Chapter 45
Viewers 3k

💫 Chapter 45



ဒူကန်းက သူသည် ဆေးဝါးထုတ်လုပ်ဆိုင်ရာ သုတေသနပညာရှင်ဖြစ်ကြောင်း ပြောလိုက်ချိန်တွင် ချန်ကျီက သူ့ကို အနည်းငယ် စိတ်ဝင်စားသွားဟန်ဖြင့် ကြည့်လိုက်သည်။ သို့သော် စိတ်ဝိညာဥ်ပင်လယ်ကို အဆင့်တိုးမြှင့်နိုင်သော ဆေးဝါးကို ဖန်တီးခဲ့ကြောင်း ကြားလိုက်ရပြီးနောက် ချန်ကျီက စိတ်ပျက်လက်ပျက်နှင့် သူ့ခေါင်းကို ငိုက်စိုက်ချထားလိုက်သည်။

'သူ ဘယ်လောက် တော်ကြောင်း တတ်ကြောင်း စကားတွေအများကြီး ပြောနေပြီးတော့မှ ဘာလဲကွာ... ဒါက စိတ်ဝိညာဥ်အားဖြည့်ဆေးလုံးရဲ့ အစွမ်းလောက်ပဲ ရှိတဲ့ဟာကို…' 


"အာ... ကျွန်တော်တို့ ဒါကို မလိုပါဘူး..." 


"ဟမ်..."

ဒူကန်းမှာ သူ နားကြားမှားသွားသလားဟု ထင်မိသည်။ 


မြင့်မြတ်လှစွာသော ပုဂ္ဂိုလ်နှစ်ယောက်က ဟန်များနေခြင်းဖြစ်ပြီး ဆေးလေးတစ်ဘူးအတွက်နှင့် ရုတ်တရက်ကြီး ခခယယ မလုပ်ချင်ကြဟု ဒူကန်းက တွေးလိုက်မိသည်။ သို့သော် ဆေးဝါးလက်ဆောင်က ခင်မင်ခွင့်ရရန်အတွက် ကောင်းမွန်သော အဝင်လမ်းကြောင်း ဖြစ်သည်။

"မဟုတ်သေးပါဘူး... ခင်ဗျားတို့ စိတ်ဝိညာဥ်ပင်လယ်က ဘာဆိုတာတော့ သိတယ်မလား... အားကောင်းတဲ့ စိတ်ဝိညာဥ်ပင်လယ်ကို ပိုင်ဆိုင်ဖို့ဆိုတာ ဘယ်လောက်အရေးကြီးတယ်ဆိုတာရော သိလား... ဒါကလေ အပြင်မှာရောင်းနေတဲ့ အနုတ်စုတ်ကုတ်စုတ် ထုတ်ကုန်မဟုတ်ဘူး... ဒီဆေးကြောင့်သာ မဟုတ်ရင် အဲ့ဒီအာကာသဓားပြတွေက ကျုပ်နောက်ကို အရူးလို လိုက်နေကြမှာလား..." 


"ခင်ဗျားတို့အတွက် မလိုအပ်ဘူးဆိုရင်လဲ ခင်ဗျားတို့ရဲ့ သူငယ်ချင်းတို့ မိသားစုတို့ ရှိတာပဲ... သူတို့တွေတော့ လိုအပ်မှာပေါ့ဗျ မဟုတ်ဘူးလား... ယူလိုက်ပါ…" 


ဒူကန်းက 'ငါရူးရင်ရူး မရူးရင် သူတို့ရူးနေတာပဲ' ဟုသာ တွေးနိုင်တော့သည်။ 


ချန်ကျီက အရေးမကြီးဟန်ဖြင့် ခပ်ပေါ့ပေါ့ ပြောလိုက်သည်။

" အာ... တစ်ယောက်မှကို မလိုအပ်တာပါ... ကျွန်တော်တို့ဆီမှာ အဲ့ဒါတွေက ရှားပါးနေတာ မဟုတ်ဘူး... ပြီးတော့ ကျေးဇူးတင်လို့ဆိုပြီး ဘာလက်ဆောင်မှ ပေးနေစရာလည်း မလိုပါဘူး.." 


ဒူကန်းမှာ တောင့်တင်းသွားရသည်။ ဒူကန်းက သူ၏သုတေသနအကြောင်းကို ဖော်ထုတ်ပြောဆိုရာတွင် အထင်ကြီးစေရန် အပိုစာသားများ ထည့်ပြောခြင်း၊ လိမ်ညာအမွှန်းတင်ခြင်းများ မလုပ်ခဲ့သော်လည်း အနည်းငယ် ဟန်ကြီးပန်ကြီး ပြုမူခဲ့သည်ဟု ထင်ခဲ့မိသည်။ သို့သော်လည်း ယခုတွင် သူလုံးဝကို ကစားခံလိုက်သည်ဟု ခံစားနေရသည်။ 


တစ်ဖက်လူများကလည်း အမှန်တကယ်ပင် ဟန်ကြီးပန်ကြီး လုပ်နေခြင်းမဟုတ်ဘဲ သူတို့တွင် ထိုဆေးဝါးမျိုးက အမှန်ပင် မရှားပါးလှပေ။ အာကာသယာဥ်က မြို့တော်ဂြိုဟ်သို့ ရောက်ရှိပြီး ဆိပ်ကမ်းသို့ ဆိုက်ကပ်မိသည်နှင့် ရွှီယီနှင့် ချန်ကျီတို့ ထရပ်ကာ ထွက်ခွာသွားရန် အဆင်သင့်ဖြစ်နေကြသည်။ ဗရုတ်သုတ်ခဖြစ်မှုများ၏ နောက်ဆက်တွဲမှာ သူတို့အလုပ် မဟုတ်တော့ချေ။ 


ဒူကန်း-"..." 

'ဒီလောက်တောင် တည်ငြိမ်သူကြီးသူတွေပေါ့လေ...' 


ကျန်သောခရီးသည်များမှာ ယာဥ်အပိုင်စီးမှု၏ နောက်ဆက်တွဲဆိုးကျိုးအဖြစ် ရှင်းမပြနိုင်လောက်အောင် ရှုပ်ထွးနေသော ခံစားချက်များ ဖြစ်နေကြသည်။ လုံခြုံစိတ်ချစွာဖြင့် မြို့တော်ဂြိုဟ်သို့ ရောက်ရှိတော့မည်ဖြစ်၍ ပုံမှန်ဆိုလျှင် သူတို့အနေဖြင့် အားပေးကြွေးကြော်ကြရင်း အောင်ပွဲခံနေသင့်သော်လည်း ယခုအချိန်ထိတိုင်အောင်ပင် သူတို့ခမျာ မယုံကြည်နိုင်ကြသေးပေ။ 


အကယ်၍ ထိုကဲ့သို့ ကြီးမြတ်သော ပုဂ္ဂိုလ်များနှင့် ယာဥ်တစ်စီးတည်း စီးနင်းရမည်ဆိုလျှင် သူတို့အနေဖြင့် မည်သည့်အန္တရာယ်ကိုမျှ စိုးရိမ်ကြောက်ရွံ့နေရန် မလိုတော့သည့်အပြင် ထိုအန္တရာယ်ပြုမည့်အရာက သူတို့ကို အန္တရာယ်မပြုမီ သူ့တို့ကိုယ်သူတို့ ဦးစွာစိုးရိမ်ရပေလိမ့်မည်။ ထို့အပြင် လက်တွေ့ဘဝတွင် ကြုံတွေ့ရန် ခက်ခဲလှသော ရင်ဖိုလှုပ်ရှားစရာအကောင်းဆုံး ခရီးစဥ်မှ အခမဲ့ဖြစ်သည့်အပြင် အန္တရာယ်တစ်စိမရှိဘဲ ရလိုက်သော အတွေ့အကြုံများဖြင့် သူတို့၏ မိသားစုများနှင် မိတ်ဆွေအပေါင်းအသင်းများကို ကြွားဝါနိုင်ပေမည်။ ထို့ကြောင့် အံ့သြစရာကောင်းအောင်ပင် ထိုအခိုက်အတန့်လေးတွင် လူအများစုက ထိုသို့သော အဖြစ်အပျက်များ ထပ်ကြုံနိုင်ဦးမလားဟု တွေးမိကြလေသည်။ 


ကပ္ပတိန်က အခြေအနေအလုံးစုံကို မြို့တော်ဂြိုဟ်သို့ သတင်းပို့လိုက်ပြီး သူ၏ အာကာသယာဥ်အား မြို့တော်ဂြိုဟ်သို့ ဝင်ရောက်ခွင့်ပြုရေး နှင့် နောက်ပိုင်းလက်လွှဲပြောင်းယူမှု ရှိ/မရှိကိုပါ တစ်ပါတည်း အတည်ပြုချက် တောင်းလိုက်သည်။ 


ထိုအချိန် မြို့တော်ဂြိုဟ်တွင် အာဏာကုန်လွှဲအပ်လိုက်သော စစ်အုပ်ချုပ်ရေးအမိန့်ကို ထုတ်ပြန်ကြေညာလိုက်ပြီး ဆိပ်ကမ်းကိုလည်း ပထမတပ်မကြီးက တာဝန်ယူထိန်းသိမ်းလိုက်သည်။ 


ပြည်သူများက သတင်းများနှင့် ကောလဟလများကို နားထောင်ရုံသာ ထောင်နိုင်သော်လည်း ဖက်ဒရေးရှင်းပြည်ထောင်စု၏ အတွင်းပိုင်းကသာ ဤအခြေအနေမှာ မည်မျှအထိ အလေးအနက်ဖြစ်နေကြောင်း သိကြပေသည်။ 


နွေရာသီ နီးကပ်လာသည်နှင့်အမျှ အခြားကမ္ဘာမှ သားရဲကောင်ကြီးများ ထကြွသောင်းကျန်းလာကြပြီး ထိုအထဲတွင် ဖက်ဒရေးရှင်းပြည်ထောင်စုကြီးကိုယ်တိုင်ပင် မထိန်းသိမ်းနိုင်လောက်အောက် စွမ်းအားအကြီးမားဆုံးသော သားရဲကောင်ကြီးများလည်း ပါဝင်ပေသည်။ ထို့အပြင် B, C နှင့် D ဖွဲ့စည်းမှုစနစ်များအောက်ရှိ ဂြိုဟ်အတော်များများက သဘာဝဘေးအန္တရာယ်များ မကြာခဏ ကျရောက်လေ့ရှိသောကြောင့် အဆက်အသွယ် ပြတ်တောက်နေလေ့ရှိသည်။ အသက်ရှင်ရပ်တည်နိုင်ရေးအတွက် နွေရာသီနီးကပ်လာလေလေ အာကာသဓားပြများ၏ သောင်းကျန်းမှုများက သိသိသာသာ ပို၍များလာလေ ဖြစ်ပြီး ဤဖြစ်ရပ်တွင် သူပုန်များကိုလည်း ချန်လှပ်ထား၍ မရပေ။ 


မည်သို့ပင်ဖြစ်စေ ဖက်ဒရေးရှင်းပြည်ထောင်စုက သူတို့၏ လုပ်ဆောင်မှုပုံစံကို သတိရှိရှိ စောင့်ကြည့်နေခဲ့ပြီး သူတို့ထကြွသောင်းကျန်းလေ့ရှိသော အချိန်ပိုင်းရောက်တိုင်း သတိပေးချက်များ ထုတ်ပြန်လေ့ရှိသည်။ 


လက်ရှိအခြေအနေအရ ပြဿနာမှာ သူပုန်အဖွဲ့များနှင့် အာကာသဓားပြအဖွဲ့များက အချင်းချင်း လေးစားသမှု မရှိကြဘဲ မကြာခဏဆိုသလိုပင် D ဖွဲ့စည်းမှုစနစ်အတွင်း တိုက်ပွဲများ ဆင်နွှဲလေ့ရှိသည်။ 


သူပုန်များက သူတို့ကိုယ်သူတို့ စနစ်ကျသော စုစည်းမှုနှင့် စည်းကမ်းရှိသော အစုအဖွဲ့အဖြစ် ရှုမြင်ကြပြီး စည်းမဲ့ကမ်းမဲ့ ဗရုတ်သုတ်ခ လူစုကြီးဖြစ်သော အာကာသဓားပြများနင့် လားလားမျှမဆိုင်ဟု ယူဆကြသည်။ 


အကယ်၍ အာကာသဓားပြတစ်ဦးကို ဖမ်းမိလျှင် ထိုသူက သူမသေမချင်း သို့မဟုတ် တခြားတစ်ယောက်၏ သွေးများ သူ့လက်တွင် မစွန်းမချင်း မြို့တော်အပြစ်ဒဏ်ကို ကောင်းစွာ ခံယူပေးဆပ်မည် မဟုတ်ပေ။ လွတ်မြောက်ရန် အခွင့်အလမ်းမရှိသည့်တိုင်အောင် တစ်ကြိမ်ပြီးတစ်ကြိမ် ပုန်ကန်နေမည်သာဖြစ်သည်။ ဓားပြများက ကိုယ့်ဝမ်းဝရေး၊ ကိုယ့်အတ္တကိုသာ ဦးတည်ကြရာ တုံးအသောသူများ၏ အသက်ခန္ဓာများက သူတို့အတွက် အာရုံစိုက်ရန်အရာများ မဟုတ်ကြချေ။ 


ဖက်ဒရေးရှင်းအတွက် ဤသို့ သူတို့ချင်း မသင့်မတင့်ဖြစ်ကာ မကြာခဏ အချင်းချင်း တိုက်ခိုက်နေကြသော မြင်ကွင်းမျိုးက စိတ်ကျေနပ်စရာ ဖြစ်သည်။ ဤသည်က ဖက်ဒရေးရှင်း၏ လူသားအရင်းအမြစ် ကုန်ဆုံးမှုမှ သက်သာရာရစေသည်။ "အာကာသဓားပြများကို မသတ်ဘဲ အရှင်လတ်လတ် ဖမ်းဆီးရမိရေး" ကို ဖက်ဒရေးရှင်းဘက်မှ တမင်တကာ ဖြန့်ဝေနေသော်လည်း စိတ်ကူးအိမ်မက်မျှသာ ဖြစ်သည်။ 


သို့သော် ယခုတစ်ကြိမ်တွင် အာကာသဓားပြများနှင့် သူပုန်များက တစ်ကျိတ်တည်း တစ်ဉာဏ်တည်း ဖြစ်နေကြသည်။ သူတို့ သုံးနေကျ ယခင်နည်းလမ်းများအတိုင်း လုပ်ဆောင်မည့်အစား သူတို့ချင်း စုစည်းလိုက်ကြပြီး အဓိကကျသော ဂြိုဟ်များကို ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်ကာ ဖက်ဒရေးရှင်း၏ အင်အားကို တစစီ ပြန့်ကျဲစေခဲ့သည်။ 


သူတို့၏ အကြံအစည် အောင်မြင်နေသည်ကိုလည်း သံသယရှိရန် မလိုတော့ပေ။ 


သေချာသည်မှာ အခြားဂြိုဟ်များထက် မြို့တော်ဝမ်းဂြိုဟ်က အတိအကျပင် အစောင့်အကြပ် အထူထပ်ဆုံးသော ဂြိုဟ်ဖြစ်ပြီး အလုံခြုံဆုံးဖြစ်ရန် မျှော်လင့်ခဲ့ကြသည်။ သို့သော်လည်း သူပုန်များနှင့် ဓားပြများက မြို့တော်ဂြိုဟ် အနီးတစ်ဝိုက်ရှိ အချို့သော အာကာသယာဥ်များကိုလည်း တိုက်ခိုက်ခဲ့ကြပြီး ထိုယာဥ်များမှာ မခုခံနိုင်ကြဘဲ ပုန်ကန်သူများ၏ စီးနင်းခြင်းကို ခံလိုက်ရသည်။ ဤဖြစ်ရပ်ကို မြို့တော်ဂြိုဟ်ပေါ်တွင် ဖြစ်ပွားစေရန် စီစဥ်ခဲ့သူက ပိုမိုဆိုးဝါးသော ဘေးဒုက္ခဆီသို့ ဦးတည်ခဲ့သည်။ 


အချို့သောယာဥ်မှ စီးနင်းလိုက်ပါသူများက ပုန်ကန်သူများ၏လက်မှ သူတို့ကို ကယ်တင်မည်ဟု ယူဆခဲ့သော 'ကင်းလှည့်တပ်ဖွဲ့'အကြောင်းကို ယာဥ်ပေါ်မှဆင်းရန် မောင်းချခံရမှပင် သိကြတော့သည်။ 


အကယ်၍ အာကာသဓားပြများ၏ တပ်ဖွဲ့က ကင်းလှည့်တပ်ဖွဲ့အဖြစ် ဟန်ဆောင်ခဲ့လျှင်လည်း သာမာန်လူများ တစ်ချက်ကြည့်လျှင်ပင် ရှင်းရှင်းလင်းလင်း သိသာနေမည်သာဖြစ်သည်။ အာကာသဓားပြတစ်ယောက်၏ လူဆိုးဂိုဏ်းဝင်ဆန်သော အပြုအမူ အပြောအဆိုများကို တပ်ဖွဲ့ဝင်၏ တူညီဝတ်စုံဖြင့် ဖုံးကွယ်ထားရန် မဖြစ်နိုင်ပေ။ သူပုန်များကမူ အားသာချက်ရှိသည်။ ကင်းလှည့်တပ်ဖွဲ့အစစ်အမှန်များက ဘေးအန္တရာယ်အချို့တွင် ပြည်သူများနှင့် ရောနှောနေသော သူပုန်များကို ကယ်ဆယ်ခဲ့ဖူးရာ တပ်ဖွဲ့ဝင်များ၏ ပြုမူပြောဆိုပုံများကို ရင်းနှီးကျွမ်းဝင်ကြပြီး အမြန်ပင် အတုခိုးနိုင်ကြသည်။ ထို့ကြောင့် သာမာန်ပြည်သူများက ကွာခြားချက်များကို သိမြင်နိုင်ရန် အမှန်ပင် ခက်ခဲလေသည်။ 


ပုန်ကန်သူများက မြို့တော်ဂြိုဟ်အတွင်းထိအောင် ဝင်ရောက်ခြင်းကဲ့သို့ ရဲတင်းလှစွာ ပြုမူနိုင်ခဲ့သည်ဆိုသော စကားသာ ပေါက်ကြားသွားခဲ့လျှင် ဖက်ဒရေးရှင်းလက်အောက်ရှိ ပြည်သူများက ဖက်‌ဒရေးရှင်းကို အယုံအကြည်ရှိကြမည်မဟုတ်ပေ။ ပုန်ကန်သူများ ရောက်နေပြီဆိုသော ကောလဟလမျှနှင့်ပင် မြို့တော်သားများအဖို့ ကြောက်စိတ်မွှန်ရန် လုံလောက်နေပေသည်။ 


ထိုလျှို့ဝှက်ချက်ကို ထိန်းသိမ်းထားသော အချိန်ကာလတွင် ပထမတပ်မကြီးက အထူးတလည်ပင် လျင်မြန်စွာ တုံ့ပြန်ခဲ့ပြီး ပထမဆုံးရနိုင်သော အခွင့်အလမ်းတွင် ဆိပ်ကမ်းမှ ထွက်လာသော ပုန်ကန်သူများကို ရှင်းလင်းသုတ်သင်လိုက်သည်။ ထို့နောက် မြို့တော်ဂြိုဟ်တစ်ခုလုံးကို စစ်အုပ်ချုပ်ရေးလက်အောက်ကို ကျရောက်စေခဲ့သည်။ ၎င်းနောက်မှ ရောက်ရှိလာသော ကြယ်စင်အာကာသယာဥ်များက တင်းကျပ်စွာ စစ်ဆေးမှုကို ခံယူရပြီး မူမမှန်သော အာကာသယာဥ်မှန်သမျှကို ချက်ချင်းပင် ဖမ်းဆီးထိန်းသိမ်းလိုက်ကြသည်။ 


သူတို့က ဒေါက်တာဒူကန်း စီးနင်းလိုက်ပါလာသော အာကာသယာဥ်သည်လည်း ပျောက်ဆုံးနေပြီး အန္တရာယ်ကျရောက်နေနိုင်သည်ဟူသော သတင်းကို ရခဲ့ကြသည်။ သို့သော် သူတို့တတ်နိုင်သော နည်းလမ်းမရှိပေ။ မြို့တော်ဂြိုဟ်နှင့်အနီးတဝိုက်ဧရိယာက အလွန်ကြီးမားလှသည်မဟုတ်သော်လည် သေးငယ်သည်လည်းမဟုတ်သည့်အပြင် လက်ရှိလူစွမ်းအားအရင်းအမြစ်မှာလည်း ကန့်သတ်ချက်ရှိလေရာ အပြင်ဘက်သို့ထွက်၍ ရှာဖွေရန်အထိ လုံလောက်သော အင်အားမရှိပေ။ 


ဒူကန်းက အရေးကြီးသော်လည်း မြို့တော်ဂြိုဟ်၏ တိုက်ပွဲတွင်လည်း မရှုံးနိမ့်စေရန် အားစိုက်ရပေမည်။ 


သူပုန်များဘက်တွင်လည်း ထိုနည်းလည်းကောင်း ဖြစ်သည်မှာ သေချာသည်။ ဒေါက်တာဒူကန်းက သူတို့အစီအစဥ်၏ အစိတ်အပိုင်း တစ်ခုမျှသာ ဖြစ်သည်။ ဒူကန်း၏ သုတေသနမှာ အရေးပါလှသော်လည်း သူတို့မှာ ဒူကန်းကိုသာမကဘဲ အခြားသော လိုအပ်ချက်များအတွက်ပါ အခက်အခဲများစွာကို ကြုံတွေ့ခဲ့ရသည်။ သို့သော် သူတို့၏ ကောင်းစွာ စီစဥ်ထားသော အစီအစဉ်တွင် ဒေါက်တာဒူကန်းကလည်း မလွတ်မြောက်နိုင်ဘဲ အကယ်၍ သုတေသနပါ ပျောက်ကွယ်သွားခဲ့လျှင် အနည်းဆုံးတော့ မြို့တော်ဂြိုဟ်အနေဖြင့် ထိုသုတေသန၏ အသီးအပွင့်ကို ရရှိနိုင်ရန် နည်းလမ်းမရှိတော့ပေ။ 


အကျိုးဆက်အနေဖြင့် ခရီးသည်တင် ကြယ်စင်အာကာသယာဥ်တစ်စင်းထံမှ ဆိပ်ကမ်းသို့ ဆိုက်ကပ်ခွင့်ပြုရန် တောင်းဆိုထားသော အကြောင်းကြားချက်စာတိုတစ်စောင် ရောက်ရှိလာပြီး ထိုစာထဲတွင် သူတို့က တိုက်ခိုက်မှုနှစ်ခု ကြုံတွေ့ခဲ့ရပြီး နှစ်ခုလုံးကို ရင်ဆိုင်တိုက်ခိုက်နိုင်ခဲ့သည်ဟု ပါရှိလေသည်။ ထို့အပြင် ယာဥ်ပေါ်တွင် လိုက်ပါသူ အားလုံး အထိအခိုက်မရှိသလို ဒေါက်တာဒူကန်းလည်း လိုက်ပါလာကြောင်း သတင်းပို့လေသည်။


ထိုကဲ့သို့သော သတင်းမျိုးကို ကြားရသောအခါ ပထမတပ်မကြီးမှ လူများက မည်သို့တုံ့ပြန်ရမည်မသိ ဖြစ်သွားသည်။


'အပျော်လွန်သွားကြတာလား… လူတိုင်းဘေးကင်းခဲ့တာ အရမ်းကောင်းတယ် ဟုတ်လား…'


'ဟင့်အင်း... မဖြစ်နိုင်ဘူး... မဖြစ်နိုင်ဘူး... အဲ့ဒါက ခရီးသည်တင်တဲ့ အာကာသယာဥ်လေ... အဲ့လောက် လက်နက်မျိုးစုံနဲ့ အတိုက်ခံရတာ မဖြစ်နိုင်ဘူးထင်တယ်... ပြီးတော့ လိုက်ပါလာသူတွေ အဖိတ်အစင်လည်း မရှိသလို ဒဏ်ရာလည်း မရကြဘူးလို့ ပြောသေးတယ်... နည်းနည်းတော့ တရားလွန်နေတာ မဟုတ်ဘူးလား...' 


'အာကာသယာဥ်ပေါ်မှာ သူပုန်တွေချည်းပဲ ပါလာရင်တောင်မှ ဒီလိုအဓိပ္ပါယ်မရှိတဲ့စကားတွေ ပြောမယ်မထင်ဘူး... ဘာလို့လဲ ဆိုတော့ ဒါက သောက်ရမ်းဆိုးတဲ့ အလိမ်အညာဆိုတာ သူတို့ သိတယ်လေ...' 


'ကြည့်ရတာ သူပုန်တွေက ဒီအာကာသယာဥ်ကို လုံးဝ သိမ်းပိုက်နိုင်ခဲ့ပြီဆိုပြီး ကိုယ့်ကိုယ်ကို မတရား အထင်ကြီးနေကြတာများလား...' 


'ဒါပေမဲ့ သူတို့က ဒေါက်တာဒူကန်းလည်း ဘေးကင်းတယ်လို့ ရှင်းရှင်းလင်းလင်း ပြောခဲ့တယ်လေ... ဒါကသာ အလိမ်အညာဆို ဖော်ထုတ်ရတာ ဘာမှမခက်ဘူး... ပုံမှန်သာဆိုရင် ပုန်ကန်သူတွေက ဒီလိုအလိမ်အညာမျိုးကို သုံးမှာမဟုတ်ဘူး... သူတို့တွေ တကယ်ပဲ အဆင်ပြေခဲ့ကြတာလား... ဒေါက်တာဒူကန်းမှာ အရံအစီအစဥ်တွေ ရှိနေခဲ့တာများလား...' 


သို့သော် မေးခွန်းများ ကျန်နေသေးသည်။

'အဲ့လို အရံအစီအစဥ်တွေ ရှိတယ်ဆိုရင်လည်း ဘာလို့များ မြို့တော်ဂြိုဟ်အထိ ခရီးထွက်ပြီး အားလုံးကို အလုပ်ရှုပ်အောင် လုပ်ရတာလဲ...' 


ပထမတပ်မကြီးမှ လူအများ၏ စိတ်ထဲဝယ် ရှုပ်ထွေးမှုများဖြင့် ပြည့်နှက်ကုန်သည်။ 


အကြောင်းကြားချက်ကို လက်ခံရရှိသော ဗိုလ်မှူးက သေချာစွာ ချင့်ချိန်စဥ်းစားလိုက်ပြီးနောက် ပြောလိုက်သည်။

"သူတို့ကို အရင်ဝင်ခွင့်ပြုလိုက်မယ်... အားလုံးအဆင်သင့်ပြင်ထား... မပေါ့လျော့ကြနဲ့... ဒုက္ခပေးမယ့်သူမျိုးပါလာရင် ဘယ်သူ့ကိုမဆို ပစ်ချဖို့ အမိန့်ပေးထား..." 


သူတို့၏ အာကာသယာဥ်က ဆွေးနွေးပွဲ၏ အဓိကအကြောင်းအရာ ဖြစ်နေသည်ကို မသိကြသော ရွှီယီနှင့်ချန်ကျီက ယာဥ်ရပ်တန့်လိုက်သည်နှင့် တစ်ပြိုင်နက် ဦးဆုံး အပြင်ထွက်ရန် မအောင့်နိုင်ကြတော့ပေ။ 


ထို့နောက် သူတို့နှစ်ယောက်က စွမ်းအင်အမြောက်ပြောင်းဝ တစ်ပြုံကြီးနှင့် မျက်နှာချင်းဆိုင်မိသွားလေသည်။ 

'အာ... ဒါ... ဒါက မြို့တော်ဂြိုဟ်ရဲ့ ကြိုဆိုနှုတ်ဆက်တဲ့ပုံလား…' 


သူတို့နှစ်ဦးမှာ ယာဥ်ရပ်လျှင်ရပ်ချင်း အပြင်သို့ ဦးဆုံး ပြေးထွက်လာကြသူများ ဖြစ်သည်။ ကျန်သူများက တစ်နေ့တာလုံး၏ အဆန်းတကြယ်ဖြစ်ရပ်များကို မြင်ယောင်ရင်း ခရီးသည်အခန်းထဲတွင်သာ ရှိနေသေးကြသည်။ ထို့နောက် သူတို့လည်း အပြင်သို့ အလုအယက် ထွက်လာကြသည်။ 


"ကျေးဇူးပြုပြီး အာကာသယာဥ်ပေါ်ကနေ မဆင်းကြပါနဲ့... အကြိုစစ်ဆေးရေးကို လက်ခံပေးကြပါ..."

ပထမတပ်မကြီးမှ တောင်းဆိုလိုက်သည်။ 


ရွှီယီ၏ မျက်ခုံးများမှာ ညင်သာစွာ တွန့်ကွေးလာသည်။ အကယ်၍ သူတို့အနေဖြင့် စည်းမျဥ်းစည်းကမ်းများကို လိုက်နာ ဆောင်ရွက်မည်ဆိုလျှင် သူတို့ကြုံတွေ့ရမည့် ပြဿနာများ နည်းသွားလိမ့်မည်ဟု ထင်ခဲ့သည်။ ယခုမူ သူမျှော်လင့်ထားသလို မဟုတ်ဘဲ ထိုပြဿနာက ပိုမိုကြီးထွားလာသည်။ 


'ဘာကို စုံစမ်းစစ်ဆေးမှာလဲ... ဘာအတွက်လဲ... လက်နက်တွေကို တရားမဝင် သယ်လာတာရှိလားလို့ စစ်မှာလား... ဒါပေမဲ့ ဒူကန်းက ပြောတော့ အဲ့လိုဟာတွေ မရှိဘူးဆို...' 


ဒူကန်းက ထိုသူနှစ်ဦး ဤမျှသွက်လက်စွာ ထပြီး ထွက်သွားမည်ဟု မျှော်လင့်မထားမိ၍ နောက်မှ လျင်မြန်စွာ ပြေးလိုက်ပြီး ထိုသူနှစ်ဦးကို ကြင်နာသော လေသံဖြင့် ကူညီရှင်းပြပေးလိုက်သည်။

"ခင်ဗျားတို့နှစ်ယောက် ခဏစောင့်ပါဦး... ခုလိုမျိုးကြီး ဖြစ်ပျက်ထားတာဆိုတော့ လိုက်နာရမယ့် လုပ်ထုံးလုပ်နည်းလေးတွေ နည်းနည်းရှိတာပေါ့... ဒီမှာပဲ ခဏလောက် နေပေးပါလို့ ပြောပါရစေ..." 


ဒူကန်းက ဖက်ဒရေးရှင်းဘက်မှ လက်ရှိအခြေအနေကို ကောင်းကောင်းသတိပြုမိသလို ဤလူနှစ်ယောက်က သူတို့ ထင်သကဲ့သို့ ဤအတိုင်း လမ်းလျှောက်ထွက်သွားရန် ခက်ခဲမည်ကိုလည်း သိထားခဲ့သည်။ သို့သော် ထိုသူနှစ်ဦးမှာ အလျင်လိုနေကြပုံ ရှိလေရာ စစ်တပ်အရာရှိများနှင့် နားလည်မှုလွဲမှား၍ နှစ်ဖက်လုံး ထိခိုက်ကုန်မည်ကို သူစိုးရိမ်နေခဲ့သည်။

' အို.. မဖြစ်နိုင်ပါဘူး... သူတို့အဲ့လိုတော့ မလုပ်လောက်ပါဘူး...' 


ထို့နောက် ရွှီယီက ပြောလိုက်သည်။

"ငါတို့က ဒီအတိုင်း ရိုးရိုးလေးပဲ စိတ်အားထက်သန်နေတဲ့ ခရီးသည်တွေပဲလေ... ဒါတွေက ငါတို့နဲ့မဆိုင်ဘူးလို့ ပြောလို့မရဘူးလား..." 


ဒူကန်း- ' ဆောရီးပဲ ငါ့ကို လာမလိမ်နဲ့တော့... ဒါတွေက ဘယ်လိုလုပ်ပြီး ရိုးရိုးလေး လုပ်တာဖြစ်မှာလဲ...' 


သို့သော် ယခုအချိန်တွင် ပထမစစ်တပ်၏ စောင့်ကြည့်ခြင်းခံနေရသောကြောင့် ဒူကန်းအနေဖြင့် သူတို့နှင့် အငြင်းမပွားတော့ဘဲ လိုက်လိုက်လျောလျော ပြောလိုက်ရသည်။ "ဒါပေါ့... ဒါပေါ့... မှန်ပါတယ်... ဒါတွေက ခင်ဗျားတို့နဲ့ မဆိုင်ပါဘူး... ဒါပေမဲ့ ဒါက ခရီးသည်အားလုံးအတွက် လုပ်ဆောင်မယ့် ပုံမှန်လုပ်ရိုးလုပ်စဥ်တွေပါ... ဒါကြောင့် ကျနော်သွားပြီး သူတို့နဲ့ ညှိနှိုင်းလိုက်ရင် သူတို့က မကြာခင် သွားခွင့်ပြုပေးမှာပါ..."



💫💫💫