အပိုင်း ၁၀
Viewers 53k

အခန်း ၁၀

ငွေက အရာရာကို မခြယ်လှယ်နိုင်ဘူး

 အဖြူရောင်၀တ်ရုံ၊ ရွှေခြေနင်းတစ်စုံနှင့် အနုစိတ်လက်ရာမြောက် ကျောက်စိမ်းခားပတ်တို့ကို၀တ်ဆင်ထားပြီး သူ့ရဲ့ နက်မှောင်တဲ့ဆံနွယ်ရှည်တွေကို အစိမ်းရောင်ကြိုးမျှင်လေးနဲ့ ရိုးရိုးရှင်းရှင်းချည်ထားတဲ့.. 
ကျောက်ရူကျီက အလွန်ပင် ကြည့်ကောင်းလှသည်။

သူ့ရဲ့တင့်တယ်တဲ့ သွင်ပြင်ကို မြင်လိုက်တာနဲ့ ကြီးမြတ်တဲ့အဆင့်အတန်းထဲကမှန်း သိစေနိုင်သည်။

"ကျောက်ရူကျီ?! " 

ဆန်းချီရှန်းက သူ့ရဲ့ ဖွားဖက်တော်ကို လက်နှင့်ကွယ်ကာ မတ်တပ်ထရပ်လိုက်ပြီး သူ့ရှေ့က ခန့်ညားတဲ့လူငယ်ကို စိတ်မသက်မသာပုံစံဖြင့် သုန်သုန်မှုန်မှုန် ကြည့်လိုက်၏။ 

"သခင်လေးဆန်းမှာ ဒီလို ဝါသနာတွေရှိတာကို ငါမသိခဲ့ဘူး ဒီနေ့ကတော့ ငါ့ကိုမျက်စိပွင့်စေတာပဲ"

 ကျောက်ရူကျီက ဆန်းချီရှန်းရဲ့ ခန္ဓာကိုယ်ကို အစုန်အဆန်ကြည့်လိုက်ရင်း ရယ်သံခပ်သဲ့သဲ့ဖြင့် ပြောလိုက်သည်။

လှောင်ရယ်ချင်နေတာကို အတင်းထိန်းချုပ်ထားပုံရတဲ့ ကျောက်ရူကျီရဲ့ စကားကြောင့် ဆန်းချီရှန်းရဲ့မျက်နှာက ရှက်ရွံမှုဖြင့် နီရဲသွားလေ၏။

ထို့နောက်...
ကျောက်ရူကျီနောက်နားမှာ ရပ်နေသည့် သူလွှတ်လိုက်တဲ့ လက်အောက်ငယ်သားရဲ့ အဝတ်အစားတွေကို ချွတ်ယူဝတ်ဆင်လိုက်သည်။

ဆန်းချီရှန်းက ကျောက်ရူကျီကို ဘာမှခွန်းတုံ့ပြန်ပြောမနေပဲ ဆိုင်ဘက်သို့လှည့်၍...

" မင်းစောင့်နေ...မနက်ဖြန် ငါပြန်လာခဲ့မယ်...မင်းရဲ့ ဆိုင်အစုတ်ပလုတ်ကိုတောင် ငါမဖျက်ဆီးနိုင်ဘူးဆိုရင် ငါ့မျိုးရိုးကို ဆန်း လို့ မခံယူတော့ဘူး...!!!" 

ဆန်းချီရှန်းက အော်ပြောပြီးသွားတာနဲ့ တပြိုင်နက် ကျောက်ရူကျီဘက်ပြန်လှည့်လိုက်ပြီး ပြောလိုက်သည်။ 

 "သခင်လေးကျောက်... မင်းရဲ့အိပ်မက် နတ်သမီးလေးက ဆိုင်ငယ်လေးထဲမှာ ရှိနေတယ်...ငါမင်းကို တစ်ခုတော့သတိပေးလိုက်မယ်... ဒီဆိုင်ကမြင်ရသလို မရိုးရှင်းဘူး...ကြည့်ရတာ မိန်းကလေးရှောင်က ဆေးမိနေသလိုပဲ"

သူက ပြောပြီးတာနဲ့ ကျောက်ရူကျီရဲ့ စကားအပြန်ကိုတောင်စောင့်မနေတော့ပဲ ကိုးရိုးကားရားပုံစံဖြင့် ပြန်သွားလေသည်။

"တစ်စုံတစ်ယောက်ရဲ့ ပြုစားခံရတာလား?"

 ကျောက်ရူကျီက ခပ်တိုးတိုး ရေရွတ်လိုက်ပြီး...နောက်ဖေးလမ်းကြားထဲက ရိုးရှင်း သေးငယ်တဲ့ ဆိုင်လေးကိုလှမ်းကြည့်၍ နှုတ်ခမ်းတွန့်ရုံ အဓိပ္ပါယ်ပါပါ ပြုံးလိုက်၏။ 

!ဘယ်လို မရိုးရှင်းတာလဲ?မှော်ဆန်တာလား?!ထူးခြားချက်ကို သူကိုယ်တိုင်သိချင်တာကြောင့် တွေဝေမနေပဲ ဆိုင်ငယ်လေးဆီ လျောက်သွားလိုက်လေသည်။

သို့ပေမယ့်လည်း...
 သူအ၀င်၀ဆီမရောက်ခင်မှာပဲ ရှောင်မောင်နှမနှစ်ယောက်က ထူးဆန်းတဲ့မျက်နှာအ မူအရာတွေနှင့် ဆိုင်ထဲကထွက်လာလေသည်။ 

ရှောင်ယန်ယုက အလွန်အမင်း စိတ်လှုပ်ရှားနေ၏။အဆင့်မြင့်ဥထမင်းကြော်ကိုစားပြီးနောက် သူမရဲ့ ခန္ဓာကိုယ်ထဲမှ အစစ်အမှန်စွမ်းအင်တွေက လှုံ့ဆော်ခံလိုက်ရသလိုမျိုး တိုးတက်လာ၏။နောက်တစ်ဆင့်ကို ချိုးဖျက်မရောက်ရှိသေးပေမယ့် အံသြစရာကောင်းလောက်အောင် ပမာဏအမြားအပြား တိုးပွားလာတာဖြစ်သည်။

!အဆင့်မြင့်ဥထမင်းကြော်ရဲ့ အရသာက မယုံနိုင်လောက်ကို ကောင်းမွန်ပြီး... လူတစ်ယောက်ရဲ့ ကျင့်ကြံခြင်းအဆင့်ကိုတောင် တိုးတက်စေနိုင်တယ်ဆိုတော့...အဆင့်လေးဆေးတွေနဲ့ အကျိုးသက်ရောက်မှုခြင်းညီမျှနေပြီ...မဟုတ်သေးဘူး...ထမင်းကြော် ကပိုတယ်...သူကအရသာရှိတယ်!

အဆင့်မြင့်ဥထမင်းကြော်စားဖို့အတွက် အနည်းဆုံး တတိယအဆင့်(တိုက်ခိုက်သူအဆင့်)ရှိရန်လိုအပ်သည်ဟု သတ်မှတ်ထားခြင်းမှာ အံ့သြစရာ မဟုတ်တော့ပေ။တိုးပွားလာတဲ့ အစစ်အမှန်စွမ်းအင်တွေက များပြားလွန်းသောကြောင့် ဒုတိယအဆင့် တစ်ယောက်သာစားခဲ့ရင် တိုးတက်လာမှာမဟုတ်တဲ့အပြင် သူတို့ရဲ့ ခန္ဓာကိုယ်တောင်မှ တိုးပွားလာတဲ့စွမ်းအင်တွေကို လက်မခံနိုင်ပဲ ပေါက်ထွက်သွားပေလိမ့်မည်။

"ယန်ယု...!ဘာဖြစ်လို့လဲ..?"

 ရှောင်ယန်ယုကိုမြင်လိုက်တာနဲ့ ကျောက်ရူကျီရဲ့ မျက်လုံးတွေကကြင်နာမှုနဲ့ရွှန်းလဲ့တောက်ပလာပြီး သူမဆီ ခြေတစ်လှမ်းလှမ်းလိုက်၍ ညင်သာစွာမေးလိုက်၏။ 

ရှောင်ယန်ယုက သူမရဲ့ ကျင့်ကြံခြင်းအဆင့်တိုးလာတာကြောင့် အပျော်လွန်နေပြီး ကျောက်ရူကျီကို လုံး၀လစ်လျူရှုထားလေသည်။

ရှောင်ရှောင်လုံကတော့ ကျောက်ရူကျီကို သတိနဲ့ကြည့်လိုက်ပြီး...ရုတ်တရက် ဒီနေရာမှာရောက်နေရတဲ့ အကြောင်းအရင်းကို ဆက်စပ်တွေးနေမိ၏။
!ဟိုကောင် ဆန်းချီရှန်းက သူ့ကိုသတင်းပေးခဲ့တာ ထင်တယ်!

ရှောင်မောင်နှမနှစ်ယောက်က သူ့ကို အဖက်လုပ်မနေပဲ အဝေးကိုလျှောက်ထွက်သွားသောကြောင့် သူပိုပြီးစိတ်ဝင်စားသွားသည်။
!ယန်ယုက ဒီလို အမူအရာမျိုး ဖြစ်နေရလောက်အောင်... ဒီမှာဘာတွေများဖြစ်ပျက်ခဲ့လို့လဲ..?!

"ကျေးဇူးတင်ပါတယ်...နောက်လဲ လာခဲ့ပါဦး..." 

ပုဖန်က သမ်းဝေလိုက်ပြီး ဆိုင်ပိတ်ရန် ပြင်ဆင်လိုက်သည်။

၀ှိုက်တီကလည်း မီးဖိုချောင်ထဲသို့ပြန်သွားခဲ့လေပြီ။

ပုဖန်က တံခါးနောက်ဆုံးတစ်ချပ်ကိုကောက်ယူလိုက်ပြီး မပိတ်လိုက်သေးခင် ခန့်ညားတဲ့ လူငယ်တစ်ယောက်က သူ့ရှေ့မှာပေါ်လာလေသည်။ 

"ဆိုင်ရှင်...ခဏနေပာဦး...မပိတ်ပါနဲ့ဦး...မင်းရဲ့ဟင်းပွဲတွေကို မြည်းစမ်းပာရစေ" 

ခန့်ညားတဲ့ ကျောက်ရူကျီက မျက်နှာမှာ အပြုံးတစ်ခုနှင့် အ၀င်၀မှာသေသပ်ကျနစွာရပ်၍ ပုဖန်ကိုကြည့်ပြီး ပြောလိုက်သည်။

လေတစ်ချက်ဝေ့တိုက်သွားပြီး သူ့ရဲ့ ၀တ်ရုံက တဖျတ်ဖျတ်လွင့်ခာနေ၏

ပုဖန်က ထုံးစံအတိုင်း မျက်နှာသေဖြင့်ပင် ကျောက်ရူကျီကို ကြည့်၍...

"အိုး...စိတ်မကောင်းပါဘူး...ဒါ ဆိုင်ပိတ်ချိန်ပါ...မနက်ဖြန်မှသာ ပြန်လာပါတော့..." 

ခပ်ရှင်းရှင်းပဲပြောလိုက်ပြီး ဆိုင်ကို ဆက်ပိတ်လေသည်။ 

 ကျောက်ရူကျီ ခဏ ဆွံ့အသွားသည်။

!ဆိုင်ရှင်က စားသုံးသူကိုငြင်းထုတ်လိုက်တာလား..? ဒီလို ဆိုင်ငယ်လေးက သူ့ရဲ့ စားသုံးသူကိုတောင်ငြင်းရဲတယ်ပေါ့..?!

"ဖွင့်တဲ့ အချိန်တွေကို လူတွေက သတ်မှတ်တာပါ...ပြောင်းလဲလို့ရပါတယ်...ငါပိုပေးဖို့ ဆန္ဒရှိပါတယ်" 

ကျောက်ရူကျီက နောက်တစ်ကြိမ်ထပ်ပြောလိုက်သည်။

"မရဘူး..." 

ပုဖန်က မပြောင်းလဲစွာပင် ပြန်ပြောလိုက်၏။

ကျောက်ရူကျီ မျက်ခုံးပင့်လိုက်မိပြီး...

"မူလစျေးရဲ့ နှစ်ဆဆိုရင်ကော..?" 

ပုဖန်က ခဏလောက်တွေးလိုက်ပြီး ထပ်ငြင်းလိုက်သည်။

 "မရဘူး... " 

ကျောက်ရူကျီ (လုံး၀)အံသြမှင်သက်သွား၏။
ဆိုင်ငယ်လေးတစ်ဆိုင်က စားသုံးသူတစ်ယောက်ကို ဒီလို ငြင်းလွှတ်နိုင်မယ်လို့ သူမထင်ထားပေ။ ဒါပေမယ့်လည်း သူအလျော့မပေးသေးပဲ ဆက်ပြောလိုက်သည်။

"မူလစျေးနှုန်းရဲ့ သုံးဆပေးမယ်" 

"မရဘူး..." 

"လေးဆဆိုရင်ကော...?"

"မရဘူး.....မရဘူး..."

"ငါးဆ " 

 ပုဖန်ရဲ့ မျက်နှာသေကို ကန်ပစ်လိုက်ချင်စိတ်ကို ချိုးနှိမ်ရင်း ကျောက်ရူကျီ အေးစက်စွာ ပြောလိုက်၏။

"ငါးဆလား...??"

 ကျောက်ရူကျီ ပြောလိုက်တဲ့ စျေးနှုန်းကိုကြားသောအခါ ပုဖန်ရဲ့ မျက်လုံးတွေက ဘလင်း..ဘလင်း.. ဖြစ်လာပြီး နှလုံးခုန်နှုန်းတွေ သောက်ကျိုးနည်းမြန်ဆန်လာသည်။

 မူလစျေးနှုန်းရဲ့ ငါးဆသာဆိုရင် အဆင့်မြင့်ဥထမင်းကြော်တစ်ပွဲကို သလင်းကျောက် အတုံးငါးဆယ်၊ရိုးရိုးဥထမင်းကြော်တစ်ပွဲကို သလင်းကျောက်ငါးတုန်းတောင် ရမှာ။ သူက ပိုက်ဆံပမာဏကို တွက်ချက်ကြည့်ပြီး စိတ်ကူးထဲ လွင့်မျောနေလေသည်။

" ချက်ပြုတ်ခြင်းနတ်ဘုရား ဖြစ်လာဖို့ ရည်ရွယ်ထားတဲ့ ရည်မှန်းချက်ကြီးတဲ့ သူတစ်ယောက်အနေနဲ့...ကိုယ်ပိုင်စည်းမျဉ်းစည်းကမ်းတွေထားရှိပြီး စည်းမျဉ်းတွေကို ကိုယ်တိုင်လည်းလိုက်နာရမယ်...ပိုက်ဆံရဲ့ လွှမ်းမိုးမှုကို မခံပါနဲ့... ပိုက်ဆံအတွက်နဲ့ တွေဝေမနေပါနဲ့." 

ပုဖန်က ကျောက်ရူကျီရဲ့ ကမ်းလှမ်းမှုကို လက်ခံတော့မည့်အချိန်မှာပဲ သူ့ စိတ်ထဲက System ရဲ့ သတိပေးမှုကြောင့် ပြန်သတိဝင်လာသည်။ 

 ပုဖန်ရဲ့ ချီတုံချတုံဖြစ်နေတဲ့ မျက်နှာအမူအရာကိုကြည့်ပြီး... လက်ခံတော့မည်ဆိုတာကိုသိလိုက်၍ ကျောက်ရူကျီ ကျေနပ်သွားသည်။

!ဟမ့်...ဆိုင်ငယ်လေးတစ်ဆိုင်ရဲ့ ပိုင်ရှင်ကများ ဘယ်လိုလုပ် ငါနဲ့ စည်းမျဉ်းတွေအကြောင်းပြောရဲတာလဲ? ပိုက်ဆံနဲ့ ဖြိုခွင်းလို့မရတဲ့ စည်းမျဉ်းဆိုတာ မရှိဘူး.!

ပုဖန်က သက်ပြင်းတစ်ချက်ချလိုက်ပြီး ပိုမိုအေးစက်တဲ့ မျက်နှာထားနဲ့ ကျောက်ရူကျီကို တစ်ချက်ကြည့်လိုက်၏။နောက်......

" ဘန်း...!!!" 

ကျယ်လောင်တဲ့ အသံနဲ့အတူ တံခါးချပ်က အ၀င်၀ကို ဖုံးအုပ်သွားလေသည်။ 

"ဘာဖြစ်တာလဲ...???"
" ဆိုင်ရှင်... မင်းငါ့ကို အထဲ ပေး၀င်မှာမဟုတ်ဘူးလား?မင်း ဆိုင်ဆက်ဖွင့်ထားမယ် မဟုတ်ဘူးလား?"

!သူ လက်ခံတော့မလို့ မဟူတ်ဘူးလား? သူအပေးအယူက မလုံလောက်သေးလို့လား?ဘာဖြစ်သွားတာလဲ? သူ့ရဲ့ စိတ်က ဘာလို့ ရုတ်တရက် ပြောင်းလဲသွားရတာလဲ?!

နံပါတ်တစ် စားသောက်ဆိုင်ဖြစ်တဲ့ ဖီးနစ် စားသောက်ဆိုင်မှာတောင် ဒီဆိုင်သေးသေးလေးလိုမျိုး စည်းကမ်းပေါင်းမြောက်များစွာမရှိဘူး။ဒီလိုလမ်းကြားလေးထဲမှ စားသောက်ဆိုင်ငယ်လေးတစ်ခုက သူ့က်ို စည်းမျဉ်းတွေလာပြောနေတာကို တစ်ကယ်ကို မယုံကြည်နိုင်ပေ။ ကျောက်ရူကျီ ဒေါသထွက်လွန်း၍ သူ့ကိုယ်သူ မနည်းထိန်းချုက်ထားရသည်။

"ဒီနေ့အတွက်တော့ ဆိုင်ပိတ်ပြီ...မင်းတကယ် စားချင်တယ်ဆိုရင် မနက်ဖြန်မှ ပြန်လာခဲ့တော့ " 

ပုဖန်ရဲ့ အသံက ပိတ်လိုက်ပီဖြစ်တဲ့ တံခားရွက်ရဲ့့နောက်ကနေထွက်လာခဲ့ပြီး တစ်ဆက်တည်း သမ်းဝေလိုက်သံပါ ကြားလိုက်ရ၏။

ထို့နောက်.... တိတ်ဆိတ်ခြင်းကသာ ကြီးစိုးသွားလေသည်။ 

ကျောက်ရူကျီ ဘယ်နှစ်ကြိမ် ခေါက်ခေါက် တုန့့်ပြန်မှုမရှိတော့ပေ။ 

ဆိုင်အ၀င်ဝရှေ့မှာ ပျင်းရိစွာလှဲနေတဲ့ ခွေးနက်ကြီးက ကျောက်ရူကျီကို တစ်ချက်သာကြည့်ပြီး ပုံမပျက်ပြန်အိပ်နေသည်။ခွေးနက်ကြီးလုပ်တဲ့ နှစ်ခုတည်းသောအရာမှာ စားခြင်းနှင့်အိပ်ခြင်းသာဖြစ်၏။ခွေးတစ်ကောင်ဆိုတာထက် ၀က်တစ်ကောင်ရဲ့နေထိုင်မှုနဲ့သာပိုတူလေသည်။ 

နောက်ဆုံးတော့...
ကျောက်ရူကျီက သူအငြင်းခံလိုက်ရတာကို သေချာသိသွားပြီး ရင်ဘတ်ကိုမြှားစိုက်သလို အောင့်မျက်နာကျင်စွာခံစားလိုက်ရသည်။သူ့လို လူတစ်ယောက်ကို ဒီလို ဆိုင်ငယ်လေးပိုင်ရှင်က ငြင်းလိုက်တယ်ဆိုတာ ယုံတောင်မယုံကြည်နိုင်ပေ။

 ဆိုင်ကို ဖြိုချပစ်ချင်စိတ်ဖြင့် သူ့ရဲ့ တတိယအဆင့် စွမ်းအားအစစ်အမှန်တွေကို စုစည်းထားလိုက်သော်လည်း ခဏတွေးတောပြီးနောက် ထိုအကြံအစည်ကို စွန့်လွှတ်လိုက်၏။

"ထားလိုက်ပါတော့... ဘယ်လိုဆိုင်မျိုးက ငါ့ကို ငြင်းဝံံ့တယ်ဆိုတာ မနက်ဖြန်မှ ပြန်လာကြည့်တာပေါ့" 

လက်ဝဲအမတ်ကြီး၏ သားတစ်ယောက်ဖြစ်သောသူ့ကို အင်ပါယာ မြို့တော်အတွင်းက လူတိုင်းက လေးစားသမှုပြသကြသော်လည်း ဒီလိုဆိုင်ငယ်လေးတစ်ဆိုင်ကတော အရှက်ခွဲခဲ့လေသည်။ဒါက သူ့မျက်နှာကို ဖြတ်ရိုက်လိုက်တာနဲ့ အတူတူပင်ဖြစ်၏။

ကျောက်ရူကျီက ဒေါသထွက်နေသော်လည်း စိတ်လိုက်မာန်ပါ မလုပ်ဖို့ ဆုံးဖြတ်လိုက်ပြီး ဆိုင်ရှေ့မှအလျင်အမြန် ထွက်ခွာသွားလေသည်။ 

...............................

ပုဖန် သူ့ အခန်းဆီ ပြန်လာခဲ့ပြီးနောက်.... 
 
ပင်ပန်းစွာ နောက်တကြိမ်ထပ်သမ်းဝေလိုက်ရင်း အိပ်ရာပေါ်လှဲချလိုက်၏။
သူ အမှန်တကယ် အိပ်ချင်နေပေပြီ။ကျောက်ရူကျီကိုတော့ နည်းနည်းမှပင် ခေါင်းထဲမရှိတော့ပေ။

သူအိပ်ရာပေါ်အနားယူနေရင်း သူ့စိတ်ထဲက System ဖော်ပြထားချက်တွေကို ဖတ်ရှူလိုက်သည်

Host : ပုဖန် 

လိင်: ယောက်ျား 

အသက် : နှစ်ဆယ် 

အစစ်အမှန်စွမ်းအင်ကျင့်ကြံခြင်းအဆင့် : ပထမအဆင့် (ဆန်းကြယ်သောကမ္ဘာထဲမှာ ချက်ပြုတ်ခြင်းနတ်ဘုရားဖြစ်လာဖို့ မင်းရဲ့စွမ်းအင်အစစ်အမှန်တွေကို ချက်ပြုတ်တဲ့နေရာမှာ အသုံးပြုဖို့လိုတယ် ကြိုးစားပါ လူငယ်လေး) 

ချက်ပြုတ်ခြင်းစွမ်းရည် : မသိသေး

 ကျွမ်းကျင်မှုများ:မရှိ

ကိရိယာများ : မရှိ 

ချက်ပြုတ်ခြင်းနတ်ဘုရားအဆင့်သတ်မှတ်ချက်: အလုပ်သင် (နောက်ဆုံးတော့... အစစ်အမှန်စွမ်းအင်တွေကို ဘယ်လို အသုံးပြုပြီး ဥထမင်းကြော်ကို ချက်ပြုတ်ရမလဲဆိုတာ သင်ယူခဲ့ပြီး အလုပ်သင်တစ်ယောက်ဖြစ်လာခဲ့ပြီ)

System အဆင့် : ကြယ်တစ်ပွင့်

  ပုဖန်မျက်နှာပေါ်တွင် ရုတ်တရက် အားတသင့်ဖြစ်သွားသည့် အမူအရာပော်လာသည်။

"ငါ့ရဲ့ အစစ်အမှန်ကျင့်ကြံခြင်းအဆင့်က ပထမအဆင့်မှာလား?အာ...!အဲ့တာ System အတွက်အဆင့်တွေမဟုတ်ဘူးလား?"