💫 Chapter 38
ကျန်းဝူရွှမ်း၏ မူပိုင်ခွင့်တင်သွင်းချက်မှာ သူက ပိုက်ဆံကို သဘောမကျခြင်းကြောင့် မဟုတ်ဘဲ ဤမူပိုင်ခွင့်တွင် စုန့်နင်ဖုန်း၏ အားထုတ်မှုလည်း ပါသည်ကို သူသိနေသောကြောင့်ပင်။ စုန့်နင်ဖုန်းက အောင်မြင်မှုသာမက အကျိုးအမြတ်ကိုပါ မလိုချင်မှ ကျန်းဝူရွှမ်းလည်း သူစိတ်ရှိသည့်အတိုင်းလုပ်ပေး၍ မဖြစ်ပေ။ ထို့ကြောင့် သူက အားလုံး၏ အကျိုးအမြတ်အတွက်ပါ အခွင့်အလမ်းထည့်သွင်းပေးထားလိုက်သည်။
သေချာပေါက် မက်ခါပညာရှင်အထက်တန်းလွှာမိသားစုများကမူ သူတို့ပေးရမည့် ထိုမျှလောက်ငွေလေးအတွက် ပြတ်လပ်နေမည်မဟုတ်ပေ။ ကျန်းဝူရွှမ်းမှာ မျက်စိစုံမှိတ်ထားသလို အလှူအတန်းပေးနေခြင်း မဟုတ်သောကြောင့် ထိုငွေကိုလက်ခံရန် လိုအပ်သည်။
ကျန်းဝူရွှမ်းမှာ နာမည်ကြီးနေသောကြောင့် သူကျောင်းအသစ်သို့ ပြောင်းပြီး အထက်တန်းလွှာမိသားစုများထံမှသာ အခကြေးငွေကောက်ခံသည့် အကြောင်းက တောမီးသဖွယ် ပျံ့နှံ့သွား၏။
ထိုမိသားစုများက စိတ်အနှောင့်အယှက်ဖြစ်သွားပြီး ကျန်းဝူရွှမ်း၏ တစ်ဖက်လူကို စိတ်အနှောင့်အယှက်ဖြစ်စေသည့် အရည်အချင်းက အရင်ကထက်လျော့မသွားဟု တွေးမိကြသည်။ အခကြေးငွေမဆိုသလောက်လေးကို သူတို့က ပေးရန်မတတ်နိုင်ခြင်း မဟုတ်သော်လည်း အားလုံးက ၎င်းကိုအခမဲ့သုံးစွဲခွင့်ရနေချိန်၌ သူတို့က အခကြေးငွေပေးနေရသောကြောင့် ဆုံးရှုံးလိုက်ရသလို ခံစားရသည်။
တစ်စုံတစ်ယောက်က ညည်းညူလာ၏။
" ဒီအရူးကတော့...မိသားစုကြီးတွေကို ဆန့်ကျင်လို့ သူ့အတွက် ဘာတွေများကောင်းမှာမို့လို့လဲဆိုတာ ငါတကယ်သိချင်မိသေးတယ်..."
" သူက ဆန့်ကျင်မယ်ဆိုရင် ဆန့်ကျင်လိုက်တာပဲ...ဘာလို့လဲဆိုတော့ သူက မိသားစုကြီးတွေကို နည်းနည်းမှ ဂရုမစိုက်တာလေ... Sအဆင့် မက်ခါပညာရှင်တွေနဲ့ အထူးSအဆင့် မက်ခါပညာရှင်တွေလိုပဲ သူတို့က ရှင်သန်ဖို့အတွက် မိသားစုကြီးတွေရဲ့ မျက်နှာကို ကြည့်စရာမှမလိုတာ...ကျန်းဝူရွှမ်းက ဟယ့်မိသားစုရဲ့ လူဖြစ်ဖူးပေမဲ့ အခု သူက လွတ်မြောက်သွားတော့ သူတို့ခံစားနေရပြီပဲ..."
" ဒါကြောင့် ဒီလူရဲ့ စိတ်က နည်းနည်းထူးဆန်းနေတာ...အခု ဆရာဟယ့်နျန်ထက် ပိုသာတဲ့ မက်ခါပညာရှင်ဆိုတာ ရှိလို့လား...အဲ့ဒီနေရာနဲ့ ထိုက်တန်တဲ့သူက ရှိရဲ့လား..."
တစ်စုံတစ်ယောက်က သက်ပြင်းချလိုက်သည် ။
" အရင်က ရှိလားတော့ ငါမသိပေမဲ့ နောက်ပိုင်းမှာတော့ ရှိလာနိုင်တယ်...မင်းမကြားမိဘူးလား...ပထမဆုံးဘက်စုံအကယ်ဒမီကျောင်းမှာ ကျန်းမိသားစုရဲ့ ဂျူနီယာကို အနိုင်ယူပြီး Sအဆင့် မက်ခါ 'လေပွေ' ကို ဖျက်ဆီးလိုက်တဲ့ လူငယ်တစ်ယောက်ရှိတယ်တဲ့..."
ခိုက်ရန်ဖြစ်ပွားခြင်း ၊ အငြင်းပွားခြင်းတို့က ဂျူနီယာများကြားတွင် ပုံမှန်သာဖြစ်ပြီး လူများက ဂရုမစိုက်တတ်ကြပေ။ သို့သော် အဓိကကိစ္စမှာ 'လေပွေ'ဆိုသည်က Sအဆင့် မက်ခါဖြစ်ပြီး ဆရာမကျန်းလီ၏ အပြောင်မြောက်ဆုံးလက်ရာဖြစ်သည်။ အဆင့်နိမ့်မက်ခါသာဆိုပါက 'လေပွေ'၏အင်အားအပြည့်အောက်တွင် သူတို့တိုက်ခိုက်စွမ်းအင်များကို သေချာပေါက် ဆုံးရှုံးသွားမည်ပင်။ သို့သော် 'လေပွေ'က အဆက်မပြတ်ထုနှက်ခံရပြီး တစ်စစီပျက်စီးသွား၏။ ၎င်းက တစ်ဖက်ပြိုင်ဘက်၏ အင်အားတစ်ခုတည်းကြောင့်မဟုတ်ဘဲ မက်ခါ၏ လုပ်ဆောင်နိုင်စွမ်းကောင်းခြင်းကြောင့်လည်း ပါသည်။
ကြယ်စင်ဝေလငါး နှင့် အသက်ပြဒါးရှင်အဆီကို သုံးရုံဖြင့် မက်ခါကို ထိုမျှလောက် တိုးမြှင့်နိုင်အောင် လုပ်ရန်ဆိုသည်က မဖြစ်နိုင်ပေ။ ထိုမက်ခါ၏ဒီဇိုင်း၌ သေချာပေါက် နောက်ထပ်လွတ်နေသော ပါဝင်မှုတစ်မျိုးကတော့ ရှိရမည်။
သို့သော် ထိုနေရာတွင် ရှိနေခဲ့သည့်တစ်ဦးတည်းသော မက်ခါပညာရှင် ကျန်းချင်၏ စကားအရ ထိုမက်ခါ၏ အဆင့်ကို သူပင်မခန့်မှန်းနိုင်ပေ။ ကျန်းဝူရွှမ်းကလည်း သူ့ကို 'ဘာအဆင့်သတ်မှတ်ချက်မှ မရှိဘူး' ဟု ပြောခဲ့သည်။
ထိုစကားက အမှန်တကယ်ဦးနှောက်ခြောက်စေ၏။ သို့သော် ၎င်းက ကျန်းဝူရွှမ်း၏ လက်ရာ မဟုတ်လောက်ကြောင်း သူတို့နားလည်လိုက်သည်။ သို့သော် ၎င်းက သူပြောင်းသွားသည့် ထိုက်ယီဂိုဏ်းအမည်ရသော ကျောင်းကြောင့် ဖြစ်နိုင်သည်။ သူတို့ ဆာ့ဆာ့မက်ခါအသစ်၏ ဆန်းကြယ်မှုအကြောင်း ရှာမတွေ့ကြသေးသော်လည်း ထိုမက်ခါကြောင့် ကျန်းဝူရွှမ်း၏ဆရာအသစ်၏ အင်အားက တစ်ခုခုတော့ တစ်ခုခုပင်။
သူတို့က ကျန်းဝူရွှမ်း၏ ခေါင်းတွင် အပေါက်များဖြစ်နေသလားဆိုသည်ကို ဆွေးနွေးမနေတော့ဘဲ ရှင်းပြ၍မရနိုင်သည့် အသင်းအဖွဲ့ဖြစ်သော ထိုက်ယီဂိုဏ်းအကြောင်းကို ခိုးကြောင်းခိုးဝှက်စုံစမ်းနေကြသည် ။
ဤအချိန်တွင် ထိုက်ယီဂိုဏ်း၏ တည်ရှိမှုက ဖက်ဒရယ်၏ အပေါ်ပိုင်းတစ်ဝန်းလုံးကို ပျံ့နှံ့သွား၏။
ကျန်းဝူရွှမ်းက သူ့စက္ခုကွန်ရက်ကို သေချာသိမ်းထားလိုက်ပြီး လေးနက်စွာဖြင့် စုန့်နင်ဖုန်းကို ပြောလိုက်သည် ။
" ဆရာ...ကျုပ်အဲ့ဒီမှာရှိတာတွေကို ဖြေရှင်းထားလိုက်ပြီ..."
စုန့်နင်ဖုန်းက ကျန်းဝူရွှမ်းတင်ပြလာသော အချက်အလက်များကို အမှတ်တမဲ့ကြည့်လိုက်ရင်း မေးလိုက်မိသည် ။
" ဆာ့ဆာ့ မက်ခါသုံးသွားတာကို ကြည့်ပြီးတော့ တစ်ခုခုခံစားမိလိုက်ကြသေးလား..."
" အရမ်းသန်မာတယ်လို့ ခံစားရတယ်..."
ကျန်းဝူရွှမ်းနှင့် လီချန်ယွီမှာ တစ်ပြိုင်တည်းပြောလိုက်မိသည် ။
ဆာ့ဆာ့သာလျှင် တစ်မျိုးပြောလာ၏ ။
" အဲ့ဒါကို နည်းနည်းပိုမိုက်သွားအောင် လုပ်လို့ရဦးမယ်လို့ ကျွန်မထင်တယ်...ပြီးတော့ ကျွန်မလည်း မက်ခါကို နာမည်ပေးချင်တယ်..."
၎င်းက သေချာပေါက် သန်မာပေ၏။ စီနီယာအစ်ကိုကြီး လုပ်ထားသည်ဆိုကတည်းက ဆိုးဝါးမည်မဟုတ်ကြောင်း သူမ သိသည်။ သို့သော် 'လေပွေ'၏ မိမိုက်သော အပြင်ပန်းသွင်ပြင်ကို မြင်ပြီးနောက် အပြင်ပန်းပုံစံကလည်း လိုအပ်သေးသည်ဟု သူမခံစားလိုက်ရသည်။
သူတို့သာ သေချာပြင်ဆင်ပြီး ကင်ပွန်းတပ်နာမည်ကို ကြေညာလိုက်လျှင် အားလုံးက အံ့အားသင့်စွာ အာမေဍိတ်ပြုလာကြလိမ့်မည်။
' မိုက်လိုက်တာ...'
ထို့နောက် မက်ခါ၏ဒီဇိုင်းကို ရှင်းပြနိုင်ရန်အတွက်လည်း လက်ဆုပ်လက်ကိုင်ရှိလာလိမ့်မည် ။
' ဒါက ပညာရှင်တွေမှာ ရှိသင့်တဲ့ အရှိန်အဝါပဲ...'
ဆာ့ဆာ့ ယခင်က ထိုကဲ့သို့ ဆက်ဆံသည်မျိုးကို သဘောမကျသော်လည်း သူမက ဤကမ္ဘာတွင် ဆရာတစ်ယောက်လို ခံစားလာရတာကြောင့် သူမ၏ ပကာသနကို အနည်းငယ် ပြည့်ဝအောင်လုပ်သင့်သည်ဟု မြင်မိသည်။
သို့သော် ဆာ့ဆာ့၏ တောင်းဆိုမှုကို စိတ်ထဲထည့်တတ်သည့် စုန့်နင်ဖုန်းက သေချာစဥ်းစားပြီး ပြောလိုက်သည်။
" နည်းနည်းပိုကြည့်ကောင်းအောင်လား..."
ထို့နောက် လီချန်ယွီ နှင့် ကျန်းဝူရွှမ်းက အချင်းချင်းနားလည်မှုဖြင့် ဆာ့ဆာ့ကို အနောက်သို့ တွန်းပို့လိုက်သည်။
" အဲ့ဒါက အရေးမကြီးပါဘူး စီနီယာဦးလေး...အခြေခံသုံးဓားက ဘယ်လိုလုပ် အဲ့ဒီလိုအင်အားကြီးတဲ့ စွမ်းအားကို ထုတ်နိုင်ရတာလဲဆိုတာ ကျွန်တော် သိချင်နေတာ...ကျွန်တော့်ရဲ့ မက်ခါကိုရော အဲ့လိုမျိုး တစ်ထေရာတည်း လုပ်လို့ရနိုင်မလား..."
" ဟုတ်တယ်...ဆရာ...ပြီးတော့ ဆရာသုံးသွားတာက ဘာစွမ်းအင်ဗဟိုချက်အမျိုးအစားလဲ...အဲ့ဒါက အဆင့်မြင့်စွမ်းအင်ဗဟိုချက်ထက်တော့ နိမ့်ပုံမရဘူး..."
ထိုသို့လုပ်နေကြခြင်းမှာ သူတို့က ဆာ့ဆာ့ကို အကြီးအကဲ အနေဖြင့် မလေးစားခြင်းကြောင့် မဟုတ်ဘဲ ဆာ့ဆာ့၏ မက်ခါကို အနည်းငယ်ပိုကြည့်ကောင်းအောင်လုပ်ရန်ဖို့ဆိုသည်က မက်ခါ၏ဆန်းကြယ်မှုနှင့်ယှဥ်လျှင် အရေးမပါသောကြောင့်ပင် ။
' ဘာလဲ...ပိုကြည့်ကောင်းချင်တာလား...မိုက်ချင်တာလား...'
စုန့်နင်ဖုန်းက ဆာ့ဆာ့ကို အလိုလိုက်နေကြဖြစ်၍သာပင်။ သူ့နေရာ၌ အခြားမက်ခါပညာရှင်များသာဆိုပါက သူမကို တစ်ခါတည်း ကန်ထုတ်ပစ်လောက်သည်။
အိုး သေချာတာပေါ့...လူသစ်လေးတွေအပြင် မက်ခါကို ရုပ်ဆိုးအောင်လုပ်ကြတဲ့ မက်ခါပညာရှင်တချို့ရှိကြသေးတယ်ဆိုပေမဲ့ အပြင်ပန်းပါကြည့်ကောင်းအောင် လုပ်ကြတဲ့ မက်ခါပညာရှင်တွေက ပိုများတာပေါ့...
သို့သော်လည်း ထိုအပြင်ပန်းတင့်တယ်မှုကို အဆုံးရှုံးခံလိုက်ပြီး ပိုသန်မာလာနိုင်မည်ဆိုလျှင် ကြည့်ကောင်းအောင်လုပ်မနေခြင်းက ပိုကောင်းလိမ့်မည်။ မက်ခါပညာရှင် ကျန်းဝူရွှမ်းကို ကြည့်လိုက်မည်ဆိုလျှင်ပင် သူက အလှရသကို ခံစားတတ်သည့်အလား ထိုမက်ခါ၏ လှပတင့်တယ်မှုကို လက်ခံထား၏။
" လက်နက်နေရာမှာ ဓားကို လုပ်လိုက်တယ်ဆိုတာ အဲ့ဒါက ဆာ့ဆာ့နဲ့ အကျွမ်းတဝင်ရှိဆုံးဖြစ်နေတာမို့လို့...ပြီးတော့ အဲ့ဒီအဆင့်မြင့်နည်းပညာလက်နက်တွေက သူ သုံးလို့ သက်တောင့်သက်သာရှိမှာ မဟုတ်ဘူး..."
စုန့်နင်ဖုန်းက ရှင်းပြလိုက်သည် ။
ဆာ့ဆာ့က မကျင့်ကြံနိုင်သော်လည်း သူမက ထိုက်ယီဂိုဏ်းတွင် ဤနှစ်များတစ်လျှောက်လုံး ဖြစ်သလိုနေခဲ့ခြင်း မဟုတ်ပေ။ သူမက အမှန်တွင် သူမ၏ အခြေခံသုံးဓားအရည်အချင်းကို ကောင်းမွန်စွာလေ့ကျင့်ထားပြီး နှစ်ဖက်လုံးကသာ စိတ်ဝိညာဥ်စွမ်းအားကို မသုံးထားလျှင် သူမ၏ ဓားစွမ်းရည်က မည်သူထက်မဆို မနိမ့်ပေ။ ပုံမှန်အားဖြင့် ကျင့်ကြံရေးကမ္ဘာ၌ စိတ်ဝိညာဥ်စွမ်းအား မသုံးခြင်းက အနှစ်သာရမရှိသောအငြင်းပွားမှုသာ ဖြစ်ပေလိမ့်မည်။
ဤကမ္ဘာရှိ လူများ၏ မျက်လုံးထဲတွင် အေးစက်သော လက်နက်များက ပူပြင်းသောလက်နက်များနှင့် လုံးဝမယှဥ်သာပေ။ သို့သော် ထိုက်ယီဂိုဏ်း၏လူများအတွက် နည်းပညာက ပူပြင်းသောလက်နက်များကို အံ့အားသင့်ဖွယ်ရာအဖြစ် ပုံဖော်ထားစဥ်တွင် အေးစက်သော လက်နက်များက အလှပြရုံထက်မပိုဘဲ ၎င်းကို ဘယ်လို 'အသုံးချမလဲ'ဟူသည့် အပေါ်မူတည်နေ၏။ ထို့အပြင် အေးစက်သောလက်နက်နှင့် အအေးဓာတ်လက်နက်၌လည်း ကွာခြားမှုရှိသေးသည် ။
ကြယ်စင်သံဥက္ကာခဲက ဤနေရာ၌ အလွန်စျေးပေါပြီး ပုံမှန်တွေ့မြင်နေကျ သတ္တုရိုင်းတစ်မျိုးသာ ဖြစ်သည်။ သို့သော် ကျင့်ကြံရေးကမ္ဘာ၌ ကောင်းကင်ဘုံမှလာသော သံဥက္ကာခဲများက အလွန်အဖိုးတန်ပြီး ပင်ကိုစိတ်ဝိညာဥ်ဓါးကို ပြုလုပ်ရာ၌ အလွန်အသုံးဝင်သည်။
အထူးသဖြင့် ဓားကျင့်ကြံသူများအတွက်ဆိုလျှင် ၎င်းက မှော်လက်နက်များပြုလုပ်ရန်အတွက် တစ်ခုတည်းသော ရွေးချယ်မှုဖြစ်၏။
သူတို့က ပေါကြွယ်ဝသည့် ထိုက်ယီဂိုဏ်းဖြစ်နေလျှင်ပင် စုန့်နင်ဖုန်းက လက်နက်များကို ပြုလုပ်ရာ၌ သံဥက္ကာခဲကို အလွယ်လေးအသုံးမပြုခဲ့ပေ။ သို့သော် သူတို့ ကြယ်တာရာခေတ်သို့ ရောက်သောအခါ သူစိတ်ရှိလက်ရှိသုံးပြီး မလိသည်များကို သူကြိုက်သလို လွှင့်ပစ်နိုင်သည်။ ၎င်းက အမှန်တကယ်ကို အံ့အားသင့်စရာကောင်းသော ခံစားချက်ပင်။
ကြယ်တာရာခေတ်၌လည်း သံဥက္ကာခဲကို လက်နက်ပြုလုပ်ရန် အသုံးပြုကြသော်လည်း စုန့်နင်ဖုန်းက သွန်းလုပ်ရန်အတွက် သုံးလိုက်သော စိတ်ဝိညာဥ်စွမ်းအားကြောင့် သာမန် ပန်းပဲဖိုပြီးလုပ်ခြင်းမျိုးနှင့် လုံးဝကွာခြားသွား၏။ စုန့်နင်ဖုန်းက ဆာ့ဆာ့အတွက် စဥ်းစားပြီး သံဥက္ကာခဲကို သုံးခဲ့သည့်အပြင် ကျင့်ကြံရေးကမ္ဘာက ယူလာသောပစ္စည်းကောင်းများကိုလည်း ထပ်ထည့်ခဲ့သေးသည်။
ယခင်က ဆာ့ဆာ့မှာ စိတ်ဝိညာဥ်စွမ်းအားသုံးဓားကို မသုံးနိုင်သောကြောင့် စုန့်နင်ဖုန်းက သူ့အတွက် မပြုလုပ်ပေးနိုင်ခဲ့သော်လည်း ယခုတွင် မက်ခါရှိလာသောအခါ ထိုနည်းတူရည်ရွယ်ချက်မျိုးကို ဆောင်ရွက်နိုင်သွား၏။
စုန့်နင်ဖုန်း၏ လက်ရှိကျွမ်းကျင်မှုအဆင့်အရ သူက နတ်ဘုရားအဆင့်လက်နက်များကို မဖန်တီးနိုင်သေးသည်မှာ နှမြောစရာပင်။ ထို့ကြောင့် ဤလက်နက် အရည်အသွေးကို ပိုတိုးမြှင့်ရန်အတွက်က ခေတ္တရပ်ဆိုင်းထားရသည်။
ဆာ့ဆာ့မှာ လက်နက်ကိုနှိုးထရန် စိတ်ဝိညာဥ်စွမ်းအား မရှိသေးသော်လည်း မက်ခါဖြင့် သုံးလိုက်ပါက ၎င်း၏ သတ်ဖြတ်နိုင်စွမ်းမှာ ပူပြင်းသောလက်နက်များထက် မနိမ့်လောက်ပေ။
စုန့်နင်ဖုန်းက ညည်းညူလိုက်သည်။
" ဒါပေမဲ့ အဲ့ဒါက ပြဿနာပဲ...အချိန်ကြာကြာတိုက်ရတာမျိုးဆိုရင် တစ်ဖက်လူရဲ့ ပူပြင်းတဲ့လက်နက်ကို မယှဥ်နိုင်တော့ဘူး..."
ကျန်းချန်က အရှိန်မြင့်မက်ခါကို အသုံးပြုခဲ့သည်။ သူက တိုက်ခိုက်ရာ၌ကျွမ်းကျင်သော်လည်း သူ့ထက်ပိုမြန်သော ဆာ့ဆာ့၏ အကွက်ထဲသို့ ဝင်သွားခဲ့သည်။ သူက သူ့ဘာသာ သူမဆီတိုးဝင်လာသည့်အခါ၌ သူမကလည်း သူ့ကို လွှတ်ပေးစရာအကြောင်းမရှိတော့ပေ။
ဆာ့ဆာ့နည်းတူ လျင်မြန်မှုမရှိသောသူသာ ထိုမက်ခါကို မောင်းပြီး ပြိုင်ဘက်ကို လွတ်မြောက်ခွင့်ပေးလိုက်လျှင် ထိုနေရာ၌ အနိုင်ရရန် အခွင့်အရေးမရှိချေ။
ကောင်းမွန်သောလက်နက်ပြုလုပ်သူအနေဖြင့် စုန့်နင်ဖုန်းက အသုံးပြုသူအပေါ် ကောင်းကောင်းလုပ်နိုင်လိမ့်မည်ဟု မျှော်လင့်ထား၍မရပေ။ သူ့ဒီဇိုင်းကို အဆင့်မြှင့်ရန်အတွက် နည်းလမ်းရှာမှ ဖြစ်မည်။
အချိန်တစ်ခုလောက်အထိ စုန့်နင်ဖုန်းမှာ မည်သည့်နည်းလမ်းကောင်းကိုမှ စဥ်းစားမရပေ။ သူက လီချန်ယွီဘက်သို့ ပြန်လှည့်ကာ ပြောလိုက်သည်။
" အချိန်ကျရင် မင်းကြိုက်တဲ့ လက်နက်အမျိုးအစားကို ငါ့ကိုပြော... ငါအဲ့ဒါကို မင်းရဲ့ ဒီဇိုင်းထဲမှာ ထည့်ပေးမယ်..."
လီချန်ယွီမှာ စိတ်ဝိညာဥ်ဓားအကြောင်းဆွေးနွေးကြသည်ကို နားထောင်ပြီးနောက် နားမလည်နိုင်စွာဖြင့်ရှိနေ၏။ မက်ခါပညာရှင်များနှင့် မက်ခါတိုက်ခိုက်ရေးသမားများက မက်ခါနှင့်ပက်သက်၍ အလွန်ဗဟုသုတကြွယ်ဝသော်လည်း သူတို့အထူးပြုထားသည့် နယ်ပယ်နှင့်ပတ်သက်လာလျှင် နှစ်ဖက်ကြားရှိ နံရံက အလွန်ထူထဲသွား၏။
လီချန်ယွီမှာ ဦးနှောက်ထဲ ဘာမှမရှိတော့သလို ခံစားလိုက်ရသော်လည်း စုန့်နင်ဖုန်းပြောလိုက်သောစကားများက သူ့ကို ချက်ချင်းပင် စိတ်တက်ကြွသွားစေ၏။ သူက မနာလိုစွာဖြင့် ဆာ့ဆာ့၏ မက်ခါကိုထိကြည့်ရင်း ပြောလိုက်သည် ။
" ကျွန်တော်ရော ဒီလိုဓားမျိုးကို သုံးနိုင်ပါ့မလား..."
ဓားကအစွမ်းထက်သော်လည်း လူတစ်ယောက်နှင့် ကိုက်ညီမှုရှိရန်က အဓိကကျ၏။ ထိုအချိန်က ကျန်းချန်ကို ဆာ့ဆာ့က ဓားဖြင့် ပြင်းပြင်းထန်ထန်အနိုင်ယူနေသညါကို ကြည့်ရင်း လီချန်ယွီ ဤသို့ ပြောချင်လာ၏။
' သာ့ရှန်...ကျွန်တော်လည်း သင်ယူချင်တယ်...'
ဆာ့ဆာ့က သူမကိုယ်တိုင်သတိထားမိမည်ဟုတ်သော်လည်း ဘေးကရပ်ကြည့်နေသော လီချန်ယွီက အားလုံးကို ရှင်းရှင်းလင်းလင်းမြင်နေရသည်။ ထူးထူးဆန်းဆန်းပုံဖော်ထားပြီး မျက်စိပသာဒမဖြစ်သော မက်ခါက သူမ လှုပ်ရှားလိုက်သောအခါ အင်အားကြီးပြီး ခံ့ညားသည့်အရှိန်အဝါများ ပေါ်ထွက်လာ၏။ ငွေရောင်မက်ခါနှင့် ချွန်ထက်သောဓားသွား၏ ဆန့်ကျင်သောအရာနှစ်ခုပေါင်းစပ်လိုက်ခြင်းက တစ်မူထူးခြားသောအလှကို ပေးစွမ်းနေ၏။
ပြိုင်ပွဲကို ဘေးကရပ်ကြည့်နေသော မည်သူမဆို ဆာ့ဆာ့၏ မက်ခါကို 'ရုပ်ဆိုးတယ်' ဟုခေါ်နိုင်မည်မဟုတ်ကြောင်း သူသေချာသိသည် ။
စီနီယာဦးလေးက သူ့ကို စိတ်ကြိုက်ရွေးချယ်ခိုင်းထား၍ လီချန်ယွီကလည်း သူလိုချင်ကိုပြောရန် ကိစ္စမရှိပေ။
စုန့်နင်ဖုန်း မျက်ခုံးပင့်သွား၏ ။
" အဲ့ဒီလို ဆိုရင်တော့ မင်းသွားပြီးတော့ တစ်ချက်လောက် စမ်းကြည့်သင့်တယ်...မင်းရဲ့ လုပ်ဆောင်ချက်အတွက် ငါဒေတာတချို့ကို စုစည်းလိုက်မယ်..."
လီချန်ယွီက ကတိုက်ကရိုက် လက်ခါပြလိုက်သည်။
" မဟုတ်တာ...မဟုတ်တာ...ဒီမက်ခါကို ကျွန်တော်မမောင်းနိုင်ပါဘူး..."
အဆင့်မြင့်မက်ခါတိုက်ခိုက်ရေးသမားများက အဆင့်နိမ့်မက်ခါကို မောင်းရလျှင် သူတို့ကို ထိန်းချုပ်ထားသလို ခံစားနေရလိမ့်မည်။ အဆင့်နိမ့်မက်ခါတိုက်ခိုက်ရေးသမားက အဆင့်မြင့်မက်ခါကို မောင်းလျှင် ကလေးက လူကြီးဖိနပ်ကို ယူစီးနေသလို အသားမကျဖြစ်နေပြီး မက်ခါ၏လုပ်ဆောင်နိုင်စွမ်းအားလုံးကိုလည်း ထုတ်သုံးနိုင်မည်မဟုတ်ပေ။ ဆန့်ကျင်ဘက်အားဖြင့် သူက မူးဝေခြင်း ၊ အော့အန်ခြင်းများပါ ဖြစ်သွားနိုင်၏။
လီချန်ယွီက ကိုယ့်အခြေအနေကိုယ် သိပါသေးသည်။ ဆာ့ဆာ့၏ အကူအညီဖြင့် သူ့ဗီဇအဆင့်နှင့် စိတ်ဝိညာဥ်ပင်လယ်အဆင့်များက A+အထိ ရောက်ရှိသွားသော်လည်း SSအဆင့်ရှိ ဆာ့ဆာ့နှင့် သူ၏ကြားမှာ ကွာခြားမှုကြီးကတော့ ရှိနေဆဲပင်။ လီချန်ယွီက မက်ခါ၏ သတ်မှတ်အဆင့်ကို မသိသော်လည်း ၎င်းက Sအဆင့်မက်ခါ 'လေပွေ' ထက် မနိမ့်ကြောင်း သေချာ၏။ ၎င်းက အထူးSအဆင့် ဟုပြောလာလျှင်ပင် သူယုံမိမည်ပင်။
သူသာ ထိုမက်ခါကို တက်မောင်းလိုက်လျှင် သူ့ပုံစံက အလွန်ရယ်စရာကောင်းနေမည်ကို လီချန်ယွီစိုးရိမ်မိသည်။
" စိတ်အေးအေးထားပါ...ဒီမက်ခါမှာ အဆင့်သတ်မှတ်ထားတာ မရှိပါဘူးလို့ ငါပြောသားပဲ..."
ကျန်းဝူရွှမ်းက ဘေးမှ ထပ်ပြောလိုက်သည် ။
လီချန်ယွီမှာ မှင်သက်သွား၏ ။
" ဘာအဆင့်သတ်မှတ်ချက်မှ မရှိဘူးဆိုတာ ခင်ဗျား ဘာကိုဆိုလိုတာလဲ...ခင်ဗျားက အဆင့်နဲ့ပက်သက်ပြီး မသေချာဘူးဆိုရင် အဲ့ဒါကို စမ်းကြည့်ပြီး အဖြေထုတ်လို့ ရနေတာပဲ..."
ကျန်းဝူရွှမ်း၏ စကားက အလွန်ထူးဆန်းသည်။ ၎င်းက ပရော်ဖက်ရှင်နယ်မက်ခါပညာရှင်၏ ပါးစပ်က ထွက်လာသင့်သော စကားမျိုး မဟုတ်ပေ။
" အဆင့်သတ်မှတ်ချက်မရှိဘူးဆိုတဲ့ အဓိပ္ပာယ်က ဘယ်အဆင့်မျိုးမဆို ဖြစ်နိုင်တယ်ဆိုတဲ့ အဓိပ္ပါယ်ပဲ...မက်ခါက မင်းသုံးလိုက်တဲ့ အင်အားအတိုင်း ဘယ်အဆင့်မဆို လုပ်ဆောင်မှုပြလာလိမ့်မယ်..."
" အဲ့ဒါက မဖြစ်နိုင်တာပဲ..."
' ကမ္ဘာကြီးမှာ ဒီလိုမက်ခါမျိုးက ဘယ်လိုလုပ် ရှိနိုင်မှာလဲ...'
လီချန်ယွီ၏ အတွေးများ ဝေဝါးသွား၏။
" အရင်တုန်းကတော့ ဒါကို ဖြစ်နိုင်တယ်လို့ ငါလည်းမထင်ဘူး...ဒါပေမဲ့ မင်းသွားပြီး စမ်းကြည့်လိုက်ရင် သိသွားမှာပါ..."
ကျန်းဝူရွှမ်းက မက်ခါကို အသာပုတ်ရင်း ပြောလိုက်သည်။ သူက မက်ခါပြုလုပ်သူသက်သက်သာဖြစ်ပြီး မက်ခါမမောင်းနှင်နိုင်သည့်အတွက် မုန်းတီးမိသည်။ ထိုသို့မဟုတ်ပါက သူလည်း ထိုမက်ခါကို စမ်းကြည့်မိလောက်သည်။
💫💫💫