Chapter 45
Viewers 1k

Volume 1 (သေမျိုးနယ်မြေ ၀၄၅)


Chapter 45 (ကျော်ဝင်ခြင်း)

"ခေါင်းဆောင်၊ ချီးယဲ့က ယာယီအဖွဲ့ဝင်ဖြစ်ပြီး ပုံမှန်အဖွဲ့ဝင်ဖြစ်လာတဲ့အထိ လျှို့ဝှက်ဆန်းကြယ်ရှင်းလင်းရေးစစ်ဆင်ရေးမှာ မပါဝင်သင့်ဘူး။" ဝူရှန်းနန်က အနည်းငယ် မျက်မှောင်ကြုတ်လိုက်သည်။

ချန်မုရယ်က ခေါင်းယမ်းလိုက်သည်။ "လက်ရှိအချက်အလက်တွေအရ ဒီဒဏ္ဍာရီလာသတ္တဝါက ဖုံးကွယ်ခြင်း၊ ငုပ်လျှိုးခြင်းနဲ့ ကူးစက်ခြင်းတွေကို ကောင်းကောင်းလုပ်နိုင်တယ်။ သူ့ကိုယ်ပိုင်နယ်ပယ်က မမြင့်မားဘူး။ ချီးယဲ့က လဝက်လောက်လေ့ကျင့်ထားပြီး သူ့ရဲ့ခွန်အားက အတော်လေးတိုးတက်လာပြီ။ ဒါက သူ့အရည်အချင်းတွေကိုသွေးဖို့အတွက် အခွင့်အရေးကောင်းပဲ။"

ဒါ့အပြင် သူက အရင်က အမှတ် ၂ အထက်တန်းကျောင်း‌ရဲ့ ကျောင်းသားတစ်ယောက်ဖြစ်ပြီး အမှတ် ၂ အထက်တန်းကျောင်းနဲ့ အရင်းနှီးဆုံးပဲ။ သူက လျှိုရှောင်ယန့်ရဲ့ အတန်းဖော်လည်းဖြစ်တယ်။ လျှိုရှောင်ယန့်ဆီချဉ်းကပ်ဖို့ကလည်း သူ့အတွက် သဘာဝအကျဆုံးပဲ။"

ဒါကိုပြောပြီး ချန်မုရယ်သည် လင်ချီးယဲ့ကိုကြည့်ကာ ဆက်ပြောသည်။ "ဟုတ်ပါတယ်၊ မင်းက ယာယီအဖွဲ့ဝင်ဖြစ်ပြီး ငါမင်းကိုအတင်းအကျပ်ခိုင်းမှာမဟုတ်ဘူး။ မင်းမသွားချင်ရင် ဒီမှာနေခဲ့လို့ရတယ်။"

"ကျွန်တော်သွားမယ်။" လင်ချီးယဲ့က လုံးဝတုံ့ဆိုင်းမနေပေ။

ချန်မုရယ်ပြောတာမှန်သည်၊ လဝက်လောက်လေ့ကျင့်ပြီးသည့်နောက်မှာတော့ သူ၏တိုက်ခိုက်ရေးစွမ်းရည်က အများကြီးတိုးတက်လာသည်။ သူသင်ယူထားသောအရာများကို အသုံးချရန် အရေးတကြီးအခွင့်အရေးလိုသည်။

ဒီလိုအန္တရာယ်များသောခေတ်မှာ ရှင်သန်ချင်တယ်ဆိုရင်တော့ အန္တရာယ်နှင့် တတ်နိုင်သမျှအမြန်ဆုံး သူရင်းနှီးထားရမည်။ လင်ချီးယဲ့သည် ဉာဏ်ရှိရှိ သူ့ကိုယ်သူကာကွယ်ရတာ နှစ်သက်သော်လည်း သူ့ကိုယ်သူ လေ့ကျင့်ရေးလုပ်ရန် အခွင့်အရေးကို လက်လွတ်မခံချင်ပေ။

"ဒီလိုဆိုရင် စလိုက်ကြရအောင်။" ချန်မုရယ်က မတ်တတ်ထရပ်ပြီး လီယိဖေးကို လှည့်ကြည့်လိုက်သည်။ "မင်းက ချီးယဲ့နဲ့ တခြားသူတွေနဲ့ အတူရှိနေပါ။"

လီယိဖေးက လန့်သွားသည်။ "ကျွန်… ကျွန်တော်က သာမန်လူလေ… တကယ်လို့…"

"သူတို့က မင်းကို ကာကွယ်လိမ့်မယ်။" ချန်မုရယ်၏ လေသံက လုံးဝမယိမ်းယိုင်ပေ။ "မင်းက ဒီဒဏ္ဍာရီလာသတ္တဝါကို မြင်ဖူးပြီး အသိဆုံးဖြစ်တာကြောင့် မင်းသွားရမယ်။"

ချန်မုရယ်၏ အမိန့်ပေးလုနီးပါးလေသံကိုကြားတော့ လီယိဖေးက ခါးသက်သက် ခေါင်းညိတ်လိုက်သည်။

"ဒီစစ်ဆင်ရေးက အဆင်ပြေရင်… ညကင်းစောင့်လူသားမှာ ပါဝင်ဖို့ ငါမင်းကို အခွင့်အရေးပေးမယ်။" ချန်မုရယ်သည် တံခါးဆီသို့ လျှောက်လာရင်း ဖြည်းညှင်းစွာ ပြောလိုက်သည်။

လီယိဖေး၏ မျက်လုံးများ ရုတ်တရက် တောက်ပလာသည်။

လင်ချီးယဲ့ ထွက်သွားခါနီးတွင် ထောင့်စွန်းတွင်ရပ်နေသော လန်ရွှမ်းကြောင့် ရုတ်တရက် ရပ်တန့်သွားသည်။

"လင်ချီးယဲ့။"

"ဟမ်။"

လန်ရွှမ်းသည် သူ့ရှေ့ကို လျှောက်လာကာ ခါးနောက်မှ အနက်ရောင်ပစ္စတိုတစ်လက်ကို ထုတ်ပြီး လင်ချီးယဲ့အား ပေးလိုက်သည်။

"ဒါက…"

"မင်းနဲ့အတူယူထားလိုက်၊ ကျည်ကအပြည့်ပဲ။" လန်ရွှမ်းက ပေါ့ပေါ့ပါးပါး ပြောသည်။

"ဒါပေမယ့် ငါ့ရဲ့အပစ်အခတ်စွမ်းရည်ကြောင့်… တခြားသူကို မတော်တဆထိခိုက်မိရင် ဘယ်လိုလုပ်မလဲ။" လင်ချီးယဲ့၏အမူအရာက ရုတ်တရက် အနည်းငယ် ရုပ်ဆိုးလာသည်။

လန်ရွှမ်းသည် သူ့အား အဓိပ္ပါယ်ပါပါအကြည့်တစ်ချက်ပေးပြီးနောက် လှည့်ထွက်သွားသည်။

"သေနတ်ရဲ့အဓိပ္ပါယ်က သတ်ဖို့သက်သက်မဟုတ်ဘူး။"

လင်ချီးယဲ့သည် ခဏမျှ မှင်တက်သွားပြီး သူ့အိတ်ကပ်ထဲသို့ ပစ္စတိုကို ထည့်ကာ ဝင်ပေါက်ဆီသို့ လျှောက်သွားသည်။


မိနစ်နှစ်ဆယ်ကြာပြီးနောက်

အမျိုးမျိုးသော သေတ္တာများ ကိုင်ဆောင်ထားသည့် လူသုံးယောက်သည် အမှတ် ၂ အထက်တန်းကျောင်း တံခါးရှေ့တွင် မျက်မှောင်ကြုတ်ကာ ရပ်နေသည်။

"ချီးယဲ့၊ နင်တို့ရဲ့ကျောင်းဝတ်စုံက ဘာလို့ဒီလောက်ရုပ်ဆိုးနေတာလဲ။" ဟုန်ယင်းသည် အနီနှင့်အဖြူအထက်တန်းကျောင်းဝတ်စုံများကို ငုံ့ကြည့်ကာ ရွံရှာစွာဖြင့် ပြောလိုက်သည်။

"မိန်းကလေးတွေရဲ့ ကျောင်းဝတ်စုံတွေက သိပ်မဆိုးပါဘူး။" လင်ချီးယဲ့သည် သူ၏အပြာနှင့်အဖြူကျောင်းဝတ်စုံများကို လက်ညှိုးထိုးပြပြီး "ယောက်ျားလေးတွေရဲ့ကျောင်းဝတ်စုံက တကယ်ရုပ်ဆိုးတယ်။ ဒါ့အပြင် ကျောင်းဝတ်စုံတွေက တစ်ယောက်နဲ့တစ်ယောက်မတူဘူး။"

အစ်မတို့က အတော်လေးကြည့်ကောင်းပါတယ်။"

နေရောင်အောက်တွင် ဟုန်ယင်းသည် အဖြူရောင်လက်တိုအင်္ကျီနှင့် အနီနှင့်အဖြူကျောင်းဝတ်စုံကို ဝတ်ဆင်ထားသည်။ ဇစ်ဖွင့်ထားပြီး လေထဲတွင် အနည်းငယ်ယိမ်းနွဲ့နေသည်။ သူမ၏ဆံပင်ကို ခပ်မြင့်မြင့်ချည်ထားပြီး သူမနောက်ကျောတွင် အနက်ရောင်သေတ္တာရှည်ကို သယ်ထားသည်။ ငယ်ရွယ်ပြီး သူရဲကောင်းစိတ်ဓာတ်ပြည့်နေသည်။

သူမဘေးက စစ်းရှောင်နန်ကတော့ တခြားမြင်ကွင်းတစ်ခုဖြစ်သည်။ သူမသည် ကာတွန်းအင်္ကျီလက်ရှည်ကို ဝတ်ဆင်ထားပြီး ကျောင်းဝတ်စုံကို စကတ်ကဲ့သို့ သူမခါးတွင်ပတ်ထားကာ သူမ၏အနက်ရောင်ဆံပင်ရှည်ရှည်ကို ဘန်းမုန့်ပုံစံ ဆံထုံးနှစ်ခုထုံးထားသည်။ သူမပုံစံက ရှက်ရွံ့ပြီး စိတ်နုသော မိန်းကလေးနှင့်တူသည်။

ဟုန်ယင်းသည် ပြုံးလိုက်ပြီး လင်ချီးယဲ့ကို မျက်လုံးမှိတ်ပြသည်။ "မောင်လေးချီးယဲ့၊ နင်ဒီလောက်အထိ စကားပြောတတ်မယ်လို့မထင်ထားဘူး။"

လင်ချီးယဲ့: "…"

"အခုပြဿနာက မနက်ခင်းပထမအတန်းချိန်က တစ်ဝက်ရောက်နေပြီ၊ ကျွန်တော်တို့ ဘယ်လိုဝင်ကြမလဲ။" လင်ချီးယဲ့သည် အချိန်ကို တစ်ချက်ကြည့်လိုက်ပြီးနောက် တံခါးဘေးရှိ လုံခြုံရေးအစောင့်ကို လှမ်းကြည့်လိုက်သည်။

"ပြီးတော့ ဒီပစ္စည်းတွေကို ကျွန်မတို့သယ်ထားတာဆိုတော့ ကျွန်မတို့သေချာပေါက်တားပြီး မေးခွန်းထုတ်လိမ့်မယ်။" စစ်းရှောင်နန်သည် သူမလက်ထဲက အနက်ရောင်သေတ္တာကို ကြည့်ပြီး တိုးတိုးလေး ပြောလိုက်သည်။

"လွယ်လွယ်လေးပဲမဟုတ်ဘူးလား။" ဟုန်ယင်း၏နှုတ်ခမ်းထောင့်က အနည်းငယ်မြင့်တက်လာပြီး သူမခေါင်းနှင့်ရင်ဘတ်ကိုမြှောက်ကာ မဝေးသော နှစ်မီတာမြင့်သည့် ခြံစည်းရိုးကို ညွှန်ပြလိုက်သည်။ "နံရံကို ကျော်တက်ပြီး ဝင်မယ်။"

လင်ချီးယဲ့သည် ခဏလောက်စဉ်းစားပြီးနောက် သူ့ပခုံးသာသာပဲရှိသော ပျော့ညံ့ပုံရသည့် စစ်းရှောင်နန်ကို ခေါင်းလှည့်ကြည့်လိုက်သည်။ "ကျွန်တော်အဆင်ပြေပါတယ် ဒါပေမယ့် ရှောင်နန်ကတော့ အခက်အခဲရှိနိုင်တယ်…"

စစ်းရှောင်နန်: (-?_-?)

သူမသည် လင်ချီးယဲ့အား တိတ်တဆိတ် မျက်ဆန်လှန်ပြလိုက်ကာ သူမ၏ခန္ဓာကိုယ်သည် လှုပ်ခါသွားပြီး မျက်စိတစ်မှိတ်အတွင်း နံရံဘက်သို့ ပြေးသွားကာ နံရံပေါ်ကို သူမခြေချောင်းများဖြင့် ရေတွက်ရင်း သူမ၏တစ်ကိုယ်လုံးသည် လိပ်ပြာလေးတစ်ကောင်လို လွင့်မျောနေလေသည်။

လက်တစ်ဖက်က အနက်ရောင်သေတ္တာကို ကိုင်ထားပြီး လေထဲမှာ စက်ဝိုင်းတစ်ဝက်လောက်လှည့်ပြီး နံရံတစ်ဖက်ကို တိတ်တိတ်လေး ဆင်းသက်ခဲ့သည်။

လင်ချီးယဲ့: "…"

ဟုန်ယင်းသည် သူမနှုတ်ခမ်းကိုဖုံးကာ ရယ်မောလိုက်သည်။ "ချီးယဲ့၊ ရှောင်နန်က နူးညံ့တဲ့မိန်းကလေးဆိုပေမယ့် ညကင်းစောင့်လူသားမှာနေတာ နှစ်နှစ်ရှိပြီ၊ သူမ လျှော့မတွက်နဲ့..."

ပြောပြီးနောက် ဟုန်ယင်းလည်း နံရံဆီသို့ လျင်မြန်စွာ ပြေးသွားကာ ခြေလှမ်းအနည်းငယ်လှမ်းပြီး ကြောက်လန့်နေသောငှက်တစ်ကောက်ကဲ့သို့ နံရံကိုကျော်တက်ပြီး နံရံကို အလွယ်တကူ သက်‌သောင့်သက်သာ ပြေပြေပြစ်ပြစ် ခုန်ကျော်သွားသည်။

လင်ချီးယဲ့သည် နံရံအောက်သို့ လျှောက်သွားပြီး အခုလေးတင် လူနှစ်ယောက်၏ အလွန်လှပသော‌ နံရံကိုဖြတ်ကျော်ခြင်း စွမ်းဆောင်မှုသည် သူ့စိတ်ထဲတွင်လင်းလက်နေပြီး သူ့နှုတ်ခမ်းထောင့်များက အနည်းငယ်လှုပ်ယမ်းသွားသည်။

နည်းနည်းရှက်စရာကောင်းတယ်...

သူသည် အသက်ပြင်းပြင်းရှူရင်း အနက်ရောင်သေတ္တာကို ဦးစွာပစ်ချပြီးနောက် အမြင့်သို့ခုန်တက်ကာ နံရံတံစက်မြိတ်ပေါ် လက်တင်ပြီး အလွယ်တကူဖြတ်ကျော်သွားခဲ့သည်။

ဒါကကြည့်ကောင်းပေမယ့် အရာရာတိုင်းကို နှိုင်းယှဉ်ရမှာကို ကြောက်ရွံ့နေကာ ဟုန်ယင်းနှင့် စစ်းရှောင်နန်တို့ရှေ့မှာ လင်ချီးယဲ့သည် ရုတ်တရက် အရှက်မရှိသလို ခံစားလိုက်ရသည်။

"အင်း မဆိုးပါဘူး၊ နည်းနည်းမိုက်တယ်။" ဟုန်ယင်းသည် လင်ချီးယဲ့၏ အနက်ရောင်သေတ္တာကို သူ့ထံပြန်ပေးကာ အပြုံးဖြင့် အားပေးခဲ့သည်။

လင်ချီးယဲ့သည် ဤအကြောင်းအရာကို တတ်နိုင်သမျှအမြန်ဆုံး အဆုံးသတ်ချင်ရုံဖြင့် ခေါင်းယမ်းလိုက်ပြီး "ဒါဆို စီစဉ်ထားတဲ့အတိုင်း လျှိုရှောင်ယန့်နဲ့ အနီးကပ်အဆက်အသွယ်ရဖို့အတွက် ကျွန်တော် အတန်းပြန်တက်ပြီး အစ်မတို့က ဌာနမှူးကိုစုံစမ်းဖို့ ရုံးခန်းအဆောက်အအုံကိုသွားလိုက်ပါ။"

"ကောင်းပြီ၊ ဘာကိစ္စရှိရှိ နားကြပ်နဲ့ဆက်သွယ်နော်။" ဟုန်ယင်းသည် သူမ၏နားရှိ မမြင်နိုင်သောနားကြပ်ကို ညွှန်ပြကာ လှည့်ပြီး စစ်းရှောင်နန်နှင့်အတူ ထွက်ခွာသွားခဲ့သည်။

ခြေလှမ်းနှစ်လှမ်း လှမ်းပြီးနောက် သူမသည် ခေတ္တရပ်လိုက်ပြီး ရှက်ရွံ့စွာ ခေါင်းလှည့်လိုက်သည်။

"ရုံးခန်းအဆောက်အအုံက… ဘယ်မှာလဲ။ ပြီးတော့ ဌာနမှူးရုံးခန်းက ဘယ်မှာလဲ။"

လင်ချီးယဲ့သည် အကွာအဝေးရှိ အထပ်မြင့်အဆောက်အအုံအား ကူကယ်ရာမဲ့ ညွှန်ပြလိုက်သည်။ "၄၀၃"


"…ဒီတော့ မဂဏန်းတွေက ပြောင်းလဲပြီး စုံဂဏန်းတွေက မပြောင်းလဲဘူးလို့ ပြောပြီး သင်္ကေတက လေးထောင့်ပေါ်မူတည်တယ်။ မင်းတို့ ဒီဖော်မြူလာကို မှတ်မိရမယ်။ ပြီးရင် နောက်မေးခွန်းကို ကြည့်လိုက်မယ်…"

စင်မြင့်ပေါ်တွင် မျက်မှန်တပ်ထားသည့် လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးသည် ဖတ်စာအုပ်တစ်အုပ်ကို ကိုင်ထားကာ စိတ်ဓာတ်ပြင်းပြစွာ ရှင်းပြနေသည်။

ရုတ်တရက် တံခါးခေါက်လာသည် 

ဒေါက် ဒေါက် ဒေါက်

လူတိုင်း တံခါးကို လှည့်ကြည့်လိုက်တော့ မတွေ့တာဆယ်ရက်ကျော်ကြာပြီဖြစ်သည့် လင်ချီးယဲ့က လက်ထဲမှာ အနက်ရောင်သေတ္တာကို ကိုင်ထားပြီး တံခါးဝမှာ ငြိမ်သက်စွာ ရပ်နေတာကို တွေ့လိုက်ရကာ အနည်းငယ်ဦးညွတ်လိုက်သည်။

"ဝင်ခွင့်ပြပါ။"

"လင်ချီးယဲ့လား။" သင်္ချာဆရာသည် သူ့ကိုမြင်တော့ အနည်းငယ် အံ့သြသွားပြီး "မင်းဘာလို့ ဒီကိုလာတာလဲ။ ဒီရက်တွေ ဘယ်ရောက်နေတာလဲ။"

"ကျွန်တော့်မျက်လုံးက ပြဿနာတစ်ခုခုဖြစ်တာကြောင့် နှစ်ပတ်လောက် ဆေးရုံတက်နေတာပါ။"
 
"ဒီလိုကိုး… ဝင်ပြီးလာထိုင်ပါ။"

သင်္ချာဆရာက မျက်မှန်ကို တွန်းတင်လိုက်သည်။ ယခင်က မသန်မစွမ်းဖြစ်ခဲ့သည့် အထူးကျောင်းသား လင်ချီးယဲ့အတွက် သူတို့သည် သည်းခံနိုင်မှုများစွာရှိနေဆဲဖြစ်ပြီး သူ့ကိုခက်ခဲအောင်လုပ်မည်မဟုတ်ပေ။

လူတိုင်း၏ အံ့အားသင့်နေသော မျက်လုံးများအောက်တွင် လင်ချီးယဲ့သညိ ငြိမ်သက်စွာ လျှောက်သွားပြီး သူ့ထိုင်ခုံဆီသို့ ပြန်ထိုင်လိုက်သည်။

သူ၏စိတ်စွမ်းအားသည် လှည့်ပတ်သွားကာ အနည်းငယ် မျက်မှောင်ကြုတ်သွားသည်။

"ကျောင်းသားတွေ စာဆက်သင်မယ်…" သင်္ချာဆရာက ကျောက်သင်ပုန်းပေါ်ကို ပုတ်လိုက်ပြီး တခြားသူများ၏ အာရုံစိုက်မှုကို ပြန်ဆွဲယူကာ ဆက်ပြောခဲ့သည်။

လင်ချီးယဲ့သည် နားကြပ်ကို တိတ်တဆိတ် ထိလိုက်သည်နှင့် ချန်မုရယ်၏အသံက ထွက်ပေါ်လာသည်။

"လင်ချီးယဲ့ အခြေအနေဘယ်လိုလဲ။"

"ကျွန်တော် စာသင်ခန်းထဲဝင်သွားပြီ။" လင်ချီးယဲ့က အသံကို လျှော့လိုက်သည်။

"မင်းရဲ့တားမြစ်အပျက်အစီးက သူတို့ကို ဖော်ထုတ်နိုင်လား။"

"ဖော်ထုတ်နိုင်တယ်။"

"အရေအတွက်က ဘယ်လိုလဲ။"

လင်ချီးယဲ့၏ မျက်ခုံးများသည် အနည်းငယ် ရှုံ့တွနေပြီး သူ့အသံမှာ အနည်းငယ် လေးနက်နေသည်။

"သိပ်မကောင်းဘူး…"

TK Team (Chapter 45)