Volume 1 (သေမျိုးနယ်မြေ ၀၄၃)
Chapter 43 (ထပ်ဖြစ်ပြန်ပြီလား)
အမှတ် ၂ အထက်တန်းကျောင်း။
ကျောင်းတက်ခေါင်းလောင်းသံ မြည်လာပြီး အထက်တန်းကျောင်းသားအုပ်စုများသည် ကျောင်းတံခါးဝမှ ထွက်လာကာ စကားပြောရယ်မောကြသည်။
"အိုး… ဒီနေ့ အိမ်စာတွေအများကြီးလုပ်ရမှာ၊ ဆယ့်တစ်နာရီမထိုးခင် ငါအပြီးလုပ်ရမယ်…"
"အဲဒါမဟုတ်သေးဘူးနော်။ အဲဒီငတုံးဆရာက ဖတ်စာနားလည်နိုင်စွမ်းဆောင်းပါး ၁၂ ပုဒ်ကို အိမ်စာပေးလိုက်တယ်။ လူတွေကို အသက်မရှင်စေချင်တော့ဘူးလား။"
"ဖတ်စာနားလည်နိုင်စွမ်းက ဒီအတိုင်းရေးလိုက်ရုံပဲမလား။"
"ဘယ်လိုလုပ်ဒီအတိုင်းရေးရမှာလဲ။"
"အရှည်သုံးပုဒ်နဲ့ အတိုတစ်ပုဒ်၊ အတိုတစ်ပုဒ်ရွေး၊ အတိုသုံးပုဒ်နဲ့ အရှည်တစ်ပုဒ်၊ အရှည်တစ်ပုဒ်ရွေး၊ မညီမညာအတွက် C ကိုရွေး၊ မရှင်းမလင်းအတွက် D ကိုရွေး။"
"…ခဏနေဦး၊ ငါမှတ်လိုက်ဦးမယ်။"
"…"
ရုတ်တရက် ကျောင်းသားတစ်ယောက်သည် ခေါင်းကိုလှည့်ပြီး အနောက်မှာကျန်နေသော လီယိဖေးကို ပြောလိုက်သည်။
"လီယိဖေး၊ မင်းကဘာလို့ နှေးနေတာလဲ၊ မြန်မြန်လာ။"
လီယိဖေးက အသိစိတ်ပြန်ဝင်လာပြီး "အိုး၊ လာပြီ။"
သူသည် အုပ်စုကို အမှီလိုက်ရန် သူ့အရှိန်ကို အရှိန်မြင့်လိုက်ပြီး တစ်ချိန်လုံး လှည့်ပတ်ကြည့်နေကာ အနည်းငယ်အာရုံလွှတ်နေသည်။
"မင်းဘာဖြစ်နေတာလဲ။ ဘာကိုရှာနေတာလဲ။" ဝမ်လျန့်က သံသယဖြင့် မေးလိုက်သည်။
လီယိဖေးသည် တခဏမျှ ရုန်းကန်ရင်း သက်ပြင်းချလိုက်သည်။ "အရင်က အဖြစ်အပျက်ပြီးနောက် ကျောင်းကနေအိမ်ပြန်တိုင်း ငါ စိတ်ဒဏ်ရာရနေတုန်းပဲ… အခု ညနေပိုင်း ကိုယ်ပိုင်စာကျက်ချိန်မရှိတော့သလို ကောင်းကင်က တောက်ပနေသေးပေမယ့် အမြဲတမ်း… ထိတ်လန့်စရာကောင်းသလို ငါခံစားရတယ်။"
ဝမ်လျန့်က မျက်ဆန်လှန်ပြီး "အဲဒါက လူသတ်သမားမဟုတ်ဘူးလား၊ ဘယ်လိုလုပ် ဒီလောက်ချဲ့ကားရတာလဲ။ လီယိဖေး၊ မင်းက ခန္ဓာကိုယ်ကြီးပြီးသန်မာတာ ဘာလို့ အရမ်းကြောက်တတ်ရတာလဲ။"
"အဲဒါမဟုတ်ဘူး… ထားလိုက်ပါတော့၊ ငါမင်းကို အတိအကျမပြောနိုင်ဘူး။" လီယိဖေးက ခေါင်းယမ်းလိုက်သည်။
ထို့နောက် သူသည် တစ်ခုခုကို တွေးနေသလို ချက်ချင်း ရပ်တန့်လိုက်သည်။
"ဘာဖြစ်ပြန်တာလဲ။"
"ငါ့အိမ်စာစာအုပ်မယူခဲ့ဘဲ စာသင်ခန်းအံဆွဲထဲမှာ ရှိနေတုန်းပဲဆိုတာ ငါရုတ်တရက် သတိရသွားလို့။" လီယိဖေးသည် ခေါင်းကိုက်ကာ ပြောလိုက်သည်။
"မင်းဦးနှောက်အကြောင်း ငါပြောရရင် တုံးနေပြီးပြီကို အခုတော့ ပိုသုံးစားမရဖြစ်သွားပြီ… ကံကောင်းလို့ အခု ကျောင်းတံခါးမပိတ်သေးဘူး၊ ပြန်သွားယူလိုက်၊ ငါ သူတို့နဲ့ အရင်သွားလိုက်မယ်။"
ဝမ်လျန့်သည် သူ့နောက်ကျောတွင် လွယ်အိတ်ဖြင့် လီယိဖေးကို လက်ပြကာ လှည့်ပြီး တခြားသူများနှင့် ထွက်သွားခဲ့သည်။
လီယိဖေးသည် ထိုနေရာ၌ သက်ပြင်းချကာ နောက်ပြန်လှည့်ပြီး ကျောင်းဆီသို့ လျှောက်သွားလိုက်သည်။
ကျောင်းတံခါးဝသို့ သူပြန်ရောက်သောအခါ မိနစ်နှစ်ဆယ်ကြာသွားပြီး ကျောင်းမှထွက်မည့် ကျောင်းသားများသည် အခြေခံအားဖြင့် မရှိတော့ဘဲ တစ်ကျောင်းလုံး ဗလာကျင်းသွားကြသည်။
"ကံကောင်းလို့ ကျောင်းတံခါးမပိတ်သေးဘူး။" လီယိဖေးသည် ရေရွတ်ပြီး ကျောင်းထဲကို အမြန်ပြေးသွားသည်။
ခါတိုင်းနှင့် နှိုင်းယှဉ်ပါက ညနေဆည်းဆာအချိန်တွင် ကျောင်းဝင်းသည် အနည်းငယ် တိတ်ဆိတ်ပြီး လူကြိုက်နည်းပါသည်။
မကြာခဏဆိုသလို စာသင်ခန်းထဲမှ သန့်ရှင်းရေးလုပ်သော ကျောင်းသားများလည်း ရှိသည်။ အချိန်ကိုကြည့်လိုက်တော့ တံခါးဆီကို အမြန်ပြေးပြီး လျှပ်စီးကြောင်းကဲ့သို့ လီယိဖေး ဖြတ်သန်းသွားသည်။
သူတို့အားလုံးသည် အိမ်ပြန်ရန်၊ အိမ်မှာ ပူပူနွေးနွေး ညစာစားရန် အလျင်လိုနေကြသည်။
လီယိဖေးသည် အရှေ့ကိုလျှောက်လာလေလေ လူတွေနည်းလာလေလေ ဆည်းဆာက ပိုမှောင်လာသည်။
လမ်းဘေးနှစ်ဖက်ရှိ သစ်ပင်ကြီးများသည် တိုက်ခတ်လာသော လေပြင်းကြောင့် အသံမြည်နေပြီး အနောက်တောင်ပေါ်သို့ ကျရောက်တော့မည့် နေရောင်ခြည်သည် သစ်ရွက်များ၏အဟများမှ ပြူထွက်ကာ မှောင်စပြုလာသည်...
လီယိဖေးသည် အထက်တန်းဒုတိယနှစ် သင်ကြားရေးအဆောက်အအုံဆီသို့ အမြန်ပြေးကာ စတုတ္ထထပ်သို့ ခြေလှမ်းနှစ်လှမ်းဖြင့် ပြေးကာ သူ့အတန်းတံခါးဆီသို့ ရောက်လာသည်။
မှိန်ပျပျမှောင်ရိပ်မှလွဲ၍ စင်္ကြံအလွတ်တွင် လီယိဖေးတစ်ယောက်သာရှိသည်။
ထိုအချိန်တွင် သန့်ရှင်းရေးလုပ်သော အတန်းဖော်များမရှိတော့ဘဲ စာသင်ခန်းတံခါးကိုပင် သော့ခတ်ထားသည်။
သို့သော် လီယိဖေးအတွက် ဒါက မခက်ခဲပါဘူး။ သူသည် ပြတင်းပေါက်ကို ကျွမ်းကျင်စွာဖွင့်ကာ ကျောင်းလွယ်အိတ်ကိုချကာ ပြတင်းပေါက်၏တံစက်မြိတ်ပေါ် လက်တင်ပြီး အထဲသို့ လှမ်းဝင်လိုက်သည်။
"အိမ်စာစာအုပ်၊ အိမ်စာစာအုပ်၊ အိမ်စာစာအုပ်… တွေ့ပြီ။" လီယိဖေးသည် သူ့စားပွဲပေါ် ခဏလောက် လှည့်ကြည့်ကာ စာအုပ်တစ်အုပ်ကို ထုတ်ပြီး သူ့မျက်လုံးများ လင်းလက်လာသည်။
သူသည် စာအုပ်ကို လွယ်အိတ်ထဲထည့်ကာ ပြတင်းပေါက်ဆီသို့ လာပြီး တူညီသောနည်းလမ်းဖြင့် ခုန်ကျော်ရန် အသင့်ပြင်ထားသည်။
ထိုအချိန်တွင် စင်္ကြံ၏အဆုံး၌ ရုပ်သွင်နှစ်ခုပေါ်လာသည်။
လီယိဖေးသည် သူ့မျက်လုံးထောင့်ကနေ သူတို့ကို မြင်လိုက်သောအခါ သူ့တစ်ကိုယ်လုံး တုန်လှုပ်သွားပြီး ပြတင်းပေါက်အောက်က ကြွေပြားနောက်မှာ ပုန်းနေလိုက်သည်။
"ဒါက ဘယ်လိုကံတရားမျိုးလဲ၊ ဌာနမှူးနဲ့မှ လာတွေ့ရတယ်လို့။" လီယိဖေးက တိတ်တိတ်လေး ကျိန်ဆဲလိုက်သည်။
စင်္ကြံအဆုံးမှ လူနှစ်ဦးသည် တစ်ယောက်က သူတို့အတန်း၏ တရုတ်ဘာသာစကားအတန်းကိုယ်စားလှယ် လျှိုရှောင်ယန့်နှင့် နောက်တစ်ယောက်မှာ သူတို့ဒုတိယနှစ်၏ သင်ကြားရေးဌာနမှူးဖြစ်သည်။
ကျောင်းဆင်းပြီးနောက် ပြတင်းပေါက်ကနေ စာသင်ခန်းထဲကို ခိုးဝင်တာက လူများကို နားလည်မှုလွဲရန် လွယ်ကူစေသည်။ ဌာနမှူးကသိသွားပါက သေချာပေါက် ငြင်းခုံရလိမ့်မည်။
ထို့ကြောင့် လီယိဖေးသည် နှစ်ယောက်သားထွက်ခွာသွားတာကို စောင့်ဆိုင်းရန် ကြံရွယ်ကာ နံရံနှင့် နီးကပ်စွာ ကပ်နေခဲ့သည်။
နှစ်ယောက်သား စကားစမြည်ပြောရင်း လီယိဖေး ပုန်းနေသော စာသင်ခန်းဆီသို့ ချဉ်းကပ်လာကြသည်။ တဖြည်းဖြည်းနှင့် လီယိဖေးက သူတို့၏စကားပြောသံများကို ရှင်းရှင်းလင်းလင်း ကြားလာရသည်။
"...ဒါဆို မင်းအတန်းရဲ့တရုတ်ဘာသာစကားကို အနီးကပ်အာရုံစိုက်သင့်တယ်၊ အကောင်းဆုံးစာစီစာကုံးရေးနိုင်သူကို ရွေးချယ်ပြီး မြို့က ပြိုင်ပွဲမှာ ပါဝင်ရမယ်။"
"ကျွန်မသိပါတယ် ဌာနမှူး၊ ကျွန်မတို့အတန်းထဲမှာ စာစီစာကုံးကောင်းကောင်းရေးနိုင်တဲ့သူတွေ အများကြီးရှိတယ်…"
နှစ်ယောက်သားက လမ်းလျှောက်လာကြရင် ဌာနမှူးသည် လမ်းလျှောက်ရတာ ပင်ပန်းနေပုံပေါ်တာကြောင့် ရပ်ပြီး စင်္ကြံလက်ရန်းပေါ်မှာ လက်ကိုတင်ကာ အနားယူလိုက်သည်။
လျှိုရှောင်ယန့်လည်း ရပ်လိုက်ပြီး ဌာနမှူးအနားတွင် ဆက်ပြောနေခဲ့သည်။
သူတို့၏တည်နေရာက လီယိဖေးပုန်းနေသော စာသင်ခန်းတံခါးနားမှာဖြစ်နေသည်။
လီယိဖေးသည် ပြတင်းပေါက်မှ ရောင်ပြန်ဟပ်သောမြင်ကွင်းကို မြင်လိုက်ရပြီး မျက်လုံးများကိုကျဉ်းမြောင်းကာ ရိုးရှင်းစွာထိုင်ရင်း သူတို့နှစ်ယောက် ထွက်သွားရန် စောင့်နေသည်။
"ကောင်းပြီ၊ မင်းပြောခဲ့တာတွေက ကောင်းတယ်၊ မနက်ဖြန် ငါ့ရုံခန်းကို သူတို့ကိုခေါ်လိုက်ပြီး ငါသူတို့နဲ့ စကားပြောလိုက်မယ်။" ဌာနမှူးသည် ကျေနပ်စွာ ခေါင်းညိတ်ကာ လျှိုရှောင်ယန့်ဘက်သို့လှည့်ပြီး ပြောကာ ထွက်သွားတော့မည်ဖြစ်သည်။
"ဌာနမှူး။" လျှိုရှောင်ယန့်က ရုတ်တရက်ပြောလာပြီး ဌာနမှူက ရပ်လိုက်သည်။
ဌာနမှူးသည် သူမကို သံသယစိတ်ဖြင့် လှည့်ကြည့်ကာ "မင်း တခြားဘာပြောစရာရှိသေးလို့လဲ။ အတန်းဖော်လျှိုရှောင်ယန့်။"
နေဝင်ရီတရောအချိန်တွင် လျှိုရှောင်ယန့်၏မျက်နှာပေါ်တွင် ခပ်ဖျော့ဖျော့ ရှက်သွေးဖြာမှုပေါ်လာပြီး သူမက နားမလည်နိုင်အောင် တွန့်လိမ်သွားခဲ့သည်။
"ဌာနမှူး၊ တကယ်တော့… တကယ်တော့… ကျွန်မ… ကျွန်မရှင့်ကိူ အမြဲပြောချင်ခဲ့တာရှိတယ်…"
ဘေးမှာ ပုန်းနေသော လီယိဖေးသည် မျက်လုံးများ ပြူးကျယ်သွားကာ မျက်လုံးများ ကျွတ်ထွက်တော့မည်ဖြစ်ပြီး သူ့မျက်လုံးများက ထိတ်လန့်စရာပြည့်နေသည်။
Fuck
ငါဒီကိုအိမ်စာစာအုပ်ယူဖို့ ပြန်လာခဲ့တာကို ငါဘာမြင်လိုက်တာလဲ။
လျှိုရှောင်ယန့်က ဌာနမှူးကို တကယ်စိတ်ဝင်စားနေတာလား။
ဒါပေမယ့် ဌာနမှူးက မကြာခင် အသက်ငါးဆယ်ပြည့်တော့မှာလေ။ သူမက မြေထဲပင်လယ်သားပဲ။
သူမက ဒီလောက်အရသာပြင်းပြနေတာလား။
လျှိုရှောင်ယန့်ရှေ့မှာ ရပ်နေသော သင်ကြားရေးဌာနမှူးက ပိုပိုပြီး တင်းတင်းကျပ်ကျပ် မျက်မှောင်ကြုတ်လိုက်သည်။။
"တကယ်တော့ ကျွန်မ... ကျွန်မအမြဲတမ်းလိုချင်ပြီး...
တွေးနေခဲ့တာက…
ရှင့်ကိုစားဖို့ပဲ။"
နောက်ဆုံးစကားကို ပြောလိုက်သောအခါ လျှိုရှောင်ယန့်၏ပါးစပ်သည် တစ်စုံတစ်ယောက်က ဆွဲဖြဲလိုက်သလို အံ့အားသင့်ဖွယ်လခြမ်းကဲ့သို့ ပွင့်သွားပြီး ငါးမျှားချိတ်နှင့်တူသော အစွယ်များကို ထုတ်ပြလာသည်။
သူမ၏မျက်လုံးအိမ်များသည် ပျောက်ကွယ်သွားကာ သူမ၏အဖြူရောင်မျက်လုံးများသာ ကျန်တော့ပြီး အလွန်ကြောက်စရာကောင်းပုံရသည်။ ပြီးတော့ သူမ၏ပါးနှစ်ဖက်ပေါ်က ပါးချိုင့်များသည် ညနေခင်းတွင် ထူးဆန်းသောဝိုင်နီများ တောက်ပနေသေးသည်…
ဌာနမှူး၏ မျက်လုံးများ ပြူးကျယ်သွားကာ အော်လိုက်ချင်စိတ်ဖြင့် သူ့ပါးစပ်ကို မသိစိတ်က ဖွင့်ဟလိုက်သည်။
နောက်အခိုက်အတန့်မှာတော့ လျှိုရှောင်ယန့်၏ ဦးခေါင်းတစ်ခုလုံးသည် ပါးစပ်ကနေ ပေါက်ထွက်သွားသည်။ ထူထပ်သောအစွယ်များက အေးစက်သောအလင်းရောင်ကို ထွန်းညှိပေးသည်။
ဤပါးစပ်သည် အလွန်ကြီးမားသောကြောင့် လူတစ်ကိုယ်လုံးကို အလွယ်တကူ ဝါးမျိုနိုင်သည်။
ရလဒ်အနေဖြင့် ဒီသွေးသံတရဲရဲပါးစပ်သည် ဌာနမှူးကို ချက်ချင်းနီးပါး မျိုချလိုက်ပြီး အသွေးအသားများက တွန့်လိမ်သွားကာ ရွံရှာဖွယ်ကောင်းလှသည်။
ဖြစ်စဉ်တစ်ခုလုံးကို မျက်မြင်တွေ့လိုက်ရသော လီယိဖေးသည် သူ့ပါးစပ်ကို တင်းတင်းကျပ်ကျပ် အုပ်ထားပြီး ပြတင်းပေါက်ကို ကြောက်လန့်တကြား စိုက်ကြည့်ရင်း သူ့တစ်ကိုယ်လုံးရှိကြွက်သားများ တုန်ယင်နေသည်။
လျှိုရှောင်ယန့်သည် အချိန်အကြာကြီးဝါးပြီး ရုတ်တရက် သွေးသံတရဲရဲပါးစပ်ကို ထပ်မံဖွင့်လိုက်သည်။
ပြီးပြည့်စုံသော ဌာနမှူကို ပြန်ထွေးထုတ်လိုက်သည်။
သူ့ခန္ဓာကိုယ်ပေါ်ရှိ အကျိအချွဲအချို့ကလွဲ၍ သူ့မှာ ဆံချည်မျှင်တစ်မျှင်လေးတောင် မပျောက်ပါဘူး။
သူသည် မြေပြင်ပေါ်မှာ ငြိမ်သက်စွာ လှဲလျောင်းနေချိန်တွင် လျှိုရှောင်ယန့်၏ အသွေးအသားဦးခေါင်းသည် တဖြည်းဖြည်း ပြန်လည်ကောင်းမွန်လာပြီး စက္ကန့်အနည်းငယ်အတွင်း ထိုသာမန်အထက်တန်းကျောင်းသူလေးအဖြစ်သို့ ပြန်သွားခဲ့သည်။
သူမသည် သူမရှေ့က ဌာနမှူးကို မလှုပ်မယှက် စိုက်ကြည့်နေသည်။
စက္ကန့်အနည်းငယ်ကြာပြီးနောက် မြေပြင်ပေါ်ရှိ ဌာနမှူးသည် ရုတ်တရက် မျက်လုံးပွင့်လာပြီး လူတစ်ကိုယ်လုံး ထူးဆန်းသော ကိုယ်ဟန်အနေအထားဖြင့် မြေပြင်မှ မတ်တတ်ထရပ်လိုက်သည်။
သူနှင့် လျှိုရှောင်ယန့်တို့သည် တစ်ယောက်ကိုတစ်ယောက် ကြည့်ကာ
တစ်ချိန်တည်းတွင် ပြုံးလိုက်ကြသည်။
အလွန်ထူးဆန်းစွာ ထပ်တူကျသောအမူအရာဖြင့် စင်္ကြံအဆုံးတွင် သူတို့နှစ်ဦးက တဖြည်းဖြည်း ပျောက်ကွယ်သွားခဲ့သည်။
သူတို့နှစ်ဦးသည် အမှန်တကယ် ထွက်သွားကြောင်း အတည်ပြုပြီးနောက် လီယိဖေးသည် သူ့ပါးစပ်ကိုလွှတ်လိုက်ပြီး အသက်ရှူမဝသလို မြေပြင်ပေါ်သို့ လဲကျသွားခဲ့သည်။
သူ့ရင်ထဲမှာ စကားလုံးနှစ်လုံးပဲရှိသည်။
"ထပ်ဖြစ်ပြန်ပြီလား။"
TK Team (Chapter 43)