Volume 1 (သေမျိုးနယ်မြေ ၀၄၂)
Chapter 42 (ကျွန်တော့်ရဲ့အရည်အချင်းက ဘယ်လိုလဲ)
"အနံ့အရမ်းမွှေးတာပဲ…" တစ်ကိုယ်လုံးနာကျင်နေသည့် လင်ချီးယဲ့သည် လေ့ကျင့်ရေးခန်းထဲမှ တလှုပ်လှုပ်နှင့်ထွက်လာကာ လှုပ်ရှားရေးခန်းမှ ရနံ့သင်းသင်းကို အနံ့ခံလိုက်ရာ သူ့မျက်လုံးများသည် ပြာများကဲ့သို့ ပြန်လည်တောက်ပလာသည်။
ဝမ်းချီမော့၏နှုတ်ခမ်းထောင့်က အနည်းငယ်မြင့်တက်လာပြီး "ကြည့်ရတာ မင်းရဲ့မနက်ပိုင်းရိုက်ခံရခြင်းက အချည်းနှီးမဟုတ်ဘူးထင်တယ်…"
လင်ချီးယဲ့သည် လှုပ်ရှားရေးအခန်းဆီသို့ တည့်တည့်လျှောက်သွားကာ တံခါးကို တွန်းဝင်လိုက်ပြီးနောက်တွင် မကျေမနပ်မျက်လုံးလေးစုံက သူ့ဖက်ကို လှည့်လာကြလိုက်သည်။
"…" လင်ချီးယဲ့သည် လေထုက တစ်ခုခုမှားနေသလို ခံစားလိုက်ရသည်။ "ဘာဖြစ်တာလဲ…"
"ဘာမှမဟုတ်ဘူး ထိုင်စားပါ။" ချန်မုရယ်သည် သူ့ကို မော့ကြည့်ပြီး ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။
"အိုး။"
လင်ချီးယဲ့သည် ထိုင်လိုက်သောအခါတွင် ဟုန်ယင်းသည် ချန်မုရယ်ကို ကူကယ်ရာမဲ့ကြည့်နေရင်း ဖော်မပြနိုင်လောက်အောင် ဝမ်းနည်းသလိုခံစားရသည်။
"စားရအောင်။" နောက်ဆုံးမှာတော့ ချန်မုရယ်က လူတိုင်း အချိန်အတော်ကြာ စောင့်မျှော်နေခဲ့သည့်စကားကို ပြောခဲ့သည်။
ရက်အနည်းငယ်ကြာအောင် အစာငတ်ခံနေရသော ဝံပုလွေများကဲ့သို့ မျက်လုံးနီရဲရဲနှင့် လူများသည် တစ်ယောက်ပြီးတစ်ယောက် လှုပ်ရှားခဲ့ကြသည်။
"အစ်မဟုန်ယင်း၊ ခင်ဗျားတို့ရဲ့ ညကင်းစောင့်လူသား အစားအသောက်က… အမြဲတမ်း ဒီလိုကောင်းတာလား။" လင်ချီးယဲ့သည် အစားအသောက်များပြည့်နေသောစားပွဲကို ကြည့်ရင်း အသံတိုးတိုးဖြင့် မေးသည်။
ဟုန်ယင်းက ဒေါသတကြီး ပြန်ဖြေလေသည်။ "ငါအခု နင်နဲ့စကားမပြောချင်ဘူး။"
ဟုန်ယင်းပြောပြီးနောက် သူမသည် ထပ်စဉ်းစားလိုက်ပြီး ဆက်ပြောလိုက်သည်။ "စားပြီးမှ ငါနင့်ကိုစကားပြောမယ်။"
လင်ချီးယဲ့: "…"
"လင်ချီးယဲ့။"
"ဟုတ်ကဲ့ ခေါင်းဆောင်။"
"ဒီနေ့လေ့ကျင့်ရေးပြီးတော့ မင်းအကျိုးအမြတ်ရလိုက်သလား။"
"ဟုတ်ကဲ့ ကျွန်တော် အကျိုးအမြတ်အများကြီး ရလိုက်ပါတယ်။"
"အင်း။" ချန်မုရယ်သည် ခေါင်းညိတ်ကာ ခေတ္တရပ်ပြီး ဆက်ပြောသည်။ "နာလား။"
"…နည်းနည်းပါ။"
"ရှောင်နန် သူ့ကို နောက်ကျရင် ကုသပေးလိုက်ပါ။"
စစ်းရှောင်နန်သည် နှုတ်ခမ်းစူကာ နာခံစွာ ခေါင်းညိတ်လိုကါသည်။ "ကောင်းပြီ။"
ချန်မုရယ်သည် ခဏလောက်စဉ်းစားပြီး ထပ်ပြောခဲ့သည်။ "မင်းမနက်ဖြန် အရိုက်ခံရသရွေ့တော့ မင်း လုံးဝပျောက်ကင်းဖို့ မလိုဘူး။"
လင်ချီးယဲ့: "…"
ဖတ်…
တူနှစ်စုံသည် အရိုးဟင်းရည်ထဲတွင် တိုက်မိသဖြင့် အနည်းငယ် အသံထွက်လာသည်။
တူနှစ်စုံသည် အသားတစ်တုံးကို ညှပ်ထားပြီး သူတို့ကိုင်ထားသော အသားတုံးကို ဘယ်သူမှလွတ်လိုက်ခြင်းမရှိပေ။
ဟုန်ယင်းနှင့် ဝူရှန်းနန်တို့သည် အချင်းချင်း စိုက်ကြည့်နေကြပြီး ထိုကဲ့သို့ပင် သူတို့၏ မျက်လုံးများသည် လေထဲတွင် မီးပွားများ ဆက်တိုက် တိုက်မိသွားပုံရသည်။
"ဝူရှန်းနန် ငါ ဒီအသားကို အရင်တွေ့တာ။" ဟုန်ယင်းက စိုက်ကြည့်ရင်းပြောသည်။
ဝူရှန်းနန်က တည်ငြိမ်စွာပြောသည်။ "ငါအရင်ယူတာ။"
"နင်အရင်လွှတ်လိုက်။"
"ငါမလွှတ်ဘူး။"
"လွှတ်စမ်း။"
"မလွှတ်ဘူး။"
ဒစ် ဒစ် ဒစ်…
နှစ်ယောက်ကြားရှိ တိုက်မိသည့်မီးပွားများက ပိုပြင်းထန်လာသည်။
ဤအခိုက်အတန့်တွင် တိတ်တဆိတ် စားသောက်နေသော လန်ရွှမ်းသည် အသားတုံးကိုစိုက်ကြည့်ပြီး သူ့လက်ကောက်ဝတ်ကို မြှောက်လိုက်သည်…
MP5 စက်သေနတ်တစ်လက်ကို ထုတ်ယူကာ
စားပွဲပေါ်တင်လိုက်သည်။
"လွတ်လိုက်။" သူက အေးအေးဆေးဆေးပြောလိုက်သည်။
ဟုန်ယင်း: "…"
ဝူရှန်းနန်: "…"
လန်ရွှမ်းသည် သဘာဝအတိုင်း သူ၏တူချောင်းများကို ဆန့်ထုတ်ကာ အကြီးဆုံးအသားကို ယူလိုက်သည်။ ခဏလောက် တုံ့ဆိုင်းသွားပြီးနောက် လင်ချီးယဲ့၏ပန်းကန်ထဲသို့ ထည့်လိုက်သည်။
"လူသစ်ရောက်တာဆိုတော့ များများစားပြီး ခဏနေ သေနတ်ပစ်လေ့ကျင့်မယ်။"
လန်ရွှမ်းသည် စက်သေနတ်ကို ဖယ်လိုက်ရင်း အေးစက်စွာ ပြောလိုက်သည်။
"အာ… အိုး… ကောင်းပြီ။" လင်ချီးယဲ့သည် ခဏတာ မတုံ့ပြန်နိုင်ဘဲ အစားအသောက်ထဲနှစ်မြုပ်နေသော လန်ရွှမ်းကို စိုက်ကြည့်နေသည်။
လူကောင်းက…
စကားအများကြီးပြောရမယ်လို့ မဆိုလိုဘူးမလား။
ဒါကြောင့် လူကောင်းက စကားအများကြီးပြောရမယ်လို့ မဆိုလိုတာပေါ့။
"လန်ရွှမ်း နောက်တစ်ခါ ထမင်းစားပွဲပေါ် သေနတ်မတင်ပါနဲ့။" ချန်မုရယ်က သတိပေးသည်။
"တစ်ခုခုဖြစ်သွားရင်… ဒီစားပွဲလေး သနားစရာပါတယ်။"
လန်ရွှမ်းက ခေါင်းညိတ်လိုက်သည်။ "အိုး"
ဟုန်ယင်းနှင့် ဝူရှန်းနန်တို့သည် တစ်ယောက်ကိုတစ်ယောက်ကြည့်ကာ တစ်ချိန်တည်းတွင် စားရန် ခေါင်းငုံ့ထားကြသည်။
လင်ချီးယဲ့သည် ပန်းကန်လုံးထဲရှိ အစားအစာအားလုံးကို စားပြီးနောက် လန်ရွှမ်းသည် ထရပ်ကာ သူ့ဘေးသို့ လျှောက်သွားပြီး ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။
"မင်းဗိုက်ပြည့်ပြီလား။"
"ပြည့်ပြီ။"
"သေနတ်ပစ်လေ့ကျင့်ရအောင်။"
"ကောင်းပြီ။"
နှစ်ယောက်သားနောက်ကျောသည် မြင်ကွင်းကနေ တဖြည်းဖြည်း ပျောက်ကွယ်သွားတာကိုမြင်တော့ ဝမ်းချီမော့က သက်ပြင်းချလိုက်ပြီး စစ်းရှောင်နန်ကို လှည့်ကြည့်လိုက်သည်။
"ရှောင်နန်"
"ဘာဖြစ်တာလဲ။"
"အဖွဲ့ရဲ့အချစ်ဆုံးဖြစ်တဲ့ မင်းနေရာက အစားထိုးခံလိုက်ရပြီ။"
စစ်းရှောင်နန်:  ̄へ ̄
…
"သေနတ်က ပြင်းထန်တဲ့လက်နက်ဖြစ်ပြီး လူ့ဉာဏ်ပညာရဲ့ ပုံဆောင်ခဲပဲ။"
သေနတ်ပစ်ခန်းထဲမှာ လန်ရွှမ်းသည် သေနတ်မျိုးစုံကို သပ်သပ်ရပ်ရပ် ချိတ်ဆွဲထားသည့် နံရံတစ်ခုရှေ့မှာ ရပ်လိုက်ပြီး အမူအရာမဲ့စွာပြောလိုက်သည်။
"အဆင့်မြင့် ဒဏ္ဍာရီလာသတ္တဝါတွေအတွက် သေနတ်က အရမ်းသေးငယ်တဲ့ အခန်းကဏ္ဍမှာ ပါဝင်နိုင်ပေမယ့် အဆင့်နိမ့် ဒဏ္ဍာရီလာသတ္တဝါတွေအတွက် သေနတ်တွေက အအေးလက်နက်တွေထက် ပိုမိုထိရောက်လေ့ရှိတယ်။
အထူးသဖြင့် လူသစ်တွေအတွက် ပြင်းထန်တဲ့အနီးကပ်တိုက်ခိုက်ရေးအဆင့်မရှိတာကြောင့် သေနတ်တွေအသုံးပြုဖို့ သင်ယူဖို့အရမ်းလိုအပ်တယ်။"
လန်ရွှမ်းသည် သူ့နောက်ဘက် နံရံမှ ပစ္စတိုသေနတ်တစ်လက်ကိုယူကာ လင်ချီးယဲ့ ရှေ့မှာ ချထားလိုက်သည်။
"ငါမင်းကို အချက်နှစ်ချက်ပဲ သင်ပေးတယ်၊ တစ်ခုက သေနတ်ပစ်စွမ်းရည်နဲ့ နောက်တစ်ခုက သေနတ်ဖွဲ့စည်းမှုဆိုင်ရာ နိယာမပဲ။ အနာဂတ်မှာ သေနတ်ကို အထူးကျွမ်းကျင်အောင်လုပ်ဖို့ မစီစဉ်ထားဘူးဆိုရင် ဒါက မင်းအတွက် လုံလောက်ပါတယ်။"
လင်ချီးယဲ့က တစ်ချက်ပြီးတစ်ချက် ခေါင်းညိတ်ပြသည်။
"အခု ဒီသေနတ်ကို ယူပြီးတော့ ပစ်မှတ်ကို ပစ်လိုက်၊ မင်းရဲ့အရည်အချင်းကို ငါမြင်ချင်တယ်။" လန်ရွှမ်းသည် မဝေးသောပစ်မှတ်ကို ညွှန်ပြသည်။
လင်ချီးယဲ့သည် ခေါင်းညိတ်ပြပြီး ပစ္စတိုသေနတ်ကို ကောက်ယူကာ သေနတ်ပစ်စင်ရှေ့မှာ ရပ်လိုက်သည်။
အသက်ပြင်းပြင်းရှူရင်း
TV မှာမြင်ရသည့် လှုပ်ရှားမှုများကို လေ့လာကာ
သေနတ်ကိုမြှောက်ပြီး
ချိန်ရွယ်ကာ
ပစ်လိုက်သည်။
ဗုန်း…
သေနတ်သံ ထွက်ပေါ်လာပြီး နှစ်ယောက်သားမျက်နှာများက ရုတ်တရက် မည်းမှောင်သွားသည်။
ပစ်မှတ်ကို လွဲသွားသည်...
လန်ရွှမ်းသည် ပစ်မှတ်ဆီသို့ လျှောက်သွားကာ ကျည်ဆန်ပေါက်များ မရှိကြောင်း ထပ်ခါတလဲလဲ အတည်ပြုခဲ့သည်။ သူ့အမူအရာက အနည်းငယ် ရုပ်ဆိုးပုံရသည်။ "မီတာ ၃၀ ပစ်မှတ်က ပစ်မှတ်ကို လွဲနိုင်တယ်လား။ ဒါက…"
လင်ချီးယဲ့သည် သူ့သေနတ်ကို ချလိုက်ပြီး နှစ်ကြိမ် ချောင်းဟန့်လိုက်ကာ "အမ်... ကျွန်တော့်ရဲ့အရည်အချင်းက ဘယ်လိုလဲ။"
လန်ရွှမ်းသည် သူ့အား စိုက်ကြည့်ကာ စိတ်ပျက်လက်ပျက်ဖြင့် မျက်လုံးမှိတ်လိုက်သည်။
"မင်းလား။ မင်းမှာ မဖြစ်နိုင်တဲ့အရည်အချင်းရှိတယ်။"
လင်ချီးယဲ့: "…"
…
ဟုန်ယင်း၏အိမ်သို့ပြန်ရောက်သောအခါ လင်ချီးယဲ့သည် ဆိုဖာပေါ်တွင် ပျော့ခွေကျသွားပြီး ပင်ပန်းနေသောမျက်လုံးထောင့်များကို ပွတ်သပ်လိုက်သည်။
ဒီနေ့ လေ့ကျင့်မှုအပြီးမှာ ရုပ်ပိုင်းဆိုင်ရာရော၊ စိတ်ပိုင်းဆိုင်ရာပါ နှိပ်စက်ခံခဲ့ရတယ်လို့ ပြောလို့ရပါသည်။ ပထမဦးစွာ သူသည် ခေါင်းဆောင်ကြောင့် ဓားဖြင့်ခုတ်ခံရပြီး နောက်တွင် ရော်ဘာကျည်ဆန်ဖြင့် ရိုက်နှက်ခံခဲ့ရသည်။
ညဘက် သေနတ်ပစ်သင်တန်းသည် မပင်ပန်းပေမယ့် သူ့ကိုယ်သူ လေးစားမှုကို မြေကြီးပေါ်တွင် ထပ်ခါထပ်ခါ ပွတ်တိုက်လိုက်ရသည်…
သူ့မှာ သေနတ်နှင့်ပတ်သက်၍ အရည်အချင်းတကယ်မရှိချေ။
ဒီည လေ့ကျင့်ရေးအပြီးမှာ လေ့ကျင့်ရေးခန်းက ထွက်လာသောအခါ လင်ချီးယဲ့သည် သူ့ထက် လန်ရွှမ်းကပိုပင်ပန်းနေတယ်ဆိုတာ ရှင်းရှင်းလင်းလင်း ခံစားလိုက်ရသည်။ အရေးကြီးဆုံးက သူ့မျက်လုံးထဲရှိ အလင်းရောင်က… ပျောက်ကွယ်သွားသည်။
နောက်ဆုံးတွင် လန်ရွှမ်းသည် အတွေ့အကြုံမရှိသေးသူအတွက် အလွန်လက်မခံနိုင်းရာမဟုတ်ကြောင်းနှင့် နောင်တွင် အလုပ်ကိုကြိုးစားပါဟု ပြောကာ သူ့ကို နှစ်သိမ့်ခဲ့သည်။
သို့သော် သူစကားပြောနေစဉ်တွင် လင်ချီးယဲ့က သူ့ကိုနှစ်သိမ့်ရသည့် အသွင်ပြောင်းသွားသည်။
"စိတ်မပူပါနဲ့၊ ကျွန်တော့်ရဲ့အရည်အချင်းမရှိတာက ယာယီလို့ထင်တယ်၊ များများလေ့ကျင့်ရုံပဲပေါ့။"
"ခင်ဗျားက ကျွန်တော့်ကိုရော ကိုယ့်ကိုကိုယ်ပါ ယုံကြည်မှုရှိရမယ်။ ခင်ဗျားရဲ့သေနတ်ပစ်စွမ်းရည်က အရမ်းကောင်းတာကို ခင်ဗျား ကျွန်တော့်ကို မသင်ပေးနိုင်ဘူးဆိုတာ အကြောင်းပြချက်မရှိဘူးမလား။"
"အချိန်ပဲ၊ အရေးကြီးဆုံးကအချိန်ပဲ… စိတ်ရှည်ရှည်ထားရမယ်…"
"အကောင်းမြင်ပါ၊ အနည်းဆုံး မီတာ 20 အတွင်းမှာ ကျွန်တော် ပစ်မှတ်ကို ထိနိုင်သေးတယ်၊ ကျွန်တော်က လုပ်နိုင်သေးတယ်။"
"…"
လင်ချီးယဲ့ ဝမ်းနည်းနေချိန်၌ လူတစ်ဦးသည် သူ့ရှေ့သို့ တိတ်တဆိတ် လျှောက်လာသည်။
"မောင်လေးချီးယဲ့ ပင်ပန်းနေပြီလား။" ဟုန်ယင်းသည် ညဝတ်အင်္ကျီ ဝတ်ထားပြီး လက်ထဲတွင် လက်ဖက်ရည်ခွက်ကို ကိုင်ကာ ပြုံးလျက် လင်ချီးယဲ့အား ပေးလိုက်သည်။
လင်ချီးယဲ့သည် အတင်းပြုံးပြပြီး လက်ဖက်ရည်သောက်ရင်း "ကျေးဇူးတင်ပါတယ်။"
"တကယ်တော့ အဆင်ပြေပါတယ်၊ ပင်ပန်းပေမယ့် အရမ်းပြီးပြည့်စုံတယ်။" လင်ချီးယဲ့သည် လက်ဖက်ရည်သောက်ပြီး ပတ်ပတ်လည်ကိုကြည့်ကာ "ရှောင်နန် ဘယ်မှာလဲ"
"သူမက အဖွဲ့ရဲ့အချစ်ဆုံးနေရာကို မင်းလုယူသွားတယ်ဆိုပြီး နည်းနည်းစိတ်ဆိုးနေတာနဲ့ အိမ်ပြန်သွားတယ်။"
"မထူးဆန်းပါဘူး၊ အခုလေးတင် သူမ ကျွန်တော့်ကို ဆေးကုပေးတုန်းက ကျွန်တော့်အသားကို အမြဲတမ်း ဖိနေတာ၊ ပုံမှန်လုပ်ထုံးလုပ်နည်းလို့ ကျွန်တော်ထင်ခဲ့တာ" လင်ချီးယဲ့သည် သူ့လက်မောင်းပေါ်ရှိ အပြာနှင့် ခရမ်းရောင်အကွက်များကို ထိလိုက်ပြီး ရုတ်တရက် သဘောပေါက်သွားသည်။
ဟုန်ယင်းက ရယ်မောသွားသည်။
"တကယ်တော့ ခေါင်းဆောင်က လူတိုင်းကို အရမ်းတင်းကျပ်တယ်။ ငါ ဒီကို စရောက်ခါစက ငါက မိန်းကလေးဆိုရင်တောင် သူက လုံးဝမသက်ညှာပဲ ငိုအောင်ရိုက်တာ။" ဟုန်ယင်းသည် ပြတင်းပေါက်ကို မော့ကြည့်လိုက်ပြီး တစ်ခုခုကို သတိရနေသလို သူမနှုတ်ခမ်းထောင့်တွင် အပြုံးတစ်ခု ပေါ်လာသည်။
"နည်းနည်းရက်စက်တာပဲ။"
"မရက်စက်ဘူး၊ လုံးဝ မရက်စက်ဘူး။" ဟုန်ယင်းသည် ခေါင်းခါလိုက်ပြီး "ချန်းနန်မြို့မှာ ညကင်းစောင့်လူသားတွေ သေဆုံးမှုနှုန်းလျော့ကျသွားတာ အခြေခံအားဖြင့် ခေါင်းဆောင်ရဲ့ခရက်ဒစ်ကြောင့်ပဲ။ တစ်ချက်က သူ့ရဲ့ကိုယ်ပိုင်အင်အားကြောင့်ဖြစ်ပြီး နောက်တစ်ချက်က… တခြားအဖွဲ့ဝင်တွေအတွက် လုံလောက်တဲ့တာဝန်ယူမှုရှိလို့ပဲ။
သူနင့်ကို ပြင်းပြင်းထန်ထန် ပိုရိုက်လေလေ၊ နာကျင်မှုကို နင်မှတ်မိလေလေဖြစ်ပြီး မြန်မြန်တိုးလာလေပဲ။
အင်အားမရှိလို့ စစ်မြေပြင်မှာ သူ့အဖွဲ့ဝင်တွေသေတာထက် သူ့အဖွဲ့ဝင်တွေ သူ့ကိုမုန်းတီးတာပဲ ပိုကြိုက်တယ်… နင်နားလည်လား။"
လင်ချီးယဲ့သည် အချိန်အတော်ကြာ တိတ်ဆိတ်နေခဲ့ပြီး မနက်ခင်းက ချန်မုရယ်၏ စူးရှသောမျက်လုံးများကို သတိရပြီး ဖြည်းညှင်းစွာ ခေါင်းညိတ်ပြလိုက်သည်။
"ကျွန်တော်သိပြီ။"
ဟုန်ယင်း၏နှုတ်ခမ်းထောင့်က အနည်းငယ်မြင့်တက်လာပြီး သူမသည် အစ်မကြီးကဲ့သို့ လင်ချီးယဲ့၏ ဆံပင်များကိုထိကာ နူးညံ့စွာပြောလိုက်သည်။ "ကောင်းပြီ၊ ပင်ပန်းရင် စောစောအနားယူတော့၊ ကောင်းသောညပါ"
"ကောင်းသောညပါ။"
လင်ချီးယဲ့သည် ဟုန်ယင်းကို နှုတ်ဆက်ပြီး သူ့အခန်းထဲပြန်ဝင်ကာ ပင်ပန်းနွမ်းနယ်နေသော ခန္ဓာကိုယ်ကို ကုတင်ပေါ်ဆွဲတင်ပြီး ဗလာဖြစ်နေသောမျက်နှာကျက်ကို ကြောင်တက်တက် စိုက်ကြည့်နေသည်။
ခဏကြာတော့ ကုတင်ပေါ်ကနေ သူဖြည်းညှင်းစွာထလိုက်သည်...
ဓားဖြောင့်ကို ဓားအိမ်ကနေဆွဲထုတ်ပြီး
ဓားကို လက်တစ်ဖက်နှင့် ကိုင်ထားပြီး ကျန်တစ်ဖက်တွင် ဓားအိမ်ကိုင်ကာ
သူ့မျက်လုံးများမှိတ်ပြီး ယနေ့ ချန်မုရယ်အသုံးပြုခဲ့သော ဓားနည်းစနစ်တိုင်းကို ပြန်လည်တွေးတောနေသည်။
မှိန်ဖျော့ဖျော့လရောင်ထဲတွင်
သူက တစ်ချက်ပြီးတစ်ချက် ဓားဝှေ့ယမ်းလိုက်သည်။
TK Team (Chapter 42)