အခန်း ၁၂
အခြားသူတွေ သင်ခန်းစာရစေဖို့ ပြသနာကောင်ကို ချွတ်ပစ်ရမယ်...
လမ်းကြားလေးထဲတွင်...
လူရမ်းကားအုပ်စုအပြင် ပွဲကြည့်သူတွေလည်းရောက်လာ၍ ရှောင်ရှောင်လုံ လူအုပ်ကို တိုးမပေါက်နိုင်တော့ပဲ လမ်းဝတွင်ပဲ စိုးရိမ်စွာ ရပ်ကြည့်နေရသည်။
လူသားတွေရဲ့ မွေးရာပါဗီဇ စပ်စုတတ်တဲ့ အကျင့်က ဘယ်ကမ္ဘာပေါ်မှာပဲဖြစ်နေပါစေ ကွဲပြားခြားနားသွားခြင်းမရှိချေ။အကြောင်းရင်းသိသည်ဖြစ်စေ မသိသည်ဖြစ်စေ လူစုလူဝေးမြင်လိုက်တာနဲ့ ဝိုင်းအုံကြည့်ကြတော့တာပင်။
ရှောင်ရှောင်လုံ ထိုလူအုပ်ကြီးကိုဘယ်လိုဖြတ်ရမလဲ တွေးနေတုန်း တစ်စုံတစ်ယောက်က သူ့ရဲ့ ပုခုံးကို ပုတ်လိုက်သောကြောင့် လှည့်ကြည့်လိုက်သည်။
ထိုသူက လက်ရာမြောက်လှတဲ့၀တ်ရုံကို ဝတ်ဆင်ထားပြီး ရွှေချည်မျှင်တွေကနေ ရက်လုပ်ထားတဲ့ ဦးထုပ်တစ်လုံးကို ဆောင်းထား၏။ဆန်းပြားသောကကြိုးသားရဲသားရေနဲ့ ချုပ်ထားတဲ့ ခါးပတ်ကို ခါးမှာပတ်ထားပြီး ကျောက်စိမ်းပြားတစ်ခုကို ချိတ်ဆွဲထားသည်။သူ့ဆီမှ ခမ်းနားကြီးကျယ်မြင့်မြတ်တဲ့ အရှိန်အဝါတွေ ထွက်ပေါ်နေ၏။
ရှောင်ရှောင်လုံက ထို ယောက်ျားပီသချောမောတဲ့ လူငယ်ကိုမြင်လိုက်သောအခါ သူ့ရဲ့ မျက်လုံးတွေက အံ့အားသင့်မှု့ကြောင့် ပြူးကျယ်ကုန်ပြီး ပါးစပ်ဟောင်းလောင်းပွင့်သွား၏။
" တ ....တတိယ"
ရှောင်ရှောင်လုံ ထစ်ထစ်အအဖြင့် စကားမဆက်နိုင်ဖြစ်နေတုန်းမှာပဲ....
လူငယ်က လက်ကိုမြှောက်ပီး တားလိုက်သည်။
နောက် သူက ညင်သာစွာ ခေါင်းညိတ်ပြလိုက်ပြီး...
"မင်း ငါ့ကို တတိယသခင်လေးလို့ပဲ ခေါ်ပါ... မင်းဘာကြည့်နေတာလဲ.? ဘာကြောင့် ဒီနေရာမှာ လူတွေအများကြီး စုနေတာလဲ.?"
"တတိယသခင်လေး...ဒီမှာ ဆန်းချီရှန်းက တစ်စုံတစ်ယောက်ကို အနိုင်ကျင့်နေပြန်ပြီ"
သူ့ရှေ့ မှ သာမန်ထက် ထူးခြားတဲ့ လူငယ်ကိုကြည့်ပြီး ရှောင်ရှောင်လုံ စိတ်လှုပ်ရှားစွာ သက်ပြင်းတစ်ချက် ချလိုက်မိသည်။
"ဆန်းချီရှန်း..?ဘဏ္ဍာရေး၀န်ကြီး ဆန်းချင်ရဲ့ သား ငပွေးကောင်ကို ပြောတာလား..?"
တတိယသခင်လေးက ခဏမျှစဉ်းစားပြီး ပြန်ပြောလိုက်သည်။
ရှောင်ရှောင်လုံက ခေါင်းညိတ်လိုက်ပြီးနောက် ၀မ်းသာအားရနဲ့ မေးလိုက်၏။
"တတိယသခင်လေး... အင်ပါယာ မြို့တော်ကို ဘယ်တုန်းက ပြန်ရောက်နေတာလဲ ကျွန်တော် မသိလိုက်ဘူး... ကျွန်တော့ အစ်မရော သိလား.?
လူငယ်က ကြိတ်ရယ်လိုက်ပြီး...
"လူသိပ်မသိအောင် ငါ့ကို တိတ်တဆိတ် ဆင့်ခေါ်လိုက်လို့ပြန်လာတာပါ...ယန်ယုတောင် မသိသေးမှတော့...မင်း ဘယ်လိုလုပ်သိတော့မလဲ"
ရှောင်ရှောင်လုံ ကသိကအောက်ဖြင့် အရှက်ပြေ ရယ်လိုက်သည်။
လူငယ်က လူအုပ်ကြီးကိုနောက်တစ်ကြိမ် ထပ်ကြည့်လိုက်ပြီးနောက် စကားပြောနေရင်း လျှောက်သွားလေသည်။
"ရှောင်လုံ ငါ့နောက်ကနေ ကပ်လိုက်ခဲ့ "
လူငယ်ကခြေလှမ်းတစ်လှမ်း လှမ်းလိုက်တိုင်း မမြင်နိုင်တဲ့အားတစ်ခုက သူ့ရှေ့မှာ ရှိနေတဲ့ လူအုပ်ကြီးကို တွန်းဖယ်ပေးလိုက်သလို အေးအေးဆေးဆေး လျောက်ဝင်သွားသည်။
"ပဉ္စမအဆင့်(ဘုရင်အဆင့်)တစ်ယောက်ရဲ့စွမ်းအားက အံံ့သြဖို့ ကောင်းလွန်းတယ် လူသားတံတိုင်းကတောင် သူ့အတွက် အဟန့်အတားဖြစ်မနေဘူး"
ရှောင်ရှောင်လုံက တတိယသခင်လေးကိုကြည့်နေရင်း တတွတ်ရေရွတ်ပြောဆို၍ သူ့နောက်ကနေ ထပ်ကြပ်မခွာ လိုက်သွားလိုက်၏။
သူတို့နှစ်ယောက်လုံး လျှင်မြန်စွာ လူအုပ်ကြီး ရှေ့ရောက်သွားသောအခါ ဆန်းချီရှန်းက ဆိုင်ကို ဖျက်စီးရန် သူ့ရဲ့လူတွေကို အမိန့်ပေးနေတာကို တွေ့လိုက်ရသည်။
.................
နွေးထွေးတဲ့ နေရောင်ခြည်က ပုဖန်၏
ခန္ဓာကိုယ်ပေါ်ဖြာကျနေပြီး သူ့ကို ငိုက်မြည်းအောင် ပြုလုပ်နေသကဲ့သို့ရှိ၏။လူပေါင်းရာကျော်က သူ့ဆိုင်ကို ဖျက်ဆီးရန် ဆူညံပွက်လောရိုက်နေသော်လည်း သူနဲ့မသက်ဆိုင်သလိုပင် သာသာယာယာ ထိုင်ငိုက်နေတုန်းဖြစ်သည်။
ပုဖန်ရဲ့ အဖက်မတန်သလို လုပ်နေတဲ့ အမူအရာက ဆန်းချီရှန်းကို ပိုသွေးတက်စေလေသည်။
လူအုပ်ကြီးက ဆန်းချီရှန်းရဲ့ အမိန့်အရ ပုဖန်ကို အန္တာရာယ်ပြုဖို့ တဟုန်ထိုးတိုးဝင်သွားကြတာကို ရှောင်ရှောင်လုံ မြင်သောအခာ...စိုးရိမ်သွားပြီး ဝင်တားရန်ပြင်လိုက်သည်။
ဒါပေမယ့်လည်း သူရဲ့ ဘေးက လူငယ်က သူ့ကို အနောက်ပြန်ဆွဲလိုက်တာကြောင့် စိတ်ကသိကအောက် ဖြစ်သွား၏။
"သခင်လေး ဘာလို့ကျွန်တော့ကိုတားနေတာလဲ.?"
"မလောပာနဲ့ဦး...ဒီ ဆိုင်ပိုင်ရှင်ကို ကြည့်ရတာ နည်းနည်းလေးတောင်ကြောက်ရွံ့ပုံမပေါ်ဘူး...သူ့ကိုယ်သူ တော်တော်ယုံကြည်ချက်ရှိပုံရတယ်...သူ့မှာ ဘယ်လိုဝှက်ဖဲတွေများ ရှိနေမလဲ ငါသိချင်တယ်"
လူငယ်ကပြုံးပြုံးလေးဖြင့် အေးဆေးစွာ ရှင်းပြလိုက်သည်။
ဆန်းချီရှန်း၏ အမိန့်နဲ့ မကောင်းမှုများစွာ ကျူးလွန်နေကြ အစေခံတွေက လက်ယဉ်စွာနဲ့ပဲ... ပုဖန်အနားကို ရောက်တာနဲ့တပြိုက်နက် သူ့ခေါင်းကို တုတ်ဖြင့်လွှဲရိုက်လိုက်၏။
"......."
လွှဲရိုက် လိုက်တဲ့တုတ်က ဝှစ်ခနဲ လေကိုသာရိုက်မိသွားပြီး ဒုတ်ခနဲအသံနဲ့အတူ ကြမ်းပေါ်ပြန်ကျလာသည်။
ရန်လိုနေတဲ့ အစေခံတွေက ချက်ချင်း ရပ်တန့်သွားပြီး သူတို့ရှေ့မှာ ရပ်နေတဲ့ စက်ရုပ်ကို ကြောက်ရွံ့ခြင်း၊စိတ်ရှုပ်ခြင်း အပြည့်ဖြင့် ကြည့်နေမိ၏။
System က ဆိုင်၏လုံခြုံရေးနှင့် အမှိုက်သိမ်းဆည်းရန်အတွက် ဝှိုက်တီကို ဖန်တီးပေးထားခြင်းဖြစ်သည်။ပုံမှန်အချိန်တွေမှာ မီးဖိုချောင်ထဲမှာ နေပေမယ့်...ဒီနေ့မှာတော့ လူရမ်းကားတွေကို တားဖို့ရန် ထွက်လာခဲ့ခြင်းဖြစ်သည်။
"ဖန်ဖန်ရဲ့ ဆိုင်ငယ်ထဲမှာ တိုက်ခိုက်တာကို အထူးတားမြစ်ထားတယ်..စည်းကမ်းချက်တွေကို ဖောက်ဖျက်လာခဲ့ရင် တခြားလူတွေအတွက် ဥပမာပေးတဲ့အနေနဲ့ ဆုံးမရမယ်"
အနိမ့်အမြင့် အတက်အကျ မရှိတဲ့ စက်ရုပ်သံက ဝှိုက်တီရဲ့ ပါးစပ်ကနေ ထွက်လာပြီး လမ်းကြားတစ်ခုလုံး ပဲ့တင်ထပ်သွား၏။
အစေခံတစ်သိုက်က ခဏမှင်သက်သွားပြီး စက်ရုပ်အသံကို ရယ်ချင်စွာဖြင့်...
"ဒီ သတ္တု တုံးကြီးက ဘယ်ကရောက်လာတာလဲ.?သူက လူရာကျော်ကို လာတားဆီးနေတာလား.?"
အုပ်စုအတွင်း အသန်မာဆုံးကျင့်ကြံခြင်းအဆင့်က ပထမအဆင့်(စစ်သည်တော်အဆင့်)သာ ရှိသေးသော်လည်း...သူတို့ရှေ့က စက်ရုပ်ရဲ့ ခန္ဓာကိုယ်ထဲမှာ အစစ်အမှန်စွမ်းအင် (လုံး၀) လှည့်ပတ်ခြင်းမရှိသည့်အတွက် သူတို့ကတစ်စက်မှမကြောက်ပေ။
မာစတာတစ်ယောက်နဲ့ စစ်သည်တော်ကြား တော်တော်လေးကွာခြားချက် ရှိပေမယ့်.. စစ်သည်တော်တွေသာ အရေအတွက်များမယ်ဆိုရင် မာစတာတွေကိုပင် လွှမ်းမိုးထားနိုင်စွမ်းရှိလေသည်။
"ဒာက သံတုံးသက်သက်ပဲ... တစ်စစီ ဆွဲဖြဲပစ် "
ဆန်းချီရှန်းက ဝှိုက်တီကို မြင်လိုက်တာနဲ့ မျက်လုံးတွေ စူးစူးရဲရဲဖြစ်လာပြီး အငွေ့ထွက်လောက်အောင် ဒေါသမီးတောက်လောက်လာသည်။!ဒီစက်ရုပ်က ငာ့ အ၀တ်အစားတွေကို ဘယ်လိုချွတ်ရဲတာလဲ!
ဆန်းချီရှန်းဆီကနေ အမိန့်ရတာနဲ့ အစေခံတွေက တိုက်ခိုက်ရန် ပြင်လိုက်သော်လည်း... နောက်ထပ် မြင်ကွင်းက သူတို့အကုန်လုံးကို ကြောင်အ ရပ်တန့်သွားစေသည်။
ပထမဦးစွာ...
ရှေ့ ကပြေး၀င်သွားတဲ့ အစေခံက အဝတ်အစားတွေ ဆုတ်ဖြဲ ခံလိုက်ရပြီး ပြန်လွင့်ထွက်လာသည်။
နောက် ဒုတိယ...၊တတိယ....
တစ်ယောက်ပြီး..တစ်ယောက်...
အစေခံတွေက အဝတ်အစားအပြည့်နဲ့ ပြေး၀င်သွားခဲ့ကြပေမယ့်... ကိုယ်လုံးတီးနီးပါး ပြန်လွင့်ထွက်လာပြီး သူတို့ရဲ့ ခန္ဓာကိုယ်တွေက လမ်းကြားထဲက လူအုပ်ရှေ့ကိုကျရောက်သွားသည်။
"ဘယ်လိုတောင် ညစ်ညမ်းရိုင်းစိုင်းတာလဲ"
စပ်စုသူတွေထဲက မိန်းမတစ်ယောက်က မျက်နှာနီမြန်းသွားပြီး သူမရဲ့ လက်တွေနဲ့ မျက်နှာကိုအုပ်လိုက်၏။ ဒါပေမယ့်... သူမရဲ့ လက်တွေက ကျဲနေပြီး လက်ချောင်းကြားထဲကနေ ကြည့်နေသေးသည်။
ဆန်းချီရှန်းက သူ့ရဲ့အစေခံတွေ အ၀တ်အစားမပါပဲ တစ်ယောက်ပြီးတစ်ယောက် လွင့်ထွက်လာတာကိုကြည့်ရင်း အလွန်အမင်း ဒေါသထွက်လာသည်။
"အကုန်လုံး တစ်ခါတည်းမသွားပဲ ဘာလို့တစ်ယောက်ချင်းစီ သွားနေတာလဲ.!!?မင်းတို့ ရူးနေကြတာလား..!!!?"
သူ့ရဲ့ ဒေါသတကြီးအော်သံက အစေခံတွေက သတိဝင်သွားစေပြီး သူတို့တစ်ယောက်နဲ့တစ်ယောက် ကြည့်လိုက်ကာ..တုတ်တွေကိုဝှေ့ယမ်းရင်း ဝှိုက်တီဆီ တစ်ဟုန်ထိုးပြေး၀င်သွားကြသည်။
လူဘယ်လောက်များများ၀င်သွားပါစေ ရလဒ်ကတော့ အတူတူပင် ဖြစ်၏။
ဝင်သွားတဲ့ ပမဏအတိုင်း ပြန်လည်လွင့်ထွက်လာကြသည်။ သူတို့ရဲ့ အ၀တ်အစားတွေကိုတော့ ဝှိုက်တီက ချွတ်ယူထားလိုက်ပြီး သူ့ရဲ့ ဗိုက်ထဲမှာ အမှိုက်အဖြစ် သိမ်းဆည်းထားလိုက်သည်။
မျက်တောင်တစ်ခတ်အတွင်းမှာပဲ...
ကိုယ်လုံးတီးဖြင့် လူရာကျော်က ကြမ်းပြင်ပေါ်မှာ အဆက်မပြတ် အော်မြည်နေကြလေ၏။
ဆန်းချီရှန်း ခြေထောက်တွေက တုန်ခါနေပြီး ရပ်တည်နိုင်စွမ်းတောင် မရှိတော့ပေ။ ဘာဖြစ်သွားခဲ့လဲဆိုတာပင် နားမလည်လိုက်ချေ။
တတိယအဆင့်(မာစတာအဆင့်)တစ်ယောက်သာ လူတစ်ရာကျော်နဲ့ ရင်ဆိုင်ရရင် ဒီလောက် အစွမ်းထက်မယ် မထင်ချေ။!ဒီ သံရုပ်သေးရုပ်က ဘာလဲ?!
ဝှိုက်တီရဲ့ နောက်မှာ ထိုင်နေပြီး အဖြစ်အပျက်ကို အမူအရာ ကင်းမဲ့စွာကြည့်နေခဲ့တဲ့ ပုဖန်က ဆန်းချီရှန်းရဲ့ အစေခံတွေ အကုန်ရှုံးနိမ့်သွားကာမှ...မတ်တပ်ရပ်လိုက်ပြီး ပျင်းရိစွာ သမ်းဝေလိုက်ရင်းပြောလိုက်သည်။
"ဝှိုက်တီ.. ဒီကောင့်ကိုလဲ အ၀တ်အစားတွေချွတ်လိုက်... ဒီကောင်က ငါ့ရဲ့ ကြည်လင်နေတဲ့ စိတ်လေးကို ထိခိုက်စေခဲ့တယ်...သူ့ကို အပြစ်နည်းနည်းမှ မပေးလိုက်ရရင် ငါ စိတ်တိုနေရလိ်မ့်မယ်."
" နားလည်ပါပြီ"
၀ှိုက်တီရဲ့ အသက်မပါတဲ့ အသံထွက်လာတာနဲ့ တပြိုင်နက် ဆန်းချီရှန်းက ချက်ချင်းနောက်ကို လှည့်ပြေးလိုက်၏။သို့သော်...ဝှိုက်တီရဲ့ လက်က ရှည်ထွက်လာပြီး ဆယ်မီတာကျော်ကျော်လောက်က သူ့ကို လှမ်းဖမ်းပြီး ပြန်ဆွဲလိုက်သည်။
"ဖန်ဖန်ရဲ့ ဆိုင်ကို ပြသနာလာရှာတဲ့ ပြသနာကောင်...အခြားသူတွေကို ဥပမာပေးတဲ့အနေနဲ့ မင်းရဲ့ အ၀တ်အစားတွေချွတ်ရလိမ့်မယ်"
၀ှိုက်တီက အေးစက်စက်အသံနဲ့ ပြောလိုက်ပြီး ဆန်းချီရှန်းရဲ့ အ၀တ်မပါတဲ့ ခန္ဓာကိုယ်ကို လွှတ်ပစ်လိုက်သည်။
ဘန်း.......
အ၀တ်မပါတဲ့ လူရာကျော်က လမ်းကြားလေးထဲ စုပုံနေပြီး အလွန်တရာလှပတဲ့...... မြင်ကွင်းတစ်ခု ဖြစ်ပေါ်နေ၏။
"အို့.... ဒီ မြင်ကွင်းကအရမ်းရိုင်းတာပဲ "
ထိုစပ်စုတဲ့မိန်းမက သူမရဲ့ လက်ချောင်းကြားတွေထဲကနေ ကြည့်နေတုန်းဖြစ်သည်။
ဆန်းချီရှန်းက ငိုချင်လာမိပြီး ဒီနေရာမှာ ဆက်ရှိနေဖို့ရာ အရမ်းရှက်ရွံ့နေမိသည်။ သူ လက်စားချေဖို့ လူတစ်ရာကျော် ခေါ်လာခဲ့ပေမယ့် ရလဒ်ကတော့ ......
ဒီကိစ္စက အင်ပါယာ မြို့တော်အတွင်းအကြီးအကျယ် ဂယက်ထသွားစေလိမ့်မည်။ သူတော့ ကံဆိုးမိုးမှောင်ကျတာပါပဲ။
................
လမ်းကြားထဲလူအုပ်ကြီးက များမကြာမီ လူစုကွဲသွားကြပြီး ဆိုင်ကို စိတ်ဝင်စားနေတဲ့ လူတချို့သာ ကျန်ခဲ့လေသည်။
"ဒီလို လမ်းကြားလေးထဲမှာ စားသောက်ဆိုင်ရှိနေတာလား.? ငါ အင်ပါယာ မြို့တော်မှာ နှစ်ပေါင်းများစွာနေလာတာ.. ဒီအကြောင်းမသိခဲ့ဘူး"
မိန်းမတစ်ယောက် က အံ့အားသင့်စွာပြောလိုက်၏။
"ဒီဆိုင်က နောက်ခံကြီးကြီး ရှိတယ်.ထင်တယ်. မဟုတ်ရင် သခင်လေးဆန်းကို ချွတ်ရဲမှာမဟုတ်ဘူး"
အဘိုးကြီးတစ်ယောက်ကလည်း မှတ်ချက်ဝင်ပေးလေသည်။
"ဒီ စက်ရုပ်က အရမ်းမိုက်တယ် သွားကြည့်ကြရအောင်"
ဝှိုက်တီက မိန်းခလေးငယ်တစ်စုကို ဆွဲဆောင်နိုင်ခဲ့၏။
လူအများအပြားက စပ်စုချင်စိတ်၊ လေးစားအားကျစိတ်တွေနဲ့ ဆိုင်အတွင်းသို့ ဝင်လာကြသည်။
ပုဖန်က ဘာမှ မထူးခြားသလို ခပ်တည်တည် အမူအရာနဲ့ မီးဖိုချောင်ဘက်လှည့်ဝင်လိုက်ပြီးနောက်...သူ့ နှုတ်ခမ်းတွေက ရယ်ချင်စိတ်ကြောင့် ကော့တက်လာတော့သည်။
"ဟင်းပွဲတွေရဲ့စျေးနှုန်းကို မြင်ပြီး လန့်ဖြန့်မသေသွားစေဖို့ ငါဆုတောင်းပာတယ်"