Chapter 39
Viewers 2k

💫 Chapter 39



ယခင်ကသာဆိုလျှင် ကျန်းဝူရွှမ်းက အများသတ်မှတ်ထားသောစံနှင့်သွေဖယ်သည့် သူ့ဒီဇိုင်းများကို 'ဒါက ဆိုးဝါးလိုက်တာ' ဟု တွေးမိမည်မဟုတ်သော်လည်း အမှန်တရားက သူ့ရှေ့ကို ရောက်လာသောအခါ သူလက်မခံ၍ မရတော့ပေ။ ထိုသို့မဟုတ်ပါက စုန့်နင်ဖုန်းကို သူ့ဆရာအဖြစ်တင်မြှောက်ရန် သူထိုမျှလောက် ပြတ်သားနေလိမ့်မည် မဟုတ်ချေ။ 


မက်ခါ၏ တိုးတက်မှုကို ထိန်းသိမ်းထားနိုင်ခြင်းက Sအဆင့် မက်ခါပညာရှင်များသာ လုပ်နိုင်သော အရာဖြစ်သည်။အဆင့်မြင့်မက်ခါကို မည်သည့်အဆင့်ရှိသူမဆို မောင်းနှင်နိုင်ခြင်းဆိုလျှင် တွေးကြည့်၍ပင် မရနိုင်တော့ပေ ။ 

' အဆင့်တွေကြားက ကွာခြားချက်ကို ဘယ်လိုလုပ်ဒီလောက်လွယ်လွယ်လေးနဲ့ ချိုးဖျက်နိုင်ရတာလဲ...'


သို့သော် ၎င်းက စုန့်နင်ဖုန်းအတွက် သာမန်ကိစ္စသာ ဖြစ်ပုံရသည်။ ကျင့်ကြံရေးကမ္ဘာ၌ ထိုအခြေအနေမျိုးနှင့် သူတို့မကြာခဏကြုံတွေ့ရတတ်သည်။ ဥပမာအားဖြင့် ချီသန့်စင်ခြင်းအဆင့်တွင် ရှိနေသည့်သူတစ်ယောက်အတွက် စိတ်ဝိညာဥ်ဓားကို အသုံးမပြုနိုင်သော်လည်း ရှေးဦးဝိညာဥ်အဆင့်တွင် ရောက်နေသောသူအတွက်မူ ထိုအရာကို အသုံးပင် မလိုတော့ချေ။ အစပိုင်းတွင် ဓားကောင်းတစ်လက်ကို သူတို့မကိုင်တွယ်နိုင်သည်က အဆင်ပြေ၏။ ထိုအရာကို ‌ေားဆုံး ထိန်းချုပ်မှုထည့်ပေးလိုက်ပါက အသုံးပြုသည့်သူ၏ အဆင့်အတိုင်း ထိုဓား၏ အဆင့်ကလည်း မြင့်တက်လာပေလိမ့်မည်။


ထိုအဆင့်မြင့်မက်ခါများကို အဆင့်နိမ့်တိုက်ခိုက်ရေးသမားတစ်ယောက်တည်းက မကိုင်တွယ်နိုင်ရခြင်းမှာ ပြဿနာတစ်ခုသာရှိသည်။ မက်ခါတွင် အကောင်းစားကုန်ကြမ်းများကိုသာ အသုံးပြုထားသောကြောင့်ပင်။ အထူးသဖြင့် စိတ်ဝိညာဥ်ပင်လယ်အဆင့်နိမ့်သောသူတစ်ယောက် ထိန်းချုပ်ရန်မလွယ်သည့် စွမ်းအင်ဗဟိုချက်ကို အသုံးပြုထားသောအခါ မောင်းနှင်သည့်သူအပေါ် ဆန့်ကျင်သည့်တုံ့ပြန်မှုများ ဖြစ်ပေါ်စေသည် ။ 


သို့သော် စုန့်နင်ဖုန်း ပြုလုပ်ထားသည့် မက်ခါက ကြယ်တာရာခေတ်၏ မက်ခါသဘောတရားနှင့် ကျင့်ကြံရေးကမ္ဘာ၏ လက်နက်သွန်းလုပ်ခြင်းသဘောတရားကို ပေါင်းစပ်ထားခြင်း ဖြစ်သည်။ သူသုံးထားသည့် စွမ်းအင်ဗဟိုချက်က အားလုံးရင်းနှီးနေသော အဆင့်မြင့်စွမ်းအင်ရင်းမြစ်များမဟုတ်သော်လည်း အားလုံးနှင့် ကိုက်ညီမှုရှိစေမည့် စိတ်ဝိညာဥ်ကျောက်တုံးများ ဖြစ်သည်။ ၎င်းက မက်ခါကို မောင်းနှင်သည့်သူအပေါ် မကောင်းသောဆန့်ကျင့်ဘက်တုံ့ပြန်မှုများ မဖြစ်အောင် ထိန်းချုပ်ထားပေးနိုင်သည်။


လီချန်ယွီမှာ မေးရိုးပင်ပြုတ်ကျသွား၏ ။


သူက ဆွံအသွားသောမျက်နှာအမူအရာဖြင့် မက်ခါပေါ်တက်လိုက်ပြီး သူ'အိပ်မက်များမက်နေတာလား'ဟု ထင်မိနေတုန်းပင် ။

' ဆာ့ဆာ့နဲ့ စတွေ့တဲ့အချိန်ကတည်းက ငါအိပ်မက်မက်နေမိတာလည်း ဖြစ်နိုင်တာပဲ...အိပ်မက်မက်နေတာမဟုတ်ရင် အရာအားလုံးအောင်မြင်နေတာက ဘာလို့များလဲ...'


လီချန်ယွီ၏ အသိအာရုံက မက်ခါ၏ ပင်မထိန်းချုပ်စနစ်နှင့် ချိတ်ဆက်သွား၏။ 


သေချာပေါက် ကျန်းဝူရွှမ်း ပြောသလိုပင် ၊ သူ မည်သည့်အတားအဆီးမှ မရှိဘဲ မက်ခါနှင့် ချိတ်ဆက်နိုင်သွား၏။ နေမထိထိုင်မသာဖြစ်နေသည့် ခံစားချက်မျိုးလည်း မရဘဲ ချိတ်ဆက်မှုက အလွန်ချောမွေ့နေသည်။ 


ယခင်က သူ့အဆင့်ထပ်သာလွန်သော A+အဆင့် မက်ခါကို သူ ဘာမှ မစဥ်းစားဘဲ တက်မောင်းဖူးသော်လည်း သွေးများအန်ထွက်လာသောကြောင့် သူ့မိသားစုက အထိတ်တလန့်ဖြင့် သူ့ကို ဆေးရုံပင် ပို့ပေးခဲ့ရသည်။ 


ဆရာဝန်က ပြောခဲ့သည် ။

" သူ့ကို နောက်တစ်ခါ အဲ့လိုမလုပ်စေနဲ့...လူတစ်ယောက်ရဲ့ ခန္ဓာကိုယ်နဲ့ စိတ်ဝိညာဥ်ပင်လယ်ကို အလွန်အကျွံအသုံးချတာက အသိအာရုံပျက်စီးတာတွေ ဗီဇပြိုကွဲတာတွေ ဖြစ်စေနိုင်တယ်..."


ထိုအချိန်မှစ၍ လူတစ်ယောက်၏ ပါရမီက ဆုံးဖြတ်ထားပြီးသားဖြစ်ပြီး သူး မည်မျှ ကြိုးစားနေပါစေ မပြောင်းလဲနိုင်သည့် အကန့်အသတ်ရှိသည်ကို သိလိုက်ရ၏။


သို့သော် ယခု ဤမက်ခါက သူနှင့် အလွန်လိုက်လျောညီထွေဖြစ်နေ၏။ သူ လက်နက်ကို ထုတ်လိုက်ကာ လွှဲယမ်းကြည့်လိုက်သည်။ မက်ခါ၏ တုံ့ပြန်သည့်အရှိန်က သူထင်ထားသည်ထက ပိုမြန်နေသောကြောင့် သူ အမှားလုပ်မိမလိုပင် ဖြစ်သွား၏။ သို့သော် စိတ်ဖိစီးနေရမည့်အစား သူ ပို၍ စိတ်လှုပ်ရှားလာမိသည်။

' ဆိုတော့ ဒါက အဆင့်မြင့်မက်ခါတွေကို မောင်းနှင်ရတဲ့ ခံစားချက်မျိုးလား...'


သူက မက်ခါနှင့် ခပ်မြန်မြန် အသားကျသွား၏။ ချွန်ထက်သောဓားကို သူ့လက်ထဲ၌ ကိုင်ထားရင်း ဂုဏ်ယူစွာ တွေးလိုက်မိသည် ။ 

' ဟယ့်ချောင်ယွမ်က ငါရှေ့မှာ ရှိနေရင်တောင် ငါရှုံးမှာ မဟုတ်ဘူး...'


သူ မက်ခါကို အသုံးပြုသည်က ဆာ့ဆာ့သုံးသလောက် ကောင်းသည်ဟု မခံစားရသော်လည်း သူ့ယခင်မက်ခါများထက် သေချာပေါက် ပိုကောင်းနေဆဲပင်။


လီချန်ယွီက သူ့ကိုယ်သူ အဆင်ပြေနေပြီဟု ထင်နေသော်လည်း စုန့်နင်ဖုန်းက တစ်ဖက်တွင် နှာခေါင်းရှုံ့နေမိသည်။ 


လီချန်ယွီက ဆာ့ဆာ့နှင့် သူ့ရုပ်ပိုင်းဆိုင်ရာစွမ်းရည်ကို လေ့ကျင့်နေခဲ့သော်လည်း သေချာမသင်ယူရသေးပေ။ သူက ယခုတွင် သူ့ဓားနှင့် လှည့်ပတ်ကနေသောကြောင့် စုန့်နင်ဖုန်းကြည့်ရသည်မှာ သည်းမခံနိုင်အောင် ဖြစ်နေ၏။


စုန့်နင်ဖုန်းက သူ့ဂျူနီယာများကို အမြဲဂရုစိုက်နေကြဖြစ်သော်လည်း ယခုတွင် သူ မပြောဘဲမနေနိုင်သောကြောင့် ဆာ့ဆာ့ကို ပြောလိုက်ရသည်။ 

" သူက မင်းရဲ့ တပည့်ပဲ...မင်းသူ့ကို ဂရုစိုက်မှ ရမယ်..."


ဆာ့ဆာ့က သူမမျက်နှာကိုကာထားလျက် ပြောလာသည်။

" ဟုတ်ကဲ့ပါ...အကြီးဆုံးစီနီယာအစ်ကို..."


လီချန်ယွီ၏ အရည်အချင်းက အမှန်တကယ်ပင် ထိုက်ယီဂိုဏ်း၏ ဝမ်းကွဲအငယ်လေးများထက်ပင် ညံ့နေသေးသည်။ ဆာ့ဆာ့က မကျင့်ကြံနိုင်သော်လည်း ခန္ဓာကိုယ်ဖြင့်လုပ်ဆောင်ရသည့်စွမ်းရည်နှင့် ပတ်သက်၍ သူမက သူ့ကို သင်ပြပေးနိုင်သည်။ သို့သော် လီချန်ယွီက သူ မတတ်သည်ကို သင်ယူရန် လုံ့လဝီရိယရှိပြီး သူကျွမ်းကျင်သည်အထိ ထပ်တလဲလဲ လေ့ကျင့်တတ်သည်။


ထို့ကြောင့် ဆာ့ဆာ့က သူ့တပည့်နှင့် ပတ်သက်၍ အလွန်ကျေနပ်နေဆဲပင်။ ပါရမီက အရာအားလုံးမဟုတ်သေးပေ။ သူသာသင်ယူချင်စိတ်ရှိနေသရွေ့ အနှေး နှင့် အမြန်ဆိုသလို ပိုပြီးသန်မာလာမှာပင်။ သူ့အရည်အချင်းနှင့် သူပင် အခု များစွာတိုးတက်လာပြီ ဖြစ်သည်။ 


သို့သော် လက်ရှိအချိန်၌ အကြီးဆုံးစီနီယာအစ်ကို၏ မျက်စိဒေါက်ထောက်ကြည့်နေသည့် အကြည့်များအောက်တွင် လီချန်ယွီ၏ လှုပ်ရှားမှုများက ဆာ့ဆာ့ကို ရှက်ကိုးရှက်ကန်းဖြစ်သွားစေသည်။ တပည့်က အရည်အချင်းမရှိလျှင် ၎င်းက ဆရာဖြစ်သူ ကောင်းကောင်းမသင်ပြပေးနိုင်သောကြောင့်ပင်။ 


ဆာ့ဆာ့မှာ အကျပ်အတည်းကြုံနေရသလို ခံစားလိုက်မိသည်။ 

' လီချန်ယွီက တရားဝင်တပည့်ခံယူပြီး အပြင်မှာလည်း ထိုက်ယီဂိုဏ်းကို ကိုယ်စားပြုတဲ့သူတစ်ယောက် ဖြစ်လာတော့မှာ...ငါ ပေါ့ပေါ့လျော့လျော့ လုပ်လို့ မဖြစ်ဘူး...'


လီချန်ယွီ မက်ခါပေါ်မှ ဆင်းလာ၏ ။ သူ့မျက်နှာပေါ်ရှိ စိတ်လှုပ်ရှားမှုများကို မဖုံးကွယ်နိုင်သလို သူ့ခန္ဓာကိုယ်တစ်ခုလုံးက တိမ်ပေါ်တွင် လွင့်မျောနေသလို ခံစားနေရသည်။ 

" စီနီယာဦးလေး...ကျွန်တော် တကယ်ပဲ ဒီလိုမက်ခါမျိုး ရနိုင်မလား..."


" သေချာပေါက် ရနိုင်တာပေါ့..."


စုန့်နင်ဖုန်းပါးစပ်မှ စကားများထွက်လာပြီးတာနှင့် ဆာ့ဆာ့က လီချန်ယွီကို တစ်ဖက်သို့ ဆွဲခေါ်လိုက်သည် ။လီချန်ယွီမှာ စုန့်နင်ဖုန်း ပြောသည့် ဒုတိယမြောက်စကားကိုတော့ မကြားလိုက်ရပေ ။

" ဒါပေမဲ့ မင်းအရင်ဆုံး ဆာ့ဆာ့ရဲ့ လက်အောက်မှာ ရှင်သန်ကျော်လွှားနိုင်ဖို့ လိုတယ်..."


လီချန်ယွီက ဆာ့ဆာ့ကို ပြောလိုက်သည် ။ 

" သာ့ရှန်...ကျွန်တော် အခု အိပ်မက်မက်နေသလိုပဲ ခံစားနေရတယ်..."


" ဟုတ်တာပေါ့..."

ဆာ့ဆာ့က နူးညံ့စွာ ပြုံးလိုက်သည် ။ 

" ဒါဆို ကျွန်မတို့ရဲ့ အခြေခံစွမ်းရည်ကို အရင်ဆုံး လေ့ကျင့်လိုက်ရအောင်..." 


" ကောင်းပါပြီ...သာ့ရှန် ..." 

မက်ခါ၏ လှုံ့ဆော်ထားမှုကြောင့် လီချန်ယွီက စိတ်ပါလက်ပါ ခေါင်းညိတ်လိုက်သည် ။ 


တစ်နာရီကြာပြီးနောက် လီချန်ယွီမှာ ပြိုလဲတော့မလိုပင် ဖြစ်သွား၏ ။ 

" သာ့ရှန်...ကျွန်တော် တကယ်သေတော့မယ်...ကျွန်တော့်ရဲ့ ခန္ဓာကိုယ်နဲ့ အသိအာရုံက ကုန်ခမ်းနေပြီ..."


" တကယ်လား...ရှင်အဲ့ဒီလို လုံးဝဖြစ်လို့မရဘူး...ကြည့်ပါဦး...ရှင်ဒီအခြေခံသုံးဓားနဲ့ ဘာတွေသင်ယူခဲ့သလဲဆိုတာ..." 

ဆာ့ဆာ့က မျက်နှာထားတင်းမာစွာဖြင့်ကြည့်ကာ သူ့ကို ဆေးနှစ်လုံးပေးလိုက်သည်။ လီချန်ယွီမှာ အားအင်များအလွန်တက်ကြွလာသောကြောင့် 'ပင်ပန်းနေပြီ' ဟူသည့် ဆင်ခြေပင် မပေးနိုင်တော့ချေ။ 


ငါ ဘာများတတ်နိုင်ဦးမှာလဲ...ဆက်ပြီး လေ့ကျင့်ရုံပဲ ရှိတော့တာပေါ့...


နောက်ထပ်တစ်နာရီကြာပြီးနောက် လီချန်ယွီမှာ မျှော်လင့်ချက်ရှိလာ၏။ 

" သာ့ရှန်...ပြီးတော့မှာလား..."


နောက်ထပ်တစ်နာရီကြာပြီးနောက် လီချန်ယွီမှာ ခွေးသေကောင်လိုပင် ဖြစ်လာ၏ ။

" သာ့ရှန်...ပြီးတော့မှာလား..."


သူ၏ အသိအာရုံနှင့် ခန္ဓာကိုယ်က အကန့်အသတ်သို့ရောက်လာချိန်၌ ဆာ့ဆာ့က သူ့ကို အားအင်ပြန်ဖြစ်စေသောဆေးကို ကျွေးသော်လည်း ထပ်ခါတလဲလဲလူပင်ပန်းသည့်ခံစားချက်က အစစ်အမှန်ဖြစ်ပြီး ဆေးများက စိတ်ပင်ပန်းသည်ကို မသက်သာစေပေ။ ဤအချိန်၌ သူတွေးလိုက်မိသည် ။

' ငါ ဒီလို လူမသိသူမသိ ဘဝနဲ့ပဲ နေလိုက်တာက ပိုကောင်းမလား...'


" ဒီနေ့ နားကြတာပေါ့..." 

ဆာ့ဆာ့၏ အသံက ကောင်းကင်ဘုံတမျှ ချိုမြနေသော်လည်း ချက်ချင်းပင် နတ်ဆိုးဆန်စွာ ပြောင်းလဲသွားပြန်၏။ 

" မနက်ဖြန် ဆက်လေ့ကျင့်ကြမယ်..." 


လီချန်ယွီ : ' မဟုတ်ဘူး...ဒါက အိပ်မက်လုံးဝ မဟုတ်ဘူး...အိပ်မက်တွေက ဒီလောက်အထိတော့ အညှာအတာမမဲ့ဘူးလေ...'


လီချန်ယွီအတွက် ဆာ့ဆာ့၏လေ့ကျင့်ရေးမှာ အစီအစဥ်အတိုင်း ဆက်သွားနေသည်။ ဆာ့ဆာ့ကို မတွေ့မီအထိ လီချန်ယွိိီမှာ တစ်ချိန်က ကိုယ့်ကိုယ်ကို အလွန်ကြိုးစားသူဟု ထင်ခဲ့သည်။ ယခုမူ သူ ယခင်က ကြိုးစားအားထုတ်ခဲ့ခြင်းဆိုသည်များမှာ အသိအမှတ်ပြုခံရန်ပင် မထိုက်တန်သေးကြောင်း သိလိုက်ရသည်။ လက်ရှိတွင် လေ့ကျင့်ပြီးချိန်တိုင်း ပင်ပန်းလွန်းသဖြင့် လှဲသာအိပ်လိုက်ချင်တော့သည်။ 


လီချန်ယွီက တရားနည်းလမ်းကျစွာဖြင့် ပြောလိုက်သည်။

 "ဟင့်အင်း... တော်ပြီ... တော်ပြီ... ကျွန်တော့်ကို ဒီဆေးတွေ မတိုက်ပါနဲ့ သာ့ရှန်... ကျွန်တော်က ဒီဆေးနဲ့ မတန်သေးဘူး ထင်တယ်…" 


ဆာ့ဆာ့က ညင်သာသော်လည်း ပြန်လည်မေးခွန်းမထုတ်နိုင်အောင် ပြောလိုက်သည်။

"ကျွန်မတို့ဂိုဏ်းမှာ ဒါတွေက ပြတ်လပ်နေတာ မဟုတ်ပါဘူး…" 


လီချန်ယွီက ဆာ့ဆာ့ကို အာရုံပြောင်းရန် ဦးနှောက်ကို ဖျစ်ညှစ်ကာ ဉာဏ်နီဉာဏ်နက် ထုတ်လိုက်သည်။

"သာရှန့် စတားကွန်ရက်ရဲ့ အငယ်တန်းမက်ခါလိဂ် အကြောင်းကို သိလားဟင်... အဲ့ဒါက ဆယ်နှစ်မှတစ်ခါ ပြိုင်ရတဲ့ အရမ်းအရေးပါတဲ့ မက်ခါပြိုင်ပွဲကြီးပဲ... ပြီးတော့လေ ဒါက အကြီးဆုံးအွန်လိုင်းမက်ခါပြိုင်ပွဲ... ဆုတွေလည်း အများကြီးပေးဦးမှာ... သာရှန့် ပြိုင်ချင်လားဟင်... စာရင်းသွင်းချင်ရင် ခုထိရသေးတယ်နော်..." 


"အဲ့ပြိုင်ပွဲက ဆုကောင်းကောင်းပေးတယ်... မက်ခါနဲ့ ကြယ်ဒင်္ဂါးတွေပါ ပေးမှာ... ပြီးတော့ အခုအချိန်က သာ့ရှန်ရဲ့ နာမည်ကို တည်ဆောက်ဖို့ အကောင်းဆုံးအချိန်ပဲ... စနစ်ရဲ့ အတွင်း၊ အပြင် ကန့်သတ်မထားလို့ ဆရာတွေ အားလုံး အသက်သုံးဆယ် မပြည့်မချင်း ပြိုင်ပွဲဝင်နိုင်ကြတယ်..." 


ဆာ့ဆာ့ တစ်ခဏမျှ စိတ်ဝင်စားသွားသည်။ ယခင်အချိန်ကသာဆိုလျှင် သူမက ပထမဆုံး စာရင်းသွင်းသူပင် ဖြစ်လိမ့်မည်။ သို့သော် ယခုအချိန်တွင်မူ သူမအတွက်ဆိုလျှင် ဤပြိုင်ပွဲက အရေးမပါတော့ဟု တွေးမိသည်။ 


ဆုများက ကြယ်ဒင်္ဂါးဖြစ်စေ မက်ခါဖြစ်စေ လတ်တလောကာလတွင် သူမ ထိုအရာများကို အရေးတကြီး လိုအပ်နေခြင်း မရှိပေ။ ပထမအကယ်ဒမီကျောင်း၏ သင်ရိုးညွန်းတမ်းများက မလွယ်ကူကြသလို အထူးသဖြင့် ခက်ခဲသည်မှာ ယဥ်ကျေးမှုအတန်းများ ဖြစ်သည်။ ဆာ့ဆာ့က ယခုထိ အတန်းထဲတွင် ဘိတ်ဆုံးဖြစ်နေဆဲဖြစ်ပြီး တပည့်ကို လေ့ကျင့်ပေးရာတွင် သူမ၏အချိန်များကို သုံးခဲ့ရသေးသည်။ ပြိုင်ပွဲနှင့် ပတ်သက်ပြီး စိတ်အနှောင့်အယှက်ဖြစ်ခြင်းကြောင့် အားအကုန်မခံလိုပေ။ 


"ထားလိုက်... ကျွန်မ သွားပြိုင်မှာမဟုတ်ဘူး..."

ဆာ့ဆာ့က ကျောင်းတက်ပြီးကတည်းက သုံးဖက်မြင်စတားကွန်ရက်သို့ ဝင်မကြည့်ဖြစ်သည်မှာ ကြာမြင့်ပြီဖြစ်ရာ ထိုကွန်ရက်ပေါ်တွင် အကြောင်းအရာများစွာ ဖြစ်နေလောက်ပေမည်။ 


လီချန်ယွီမှာ ချက်ချင်းပင် မျက်နှာမကောင်း ဖြစ်သွားသည်။ 


အကယ်၍ ဆာ့ဆာ့ ပြိုင်ပွဲမဝင်လျှင် သူ့တို့၏ လေ့ကျင့်ချိန် ရှေ့ဆက်သွားနိုင်ခြင်းတစ်ခုတည်းကြောင့်သာမကပေ။ ထိုပြိုင်ပွဲတွင် ဆာ့ဆာ့၏ အနိုင်ယူစိုးမိုးခြင်းကို မြင်လိုသောဆန္ဒကြောင့် သူဝမ်းနည်းသွားခြင်းလည်းပါသည်။ 


*****


စုန့်နင်ဖုန်း ပြန်ရောက်ပြီဟု ရှဲ့ရုန်ကြားလိုက်သည်နှင့် သူ၏ဝမ်းနည်းမှုများကို မေ့ပြီး စိတ်အားထက်သန်မှုအပြည့်နှင့် မျက်နှာဖုံးတစ်ခုဝတ်ကာ သူနေထိုင်ရာနေရာမှ ပြေးထွက်လာသည်။ 


မြို့တော်က ကျယ်ပြန့်လှသည့် ဂြိုလ်တစ်လုံးဖြစ်သောကြောင့် လူအများက ရှဲ့ရုန်ကို တစ်ချက်မျှသာ ကြည့်ပြီး ဇာတ်ကောင်တစ်ဦးကဲ့သို့ ဝတ်စားထားသည်ဟု တွေးမိကြသည်။ လူထူးလူဆန်းအဖြစ် မတွေးကြပေ။ 


ရှဲ့ရုန်က စုန့်နင်ဖုန်း၏ အကျီလက်ကို ဆောင့်ဆွဲလိုက်သည်။ 

"အစ်ကိုကြီး... ဟိုမိန်းမနဲ့ ပတ်သက်တဲ့ကိစ္စက ဖြေရှင်းပြီးပြီလား…" 


ပြောရလျှင် ရှဲ့ရုန်သည် မာရီယာက ပုံ့ကြီးချဲ့ကာ တစ်ဆိတ်ကို တစ်အိတ်လုပ်မည်ကို အမှန်ပင် ကြောက်လေသည်။ သူသာ ဆန္ဒမရှိလျှင် မာရီယာ အားမည်မျှသုံးသုံး သူက တစ်လက်မမှပင် ရွေ့မည်မဟုတ်ချေ။ အကယ်၍ သူက တိုက်ရိုက်ထုတ်လွှင့်ရန် သဘောမတူခဲ့လျှင်ပင် အရေးကြီးသည့်အရာမဟုတ်တော့ပေ။ ထိုကိစ္စကို သူမက ကြည့်ရှုနေသူများ စိတ်ရှုပ်ထွေးအောင် ပြုလုပ်မည်သာဖြစ်သည်။ 


ရှဲ့ရုန် အမှန်တကယ် ပူပင်သည့်အရာက ထိုကိစ္စကြောင့် ကျန်သောဂိုဏ်းသားများအပေါ် မည်သို့သော အကျိုုးဆက် ရှိလာမည် ဆိုသည်ကိုသာ ဖြစ်ပြီး အထူးသဖြင့် မြို့တော်ဂြိုဟ်ပေါ်တွင် ကျောင်းတက်နေသော ဆာ့ဆာ့အတွက် ဖြစ်သည်။ အကယ်၍ သူ့ဆရာသာ သိသွားခဲ့လျှင် ပိုပြီးကြောက်စရာကောင်းမည် ဖြစ်လေရာ သူ့ဆရာကိုပင် ပြောမပြရဲဘဲ နေရသည်။ 


အကြီးဆုံးစီနီယာအစ်ကိုကသာ အကောင်းဆုံးနည်းလမ်းနှင့် ဖြေရှင်းပေးနိုင်လိမ့်မည်။ 


ထို့ကြောင့် သူက ယခင်ထက် ပို၍ အာရုံစိုက်ကာ ကပ်ဖားရပ်ဖားလုပ်နေလေသည်။

"အကြီးဆုံးစီနီယာအစ်ကို... ပင်ပန်းနေပြီလား... ရေသောက်မလား... ဒါမှမဟုတ် ကျွန်တော် အစ်ကို့ကျောကို နည်းနည်း နှိပ်ပေးရမလား…" 


စုန့်နင်ဖုန်းက သူ့ကို တစ်ချက်ကြည့်လိုက်သည်။

 " ငါ မင်းကို စျေးကောင်းကောင်းနဲ့ ရောင်းခဲ့ပြီ…" 



💫💫💫


(T/N : ဖူး ဖလူး... ငါ့အအေးတွေတောင် ပန်းထွက်ကုန်ပါပြီ... အစ်ကိုအကြီးဆုံးက အကောင်းဆုံးပဲ... ဟား ဟား ဟား ဟား ဟား)