အပိုင်း ၁၃
Viewers 62k

အခန်း ၁၃

ရိုးရိုးထမင်းကြော်လား..?သက်စောင့်ထမင်းကြော်လား..?

ဖန်ဖန်ရဲ့ ဆိုင်ငယ်လေး ပထမဆုံးအကြိမ် စည်စည်ကားကား ဖြစ်နေခြင်းပင်။

ဖန်ဖန်ရဲ့ ဆိုင်ငယ်လေးကို ပတ်၀န်းကျင်မှာ လူသိများလာအောင်လုပ်ပေးခဲ့တဲ့ ကိုယ်လုံးတီး လူရမ်းကားတစ်စုကို ကျေးဇူးတင်ရပေမည်။ ဆိုင်ရဲ့နေရာက ချောင်ကျကြောင်း လူတိုင်းကညည်းညူနေသော်လည်း ဆိုင်အတွင်းထိ ဝင်လာပြီး စပ်စုကြတုန်းဖြစ်သည်။

မိန်းမကြီးတစ်ယောက်က နှာချေးတွဲလောင်းကျနေတဲ့ ကလေးတစ်ယောက်ကို ခားထစ်ခွင်ချီရင်း ဆိုင်အတွင်းသို့၀င်လာ၏။ဆိုင်ငယ်လေးကကျဉ်းသော်လည်း အလွန်သန့်ရှင်းသပ်ရပ်နေ၏။သန့်ရှင်းတောက်ပြောင်နေတဲ့ စားပွဲခုံတွေရဲ့ မျက်နှာပြင်က ပိုင်ရှင်၏ အာရုံစူးစိုက်မှုကို ဖော်ကျူးနေသည်။ စားသုံးသူတွေကို သက်တောင့်သက်သာ ဖြစ်အောင် စီစဉ်ထားတဲ့ ဆိုင်အခင်းအကျင်းကို ကြည့်ရုံနဲ့ အရည်အသွေးမြင့် ဆိုင်တစ်ဆိုင်ဖြစ်ကြောင်း သိနိုင်လေသည်။ 

"ဆိုင်ရှင်...ဒီမှာ ဘာတွေရောင်းလဲ?နင့်ဆိုင်ရဲ့ အပြင်အဆင်ကတော့ နံပါတ်တစ်ဖီးနစ်စားသောက်ဆိုင်နဲ့တောင်ယှဉ်လို့ရတယ်..အထင်ကြီးစရာပဲ"

မိန်းမကြီးက သူမလက်ထဲက ကလေးရဲ့ နှာချေးကို ညှစ်ပေးလိုက်ပြီး အ၀တ်အစားပေါ် သုတ်လိုက်၏။ 

ပုဖန်က မိန်းမကြီးရဲ့ လက်ကိုလိုက်ကြည့်နေလေသည်။ 

"နံပါတ်တစ် ဖီးနစ်စားသောက်ဆိုင်ကို ရောက်ဖူးသလိုလို လေလုံးထွားနေတာ ရပ်ပါတော့..." 

အဖိုးကြီးတစ်ယောက်က မနှစ်မြို့စွာ နှာခေါင်းရှုံ့၍ ခနဲ့လိုက်သည်။

အမျိုးသမီးကြီးက သူ့ရဲ့ စကားလုံးတွေကြောင့် မခံချိမခံသာဖြစ်သွားပြီး ကလေးကို အောက်ချလိုက်သည်။နောက်..သူမရဲ့လက်ကို ခါးပေါ်တင်လိုက်ပြီး အဘိုးကြီးကို မျက်လုံးပြူးကြည့်၍ ရန်ဖြစ်ဖို့တာဆူလိုက်သည်။

"စားသုံးသူတို့...အော်ဒါမှာမယ်ဆိုရင် မီနူးက မင်းရဲ့ အနောက်. ညာဘက်မှာပါ..ရန်ဖြစ်မှာ ဆိုရင်တော့ ကျေးဇူးပြုပြီး အပြင်မှာ ထွက်ဖြစ်ပေးကြပါ" 

ပုဖန်က အိမ်နီးနားချင်းတွေကြား ဖြစ်လာတော့မဲ့ ရန်ပွဲကို ဝင်တားတဲ့အနေနဲ့ ကြားဖြတ်ပြောလိုက်သည်။ 

မိန်းမကြီးက ဆိုင်ထဲမှာ တစ်ခြားသူတွေ ရှိနေသေးတာကို သတိရသွားပြီး နှာခောင်းရှုံ့လိုက်ပြီး ပုဖန်ကို လှည့်ကြည့်၍...

"မင်းက ဆိုးသွမ်းတဲ့လူတော့ ဟုတ်ပုံမရဘူး..စီးပွားရေးလုပ်ရတာကလည်း တကယ်ကို ခက်ခဲတယ်ဆိုတာ ငါသိတယ် အဲ့ဒီတော့.. မင်းကို ကူညီတဲ့အနေနဲ့ ငါ တစ်ပွဲမှာ..." 

မိန်းမကြီးရဲ့ စကားသံက ရုတ်တရက် ပြတ်တောက်သွားပြီး ပားစပ်အဟောင်းသားဖြင့် မီနူးကို မယုံကြည်နိုင်စွာ ကြည့်နေလေသည်။

အဘိုးကြီးက သူမရဲ့ အပြူအမူကြောင့် သူမကြည့်နေတဲ့ဘက်ကို စိတ်ဝင်တစားလိုက်ကြည့်လိုက်ပြီးနောက်...သူ သွေးအန်မိမတတ်ဖစ်သွား၏။ 

"ဘုရား...ဘုရား...ဥထမင်းကြော် တစ်ပွဲကို သလင်းကျောက်တစ်တုံး.?အသီးအရွက်ကြော် တစ်ပွဲက ရွှေပြားတစ်ရာတောင်ကျတယ်လား.? မင်းဘာလို့ ဘဏ်တစ်ခုခုကို ဓားပြသွားမတိုက်တာလဲ.?" 

ထိတ်လန့်မှုကြောင့် အဘိုးကြီးရဲ့ မုတ်ဆိတ်မွေးတွေတောင် တဆတ်ဆတ်တုန်ရီနေလေသည်။

မိန်းမကြီးရဲ့ ၀ဖိုင့်ဖိုင့် ခန္ဓာကိုယ်ကလည်း တုန်ရီနေပြီး စူးရှရှ အသံနဲ့ ပြောလိုက်သည်

 "ကောင်လေး...ဒါ မတရားလုပ်တာပဲ..ဒီစျေးနှုန်းနဲ့ဆို ဘယ်သူက ဒီမှာလာစားရဲမှာလဲ.?" 

နဂိုက ရန်စောင်နေတဲ့ နှစ်ယောက်က ချက်ချင်းပဲ မဟာမိတ်ဖြစ်သွားပြီး ပုဖန်ကိုဝိုင်းတိုက်ကြတော့သည်။ 

"စျေးနှုန်းကတော့ မြင်တဲ့အတိုင်းပါပဲ.. စားမှာဆို မှာပေးပါ...မစားဘူးဆိုရင် ထွက်သွားပေးပါ" 

ချက်ပြုတ်ခြင်းနတ်ဘုရားဖြစ်လာဖို့ ရည်ရွယ်ထားတဲ့ သူတစ်ယောက်အနေနဲ့ သူ့မာနကိုတော့ အပျောက်မခံနိုင်ပေ။ 

မိန်းမကြီးက ပုဖန်ကို အရူးတစ်ယောက်လိုကြည့်လိုက်ပြီး.. ကလေးတန်းလန်းတန်းလန်းနှင့် ထွက်သွားလေသည်။

ဆိုင်အတွင်း၀င်လာခဲ့တဲ့ လူအများစုက လည်း မိန်းမကြီးကဲ့သို့ တစ်ပုံစံတည်းညည်းညူရင်းထွက်ခွာသွားကြသည်။

ထိုသူတွေရဲ့ အမူအရာတွေကို ပုဖန်က အံ့အားသင့်မနေတော့ပေ။

စည်ကားနေတဲ့ ဖန်ဖန်ရဲ့ ဆိုင်ငယ်လေးက ခဏအတွင်းမှာပင် အရင်အခြေအနေသို့ပြန်ရောက်သွားပြီး တိတ်ဆိတ်သွားလေ၏။ 

................ 

ရှောင်ရှောင်လုံက စိတ်အားထက်သန်စွာနှင့် လူငယ်ကို ဆိုင်အတွင်းခေါ်လာခဲ့သည်။

 !ငာ့ကို အနိုင်ကျင့်မယ့်အစ်မလည်း ဒီမှာ မရှိဘူးဆိုတော့...အဆင့်မြင့်ဥထမင်းကြော် မှာစားလို့ရပြီ! 
!အဆင်မြင့်ဥထမင်းကြော်စားဖို့အတွက် အနည်းဆုံး တတိယအဆင့်(တိုက်ခိုက်သူအဆင့်)ဖြစ်နေဖို့ လိုအပ်တယ်ဆိုမှတော့. ဒီ ဟင်းပွဲက သေချာပေါက် သာမန်ထက်ထူးခြားမှာပဲ!

 သာမန်ဥထမင်းကြော်တစ်ပွဲကပင် သူ့ရဲ့ ကြန့်ကြာနေတဲ့ အဆင့်ကို ဖြတ်ကျော်နိုင်စေခဲ့သည်။အဆင့်မြင့်ဥထမင်းကြော်က ထိုထက်ပို၍ အကျိူးသက်ရောက်မှုရှိမှာ မလွဲပေ။

 "ရှောင်လုံ... ဒီဆိုင်က ဥထမင်းကြော်ကအရသာအရှိဆုံးလို့ မင်းပြောတာလား.?

 လူငယ်က လက်ကိုနောက်ပစ်၍ မတ်တပ်ရပ်နေပြီး ဆိုင်ကို တစ်ချက်အကဲခတ်ကြည့်ရင်း မေးလိုက်သည်။ 

"အမှန်ပဲ..တတိယသခင်လေး.ကျွန်တော်စားဖူးသမျှထဲမှာ ဒီဆိုင်ရဲ့ ထမင်းကြော်က အရသာအရှိဆုံးပဲ...ကျွန်တော်တို့မိသားစုရဲ့ စားဖိုမှူး...မဟုတ်ဘူးသေးဘူး... သခင်လေးတို့ မိသားစုစာဖိုမှူးရဲ့ လက်ရာတောင်မှ ဒီဆိုင်ငယ်လေးရဲ့ စားဖိုမှူးလက်ရာကို မှီဖို့အဝေးကြီးလိုသေးတယ်" 

ရှောင်ရှောင်လုံက ပုဖန်ရဲ့ ဥထမင်းကြော် အရသာကို တမ်းတဟန် အပြည့်ဖြင့် ချီးကျူးပြောဆိုလိုက်သည်။ 

 ရှောင်ရှောင်လုံ ထိုသို့ပြောမယ် မထင်ထားတဲ့အတွက် တတိယသခင်လေး နည်းနည်း အံ့သြသွားသည်။သူ့မိသားစုရဲ့ စားဖိုမှူးက သာမန်စားဖိုမှူး မဟုတ်ပေ။ ဒါတောင်မှ...ဒီချောင်ထဲက ဆိုင်ငယ်လေးရဲ့ ထမင်းကြော်က ပိုကောင်းတယ်လို့ ပြောနေသေးသောကြောင့် မကျေမချမ်းဖြစ်သွားပြီး မီနူးကိုလှမ်းကြည့်လိုက်သည်။

မတန်တဆစျေးနှုန်းက သာမာန်မဟုတ်တဲ့ တတိယသခင်လေးကိုတောင် အံအားသင့်သွားစေသည်။ သူမြင်လိုက်ရတာကို မယုံကြည်နိုင်သလိုမျိုး မျက်ခုံးပင့်ပြီးပြောလိုက်သည်။

"ဥထမင်းကြော်ကို သလင်းကျောက်နဲ့ဝယ်ရတာလား.?အဆင့်မြင့်ဥထမင်းကြော်တစ်ပွဲကို သလင်းကျောက်ဆယ်တုံးတောင်လားဟ.!ထမင်းကြော်စားဖို့အတွက် ကျင့်ကြံခြင်းအဆင့်ကိုလည်း သတ်မှတ်ထားသေးတယ်"

မီနူးပေါ်က စျေးနှုန်းနှင့်စည်းမျဉ်းတွေက သူ့ရဲ့ ကမ္ဘာကြီးပေါ် အမြင်တွေကိုတောင် လုံး၀ ပြောင်းလဲပစ်လိုက်သလိုပင်။ဒီလို မတန်တဆ စျေးနှုန်းနဲ့ရောင်းတဲ့ စားသောက်ဆိုင်မျိုး ရှိလိမ့်မယ်လို့ စိတ်တောင်မကူးကြည့်ဖူးပေ။

"တတိယ သခင်လေး...ကျွန်တော်ပြောတာကို ယုံပါ... မနေ့ကတင်. အစ်မက အဆင့်မြင့်ဥထမင်းကြော်ကိုစားပြီး စွမ်းအင်တွေတိုးပွားလာလို့ သူမရဲ့ ကျင့်ကြံဆင့်. အဆင့် သေးတစ်ခုတက်နိုင်အောင် တိတ်ဆိတ်တဲ့နေရာရှာပြီး ကျင့်ကြံနေပြီလေ" 

"အိုး...တကယ်လား.?" 

တတိယသခင်လေးလည်း ရှောင်ရှောင်လုံပြောတာကိုကြားပြီး အံ့အားသင့်မိ၏။ 

!ရှောင်ယန်ယုက စတုထ္တအဆင့်(ဝိဉာဏ်တည်အဆင့်)ရောက်နေတဲ့ လူတစ်ယောက် မဟုတ်ဘူးလား...!ဥထမင်းကြော်တစ်ပွဲက သူမရဲ့ ကျင့်ကြံခြင်းအဆင့် တိုးတက်ဖို့ ဘယ်လိုကူညီနိုင်မှာလဲ.?ဒာ ဥထမင်းကြော်ကြောင့်ရော ဟုတ်ပါ့မလား.?ဒီဟာက ဆေးများလား..?!

"ဆိုင်ရှင်...ငါ့ကို အဆင့်မြင့်ဥထမင်းကြော်တစ်ပွဲ ပေးပာ...ငါ့ရဲ့ ကျင့်ကြံခြင်းအဆင့်က သတ်မှတ်ချက်မှီပါတယ်..စမ်းသပ်စရာ မလိုတော့ဘူး" 

တတိယသခင်လေးက အနီးမှာ ရပ်နေတဲ့ ပုဖန်ကို ယဉ်ယဉ်ကျေးကျေးပြောလိုက်၏။

"ငါလည်း အဆင့်မြင့်ဥထမင်းကြော် တစ်ပွဲမှာမယ်" 

ရှောင်ရှောင်လုံလည်း အမြန်ဝင်ပြောလိုက်သော်လည်း တတိယသခင်လေးက မျက်မှောင်ကြုံ့၍ သူ့ခေါင်းကို ပုတ်ပြီး တားဆီးလိုက်သည်။

 "ရှောင်လုံ...မင်း သလင်းကျောက် ဘယ်နှစ်တုံး ယူလာလို့လဲ?" 

ရှောင်ရှောင်လုံရဲ့ မျက်နှာက အီးမှန်ခံရသလို ရှုံမဲ့သွား၏။

!ဒီစကားလုံးတွေကို ငါကြားဖူးသလိုပဲ မျက်ခုံးလှုပ်လိုက်တာ!  

"တ...တစ်ဆယ်" 

"အင်း... ဒါဆိုလောက်ပါတယ်" 

တတိယသခင်လေးရဲ့ လက်ထဲ ရောက်နေပြီဖြစ်တဲ့ သူ့ရဲ့ ပျိုနီပန်းအိတ်ရှုံ့လေးကို ရှောင်ရှောင်လုံ မျက်နှာ မသာမယာနဲ့ ကြည့်လိုက်မိသည်။သူ့ချစ်သူ သူများလက်ထဲ ပါသွားသလိုမျိုး ခံစားလိုက်ရသည်။ 

"ငါ ပြန်ဆပ်ပါ့မယ်...ငါ ဒီနေ့ ပိုက်ဆံ ယူလာဖို့ မေ့နေလို့ပါ" 

တတိယသခင်လေးက ပိုက်ဆံအိတ်ရှုံ့လေးကြည့်ရင်း ပြုံးပြုံးလေးပြောလိုက်သည်။

ရှောင်ရှောင်လုံ မျက်ရည်ဝိုင်းနေလေပြီ။
!ဘာလို့လဲ.. ငါဥထမင်းကြော်စားချင်တယ်လေ...တစ်ပွဲလေးစားဖို့အရေး ဘာလို့ မာရ်နတ်တွေ များနေရတာလဲ.?!

"ဆိုင်ရှင်...ငါ့ကို လက်လုပ်ခောက်ဆွဲတစ်ပွဲနဲ့ အသီးအရွက်ကြော်တစ်ပွဲသာ ပေးပါတော့.."

ပုဖန်က ခေါင်းငြိမ့်လိုက်ပြီး...

"အဆင့်မြင့်ဥထမင်းကြော်တစ်ပွဲ၊လက်လုပ်ခေါက်ဆွဲတစ်ပွဲ၊အသီးအရွက်ကြော်တစ်ပွဲနော်...ခဏလေးစောင့်ပေးပါ" 
မှာထားတာတွေကို ပြန်ရွတ်ပြ၍ မီးဖိုချောင်ထဲသို့ ၀င်သွားလိုက်သည်။

......................

"အင်ပါယာမြို့တော်ထဲမှာ ဒီလို သန့်ရှင်းသပ်ရပ်တဲ့ စားသောက်ဆိုင်ရှိနေတာ ငါမသိခဲ့ဘူး...အရင်က ငါ သတိ မထားခဲ့မိတာကိုတောင် မယုံနိုင်ဖြစ်မိတယ်...ဟို...လူတစ်ရာကျော်ကိုတိုက်ခိုက်ခဲ့တဲ့ ရုပ်သေးရုပ်ရော... ဘယ်ရောက်သွားပြီလဲ.?" 

တတိယသခင်လေးက ပတ်ပတ်လည်ကို ဝေ့ဝဲရှာလိုက်ရင်း ရှောင်ရှောင်လုံကိုမေးလိုက်သည်။

 ရုပ်သေးရုပ်က အသိဥာဏ် ရှိတာကြောင့် သူ အံ့အားသင့်ခဲ့ရ၏။ 

.......

နဂါးမြို့ဟောင်းနယ်မြေမှာ အင်ပါယာတွေ စိုးစံခဲ့စဉ်အချိန်က ဂိုဏ်းဂဏတွေက အရေးမပါခဲ့ပေ။ 
လေအလင်းအင်ပါယာရဲ့ လက်ရှိ ဧကရာဇ်...ဧကရာဇ် ချန်းဖန် နှစ်ခုနှစ်ဆယ် ကျော် မင်းပြု အုပ်ချုပ်ခဲ့ပြီး ဂိုဏ်းတွေရဲ့ ဂိုဏ်းသားတွေကို သူ့ရဲ့ စစ်တပ်အတွင်း စစ်မှုမထမ်းမနေရ ဥပဒေထုတ်၍ စစ်မှုထမ်းစေခဲ့သည်။ စစ်မှုထမ်းနေတဲ့ ဂိုဏ်းသားတွေက အမျိုးမျိုးသောစစ်သည်တော်တွေအဖြစ် ပျံ့ကြဲနေပြီး မလိုက်နာခဲ့တဲ့ လူတွေကိုတိုက်ခိုက်ခဲ့ကြသည်။

လေအလင်းအင်ပါယာ နှစ်တစ်သောင်းကျော်ကာလအတွင်း...
 ဂိုဏ်းတွေရဲ့ အင်အား အထွတ်အထိပ် ရောက်နေချိန်မှာ အင်ပါယာတွေက စတင်စိုးမိုးခဲ့သည်။ ဂိုဏ်းတွေရဲ့ ပုန်ကန်ဖို့ ကြိုးစားမှုက နှစ်ကြိမ်တိုင်တိုင် ကျဆုံးခဲ့ပြီး အင်ပါယာရဲ့ အုပ်ချုပ်မှုအောက်ကို လုံးဝကျရောက်သွားတော့သည်။နှစ်တစ်သောင်းကျော် ဖွံ့ဖြိုးတိုးတက်ခဲ့ပြီးနောက်မှာတော့... ဂိုဏ်းတွေက အင်ပါယာရဲ့ လွှမ်းမိုးမှု့အောက်မှာ တဖြေးဖြေးချင်း အားနည်းလာခဲ့ကြသည်။

လက်ရှိ နဂါးမြို့ဟောင်းနယ်မြေမှာ, ဂိုဏ်းပေါင်းတစ်ရာကျော်ကျော်သာ ကျန် ရှိတော့ပြီး..ထိုထဲက ဂိုဏ်းပေါင်း ဆယ်ခုလောက်က အင်ပါယာကို အပြင်းအထန် ဆန့်ကျင်နေကြတုန်းဖြစ်သည်။ 

တတိယသခင်လေးက ရုပ်သေးပညာမှာ ထိပ်တန်းအဆင့်တစ်ခုသို့ ရောက်ရှိနေတဲ့ ဂိုဏ်းတစ်ခုနဲ့ ကြုံကြိုက်ခဲ့ဖူးသောကြောင့် ဒီဆိုင်ထဲမှ ရုပ်သေးက ၄င်းဂိုဏ်းနဲ့ ဆက်နွှယ်နေမလားလို့ တွေးနေမိ၏။

ဒါပေမယ့်လည်း ဒီဆိုင်က ရုပ်သေးနဲ့ ဂိုဏ်းကရုပ်သေးတွေကြားမှာ ကွာခြားချက်တော့ရှိသည်။ ဝှိုက်တီရဲ့ ခန္ဓာကိုယ်အတွင်းမှာ အစစ်အမှန်စွမ်းအင်တွေ လှည့်ပတ်ခြင်း မရှိပေ။ 

သူ ထိုကိစ္စကို တွေးနေတုန်းမှာပဲ အမွှေးရနံ့တစ်ခုက မီးဖိုချောင်ထဲကနေ လွင့်ပျံလာ၏။ 

"မွှေးလိုက်တာ.. " 

သူ အံ့အားသင့်စွာပြောလိုက်ပြီးနောက်...
သူ့မိသားစု စားဖိုးမှူးချက်တဲ့ ဟင်းပွဲနဲ့ နှိုင်းယှဉ်ကြည့်လိုက်အခါ ဒီအနံက ပိုကောင်းတယ်လို့ ခံစားရလေသည်။ 

တစ်ခဏအကြာ...,
ပုဖန်က အမွှေးနံတွေ လှိုင်လှိုင်ထွက်နေပြီး အငွေ့တွေနဲ့ဖုံးကွယ်နေတဲ့ အဖြူအပြာရောစပ်ထားသော ကြွေပန်းကန်လုံးကို သယ်၍ မီးဖိုချောင်ထဲမှ ထွက်လာ၏။

"ဒီမှာ မင်းရဲ့အဆင့်မြင့်ထမင်းကြော်..သုံးဆောင်ပါ" 

ပုဖန်က ပန်းကန်ကို တတိယသခင်လေး ရှေ့ ချပေးလိုက်ပြီး ပုံမှန်တိုင်းခပ်တည်တည်လေသံဖြင့်ပြောလိုက်သည်။

အသက်ပြင်းပြင်းရှုသွင်းလိုက်တာနဲ့ အနံ့တွေက သူ့ရဲ့ သွေးကြောတွေထဲထိ ဖြတ်သန်းသွားသလိုမျိုး တတိယသခင်လေး ခံစားလိုက်ရပြီး အလွန် ဆာလောင်လာသည်။

 သူ ဇွန်းနဲ့ ဥထမင်းကြော်ကို ခပ်ယူလိုက်သောအခါ အငွေ့တွေပြယ်လွင့်သွားပြီး အနံ့က ဗုံးတစ်ခုပေါက်ကွဲထွက်လာသလိုမျိုး သူ့ဆီ အလုံးအရင်းနဲ့ တိုးဝင်လာတော့သည်။