Chapter 42
Viewers 3k

💫 Chapter 42



မျက်မှန်နှင့်လူက မျက်မှန်ကို ပင့်တင်ပြီး ပြုံးလိုက်သည်။ သူက ပြန်လည်ချေပခြင်းမပြုသလို ဘာကိုမှလည်း ထပ်မံမပြောတော့ချေ။ 


ပဲ့ထိန်းခန်းအတွင်းတွင် အဆင့်မတူညီကြသော မက်ခါတိုက်ခိုက်ရေးသမားများက ကိုယ်စီကိုယ်စီ မက်ခါများအတွင်းသို့ ဝင်ရန် အဆင်သင့်ဖြစ်နေကြပေပြီ။ 


ကပ္ပတိန်က လူဦးရေကို ရေတွက်ကြည့်လိုက်ရာ စုစုပေါင်း မက်ခါတိုက်ခိုက်ရေးသမား ဆယ်ဦး ရှိသည်ကို တွေ့ရသည်။ B အဆင့် သုံးဦး၊ B+ အဆင့် သုံးဦး၊ A အဆင့် နှစ်ဦးနှင့် အံ့သြစရာမှာ S အဆင့် နှစ်ဦး ပါဝင်နေသည်။ 


A အဆင့်နှင့် S အဆင့် တိုက်ခိုက်ရေးသမားများက သူတို့၏ ကိုယ်ပိုင်မက်ခါများကို သယ်ဆောင်လာခဲ့ကြရာ ယာဥ်ပေါ်ရှိ မက်ခါများကို သုံးရန် မလိုအပ်တော့ပေ။ ကျန်သောသူများကလည်း ယာဥ်ပေါ်ရှိ မက်ခါများကို အသုံးပြုရန် အမြန်ဆုံးပြင်ဆင်လျက် ရှိကြသည်။ 


'ငါတို့အာကာသယာဥ်က လုံးဝမခုခံနိုင်တာ မဟုတ်တော့ဘူး...'

ထိုသို့တွေးရင်း ကပ္ပတိန်က အနည်းငယ် စိတ်သက်သာရာ ရသွားလေသည်။ 


ကပ္ပတိန်က တစ်ခါသုံး လှိုင်းတိုစာပို့စနစ်ကိုသုံး၍ တစ်ဖက်မှယာဥ်များကို စာပို့လိုက်သည်။

[ခင်ဗျားတို့က ဘယ်သူတွေပါလဲ... ဒါက ခရီးသည်တင်အာကာသယာဥ်ပါ... ဘယ်သူပဲဖြစ်ဖြစ် ကျွန်တော်တို့ကို သွားခွင့်ပြုပေးပါ... ခင်ဗျားတို့လိုချင်တာ ဒီယာဥ်ပေါ်မှာ မပါပါဘူး...] 


အာကာသယာဥ်လေးစင်းလုံးက ယာဥ်ကို တိုက်ခိုက်ရေးအနေအထားသို့ ပြောင်းလိုက်သည်။ ကပ္ပတိန်ပင် သူတို့၏ စွမ်းအင်အမြောက်များမှ အေးစက်တောက်ပနေမှုကို ခံစားလိုက်ရသည်။ 


မကြာမီပင် ကပ္ပတိန်က စာတိုတစ်စောင်ကို လက်ခံရလေသည်။

[မင်းတို့ယာဥ်ရဲ့ တံခါးမကြီးကို ဖွင့်ပေးပြီး ငါတို့ကို ယာဥ်ပေါ် တက်ခွင့်ပြုပါ... မဟုတ်ရင်တော့ ယာဥ်တစ်စီးလုံးကို တစစီဖြစ်အောင် လုပ်ပစ်မယ်...] 


ယာဥ်ပေါ်တက်ရန် တောင်းဆိုချက်ကို ကပ္ပတိန်က လေးတွဲ့စွာ ငြင်းဆိုလိုက်ပြီး အခြားတစ်ခုကို ဖြည့်ပြောလိုက်သည်။ 

[ကျွန်တော် ခရီးသည်တွေနဲ့ ညှိပေးနိုင်ပါတယ်... ယာဥ်ပေါ်မှာရော သူတို့ကိုယ်ပေါ်မှာရော သူတို့ပါလာသမျှကို ခင်ဗျားတို့ကို အကုန်ပေးအောင် ကျွန်တော် ဖျောင်းဖျပေးနိုင်ပါတယ်... ကျွန်တော်တို့ကို သွားခွင့်ပြုပေးပါ... အဆင်ပြေလား...] 


[ငါတို့က မင်းရဲ့ခရီးသည်တွေကို မထိခိုက်စေရပါဘူး... အဲ့ထဲက တစ်ယောက်ကို ခေါ်သွားခွင့်ပေးရုံပဲ…]

ဓားပြများက နောက်ထပ်တောင်းဆိုချက်ကို ပို့လိုက်လေသည်။ 


ကပ္ပတိန်၏ရင်ဘတ်တစ်ခုလုံး မွန်းကြပ်လာသည်။ တစ်ဖက်အဖွဲ့က အလွန်အမင်း စိတ်အားတက်ကြွလျက်ရှိပြီး သူတို့လိုချင်သည်ကို မရမချင်း ရပ်တန့်မည့်ပုံစံမရှိချေ။ သို့သော်လည်း ကပ္ပတိန်က တုန့်ပြန်လိုက်သည်။ 

[ကျွန်တော်တို့က သာမန်ခရီးသည်တင် အာကာသယာဥ်ပါ... ခရီးသည်တွေထဲမှာ ဘယ်သူကများ ခင်ဗျားတို့ရဲ့ အချိန်တွေကို ဖြုန်းရလောက်အောင် တန်ဖိုးရှိသူ ဖြစ်မှာလဲ... ခင်ဗျားတို့ အာကာသယာဥ်ချင်း မှားနေပြီ ထင်တယ်...] 


[ဟား...ဟား... မှားနေတယ်ဟုတ်လား... ဒါဆိုလည်း မင်း ငါတို့ရဲ့ တောင်းဆိုချက်တွေကို ကြေညာပြီးတော့ ဒေါက်တာဒူကန်းကို မေးကြည့်စမ်းပါ... သူကိုယ့်သူရင်းပြီး ယာဥ်တစ်စီးလုံးမှာရှိတဲ့ ခရီးသည်တွေကို ကယ်တင်မလား... ဒါမှမဟုတ် တခြားခရီးသည်တွေကိုပါ သူနဲ့အတူတူ သေစေချင်သလားလို့...] 


"ဒေါက်တာ ဒူကန်း..." 


ကပ္ပတိန်၏ အတွေးများထဲတွင် ထိုအမည်ကို ကြားဖူးသလို ရင်းနှီးသလို ခံစားရသည်။ သို့သော် သူ့တွင် ထိုနာမည်အကြောင်း တွေးနေရန် အချိန်မရှိပေ။ နောက်သို့လှည့်လိုက်ပြီး သူ့ကို တည်ကြည်စွာကြည့်နေသော မက်ခါများကို ကြည့်လိုက်သည်။ သူ အသက်ရှူပင် အောင့်လိုက်မိသည်။ ဓားပြများက မှန်ကန်သော အာကာသယာဥ်ကို ရွေးချယ်ခဲ့ကြောင်း ရုတ်တရက် သူ သိလိုက်ချေပြီ။ သာမန် အာကာသယာဥ်ပေါ်တွင် Aအဆင့် နှစ်ဦးနှင့် S အဆင့် နှစ်ဦး အတိအကျ လိုက်ပါစီးနင်းလာခြင်းမှာ တိုက်ဆိုင်မှု မဖြစ်နိုင်ချေ။ ထို့အပြင် အဆင့်မြင့်သော မက်ခါတိုက်ခိုက်ရေးသမားများက အဆင့်မြင့်မက်ခါများကိုပါ သယ်ဆောင်လာသေးသည်။ S အဆင့်ကို မဆိုထားနှင့် A အဆင့်ပင်လျှင် လမ်းဘေးတွင် ပေါက်နေသော ဟင်းရွက်ကန်စွန်းကဲ့သို့ အလွယ်တကူ မတွေ့နိုင်သောကြောင့် အဖြေမှာ ရှင်းလင်းသွားပေ၏။ 


ကပ္ပတိန် စဥ်းစားခန်းဝင်နေစဥ် မက်ခါတိုက်ခိုက်ရေးသမားတစ်ဦးက ပြောလေသည်။

"ကပ္ပတိန်... ဒီအာကာသဓားပြတွေ လိုချင်တာယူပြီး ထွက်သွားဖို့ ကျွန်တော်တို့ ခွင့်မပြုနိုင်ဘူး... ဒေါက်တာဒူကန်းက အရမ်းအရေးကြီးတဲ့ သုတေသနပစ္စည်းတွေကို သယ်လာတာပါ... ကျွန်တော်တို့ကို မမှတ်မိအောင် အကြိမ်ကြိမ် ရုပ်ဖျက်ခဲ့တာကို သူတို့တွေ ဘယ်လိုများ ခြေရာခံခဲ့တာလဲ မသိဘူး... ကျွန်တော်တို့ရဲ့ အသက်ကို ဂရုမစိုက်ပါနဲ့... အချိန်ကျလာလို့ အခွင့်အရေး ရလာခဲ့ရင် အာကာသယာဥ်ကို ချက်ချင်း မောင်းထွက်ပြေးပါ..." 


ကပ္ပတိန် ခပိတိုးတိုးရေရွတ်လိုက်သည်။

"ဒေါက်တာဒူကန်း... အာ... ဆေးဝါးထုတ်လုပ်တဲ့ဘက်မှာ အလုပ်လုပ်တဲ့ တစ်ယောက်ပဲ... သူက လူတွေရဲ့ စိတ်ဝိညာဥ်ပင်လယ်စွမ်းဆောင်ရည်ကို တိုးတက်စေတဲ့ ဆေးဝါးသုံးပစ္စည်းကို တီထွင်နေတယ်လို့ ပြောခဲ့တာ... တကယ်ပဲ သူ ဖန်တီးလိုက်နိုင်ပြီလား..." 


သူ့ကို သတင်းပေးခဲ့သော မက်ခါတိုက်ခိုက်ရေးသမားက သူ့ကိုကြည့်နေသော်လည်း ဘာမှထပ်မပြောတော့ပေ။


ကပ္ပတိန်၏ အသက်ရှူသံမှာ ချက်ချင်းပင် ကြမ်းတမ်းလာသည်။

'ဒီဝရမ်းပြေးကောင်တွေ မြို့တော်ဂြိုဟ်နားထိ လာပြီး အနာခံပြီး တိုက်ခိုက်ရဲနေတာ မထူးဆန်းတော့ဘူးပဲ...' 


ဖက်ဒရေးရှင်းပြည်ထောင်စု၏ အဖွဲ့ဝင်ပီပီ သူက ဤသို့သော နေရာမျိုးတွင် နောက်ကျကျန်ရစ်မနေပေ။ သူသည် မေးကြောကြီးများ တင်းသည်အထိ အံကြိတ်လိုက်မိသည်။

 "ကြည့်ရတာ ငါတို့လည်း သေတဲ့အထိ တိုက်ခိုက်ရတော့မယ့်ပုံစံပဲ…" 


'နည်းနည်းလေး အချိန်ဆွဲထားလိုက်ပြီး နည်းနည်း တောင့်ခံလိုက်ရုံပါပဲ... ကင်းလှည့်တပ်ဖွဲ့ဝင်တွေ လာတာနဲ့ ငါတို့ ဘေးကင်းပါပြီ...' 


ကျန်သော အဆင့်မမြင့်လှသော မက်ခါ မောင်းနှင်သူများမှာ အမှန်တကယ် တိုက်ဆိုင်ရုံမျှသာ ဖြစ်သည်။ ကပ္ပတိန်တို့၏ ပြောစကားများကို ကြားပြီးနောက် အမှန်တကယ်ဖြစ်ပျက်နေသော ပြဿနာကို ရိပ်မိစပြုလာသည်။ 


"ခင်ဗျားတို့ကို ခုလိုအဓိပ္ပါယ်ကင်းမဲ့တဲ့အခြေအနေထဲကို ဆွဲခေါ်မိသလို ဖြစ်နေလို့ ကျွန်တော်တို့ တောင်းပန်ပါတယ်... ခင်ဗျားတို့အနေနဲ့ ပါဝင်လိုစိတ် မရှိရင် ဘေးဖယ်နေလို့ရပါတယ်... ဘာလို့လဲဆိုတော့ နောက်ပိုင်းကျရင် အရမ်းအန္တရာယ်များတဲ့ တိုက်ပွဲဖြစ်လာမှာ အမှန်ပဲ..." 


ခေတ္တမျှသာဟု ထင်ထားကြသော မက်ခါမောင်းနှင်သူများသည် အချင်းချင်း ကြည့်လိုက်ကြသည်။ မည်သူမျှ ရှောင်မထွက်ကြပေ။

 "ကျွန်တော်တို့ မသွားဘူး...အန္တရာယ်ကျရောက်လာတဲ့အချိန်တိုင်း ကိုယ့်နောက်မှာရှိတဲ့သူတွေကို ကာကွယ်ပေးဖို့ဆိုတာ မက်ခါမောင်းသူတိုင်းရဲ့  တာဝန်ပဲ..." 


သူတို့က မသန်မာကြသော်လည်း အနည်းဆုံး သူတို့ ကြာနိုင်သမျှ ကြာကြာရပ်တည်နိုင်အောင် ကြိုးစားကြမည်ဖြစ်ရာ တစ်ချက်မှ မတိုက်ခိုက်ဘဲ နောက်ဆုတ်ရခြင်းထက် ပို၍သာပေသည်။ ဒေါက်တာဒူကန်း၏ သုတေသနက သူတို့တစ်ဦးချင်းစီပေါ်တွင် မူတည်နေပေသည်။


မက်ခါမောင်းသူများအချင်းချင်း စုစည်းလိုက်ကြပြီး "အနစ်နာခံခြင်းသည်လည်း ဂုဏ်ပြုထိုက်သည်"ဟု စိတ်ပိုင်းဆိုင်ရာ အားပေးကြသည်။ ထို့နောက် ကပ္ပတိန်က စပြီးမေးမြန်းတော့သည်။

"ဒီလောက်အရေးကြီးတဲ့ သုတေသနအတွက်ဆိုရင် ဒီထက်ပိုအဆင့်မြင့်တဲ့ မက်ခါစစ်သားတွေနဲ့ ပို့သင့်တာမဟုတ်ဘူးလား... ငါသာ ဒီသုတေသနကို မကာကွယ်နိုင်ဘူးဆိုရင် ငါ့ကို ဝိုင်းပြီး အပြစ်တင်ကြမယ်ထင်တယ်..." 


တစ်ယောက်က ခါးခါးသီးသီး ရယ်လိုက်ရင်း ပြောလိုက်သည်။

"S အဆင့် မက်ခါတိုက်ခိုက်ရေးသမားတွေအများကြီးကို ခေါ်လာပြီး ဒါက မြို့တော်ဂြိုဟ်ကို သွားတဲ့ သာမာန်ခရီးလေးပါလို့ ပြောချင်နေတာလား... ကျွန်တော်ကတော့ မထင်ဘူးနော်... အဲ့ဒါကမှ 'ဟေ့ ဒီမှာအရေးကြီးတဲ့ ပုဂ္ဂိုလ်တယောက်ဟေ့'လို့ လူတွေကို အော်ပြောနေတာနဲ့ အတူတူဖြစ်နေမှာပဲ..." 


"အဲ့ဒါဆိုရင် အဲ့ဒီအစား စစ်ဖက်ဆိုင်ရာအာကာသယာဉ်ကို ဘာလို့မခေါ်တာလဲ..." 


"မခေါ်ဘူး... "

အခြားတစ်ယောက်က ဖြေလိုက်သော်လည်း အဘယ်ကြောင့် ဆိုသည်ကို ရှင်းမပြဘဲ သူ၏ပါးစပ်ကိုသာ ပိတ်ထားလိုက်သည်။ ဤသို့သော ကိစ္စရပ်များက သာမာန်လူများသိသော ဗဟုသုတ မဟုတ်သည်မှာ အသေအချာပင်ဖြစ်သည်။ 


ကပ္ပတိန်က သက်ပြင်းရှည်ကြီးကို ချလိုက်သည်။ 


အာကာသဓားပြများဘက်မှ မဆော်သြမချင်း သူက နောက်ထပ်စာမပို့ဘဲ နေလိုက်သည်။

"ကျွန်တော်တို့ ခရီးသည်အားလုံးကို မေးပြီးပါပြီ... ကျွန်တော်တို့ယာဉ်ပေါ်မှာ အဲ့ဒီလူမပါပါဘူး... ခင်ဗျားတို့တကယ်ပဲ မှားနေပါပြီ... " 


အာကာသဓားပြများသည် သူ့ကိုယုံကြည်မည်မဟုတ်ကြောင်း သိသောကြောင့် သူ၏မျက်နှာအမူအရာမှာ တင်းကျပ်လာသည်။

 "တိုက်ပွဲအတွက် ပြင်ဆင်ကြ..." 


*****


စုန့်နင်ဖုန်းသည် သူ၏စက္ခုကွန်ယက်တွင် ကြားဖြတ်သတင်းများ ရုတ်တရက် ထွက်ပေါ်လာသည်ကို မြင်လိုက်ရသည်။

[အဓိကစနစ်သုံးခုဖြစ်တဲ့ A၊B နဲ့ C ကြယ်စင်ဖွဲ့စည်းမှုစနစ်ထဲမှ အချို့ဂြိုဟ်များသည် ရုတ်တရက် တိုက်ခိုက်ခံခဲ့ရပြီး ထိခိုက်ပျက်စီးမှုများ ရှိခဲ့ပါသည်။ အလားတူပင် မြို့တော်ဂြိုဟ်အနီးသို့ ချဥ်းကပ်လာသော ကြယ်စင်အာကာသယာဥ် အချို့သည်လည်း အဆက်အသွယ်ပြတ်တောက်ပြီး ပျောက်ဆုံးလျက်ရှိပါသည်။ ဖက်ဒရေးရှင်းပြည်ထောင်စုက အရေးပေါ် အခြေအနေသို့ ကျရောက်နေပြီး အရေးပေါ်  တုံ့ပြန်မှုများကို အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်နေပါသည်။ ပြည်သူများအားလုံးအနေဖြင့် အထိတ်တလန့်ဖြစ်စေသော အပြုအမူများကိုရှောင်ကြဥ်ရန် တိုက်တွန်းလိုပါသည်။ ဖက်ဒရေးရှင်းပြည်ထောင်စုကြီး အနေဖြင့် တစ်ဦးချင်းတစ်ယောက်ချင်းစီ၏ အသက်အိုးအိမ်စည်းစိမ်များ ဘေးကင်းလုံခြုံမှုကို သေချာစေရန် အစွမ်းကုန် ဆောင်ရွက်သွားမည် ဖြစ်ပါသည်။] 


အင်တာနက်သုံးစွဲသူများက  ပူပင်သောကရောက်မှုကြောင့် အဆုံးစွန်သို့ရောက်လုနီးနီး ဖြစ်နေကြသည်။


"ဒီဖက်ဒရေးရှင်းက ဘာများဖြစ်နေတာတုန်းဟ... ဒီလောက်တောင် ဆိုးဆိုးဝါးဝါး ဖြစ်နေရတာလား..." 


"အတွင်းသတင်းအရတော့ လက်နက်ကိုင်အဖွဲ့တွေက အာကာသဓားပြတွေနဲ့ ပူးပေါင်းလိုက်တဲ့ ပုန်ကန်မှုတဲ့..." 


"အခုချိန်မှာ အဖွဲ့ကြီးထဲမှာ ရှုပ်ထွေးမှုတွေလည်း ရှိနေတယ်... လူအင်အားမလောက်လို့တော့ မဟုတ်ဘူး..." 


၎င်းက အမှန်တစ်ဝက်မုသားတစ်ဝက် ဖြစ်နေလေရာ မည်သည်ကအမှန် မည်သည်ကအလိမ်အညာဟုပင် ခွဲခြားရခက်နေသည်။ စုန့်နင်ဖုန်း အတည်ပြုနိုင်သည့် တစ်ခုတည်းသောအရာမှာ - 

"ဆရာနဲ့ အားကျီစီးလာတဲ့ အာကာသယာဥ်ကလည်း ပျောက်ဆုံးစာရင်းထဲမှာ ပါလာတယ်..." 


လူအချို့မှာအချင်းချင်းကြည့်ရင်း အသံတစာစာနှင့် စကားပြောလာကြသည်။


" အဆင်ပြေပါစေလို့ ငါမျှော်လင့်မိတယ်..." 


"ကိုယ့်ဘာသာကိုယ် နေနိုင်ရဲ့သားနဲ့ ဘယ်လိုလူကများ အာကာသယာဥ်ကို ပြန်ပေးဆွဲချင်ပါလိမ့်..." 


ရွှီယီရှိနေသော အာကာသယာဥ်ပေါ်မှ မက်ခါ တိုက်ခိုက်ရေးသမားများက ရှေ့နောက်တန်းစီလျက် ယာဥ်ထဲမှထွက်လာကြသည်။ 


ဓားပြများ၏ အာကာသယာဥ်ငယ် လေးစီးမှလည်း အမျိုးမျိုးသော မက်ခါများပေါ်ထွက်လာသည်။ တိုက်ခိုက်မည့်သူများက တိုက်ပွဲတွင် ရင်ဆိုင်မိကြပေပြီ။ ဓားပြများဘက်မှ ကြိုတင်ပြင်ဆင်ပြီးမှ လာရောက်ခြင်းဖြစ်ရာ တစ်ဖက်မှ မက်ခါ တိုက်ခိုက်ရေးသမားများကို အနှောင့်အယှက်ဟုပင် သဘောမထားပေ။ တိုက်ပွဲအတွင်း မက်ခါဆယ်စီး ရှုပ်ထွေးနေစဥ် ကျန်သောမက်ခါများက အာကာသယာဥ်ကဆီသို့ ဦးတည်၍တဟုန်ထိုး ပြေးထွက်လာကြသည်။ 


ဓားပြများက စွမ်းအားကြီးလက်နက်များကို အသုံးမပြုခဲ့သော်လည်း ထိုလက်နက်ကြီးများက အာကာသယာဥ်သို့ ချိန်ရွယ်ထားဆဲဖြစ်သည်။ ယခုအချိန်တွင် ဒေါက်တာဒူကန်းနှင့် သူ၏သုတေသနမှာ ၎င်းတို့လက်ထဲသို့ မရောက်သေးသောကြောင့် ဓားပြများက အာကာသယာဥ်ကို ဖောက်ခွဲဖျက်ဆီးခြင်း မလုပ်ကြသေးပေ။ သို့သော် သူတို့ထွက်ပြေးရန် ကြိုးစားလျှင် ထိုအရာက အရေးပါတော့မည် မဟုတ်ပေ။ 


ကပ္ပတိန်၏ လက်ဖဝါးများမှာ ချွေးများရွှဲနေသည်။ သူက ကျွမ်းကျင်သော စစ်ဖက်ဆိုင်ရာ ကပ္ပတိန်မဟုတ်သလို တိုက်ပွဲအခြေအနေက သူ့ကို လုံးဝလွှမ်းမိုးလိုက်သည်။ သူက ဓားပြများ၏ မက်ခါအချို့ကို ချိန်ရွယ်၍ စွမ်းအင်အနည်းငယ် ဖောက်ခွဲလိုက်သည်။ သို့သော် အာကာသဓားပြများက အတွေ့အကြုံရှိသူများဖြစ်ပြီး စွမ်းအင်ဖောက်ခွဲမှုကို အေးဆေးစွာ ရှောင်တိမ်းလိုက်ကြသည်။ ဓားပြများက အာကာသယာဥ်၏ ပဲ့ပိုင်းကို အသေးစား ထိခိုက်မှုဖြစ်အောင် လုပ်နိုင်ခဲ့ကြသည်။ ဤနှုန်းအတိုင်း သွားနေလျှင် အာကာသယာဥ်၏ ပဲ့ပိုင်းမှာ ကျိုးပဲ့သွားနိုင်ပြီး အာကာသဓားပြများက ယာဥ်ပေါ်သို့ တက်လာနိုင်သည်။ 


ခရီးသည်ခန်းထဲရှိ လူများစွာက ယာဥ်ကြီး၏ သိမ့်ကနဲ လှုပ်ရှားမှုနှင့်အတူ ပင့်သက်ရှူလိုက်မိကြသည်။ ထိုအခိုက်အတန့်တွင် ခရီးသည်ခန်းရှိ ကြေညာချက် ထုက်ပြန်ရာနေရာမှ အသံတစ်ခုထွက်ပေါ်လာသည်။

[ ခရီးသည်တွေ...  ခုခံမယ် မကြံပါနဲ့... ကျုပ်တို့က ဒူကန်းလို့ခေါ်တဲ့ လူတစ်ယောက်ကို လာရှာတာပါ... အဲ့ဒီလူကသာ သူ့သဘောနဲ့သူ ထွက်လာမယ်ဆိုရင် ကျန်တဲ့သူတွေ အားလုံး အန္တရာယ်ကင်းစေရမယ်... သူစိမ်းတစ်ယောက်အတွက် နေရာတကာ ဝင်ပါရလောက်အောင် ရူးသွပ်နေတဲ့သူတွေလို့တော့ ကျုပ်မထင်ဘူး ဟုတ်တယ်မလား...  ဒေါက်တာဒူကန်း... ဒီလို အပြစ်မဲ့တဲ့သူတွေပါ ပါလာစေချင်တာ ခင်ဗျားရဲ့ ဆန္ဒလား... ] 


ခရီးသည်ခန်းမှာ ဆူဆူညံညံဖြစ်လာသည်။ 


အာကာသယာဥ်မယ်လေးများက ခရီးသည်ခန်းအတွင်းသို့ ဝင်လာပြီး လူတိုင်းကို အားပေးကြပြန်သည်။

"အာကာသဓားပြတွေရဲ့  စကားကို မယုံကြပါနဲ့ ... သူတို့လိုချင်တာကို ရသွားရင်လည်း ကျွန်မတို့ကို အလွတ်ပေးမှာ မဟုတ်ဘူး... သူတို့က အာကာသယာဥ်ကို ဖျက်ဆီးပစ်လိုက်လိမ့်မယ်... ကျွန်မတို့က အခုဒီထဲမှာ ရှိနေကြတာလေ..." 


သို့သော် အချို့က ပြန်လှန်ပြောဆိုကြသည်။

"ဒါပေမယ့် ကျွန်တော်တို့က ဘာမှမဆိုင်ဘဲ ဒီပြဿနာထဲ ဆွဲခေါ် ခံရတာလေ... အဲ့ဒီဒေါက်တာဒူကန်းက ဘာဖြစ်လို့ ဒီပြဿနာမှာ ကျွန်တော်တို့ပါ ပါအောင်လုပ်ရတာလည်း..."


ရွှီယီနှင့်ချန်ကျီဘေးရှိ မျက်မှန်နှင့်လူက သက်ပြင်းတစ်ချက်ချလိုက်သည်။ သူက တစ်စုံတစ်ရာကို ပြောမည့်ဆဲဆဲတွင် အခြားလူတယောက်က ရုတ်တရက်ပြောလိုက်သည်။ "မင်းက အဲ့ဒီဒေါက်တာဒူကန်းပဲ..." 


လူသုံးယောက်လုံး တောင့်ခဲသွားသည်။ 


ထိုသူက ရွှီယီကို ပြောနေသောကြောင့် ဖြစ်သည်။ 


ဒူကန်းအစစ် သို့မဟုတ် မျက်မှန်နှင့်လူကြီးမင်း- "..." 


ရွှီယီနှင့်ချန်ကျီ- "... " 


ရွှီယီကို ဒူကန်းဟုဖော်ထုတ်လိုက်သော သူက သူတို့၏တုံ့ပြန်ချက်များကို ကြည့်ပြီး မှန်ကန်ကြောင်းပို၍ သေချာသွားသည်။

"မင်းက ဒူကန်းဟုတ်နေတာပဲ... မင်းက ငါတို့အားလုံးကို သေစေချင်နေတာလား..." 


ရွှီယီနှင့် ချန်ကျီ၏ ပင်ကိုယ်စရိုက်က စံသတ်မှတ်ချက်များနှင့် သိသိသာသာကွဲပြားခြားနားသည်။ ချန်ကျီက ကာကွယ်ပေးနေသော သက်တော်စောင့် တစ်ယောက်သဖွယ် ရွှီယီဘက်သို့ မသိမသာတိုးကပ်လိုက်သည်။


'မင်းက သာမာန်လူလို ရုပ်ဖျက်ထားတယ်ဆိုပြီး ငါတို့ မမြင်ဘူးလို့ မထင်လိုက်နဲ့... ' 


အခြားသူများ၏ မျက်လုံးများက ရိုက်နှက်ထိုးနှက်တော့မည့်ဟန်ဖြင့် ဝိုင်းကြည့်နေကြသည်။ 


သူ့ကို ဒူကန်းဟုပြောသောသူကို ရွှီယွီက အေးစက်စွာ ကြည့်လိုက်သည်။

"အားလုံးကို သတ်ချင်နေတာက အာကာသဓားပြတွေ မဟုတ်ဘူးလား... အဲ့ကိစ္စက ဒူကန်းနဲ့ဘာဆိုင်လို့လဲ..." 


ရွှီယွီ၏အကြည့်ကြောင့် ထိုလူမှာ တွန့်ဆုတ်သွားသည်။ သို့သော်လည်း သူ့လည်ပင်းကို တောင့်ထားပြီး ပြောလိုက်သည်။

"ခင်ဗျားကြောင့်သာ မဟုတ်ရင် ဒီအာကာသဓားပြတွေ လာမှာမဟုတ်ဘူး... ငါက မြို့တော်ဝမ်းမှာ စီးပွားရေးလုပ်မယ် ဆိုပြီးတော့ အစီအစဉ်ချလာတာ... အိမ်မှာ ငါ့ကို စောင့်နေတဲ့ကလေးတွေ ရှိသေးတယ်... မင်းအတွက်ကြောင့် ငါတို့လို အပြစ်မဲ့တဲ့သူတွေ သေကုန်မှာကို မင်းကြည့်နေနိုင်သလား..." 


လူအချို့ကလည်း ထိုလူ၏စကားကို စတင်၍ သံယောင် လိုက်လာကြသည်။ ဒူကန်းက ထူးချွန်ထက်မြတ်သူ ဟုတ်သည် မဟုတ်သည်က ကိစ္စတစ်ရပ်ဖြစ်ပြီး ဒူကန်း၏ သုတေသန အရေးကြီးသည် မကြီးသည်က အခြားကိစ္စတစ်ရပ်ဖြစ်သည်။ အင်တာနက်ပေါ်တွင် ထူးချွန်သူပါရမီရှင်များကို ကြည်ညိုလေးစားရန် ဖြစ်နိုင်ပေသည်။ သို့သော် သွေးသားမတော်စပ်သူတယောက်အတွက် သူတို့၏အသက်များကို အနစ်နာခံစတေးရန် အခြေအနေဖန်လာသောအခါ သာမာန်လူတစ်ယောက်အနေဖြင့် သင့်တင့်လျောက်ပတ်သော ယဥ်ကျေးမှုကို မပြနိုင်တော့သလို သူ၏ရပ်တည်ချက်ကိုလည်း မပြနိုင်တော့ချေ။ 


သို့သော်တချို့တလေက သဘောမတူကြပေ။

 "ဒါက အာကာသဓားပြတွေ တမင်ရည်ရွယ်ထားတဲ့ အကွက်ပဲ... သူတို့က ငါ့တို့ကို စိတ်ဝမ်းကွဲစေချင်တာ... ဘေးဒုက္ခနဲ့ ရင်ဆိုင်ရတဲ့အချိန်မှာ စုစုစည်းစည်းညီညီညွတ်ညွတ် နေကြတာပိုကောင်းတယ်..." 


"ငါတို့ တွေက ဘာမှမဆိုင်ဘဲ ပါလာတာလား ဘာလားဆိုတာကို အာကာသဓားပြတွေက ဂရုစိုက်နေမှာ မဟုတ်ဘူး... သူတို့ကို မယုံနဲ့... " 


ဒူကန်းမှာ ဆက်သည်းမခံနိုင်တော့ဘဲ သူကမတ်တပ်ရပ်ပြီး ပြောလိုက်သည်။

"ဒီလူကြီးမင်းကို ဖိအားတွေမပေးပါနဲ့... ကျွန်တော်ကမှ ဒူကန်းအစစ်အမှန်ပါ..." 


"မင်းက လာနောက်နေတာလား...  ဘယ်သူကရော မင်းကိုယုံလို့လဲ..." 


"ဒီကအစ်ကိုရေ... ခင်ဗျားက ဒေါက်တာဒူကန်းအစစ်အမှန်ကို ဘာမှမဖြစ်စေချင်တာ ကျွန်တော်သိပါတယ်... ဒါပေမယ့် စိတ်လျော့ပါ...ခင်ဗျားရဲ့  ဆုံးဖြတ်နိုင်စွမ်းတွေ အားနည်းနေပြီ... " 


"ထိုင်နေပါ သူရဲကောင်းလုပ်ချင်မနေပါနဲ့... ဘာလုပ်ရမယ်လို့ စဥ်းစားပြီးမှ အားလုံးတူတူလုပ်ရအောင်..." 


ဒူကန်း: 'ငါအမှန်အတိုင်းပြောနေတာလေ... သူတို့ငါ့ကို ဘာလို့မယုံကြတာလဲ... ငါက ဆုံးဖြတ်နိုင်စွမ်း အားနည်းတယ်တဲ့လား... ဘာကိုအားနည်းတာလဲ... ငါက တကယ် ဒူကန်းလေ ဟုတ်ပြီလား...'


ဒူကန်းက မည်သို့မျှ မတတ်နိုင်ဟန်ဖြင့် ရွှီယီကို ကြည့်လိုက်သည်။ ရွှီယီက အမူအရာမဲ့စွာဖြင့် ထိုင်နေသည်။ ရွှီယီ၏ဟန်ပန်က သာမာန်လူများနှင့် ကွဲပြားခြားနားသော ဟန်ပန်ကိုဆောင်နေသည်။ 


' ငါ တကယ်အားနည်းတယ် ထင်တာပဲ…' 


"အားကျီ... အပြင်ထွက်ပြီး တစ်ချက်လောက် ကြည့်လိုက်..."

ရွှီယီက ချန်ကျီကို ပြောလိုက်သည်။ သူက အခြားသူများ ငြင်းခုန်နေသည်များကို မကြားသည့်နှယ်ပင်။ 


ချန်ကျီ၏မျက်နှာက တည်ကြည်စွာဖြင့် ခေါင်းတစ်ချက် ညိတ်လိုက်လိုက်သည်။ သူက မက်ခါအတွင်းသို့ မဝင်ပေ။ ဤအတိုင်း ခရီးသည်အခန်းကို ဖြတ်ကာ အပြင်သို့ အမှန်တကယ်ပင် ခုန်ထွက်သွားသည်။ 


"အားးးးး အပြင်ဘက်မှာ ဟင်းလင်းပြင်ကြီးလေ..." 


"ရူးနေပြီ တကယ်ရူးနေပြီပဲ..." 


ခရီးသည်အခန်းတွင်းမှ လူများက အံ့အားသင့်စွာ အော်ဟစ်လိုက်ကြသည်။ ချန်ကျီကို တားရန်ကြိုးစားသော်လည်း အချိန်မမီလိုက်ကြပေ။ အချို့မှာ တုန်လှုပ်ချောက်ချားစွာဖြင့် မျက်လုံးများကို မှိတ်လိုက်ကြသည်။ 


သို့သော် ဝမ်းနည်းစရာကောင်းသည်က လူတိုင်း မျှော်လင့်ထားသလို မဖြစ်ခဲ့ပေ။ အာကာသယာဥ်အပြင်ဘက်တွင် ထိုသူက ပေါလောပေါ်နေသည်။ သူ့ပုံစံက လမ်းလျှောက်နေသလို မြင်ရသည်။ သူ့ခြေဖဝါးအောက်ရှိ ဗလာနယ်သက်သက်ကို နင်းဖြတ်နေသော်လည်း သူ့ကိုကြည့်ရသည်မှာ ညီညာသောမြေပြင်ပေါ်ဝယ် လမ်းလျောက်သည့်နှယ် ဖြစ်နေသည်။ 


အာကာသယာဥ်အတွင်းရှိ လူစု- "?????" 



💫💫💫


[စာရေးသူ၏မှတ်ချက် : ဝူး ဟူး... ရေး... ငါ မင်းကို ရွေးလိုက်ပြီ ဒုတိယစီနီယာအစ်ကိုရေ] 


လူများ : "ဒါတွေ အကုန်လုံးက အိမ်မက်လား... ဘယ်လိုလုပ်ပြီးတော့ ဒီလိုဆန်းကြယ်တဲ့ မြင်ကွင်းက ပေါ်လာရတာလဲ..."