Chapter 44
Viewers 3k

💫 Chapter 44



ရွှီယီက ပိတ်ဆို့ထားသော သူ၏စိတ်ဝိညာဉ်စွမ်းအားကို ယခုအချိန်တွင် အသုံးမပြုလိုသေးပေ။ ထို့ကြောင့် သူ၏စိတ်ဝိညာဉ်အာရုံကို အသုံးပြု၍ ယာဥ်မောင်းနှင်သူ၏ နေရာနှင့် ချိတ်ဆက်ထားပြီး အာကာသယာဥ်က မြို့တော်ဂြိုဟ်သို့ ဦးတည်ထားကြောင်းကို သေချာစေခဲ့သည်။ 


သိပ္ပံနည်းကျဆောင်ရွက်နေသော အာကာသယာဥ်မှူးတယောက်က ရွှီယီလုပ်ဆောင်ထားသော စိတ်ဝိညာဥ်အာရုံ၏ အတားအဆီးများကို ချိုးဖျက်၍ အာကာသယာဥ်ကို အခြားတစ်ဖက်သို့ ဦးတည်စေရန်တတ်စွမ်းနိုင်မည့်ပုံမပေါ်ချေ။ 


ကပ္ပတိန်က သူ၏ ယာဥ်မောင်းနိုင်မှုဆိုင်ရာအခွင့်အာဏာများကို လွှဲအပ်ခဲ့ပြီဟု တွေးထင်ခဲ့သော်လည်း အမှန်တကယ် အခွင့်အာဏာရှိသူမှာ ရွှီယီဖြစ်နေခဲ့သဖြင့် ထိုသူများမှာစိတ်ရှုပ်ကုန်ကြသည်။ 


အစစ်အမှန်ဖြစ်စေ၊ အလိမ်အညာဖြစ်စေ ကင်းလှည့်တပ်ဖွဲ့များ၏ ဟန်ဆောင်မှု၊ သစ္စာဖောက်ခြင်း၊ ပူးကပ်တိုက်ခိုက်ခြင်း စသည်များကို သူလုံးဝစိတ်မဝင်စားပေ။ ပြီးခဲ့သည့်အဖြစ်အပျက်တွင် အကယ်၍သာ သူတို့ကိုယ်တိုင် ဖြေရှင်းနိုင်ခဲ့လျှင် ရွှီယီက ဝင်ပါမည်မဟုတ်ချေ။ သူ့အနေဖြင့် အခြားသူများနှင့် အကြောင်းအကျိုးပတ်သက်ဆက်နွှယ်မှု နည်းလေကောင်းလေသာဖြစ်သည်။ 


ရွှီယီက ထိုလူစုကိုပစ်ထားခဲ့မည်ဖြစ်ပြီး ဖက်ဒရေးရှင်းအဖွဲ့မှ ထိုကိစ္စကို ကိုင်တွယ်ဖြေရှင်းနေစဥ် သူမြို့တော်ဂြိုဟ်သို့ သွားမည်ဖြစ်သည်။ မည်သို့ဆိုစေကာမူ ဤလူစုကြီးနှင့်ပတ်သက်၍ ကိုင်တွယ်ဖြေရှင်းရန် လိုအပ်နေသည်။ 


ခရီးသည်အခန်းထဲရှိလူများက တစ်စုံတစ်ရာမှားယွင်းနေသည်ဟု မရေမရာခံစားချက်မျိုးရနေသော်လည်း ရွှီယီ၏ စကားလုံးများကို ကြားလိုက်သောအခါ သူတို့စိတ်ထဲတွင် တံထွေးနှင့်ထွေးရုံမှအပ မတတ်နိုင်ခဲ့ကြပေ။

'အလျင်လိုလား မလိုဘူးလားဆိုတာက မေးခွန်းမဟုတ်သေးဘူးနဲ့တူတယ်နော်...' 


ပဲ့ထိန်းခန်းထဲမှ ကပ္ပတိန်ပြေးထွက်လာသည်။

"အားလုံးသတိထားကြ... သူတို့က ကင်းလှည့်တပ်ဖွဲ့က မဟုတ်ဘူး..." 


ကင်းလှည့်တပ်ဖွဲ့မှ ယာဥ်မောင်းနှင်သူက ထူးထူးဆန်းဆန်း အမူအရာတစ်ခု ပြုမူလိုက်သည်ကို မြင်လိုက်၍ ကပ္ပတိန်က စတင်၍ သံသယဝင်လာခဲ့ပြီး မြို့တော်ဂြိုဟ်ရှိ ဆက်သွယ်ရေးမျှော်စင်နှင့် အနီးအနားရှိ ကင်းလှည့်တပ်ဖွဲ့များကို ဆက်လက်၍ ဆက်သွယ်ကြည့်နေခဲ့သော်လည်း ဆက်သွယ်ရေးလမ်းကြောင်းမှာ ထိန်းချုပ်ခံထားရဆဲ ဖြစ်သည်။ ထို့နောက် အချက်ပြဆက်သွယ်မှုကို ထပ်မံစစ်ဆေးခဲ့ရာ အချက်ပြခြင်း၏ချိတ်ဆက်မှု ပြတ်တောက်နေခဲ့သည်မှာ ကြာမြင့်ပြီဖြစ်သည်။ 


ကပ္ပတိန်၏ ကျောကုန်းတွင် ဇောချွေးများပြန်လာသည်။ 

'အခုဝင်လာတဲ့ ကင်းလှည့်တပ်ဖွဲ့ဆိုတာက ဘယ်သူတွေလဲ…' 


ပြင်ပအကူအညီတောင်းဆိုရန်အတွက် သူခေါ်ဆိုနေချိန်ကတည်းက ဆက်သွယ်ရေးစနစ်က ပြတ်တောင်းပြတ်တောင်း ဖြစ်နေသည်ကို သတိထားမိခဲ့သည်။ သို့သော်လည်း ဖက်ဒရေးရှင်း၏ ဆက်သွယ်ရေးစနစ်က ဤသို့ပင် အမြဲဖြစ်နေသည်လား မသိတော့ပေ။


ဖြစ်နိုင်သည်မှာ ထိုအချိန်တွင် ဖက်ဒရေးရှင်း၏ ဆက်သွယ်ရေးစနစ်ကို မချိတ်ဆက်မိဘဲ ကင်းလှည့်တပ်ဖွဲ့အတုကို ဆက်သွယ်မိခဲ့ပုံရသည်။ အကယ်၍ သူက အဖွဲ့ကြီး၏ ဆက်သွယ်ရေးမျှော်စင်ကိုသာ မဆက်သွယ်နိုင်ခဲ့လျှင်... 


မည်သို့ပင်ဆိုစေကာမူ တစ်ဖက်အဖွဲ့က သူ့ကို ဘေးအန္တရာယ်အချက်ပြ ထုတ်လွှင့်မှု အောင်မြင်သည်ဟု ယူဆအောင် လှည့်စားနိုင်ခဲ့သည်။ 


ကပ္ပတိန်မှာ နောင်တကြီးစွာရနေသည်။ သူကသာ မြေခွေးကို အိမ်ထဲဝင်ရန် လမ်းမပြခဲ့လျှင် သူတို့ လွတ်မြောက်ရန် အခွင့်အရေး ရှိနိုင်ပေသည်။ 


'ကဲ အခုတော့ ဘာမှမတတ်နိုင်တော့ဘူး... ရန်သူတွေက အထဲထိရောက်နေပြီဆိုတော့ နတ်ဘုရားလောက် အားကောင်းတဲ့ပုဂ္ဂိုလ်မှပဲ ဒီအာကာသယာဥ်ကို ကယ်နိုင်တော့မှာပဲ...' 


သူလုပ်နိုင်သမျှမှာ ဒေါက်တာဒူကန်းနှင့် အခြားခရီးသည်များ လိမ်ညာခံလိုက်ရခြင်းမှ ကယ်တင်နိုင်ရန်အတွက် အမှန်အတိုင်းပြောရန်သာ ရှိသည်။ 


အာကာသယာဥ်ပေါ်သို့ တက်ရောက်လာကြသော ကင်းလှည့်တပ်ဖွဲ့ယောင်ဆောင်ထားသူများက အချင်းချင်း မျက်စပစ်ကာ အချက်ပြလိုက်ပြီး ရုတ်တရက်ဆိုသလိုပင် သူတို့၏ မက်ခါများကို တပ်ဆင်လိုက်ကြသည်။ သူတို့က လက်နက်များကို ဆွဲထုတ်လိုက်ပြီး ခရီးသည်တစ်စုကို သူတို့ထိန်းချုပ်နိုင်ရန် ပထမဆင့်အနေဖြင့် ကြိုးပမ်းလိုက်သည်။ အစပိုင်းတွင် သူတို့က ခရီးသည်များ စိတ်တည်ငြိမ်သွားရန် အနုနည်းသုံးပြီး လုယက်မည်ဟု ရည်ရွယ်ထားသော်လည်း မမျှော်လင့်ဘဲ ထင်ထားသည်ထက် လျင်မြန်စွာ ဖော်ထုတ်ခံလိုက်ရသောကြောင့် ရွေးချယ်စရာ မရှိတော့ဘဲ အကြမ်းနည်းကိုသာ သုံးလိုက်ရသည်။ 


ဤသာမာန်ပြည်သူများက အရေးမပါလှသော်လည်း မည်သည့်နည်းဖြင့်ဖြစ်စေ သူတို့က အာကာသယာဥ်ပေါ်တွင် ရောက်ရှိနေပြီဖြစ်သည်။ 


ကင်းလှည့်တပ်ဖွဲ့မှ လူများက အာကာသဓားပြများ အဘယ်ကဲ့သို့ဖြစ်ပျက်သွားသည်ကို မသိပေ။ ဓားပြများမှာ ယခင်က အလွန်အမင်း ချဲ့ကားကြွားဝါခဲ့ကြသော်လည်း အစစ်အမှန် ခွန်အားရှိသူနှငိ့ ရင်ဆိုင်ရသောအခါ သူတို့အားလုံး၏ အဆုံသတ်မှာ ဆိုးဝါးလှသည်။ ဓားပြအများစုက ချေမှုန်းရှင်းလင်းခံခဲ့ရပြီး ကျန်သူများမှာလည်း အဖမ်းခံခဲ့ရသည်။ ထိုအရှုံးသမားများအကြောင်းကို ဤထက်ပိုသိပြီးမှ သူတို့ အလုပ်လုပ်သင့်ပေသည်။


အစကတည်းက ဒူကန်း၏ လက်ထဲတွင် ကတ်များရှိနေသည်မှာ ဖြစ်ကောင်းဖြစ်နိုင်သည်။ သို့သော်လည်း ထိုကတ်များကို သုံးနိုင်လိမ့်မည်ဟု သူတို့ မယုံကြည်ခဲ့ကြပေ။ ထိုကဲ့သို့ဖြစ်ခဲ့လျှင်လည်း ဒူကန်းအနေဖြင့် မြို့တော်ဂြိုဟ်သို့ တိုးတိုးတိတ်တိတ်သွားမည် မဟုတ်သလို  ယခုကဲ့သို့ ရုပ်ဖျက်ရန်လည်း လိုအပ်မည်မဟုတ်ချေ။ 


ကံဆိုးစွာဖြင့်ပင် အဖမ်းခံထားရသူများမှာ စကားပင်ပြော၍မရသောကြောင့် ထိုသူများအား အမှန်တရားကို မပြောကြရတော့ပေ။ 


ထို့နောက် သူတို့မှာ ရွှီယီက အနက်ရောင် ရိုးရိုးဓားတစ်ချောင်းအား ဆွဲထုတ်လိုက်သည်ကို မြင်လိုက်ရသည်။ ဧား၏ မျက်နှာပြင်က အနက်ရောင် ဖြစ်သော်လည်း ဓားသွား၏ထက်မြမှုကို မှိန်ကျသွားအောင် မလုပ်နိုင်ပေ။ 


ဗိုလ်မှူးက တောင့်တင်းသွားပြီးနောက်မှ ရယ်မောလိုက်သည်။

"မင်းက အရူးပဲ မဟုတ်ဘူးလား...ဒါမှမဟုတ် ဇာတ်ဆောင်ပုံတူသရုပ်ဆောင်နေတာလား... ဒီလို ရိုးရိုးဓားတစ်ချောင်းလေးနဲ့ ငါတို့ကို ပြန်ချဖို့ မင်း မစဥ်းစားပါဘူးနော် ဟုတ်လား..." 


သူ့အမေးအတွက် အဖြေမှာ ဓားသွား၏ အေးစက်ထက်မြသော အထိအတွေ့ဖြစ်သည်။ 


၎င်းက ဓားပြားတစ်လက်မျှသာ ဖြစ်ပြီး ရွှီယီကလည်း ရိုးရိုးရှင်းရှင်းပင် လွှဲယမ်းသော လှုပ်ရှားမှုကို ပြုလုပ်လိုက်သည်။ 


သူ့လက်ထဲမှဓားက ကိုယ်ပိုင်အသိဥာဏ် ရှိသည့်နှယ်ပင် လက်ထဲမှ တည့်တည့်မတ်မတ် ပြေးထွက်လာသည်။ ကင်းလှည့်တပ်ဖွဲ့မှ လူအားလုံးမှာ ကြက်သွန်မြိတ်များသဖွယ် ခံစားလိုက်ရသည်။ သူတို့၏ မက်ခါအားလုံးမှာ အက်ကွဲကုန်သည်။ လက်နက်ကိုင်ဆောင်ထားသူများမှာလည်း လက်နက်များကိုသာမက ကိုင်ဆောင်ထားသော လက်များကိုပါ ခုတ်ဖြတ်ချခံလိုက်ရသည်။ ဓားမှာ အလွန်မြန်ဆန်သောကြောင့် ရွှီယီ တစ်ချက်ဝှေ့ယမ်းလိုက်သည့် အချိန်ခဏအတွင်းမှာပင် သူတို့၏လက်မောင်းများ ပြတ်ကျသွားကာ သွေးများပန်းထွက်လာခြင်းဖြစ်သည်။ 


နောက်တစ်ခဏအတွင်းမှာပင် ဓားက ရွှီယီ၏လက်တွင်းသို့ ပြန်ရောက်သွားပြီး သူ၏ပုံသဏ္ဍာန်မှာလည်း ကြည့်လိုက်လျှင် ရိုးရိုးသာမာန်ဓားတစ်လက်မျှသာ ဖြစ်သည်။ 


အကယ်၍ တောက်ပသော အလင်းတန်းတစ်ခုကြောင့်သာ မဟုတ်ပါက ထိုဓားကိုဖြတ်ကျော်မိလျှင် သာမန်ဓားတစ်စင်းအဖြစ်သာ တုံ့ပြန်ကြပေလိမ့်မည်။ 


ကင်းလှည့်တပ်ဖွဲ့ဟု ဆိုခဲ့သူများက ကြမ်းပြင်ပေါ်တွင် လူးလွန့်နေကြပြီး အော်ဟစ်မြည်တမ်းနေကြသည်။ အထူးပြောရန်မလိုသော အချက်မှာ သူတို့အသက်ရှင်နေသမျှ ကာလပတ်လုံး နေ့အလင်းရောင်အောက်ပင်ဖြစ်စေကာမူ ရွှီယီက သူတို့ကို ခြောက်လှန့်နေတော့မည်ဖြစ်သည်။ 


ရွှီယီ သူတို့ကိုမသတ်ခြင်းမှာ စုန့်နင်ဖုန်းနှင့်အခြားသူများ၏ စကားကို နားထောင်သောကြောင့်ဖြစ်သည်။ ထိုအကြောင်းမှာ ဤကမ္ဘာက တရားဥပဒေ စိုးမိုးသောနေရာဖြစ်ပြီး တစ်စုံတစ်ဦးကို သတ်ဖြတ်ခြင်းက ပြဿနာတစ်ရပ်ဖြစ်နိုင်သည်ဟူ၍ ဖြစ်သည်။ ရင်ဆိုင်တိုက်ပွဲအတွင်း၌ အစွန်းရောက်ဝါဒီ ရာဇဝတ်ကောင်များ၊ အာကာသဓားပြများ၊ သူပုန်များစသည်တို့ကို သတ်ဖြတ်မိလျှင်ပင် ထိုအပြစ်မှ လွတ်ငြိမ်းချမ်းသာခွင့်ရရန် လုပ်ထုံးလုပ်နည်းများစွာကို လိုက်နာဆောင်ရွက်ရမည်ဖြစ်သည်။ ရွှီယီအနေဖြင့်လည်း မြို့တော်ဂြိုဟ်သို့ လာရာလမ်းတွင် ပြဿနာ မဖြစ်လိုပေ။ ထို့ကြောင့် ဒဏ်ရာရစေရုံမျှသာ တိုက်ခိုက်ပြီး ရွှီယီက ဓားကို သိမ်းဆည်းလိုက်ခြင်းဖြစ်သည်။ 


ရွှီယီက ချန်ကျီကို မျက်ရိပ်ပြလိုက်သည်။ ချန်ကျီက ဒဏ်ရာရနေသူအားလုံးကို ချက်ချင်းပင် တုပ်နှောင်လိုက်ပြီး ဆရာသခင်၏ အနားယူမှုကို အနှောင့်အယှက် မဖြစ်စေရန် နှုတ်ပိတ်မန္တန်ကိုပါ အသုံးပြုလိုက်သည်။ 


ကင်းလှည့်တပ်ဖွဲ့ဝင်များအားလုံးက ကြောက်မက်ဖွယ်ကောင်းသောသူများ ဖြစ်ကြသော်လည်း ရွှီယီ၏ဓားက တစ်ယောက်ကိုမျှ လွဲချော်မသွားခဲ့ချေ။ ထို့အပြင် တစ်ချိန်တည်းမှာပင် ခရီးသည်အခန်းထဲတွင် အတူရှိနေသော ခရီးသည်များနှင့် အာကာသယာဥ်မှ အဖွဲ့သားများကို

လုံးဝ မထိခိုက်စေရုံသာမက ယာဥ်အတွင်းရှိ အသုံးအဆောင်ပစ္စည်းများကိုပင် ခြစ်ရာတစ်ခု မထင်စေခဲ့ပေ။ 


ချန်ကျီမှာ နှလုံးသားထဲမှ နှစ်ထောင်းအားရပီတိဖြစ်စွာ သက်ပြင်းတချက်ချလိုက်သည်။

'ဆရာရဲ့ ဓားရေးအစွမ်းက ထပ်ပြီး တိုးတက်လာတာပဲ…' 


'ဆရာကိုယ်တိုင်ကလည်း ကျင့်ကြံအားထုတ်မှုကို အပျက်မခံဘူး... သူ့ရဲ့နတ်ဓားကလည်း ဟိုးအရင်ကတည်းက ဓားဝိညာဥ်ရှိတဲ့ ရှေးဟောင်းဓားဆိုတော့ နှစ်မျိုးပေါင်းပြီး နှစ်ဆတောင် ပိုတိုးတက်လာတာပဲ... ဒီနက်ရှိုင်းတဲ့ဓားချက်တွေက အားကောင်းပြီး သေစေနိုင်အောင် တိုက်ခိုက်ပေမယ့်လည်း လေညှင်းလေး တိုက်လိုက်သလိုပဲ... နှစ်ခြမ်းကွဲသင့်တဲ့လူကို အညှာအတာမရှိ တိုက်ခိုက်နိုင်တာထက် မဆိုင်တဲ့ ဘေးကလူတွေ မထိခိုက်မိအောင် ဓားကို ထိန်းချုပ်ထားနိုင်တာက အခက်ခဲဆုံးအပိုင်းပဲ... ဒီလိုမျိုး အသေးစိတ်ကျတဲ့ တိုက်ခိုက်မှုမျိုးကို ထိန်းချုပ်နိုင်တဲ့သူကပဲ ဓားနတ်ဘုရား ဖြစ်လာနိုင်တာ...' 


ကျန်ရှိနေသောသူများက ဖြစ်ပျက်သွားသည်များကြောင့် ကြက်သေသေနေကြဆဲ ဖြစ်သည်။ 


ကင်းလှည့်တပ်ဖွဲ့၏ သစ္စာမဲ့သော ပြောင်းလဲမှုကြောင့် သူတို့ စိတ်နှလုံးတုန်လှုပ်နေဆဲ အချိန်ခဏအတွင်းမှာပင် တပ်ဖွဲ့ဝင်များက ဒဏ်ရာရကုန်ကြပြီး ဖမ်းဆီးခံလိုက်ရာ အာကာသဓားပြများနှင့်အတူ ခွေးသေကောင်များနှယ် ချည်နှောင်ထားခံလိုက်ရပြီဖြစ်သည်။ 


'ဘာလဲ... ဘာတွေဖြစ်ကုန်တာလဲ...'


သူတို့ဦးနှောက်က နောက်ဆုံးတွင် တုံ့ပြန်လာနိုင်ပြီ ဖြစ်သော်လည်း သူတို့က စွမ်းဆောင်ရည် နောက်ကျနေပုံရသည်။ ထို့အပြင် မည်သူမျှ မလှုပ်ရဲကြပေ။ လေးစားမှုထက် ကြောက်ရွံ့မှုက ပိုကြီးသွားပြီ ဖြစ်ရကား ဓားပြများအား နှိမ်နင်းလိုက်စဥ်ကကဲ့သို့ ရွှီယီအနီးသို့ မည်သူမျှ ပြေးမသွားရဲကြပေ။ 


ခရီးသည်အခန်းထဲတွင် ရှိနေသော မက်ခါတိုက်ခိုက်ရေးသမားများက ချန်ကျီ၏ တိုက်ခိုက်မှုကို မြင်ခဲ့ကြသည်။ ထိုစဥ်က သူတို့မှာ ချန်ကျီက သာမာန်လူမဟုတ်ကြောင်းထက် ပို၍ မတွေးမိခဲ့ကြချေ။ ယခုမူ ချန်ကျီထက်ပင် စွမ်းအားမြင့်လှသော လူသားမဟုတ်နိုင်သော ဖြစ်တည်မှုက သူတို့ကို အံ့အားသင့်စေခဲ့သည်။ 


ထို့နောက် ချန်ကျီကပြောလိုက်သည်။

 "အားလုံးပဲ လူစုခွဲပြီးတော့ ကိုယ့်နေရာကို ပြန်သွားကြပါ... ကျွန်တော်တို့ မကြာခင် မြို့တော်ဂြိုဟ်ကို ရောက်တော့မှာပါ..." 


ချန်ကျီ၏စကားကိုကြားကြသော ခရီးသည်ခန်းထဲရှိ လူစုက တောင့်တင်းသော အမူအရာများနှင့် မိမိတို့၏ ထိုင်ခုံနေရာများဆီသို့ ပြန်သွားကြပုံမှာ ကောင်းမွန်သော အပြုအမူဆိုသည်ထက် သံပတ်အပေးခံရသော စက်ရုပ်များ သွားလာလှုပ်ရှားနေသည်နှင့်သာ ပို၍ဆင်တူနေသည်။ 


ဤလူနှစ်ဦးက လူဆိုးများမဟုတ်သလို သူတို့ကို တိုက်ခိုက်မည်မဟုတ်ကြောင်း သိကြသော်လည်း ထိုသူတို့၏ ရှင်းပြရန် ခက်ခဲလှသော တိုက်ခိုက်နိုင်မှုစွမ်းရည်ကြောင့် ခြိမ်းခြောက်မခံရပါဟု ပြောရန် ခက်လှသည်။ 


ကပ္ပတိန်က ရွှီယီကို ကြောင်ကြည့်နေဆဲပင်။ 


ရွှီယီက သူ့ကို တစ်ချက်ကြည့်လိုက်သည်။

"တခြားကိစ္စရှိသေးတာလား..." 


ကပ္ပတိန်- "ခင်ဗျား လက်နက်ယူလာတာကို သတင်းမပို့ခဲ့ဘူးမလား... လုံခြုံရေးတွေကို ခင်ဗျား ဘယ်လိုဖြတ်ပြီး ဒါကို ယူလာတာလဲ..." 


ရွှီယီ- "..." 

'အာ... နောက်ဆုံးကျတော့လည်း တမင်တကာလုပ်တာ မဟုတ်ဘဲနဲ့ စည်းကမ်းဖောက်မိသွားတာလား..' 


ရွှီယီ၏ မျက်နှာက များသောအားဖြင့် မည်သည့် အမူအရာမျှ ပြလေ့မရှိသော်လည်း အမှန်တွင် သူက တောင့်ခဲနေခြင်းပင်။


မေးခွန်းမေးပြီးသည်နှင့် ကပ္ပတိန်က အချိန်သုံးစက္ကန့်ခန့် နောက်ပြန်ဆုတ်ကာ ကိုယ့်ကိုယ်ကို ရိုက်သတ်ချင်စိတ် ပေါ်လာသည်။

'ငါ ဘာတွေလုပ်နေတာလဲ... အဲ့ဒါက ဦးနှောက်မှန်တဲ့သူတွေ လုပ်တာလား... သူ့ဟာသူ စာရင်းသွင်း မသွင်းသွင်း လုံခြုံရေးစစ်ဆေးမှုကို ဘယ်လိုဖြတ်ဖြတ် ငါနဲ့ဘာဆိုင်လဲ... ငါ ဘာတွေများ ပြောနေတာလဲကွာ...' 


အမှန်မှာ ကပ္ပတိန်က ရွှီယီကို စိုက်ကြည့်ရင်း နစ်မျောနေစဥ် ရွှီယီက သူ့ကို မေးလိုက်ရာ ထိတ်လန့်သွားပြီး မမေးသင့်သော မေးခွန်းက လွှတ်ခနဲ ထွက်သွားခြင်းဖြစ်သည်။ 


ရွှီယီ၏ မျက်နှာအမူအရာမှာ အနည်းငယ် ပို၍ အေးစက်သွားသည်ကို သတိထားမိပြီး ကပ္ပတိန်မှာ ပို၍ပင် နောင်တရလာတော့သည်။

'အိုး ဒါက... သူ တွေ့ကရာလူကိုတော့ မသတ်လောက်ပါဘူးနော် ဟုတ်လား...' 


ရွှီယီ၏ ဘေးတွင်ရှိသော ဒူကန်းက အခြေအနေကို မြင်လိုက်ပြီး ကြားဖြတ်ဝင်ပြောလိုက်သည်။

"လက်နက်လား... ဘာလက်နက်လဲ... ကျုပ်လူတွေနဲ့အတူ ယူလာတဲ့ မက်ခါတွေကို ပြောနေတာလား... အဲ့ဒါတွေ အားလုံးက လိုင်စင်ယူထားပြီးသားပါ... ဘာမှမဖြစ်ဘူး.." 


ရွှီယီနှင့် ချန်ကျီက သူတို့၏ဓားများကို သေချာစွာ ဖုံးကွယ်ထားခဲ့ကြသောကြောင့် မည်သည့်လုံခြုံရေးစစ်ဆေးမှုကမှ သူတို့ကို မဖော်ထုတ်နိုင်ခဲ့ပေ။ ထို့အပြင် မည်သူကမှ လျှို့ဝှက်ဆန်းကြယ်သော အစွမ်းရှိသူနှစ်ဦးကို စိတ်အနှောင့်အယှက်ပေးလိုစိတ် မရှိကြရာ အားလုံးက မျက်စိကန်းချင်ယောင်ဆောင်၍ ထွက်သွားကြလေသည်။ ထိုလက်နက်များက သာမာန်လူများကို နာကျင်စေရန်အတွက်မဟုတ်ဘဲ အပြစ်ရှိသူများကို တိုက်ခိုက်ကာ ဒဏ်ရာရစေရန် သို့မဟုတ် အာကာသယာဥ်ငယ်များနှင့်အတူ ဟင်းလင်းပြင်ထဲတွင် ပျောက်ဆုံးသွားစေရန်အတွက်သာ ဖြစ်သည်။ 


အကယ်၍ ဖက်ဒရေးရှင်းပြည်ထောင်စုကြီးထဲမှ ရာထူးမြင့်မားသူ တစ်ဦးဦးက ရွှီယီတို့နှစ်ဦးကို အမှန်တကယ် အနှောင့်အယှက်ပေးချင်လာလျှင်ပင် ဒေါက်တာဒူကန်းက ထိုသူကို နှောင့်ယှက်ရန် အခွင့်အရေးပေးမည် မဟုတ်ပေ။ 'ဘယ်သူက နောက်ခံမရှိဘဲ ကောင်းကောင်း နေနိုင်မှာလဲ...' 


ကပ္ပတိန်၏ အသိစိတ်တွင် သတိဝင်လာပြီး ပုံမှန်အခြေအနေသို့ ရောက်လာသည်။ ထိုအချိန်တွင် တစ်စုံတယောက်ကလည်း ထွက်ပေါက်ကို ဖွင့်ပေးလိုက်ရာ ခပ်သွက်သွက်ပင် တုံ့ပြန်စကား ဆိုလိုက်သည်။ "ဟုတ်ကဲ့... ဟုတ်တာပေါ့... လိုင်စင်ရှိတော့ ကောင်းတာပေါ့..." 


ကပ္ပတိန်က ပဲ့ထိန်းခန်းထဲသို့ လှစ်ကနဲ ပြန်ပြေးသွားလေသည်။ 


ရွှီယီက ကျေးဇူးတင်စွာဖြင့် ဒူကန်းကို ခေါင်းညိတ်ပြလိုက်သည်။

 "ကျေးဇူးတင်ပါတယ်…" 


ဒူကန်းက အကြိမ်ကြိမ် လက်ကာပြလိုက်၏။

 "ရတယ်... ရတယ်... မဟုတ်တာ…" 


ဒီနေ့ရဲ့အခြေအနေအရဆိုရင် ဘယ်သူက ဘယ်သူ့ကို ကျေးဇူးတင်ကြောင်း ပြောသင့်တာလဲ…


ဒူကန်း၏ ခံစားချက်များမှာ လွန်စွာရှုပ်ထွေးနေသည်။ သူက သူ့ကိုယ်သူ အာကာသယာဥ်ပေါ်မှ လျှို့ဝှက်နက်နဲသော ဘော့စ်တစ်ယောက်သဖွယ် တွေးထင်ထားခဲ့သည်။ သို့သော် အံအားသင့်စရာကောင်းအောင် ဘော့စ်က အခြားတစ်ယောက်ဖြစ်နေပြီး သူကမူ လူပြက်တစ်ယောက် ဖြစ်နေခဲ့သည်။


"ခင်ဗျားတို့ကို ကျွန်တော်မေး.. အိုး... ကျွန်တော် ကိုယ့်ကိုယ်ကို မိတ်ဆက်ပါရစေ... ကျွန်တော်က ဒူကန်းပါ... ဆေးဝါးထုတ်လုပ်မှုဆိုင်ရာ သုတေသနတွေ အဓိကလုပ်ပါတယ်... ကျွန်တော် အထူးပြုလေ့လာတာကတော့ လူတစ်ယောက်ရဲ့ စိတ်ဝိညာဥ်ပင်လယ်ကို အဆင့်မြှင့်တင်ဖို့အတွက် အထောက်အကူပေးမယ့် ဆေးဝါးထုတ်လုပ်မှု သုတေသနပါ..." 


"နားလည်အောင်ပြောရမယ်ဆိုရင်တော့... စိတ်ဝိညာဥ်ပင်လယ်အဆင့်ဆိုတာ ဗီဇအဆင့်လိုပဲ လူတစ်ယောက်ရဲ့ မူလပင်ကိုစွမ်းရည်ပါပဲ... ဒါပေမဲ့ တချို့လူတွေက သူတို့ရဲ့ စိတ်ဝိညာဉ်ပင်လယ်အဆင့်ကို တိုးမြှင့်နိုင်တာ ဘာကြောင့်လဲ... တခြားကမ္ဘာက တချို့သားရဲကြီးတွေလည်း အဲ့အဆင့်ထိကို ကိုယ်ပိုင်ကျင့်ကြံမှုနဲ့ တိုးတက်ရောက်ရှိကြတာလည်းရှိတယ်... စျေးကွက်ထဲမှာ ရှိတဲ့ စိတ်ဝိညာဥ်စွမ်းအားမြှင့်တင်ပေးတယ်ဆိုတဲ့ ဆေးတွေမှာ ချို့ယွင်းချက်၊ အားနည်းချက်၊ ဘေးထွက်ဆိုးကျိုးတွေ အများကြီးရှိတယ်... ပြီးတော့ ကျွန်တော့်ရဲ့ သုတေသနမှာတော့ သိသိသာသာကို ရလဒ်ကောင်းတွေ ရထားတယ်..." 


သူ ကျွမ်းကျင်ပိုင်နိုင်သော နယ်ပယ်တွင်း ရောက်သွားသည်နှင့် ဒူကန်းက ရွှီယီတို့နှစ်ယောက်အပေါ် ပြုသင့်သော သိက္ခာစောင့်စည်းမှုတို့ကို မေ့လျော့သွားပြီး စကားအမျှင်မပြတ်ပြောသူအဖြစ်သို့ ပြောင်းလဲသွားတော့သည်။ သူ၏သုတေသနကို ရှင်းလင်းတင်ဆက်နေသည့်နှယ် သူ၏ သိပ္ပံဆိုင်ရာ စွမ်းဆောင်ချက်များအကြောင်းကို ခရားရေလွှတ် တွတ်တွတ်မြည်အောင် ပြောတော့သည်။ 


သူက လေလုံးထွားနေခြင်းမဟုတ်ဘဲ ထိုစိတ်ဝိညာဉ်ပင်လယ်အဆင့်ဆေးဝါးက အမှန်တကယ်ပင် သူ၏ ဂန္တဝင် လက်ရာမြောက် ပစ္စည်းဖြစ်သည်။ ထိုဆေးဝါးက ဖက်ဒရေးရှင်းပြည်ထောင်စုကြီး တစ်ဖွဲ့လုံးကို ကိုင်လှုပ်နိုင်ရုံမျှမက ကြယ်တာရာခေတ်၏သမိုင်းကိုပင် ပြောင်းလဲနိုင်ပေသည်။ 


ဒူကန်းက ဆေးဘူးတစ်ဘူးကို ရွှီယီနှင့် သူ့တပည့်အား လှမ်းပေးလိုက်သည်။

"ဒါက စိတ်ဝိညာဥ်ပင်လယ်အဆင့်မြှင့်ဆေးပါ... ဒါလေးက ကျေးဇူးတင်လို့ ကျေးဇူးဆပ်တဲ့သဘောနဲ့ ပေးတာမို့လို့ ကျေးဇူးပြုပြီး လက်ခံပေးကြပါ..." 


ဤဆေးဝါးအမျိုးအစားက စျေးကွက်တင်ပို့နိုင်သည်တိုင်အောင် အမြောက်အများ မထုတ်လုပ်သေးခြင်း ဖြစ်နိုင်သလို ယခုအချိန်တွင် ကုန်ကျစရိတ် အခက်အခဲကြောင့် အမြောက်အများ မထုတ်လုပ်နိုင်ခြင်းလည်း ဖြစ်နိုင်သည်။ ထို့ကြောင့် ဆေးပြွန်အနည်းငယ်ကို လက်ဆောင်အဖြစ် ပေးခြင်းက သူ့အတွက် အလွန်သင့်လျော်စေသည်။ 


အခြားသူများက မနာလိုစိတ်ကြောင့် အူများပင်စိမ်းပုတ်ကုန်ကြသည်။ သို့သော် ရွှီယီနှင့် ချန်ကျီ၏ သန်မာမှုမှာ သိသာထင်ရှားနေပြီဖြစ်ရာ မည်သူကမှ အရဲစွန့်၍ ရှေ့မတိုးရဲတော့ပေ။



💫💫💫