အပိုင်း ၈
Viewers 53k

အခန်း ၈

စားဖိုမှူးတစ်ယောက်ကို ရန်မစမိစေနဲ့...


ရှောင်ယန်ယု၏မျက်ဝန်းတွေက တဖြေးဖြေး ပြူးကျယ်လာပီး မယုံကြည်နိုင်ခြင်းတွေနဲ့ ပြည့်နှက်နေလေသည်။ ရှောင်ရှောင်လုံ သူမကို ပြောပြခဲ့စဉ်က မယုံကြည်ခဲ့သမျှ ခုတော့မျက်မြင်တွေ့ရလေပြီ။

!ဒါ အိမ်မက်များလား?!


ထမင်းရဲ့ အမွှေးနံ့လေးကပင် သူမရဲ့ ခန္ဓာကိုယ်ကို ချစ်သူက ထွေးပွေ့ထားသလို သက်တောင့်သက်သာခံစားရစေသည်။ သူမ၏ စိတ်ထဲတွင် စားဖို့တစ်ခုကလွဲပြီး တခြားဘာအတွေးမှ ရှိမနေတော့ပေ။


နောက်ဆုံးတော့...

 ရှောင်ယန်ယုက သတိပြန်ဝင်လာသည်။ ဘယ်လောက်ပင်ကောင်းသည့် အစားအသောက်ဖြစ်ပါစေဦး..လေအလင်းအင်ပါယာရဲ့ အလှနတ်သမီးဖြစ်တဲ့ သူမ၏ပုံရိပ်ကိုတော့ထိန်းရန်လိုအပ်သည်။


သူမက နူးညံ့စွာ ပုဝါကိုပင့်လိုက်ပီး သူမရဲ့ နီတျာတျာ နှုတ်ခမ်းလေးကို ဖွင့်ဟလိုက်၏။


ရွှေရောင်တောက်ပနေပြီး မကျက်တကျက်အနေအထားဥအနှစ်လေးကို ခပ်ယူထားသော အဖြူအပြာရောစပ်ထားတဲ့ ကြွေဇွန်းလေးက သူမ၏နီထွေးတဲ့ နှုတ်ခမ်းပါးလေးကို ဖြတ်သန်းဝင်ရောက်လာတယ်ဆိုရင်ပဲ...

နှင်းကဲ့သို့ ဖြူဖွေးနေသော သူမ၏အသားအရေက တမဟုတ်ချင်း အနီရောင်ပြောင်းသွား၏။ 


"အစ်မ... အဆင့်မြင့်ဥထမင်းကြော်ရဲ့ အရသာက ဘယ်လိုနေလဲ?" 


ရှောင်ရှောင်လုံက ဥထမင်းကြော်ရဲ့ အနံ့ကို ရှုရှိုက်ရင်း သားရေတမြားမြားဖြင့် ယောင်တောင်ပေါင်တောင် သူ့အစ်မကို လှမ်းမေးလိုက်သည်။ 


အဖြူအပြာရောစပ်ထားတဲ့ကြွေဇွန်းလေးက ရှောင်ယန်ယုရဲ့သွားနဲ့ ပွတ်တိုက်မိသွားပြီး ထမင်းစေ့တချို့က ပါးစပ်ထဲက ထွက်ကျလာသည်။ သူမရဲ့ ပါးစပ်ထဲမှာ အရသာတွေက ပေါက်ကွဲထွက်လာသလိုမျိုး အရသာခံအာရုံကြောတွေကို ဖုံးလွှမ်းသွား၏။ 

 


"အိုး... အရသာရှိလိုက်တာ" 


ရှောင်ယန်ယုက ကျေနပ်နှစ်သိမ့်စွာ ညည်းလိုက်ပြီးနောက်...

ပတ်ဝန်းကျင်ကို မေ့လျော့ကာ တစ်ဇွန်းပြီးတစ်ဇွန်း အဆက်မပြတ် စားတော့သည်။ သူမ၏နတ်သမီးပုံရိပ်လေးက စက္ကန့်ပိုင်းအတွင်း ပျက်စီးသွားလေပြီ။ 


အမှန်တကယ်တော့.. စတုတ္ထအဆင့်(ဝိဥာဉ်တည်အဆင့်) တစ်ယောက်အနေနဲ့ အစာစားဖို့ မလိုသလောက်ပင်။


ဂလု..ဂလု..ဂလု


ရှောင်ရှောင်လုံက သူမ၏ပုံရိပ်ကိုတောင် ဂရုမစိုက်နိုင်တော့ပဲအငမ်းမရ စားသောက်နေတဲ့ ရှောင်ယန်ယုကို မြင်သောအခါ ရယ်မောရမယ့်အစား...

သူ့ရဲ့ဗိုက်ထဲမှာ စစ်ဖြစ်နေတဲ့အသံကိုနားထောင်ရင်း သူ့အစ်မကို မနာလိုစွာ ကြည့်နေမိသည်။ 


ဆန်းချီရှန်းကတော့ သူ့အိပ်မက်နတ်သမီးလေး အငမ်းမရစားနေတာကိုကြည့်ရင်း မှင်သက်နေ၏။ 


!ဒါ ဥထမင်းကြော်တစ်ပွဲပဲလေ...ဒီလောက် အရူးအမူးဖြစ်စရာလိုလို့လား?

ဒီ ဥထမင်းကြော်က အရမ်းကောင်းတယ်ဆိုရင်တောင်မှ နင်က နတ်သမီးတစ်ပါးလေ...သိက္ခာလေး.ဘာလေး.ထိန်းပါဦး!


"ဆိုင်ရှင်...ငါ့ ဥထမင်းကြော်ရော? မြန်မြန်ပြင်ပေးတော့...မြန်မြန်လေး " 


ဆန်းချီရှန်းက ဒီလိုတွေးနေသော်လည်း ဥထမင်းကြော်ကို မြန်မြန်စားကြည့်ချင်မိသည်။ ထို့ကြောင့်...

သူ့ရဲ့လက်ထဲက စက္ကူယပ်တောင် ကိုပိတ်လိုက်ပြီး ရှောင်ယန်ယုစားတာကိုကြည့်ရင်း ကျေနပ်ပြုံး ပြုံးနေပုံရတဲ့ ပုဖန်ကိုအော်လိုက်၏။ 


ပုဖန်က မျက်ခုံးပင့်လိုက်ပြီး ဆန်းချီရှန်းကို ဂရုမစိုက်ဟန်ဖြင့် တစ်ချက်စောင်းကြည့်လိုက်သည်။ 

ထို့နောက်...အဖက်လုပ်ပြီး ပြန်ပြောမနေတော့ပဲ မီးဖိုချောင်ထဲ၀င်သွားလိုက်သည်။ 


"မြန်မြန်ချက်နော်...မြန်မြန်...သုံးမိနစ်ကျော်လို့မှငါမစားရသေးရင် မင်းရဲ့ ဆိုင်ကိုဖြိုချပစ်မယ်" 


ဆန်းချီရှန်းက အထက်စီးဆန်စွာပြောလိုက်၏


ပုဖန်က မျက်နှာသေဖြင့် မီးဖိုချောင်ထဲ ၀င်လိုက်ပြီး ရေခဲသေတ္တာထဲက ဂျုံအိတ်ကိုထုတ်ယူလိုက်သည်။ 


!ဥထမင်းကြော် အရင်ကြော်စေချင်တာလား? ဆုတောင်းလေ... 

မျောက်လိုကောင်က သူ့လိုစားဖိုမှူးတစ်ယောက်ကို ခြိမ်းခြောက်ရဲမှတော့ ဗိုက်ဟောင်းလောင်းနဲ့နေပေဦးပေါ့!


လက်လုပ်ခေါက်ဆွဲက ဟင်းခတ်အမွှေးအကြိုင်တွေနဲ့ရောချက်ထားတဲ့ရိုးရိုးဟင်းပွဲဖြစ်ပေမယ့် ခေါက်ဆွဲနယ်တဲ့ နည်းလမ်းကတော့ ထူးခြားပြီး အရသာကလည်း သေချာပေါက် ထူးခြားလေသည်။ 


ပုဖန်က အကြိမ်ပေါင်းများစွာ လေ့ကျင့်ထားခဲ့သလို ဂျုံမှုန့်ကနေ ခေါက်ဆွဲတစ်ပန်းကန်ဖြစ်လာဖို့ အချိန်ဆယ်မိနစ်လောက်သာလိုအပ်လေ၏။ 

သူ့ရဲ့မုန့်နယ်တဲ့ အရည်အသွေးကတော့ ထိပ်တန်းပင်။ သူ့ရဲ့ လက်တွေက မျက်စိဖြင့်သေချာမမြင်နိုင်လောက်အောင် လျင်မြန်စွာလှုပ်ရှားနေပြီး ခဏအတွင်းမှာပဲမုန့်ညက်သွား၏။


နယ်လို့ပြီးသွားတော့ သူက အားအတန်အသင့်နဲ့ ခောက်ဆွဲဖြစ်လာအောင်ဆွဲလိုက်သည်။ နောက်...ခေါက်ဆွဲပေါ်မှာ ဂျုံမှုန့်နည်းနည်းဖြူးလိုက်ပီး ရေနွေးပူပူထဲမှာစိမ်လိုက်သည်။ 


ခေါက်ဆွဲပြုတ်ရန် အသုံးပြုတဲ့ရေက အလွန်ကြည်လင်ပြီး ချိုမြန်တဲ့ အနံအရသာနည်းနည်းပါလေသည်။ 

ခေါက်ဆွဲတွေကိုစိမ်ထားရင်း ဟင်းခတ်အမွှေးအကြိုင်တွေကို အသင့်ပြင့်ထားလိုက်သည်။ ဆား၊ ပဲငံပြာရည် တို့ကို ကြွေပန်းကန်လုံးထဲထည့်ပြီး ရေနွေးအနည်းငယ်ကိုပါလောင်းထည့်လိုက်သည်။နောက်... ရေနွေးပူထဲက ခေါက်ဆွဲတွေကို ဆယ်ပြီးကြွေပန်းကန်လုံးထဲထည့်၍ တူကိုအသုံးပြုကာ ဖြူဖွေးနေတဲ့ခေါက်ဆွဲတွေထဲကို အရသာစိမ့်၀င်သွားအောင် မွှေလိုက်သည်။ 


အငွေ့တထောင်းထောင်းထွက်နေသည့် လက်လုပ်ခေါက်ဆွဲတစ်ပန်းကန်ကို ပြင်ဆင်ပြီးသွားလေပြီ။


ဘာအချဉ်၊ဘာဥ၊ဘာအသီးအရွက်မှမပါပေ။


ပုဖန်က ခေါက်ဆွဲပန်းကန်ကို သယ်ပြီး မီးဖိုချောင်ထဲက ထွက်လာသည်။ အမွှေးနံ့က ဥထမင်းကြော်ကို မယှဉ်နိုင်ပေမယ့်လည်း ခေါက်ဆွဲရဲ့ အရောင်အဆင်းက စိတ်ကိုဆွဲဆောင်နိုင်စွမ်းရှိ၏။ 

 


"ဒါက မိန်မလျာလေးအတွက် လက်လုပ်ခေါက်ဆွဲ"


ပုဖန်ပြောတာကို ကြားလိုက်သောအခါ ဆန်းချီရှန်းက ခဏလောက်မှင်သက်သွားပြီး.. 

ဒေါသထွက်စွာ မျက်မှောင်ကြုတ်၍ ပုဖန်ကို စိုက်ကြည့်လိုက်၏။


"ငာ မင်းကို ဥထမင်းကြော် အရင်ကြော်ဖို့ မပြောခဲ့ဘူးလား.? မင်းကို ခေါက်ဆွဲပွဲ အရင်လုပ်ဖို့ ဘယ်သူကပြောလို့လဲ? မင်းဆိုင်ကို ဖြိုစေချင်နေတာလား?" 


ပုဖန်က ဆန်းချီရှန်းကို လုံး၀ဂရုမစိုက်ပဲ ခေါက်ဆွဲပန်းကန်ကို ရှောင်ရှောင်လုံရဲ့ ရှေ့မှာ ချပေးလိုက်ပြီး တည်ငြိမ်စွာပြောလိုက်သည်။

"မင်းရဲ့ ခေါက်ဆွဲကို စားကြည့်ပါဦး" 


ရှောင်ရှောင်လုံက အလွန်ဆာလောင်နေပြီဖြစ်၍ သူ့ကို ပုဖန်က မိန်းမလျာလို့ ခေါ်လိုက်တာကိုတောင် ဂရုမစိုက်နိုင်ပေ။


လက်လုပ်ခေါက်ဆွဲက ဥထမင်းကြော်မဟုတ်ပေမယ့်လည်း ဘာမှစားစရာမရှိတာထက်တော့တော်သေးသည်။ 


ခေါက်ဆွဲတစ်ပန်းကန်ကို ရွှေပြားတစ်ရာနဲ့ရောင်းနေမှတော့ သာမန်လဲ မဖြစ်နိုင်ပေ။


ရှောင်ရှောင်လုံက သူ့ရဲ့တူနဲ့ ခေါက်ဆွဲမျှင်က်ိုညှပ်ယူလိုက်ပြီး အလောတကြီး စုပ်ယူလိုက်၏။


"..."


ခေါက်ဆွဲက အသက်ဝင်နေသည့်အလား သူ့ရဲ့ ပါးစပ်ထဲကို ရှော၀င်သွား၏။

လက်သေးသေးလေးတွေက သူ့ရဲ့ပါးစပ်ကို ကုတ်ခြစ်နေသလိုမျိူး သာယာကြည်နူးမှုကိုလည်း ခံစားရ၏။ 


"...."


ခေါက်ဆွဲတွေက ပားစပ်ထဲမှာ အပြည့်ဖြစ်နေပြီး ရှောင်ရှောင်လုံ၏ မျက်လုံးတွေက အံသြမှုကြောင့်ပြူးကျယ်ကာ ပျော်ရွှင်မှုအပြည့်ဖြင့် ခေါင်းကိုယမ်းလိုက်မိသည်။


ရှောင်ရှောင်လုံရဲ့ အမူအရာကိုမြင်သောအခါ ဆန်းချီရှန်းက စားချင်စိတ်ကိုမထိန်းနိုင်တော့ပေ။

သူ တံတွေးမြိုချလိုက်ပြီး... 


"ငာ့အတွက် ဥထမင်းကြော်နဲ့လက်လုပ်ခေါက်ဆွဲ မြန်မြန်ချက်ပေးတော့...ငါ ထပ်မစောင့်နိုင်တော့ဘူး" 


 ပုဖန်ကို အေးစက်စွာစိုက်ကြည့်ပြီး အော်ပြောလိုက်သည်။ 


"မင်းဘယ်သူ့ကိုပြောနေတာလဲ ဆိုတာ မင်းမေ့နေတာလား? ငါနောက်ထပ်ကြားရရင်မင်းကို နာမည်ပျက်စာရင်းထဲ ထည့်လိုက်တော့မယ်"

 

ပုဖန်က မျက်မှောင်ကြုတ်ကာ မကျေမနပ်ပြန်ပြောရင်း တွေးလိုက်သည်။

!ဒီကောင်ပြသာနာရှာနေတာပဲ!


"မင်းက ဇောင်းကြွနေတာပဲ..မင်းဆိုင်ကို ငါအခုချက်ချင်းဖြိုချလိုက်လို့ရတယ်" 


ဆန်းချီရှန်းက ပုဖန်၏ရင်ဘတ်ကို သူ့ရဲ့ယပ်တာင်ဖြင့် ပုတ်ရင်း ဒေါသတကြီးပြောလိုက်သည်။


ပုဖန်က ဘာမှပြန်ပြောမနေတော့ပဲ အပြုံးနဲ့ သာတုံ့ပြန်၍ မီးဖိုချောင်ထဲသို့ ပြန်ဝင်သွားလိုက်သည်။သူရဲ့အပြုံးကို မြင်ရခဲပြီး ကြည့်ရတာ အေးစက်စက်နှင့်ယုတ်မာမယ့်ပုံပေါက်သည်။


မိနစ်သုံးဆယ်ခန့်ကြာပြီးနောက်...

ပုဖန်က လင်ဗန်းတစ်ချပ်ကိုသယ်၍ မီးဖိုချောင်ထဲမှ အေးအေးသက်သာ ပြန်ထွက်လာ၏။ 


ရှောင်မောင်နှမက စားလို့ပြီးသွားပေမယ့်လည်း ကျသင့်ငွေကိုပေးဖို့ရန်နှင့် အသီးအရွက်ကြော်ကိုမြင်ချင်သေးသောကြောင့် ထွက်မသွားရသေးပေ။ 


တခြားဟင်းပွဲတွေကို မြင်ပြီးတဲ့ ပုံစံအရ အသီးအရွက်ကြော်ကလည်း သေချာပေါက် သာမန်မဖြစ်နိုင်ပေ။


အလွန်ဆာလောင်နေတဲ့ ဆန်းချီရှန်းက အလျင်အမြန်ရှေ့ကိုထွက်လာပြီး ပုဖန်ဆီက လင်ဗန်းကို ဆွဲယူလိုက်သည်။ 


လင်ဗန်းပေါ်မှာ, အရမ်းမွှေးကြိုင်နေတဲ့ ဥထမင်းကြော်နှစ်ပွဲ၊ဆွဲဆောင်အားကောင်းတဲ့ လက်လုပ်ခောက်ဆွဲနှင့်အသီးအရွက်ကြော်က တစ်ပွဲစီဖြင့် ဟင်းပွဲလေးမျိုးလုံးရှိနေလေသည်။ 

အသီးအရွက်ကြော်ထဲမှာ ပါဝင်တဲ့ အသီးအရွက်တွေကလည်း ကြည့်လိုက်တာနဲ့ သာမန်မဟုတ်မှန်း သိနိုင်လေ၏။ 


"မင်းရူးနေလား..? 

ဘာလို့ တစ်ပွဲချင်းစီ မပြင်ပေးတာလဲ? 

မင်း ငါ့ကို တမင်သက်သက် အချိန်ကြာကြာစောင့်ခိုင်းပြီး ဆာလောင်အောင်လုပ်တာမလား....?" 


ဆန်းချီရှန်းက ဟင်းပွဲတွေကိုကြည့်ကာ သတိလက်လွတ် ဥထမင်းကြော်အနံ့ကို ရှုလိုက်မိပြီးနောက်... ပုဖန်ကို ဒေါသတကြီးအော်ဟစ်ကြိမ်းမောင်းလိုက်သည်။


ပုဖန်က သူ့ကိုပြန်ဖြေဖို့ ဂရုမစိုက်နိုင်သေးပေ။ 

!စားဖိုမှူးတစ်ယောက်ကို အပြစ်ပြုပြီးနောက် ဘာကိုမျှော်လင့်နေသေးတာလဲ? သူ နောက်ထပ်တစ်နာရီ နှစ်နာရီ မစောင့်ရတာကိုပင် ကျေးဇူးတင်သင့်နေပြီ!


(ဒာဆို ပုဖန်က ဘာလို့ ဟင်းပွဲတွေပြင်ပေးနေသေးတာလဲ? ဟု မေးစရာရှိသည်)


ဒီအတွက်တော့ သူ့မှာ အကြောင်းပြချက်ရှိသည်။ပုဖန်က လူယုတ်မာအပြုံးဖြင့် သူ့စိတ်ထဲက System နှင့် စကားပြောနေလိုက်သည်။


"System...မင်း ငါ့ကို ပေးတဲ့ပစ္စည်းက အလုပ်ဖြစ်မှာ သေချာရဲ့လား?" 


 "ငရုတ်ချဉ်ကို ပြုလုပ်ရန်အတွက် ချောက်နက်ထဲမှာပဲရှင်သန်ကြီးထွားပြီး အလွန့်အလွန်ကို စပ်တဲ့ ကောင်းကင်ဘုံငရုတ်သီးကို ရွေးချယ်အသုံးပြုထားတယ်..တစ်စက်စားမိယုံနဲ့ ခန္ဓာကိုယ်တစ်ခုလုံး မီးတောက်နေသလို ခံစားရစေနိုင်တယ်...

ဇွန်းအပြည့်တစ်ဇွန်းဆို စိတ်ချောက်ခြားစေနိုင်တယ်... တစ်ဗူးဆို သေစေနိုင်တယ်"


System က ပုဖန် ဥထမင်းကြော်ထဲ ထည့်ချက်လိုက်တဲ့ ငရုတ်ချဉ် အကြောင်းကို တည်ငြိမ်စွာ ရှင်းပြနေ၏။