆက်သွယ်မှု အနည်းငယ်သာ ရှိသောကြောင့် စံအိမ်၏တံခါးဝတွင် ပေါ်လာသော လူသည် သူ့ကို လာနှုတ်ဆက်သည့် ယန်ကျင်းဇီပင် ဖြစ်ရမည်။
ကားပျံရပ်သွားသည်နှင့် ရှကျီရှိူ့သည် ယဉ်ကျေးစွာ ပြုံးထားသော်လည်း ယန်ကျင်းဇီ၏ အဝတ်အစားများကို မြင်သောအခါ သူ့အပြုံးကို ဆက်လက်ထိန်းသိမ်းရန် အနည်းငယ် ခက်ခဲသွားရှာသည်။
ဒီလူ... ဘာကြောင့် ဒီလူရဲ့ပုံစံက သူ့တစ်ကိုယ်လုံးမှာ ဇိမ်ခံပစ္စည်းတွေကို ချိတ်ဆွဲပြီး ရူးမိုက်တဲ့ နည်းလမ်းနဲ့ သူ ဝတ်ထားတာတွေက ဇိမ်ခံပစ္စည်းတွေပါလို့ လူတိုင်းကို သိစေချင်နေသလို ဖြစ်နေတာလဲ?
အမှန်တော့ ဤအရာများထဲမှ တစ်ခုတည်းကို ဝတ်ဆင်မည်ဆိုလျှင်ပင် ၎င်းက ကြည့်ရသိပ်မဆိုးနိုင်ချေ။ သို့သော်ငြား ဤလူ၏ ကမောက်ကမ တွဲဖက်ဝတ်ဆင်မှုကြောင့် ၎င်းက တကယ်ကို ရုပ်အဆိုးဆုံး ဖြစ်နိုင်လာခဲ့သည်။
ရှကျီရှိူ့သည် ဝတ်စားဆင်ယင်မှုကို အလေးထားသူ မဟုတ်ပေ။ သူသည် အလွန်ကြည့်ကောင်းပြီး မပြင်ဆင်လျှင်ပင် ပြဿနာများစွာကို ဖြစ်စေနိုင်သည်။ သူသာ သေချာဝတ်စားမယ်ဆိုရင်ရော ဘာတွေဖြစ်ကုန်မလဲ?
သို့ရာတွင် သူက ဝတ်စားပြင်ဆင်ရသည်ကို မနှစ်သက်ဘဲ မည်သို့ဝတ်စားပြင်ဆင်ရမည်ကိုလည်း မသိလျှင်တောင်မှ သူသည် သူ့ရှေ့မှ လူဟာ မျက်လုံးထဲတွင် တကယ်ကို ပြင်းရှလွန်းသည်ဟု ခံစားနေရဆဲဖြစ်သည်။
ဒါပေမယ့် ဘာဖြစ်တာလဲ သူ မသိဘူး၊ သူ ဒီစူးရှရှပုံစံနဲ့ လူကို ကြည့်လိုက်တော့ အံ့ဩဖို့ကောင်းလောက်အောင် ခံစားလိုက်ရတယ်... သူ ဒီလူကို တော်တော်လေး သဘောကျလားလို့?
ရှကျီရှိူ့သည် သူ့ရှေ့မှ လူကို ကြည့်ကာ အနည်းငယ် အနေခက်သော အပြုံးဖြင့် ပြုံးပြလိုက်သော်လည်း သူ့နှလုံးသားက ရူးမတတ် ခုန်နေလျက်ရှိသည်။
တကယ်တော့ သူ့တွင် ယခင်အတိတ်၌ ပိုးပန်းသူများစွာ ရှိခဲ့သည်။
သူသည် ငယ်စဉ်ကတည်းက အဆင့် B အကူဆရာတစ်ဦး ဖြစ်ခဲ့ပြီး အနာဂတ်တွင် အဆင့် A အကူဆရာတစ်ဦး ဖြစ်လာရန် မျှော်လင့်ချက်များစွာ ရှိသည်။ ထို့အပြင် သူ့ဖခင်သည် ဗိုလ်ချုပ်တစ်ဦး ဖြစ်သည်... သူ့ကို နှစ်သက်ကြောင်း ပြသတဲ့ အဆင့် S စစ်သည်တော်တွေတောင် ရှိခဲ့တယ်!
သို့သော် သူသည် ထိုလူများကို တစ်ယောက်မှ မကြိုက်ခဲ့ပေ။
သူ့အိပ်မက်ကို ဦးစွာ အကောင်အထည်ဖော်ရမည် ဖြစ်သောကြောင့် ထိုလူများကို မကြိုက်ခဲ့ဟု သူသည် အမြဲတွေးခဲ့သော်ငြား ထိုသို့မဟုတ်ကြောင်း ယခုတော့ သိလိုက်ရပြီပင်။
သူသည် ထိုလူများကို မကြိုက်ပေ... ယင်းကား စိတ်ကူးများကြောင့် မဟုတ်လောက်ဘဲ သူ၏ အလှရသခံစားမှု ပုံမှန်မဟုတ်ခြင်းကြောင့် ဖြစ်နိုင်လောက်သည်။
ဒီလိုစူးရှရှပုံစံစတိုင်ကို သူ တကယ် ကြိုက်တယ်!
ရှကျီရှိူ့သည် အံ့အားသင့်သွားပြီး အလွန်အမင်း စိတ်ရှုပ်ထွေးနေသည်။
ဤအချိန်တွင် ယန်ကျင်းဇီ၏စိတ်ထဲ၌ စကားတစ်လုံးသာ ရှိသည် — နောင်တ။
ဘာကြောင့် သူ ကွာရှင်းချင်တာလဲ?
ကွာရှင်းချင်ရင်တောင်မှ... မကွာရှင်းခင် သူ့အိမ်ထောင်ဖက်ရဲ့ အချက်အလက်ကို သူ ဘာကြောင့် မကြည့်ခဲ့တာလဲ?
သူသာ ဒီလူရဲ့ပုံကို စောစောက မြင်ဖူးခဲ့ရင် သူ မကွာရှင်းချင်တော့မှာ သေချာတယ်!
ဒါဆို သူ အခု ဘာလုပ်သင့်လဲ?
မကွာရှင်းတော့ဘူးလို့ သူ ချက်ချင်း ပြောဖို့အတွက် အရမ်းနောက်ကျသွားပြီလား...?
နေဦး၊ နောက်တစ်ခု ရှိသေးတယ်!
သူက Gonzo လိုမျိုး ဝတ်ထားတယ်!
သောက်ကျိုးနည်း Gonzo!
သူ့ရဲ့ဒီပုံစံနဲ့ ရှကျီရှိူ့က သေချာပေါက် သူ့ကို မုန်းတီးပြီး ကွာရှင်းချင်လိမ့်မယ်!
မြင်မြင်ချင်း ချစ်မိသွားမယ် ဆိုတာကို သူ သိခဲ့မယ်ဆိုရင် သူက အချောဆုံး အသွင်အပြင်ကို ဖန်တီးပြီး ပုံရိပ်ဒီဇိုင်နာဆီမှာ သူ့အတွက် အပြီးပြည့်စုံဆုံး ပုံရိပ်ကို ဒီဇိုင်းထုတ်ခိုင်းခဲ့မှာပဲ!
ယန်ကျင်းဇီသည် နောင်တများစွာဖြင့် သူ့ရင်ဘတ်ကို ထုပစ်ချင်လာမိသည်။
လူနှစ်ဦးသည် အချင်းချင်း ဆက်တိုက်ကြည့်နေကြပြီး ဘယ်သူကမှ မလှုပ်ရှားကြသကဲ့သို့ စကားလည်း မပြောကြချေ။ နောက်ဆုံးတွင်တော့ စိတ်စွမ်းအင် လျှော့ချပြီး သာမန်အိမ်တော်ထိန်းတစ်ဦးကဲ့သို့ ဟန်ဆောင်နေသော Allen က စိတ်ရှုပ်ထွေးစွာ ပြောလာသည် : “ အရှင်? ”
ထိုအခါမှသာ ယန်ကျင်းဇီသည် အသိပြန်ဝင်သွား၏ : “ ဟမ်? ”
“ အရှင့်ရဲ့ ဆက်သွယ်ကိရိယာဆီကို ကွာရှင်းခွင့်လျှောက်လွှာ ပို့ပြီးပါပြီ။ လျှောက်လွှာဖြည့်သွင်းပြီးရင် ကွာရှင်းလို့ရပါပြီ... ” Allen က ပြုံးသည်။
ရှကျီရှိူ့၏ ကသိကအောက် အပြုံးဟာ သူ့မျက်နှာထက်တွင် တောင့်တင်းသွားသည်။ သူ မကွာရှင်းချင်တော့ပေ။
ထိုနေ့က ယန်ကျင်းဇီနှင့် စာပို့စကားပြောပြီးနောက် သူသည် ဤလူက အလွန်တည်ငြိမ်သော လူတစ်ဦး ဖြစ်ပြီး ကြယ်မြို့တော်ရှိ စစ်သည်တော်အချို့ကဲ့သို့ အလွန်လေးနက်ကာ တစ်ကိုယ်ကောင်းဆန်ခြင်း မရှိကြောင်း တွေ့ရှိခဲ့သည်။
ယခု လူကိုယ်တိုင် တွေ့ရသောအခါ... သူသည် မြင်မြင်ချင်း ချစ်မိသွားသည်။
သူတို့ မကွာရှင်းလို့မရဘူးလား?
ယန်ကျင်းဇီသည် Allen ကို ပို၍ပင် ထုနှက်ချင်လာသည်။ သူ လုံးဝ မကွာရှင်းချင်တော့ဘူး! ဒီကိစ္စကို ဘယ်သူမှ မပြောတာ အကောင်းဆုံးပဲ!
အခု ဒီအခြေအနေမှာ သူ ကွာရှင်းဖို့ကို ဘယ်လိုရှောင်ရမလဲ? အွန်လိုင်းတက်ပြီး အကူအညီတောင်းဖို့ အရမ်းနောက်ကျသွားပြီလား? ဒါမှမဟုတ် သူ နေမကောင်းသလို ဟန်ဆောင်ရမလား?
သူ့စိတ်ထဲတွင် ဤအတွေး ဖျတ်ခနဲ ပေါ်ပြီးသည်နှင့် ယန်ကျင်းဇီသည် အနည်းငယ် မူးဝေလာပြီး သူ့ခေါင်းက အလွန်အဆင်မပြေဖြစ်လာသည်။
“ ငါ နေလို့မကောင်းဘူး... ” ယန်ကျင်းဇီသည် Allen ပေါ်သို့ တိုက်ရိုက်လဲကျလိုက်သည်။
Allen က စိုးရိမ်ပူပန်သွား၏ : “ အရှင်? ဘာဖြစ်တာလဲ? ”
ယန်ကျင်းဇီက အားနည်းဟန်ဆောင်နေသည် : “ ငါ အဆင်ပြေတယ်။ ငါ ခဏအနားယူဖို့ပဲ လိုတယ်... ”
ယန်ကျင်းဇီ၏စကားကို ကြားပြီးနောက် Allen သည် ယန်ကျင်းဇီကို အိမ်ထဲသို့ လမ်းလျှောက်ရန် အမြန်ကူညီခဲ့သည်။
သူ့အရှင်တွင် ယခင်က စိတ်စွမ်းအင် ပြဿနာများ အမြဲရှိခဲ့ပြီး ယခုအခါ နောက်ဆုံး၌ ပျောက်ကင်းသွားသော်လည်း နောက်ဆက်တွဲ ရှိနိုင်လောက်ရာ သူသည် လုံးဝ လျစ်လျူမရှုရဲပေ။
ယန်ကျင်းဇီသည် Allen ၏ အကူအညီဖြင့် ဝင်လာခဲ့ပြီး ဤအချိန်တွင် သူ့စိတ်ထဲ၌ မူလပိုင်ရှင်၏ မှတ်ဉာဏ်များ ပေါ်လာသည်။
ယန်ကျင်းဇီသည် ဤမှတ်ဉာဏ်များကို လက်ခံပြီးနောက် လူတစ်ကိုယ်လုံး ဆွံ့အသွား၏။
မူလပိုင်ရှင်၊ ဒီဆန်ကုန်မြေလေးကောင်က စက်ဆုပ်စရာကောင်းလွန်းတယ်!
ယန်ကျင်းဇီသည် မူလပိုင်ရှင်ကို သတ်ရန် မစောင့်နိုင်တော့ပေ... ကောင်းပြီ၊ သူက ယခု ဤနေရာတွင် ရှိနေရာ မူလပိုင်ရှင်က သေလောက်ပြီဖြစ်သည်။
ဤသို့စဉ်းစားရင်း ယန်ကျင်းဇီသည် သူ့ခေါင်းကို သူ့လက်သီးနှင့် ထုလိုက်သည်။
“ အရှင် အဆင်မပြေဘူးလား? ဆေးလိုပါသလား? ” Allen က စိုးရိမ်ပူပန်နေသည်။
“ မလိုဘူး။ ” ယန်ကျင်းဇီက ပြောသည်။
Allen သည် အံကြိတ်ကာ ပြေလျော့ဆေးရည်အကြောင်းကို မပြောတော့ပေ။ သူ့အရှင်၏ စိတ်စွမ်းအင်က တကယ်ပင် သန်မာလွန်းပြီး ပြေလျော့ဆေးရည်က သူ့အတွက် အသုံးမဝင်ချေ။
Allen သည် ယန်ကျင်းဇီကို ဆိုဖာပေါ်သို့ တွဲကူပေးပြီး ယန်ကျင်းဇီသည် မျက်လုံးမှိတ်ကာ မူလပိုင်ရှင်၏ မှတ်ဉာဏ်များကို အပြည့်အစုံ သိမ်းဆည်းလိုက်သည်။
Allen က အလွန်သစ္စာရှိပြီး ယခင်က သူ့ကို မလိမ်ညာခဲ့ချေ။ မူလပိုင်ရှင်၏ဘဝမှာ Allen ၏ စကားအတိုင်း ထပ်တူကျသည်။
သို့သော်လည်း Allen က မူလပိုင်ရှင်ကို အမွှမ်းတင်ခဲ့သည်။
စိတ်စွမ်းအားကြောင့် ဖြစ်ပေါ်လာသော နာကျင်မှုသည် မူလပိုင်ရှင်ကို ငယ်စဉ်ကတည်းက စိတ်တိုလွယ်စေခဲ့သည်။ သူသည် အခြားသူများကို မကြာခဏ တိုက်ခိုက်လေ့ရှိကာ အခြားသူများ၏ နာကျင်မှုအား တွေ့မြင်ရသည်ကိုလည်း သဘောကျသည်... ကံကောင်းစွာဖြင့် သူက ထိုအချိန်၌ ငယ်ရွယ်သေးပြီး Allen နှင့် အခြားသူများ၏ ထိန်းချုပ်မှုအောက်တွင် ကိစ္စကြီးကြီးမားမား မလုပ်ခဲ့ချေ။ နောက်ပိုင်း သူ ကြီးလာသောအခါ... စိတ်စွမ်းအင် အထိန်းကွပ်မဲ့မှုများက သူ့ကို အသုံးမကျအောင် တိုက်ရိုက်ဖြစ်စေပြီး သူ့တွင် တစ်ခုခုလုပ်ရန် အားအင် လုံးဝ မရှိတော့ပေ။
ပြီးနောက် ဤအချိန်တွင် သူက မိုင်းပိုင်ရှင်အဖြစ်နှင့် ရှချီချီကို လက်ထပ်တော့မည်ဖြစ်သည်။ တကယ်တော့ မူလပိုင်ရှင်တွင် အခြားအကြံ ရှိသေးသည်။ ၎င်းမှာ သူက ရှချီချီဟာ သူ၏ချမ်းသာကြွယ်ဝမှုအစား သူ့ကို နှစ်သက်ရန် မျှော်လင့်ခြင်းပင်။
သို့သော် ရှချီချီက သူ့ကို လုံးဝ မကြိုက်ချေ။
မူလဇာတ်ကြောင်းတွင် သူ ကူးပြောင်းလာခြင်း မရှိဘဲ မူလပိုင်ရှင်က စိတ်စွမ်းအင် အထိန်းကွပ်မဲ့မှုကြောင့် သတိလစ်မေ့မြောသွားသည်။ သူ နိုးလာသောအခါ သူတို့က Kamil ဂြိုဟ်အနားတွင် ရောက်ရှိနေပြီဖြစ်ကာ သူ့အထောက်အထားအသစ်နှင့် ရှကျီရှိူ့တို့ လက်ထပ်ပြီးသွားကြောင်းကိုလည်း မူလပိုင်ရှင် ချက်ချင်း သိလိုက်ရသည်။
မူလပိုင်ရှင်က အလွန်စိတ်ဆိုးပြီး စံအိမ်သို့ တန်းသွားသည်။ စိတ်စွမ်းအင် အထိန်းကွပ်မဲ့မှုဖြစ်ပြီးနောက် မထိန်းချုပ်နိုင်သော်ငြား သူက သူ၏ ပိုမိုကြမ်းတမ်းနေသော စိတ်စွမ်းအင်ကို အသုံးပြုကာ ရှကျီရှိူ့ကို တိုက်ခိုက်ခဲ့သည်။
ရှကျီရှိူ့သည် အဆင့် B အကူဆရာ ဖြစ်ပြီး အဆင့် A သို့ အဆင့်တက်တော့မည်ဖြစ်သည်။ အကူဆရာများအနက် သူသည် အလွန်အရည်အချင်းရှိသူ ဖြစ်သော်လည်း အဆင့် SS စစ်သည်တော်၏ စိတ်စွမ်းအင် တိုက်ခိုက်မှုကို မခံနိုင်ပေ...
သူ၏စိတ်စွမ်းအင်ပင်လယ်သည် လုံးဝ ပျက်စီးသွားပြီး ချက်ချင်းပင် သေဆုံးသွားခဲ့သည်။
မူလပိုင်ရှင်၊ ဒီလူယုတ်မာက ရှကျီရှိူ့ကို တကယ် သတ်ခဲ့တယ်!
ရှကျီရှိူ့က နည်းနည်းပွေရှုပ်တတ်ပြီး သူ့ရဲ့ ပုဂ္ဂလိကဘဝလည်း နည်းနည်းရှုပ်ထွေးနေရင်တောင်မှ သူ မှားတာ မရှိဘူး။ ဘာကြောင့် မူလပိုင်ရှင်က သူ့ကို သတ်တာလဲ?
ရှကျီရှိူ့၏ ယခင်ပုဂ္ဂလိကဘဝအကြောင်းနှင့် ပတ်သက်၍... ၎င်းကို တွေးမိသောအခါ ယန်ကျင်းဇီသည် ဝမ်းနည်းမိပြီး ရှကျီရှိူ့ကို အပြစ်မတင်နိုင်ဟု ခံစားရသည် – ရှကျီရှိူ့က ကြည့်ကောင်းလွန်းပြီး အခြားသူများက သူ့ကို သဘောကျကြသည်မှာ ပုံမှန်ပင်။
ယန်ကျင်းဇီသည် ဤနေရာသို့ စောစောမရောက်ရှိဘဲ ရှကျီရှိူ့အား စောစောမသိခဲ့သည်ကိုသာ နောင်တရသည်။
သူသာ ရှကျီရှိူ့ကို မမွေးခင်ကတည်းက ကြိုသိခဲ့လျှင် ရှကျီရှိူ့ မွေးပြီးပြီးချင်းကတည်းက သူနှင့် ချည်နှောင်ပြီးသား ဖြစ်လိမ့်မည်ပင်....
ကောင်းပြီ၊ ၎င်းကို စဉ်းစားခြင်းက အသုံးမဝင်ချေ။ အနာဂတ်တွင် ရှကျီရှိူ့က သူ့အပိုင် ဖြစ်သရွေ့ သူသည် ရှကျီရှိူ့၏ အတိတ်အကြောင်းများကို ဂရုမစိုက်ပေ။
ခဏ၊ ရှကျီရှိူ့က အနာဂတ်မှာ သူ့အပိုင် ဖြစ်မှာ သိပ်မသေချာဘူး။ သူတို့က ကွာရှင်းမယ်လို့ ပြောထားကြတာ!
ယန်ကျင်းဇီသည် ဒေါသအရမ်းထွက်ပြီး သူ့ရင်ဘတ်ထဲတွင် မသက်မသာ ခံစားလိုက်ရသည်။ အသက်ပြင်းပြင်းရှူပြီးနောက် သူသည် မူလပိုင်ရှင်၏ မှတ်ဉာဏ်ကို ပြန်ကြည့်လိုက်သည်။
သူသည် မူလပိုင်ရှင်၏ အဆုံးသတ်ကိုမူ အလွန်ကျေနပ်မိနေဆဲ ဖြစ်သည်။
မူလပိုင်ရှင်သည် ရှကျီရှိူ့ကို သတ်ပြီးနောက် အလေးအနက် မထားခဲ့ဘဲ ဒေါသတကြီးဖြင့် ရှချီချီကို ဖမ်းဆီးရန် ချက်ချင်း လူလွှတ်လိုက်သည်။
မူလပိုင်ရှင်၏ လက်အောက်ငယ်သားများမှာ အလွန်သန်မာဆဲ ဖြစ်ပြီး သူသည် ရှချီချီကို အမှန်တကယ် ဖမ်းဆီးနိုင်ခဲ့သော်ငြား ရှချီချီက မူလပိုင်ရှင်ကို မုန်းတီးပြီး မူလပိုင်ရှင်နှင့် လုံးဝ အတူမနေချင်ချေ။ မူလပိုင်ရှင်သည် ရှချီချီက သူ့စိတ်စွမ်းအင်ကို မထိန်းညှိနိုင်ကြောင်းကိုလည်း ရှာဖွေတွေ့ရှိသွားသဖြင့် ရှချီချီကိုပါ သတ်ပစ်ခဲ့သည်။
အမှန်ပင်၊ မူလပိုင်ရှင်က အလွန်ရိုးရှင်း၏။
ရှကျီရှိူ့နှင့် ရှချီချီတို့ နှစ်ဦးစလုံးက မူလပိုင်ရှင်၏ လက်ချက်ဖြင့် သေဆုံးသွားကြသည်။ ရှချီချီ၏ ကောင်လေး ဖုဖေးနှင့် သူ့ဖခင် တပ်ကြီးရှစ်၏ တပ်မှူးတို့က ဒေါသထွက်သွားပြီး မူလပိုင်ရှင်ကို ပြဿနာရှာရန် လူများကိုလည်း အတူခေါ်လာသည်။
မူလပိုင်ရှင်သည် သူ အသက်မရှည်တော့မှန်းကို သိသဖြင့် သူ့လက်အောက်ငယ်သားများကို ဦးဆောင်ပြီး ဤလူများနှင့် အပြင်းအထန် တိုက်ခိုက်ခဲ့သည်။ တိုက်ပွဲတွင် သူ၏ အထိန်းကွပ်မဲ့နေသော စိတ်စွမ်းအင်က သူ၏ စိတ်စွမ်းအင်ပင်လယ်ကို ဖျက်ဆီးခဲ့ပြီး ထိုသို့ဖြင့် သူက သေဆုံးသွားခဲ့၏။
ထို့အပြင် သူ၏ လက်အောက်ငယ်သားများ၊ ဖုဖေး၊ တပ်ကြီးရှစ်၏ တပ်မှူးနှင့် အခြားသူများ အားလုံးတို့လည်း သေဆုံးသွားခဲ့ကြသည်။
ဤသည်မှာ လူအများကို အံ့ဩဆွံ့အစေသော ဇာတ်သိမ်း ဖြစ်သည်။
သေချာတာပေါ့၊ ဤဇာတ်သိမ်းက ယခု မဖြစ်နိုင်တော့ချေ။ အဆုံး၌မူ ယခုအချိန်တွင် သူက ဤနေရာသို့ ကူးပြောင်းလာပြီး ဖြစ်သည်။
သူကိုယ်တိုင်လည်း မသေတဲ့အပြင် သူ ရှကျီရှိူ့ကိုလည်း သေချာပေါက် သေခွင့်မပြုဘူး!
ယခု အရေးကြီးဆုံးကိစ္စမှာ မကွာရှင်းဖို့ရန် ဖြစ်သည်။
မကွာရှင်းဖို့ ဘယ်လိုလုပ်ရမလဲ...
ယန်ကျင်းဇီ အတွေးများနေစဉ် သူသည် ရှကျီရှိူ့က Allen ကို မေးနေသည်အား ကြားလိုက်ရသည် : “ သူ့မှာ စိတ်စွမ်းအင်ပြဿနာ ရှိနေတာလား? ငါ သူ့ကို ကူညီဖို့ လိုလား? ”
Allen သည် စိတ်စွမ်းအင်အဆင့် B သာ ရှိသော ရှကျီရှိူ့ကို မကြိုက်ဘဲ ချက်ချင်း ငြင်းဆန်လိုက်သည် : “ မလိုဘူး။ ”
သို့သော်လည်း Allen နှင့် တစ်ချိန်တည်းနီးပါးတွင် ယန်ကျင်းဇီက ထအော်သည် : “ လိုတယ်! ”
Allen က ယန်ကျင်းဇီကို အံ့အားသင့်စွာ ကြည့်လာသည်။
ယန်ကျင်းဇီသည် Allen ကို လုံးဝ မကြည့်ဘဲ ရှကျီရှိူ့ကိုသာ ပြုံးပြလိုက်သည် : “ ငါ မင်းကို ဒုက္ခပေးရလို့ အားနာပါတယ်။ ”
ယန်ကျင်းဇီသည် ထိုသို့ပြောပြီး သူ၏စိတ်စွမ်းအင်ကို ချက်ချင်းပင် စတင်အသုံးပြုလိုက်၏။
မူလပိုင်ရှင်၏ မိုင်းပိုင်ရှင် အထောက်အထားက အဆင့် A စစ်သည်တော်တစ်ဦး ဖြစ်သောကြောင့် သူသည် သူ့စိတ်စွမ်းအင် အများစုကို ဖယ်ထုတ်လိုက်ပြီး အဆင့် A စစ်သည်တော်နှင့် ကိုက်ညီသည့် တူညီသော စိတ်စွမ်းအင် ပမာဏကိုသာ ချန်ရစ်လိုက်သည်။
သူသည် သူ၏စိတ်စွမ်းအင်ကိုလည်း အနည်းငယ် ပရမ်းပတာ ဖြစ်အောင် တမင်တကာ လုပ်ဆောင်ထားသည်။ ရှကျီရှိူ့ရဲ့ “အကူအညီ” ကို စောင့်နေပါတယ်!
ရှကျီရှိူ့၏စိတ်စွမ်းအင်က တကယ်ပင် မနိမ့်ပါးသော်ငြား ယန်ကျင်းဇီနှင့်ယှဉ်လျှင် ဘာမှမဟုတ်သဖြင့် သူသည် ယန်ကျင်းဇီ၏ သေးငယ်သော လှုပ်ရှားမှုများကို လုံးဝ မခံစားရပေ။
သူသည် စစ်သည်တော်များစွာကို စိတ်စွမ်းအင် လမ်းညွှန်မှု လုပ်ပေးခဲ့ဖူးပြီး အလွန်အတွေ့အကြုံရှိသည်။ ဤအချိန်တွင် သူသည် ယန်ကျင်းဇီ၏ စိတ်စွမ်းအင်ကို ထိတွေ့ရန် သူ၏ ပျော့ပျောင်းသော စိတ်စွမ်းအင်ကို အသုံးပြုလိုက်သည်။
ဤသို့ပြုမူနေစဉ် ရှကျီရှိူ့သည် တကယ်ပင် အနည်းငယ် စိုးရိမ်မိပြီး ယန်ကျင်းဇီက ဆိုးရွားသော ခံစားချက်များကို ခံစားရကာ သူ့ကို အဆင်မပြေဖြစ်စေမည်အား ကြောက်မိသည်။
ယခင်က သူသည် ထိုစစ်သည်တော်များကို ကူညီ၍ စိတ်စွမ်းအင် လမ်းညွှန်မှု လုပ်ပေးရာတွင် သူတို့၏ ခံစားချက်များ၊ အထူးသဖြင့် ထိုသူတို့၏ သူ့အပေါ် ခံစားချက်များကို မကြာခဏ ခံစားခဲ့ရသည်။
လူတချို့က အဆင်ပြေပြီး သူတို့၏ ခံစားချက်များက အပြုသဘောဆောင်သော်လည်း အထူးတလည် ဆိုးရွားသော လူများလည်း ရှိကာ သူသည် သူ့ကို နာကျင်စေချင်ပြီး ပိုင်ဆိုင်ချင်ကြသော ထိုလူများကိုပင် ခံစားရနိုင်နေသည်။
၎င်းက သူ့ကို စိတ်မသက်မသာဖြစ်စေသည်။
ယခု သူသည် ယန်ကျင်းဇီ၏ စိတ်ခံစားချက်များက ကောင်းမွန်ပါစေဟု မျှော်လင့်မိသည်။
ဤကဲ့သို့ သူသည် လူတစ်ဦးကို သဘောကျမိသည်မှာ ပထမဆုံးအကြိမ် ဖြစ်ပြီး သူ သဘောကျသော လူက သူ မုန်းတီးသော လူမျိုး မဟုတ်ဟု မျှော်လင့်သည်။
ရှကျီရှိူ့သည် သတ္တိမွေးကာ စိတ်စွမ်းအင် လမ်းညွှန်မှုကို စတင်လုပ်ဆောင်ပြီးနောက် တွေ့လိုက်ရသည်မှာ ယန်ကျင်းဇီ၏ စိတ်စွမ်းအင်က အနည်းငယ် ဖရိုဖရဲ ဖြစ်နေသော်ငြား ၎င်းက မှားယွင်းနေသည်နှင့် မတူဘဲ သူ့ဘာသာသူ အထုံးချည်ထုံးထားသည်နှင့် တူနေသည်ကိုပင် – ဤစိတ်စွမ်းအင်က မထိန်းချုပ်နိုင်ဖွယ်ဟု လုံးဝ မခံစားရဘဲ ချောပင် ချောမွေ့နေသေးသည်။
အမှန်ပင်၊ ၎င်းက အဓိကမဟုတ်ချေ။
အဓိကအချက်မှာ သူ၏စိတ်စွမ်းအင် ဖြတ်လာသည်နှင့်တပြိုင်နက် ယန်ကျင်းဇီ၏စိတ်စွမ်းအင် အားလုံးက လုံးထွေးပြီး သူ့စိတ်စွမ်းအင်ကို ဆုပ်ကိုင်ထားကာ မလွှတ်တော့ပေ။
ထိုမျှတင်မကဘဲ ဤစိတ်စွမ်းအင်က တစ်ချိန်လုံး သူ့ထံသို့ ချစ်ခြင်းမေတ္တာများ ပေးပို့နေခဲ့သည်။
ယေဘူယျအားဖြင့် သူသည် သူ လမ်းညွှန်ပေးသူများ၏ ခံစားချက် တစ်စိတ်တစ်ပိုင်းကိုသာ ခံစားနိုင်ပြီး တစ်ခါတစ်ရံတွင် ၎င်းကိုပင် မခံစားနိုင်ပေ။ သို့ရာတွင် ယန်ကျင်းဇီ၏ခံစားချက်များက ပြည့်နှက်လွန်းနေပြီး လျှံထွက်လုမတတ်ပင် ဖြစ်နေသည်။ သူက အထူးတလည်ကို ရှင်းရှင်းလင်းလင်းနဲ့ ခံစားရတယ်!
ပိုပြီး အသေးစိတ်ကျတဲ့ ခံစားချက်တွေကိုတောင် သူ ခံစားရသေးတယ်!
ယန်ကျင်းဇီက... သူ ကြည့်ကောင်းတယ်လို့ တွေးနေတာလား?
ရှကျီရှိူ့၏စိတ်စွမ်းအင်သည် ယန်ကျင်းဇီ၏စိတ်စွမ်းအင်မှ တင်းတင်းကြပ်ကြပ် ရစ်ပတ်ခံထားရပြီး ယန်ကျင်းဇီ၏ ပြင်းထန်သော ချစ်ခြင်းမေတ္တာများက သူ့ကို အပြည့်အဝ လွှမ်းခြုံထားကာ မရေမတွက်နိုင်သော ချီးမွမ်းမှုများက သူ့စိတ်စွမ်းအင်ထံသို့ ရောက်ရှိနေရာ သူ့ကို မူးဝေသွားစေသည်။
ရှကျီရှိူ့သည် ယခင်က အလွန်တည်ကြည်ခဲ့သော်ငြား ဤအချိန်၌မူ သူသည် သူ့စိတ်စွမ်းအင်ကို လွှတ်ရန် မစောင့်နိုင်တော့ဘဲ ယန်ကျင်းဇီကဲ့သို့ ထပ်တူကျသော ခံစားချက်များကို စတင်ဖော်ပြတော့သည်။
သူသည်လည်း ဤလူကို အရမ်းသဘောကျပြီး ဤလူက အရမ်းကြည့်ကောင်းသည်ဟု ထင်မိသည်။
ဤအခိုက်အတန့်တွင် ရှကျီရှိူ့သည် ယန်ကျင်းဇီ၏ပုံစံက စူးရှလွန်းသည်ဟု တွေးခဲ့မိသည်အား မမှတ်မိတော့ပေ။ သူသည် ယန်ကျင်းဇီက ပြည့်စုံလွန်းပြီး သူ့စိတ်ဆန္ဒနှင့် မကိုက်ညီသော နေရာပင် မရှိဟုသာ ခံစားနေရသည်။
ယန်ကျင်းဇီကို တွေ့ရသောအခါ သူသည် သူ့အိမ်ကို ရှာတွေ့သကဲ့သို့ပင် ခံစားမိသည်။
သူတို့နှစ်ဦး၏စိတ်စွမ်းအင်ဟာ // မင်းစိတ်ထဲက ငါ၊ ငါ့စိတ်ထဲက မင်း // ဖြစ်နေကြသည်။ သူတို့သည် အတူတကွ အပြည့်အစုံ ထွေးပတ်နေကြပြီး ခွဲ၍မရချေ။
ယန်ကျင်းဇီသည် ရှကျီရှိူ့က သူ့သက်ဆိုင်သူ ဖြစ်ရန် ကံကြမ္မာပါလာသည်ဟုပင် ခံစားရသည်။ ရှကျီရှိူ့ရဲ့ စိတ်စွမ်းအင်က သူ့ဟာနဲ့ တကယ် ဆင်တူနေတာကို သူ တွေ့လိုက်ရတယ်မလား?
ရှကျီရှိူ့သည် ယခုအချိန်တွင် ပို၍ပင် မူးဝေလာသည်။ သူ့စိတ်စွမ်းအင်က ပိုမိုသန်မာလာသည်ဟု သူ ခံစားရသည်။ မဟုတ်ဘူး၊ ပိုမိုသန်မာလာသည်မှာ သူ့စိတ်စွမ်းအင် မဟုတ်ဘဲ ယန်ကျင်းဇီ၏စိတ်စွမ်းအင် ဖြစ်သည်။ ၎င်းက သူနှင့် ပေါင်းစပ်ပြီးသကဲ့သို့ သူ့အမိန့်ကိုလည်း လိုက်နာနိုင်လာသည်။
သူ၏ ယန်ကျင်းဇီထံမှ စိတ်စွမ်းအင်များကို သိမြင်နားလည်ခြင်းက ပိုမိုရှင်းလင်းလာပြီး သူတို့နှစ်ဦးက ချိတ်ဆက်နေပုံရသည်။
ရှကျီရှိူ့သည် တစ်ခုခုမှား
နေပြီဟု ရုတ်တရက် သဘောပေါက်သွားသည် – သူ ယန်ကျင်းဇီနဲ့ နှောင်ကြိုးသွယ်လိုက်တာလား?
ယန်ကျင်းဇီသည်လည်း တစ်ချိန်တည်းတွင် နားလည်သွား၏ – သူနဲ့ ရှကျီရှိူ့က နှောင်ကြိုးသွယ်လိုက်ပြီ!
ဒါအရမ်းကောင်းတယ်! သူတို့ မကွာရှင်းနိုင်တော့ဘူး!
____