Chapter 41
Viewers 3k

💫 Chapter 41



လွန်ခဲ့သော နှစ်ပေါင်းရှစ်ရာခန့်က ကမ္ဘာမြေကြီး၏ စွမ်းအင်အရင်းအမြစ်များ ကုန်ခန်းသွားခဲ့ရာ လူသားမျိုးနွယ်များက ကြယ်များဆီသို့ ရွှေ့ပြောင်းခဲ့ကြပြီး ကြီးမားသော ဂလက်ဆီများနှင့် ဂြိုဟ်များကို သိမ်းယူနယ်ချဲ့ခဲ့ကြသည်။ 


အပြောကျယ်လှသော ကြယ်ပင်လယ်အတွင်းဝယ် အကန့်အသတ်မဲ့တန်ဖိုးကြီးမားလှသော စွမ်းအင်အရင်းအမြစ်များ ရှိသည်။ ထို့အတူပင် အသက်ပါရင်းရနိုင်သော များပြားလှသည့်အန္တရာယ်များလည်း ရှိပေသည်။ 


အာကာသဟင်းလင်းပြင်တွင် မတည်မငြိမ်ဖြစ်နေသော အာကာသတွင်းနက် အများအပြားရှိသည်။ ထိုတွင်းနက်များ၏ ဖမ်းယူခြင်းကို ခံရလျှင် လွတ်မြောက်ရန် အခွင့်အရေးမှာ အနည်းငယ်မျှသာ ရှိသည်။ ဟင်းလင်းပြင်အတွင်းရှိ အချို့သော ဂြိုဟ်များတွင် ရက်စက်ကြမ်းကြုတ်သော ဂြိုဟ်သားများ ရှင်သန်ပေါက်ပွားကာ အခြေချနေထိုင်ကြပြီး များသောအားဖြင့် လူသားမျိုးနွယ်များ ၎င်းတို့နေရာသို့ လာရောက်ခဲ့လျှင် မနှစ်သက်ကြပေ။ တစ်နည်းအားဖြင့် လူသားဟူသည် သူတို့အတွက် ဖမ်းယူစားသောက်ရန် သားကောင်မျှသာ ဖြစ်သည်။ အချို့သော ဂြိုဟ်များမှာ ပြင်းထန်ကြမ်းတမ်းလှသော သဘာဝပတ်ဝန်းကျင် ရှိပြီး အခြေအနေမှာ သံလိုက်မုန်တိုင်းစသော မုန်တိုင်းများလည်း ဖြစ်နိုင်သကဲ့သို့ အခြားအခြားသော ကြောက်မက်ဖွယ် သဘာဝဘေးအန္တရာယ်များလည်း ဖြစ်နိုင်သည်။ 


သို့သော် လူသားမျိုးနွယ်က သူတို့၏ ဖျတ်လတ်တက်ကြွခြင်းနှင့် စိတ်ဓာတ်ကြံခိုင်မှုကို အမြဲတမ်းပင် အထင်အရှား ပြသခဲ့သည်။ 


သူတို့က မက်ခါများကို တိုးတက်စေခဲ့ပြီး နည်းပညာပိုင်းကို ဖွံ့ဖြိုးစေခဲ့သည်။ မရေမတွက်နိုင်သော လူသားများက ဤကျယ်ပြန့်သော ဟင်းလင်းပြင်ထဲသို့ ရွှေ့ပြောင်းနေခဲ့ကြပြီး အခြေချနေထိုင်ရန် အခွင့်အရေးကို အချိန်များစွာကြာပြီးမှ ရရှိခဲ့ကြသည်။ 


ဖရိုဖရဲဖြစ်နေသော အချိန်ကာလဖြစ်သလို ပြောင်မြောက်သော သူရဲကောင်းများ၏ အချိန်ကာလလည်း ဖြစ်ခဲ့သည်။ မရေမတွက်နိုင်သော ရှေးဦးပိုင်းတာဝန်ယူသူများ၏ အသက်သွေးချွေးများကြောင့်သာ ယနေ့ခေတ်၏ ဂြိုဟ်အချင်းချင်းကြား ချမ်းသာဝပြောမှုနှင့် တည်ငြိမ်အေးချမ်းမှုကို ရရှိခံစားနိုင်ခဲ့ခြင်း ဖြစ်သည်။ 


အာကာသသို့ ရှေးဦးထွက်ခွာခဲ့သူများက ခေတ်သစ်တစ်ခုကို ဖော်ဆောင်နိုင်ရန် သူတို့၏အသက်များကို ပေးဆပ်ခဲ့ကြသည်။ သူတို့က နောက်မတွန့်ခဲ့ပေ။ အကယ်၍သာ တွန့်ဆုတ်နေခဲ့လျှင်လည်း ကမ္ဘာဂြိုဟ်ကလွဲလျှင် ရှင်သန်နေထိုင်ရန် အခြားနေရာမရှိသော လူသားမျိုးနွယ်မှာ ကမ္ဘာမြေကြီးနှင့်အတူ ပျက်သုန်းရပေလိမ့်မည်။ 


လူသားများက စွမ်းအားရရှိရေးအတွက် ကိုယ်ကိုယ်တိုင် ကြာမြင့်စွာ ရုန်းကန်တိုက်ခိုက်ခဲ့ရသော မဟာရှေ့ဆောင်ခေတ်ကို သေချာပေါက် ကျော်ဖြတ်ခဲ့ရလေသည်။ အရေအတွက်မနည်းလှသော လူသားများသည်လည်း မဟာရှေ့ဆောင်ခေတ်ကို ကျော်ဖြတ်နိုင်ရန် အသက်ပေးဆပ်ခဲ့ရသည်။ 


အခြေအနေ မတည်ငြိမ်နေဆဲတွင်ပင် ဖက်ဒရေးရှင်းပြည်ထောင်စုကြီးကို တည်ထောင်ခဲ့ပြီး ဂလက်ဆီ A၊ B နှင့် C ဟူ၍ ကြယ်စင်သုံးပွင့်ဖွဲ့စည်းမှုစနစ်ကို ဖက်ဒရေးရှင်းပြည်ထောင်စုကြီးက ချမှတ်ခဲ့သည်။ A ဖွဲ့စည်းမှုစနစ်က စီမံခန့်ခွဲရေးနယ်ပယ်၏ အစိတ်အပိုင်းဖြစ်ပြီး မြို့တော် ဝမ်း(1)က A ဖွဲ့စည်းမှုစနစ်၏ အဓိကဂြိုဟ် ဖြစ်သည်။ ဂလက်ဆီ A ၏ ဖွဲ့စည်းမှုစနစ်အောက်ရှိ ဂြိုဟ်များမှာ  နေထိုင်ရန် သင့်လျော်သော သို့မဟုတ် အခြားဂြိုဟ်များနှင့်နှိုင်းယှဥ်လျှင် တွင်းထွက်ကျောက်သတ္တုသိုက်များ အလျှံပယ် ပေါကြွယ်ဝသော ဂြိုဟ်များဖြစ်သည်။ 


အခြားတစ်ဖက်တွင် D ဖွဲ့စည်းမှုစနစ်အောက်ရှိ နေရာများက ဖက်ဒရေးရှင်းပြည်ထောင်စုအဖွဲ့ကြီး မအုပ်ချုပ်နိုင်လောက်အောင် ဝေးကွာသောနေရာတွင် ရှိကြသည်။ ထိုနေရာများက ပြည်ထောင်စု၏ အုပ်ချုပ်မှုနှင့် ကင်းကွာနေသောကြောင့် အထိန်းအကွပ်မဲ့ကာ ပရမ်းပတာဖြစ်နေသည်။ ဖက်ဒရေးရှင်းပြည်ထောင်စုကြီးအား ပုန်ကန်နေကြသော လက်နက်ကိုင်စစ်တပ်များ၊ အာကာသဓားပြများ၊ ဖက်ဒရေးရှင်း၏ အချုပ်အခြာအာဏာကို ဖြုတ်ချလိုကြသော ကြောက်မက်ဖွယ် ရာဇဝတ်သားများက ထိုနေရာများသို့ ထွက်ပြေးလွတ်မြောက်ကြသည်။ ထိုကဲ့သို့သော နေရာများတွင် သာမန်လူများက ကိတ်မုန့် အစအနလေးကို ဝါးစားခံလိုက်ရသည့်နှယ် ပျောက်ကွယ်သွားနိုင်လေသည်။ 


B နှင့် C ဖွဲ့စည်းမှုစနစ်တွင်လည်း ထိုကဲ့သော ဝေးလံခေါင်သီ၍ အကျိုးဖြစ်ထွန်းမှု မရှိသော ဂြိုဟ်များရှိသည်။ ဥပမာအားဖြင့် အဓိကမြို့ဖြစ်ပြီး ထိုက်ယီဂိုဏ်း တည်ရှိရာ 

B111 ဖြစ်သည်။ ၎င်းနေရာတွင် ဖက်ဒရေးရှင်းပြည်ထောင်စုကြီး၏ အမိန့်အာဏာ သက်ရောက်ပြီး အနည်းဆုံးအားဖြင့် အခြေခံလုံခြုံရေးကို အာမခံနိုင်ပေသည်။ 


သဘာဝကျစွာပင် ထိုသို့မလျော်ကန်သော အာမခံချက်များဟူသည် တရားဥပဒေစိုးမိုးသော ပုံမှန်အခြေအနေများတွင်သာ ဖြစ်နိုင်လေသည်။ D ဖွဲ့စည်းမှုစနစ်၏ တရားမဲ့အပြုအမူများက အခြားသော ဂလက်ဆီများသို့ အချိန်မရွေး ပျံ့နှံ့သွားနိုင်ပြီး အထူးသဖြင့် ကြယ်စင်အာကာသယာဥ်များ ဆိပ်ကမ်းမြို့များမှ ထွက်ခွာပြီး ဟင်းလင်းပြင်တွင် ခရီးနှင်နေချိန်ဖြစ်သည်။ 


ကြယ်စင်အာကာသယာဥ်တစ်စင်းက မြို့တော်ဂြိုဟ်ဆီသို့ ဦးတည်လာနေသည်။ 


ရွှီယီနှင့် ချန်ကျီတို့က ထိုယာဥ်ပေါ်တွင် စီးနင်းလိုက်ပါလာကြသည်။


လက်ရှိတွင် ရွှီယီက အာကာသလမ်းကြောင်း၏ ပြောင်းလဲမှုဆိုင်ရာ သဲလွန်စတစ်ခုကို အာရုံခံမိသောကြောင့်  သူ၏စိတ်ဝိညာဥ်စွမ်းအားကို သုံးကာ ရိုးရှင်းစွာပင် သူ၏ မူလအခြေခံပျိုမျစ်နုနယ်မှုကို ချိတ်ပိတ်လိုက်သည်။

(T/N ရုပ်ဖျက်လိုက်တာပါ) 


ထိုမျှသာမက သူ၏ စိတ်ဝိညာဥ်စွမ်းအင် သုံးစွဲခြင်းကို ခေတ္တမျှ ပိတ်ဆို့ထားလိုက်ပြီး သာမန်လူတစ်ဦးကဲ့သို့ ဟန်ဆောင်လိုက်သည်။ 


ထို့နောက် သူနှင့် ချန်ကျီက အတတ်နိုင်ဆုံး မထင်မရှား သာမန်လူဟန်ဆောင်ကာ ကိုယ့်လမ်းနှင့်ကိုယ် အာကာသယာဥ်ဆီသို့ သွားကြသည်။ 


ရွှီယီက အာကာသယာဥ်စီးနင်းရန်အတွက် ဒုက္ခခံနေရသော်လည်း တည်ငြိမ်အေးဆေးလျက်ရှိသည်။ ချန်ကျီမှာ နဂိုကပင် ဘာသိဘာသာနေတတ်ပြီး နှိမ့်ချလေ့ရှိသည်။ အမြဲလိုပင် ပြဿနာကို မီးထွန်းရှာတတ်သော ရှဲ့ရုန်နှင့် လားလားမှ မဆိုင်ချေ။ 


သူတို့နှစ်ဦးက လုံခြုံရေးစစ်ဆေးမှုများကို တိတ်ဆိတ်စွာ ဖြတ်ကျော်၍ လက်မှတ်များကို ပြသလိုက်ကြသည်။ ထိုးထွင်းသိမြင်နိုင်သော စူးရှသည့်အကြည့်များကလွဲလျှင် သာမန်လူသားများကဲ့သို့ပင်ဖြစ်ရာ လူအများလည်း သံသယအထူးအထွေ မဝင်ကြဘဲ သာမန်ကြယ်တာရာလူသားများအဖြစ်သာ ပြုမူဆက်ဆံကြသည်။ 


ကြယ်စင်အာကာသယာဥ်ကို စီးနင်းရခြင်းက အနည်းငယ် ငြီးငွေ့ဖွယ်ကောင်းသည်။ ဓားတစ်ချောင်းကို ကိုင်ဆောင်ကာ ဟင်းလင်းပြင်ရှိ ကြယ်ပင်လယ်ကို ဖြတ်ကာ တစ်ဖြောင့်တည်း ပျံသန်းရသကဲ့သို့ ပျော်ရွှင်မှုကို မရနိုင်ပေ။ သို့သော် သူတို့က အခြားသူများနှင့်ယှဥ်လျှင် သည်းခံနိုင်စွမ်း မြင့်မားကြသည်။ သူတို့နှစ်ဦးက မျက်လုံးများကို မှိတ်လိုက်ပြီး ကျင့်ကြံမှုကို စတင်လိုက်ကြသည်။ 


အာကာသယာဥ်စီးရတာက ကျင့်ကြံမှုထက်ကို ငြီးငွေ့စရာကောင်းနိုင်လို့လား


သေချာသည်မှာ သူတို့က ၎င်းကို မနှစ်ခြိုက်ကြပေ။ 


အာကာသယာဥ်က မောင်းနှင်နေရင်း နေရာခုန်ကူးမှုတစ်ခု လုပ်လိုက်သည်နှင့် ရုတ်တရက် ယာဥ်တစ်စီးလုံး သွက်သွက်ခါရမ်းသွားသည်။ 


နူးညံ့သော မှတ်ဉာဏ်တုအမျိုးသမီးအသံက ယာဥ်အတွင်းမှာ ထွက်ပေါ်လာသည်။

"ခရီးသည်များအားလုံး မစိုးရိမ်ကြပါနဲ့... နေရာခုန်ကူးလိုက်တဲ့အခါ ယာဥ်ဆောင့်ခုန်သွားတာ ပုံမှန်ပါပဲ... မိမိရဲ့ထိုင်ခုံမှာ ထိုင်ပြီး ခါးပတ်လေးတွေကိုသာ သေချာလေး ပတ်ပေးထားကြပါလို့ မေတ္တာရပ်ခံပါတယ်..." 


သို့ဖြစ်စေကာမူ ရွှီယီနှင့် ချန်ကျီက ရုတ်တရက် မျက်လုံးများကို ဖွင့်လိုက်သည်။ 


ရွှီယီက စိတ်ဝိညာဥ်စွမ်းအင်ကို မသုံးနိုင်သေးသော်လည်း သူ၏ စိတ်ဝိညာဥ်အာရုံကို အသုံးပြုနေဆဲဖြစ်သည်။ 


ဤယာဥ်ဆောင့်ခုန်မှုက နေရာခုန်ကူးမှုကြောင့် မဟုတ်ကြောင်း နှစ်ဦးစလုံး သိနားလည်ကြသည်။ 


"ဆရာ... ကျွန်တော်တို့ လုပ်သင့်...." 


ရွှီယီ ခေါင်းကို ဖြည်းလေးစွာ ခါယမ်းလိုက်သည်။

"အရင်ဆုံး ဘာဖြစ်တာလဲ ကြည့်ကြရအောင်... အခုခေတ်လူတွေဆိုတော့ အခုခေတ်ရဲ့ ပညာဉာဏ်တွေ ရှိမှာပဲ... ပြီးတော့ ဒီလိုအခြေအနေတွေအတွက် ပြင်ဆင်ထားတာ ရှိမှာပါ..." 


ယာဥ်ဆောင့်ခုန်မှုက သူတို့ထင်သကဲ့သို့ပင် နေရာခုန်ကူးမှုကြောင့် မဟုတ်ဘဲ မခုန်ကူးမီ အားသုံးပြီး ရပ်တန့်ခံလိုက်ရသောကြောင့် ဖြစ်သည်။ 


အာကာသယာဥ်အငယ်စား လေးစင်းက သူတို့အာကာသယာဥ်၏ လမ်းကြောင်းကို ပိတ်ဆို့ထားသည်။ ထိုယာဥ်များတွင် နေရာခုန်ကူးမှုကို ဖြတ်တောက်ရန် အကွာအဝေးထိန်းညှိစက်များ ပါလာမည်မှာ သေချာသည်။ 


အစကတည်းက အာကာသယာဥ်ပေါ်မှ ကပ္ပတိန်သည် တစ်ခုခုမှားနေကြောင်း ခံစားမိသည်။

'ကြည့်ရတာ ဒါက သေချာပေါက် အာကာသဓားပြတွေပဲ...' 


'စဥ်းစားကြည့်မှ နွေဦးတောင် ရောက်တော့မှာပဲ... ဒီလိုအချိန်ဆို ဓားပြတွေ တကယ် သောင်းကျန်းကြတာ...' 


' ဒါပေမဲ့ ဒီဓားပြတွေက ဘာလို့များ ဒီအာကာသယာဥ်ကို ရွေးတာပါလိမ့်... သူတို့က ပုံမှန်ဆို စျေးကောင်းရတဲ့ ဆေးရည်သယ်တဲ့ ထောက်ပို့ယာဥ်တွေကိုပဲ လုကြတာလေ...' 


'ဒါက ခရီးသည်တင်တဲ့ယာဥ်လေ... ပြီးတော့ ဒီယာဥ်က မြို့တော်ဂြိုဟ်ကို သွားမှာ...' 


ခရီးသည်တင်အာကာသယာဥ်များကို ပုန်ကန်သူစစ်တပ်များ၊ အာကာသဓားပြများက လုယက်ခြင်းမှ ကာကွယ်ရန် ဖက်ဒရေးရှင်းမှ အမြဲပင် တပ်ဖွဲ့များကို နေရာအလိုက် ကင်းလှည့်ရန် စေလွှတ်လေ့ရှိသည်။ သို့သော် ကင်းထောက်ကင်းလှည့်များက အချိန်ဇယားအတိုင်း တသမတ်တည်း လှည့်လည်နေလေ့ရှိရာ လစ်လပ်ချိန်များတွင် အာကာသဓားပြများ သောင်းကျန်းကြလေသည်။ 


သူတို့တွင် မြို့တော်ဂြိုဟ် ရှုံးနိမ့်စေနိုင်ရန်အထိ စိုက်ထုတ်ရန် အင်အားမရှိပေ။ သို့သော် မြို့တော်ဂြိုဟ်ဆီသို့ လာရောက်သော အာကာသယာဥ်များ အားလုံး ယာဥ်အပိုင်စီးခံရလျှင် အများပြည်သူများတွင် စိုးရိမ်ထိတ်လန့်မှုများ ဖြစ်ပေါ်စေမည်မှာ အသေအချာပင်။ ထိုကြောင့် မြို့တော်ဂြိုဟ်နှင့် နီးလေလေ၊ ကင်းလှည့်တပ်ဖွဲ့ များလေလေဖြစ်ပြီး လုံခြုံမှုလည်း တိုးလာလေလေ ဖြစ်သည်။ 


'ဒီဓားပြတွေက ရူးများရူးနေကြတာလား...'

ကပ္ပတိန်မှာ စိတ်ထဲမှကျိတ်ကာ ကျိန်ဆဲခြင်းကို မရပ်နိုင်တော့ပေ။ 


အာကာသဓားပြများက ငွေပေး၍ခိုင်းစေသောကြောင့် တစ်စုံတစ်ဦးကို ပြန်ပေးဆွဲကြသလို ပြန်ရွေးငွေ လိုချင်သောကြောင့်လည်း ငွေကြေးချမ်းသာသော သို့မဟုတ် အာဏာရှိသောသူများကို ပြန်ပေးဆွဲလေ့ရှိသည်။ ထိုသို့လုပ်လေ့ရှိလျှင်ပင် သူတို့က ဤကဲ့သို့သော ခရီးသည်တင် ကြယ်စင်အာကာသယာဥ်မျိုးကို ရွေးချယ်မည့်အစား ကိုယ်ပိုင်အာကာသယာဥ်မျိုးကိုသာ ရွေးချယ်လုယက်လေ့ရှိသည်။


 'အရေးကြီးတဲ့ ဘယ်လိုပုဂ္ဂိုလ်မျိုးက ဒီလိုယာဥ်မျိုးပေါ်မှာ ရှိနိုင်မှာလဲ... ဓားပြတိုက်လို့ ရနိုင်တဲ့ငွေကဖြင့် နည်းနည်း ခံရမှာက များများဖြစ်တော့မယ်...'


ကပ္ပတိန်က ဗျစ်တောက်ဗျစ်တောက် ပြောနေမည့်အစားပထမအခွင့်အရေးအဖြစ် အရေးပေါ်အချက်ပြခြင်းကို ပြင်ပသို့ ထုတ်လွှင့်လိုက်သည်။ မြို့တော်ဂြိုဟ်ရှိ ဆိပ်ကမ်းမှ ထိုအချက်ပြခြင်းကို လက်ခံရရှိသည်နှင့် တစ်ပြိုင်နက် ကင်းလှည့်တပ်ဖွဲ့များသို့ အကြောင်းကြားပေးမည်ဖြစ်သည်။ လက်ခံရရှိသော ကင်းလှည့်တပ်ဖွဲ့များအနက်မှ သူတို့နှင့်အနီးဆုံးသော တပ်ဖွဲ့ တတ်နိင်သမျှ အမြန်ဆုံး ရောက်ရှိလာမည်ဖြစ်သည်။ 


"အဆင့်တစ် သတိပေးချက်... ကြယ်စင်အာကာသယာဥ် အမှတ် B1258 ကပါ... တည်နေရာက 511,288,344 ပါ... အာကာသဓားပြယာဥ်တွေရဲ့ တိုက်ခိုက်မှုလို့ သံသယရှိပါတယ်... အရေးပေါ်ကယ်ဆယ်မှု လိုအပ်ပါတယ်... အရေးပေါ် ကယ်ဆယ်မှု လိုအပ်ပါတယ်..." 


အချက်ပြစနစ်မှာ ကြားဖြတ်အနှောင့်အယှက်ရှိနေသည်ဟု ထင်ရပြီး အခြားဘက်မှ အကြောင်းပြန်ချက်က တကျီကျီ မြည်သံနှင့်အတူ ပေါ်ထွက်လာသည်။

" ခဏလောက်ပဲ တောင့်ခံထားပေး... ကင်းလှည့်တပ်ဖွဲ့ သိပ်မကြာခင် ရောက်လာမယ်..." 


အာကာသဓားပြများက အချက်ပြစနစ်ကို ကြားဖြတ်နှောင့်ယှက်နိုင်သော ကိရိယာများ အသုံးနေသည်ဟု ကပ္ပတိန်က သံသယရှိနေသည်။ သို့သော် ကံကောင်းစွာဖြင့် ဖက်ဒရေးရှင်းပြည်ထောင်စု၏ ဆက်သွယ်ရေးစနစ်မှာအနှောင့်အယှက်ပေးခံထားရသော အကူအညီတောင်းခံချက်များကို အတည်ပြုနိုင်လောက်အောင် အားကောင်းလေသည်။ 


ကပ္ပတိန်က အနည်းငယ် စိတ်အေးသွားသော်လည်း ခရီးသည်များ၏ အသက်နှင့်ပိုင်ဆိုင်မှုများကို ကာကွယ်ရန်ဟူသည့် လက်ငင်းပြဿနာကို တတ်နိုင်သမျှ ဖြေရှင်းရပေဦးမည်။ အကယ်၍ အလုပ်မဖြစ်သည့်တိုင်အောင် အချိန်အနည်းငယ်ခန့် တောင့်ခံထားနိုင်လျှင်ပင် အဆင်ပြေနိုင်ပေသည်။ 


ကြယ်စင်အာကာသယာဥ်များတွင် စွမ်းအင်အမြောက် အနည်းငယ်ကို တပ်ဆင်ထားလေ့ရှိပြီး အန္တရာယ် ကျရောက်ချိန်တွင် ပြန်လှန်တိုက်ခိုက်မှု ပြုလုပ်နိုင်ပေသည်။ သို့သော် ကပ္ပတိန်က ထိုအမြောက်များကို နောက်ဆုံးအချိန် မရောက်မချင်း မသုံးလိုပေ။ အားသုံးလိုက်လျှင် အာကာသဓားပြများကို ပြန်လှန်ဆန့်ကျင်ရာတွင် သူတို့၏ အခွင့်အရေးများ ဆုံးရှုံးနိုင်ခြေက ပိုမြင့်သွားပေမည်။ 


ကပ္ပတိန်က အများသိစေရန် ကြေညာချက်ထုတ်ပြန်ကာ ခရီးသည်များအား အမှန်တရားကို သိစေလိုက်သည်။ 


"လူကြီးမင်းများ... ဒါက အရေးပေါ်ကြေညာချက် ဖြစ်ပါတယ်... ကျွန်တော်တို့ရဲ့ အာကာသယာဥ်ဟာ အာကာသဓားပြများရဲ့ တိုက်ခိုက်ရန် ခြိမ်းခြောက်မှု အန္တရာယ်အောက်မှာ ကျရောက်နေပါတယ်... အကူအညီတောင်းခံချက်ကိုလည်း ကင်းလှည့်တပ်ဖွဲ့က လက်ခံရရှိသွားပါပြီ... ကျေးဇူးပြုပြီး တည်တည်ငြိမ်ငြိမ်နဲ့ ကင်းလှည့်တပ်ဖွဲ့က ကျွန်တော်တို့ကို လာရောက် ကယ်တင်မှာကို စောင့်ဆိုင်း ပေးကြပါ... အကယ်၍များ ယာဥ်ပေါ်မှာ မက်ခါတိုက်ခိုက်ရေးသမားများ လိုက်ပါလာခဲ့တယ်ဆိုရင် ပဲ့ထိန်းအခန်းကို လာရောက်ပြီး ကပ္ပတိန်ကို သတင်းပို့ပေးဖို့ တောင်းဆိုပါတယ်... ကျေးဇူးတင်ပါတယ်..." 


ခရီးသည်အခန်းမှ အချို့သော ခရီးသည်များမှာ သတင်းကို ကြားလိုက်သည်နှင့် ထိတ်ထိတ်ပျာပျာ ဖြစ်ကုန်ကြသည်။ လူအများစုမှာ အာကာသဓားပြများ၏ ရက်စက်ကြမ်းကြုတ်မှုများကို ကြားဖူးနားဝ ရှိကြသော်လည်း ဖွံ့ဖြိုးပြီးဒေသများတွင် နေထိုင်သူများဖြစ်ရာ ဓားပြများကို ကိုယ်တိုင်ကိုယ်ကျ တခါမှ မဆုံဖူးကြချေ။ 


တစ်ခုခုဖြစ်လာခဲ့ရင်... 


ခရီးသည်များက သူတို့၏ကိုယ်ပိုင်စက္ခုကွန်ယက်များကို ဖွင့်၍ သူတို့၏ဆွေမျိုးများနှင့် မိတ်ဆွေများကို ဆက်သွယ်ကြသည်။ သူတို့၏ စက္ခုကွန်ယက်အချက်ပြများက ဖက်ဒရေးရှင်းအဖွဲ့ကြီး၏ အထူးဆက်သွယ်ရေးလမ်းကြောင်းနှင့် ညီမျှမှုမရှိနိုင်သည်က သေချာလှသည်။ ခရီးသည်များ၏ ဆက်သွယ်မှုက လုံးဝဖြတ်တောက်ခံရပေသည်။ သူတို့က ပြင်ပတွင် မည်သို့ဖြစ်ပျက်နေသည်ကို မသိရတော့သလို သူတို့အဖြစ်အပျက်ကိုလည်း ပြင်ပရှိ နီးစပ်သူများထံ သတင်းစကား မပါးနိုင်တော့ပေ။


အချို့သူများမှာ ရုတ်တရက် ရှိုက်ကြီးတငင် ငိုကြွေးကုန်ကြသည်။ 


အာကာသယာဥ်မယ်များမှာ အချောင်ခိုကာ ငိုင်တွေမနေနိုင်ကြဘဲ ခရီးသည်ခန်းအတွင်း လှည့်ပတ်လျက် ခရီးသည်များကို နှစ်သိမ့်ကြသည်။ ကင်းလှည့်တပ်ဖွဲ့က အချိန်များစွာ မကြာမြင့်ဘဲ ရောက်လာနိုင်ကြောင်း အားပေးပြောဆိုကြသည်။ သူတို့က အာကာသဓားပြများမှာ မြို့တော်ဂြိုဟ်အနီးသို့တိုင်အောင် ချဥ်းကပ်လာရဲသည်ကို ကြည့်ခြင်းအားဖြင့် ထိုဓားပြများက အလွန်တရာ အဆင်အခြင်မဲ့စွာ လုပ်ဆောင်ခြင်းဖြစ်ကြောင်း ပြောဆိုကြသည်။ အတွေ့အကြုံ အနည်းငယ် ရှိဖူးသူ ခရီးသည်များက ပိုမိုလျင်မြန်စွာ စိတ်တည်ငြိမ်သွားကြပြီး ကြောက်လန့်နေသော ကျန်သူများကို နှစ်သိမ့်အားပေးကြလေသည်။ 


လူများ ကြောက်စိတ်မွှန်လာလျှင် မဖြစ်သင့်သည့် ဆိုးရွားသော အရာများ ဖြစ်လာနိုင်ပေသည်။


ကွဲပြားခြားနားပြီး သမရိုးကျမဟုတ်သော အရှိန်အဝါရှိသူ လူအချို့က အသာအယာပင် ထကာ ယာဥ်ပဲ့ထိန်းအခန်းဘက်သို့ ထွက်ခွာသွားကြသည်။ ထိုသူများက ကပ္ပတိန်အလိုရှိသော မက်ခါတိုက်ခိုက်ရေးသမားများ ဖြစ်ကြသည်။ အာကာသယာဥ်ပေါ်တွင် မက်ခါအနည်းငယ် တင်ဆောင်လာပြီး ၎င်းတို့ကို တိုက်ခိုက်ရေးအတွေ့အကြုံရှိဖူးသူ မည်သည့် မက်ခါမောင်းနှင်သူမဆို မောင်းနိုင်လေသည်။ 


ရွှီယီသာမက ချန်ကျီပါ မလှုပ်ရှားကြပေ။ သူတို့က မက်ခါတိုက်ခိုက်ရေးသမားများ မဟုတ်ကြသလို အကယ်၍ သူတို့သွားခဲ့လျှင်လည်း ယုံကြည်မှုရရန် ခဲယဥ်းလေသည်။ ထိုအစား သူတို့က ပြဿနာ၏ အကြောင်းရင်းကိုသာ လေ့လာစနေကြသည်။ စောင့်ဆိုင်းနေပြီး ဓားပြများဘက်မှ တောင်းဆိုချက်ကို ဦးစွာစောင့်ကြည့်သည်က ပိုကောင်းပေသည်။ ကပ္ပတိန်နှင့် သူ့လူများ ပြဿနာကို ဖြေရှင်းနိုင်လျှင် အကောင်းဆုံးဖြစ်ပေသည်။ သူတို့ မဖြေရှင်းနိုင်မှသာလျှင် ရွှီယီနှင့် ချန်ကျီက ကြားဝင်ဆောင်ရွက်မည်ဖြစ်သည်။ 


အချင်းချင်း စောင့်ကြည့်ရလွယ်ကူစေရန် ခရီးသည်ခန်းများကြားရှိ မိန်းလမ်းကို ဟင်းလင်းဖွင့်ထားလိုက်ကြသည်။ ယခုအခါ ပထမတန်းဖြစ်စေ ရိုးရိုးတန်းဖြစ်စေ အထူးတန်းဖြစ်စေ ခရီးသည်ခန်းအားလုံး တဆက်တစပ်တည်း ဖြစ်သွားသည်။ အများစုမှာ တနေရာတွင် စုထိုင်နေကြပြီး အချင်းချင်း အားမငယ်စေရန် အားပေးနေကြသည်။ လူအချင်းချင်း ဆက်သွယ်ပြောဆိုခြင်းက လူအများအား စိတ်သက်သာရာရစေသည်။ ကြယ်ပင်လယ်ထဲရှိ အခိုင်အမာမြေသားရှိသော ဂြိုဟ်တစ်လုံးပေါ်တွင် မဟုတ်သော်လည်း သူတို့မှာ အချင်းချင်း အားပေးနှစ်သိမ့်ခြင်းသာ လုပ်နိုင်ကြလေသည်။ 


ရွှီယီနှင့် ချန်ကျီက စကားတစ်လုံးမှ မပြောသော်လည်း သူတို့၏ စိတ်ဝိညာဥ်အာရုံကို အာကာသယာဥ်၏ အတွင်းပိုင်းသာမက အပြင်ပိုင်းကိုပါ ဖြန့်ကျက်လွှမ်းခြုံထားသည်။ မည်သည့်လှုပ်ရှားမှုမျှ သူတို့ကို ဖုံးကွယ်ထား၍ မရချေ။ 


ရုတ်တရက် ရွှေရောင်ကိုင်းမျက်မှန်နှင့် လူတစ်ယောက်က ရွှီယီတို့ကို စကားလာပြောလေသည်။

"ခင်ဗျားတို့ နှစ်ယောက်က မြို့တော်ဂြိုဟ်ကို ဘာလုပ်ဖို့ သွားကြမှာလဲ... ခင်ဗျားက အရမ်းတည်ငြိမ်တယ်နော်... ဘာမှ မကြောက်တတ်ဘူးလား..." 


ရွှီယီက သူ့ကို တစ်ချက် ကြည့်လိုက်ပြီး ချန်ကျီကလည်း ပြောလိုက်သည်။

"ခင်ဗျားလည်း မကြောက်တတ်သလိုပဲနော်..." 


"စိတ်မရှိကြပါနဲ့... နည်းနည်းစပ်စုချင်တာနဲ့ မေးလိုက်မိတာပါ..." 


"ကိစ္စမရှိပါဘူး... ကျွန်တော်က စကားပြောနေတာလေ... ခင်ဗျားတို့လူတွေနဲ့... " 


ထိုသူမှာ တစ်ဦးတည်း ထိုင်နေသည်မှာ မြင်သာသည်။ အကယ်၍များ ချန်ကျီက ပြောလိုက်သော 'ခင်ဗျားတို့လူတွေ' ဆိုသော စကားကိုသာ အခြားသူများ နားထောင်နေခဲ့သည်ရှိသော် ကြားသွားခဲ့လျှင် ထူးဆန်းသည်ဟု ခံစားရမည်မှာ မလွဲပေ။ သို့သော် ယခုအချိန်မှာ ခရီးသည်ခန်းထဲရှိ လူအများက သေမင်းနှုတ်ခမ်းဝ ရောက်နေကြသူများ ဖြစ်သောကြောင့် အမျိုးသားနှစ်ဦး စကားစမြည်ပြောနေခြင်းကို နားစိုက်ထောင်သူ မရှိချေ။



💫💫💫