Volume 1 (သေမျိုးနယ်မြေ ၀၄၄)
Chapter 44 (လျှို့ဝှက်ဆန်းကြယ်မှုရောက်လာပြီ)
"တင်းတောင်… ကြိုဆိုပါတယ်။"
လင်ချီးယဲ့သည် ရုံးခန်းတံခါးကို တွန်းဖွင့်လိုက်ရာ ဆိုဖာပေါ်တွင် မတ်မတ်ထိုင်နေသော ဟုန်ယင်းကိုတွေ့လိုက်ကာ ကြောင်သွားပြီး သူမကိုလက်ပြလိုက်သည်။
"မနက်ခင်းပါ၊ အစ်မဟုန်ယင်း။"
"ချီးယဲ့။ နောက်ဆုံးတော့ နင်ရောက်လာပြီပေါ့။" လင်ချီးယဲ့ကိုမြင်တော့ ဟုန်ယင်းသည် ဆိုဖာပေါ်ကနေ အမြန်ထရပ်လိုက်သည်။
"ဘာဖြစ်လို့လဲ။"
"တစ်ခုခုဖြစ်နေပြီ။" ဟုန်ယင်းသည် လေးလေးနက်နက်ပြောပြီး လင်ချီးယဲ့၏လက်ကောက်ဝတ်ကို ဆုပ်ကိုင်ကာ မြေအောက်ဆီသို့ အမြန်လျှောက်သွားလိုက်သည်။
လင်ချီးယဲ့သည် ဤကဲ့သို့ လေးနက်သောအမူအရာဖြင့် ဟုန်ယင်းကို ပထမဆုံးအကြိမ် မြင်ဖူးတာဖြစ်ပြီး သူ့မျက်ခုံးများက အနည်းငယ် ရှုံ့တွနေသည်။ "လျှို့ဝှက်ဆန်းကြယ်မှု… ရောက်လာပြီလား။"
"ဟုတ်တယ်၊ ပြီးတော့ အရမ်းပရိယာယ်များတယ်။"
နှစ်ယောက်သား တံခါးကို တွန်းဖွင့်ပြီး လှုပ်ရှားရေးခန်းထဲသို့ ဝင်သွားကြသည်။ ထိုမှသာ တပ်ဖွဲ့ ၁၃၆ မှလူတိုင်းရောက်ရှိနေပြီဖြစ်ကြောင်း လင်ချီးယဲ့ သဘောပေါက်သွားခဲ့သည်။
တိုင်ပေါ်တွင် မှီနေသော ချန်မုရယ်သည် လင်ချီးယဲ့လာနေပြီကို မြင်လိုက်ရပြီး အစည်းအဝေးစားပွဲဆီသို့ လှမ်းထိုင်လိုက်ကာ အမူအရာမဲ့နေသေးသည်။
"အားလုံး ဒီကိုရောက်နေပြီ၊ အစည်းအဝေးလုပ်ဖို့ အဆင်သင့်ပြင်ပါ။"
အားလုံးထိုင်ပြီးနောက် ချန်မုရယ်သည် စားပွဲကို လက်ချောင်းများဖြင့်ပုတ်ကာ ဖြည်းညှင်းစွာပြောသည်။
"မနေ့ညက သံသယရှိတဲ့ ဒဏ္ဍာရီလာသတ္တဝါတစ်ကောင် ထပ်ပေါ်လာတယ်လို့ သတင်းရထားတယ်။
တည်နေရာမှာ… ချန်းနန် အမှတ် ၂ အထက်တန်းကျောင်းပဲ။"
"အမှတ် ၂ အထက်တန်းကျောင်းလား။" လင်ချီးယဲ့က အံ့သြသွားသည်။
"ဟုတ်တယ်၊ အဲဒါ မင်းသွားခဲ့တဲ့ကျောင်းပဲ။" ချန်မုရယ်သည် ခေါင်းညိတ်ပြီး "ဒါ့အပြင် ဒီအမှုကို အစီရင်ခံတဲ့သူက မင်းရဲ့အသိအကျွမ်းဟောင်းတစ်ယောက်ပဲ။"
ချန်မုရယ်သည် နောက်ဖေးခန်းကို လှမ်းအော်လိုက်သည်။ "အဲဒီကလေး၊ မင်းနိုးပြီလား။ နိုးလာရင်ထွက်ခဲ့တော့။"
အားလုံးက တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ပြီး မကြာခင်မှာပဲ အခန်းတံခါးက ဖြည်းညှင်းစွာ ပွင့်လာပြီး သွေးသံတရဲရဲမျက်လုံးများဖြင့် ကောင်လေးတစ်ယောက် ထွက်လာသည်။
သူ့ကိုမြင်တော့ လင်ချီးယဲ့က အော်လိုက်သည်။ "လီယိဖေးလား။"
လီယိဖေးသည် ခဏလောက် ထိတ်လန့်သွားကာ လင်ချီးယဲ့က အစည်းအဝေးစားပွဲဝိုင်းတွင် ထိုင်နေတာကို မြင်လိုက်ရသဖြင့် သူသည် အမှန်ဖြစ်ကြောင်း အတည်ပြုရန် သူ့မျက်လုံးများကို ပွတ်သပ်လိုက်သည်။
"လင်ချီးယဲ့လား။ မင်းဘာလို့ဒီကိုရောက်နေတာလဲ။ မင်းရော ဒီမကောင်းဆိုးဝါးကိုတွေ့လိုက်တာလား။"
"မဟုတ်ဘူး၊ သူက ငါတို့ထဲက တစ်ယောက်ပဲ။" ဝူရှန်းနန်က ခေါင်းခါပြီး ပြောလိုက်သည်။
"ယာယီအဖွဲ့ဝင်ပါ။" ချန်မုရယ်က ပြန်ပြင်လိုက်သည်။
လီယိဖေးသည် လင်ချီးယဲ့ကို စိုက်ကြည့်ရင်း ပါးစပ်အဟောင်းသားဖွင့်ပြီး သဘောပေါက်ရန် အချိန်အနည်းငယ်ကြာသွားသည်။ "လခွမ်း။ သူတို့က မင်းစစ်တပ်ထဲဝင်သွားတယ်ပြောပြီး တကယ်တော့ မင်း ဒီနေရာကိုဝင်လိုက်တာကိုး။"
လင်ချီးယဲ့က ပခုံးတွန့်လိုက်သည်။ "တချို့အဖြစ်အပျက်တွေ ဖြစ်ပျက်သွားလို့ပါ။"
"မင်းရဲ့ကိစ္စတွေကို နောက်မှပြောလို့ရတယ်။ အခုကိစ္စပြောကြရအောင်။" ချန်မုရယ်က သတိပေးပြီးနောက် သူက တစ်ခုခုကိုမှတ်မိပြီး ထပ်ပြောလိုက်သည်။
"မူလကတော့ လျှို့ဝှက်ဆန်းကြယ်မှုကိစ္စလို့ သံသယရှိတယ်ဆိုရင် ရဲကို အရင်အကြောင်းကြားပြီမှ သူတို့က ငါတို့ဆီလွှဲပေးမှာဖြစ်ပေမယ့် ဒီကလေးက နောက်ဆုံးတစ်ခေါက် တစ္ဆေမျက်နှာလူသားကို ကြုံခဲ့ဖူးတယ်။ သူက NDA မှာ လက်မှတ်ရေးခဲ့တာကြောင့် ငါတိုက်ရိုက်ဖုန်းခေါ်ဆိုမှု ပြုလုပ်ခဲ့ပြီး အလယ်အလတ်လုပ်ငန်းစဉ်ကို ဖယ်ရှားခဲ့တယ်။
ဒါက ဥပမာတစ်ခုဖြစ်ပြီး ငါတို့ရဲ့သာမာန်ကိစ္စကိုင်တွယ်မှုလုပ်ငန်းစဉ်က ဒီလိုမဟုတ်ဘူး။"
လူတိုင်းက ခေါင်းညိတ်ကြသော်လည်း ချန်မုရယ်၏စကားများက သူ့အား ရှင်းပြနေကြောင်း လင်ချီးယဲ့ ကောင်းကောင်းသိသည်။
"အဲဒါကို ပြောပြပါဦး။"
"ကောင်းပြီ။" လီယိဖေးသည် တံတွေးမျိုချကာ ပြန်တွေးလိုက်ပြီး "မနေ့ညက ကျွန်တော် အိမ်စာစာအုပ်ယူဖို့ ကျောင်းကိုပြန်သွားခဲ့ပြီး တွေ့လိုက်တာက…"
လီယိဖေးသည် မနေ့က သူဘာမြင်သလဲ၊ သူဘာကြားခဲ့သလဲဆိုတာကို အလွန်အသေးစိတ်ကျကျအမူအရာဖြင့် ဖြစ်ကြောင်းကုန်စင်ပြောပြခဲ့သည်။ သူတို့တွေ နားထောင်လေလေ၊ အဖွဲ့ဝင်များက မျက်မှောင်ကြုတ်လေလေဖြစ်သည်။
လီယိဖေးပြောပြီးနောက် ဝူရှန်းနန်က ခေါင်းညိတ်ကာ
"ဒီကလေးပြောခဲ့တာတွေက မှန်တယ်ဆိုရင် ဒီကိစ္စက လျှို့ဝှက်ဆန်းကြယ်မှုမှာ ပါဝင်ဖို့ ဖြစ်နိုင်ခြေ ၉၅ ရာခိုင်နှုန်း ရှိတယ်။" သူပြောပြီးနောက် လီယိဖေးကို ခေါင်းလှည့်ကြည့်ပြီး
"မင်း သတင်းအမှားတိုင်ကြားရင် ဘာဖြစ်မယ်ဆိုတာ သိထားသင့်တယ်။"
"ကျွန်တော်သိပါတယ်၊ ကျွန်တော်သိပါတယ်၊ ကျွန်တော်ပြောခဲ့တာတွေက အမှန်တွေပါပဲ၊ ဒီထက်မမှန်တာမျိုးမရှိတော့ပါဘူး။" လီယိဖေးက ရိုးရိုးသားသား ဖြေသည်။
"ကောင်းတယ်။" ချန်မုရယ်သည် ခေါင်းလှည့်ပြီး ဝူရှန်းနန်ကို ကြည့်လိုက်သည်။ "မင်းဘယ်လိုထင်လဲပြောပါ။"
"အခုထိ ရရှိထားတဲ့ အချက်အလက်တွေကိုကြည့်ပြီး ဒီဒဏ္ဍာရီလာသတ္တဝါမှာ အစွမ်းထက်တဲ့ဖုံးကွယ်နိုင်စွမ်းရှိတယ်။ တခြားသူဖြစ်လာတဲ့အခါ ဘာမှမထုတ်ဖော်ဘဲ တခြားသူတွေနဲ့ ပုံမှန်ဆက်သွယ်နိုင်တယ်။"
ဘေးတွင်ရှိသော ဝမ်းချီမော့က သက်ပြင်းချလိုက်သည်။ "ရုပ်ဖျက်သူလား… သူက နောက်ထပ်ပြဿနာကောင်ပဲ။"
"ဒါ့အပြင် အဲဒါက ဝါမျိုထားတဲ့သတ္တဝါတွေကို လက်ခံနိုင်စွမ်းရှိတယ်လို့ သံသယရှိတယ်။ ဒီအရာက ငါတို့တကယ်သတိထားရမယ့်အရာပဲ။" ဝူရှန်းနန်က ပြောသည်။
"ရုပ်ရှင်ထဲက ဖုတ်ကောင်တွေလိုလား။ အဆုံးမရှိကူးစက်မှုလား။" ဟုန်ယင်းက မေးသည်။
"ကူးစက်မှုနည်းလမ်းတွေက မတူပေမယ့် အကျိုးသက်ရောက်မှုက အတော်လေးဆင်တူတယ်။"
"ဒါဆို ငါတို့ ကျောင်းထဲကိုပြေးသွားပြီး လျှိုရှောင်ယန့်ကို ခုတ်လိုက်ရမလား။" ဟုန်ယင်း၏မျက်လုံးများတောက်ပလာသည်။
"အဲလောက်မရိုးရှင်းပါဘူး။" တစ်ဖက်မှာထိုင်နေသော လင်ချီးယဲ့က ရုတ်တရက်ပြောလာသည်။ "အဲဒါက တခြားသူတွေကို ကူးစက်နိုင်တဲ့အတွက် လျှိုရှောင်ယန့်က အဲဒါရဲ့အဓိကခန္ဓာကိုယ်ဟုတ်မဟုတ်ကို ကျွန်တော်တို့သေချာမပြောနိုင်ဘူး… ဘာကြောင့်လဲဆိုတော့ သူမက တခြားသူတွေဆီကနေ ကူးစက်တာလည်း ဖြစ်နိုင်တယ်။"
"ချီးယဲ့ပြောတာမှန်တယ်။" ဝူရှန်းနန်က ခေါင်းညိတ်သည်။ "ဒီလျှို့ဝှက်ဆန်းကြယ်မှုအဖြစ်အပျက်မှာ အကြီးမားဆုံးအခက်အခဲကတော့ ဒီထူးဆန်းတဲ့ ကူးစက်မှုရဲ့ ရင်းမြစ်က ဘယ်မှာလဲဆိုတာ ငါတို့ မသိလို့ပဲ။ ငါတို့တွေ ဖုတ်ကောင်တွေကို ခုတ်ပိုင်းသလိုမျိုး ဖုတ်ကောင်မိခင်ကို ရှာမတွေ့ရင် တခြားဖုတ်ကောင်တွေအားလုံးကို အသေသတ်ပစ်လိုက်ရင်တောင် အသုံးမဝင်ဘူး။"
"ပြီးတော့ ဒီဒဏ္ဍာရီလာသတ္တဝါက ဘယ်လောက်ကြာကြာ တည်ရှိနေတာလဲ၊ ကူးစက်ခံရသူ ဘယ်နှယောက်ရှိသလဲဆိုတာ ငါတို့မသိဘူး။" ဝမ်းချီမော့က ထပ်ပြောသည်။ "လျှိုရှောင်ယန့်က ပထမဆုံးကူးစက်ခံရတာ ဖြစ်နိုင်တယ် ဒါမှမဟုတ် ကူးစက်ခံရသူ ဘယ်လောက်ရှိမှန်းမသိတာလည်း ဖြစ်နိုင်တယ်။
ငါတို့တွေ အဆိုးဆုံးအတွက် ပြင်ဆင်ရမယ်ဆိုရင်…"
"အဆိုးဆုံးအစီအစဉ်လား။" ဟုန်ယင်းက ကြောင်သွားသည်။
"အဲဒါက အမှတ် ၂ အထက်တန်းကျောင်းကြီးတစ်ခုလုံးက… မကောင်းဆိုးဝါးကျောင်းဖြစ်လာတာပဲ။" ဝူရှန်းနန်က ဖြည်းညှင်းစွာ ပြောရင်း သူ့မျက်လုံးများက လေးနက်မှုပြည့်နေသည်။ "ဒီမကောင်းဆိုးဝါးက ကျောင်းမှာတင်မကဘဲ ချန်းနန်မြို့ရဲ့ တခြားနေရာတွေကိုပါ ကူးစက်သွားနိုင်တယ်။"
ဒါကိုကြားတော့ လီယိဖေးသည် ရုတ်တရက် တုန်လှုပ်သွားပြီး "ခင်ဗျား… ခင်ဗျား ဘာကိုဆိုလိုတာလဲ"
"မင်းစဉ်းစားကြည့်ဖူးလား…" ဝူရှန်းနန်က ဖြည်းညှင်းစွာ ထရပ်လိုက်ပြီး လီယိဖေး၏မျက်လုံးများကို ကြည့်ရင်း တည်ငြိမ်စွာ ပြောလိုက်သည်။
"မင်းတက်ရောက်နေတဲ့ ဒီကျောင်းမှာ မင်းရယ်၊ တခြားဆရာတွေနဲ့ အတန်းဖော်တွေကလွဲလို့ အားလုံးက မကောင်းဆိုးဝါးတွေလားဆိုတာ။
မဟုတ်ဘူး၊ ဒီမှာရပ်နေပြီဖြစ်တဲ့ မင်းကိုယ်တိုင်တောင်…
မသိလိုက်ဘဲ ဒီလျှို့ဝှက်ဆန်းကြယ်မှုရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်လာနိုင်တာပဲ။"
လီယိဖေး၏မျက်လုံးအိမ်များ ရုတ်တရက် ကျုံ့သွားပြီး အအေးဓာတ်သည် သူ့ခြေဖဝါးမှ ဦးနှောက်အထိတက်လာသလို ခံစားလိုက်ရပြီး သူ့စိတ်တစ်ခုလုံး ဗလာဖြစ်သွားသည်။
"ဟုတ်ပါပြီ၊ ရှန်းနန် သူ့ကို မခြောက်ပါနဲ့။" ဝမ်းချီမော့က ပြုံးပြီး မတ်တတ်ရပ်လိုက်သည်။ "ဒီလိုဆိုရင် [ကပ်ဘေးကျီး] က အော်ပြီးတာကြာလှပြီ။ အဲဒါကမလှုပ်ရှားသေးဘူးဆိုတော့ အခြေအနေက ဒီလောက်အန္တရာယ်မရှိသေးဘူးပေါ့။"
[ကပ်ဘေးကျီး] လား။ အဲဒါဘာလဲ။" လင်ချီးယဲ့က ဟုန်ယင်းကို သံသယဖြင့် ကြည့်လိုက်သည်။
"ဒါဟာ ကျီးကန်းတစ်ကောင်ဖြစ်ပြီး သူ့ရဲ့ကိုယ်ပိုင်တားမြစ်အပျက်အစီးနဲ့ အဲဒါကလည်း တားမြစ်ပစ္စည်းတစ်ခုပဲ။" ဟုန်ယင်းက စိတ်ရှည်ရှည်ရှင်းပြသည်။ "ချန်းနန်မြို့မှာ ကပ်ဆိုးကြီးတစ်ခုကြုံလာတဲ့အခါ အဲဒါက အော်ဟစ်ပြီး ကြိုတင်သတိပေးလိမ့်မယ်။ အဲဒါကို ထောက်လှမ်းသူအဖြစ် မှတ်ယူလို့ရတယ်။"
"အိုး။" လင်ချီးယဲ့က ခေါင်းညိတ်လိုက်သည်။
"အတိုချုပ်ပြောရရင် လျှို့ဝှက်ဆန်းကြယ်မှုတွေ ပေါ်ပေါက်လာတဲ့အတွက် ငါတို့ အဆုံးထိ စုံစမ်းစစ်ဆေးရမယ်။ ဒီမကောင်းဆိုးဝါးကို ဆက်ပြီး ရှင်သန်ခွင့်ပေးရင် ရှန်းနန်ဖော်ပြထားတဲ့ အနာဂတ်နဲ့ မဝေးတော့မှာကို ငါစိုးရိမ်မိတယ်။" ချန်မုရယ်က ဖြည်းညှင်းစွာပြောသည်။ "ရှန်းနန်၊ မင်းက ဘာအစီအစဉ်ရှိလဲ။"
ဝူရှန်းနန်သည် ထိုင်ချလိုက်ပြီး သူ့မျက်မှန်ကို တွန်းတင်ကာ လေးနက်တည်ကြည်စွာပြောသည်။ "အရေးအကြီးဆုံးအလုပ်က ဒဏ္ဍာရီလာသတ္တဝါရဲ့ ခန္ဓာကိုယ်က ဘယ်မှာရှိတယ်ဆိုတာ သိဖို့နဲ့ တစ်ချိန်တည်းမှာ ကူးစက်ခံထားရသူ ဘယ်လောက်ရှိလဲဆိုတာကိုသိဖို့ပဲလို့ ငါထင်တယ်။ ဒါကြောင့် ဒီတစ်ခေါက် လှုပ်ရှားဖို့အတွက် ငါတို့အဖွဲ့နှစ်ဖွဲ့ခွဲဖို့ အဆိုပြုချင်တယ်။
တစ်ဖွဲ့က အမှတ် ၂ အထက်တန်းကျောင်းကို ဗဟိုပြုပြီး ပတ်ဝန်းကျင်ဆီ ပျံ့နှံ့သွားပြီးတော့ တခြားကူးစက်ခံရသူတွေရဲ့ အရိပ်အယောင်တွေကို ရှာဖွေမယ်။
နောက်တစ်ဖွဲ့က အမှတ် ၂ အထက်တန်းကျောင်းကို ဖောက်ဝင်ရောက်ပြီး သဲလွန်စအတိုင်းလိုက်ပြီးတော့ အဓိကခန္ဓာကိုယ်ဘယ်မှာလဲဆိုတာ တတ်နိုင်သမျှအမြန်ဆုံးရှာဖွေရမယ်။"
ချန်မုရယ်သည် ခေါင်းညိတ်ပြပြီး သူ့မျက်လုံးများက လူတိုင်းကို ကြည့်နေသည် ။
"မင်းတို့က အမှတ် ၂ အထက်တန်းကျောင်းကို ဖောက်ဝင်မှာဆိုတော့ အဲဒါရဲ့သတိရှိမှုကို လှုံ့ဆော်လို့မဖြစ်ဘူး။ အထက်တန်းကျောင်းသားတစ်ယောက်ရဲ့ပုံစံနဲ့ မင်းတို့ကိုက်ညီရမယ်…
ဟုန်ယင်း၊ ရှောင်နန်နဲ့… ချီးယဲ့
အမှတ် ၂ အထက်တန်းကျောင်းကိုဝင်ရောက်ပြီး အဲဒါရဲ့ခန္ဓာကိုယ်ကို ရှာဖွေဖို့တာဝန်ကို မင်းတို့ဆီလွှဲပေးလိုက်မယ်။"
TK Team (Chapter 44)