အခန်း ၁၁
အရမ်းခန့်ငြားတဲ့ငါ့ကို မင်းက ဘာလို့မကြောက်တာလဲ?
နဂါးမြို့ဟောင်းနယ်မြေရဲ့ အဆင့်သတ်မှတ်ချက်အရ၊ပထဆုံးအဆင့်(စစ်သည်တော်အဆင့်)က ကျင့်ကြံခြင်းအဆင့်တွေဆီသို့ စတင်ရာ ဖြစ်သော်လည်း အင်ပါယာ မြို့တော်အတွင်းမှာတော့ ဘာအရှိန်အဝါမှ မရှိတဲ့ အဆင့်ဖြစ်၏။
ရုတ်တရက်ကြီး အစစ်အမှန်စွမ်းအင် တွေ ဘယ်လိုရရှိခဲ့သလဲ ပုဖန် မတွေးတောတတ်အောင်ပင်။
သူက System ရဲ့ မစ်ရှင်ကို ပြီးဆုံးသွားခဲ့တာကြောင့်ဖြစ်မလား...?
သို့သော်လည်း... သူ့ရဲ့ ပထမဆုံး မစ်ရှင်က ပထမဆုံး စားသုံးသူ ရလာဖို့ ဖြစ်ပြီး... အဆင့်မြင့်ဥထမင်းကြော်နဲ့ နတ်ဘုရားအဆင့်ချက်ပြုတ်ရေးပစ္စည်းအပိုင်းအစ တစ်ခုကို ဆုအဖြစ် ရရှိခဲ့ပြီးပေပြီ။ထိုအချိန်တုန်းက အစစ်အမှန်စွမ်းအင် ရရှိကြောင်းကို ဖော်ပြမထားခဲ့ပေ။
"System...မစ်ရှင်တွေ ပြီးမြောက်တိုင်း အစစ်အမှန်စွမ်းအင်တွေရရှိပြီး ငါ ပိုသန်မာလာမှာလား..?"
တွေးမရတဲ့အဆုံး ပုဖန်က ထုတ်မေးလိုက်သည်။
System က တည်ငြိမ်စွာပြန်ပြောလေသည်။
"Host ရဲ့ အစစ်အမှန်စွမ်းအင်တွေနဲ့ ကျင့်ကြံခြင်းအဆင့်တွေက အမြတ်ရရှိတဲ့ သလင်းကျောက်ပမာဏနဲ့ ဆက်နွယ်နေတယ်...ရရှိလာတဲ့သလင်းကျောက်တွေရဲ့ အချိုးပေါ်မူတည်ပြီး ကျင့်ကြံခြင်းအဆင့်ကို ပြောင်းလဲပေးသွားလိမ့်ပာမယ်...Host က ပြောင်းလဲမှုတွေရဲ့ အချိုးကို စောင့်ကြည့်စစ်ဆေးနိုင်တယ်"
" လက်ရှိ System ရဲ့ အဆင့်က ကြယ်တစ်ပွင့် ဖြစ်ပြီး ပြောင်းလဲခြင်း အချိုးကတော့ ၁၀ရာခိုင်နှုန်းပါ... System ရဲ့အဆင့် ကြယ်နှစ်ပွင့်ကိုရောက်တဲ့ အခါကျရင်တော့ လုပ်ဆောင်ချက်တွေ ပိုမိုများပြားလာပါလိမ့်မယ်"
" Host ဒီနေ့ သလင်းကျောက်နှစ်ဆယ့် နှစ်တုံး ရရှိခဲ့ပြီး... ပြောင်းလဲခြင်းအချိုး အရ ပထမအဆင့်(စစ်သည်တော်အဆင့်)နဲ့ညီမျှတဲ့ သလင်းကျောက်နှစ်တုံးစာ အစစ်အမှန်စွမ်းအင်တွေရရှိခဲ့ပြီးဖြစ်တယ်"
ပုဖန် မှင်သက်သွားမိ၏။ သလင်းကျောက်တွေက ထိုကဲ့သို့ အသုံး၀င်တာကို သူမသိခဲ့ပေ။
ဒါပေမယ့်လည်း သေချာတွေးလိုက်ရင်တော့ မထူးဆန်းပေ... သာမန်ကျင့်ကြံသူတွေက သလင်းကျောက်တွေကို အသုံးပြုပြီး သူတို့ရဲ့ ကျင့်ကြံခြင်းအဆင့်ကို တိုးမြှင့်နိုင်ကြသည်။ ပုဖန်အတွက်တော့ System က ပြောင်းလဲခြင်းအချိုးချပြီး ဖြတ်လမ်းနည်းဖြင့် တိုးမြှင့်ပေးခြင်းသာ ကွာခြားချက်ရှိသည်။
"အာ.... ဒါဆို သလင်းကျောက်တွေ များများရှာနိုင်တာနဲ့ ငါပိုသန်မာလာမှာပေါ့.ဟုတ်လား...? "
ပုဖန်၏ မျက်နှာက တဖြည်းဖြည်းနဲ့ ပြုံးဖြီးဖြီးကြီး ဖြစ်လာ၏။
"ဒုတိယအဆင့်(မာစတာအဆင့်)တစ်ယောက်ဖြစ်လာဖို့ သလင်းကျောက် ဆယ်တုံး လိုအပ်တယ်. တတိယအဆင့်(တိုက်ခိုက်သူအဆင့်)အတွက် သလင်းကျောက်တုံးတစ်ရာ၊ စတုတ္ထအဆင့်(ဝိဥာဉ်တည်အဆင့်)အတွက် သလင်းကျောက်တုံးတစ်ထောင်၊ပဉ္စမအဆင့်(ဘုရင်အဆင့်)အတွက်က တစ်သောင်း......."
System က လိုအပ်တဲ့ သလင်းကျောက်အရေအတွက်ကို ပြောလိုက်သောအခါ
ပုဖန် လုံးဝြကက်သေ သေသွားသည်။
"အင်း... ငါ ဆက်လျှောက်ရမဲ့ ခရီးရှည်ကြီး ရှိသေးတာပေါ့... "
"ဒါနဲ့... စားသုံးသူတွေက ချက်ပြုတ်ဖို့အတွက် သူတို့ရဲ့ ပစ္စည်းတွေကို ယူလာနိုင်တယ်ဆိုတာ ဘာကိုပြောတာလဲ "
ပုဖန်က သိချင်စိတ်ပြင်းပြစွာမေးလိုက်၏။
" Host အနေနဲ့ သူတို့ ယူလာတဲ့ ဟင်းချက်ပစ္စည်းတွေကို အသုံးပြုပြီးတော့လည်း ဟင်းပွဲအသစ်တွေကို ချက်ပြုတ်ပေးလို့ရပါတယ်...စျေးနှုန်းကိုတော့ ဟင်းပွဲအချိုးအစားပေါ်မူတည်ပြီး System က သတ်မှတ်ပေးလိမ့်မယ်"
System က တည်ငြိမ်စွာ ရှင်းပြလေသည်။
"ဘယ်လို...."
ပုဖန် မျက်လုံးပြူးသွားမိ၏။
ဒီဆန်းကြယ်တဲ့ကမ္ဘာထဲမှာ... ဟင်းချက်ရာမှာ သုံးတဲ့ ပါ၀င်ပစ္စည်းတွေက တောင်ပုံရာပုံရှိပြီး အကယ်၍ စားသုံးသူတွေကသာ ဟင်းချက်စရာတွေကို ယူလာမယ်ဆိုရင်... သူ သေချာပေါက် သလင်းကျောက်အများအပြား စုဆောင်းနိုင်လိမ့်မည်။ System က သူ သလင်းကျောက်တွေများများစုမိပြီး စွမ်းအင်တွေ တိုးတက်လာဖို့ ရည်ရွယ်တာဖြစ်မည်။ကံမကောင်းတာကတော့ သူ့ရဲ့ လက်ရှိအဆင့်က မတအားကို နိမ့်ကျနေတာပဲ။
System ရဲ့ အဆင့်မြင့်လာဖို့အတွက် ပေးထားတဲ့ မစ်ရှင်တွေ ပြီးမြောက်ဖို့ လိုအပ်သည်။
လက်ရှိမစ်ရှင် : တစ်ပတ်အတွင်း သလင်းကျောက် တစ်ရာနှင့် ရွှေပြားတစ်ထောင် ရအောင်လုပ်ဆောင်ပါ။
မစ်ရှင်အခြေအနေ:၂၂/၁၀၀,၁၀၀/၁၀၀၀
ပုဖန် ကြိတ်ပီး သက်ပြင်းချလိုက်မိသည်။ ဒီ မစ်ရှင် ပြီးမြောက်ဖို့အတွက် တော်တော်ဝေးကွာနေသေးသည်။
အဆင့်တန်းမြင့်တဲ့ စာဖိုမှူး တစ်ယောက်အနေနဲ့ သူ ကောင်းစွာ အိပ်ရဖို့လိုသောကြောင့် ပုဖန်က System ရဲ့ ဘောင်ကွက်အကန့်လေး(ဂိမ်းကစားရင် အမေးအဖြေလုပ်လို့ရသလို အကွက်လေး)ထဲက ထွက်လာလိုက်ပြီး မျက်လုံးတွေကို ဖြေးလေးစွာ ပိတ်လိုက်၏။ ခဏတွင်းမှာပင်... အသက်ရှုသံကိုပင် ကြားရလောက်အောင် တိတ်ဆိတ်သွားသည်။
...............................
နောက်တစ်နေ့မနက်ခင်းတွင်...
ပုဖန် အချိန်မှန် နိုးလာခဲ့ပြီး ကိုယ်လက်သန့်စင်၍ သူ၏ တစ်နေ့တာချက်ပြုတ်ခြင်း လေ့ကျင့်ခန်းစလိုက်သည်။ သူလေ့လာထားသမျှ ဟင်းပွဲတိုင်းကို တစ်ကြိမ်စီ လေ့ကျင့်ပြီးနာက် လေးတိလေးကန်ဖြင့် ဆိုင်ဖွင့်လိုက်သည်။
ဆိုင်ရှေ့မှာတော့.... ခွေးနက်ကြီးက ထုံးစံအတိုင်း ပုံမပျက် လှဲနေ၏။
"မင်္ဂလာနံနက်ခင်းပါ ဘလက်ကီ"
ပုဖန်က မျက်နှာသေဖြင့် နှုတ်ဆက်လိုက်သလို... ခွေးနက်ကြီးကလည်း တစ်ချက်ကလေးတောင် အဖက်မလုပ်ချေ။
ပုဖန်က ရှက်ကိုးရှက်ကန်းဖြစ်မနေတော့ပဲ... မီးဖိုချောင်ထဲ ပြန်လှည့်လျှောက်သွားပြီး သူလေ့ကျင့်ချက်ပြုတ်ထားတဲ့ဥထမင်းကြော်ကို ကြွေပန်းကန်လုံးတစ်ခုထဲထည့်လိုက်၏။နောက်.ပန်းကန်ကိုသယ်၍ ပြန်ထွက်လာပြီး ဘလက်ကီရှေ့မှာရပ်ရင်း ပြောလိုက်သည်။
"ဘလက်ကီ...စားချိန်ရောက်ပြီ "
အပျင်းထူနေတဲ့ ဘလက်ကီက ပန်းကန်လုံးဆီက အမွှေးနံ့ကိုရတာနဲ့ ချက်ချင်းစွမ်းအင်တွေပြည့်လာသလိုမျိုး လျှာကိုထုတ်၍ မျက်လုံးတောက်တောက်တွေနဲ့ ပုဖန် လက်ထဲက ပန်းကန်လုံးကိုစိုက်ကြည့်နေသည်။
ပုဖန်က အလွန်ဒေါသထွက်စွာ တွေးလိုက်၏
!ဒီ အစားကြီးတဲ့ ခွေးက အစားကိုတွေ့ရင်တော့ တက်တက်ကြွကြွပဲ နောက်စားပီးရင် ဒုံရင်းကဒုံရင်းပဲ!
ကျွေးတဲ့သူကို ကျေနပ်စေဖို့ ဖားရမယ်ဆိုတာကို နားမလည်ဘူးလား..?ငါ ကျေနပ်ရင် အရသာရှိတဲ့ အစားအစာတွေ သူ ပုံမှန်ရမယ်လေ!
ဘလက်ကီရဲ့ ရှေ့ကို ပန်းကန်ချလိုက်တာနဲ့ အမြီးနှ့ံ့ရင်း စတင်စားသောက်တော့သည်။
ပုဖန်လည်း ဒီခွေးငပျင်းကို သည်းခံရုံကလွဲလို့ ဘာမှမတတ်နိုင်ပေ။
ပုဖန်က နောက်မှီကုလားထိုင်ကိုဆွဲယူလ်ိုက်ပြီး ထုံးစံအတိုင်း အရိုးမပါသလို ပျင်းရိစွာ ခွေခေါက်ထိုင်ရင်း စားသုံးသူ မျှော်နေလိုက်သည်။ပတ်ဝန်းကျင်က တိတ်ဆိတ်ငြိမ်သက်နေ၏။
!ဒီနေ့က သာယာလှပတဲ့ ပုံမှန်နေ့လေးပဲ ဖြစ်မှာပါ!
..................
ထိုအချိန်တွင်....
လူရမ်းကားအုပ်စုတစ်စုက အင်ပါယာ မြို့တော်အတွင်းက အဓိကလမ်းမကြီးပေါ်မှာ စုရုံးနေလေ၏။
ကာလာစုံအ၀တ်အစားကို ၀တ်ဆင်ထားတဲ့ ဆန်းချီရှန်းက ထိုအုပ်စုကို ဦးဆောင်ထားသည်။ လမ်းမပ်ါရှိလူတိုင်းက သူသွားမဲ့ဘက်ကို ကြောက်ကြောက်လန့်လန့်နဲ့ ကြည့်ရင်း သူ့ကိုရှောင်ပေးနေကြသည်။
လူတွေက သူ့ကို ကြောက်လန့်ကြတဲ့အတွင် ဆန်းချီရှန်းက ကျေနပ်စွာ ပြောလိုက်သည်။
"ဒီလိုပဲ ဖြစ်နေရမယ်...ခန့်ညားတဲ့ငါ့ကို ကြည့်လိုက်တာနဲ့ မင်းတို့ကြောက်ရွံ့နေရမယ်"
"ငါ့နောက်လိုက်ခဲ့ကြ...ဒီနေ့မှ အဲ့ဒီဆိုင်ကို မဖျက်စီးနိုင်ရင် ငါ့မျိုးရိုးနာမည်က ဆန်းမဟုတ်တော့ဘူး "
အ၀တ်တွေချွတ်ခံရပြီး ကိုယ်တုံးလုံးနဲ့ ဆိုင်ပြင်ဘက် ပစ်ထုတ်ခံရတာက ဆန်းချီရှန်းအတွက်တော့ အိပ်မက်ဆိုးပင်။ဒီလို အရှက်ခွဲခံရတာမျိုး ပထမဆုံး ကြုံဖူးခြင်းပင်။ဒါကြောင့်ပဲ မနက်အစောကြီး သူ့မိသားစုမှာရှိတဲ့ အလုပ်သမားတွေအကုန်လုံးကို စု၍ ခေါ်လာခဲ့လိုက်သည်။ ပုဖန် မသေမချင်း သူ ကောင်းကောင်းအိပ်စက်နိုင်လိမ့်မည် မဟုတ်ချေ။
..............
ဒီနေ့မှာတော့....
ရှောင်ယန်ယုက အဆင့်မြင့်ဥထမင်းကြော်ကို စားပြီးနောက် တိုးပွားလာတဲ့ အစစ်အမှန်စွမ်းအားတွေကို တည်ငြိမ်အောင် ကျင့်ကြံဖို့ အတွက် အိမ်တော်မှာပဲ နေခဲ့သောကြောင့် ရှောင်ရှောင်လုံတစ်ယောက်ထဲစားသောက် ဆိုင်စီ ထွက်လာခဲ့လိုက်သည်။
သူ မိန်းလမ်းမပေါ်ရောက်ရုံရှိသေး...ဆန်းချီရှန်းက ဆိုင်ကို ဖျက်စီးရန် လူတစ်ရာကျော်လောက်ကို ဦးဆောင်လာနေတာကို သူမြင်လိုက်ရ၏။
!ဘုရားသခင်...မင်းအဲ့ဒါ ဘာလုပ်ဖို့လဲ..! ငါဥထမင်းကြော်စားချင်သေးတယ်လေ... ဆိုင်သာပျက်စီးသွားရင် အရသာအရမ်းကောင်းပြီး ကျင့်ကြံခြင်းအဆင့်ကိုလည်းတက်စေတဲ့ ထမင်းကြော်မျိုး ငါ ဘယ်မှာသွားရှာရတော့မလဲ.?!
အစဉ်သဖြင့် လူသူကင်းမဲ့ပြီး တိတ်ဆိတ်တဲ့ နောက်ဖေးလမ်းကြားလေးထဲကို ဒီနေ့မှာတော့ လူအုပ်လိုက်ကြီး ၀င်လာခဲ့၏။
ဆန်းချီရှန်း၏လူတွေက တုတ်တွေကို ကိုင်ထားရင်း နောက်ဖေးလမ်းကြားထဲက စားသောက်ဆိုင်ငယ်ကို အေးစက်စွာ ကြည့်နေကြသည်။
"ဆိုင်ငယ်လေးတစ်ဆိုင်က ငါတို့သခင်လေးကို ဘယ်လိုလုပ်ပြီး မထီမဲ့မြင် လုပ်ရဲတာလဲ...ဟမ့်...အရိုက်ခံချင်လို့ တောင်းပန်နေတာပဲ(နာချင်လို့ စာတင်)"
စားသောက်ဆိုင်အ၀င်၀မှာတော့...ပုဖန်က မျက်လုံးအသာမှေးထားရင်း ထိုင်ခုံပေါ်မှာ သက်တောင့်သက်သာ ခွေ၍ နေပူဆာလှုံနေလေသည်။
ခွေးနက်ကြီးက သူ့အနီးနားမှာ အမြီးတယမ်းယမ်းဖြင့် အငမ်းမရ စားသောက်နေ၏။
"မင်းရဲ့ဆိုင်ကို ဖြိုဖို့ ငါလာပြီ"
ဆန်းချီရှန်းက သူ့ရဲ့ ယပ်တောင်ဖြင့် ပုဖန်ကို အထက်စီးဆန်စွာညွှန်ပြပီး အေးစက်စွာအော်ပြောလိုက်သည်။သူခေါ်လာတဲ့လူအုပ်ကိုမြင်တာနဲ့ ပုဖန် ကြောက်ဒူးတုန်သွားပေလိမ့်မည်။ အကယ်၍ ဒူးထောက်ပြီးအသနားမခံရင် သူက သက်ညှာပေးလိမ့်မည်မဟုတ်ချေ။
ဆန်းချီရှန်း အော်ပြောပြီးနောက် လမ်းကြားလေးထဲမှာ တိတ်ဆိတ်ခြင်းကသာ ကြီးစိုးသွား၏။သူ မျှော်လင့်ထားသလိုမျိုး ပုဖန်က အသနားခံဖို့နေနေသာ ဘာမှမကြားလိုက်သလိုမျိုး ပုံစံမပျက် နေပူဆာ လှုံနေသေးသည်။
ို
အစေခံတွေအားလုံးက ဆန်းချီရှန်းကို တအံတသြကြည့်လိုက်မိ၏။သူတို့သခင်လေး ကို အဖက်မလုပ်တဲ့သူ ရှိလိမ့်မယ်လို့ တွေးတောင်မတွေးမိကြချေ။
သူ့နားရွက်ကို တံတွေးဆွတ်ခံလိုက်ရသလို ဆန်းချီရှန်း တအားဒေါသထွက်သွား၏။
"ဖြိုစမ်း..!!! မင်းတို့မြင်သမျှကို ဖျက်စီးပစ်စမ်း..!!! ဒီ ဆိုင်စုတ်ကို အမှုန့်ချေပစ်..!!! ငါ့ကို အပြစ်ပြုမိရင် ဘယ်လိုအဆုံးသတ်ရမလဲဆိုတာ ဒီကောင့်ကို ပြလိုက်..!!"