Volume 1 (သေမျိုးနယ်မြေ ၀၄၁)
Chapter 41 (မပြည့်စုံတဲ့နတ်ဘုရားအပျက်အစီး)
"ထိပ်တန်းထောက်လှမ်းရေးနဲ့ တိုက်ခိုက်ရေးပံ့ပိုးမှု စွမ်းရည်တွေက အခု များစွာအားသာချက်မပြနိုင်ပေမယ့် မင်းရဲ့အင်အားကြီးထွားလာတာနဲ့အမျှ အဲဒါက အရမ်းကြောက်စရာကောင်းတဲ့အဆင့်ကို တိုးလာလောက်တယ်။"
ဝမ်းချီမော့သည် အချက်အလက်ကို မှတ်တမ်းတင်နေရင်း
"တခြားဘာရှိသေးလဲ။"
"ရွေ့လျားအမြင်အာရုံက အရင်ကထက်အဆပေါင်းများစွာ ပိုကောင်းလာလောက်တယ်။"
"အနီးကပ်သတ်ဖြတ်ခြင်းစွမ်းရည်က အရမ်းကောင်းတယ်၊ ဘာကျန်သေးလဲ။"
"စိတ်စွမ်းအားတွေ အများကြီးသုံးရင် ကောင်းကင်တမန်တော်ရဲ့ နတ်စွမ်းအားကို တစ်စွန်းတစ်စ သုံးလို့ရတယ်။"
"အင်း၊ ပုံမှန်နတ်ဘုရားကိုယ်စားလှယ်တွေမှာ ဒီလိုစွမ်းရည်ရှိပါတယ်၊ ဘာကျန်သေးလဲ။"
"မရှိတော့ဘူး။"
"…မရှိတော့ဘူးလား။"
ဝမ်းချီမော့သည် အံ့အားသင့်စွာ ခေါင်းမော့ရင်း "ဒါအကုန်ပဲလား။"
"ဒါတွေက ကောင်းကင်တမန်တော် ကျွန်တော့်ကိုပေးခဲ့တဲ့စွမ်းအားတွေပဲ။" လင်ချီးယဲ့က စိတ်ရင်းမှန်ဖြင့် ပြန်ဖြေခဲ့ပြီး တစ်နည်းအားဖြင့် သူအမှန်အတိုင်းပြောနေခြင်းဖြစ်သည်။
ဝမ်းချီမော့သည် အနည်းငယ် မျက်မှောင်ကြုတ်ကာ ခဏမျှ စဉ်းစားပြီးနောက် ခေါင်းကိုတစ်ချက်ခါယမ်းလိုက်သည်။ "မဟုတ်ဘူး၊ မဟုတ်ဘူး… ဒါက [သေမျိုးနတ်ဘုရားနယ်ပယ်] ပါ၊ ဒါက 'ကျန်' နယ်ပယ်တစ်ခုဖြစ်ရင်တောင် အသုံးပြုနိုင်တဲ့စွမ်းအားက ဒီထက်ပိုများသင့်တာပေါ့။"
"ခင်ဗျားဆိုလိုတာက… ကျွန်တော့်ရဲ့လက်ရှိစွမ်းရည်က မပြည့်စုံသေးတာလား။" လင်ချီးယဲ့က အံ့သြသွားသည်။
ဝမ်းချီမော့က ခေါင်းညိတ်ပြသည်။ "ဒီအတိုင်းထားလိုက်ရအောင်၊ 'ဖီးနစ်' တပ်ဖွဲ့ထဲက အသီးနာကိုယ်စားလှယ်ဟာ သူမ ပထမဆုံး 'ကျန်' နယ်ပယ်ကို ခြေချတုန်းက အဆောက်အအုံကို လက်သီးတစ်ချက်နဲ့ ဖြိုချပြီး 'ချီ' နယ်ပယ် ဒဏ္ဍာရီလာသတ္တဝါကို လက်ဗလာနဲ့ဆွဲဖြဲခဲ့တာ။
မင်းရဲ့စွမ်းရည်တွေက ကောင်းနေပေမယ့်... ကောင်းတယ်ဆိုရုံပဲ၊ အရေးကြီးဆုံးအချက်က မင်းအခုပြသနေတဲ့အရာအားလုံးက တိုက်ခိုက်ရေးအရန်စွမ်းရည်တွေပဲ။
ဒါပေမယ့်…အဲဒါက မိုက်ကယ်ရဲ့နတ်ဘုရားနယ်ပယ်ပါ။ ဘယ်လိုလုပ် ဒီလောက်ပဲအစွမ်းထက်ရတာလဲ။"
လင်ချီးယဲ့သည် သူ့လက်များကို ကြောင်တောင်တောင်ကြည့်ကာ "ဒါပေမယ့် ကျွန်တော့်မှာ ဒီစွမ်းရည်တွေပဲရှိတယ်လို့ ခံစားရတယ်။"
ဝမ်းချီမော့သည် ခဏလောက်စဉ်းစားပြီး ဆက်ပြောသည်။ "အခုဖြစ်နိုင်ခြေနှစ်ခုရှိတယ်၊ ပထမတစ်ချက်က ကောင်းကင်တမန်တော်ဟာ မင်းကို ကိုယ်စားလှယ်အဖြစ်ရွေးချယ်လိုက်တုန်းက သူကမင်းကို စွမ်းရည်ရဲ့သေးငယ်တဲ့အစိတ်အပိုင်းပဲပေးခဲ့ပြီး လက်ရှိမှာ ဒီဖြစ်နိုင်ခြေကအများဆုံးပဲလို့ ငါထင်တယ်။
ဒုတိယတစ်ချက်ကတော့ မင်းရဲ့နတ်ဘုရားအပျက်အစီးရဲ့တခြားစွမ်းရည်တွေက အမြဲရှိနေတယ်၊ ဒါပေမယ့် မင်းအခုမခံစားရတာ ဒါမှမဟုတ် မင်းမသိစိတ်ကနေ လျစ်လျူရှုနေတာ။"
"မသိစိတ်က လျစ်လျူရှုထားတာလား။"
"ဥပမာ မင်းရဲ့စွမ်းရည်က မင်းရဲ့အရေပြားကတစ်ဆင့် အသက်ရှူနိုင်စွမ်းရှိတယ်ဆိုပါစို့ ဒါပေမယ့် ဒီစွမ်းရည်ကို မင်းအကြာကြီးအသုံးပြုထားတာကြောင့် အဲဒါကို မင်းလုံးဝကျင့်သားရသွားပြီ။ အချိန်အတော်ကြာပြီးနောက် မင်းက ဒီစွမ်းရည်ကို ထိန်းသိမ်းထားပေမယ့် ဒီစွမ်းရည်ကိုအသုံးပြုတာက မင်းရဲ့ဗီဇဖြစ်လာတာကြောင့် မင်းမသိစိတ်က လျစ်လျူရှုလိုက်တာ။"
"ခင်ဗျားဆိုလိုတာက ကျွန်တော်က ဒီစွမ်းရည်ကို သုံးနေတာ ဖြစ်နိုင်တယ်၊ ဒါပေမယ့် ကျွန်တော်က သတိမထားမိတာ။"
"ဟုတ်တယ်၊ ကလေးဘဝကနေ အရွယ်ရောက်တဲ့အထိ သေသေချာချာ စဉ်းစားကြည့်လိုက် တခြားသူတွေနဲ့ မတူတာတစ်ခုခုရှိလား။"
လင်ချီးယဲ့သည် ခဏလောက်စဉ်းစားပြီး "မျက်စိကန်းတာလား။"
"…ဒါက ထည့်မတွက်ဘူး။" ဝမ်းချီမော့သည် ကူကယ်ရာမဲ့ သက်ပြင်းချရင်း "တကယ်တော့ ပထမဖြစ်နိုင်ခြေလို့ ငါကိုယ်တိုင်ထင်မိတုန်းပဲ၊ ကောင်းကင်တမန်တော်က မင်းကို အစကတည်းက ပြည့်စုံတဲ့နတ်ဘုရားအပျက်အစီးမပေးခဲ့ဘူး။
ဒါ့အပြင် ဒါက ကောင်းကင်တမန်တော်ရဲ့နတ်ဘုရားအပျက်အစီး၊ ဒုတိယယူဆချက်အတိုင်း မှန်နေရင်တောင် မင်းက အဲဒါကို တစ်ချိန်လုံး အသုံးပြုနေခဲ့တယ်ဆိုတာက လုံးဝယုတ္တိမရှိဘူး၊ မင်း ပေါ့ပေါ့ပါးပါး နှာချေရင်တောင် လူတစ်စုကို လွင့်ထုတ်နိုင်လောက်တယ်။"
လင်ချီးယဲ့: "…"
"အတိုချုပ်အားဖြင့် ငါအရင်ကပြောခဲ့သလို မင်းရဲ့လက်ရှိ [သေမျိုးနတ်ဘုရားနယ်ပယ်] ကို မြင့်မားတဲ့အဆင့်အဖြစ် မှတ်ယူကောင်းမှတ်ယူနိုင်တယ်။ ငါမင်းကို အရမ်းမျှော်လင့်ထားမိပုံရတယ်။ မင်းရဲ့လက်ရှိစွမ်းရည်အရ သာမန်အန္တရာယ်ရှိတဲ့အဆင့်တစ်ခု ဖြစ်ကောင်းဖြစ်နိုင်တယ်။"
ဝမ်းချီမော့သည် စာရွက်စာတမ်းပေါ်တွင် နောက်ထပ်မှတ်စုအနည်းငယ်ကို မှတ်တမ်းတင်ပြီး သူ့ကိုနှစ်သိမ့်ပေးသည်။ "ဒါပေမယ့် မင်းရဲ့ခွန်အားတွေ တိုးလာတာနဲ့အမျှ မင်းရဲ့နောက်ဆက်တွဲ စွမ်းရည်တွေ တဖြည်းဖြည်း ပေါ်လွင်လာမှာပါ။ ဒါ့အပြင် မင်းက ကောင်းကင်တမန်တော်ရဲ့ကိုယ်စားလှယ်ဖြစ်ပြီး သူမင်းကို ဒီလိုမျိုး မျက်နှာပျက်စေမှာမဟုတ်ဘူး။"
လင်ချီးယဲ့က ပခုံးတွန့်လိုက်သည်။ "ကျွန်တော်မျှော်လင့်ပါတယ်။"
လင်ချီးယဲ့သည် သူ့စိတ်ထဲတွင် အနည်းငယ် စိတ်ဓာတ်ကျနေသော်လည်း အနည်းငယ်သာဖြစ်သည်။ သူသည် နတ်ဘုရားများစိတ်ကျန်းမာရေးဆေးရုံကို ပိုင်ဆိုင်ထားသောကြောင့် ကောင်းကင်တမန်တော်အား အလွန်အမင်း အားကိုးခြင်း မရှိခဲ့ပေ။ ထို့အပြင် သူ့ဆေးရုံမှာ သူ့အတွက် ရွေးချယ်စရာ နတ်ဘုရားခြောက်ပါး ရှိနေဆဲဖြစ်သည်။
"အခု မင်းရဲ့စွမ်းရည်ကို ငါတို့ပဏာမနားလည်ထားပြီး လေ့ကျင့်မှုတွေ စလုပ်သင့်တယ်။" ဝမ်းချီမော့သည် စာရွက်စာတမ်းကို အကျဉ်းချုပ်ပြီး သူ့အတွက် လေ့ကျင့်ရေးအစီအစဉ်ကို အမြန်ရေးဆွဲခဲ့သည်။
"ဘယ်လိုလေ့ကျင့်ရမှာလဲ။"
"ယေဘုယျအားဖြင့်ပြောရရင် မင်းရဲ့လက်ရှိစွမ်းရည်က 'အာရုံခံစားမှု'နဲ့ 'ခန့်မှန်းမှု'ကို အာရုံစိုက်တယ်။ ပြောရရင် ဒီထူးခြားတဲ့လက္ခဏာစွမ်းရည်က အလှည့်တိုင်းမှာ ခရုပတ်အဝိုင်းကို ဖောက်ခွဲနိုင်တဲ့စွမ်းရည်ထက် လေ့ကျင့်ဖို့ပိုလွယ်ကူတယ်။ မင်းက မင်းခန္ဓာကိုယ်နဲ့ စွမ်းရည်တွေကို တဖြည်းဖြည်းအသားကျဖို့ပဲ လိုတယ်။"
ဝမ်းချီမော့သည် သူ့နောက်ဘက်အခန်းကို လက်ညှိုးထိုးပြပြီး "အထဲမှာ တစ်စက္ကန့်ကို ရာဘာကျည် ၁ ကနေ ၃၉,၀၀၀ အထိ ပစ်နိုင်တဲ့ လျှို့ဝှက်ရော်ဘာသေနတ် ၃၉,၀၀၀ ပါတဲ့ ယန္တရားအခန်းတစ်ခုရှိတယ်။ ကျည်အစစ်များထက် အနည်းငယ်နှေးပေမယ့် မင်းရဲ့လက်ရှိအခြေအနေအတွက်တော့ လုံလောက်ပါတယ်။
မင်းလုပ်ရမှာက ရော်ဘာကျည်ဆန်တွေကို တတ်နိုင်သမျှရှောင်ဖို့ မင်းရဲ့အာရုံခံစားမှုနဲ့ ရွေ့လျားအမြင်အာရုံကို အသုံးပြုဖို့ပဲ။
မင်းရဲ့အခြေအနေကိုစဉ်းစားပြီး တစ်စက္ကန့်ကို ကျည် ၅၀ နဲ့စတင်မယ်။"
လင်ချီးယဲ့သည် အခန်းကို ကြည့်လိုက်ပြီး ခေါင်းညိတ်ပြသည်။ "ကျွန်တော်သိပြီ။"
တံခါးကိုတွန်းဖွင့်ပြီး အခန်းထဲဝင်သွားကာ လင်ချီးယဲ့သည် အလယ်တွင်ရပ်နေပြီး နံရံပတ်ပတ်လည်တွင် ပျားလပို့ကဲ့သို့ သေနတ်ပေါက်များကို ကြည့်ကာ သူ့စိတ်ထဲတွင် ထူးဆန်းသော ကြိုတင်သတိပေးချက်တစ်ခု ထွက်ပေါ်လာပြန်သည်။
"နေပါဦး၊ ခြေထောက်အောက်မှာ ဘာလို့သေနတ်အပေါက်တွေ ရှိနေတာလဲ။ မဟုတ်တဲ့နေရာကိုထိရင် ဘယ်လိုလုပ်မလဲ။" လင်ချီးယဲ့သည် သူ့ခန္ဓာကိုယ်အောက်ရှိ ထူထပ်သောသေနတ်ပေါက်များကို မြင်လိုက်ရပြီး သူ့ခွကြားမှ အေးစိမ့်မှုကိုခံစားလိုက်ရကာ သူ့မျက်နှာပြောင်းလဲသွားသည်။
"တကယ့်တိုက်ပွဲမှာ အန္တရာယ်ဆိုတာ ဘယ်နေရာကမဆို ပေါ်လာနိုင်တယ်၊ မတိုက်ခိုက်သင့်တဲ့နေရာဆိုတာမရှိဘူး။" ဝမ်းချီမော့၏အသံသည် အဘက်ဘက်မှ ထွက်ပေါ်လာပြီး "မင်းအဆင်သင့်ဖြစ်ရင် ငါစမယ်။"
လင်ချီးယဲ့သည် မျက်လုံးများကို ဖြည်းညှင်းစွာမှိတ်လိုက်ပြီး အသက်ပြင်းပြင်းရှူလိုက်သည်။
"စလိုက်ကြရအောင်။"
တူး…
ဝှီး ဝှီး…
အချက်ပေးသံကြားလိုက်သည့်အခိုက်တွင် လင်ချီးယဲ့၏အာရုံခံစားမှုအကွာအဝေးတွင် ရော်ဘာကျည်ဆန်များသည် မိုးရေစက်များကဲ့သို့ အရပ်ရပ်မှ ပျံထွက်လာသည်။ အရှိန်သည် အလွန်မြန်သဖြင့် သာမန်မျက်စိဖြင့် လုံးဝဖမ်းမမိနိုင်ပေ။
အခန်းတွင်းမှ ကျည်ဆန်များ ထွက်လာသည်နှင့် လင်ချီးယဲ့က တုံ့ပြန်လိုက်ပြီး နောက်သို့ နှစ်ကြိမ်ဆက်တိုက် ခုန်လိုက်ခြင်းသည် ကျည်ဆန်အများစုကို ရှောင်ရှားခဲ့ပေမယ့် ကျည်ဆန်အများအပြားကြောင့် ပစ်ခတ်ခံရပြီး ထောင့်များက အလွန်တရာ ရှုပ်ထွေးလှသည်။
လင်ချီးယဲ့၏အာရုံခံစားမှုတွင် သူသည် ကျည်ဆန်၏ လမ်းကြောင်းကို မှန်ကန်စွာ ခန့်မှန်းနိုင်သော်လည်း တစ်ချိန်တည်းတွင် သူခန့်မှန်းနိုင်သော လမ်းကြောင်းမှာ အကန့်အသတ်ရှိသည်။
လိမ့်နေသောပင်ပေါင်ဘောလုံးကို လူတစ်ယောက်အား ဖမ်းခိုင်းသလိုပါပဲ၊ လုပ်ရတာလွယ်ပြီး ပင်ပေါင်သုံးလုံးကို တပြိုင်နက်တည်းဖမ်းရင်လည်း အဆင်ပြေနိုင်ပါသည်။
သို့သော် ပင်ပေါင်ဘောလုံးအလုံးနှစ်ဆယ်သည် တစ်ချိန်တည်းတွင် မတူညီသောဦးတည်ရာသို့ လိမ့်သွားပါက လူ့ဦးနှောက်သည် အချိန်မီ တုံ့ပြန်နိုင်မည်မဟုတ်ဘဲ ၎င်းတို့ တစ်ခုစီ၏ လမ်းကြောင်းကို တိကျစွာ မဆုံးဖြတ်နိုင်ပေ။
လင်ချီးယဲ့လည်း အလားတူပြဿနာကို ရင်ဆိုင်ခဲ့ရသည်။
လေ့ကျင့်မှုစတင်ပြီးနောက် သုံးစက္ကန့်သာကြာခဲ့ပြီး သူ့ခန္ဓာကိုယ်တွင် ကျည်ဆန်တစ်ဒါဇင်ကျော်ကို ရရှိထားပြီးဖြစ်သည်။ ရော်ဘာကျည်ဆန်များသည် မည်သူ့ကိုမျှ ထိခိုက်ခြင်းမရှိသော်လည်း အရှိန်ပြင်းပြင်းကြောင့် နာကျင်မှုကို ခံစားနေကြရဆဲဖြစ်သည်။
ထို့ကြောင့် နောက်ဆုံးတွင် သူ ဒီလေ့ကျင့်ရေး၏အဓိပ္ပါယ်အစစ်အမှန်ကို သူနားလည်လိုက်သည်...
"လခွမ်း၊ ဘာလို့ထပ်အရိုက်ခံရတာလဲ။"
…
လှုပ်ရှားရေးအခန်း။
ခါးစည်းနှင့် လက်အိတ်ကိုဝတ်ထားသည့် ချန်မုရယ်သည် မွှေးကြိုင်သောအရိုးစွပ်ပြုတ်ပန်းကန်လုံးဖြင့် စားပွဲဆီသို့ လျှောက်သွားပြီး ဖြည်းညှင်းစွာချလိုက်သည်...
"ဂလု…" ဟုန်ယင်း၏မျက်လုံးများပြူးကျယ်သွားပြီး ခက်ခက်ခဲခဲ တံတွေးမျိုချလိုက်သည်။ "ခေါင်းဆောင်၊ ရှင်ကိုယ်တိုင်မချက်တာ ဘယ်လောက်ကြာပြီလဲ။ ဒီနေ့ နေအနောက်ဘက်က ထွက်လာတာလား။"
ဘေးက ဝူရှန်းနန်သည် အနည်းငယ် ပြုံးလိုက်ပြီး "မင်း မမြင်ဘူးလား။ ဒါက အဓိကအားဖြင့် လင်ချီးယဲ့အတွက်ပါ၊ ငါတို့အားလုံးက အသေးအဖွဲတွေပဲ။"
"ဦးလေးချန်၊ ရှင်က ဘက်လိုက်တာပဲ။" စစ်းရှောင်နန်က ဒေါသတကြီးပြောသည်။
ချန်မုရယ်၏ နှုတ်ခမ်းထောင့်များသည် အနည်းငယ် လှုပ်ယမ်းသွားကာ မျက်နှာသေအမူအရာဖြင့် ပြောခဲ့သည်။ "ငါက ဘန်တိုစားရတာ ငြီးငွေ့နေလို့ အရသာပြောင်းချင်ရုံပါ၊ အဲဒီကလေးနဲ့ ဘာမှမဆိုင်ပါဘူး။"
"အဲဒီလိုကိုး။" ဟုန်ယင်း၏ မျက်လုံးများသည် တောက်ပလာပြီး အရိုးဟင်းရည်ကို စူးစမ်းရန် သူမ၏တူများကို ဆန့်ထုတ်လိုက်ကာ "ဒါဆိုလည်း ကျွန်မ မယှဉ်ကျေးတော့ဘူး၊ ဟီးဟီး…"
ဖတ်…
ချန်မုရယ်သည် ဟုန်ယင်း၏လက်ဖမိုးကို တူဖြင့်ရိုက်ပြီး ပေါ့ပေါ့ပါးပါး ပြောသည်။
"လင်ချီးယဲ့က အတန်းမပြီးသေးတာကြောင့် သူ့ကိုစောင့်လိုက်ဦး။"
ဟုန်ယင်း: ခေါင်းဆောင် ε(┬┬﹏┬┬)3 ရှင်က ကျွန်မတို့ကို မချစ်တော့ဘူး…
TK Team (Chapter 41)