Chapter 43
Viewers 3k

💫 Chapter 43



အခြားတစ်ဖက်တွင် ရွှီယီကိုယ်၌က ပဲ့ထိန်းခန်းဆီသို့ ဦးတည်သွားလိုက်သည်။ အားလုံးမှာ အလန့်မပြေသေးသောကြောင့် ရွှီယီ၏လှုပ်ရှားမှုကို သတိပြုမိသော်လည်း မည်သူကမျှမတားဆီးကြပေ။ 


ကပ္ပတိန်က စွမ်းအင်အမြောက်များ၏ တဖြည်းဖြည်း ကုန်ဆုံးလာသောစွမ်းအင်ကို ကြည့်ရင်း ထိတ်လန့်တုန်လှုပ်နေသည်။ သို့သော် အာကာသဓားပြများကို မဖိနှိပ်နိုင်သေးပေ။ 


ထိုအချိန်တွင် ရှင်းလင်းပြတ်သားသော စကားသံကို ကြားလိုက်ရသည်။

"ဒါကို ငါလုပ်လိုက်မယ်..." 


ကပ္ပတိန်က တောင့်ခဲသွားပြီး ရွှီယီကို တစ်ချက်ကြည့်လိုက်သည်။ ရွှီယီ၏ပိုင်နိုင်သေချာမှုကြောင့် ကပ္ပတိန်က ရှင်းမပြနိုင်သော်လည်း လုံခြုံစိတ်ချရသော ခံစားချက်ကို ခံစားလိုက်ရသည်။ သူက မသိစိတ်၏စေ့ဆော်မှုအရ နေရာဖယ်ပေးလိုက်ပြီးနောက် တွေးလိုက်မိသည်။

'ဒါက ဆရာတစ်ယောက်ရဲ့ အရှိန်အဝါဖြစ်မယ်...' 


"ဆရာအရင်တုန်းက တိုက်ပွဲတစ်ခုခုထဲမှာ အာကာသယာဥ်ကို မောင်းဖူးတာလား..." 


"ဟင့်အင်း... ဒါက ငါ့ရဲ့ ပထမဆုံးအကြိမ်ပဲ..." 


"အာ...ပထမဆုံးအကြိမ်လား... ဪ ကောင်းသားပဲ..." 

ကပ္ပတိန်က စဥ်းစားခြင်းမရှိပဲ သံယောင်လိုက်ပြောလိုက်သည်။ ထို့နောက် ချက်ချင်းပင် သူ့မျက်လုံးများ ပြူးကျယ်သွားသည်။

 "ဘာ...ပထမဆုံးအကြိမ် ဟုတ်လား..." 


ရွှီယီက သူ့ကို ဥပေက္ခာပြုထားပြီး အာကာသယာဥ်အတွင်း ရေဒီယိုကို ဖွင့်လိုက်သည်။

"ခရီးသည်များအားလုံး ထိုင်ခုံမှာထိုင်ပြီး လုံခြုံရေးခါးပတ်တွေကို သေသေချာချာပတ်ထားကြပါ...အာကာသယာဥ် မကြာခင် ထွက်ခွာပါတော့မယ်..." 


ထို့နောက် ရွှီယီက အာကာသယာဥ်တစ်စီးကို တကယ်ပင် ပထမဆုံးအကြိမ် မောင်းနှင်ခြင်းဖြစ်ကြောင်း သက်သေပြသကဲ့သို့ ခလုတ်အားလုံးကို လျှောက်နှိပ်တော့သည်။ အာကာသယာဥ်က ကြမ်းတမ်းစွာ ကွေ့ကောက်သွားပြီး အမူးသမားတစ်ယောက် လမ်းလျှောက်နေသည့်နှယ် အချိန်မရွေးတိမ်းမှောက်သွားနိုင်သည့်ပုံ ဖြစ်နေသည်။ 


ကပ္ပတိန်က ကိုယ့်မျက်နှာကိုယ် ဖြတ်ရိုက်ချင်စိတ်ပေါ်နေသည်။

'ဘာမေးခွန်းမှ မမေးပဲနဲ့ ယာဥ်ကို ထိန်းချုပ်ခွင့်ပေးလိုက်တာလား... ဓားပြတွေလက်ထဲမရောက်ခင် ခရီးသည်တစ်ယောက်ကြောင့် ငါ့ရဲ့အာကာသယာဥ်တော့ ဆုံးပြီထင်တယ်...' 


သူ့ကိုယ်သူ လွှင့်ပစ်မခံရစေရန် လက်ကိုင်ကွင်းကို ဆွဲကိုင်လိုက်ပြီး ကပ္ပတိန်က စိတ်မရှည်စွာအော်ဟစ်လိုက်သည်။ 

"ထွက်သွားလိုက်စမ်း...ဒါက ကစားရမယ့်အချိန် မဟုတ်ဘူး..." 


တစ်ဖက်လူ၏ ယုံကြည်ချက်မြင့်မားမှုကြောင့် သူက ရေရေရာရာပင်မသိဘဲ လက်ခံယုံကြည်ပေးခဲ့သည်။ အမှန်တွင် ထိုသူ့မှာ အကြံအစည်ရှိ၍မဟုတ်ဘဲ အရူးတစ်ယောက်ဖြစ်နေကြောင်း သူ မသိခဲ့ပေ။


"အင်း... ငါမောင်းနိုင်ပါတယ်..." 


'ဘယ်လိုမောင်းရမှန်းတောင် မင်းမသိဘူးလေ...'

ကပ္ပတိန်၏စိတ်ထဲ အော်လိုက်မိသည်။ 


မမျှော်လင့်ဘဲ အာကာသယာဥ်က ရုတ်တရက်တည်ငြိမ်သွားပြီး သွက်လက်လျင်မြန်စွာကူးခတ်နေသော ငါးတစ်ကောင်နှယ် အာကာသဓားပြများ၏ တိုက်ခိုက်မှုကိုရှောင်တိမ်းလိုက်သည်။ ရွှီယီ၏ထိန်းချုပ်မှုအောက်တွင် စွမ်းအင်အမြောက်များက အာကာသဓားပြများ၏ မက်ခါများကို အတိအကျ ပစ်ခတ်တိုက်ခိုက်နိုင်ခဲ့သည်။ ကြည့်ရသည်မှာ အမြောက်ကျည်ဆံများတွင် ကိုယ်ပိုင်မျက်လုံးများရှိနေသည့်နှယ်ပင်။ 


အာကာသဓားပြများ၏ အာကာသယာဥ်ငယ်လေးစီးက ကြည့်ရုံသာ ကြည့်နေနိုင်ခဲ့သည်။ သူတို့က ရွှီယီတို့၏ယာဥ်ကို စုစည်းတိုက်ခိုက်ရန် နေရာရွှေ့လိုက်ကြသည်။ မည်သို့ပင်ဆိုစေကာမူ ရွှီယီက ပို၍ပို၍ ကျွမ်းကျင်လာပေသည်။ သူက အခြားယာဥ်များမှ တိုက်ခိုက်လာစေရန် မြှူဆွယ်ကာ မောင်းနှင်လိုက်ပြီးနောက် ရှောင်တိမ်းလိုက်ရာ အာကာသဓားပြယာဥ်များမှ ပစ်ခတ်လိုက်သော စွမ်းအင်ပေါက်ကွဲမှုများက သူတို့အချင်းချင်း ထိမှန်ကုန်ကြသည်။ ထို့နောက် ရွှီယီက စွမ်းအင်ပေါက်ကွဲမှုကို ပစ်လွှတ်လိုက်ပြီး အချင်းချင်းပစ်ခတ်မှုကြောင့် ထိခိုက်ထားသောယာဥ်ကို ဇာတ်သိမ်းပေးလိုက်သည်။  


ရွှီယီ၏ ဆံခြည်တစ်မျှင်မျှမလွဲသော တိကျစွာ မောင်းနှင်မှုကြောင့် အာကာသယာဥ်၏ အတွင်းပိုင်းတစ်ခုလုံး ယိမ်းထိုးလှုပ်ခါနေသည်။ ယာဥ်တစီးလုံး ဆွဲလှုပ်ခံရနေသလို ခါယမ်းနေသော်လည်း ဓားပြတို့ ပစ်လွှတ်သော လက်နက်များ ထိမှန်မှုကြောင့်မဟုတ်ဘဲ ရွှီယီ၏ ကျွမ်းကျင်သော လှုပ်ရှားမှုများကြောင့်သာ ဖြစ်သည်။ ခရီးသည်များသည်လည်း တဖြည်းဖြည်းချင်း စိတ်ပြေလျော့လာကြသည်။ သူတို့က အကြောက်တရားထက် စိတ်လှုပ်ရှားမှုက ပိုကဲနေလေသည်။ 


ကျွမ်းကျင်သော အာကာသယာဥ်မောင်းနှင်သူ ဖြစ်သော ကပ္ပတိန်က ရွှီယီ၏ လှုပ်ရှားမှုများကို သေချာစောင့်ကြည့်နေခဲ့သည်။ သူ့၏ သုံးလောကအပေါ်အမြင်မှာ ပြောင်းပြန်လှန်ပစ်ခံလိုက်ရချေပြီ။ 


အာကာသယာဥ်ရှိ စွမ်းအင်အမြောက်ရှိ စွမ်းအင်မှာ အနည်းငယ်သာ ကျန်တော့သည်။ သို့သော် ရွှီယီက ထိုစွမ်းအင်ကို အလဟဿမဖြုန်းတီးပေ။ ဓားပြယာဥ်များက အာကာသယာဥ်မှ အဓိကပျော့ကွက်ကို သေချာစွာ ချိန်ရွယ်ပစ်ခတ်လိုက်ပြီး စွမ်းအင်ပမာဏ အနည်းငယ်သုံးကာ ကြီးမားသော ပေါက်ကွဲမှုကို ဖြစ်ပေါ်စေလိုက်သည်။ 


သို့သော်လည်း အခြားတစ်ဖက်မှ မောင်းနှင်သူသည်လည်း အလွန်လျင်မြန်သွက်လက်လှသည်။ ထို့အပြင် ဓားပြများ၏ အာကာသယာဥ်ပေါ်သို့ တက်ရောက်နိုင်ရေးမှာ လုံးဝရှုံးနိမ့်သွားပြီဖြစ်၍ ထိုယာဥ်ကို မည်မျှပင် ထိခိုက်အောင် လုပ်သည်ဖြစ်စေ အရေးမပါတော့ပေ။


ကပ္ပတိန်က ရှေ့အကြိမ်များတွင် အာကာသယာဥ်သည် စွမ်းအင်ပေါက်ကွဲမှုများနှင့် ထိလုနီးပါးဖြစ်ခဲ့ပြီး မထိအောင် ရှောင်တိမ်းနိုင်သည်ကို မြင်ခဲ့ရသည်။ သို့သော် ယခုတစ်ကြိမ်က လွန်စွာမှ နီးကပ်လှပြီး အဆုံးတွင် လှလှပပနှင့် လွတ်လွတ်ကျွတ်ကျွတ် ရှောင်တိမ်းလိုက်သည်ကို မြင်လိုက်ရသည်။ 


'ဒါက တရားလွန်နေပြီ...' 


'ဒီလိုပုံစံက အာကာသယာဥ်ကို ပထမဆုံးမောင်းနှင်တဲ့ပုံစံတဲ့လား...' 


'ငါ့လို ဆယ်စုနှစ်တစ်စုစာလောက် မောင်းလာတဲ့သူက အရည်အချင်း လိုအပ်နေသေးတာလား…'


'ဒီအာကာသယာဥ်က ကိုယ်ပိုင်ခံစားချက် ရှိတယ်.. သူ့ဘာသာသူ ရှောင်တတ် တိမ်းတတ် ပစ်တတ်ခတ်တတ်တယ် ဆိုရင်လည်း သူတို့တွေ ငါ့ကို သေချာပြောပြလောက်ပါတယ်…' 


ရွှီယီက ဘေးထွက်ကာ မတ်တတ်ရပ်လိုက်သည်။

"အဆင်ပြေပြီ... ကျန်တာ မင်းပဲ လက်စသတ်လိုက်တော့..." 


ထိုအခိုက်အတန့်တွင် ကင်းလှည့်တပ်ဖွဲ့ဆီမှ အသိပေးချက် ဝင်လာသည်။ အတိုချုပ်မှာ အခင်းဖြစ်ရာသို့ သူတို့ ရောက်လာပြီဖြစ်ပြီး ယာဥ်အဖွဲ့သားများ လုံခြုံစိတ်ချရပြီ ဖြစ်ကြောင်းနှင့် သူတို့ကို ယာဥ်ပေါ်သို့ တက်ခွင့်ပြုရန် ဖြစ်သည်။ 


ကင်းလှည့်တပ်ရင်းတံဆိပ်အမှတ်အသားများ ရေးခြယ်ထားသော တိုက်ခိုက်ရေးယာဥ်အချို့က မဝေးလှသော နေရာမှ အမြန် မောင်းနှင်ရွေ့လျားလာသည်ကို ကပ္ပတိန် လှမ်းမြင်လိုက်ရသည်။ ထိုသို့ ကင်းလှည့်တပ်ဖွဲ့ဝင်များ ရောက်လာတော့မည် ဖြစ်သောကြောင့် သူ တကယ်ပင် ပျော်ရွှင်သွားသည်။ သို့သော် ထင်သလောက် သူစိတ်မလှုပ်ရှားတော့ပေ။ ဖြစ်လာသော အကျပ်အတည်းပြဿနာကို ကောင်းစွာဖြေရှင်းပြီးသလို အပြင်ဘက်ကို ထွက်ကာ တိုက်ခိုက်ခဲ့ကြသော မက်ခါဆယ်စီးလုံး အကောင်းပကတိအတိုင်း ပြန်ဝင်လာနိုင်ခဲ့သည်။ 


'ကင်းလှည့်တပ်ဖွဲ့က ရောက်လာပေမယ့် အလကားပဲ...' 


ကပ္ပတိန်က စိတ်ထဲမှ မကျေနပ်မှုများထဲသို့ တိတ်ဆိတ်စွာ နစ်မြုပ်သွားသည်။ 


အာကာသယာဥ်သို့ ပြန်ရောက်လာသော မက်ခါဆယ်စီးမှာ တွေဝေငေးငိုင်နေကြဆဲ ဖြစ်သည်။ 


အဆင့်နိမ့်မက်ခါမောင်းသူများမှာ စိတ်အားထက်သန်စွာ ဝင်ရောက်တိုက်ခိုက်ရန် ဆုံးဖြတ်ခဲ့ကြသော်လည်း သူတို့၏ စိတ်ထဲတွင် အမှန်တကယ် သေဆုံးလိမ့်မည်ဟု တွက်ဆထားပြီးဖြစ်သည်။ စွမ်းအားအဆင့်အတိုင်းသာဆိုလျှင် သူတို့အမှာ အနိမ့်ဆုံးအဆင့်သာ ဖြစ်ရာ သူတို့အနေဖြင့် ဤရက်စက်ကြမ်းကြုတ်လှသော အာကာသဓားပြများကို အနိုင်တိုက်ခိုက်နိုင်စွမ်း မရှိကြချေ။


ဒေါက်တာဒူကန်း၏ နောက်လိုက်ဖြစ်သော မက်ခါမောင်းနှင်သူများကမူ ဖြစ်လာနိုင်သည့် အခြေအနေများကို စိတ်မချနိုင်ကြပေ။ အမှန်တကယ်လည်း သူတို့တွင် အခြားအစီအစဥ်တစ်ခု ရှိသေးသည်။ ယခုကဲ့သို့ သူတို့အတိုက်ခိုက်ခံရပါက သူတို့ထဲမှ အသန်မာဆုံး မက်ခါတိုက်ခိုက်ရေးသမားက ဒေါက်တာဒူကန်း၏ သုတေသနကို ယူဆောင်ကာ ဘေးလွတ်ရာသို့ ထွက်ပြေးမည်ဖြစ်သည်။ ကျန်သောမက်ခါများမှာ အဆုံးစွန်ထိ တိုက်ခိုက်ကြမည်ဖြစ်ပြီး သူတို့ရှုံးနိမ့်မည့်အခြေအနေရောက်ပါက သယ်ဆောင်လာသော စွမ်းအားပြင်းလက်နက်များကို ဖောက်ခွဲကာ တိုက်ခိုက်သူ ဓားပြများကိုပါ သူတို့နှင့်အတူ ပေါက်ကွဲပျက်စီးစေမည် ဖြစ်သည်။ 


မည်သို့ပင်ဖြစ်စေ ဆုံးရှုံးမှုက နည်းပါးလှမည်မဟုတ်သောကြောင့် စွမ်းအားကင်းမဲ့မှုက သူတို့၏ နှလုံးသားကို လေးလံစွာ ဖိစီးထားလေသည်။ သူတို့အားလုံး ဝမ်းနည်းဖွယ် ဇာတ်သိမ်းဖြင့် အဆုံးသတ်ရမည်ကို မြင်နေခဲ့ကြသည်။


ပြဇာတ်ဆန်ဆန် ကြေကွဲဖွယ် နောက်ခံသီချင်းသံကိုလည်း သူတို့၏ နားထဲတွင် ကြားယောင်နေခဲ့ကြသည်။ သို့သော် ထိုအခိုက်၌ပင် ဘယ်နေရာကလာသည် မသိသော လူတစ်ယောက် ပေါ်လာခဲ့သည်။ သူ၏ ဓားသွားက တဖျတ်ဖျတ် လင်းလက်လျက်ရှိပြီး အာကာသဓားပြများ၏ အမြောက်များမှ စွမ်းအင်ပေါက်ကွဲမှုများကိုပင် ဟန့်တားနိုင်သည်။ သူ၏အင်အားကြီးမားပုံကလည်း ဓားပြများ၏ မက်ခါကို လက်သီးချက် တစ်ချက်တည်းနှင့် ပျက်စီးသွားစေခဲ့သည်။ 


မက်ခါတိုက်ခိုက်ရေးသမားများမှာ ထိုမြင်ကွင်းကြောင့် တောင့်ခဲသွားပြီး စတင်၍ ဇဝေဇဝါဖြစ်လာကြသည်။

'ငါ သေများသေသွားတာလား... မဟုတ်ရင် ဘယ်လိုဖြစ်လို့ ဒီလို ထူးခြားဆန်းကြယ်တဲ့ မြင်ကွင်းကို မြင်နေရတာလဲ...' 


ကုဋေနှင့်ချီသော ကြယ်မြစ်များထက် နက်ရှိုင်းလှသော တဖျတ်ဖျတ်လက်နေသည့် ချန်ကျီ၏ဓားသွားမှ အလင်းရောင်က သူတို့၏မျက်လုံးများကို ဖမ်းစားလိုက်လေသည်။ 


'ဒါမှမဟုတ် ဒါက.... နတ်ဘုရားတစ်ပါးလား' 


သူတို့မှာ ချန်ကျီ၏ တိုက်ခိုက်မှုကို တွေတွေကြီး ငေးကြည့်ရင်း အစီအစဥ်အားလုံးကို မေ့လျော့ကုန်ကြသည်။ 


နောက်ဆုံးတွင် မက်ခါများထဲမှ ဓားပြများက မက်ခါကိုဖျက်ဆီးပြီး ဆွဲထုတ်ကာ စွမ်းအင်စက်လုံးအတွင်း ဆွဲသွင်းကာ အာကာသယာဥ်ပေါ်သို့ ပို့ဆောင်ခံလိုက်ရသည်။ သူတို့၏အကြည့်များတွင် အကြောက်တရားသာ ကျန်တော့သည်။ ချန်ကျီ ပေါ်ထွက်လာခြင်းက သူတို့ကို အသေအချာပင် ခြောက်ခြားသွားစေခဲ့သည်။ သူတို့က လက်နက်ကိုင်တပ်ဖွဲ့ အားလုံးနီးပါးနှင့် တိုက်ခိုက်ခဲ့ဖူးကြသော်လည်း ဤမျှ သန်မာကာ စွမ်းအားကြီးမားသော လူတစ်ယောက်ကို မမြင်ဖူးကြသလို ရင်ဆိုင်တိုက်ခိုက်မှုလည်း မလုပ်ဖူးကြချေ။ မည်သို့ပင်ဖြစ်စေ ထိုသူက ရိုးရိုးဓားတစ်ချောင်းနှင့် တိုက်ခိုက်ကာ မက်ခါပေါ်မှ သူတို့၏ စွမ်းအင်အမြောက်ဖြင့် တိုက်ခိုက်မှုများကိုပင် အမှုမထားခဲ့ပေ။

ဒါက သာမာန်လူတစ်ယောက် လုပ်နိုင်တဲ့အလုပ် ဟုတ်ပါ့မလား…


ကံဆိုးစွာဖြင့် ချန်ကျီက ဆူညံသံများကို မုန်းသည်နှင့်အညီ ဖမ်းမိသည်နှင့် ဓားပြများကို နှုတ်ပိတ်မန္တန်ကိုသုံးကာ အသံမထွက်နိင်အောင် လုပ်လိုက်သည်။ မည်မျှပင် ကြောက်ရွံသည်ဖြစ်စေ ဓားပြများမှာ အသံတစ်ချက်ပင် မထွက်နိုင်ရှာတော့ပေ။ 


ချန်ကျီဘေးရှိ မက်ခါတိုက်ခိုက်ရေးသမားများက သူ့ကို ကြောက်ရွံရိုသေစွာ ကြည့်နေကြပြီး မေးခွန်းတစ်ခုပင် မမေးရဲကြချေ။ 


ထို့နောက် သူတို့က ချန်ကျီ သက်ပြင်းချသည်ကို ကြားလိုက်ရသည်။

 "အလိုလေး... ဘာလို့ လူတိုင်းက ဓားတွေ သေနတ်တွေ သုံးချင်နေကြတာလဲ... ငါက ငါ့သုတေသနလေးကို အေးအေး ဆေးဆေး တိတ်တိတ်ဆိတ်ဆိတ်လေး လုပ်ချင်ရုံပဲကို... ဘယ်နှယ့်ကြောင့်များ အားတွေသုံးပြီး ပြဿနာတွေရှင်းနေရတာပါလိမ့်... မကောင်းဘူး... မကောင်းတော့ဘူး..." 


မက်ခါတိုက်ခိုက်ရေးသမားများ- "..." 


ချန်ကျီက ရွှီယီဘေးသို့သွားလိုက်သည်။

 "ဆရာ ကိစ္စတွေ ရှင်းပြီးပါပြီ…" 


အခြားသော ခရီးသည်များက စိတ်အားတက်ကြွစွာဖြင့် သူတို့နှစ်ဦးအနီးသို့ စုဝေးလိုက်ကြရင်း ဒေါက်တာဒူကန်းအစစ်ကို ဘေးသို့ တွန်းလိုက်လိုက်သည်။

 

"ဒေါက်တာဒူကန်း.. ကျွန်တော်တို့ကို ကယ်ပေးလို့ ကျေးဇူးပါပဲ…" 


"ငါသိသားပဲ... ဒေါက်တာဒူကန်းမှာ အရန်အစီအစဥ်တွေရှိဦးမှာလို့... ငါတို့ကိုလဲ အလဟဿ အသေခံခိုင်းမှာ မဟုတ်ဘူးလေ..." 


"ဒေါက်တာဒူကန်း... ကျေးဇူးပြုပြီး ဒါက ကျွန်တော့်ရဲ့ကတ်လေးပါ..." 


ဒူကန်းအစစ်-"..." 

'အေးပါ... ပျော်နေကြတာဆိုတော့ ထားလိုက်ပါတော့..." 


ထိုအချိန်တွင် ကင်းလှည့်တပ်ဖွဲ့ဝင်များက ကြယ်စင်အာကာယသာဥ်ပေါ်သို့ ရောက်လာကြသည်။ ဗိုလ်မှူးက အာကာသယာဥ်၏ တာဝန်အရှိဆုံးဖြစ်သော ကပ္ပတိန်ကို စကားပြောနေသည်။

"ကျုပ်တို့ ခင်ဗျားရဲ့ယာဥ်ကို လက်လွှဲယူလိုက်မယ်…" 


"ဟုတ်ကဲ့ ဟုတ်... ရပါတယ်..." 


ကပ္ပတိန်က ယာဥ်ကို ထိန်းချုပ်ထားမှုအား ဖယ်ရှားပေးလိုက်သည်။ စစ်ဘက်ဆိုင်ရာယာဥ်မောင်းနှင်သူက သူ့နေရာအား ဝင်ထိုင်လိုက်သည်ကို သူတစ်ချက်နှစ်ချက် ကြည့်လိုက်သည်။

'စစ်တပ်ဘက်ကယာဥ်ကို မောင်းတယ်ဆိုတာ ဘာမှလည်း မထူးဆန်းပါဘူး... ဒါပေမဲ့ ဒီကောင်က ခုဏက ငါ့ယာဥ်ကို မောင်းလိုက်တဲ့ ပထမဆုံး အာကာသယာဥ်မောင်းတယ်ဆိုတဲ့ တစ်ယောက်လောက်တော့ မကောင်းလောက်ပါဘူး...'


ဗိုလ်မှူးက အပြင်ထွက်ကာ ခရီးသည်အခန်းဘက်သို့ သွားလိုက်သည်။ စုဝေးနေကြသော ခရီးသည်များကို ဖျတ်ခနဲ တစ်ချက်ကြည့်ကာ ဒေါက်တာဒူကန်းဆီသို့ လျှောက်သွားလိုက်သည်။

"ဒေါက်တာဒူကန်း ဒီက ကျန်တဲ့ကိစ္စတွေကို အမှတ်(၇) ခြေလျင်တပ်က ဆက်ပြီး ကိုင်တွယ်ပါလိမ့်မယ်... ဒေါက်တာက ကျုပ်တို့ယာဥ်နဲ့ လိုက်ခဲ့ပါ... အဲ့ဒါက ပိုပြီးလုံခြုံပါလိမ့်မယ်..." 


ခရီးသည်များ-"…." 


"ဗိုလ်မှူး... လူမှားနေပြီနော်... ဒါကမှ ဒေါက်တာဒူကန်းပါ…" 

သူတို့က ရွှီယီကို ညွှန်ပြကြသည်။ 


ဗိုလ်မှူး - "…" 

'ဒီလူတွေက ဘယ်လိုလှည့်စားမှုမျိုး လုပ်နေတာလဲ... ဖြစ်နိုင်တာက... ' 


သူ၏မျက်လုံးများက ရန်လိုသော အရိပ်အယောင်များ ပေါ်ထွက်လာသည်။ 


ဗိုလ်မှူးက ဒေါက်တာဒူကန်းကို ကြည့်လိုက်ပြီးနောက် ချန်ကျီ နှင့်ရွှီယီ၏ တည်ကြည်သောမျက်နှာများကို ကြည့်လိုက်သည်။

" ခင်ဗျားတို့သုံးယောက် ဒီဘက်ကို ကြွခဲ့ကြပါဦး... " 


အခြေအနေအားလုံးကို ကောင်းစွာထိန်းချုပ်နိုင်ပြီဟု သူထင်ခဲ့သော်လည်း ဤလူသုံးယောက် ပေါ်ထွက်လာခြင်းက သူ့ကို မရေရာလှသော စိတ်ကသိကအောက်မှု ဖြစ်စေသည်။ ထိုလူသုံးယောက်ကို ဦးဆုံးလူခွဲထုတ်ရမည်။ 


"မလာဘူး..."

ရွှီယီက အေးစက်စွာပြောလိုက်သည်။ သူက တစ်ဖက်လူ၏ ခြိမ်းခြောက်သောအရှိန်အဝါကို မခံစားရသည့်နှယ်ဖြစ်သည်။ 


အတိအကျပြောရလျှင် ဒေါက်တာဒူကန်းက ရွှီယီနှင့်ချန်ကျီ မည်သူဆိုသည်ကို မသိပေ။ သို့သော်လည်း ထိုသူနှစ်ယောက်က ကျွမ်းကျင်ပညာရှင်အဆင့် ဖြစ်သည်ကို သူအလိုလိုသိနားလည်ထားသည်။ 


သူက သူမသိသော ထိုလူနှစ်ယောက်ကို ဗိုလ်မှူးထက် ပို၍ယုံကြည်သည်။ သူက ထိုနှစ်ယောက်နောက်တွင် ပုန်းလိုက်ရင်းပြောလာသည်။

" ကျွန်တော် ဒီအာကာသယာဥ်ပေါ်မှာပဲနေမယ်... ကျွန်တော်တခြား ဘယ်မှမသွားဘူး... ကျွန်တော် မြို့တော်ဂြိုဟ်ကိုပဲသွားမယ်..." 


ဗိုလ်မှူး၏ နားထင်နှစ်ဖက်မှာ ကိုက်ခဲလာသည်။

" ဒေါက်တာဒူကန်း... ကျွန်တော် ဒီကိုလာတာ ခင်ဗျားလုံခြုံဖို့ပဲ... " 


ဒေါက်တာဒူကန်းက ပြန်ပြောလိုက်သည်။

" ကျွန်တော် ဒီမှာ လုံခြုံပါတယ်... " 


ထိုအခိုက်အတန့်တွင် အာကာသယာဥ်၏ ယာဥ်မောင်းသူမှာ ရန်လိုသော အမူအရာနှင့် ချဥ်းကပ်လာပြီး ဗိုလ်မှူးအနားသို့ကပ်ကာ တီးတိုးပြောလိုက်သည်။

" ဒီအာကာသယာဥ်က ချို့ယွင်းနေပြီ... မဟုတ်သေးဘူး... ပြောရမှာက ဒီယာဥ်ကို ကျွန်တော်လုံးဝထိန်းချုပ်လို့မရဘူး... " 


သူမည်မျှပင် ထိန်းချုပ်ဆောင်ရွက်သည်ဖြစ်စေ အာကာသယာဥ်က သူခိုင်းစေသမျှကို ရိုးရှင်းစွာပင် မတုံ့ပြန်ချေ။ 


ဗိုလ်မှူး၏ မျက်နှာမှာ ရုတ်တရက်တင်းမာသွားသည်။

" ကပ္ပတိန်ဆိုတဲ့ကောင်က ငါတို့ကို လိမ်တယ်ပေါ့..." 


သူတို့ ပဲ့ထိန်းခန်းသို့ ပြေးမသွားမီ ရွှီယီက စကားပြောလိုက်သည်။

" အဲ့ဒါကို ကပ္ပတိန် လုပ်တာမဟုတ်ဘူး... ငါလုပ်ထားတာ... ငါမြို့တော်ဂြိုဟ်ကို သွားရမယ်... နားလည်လား..." 


သူက သက်ပြင်းချလိုက်သည်။

"ငါတို့ အချိန်တွေ အများကြီးပုပ်ကုန်ပြီ... ခဏလောက် အေးအေးနေလို့မရဘူးလား... ငါတို့က တကယ်အလျင်လိုနေတာ... ဆာ့ဆာ့နဲ့ တခြားလူတွေ စိတ်ပူနေလောက်ပြီ..." 



💫💫💫