Chapter 51
Viewers 1k

Volume 1 (သေမျိုးနယ်မြေ ၀၅၁)


Chapter 51 (ငါမင်းကိုနားလည်တယ်)

လီယိဖေးက နှုတ်ခမ်းသပ်လိုက်သည်။ "ရက်စက်ရမယ်ဆိုရင် မင်းက အရက်စက်ဆုံးပဲ။"

လင်ချီးယဲ့ တစ်ခုခုပြောခါနီးတွင် နားကြပ်မှ အသံထွက်လာပြီး သူ့အမူအရာ အနည်းငယ်ပြောင်းသွားသည်။

"ဘာဖြစ်တာလဲ။"

"ဟုန်ယင်းဘက်မှာ တစ်ခုခုဖြစ်နေပြီ။" လင်ချီးယဲ့သည် ဘာမှမပြောဘဲ သူ့လက်ထဲက အနက်ရောင်သေတ္တာဖြင့် စာသင်ခန်းထဲမှ ပြေးထွက်လာခဲ့သည်။

"ဟေ့။ အတန်းတက်ဖို့ တစ်မိနစ်ပဲ လိုတော့တယ်။" လီယိဖေးသည် မသိစိတ်မှ သတိပေးလိုက်ပြီး စာသင်ခန်းထဲတွင် ယခင်ကလို စိတ်အေးချမ်းသာစွာ ထိုင်ရသည့် နေ့ရက်များမဟုတ်တော့ကြောင်း သူသိလိုက်ရသည်။

သူသည် လင်ချီးယဲ့နောက်ကိုလိုက်ရန် ပြေးထွက်သွားသည်။ တံခါးနားရောက်သည်နှင့် အင်္ဂလိပ်ဆရာကို ဝင်တိုက်မိလေသည်။

"လီယိဖေးလား။ အတန်းစတော့မှာကို မင်းက အလျင်စလို ဘယ်သွားမလို့လဲ။" အင်္ဂလိပ်ဆရာက သူ့ကို စိုက်ကြည့်ပြီး ဒေါသတကြီးပြောလိုက်သည်။

"အတန်းလား။" လီယိဖေးသည် ဆရာကို တိုက်ရိုက် တွန်းထုတ်ပြီး အဝေးဆီသို့ လျင်မြန်စွာပြေးသွားကာ နောက်ပြန်လှည့်ပြီး အော်လိုက်သည်။ "ဒီအချိန်မှာ အတန်းကရှိ‌သေးတယ်ပေါ့။

ခေတ်တွေပြောင်းသွားပြီ ဆရာ။"

အင်္ဂလိပ်စာဆရာ: (`⌒′メ)? ? !

လီယိဖေးသည် လင်ချီးယဲ့နောက်ကို မီတာ ၁၀၀ အပြေးနှုန်းဖြင့် ပြေးလိုက်ကာ မိန်းကလေးအဆောင်၏ အောက်ထပ်သို့ ပြေးသွားခဲ့သည်။ ထိုအချိန်တွင် အောက်ထပ်မှာ လူအုပ်ကြီး ရှိနေသည်။

"နင်ကြားလိုက်လား။ ခုနက အထဲမှာ ပေါက်ကွဲမှုဖြစ်သွားသလိုပဲ။"

"ငါကြားတယ်။ တစ်ခုခုအော်ဟစ်နေသလိုပဲ၊ အရမ်းကြောက်စရာကောင်းတယ်။"

"ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။ ငါ ပေါက်ကွဲသံကြားတာပါ။ တစ်ယောက်ယောက်က တရားမဝင်လျှပ်စစ်ပစ္စည်းတွေကို ဝှက်ထားပြီး မီးလောင်မှုဖြစ်သွားတာလို့ ခန့်မှန်းရတယ်။"

"တစ်ယောက်ယောက် ရဲကိုခေါ်လိုက်သေးလား။"

"လူတစ်ယောက် ခေါ်လိုက်တယ်၊ မီးသတ်ကားက ဒီကိုအမြန်ရောက်လာပြီး အခင်းဖြစ်ပွားရာကို အရင်ပိတ်ထားသင့်တယ်။"

"ဟမ်။ ဘာလို့အချက်ပြတာမျိုးမရှိတာလဲ။"

"ငါ့မှာလည်းမရှိဘူး။"

"ထူးဆန်းတယ်…"


အမှတ် ၂ အထက်တန်းအပြင်ဘက်

လန်ရွှမ်းသည် လျှို့ဝှက်ထောင့်တစ်ခုတွင်ထိုင်ကာ ဆိုင်းဘုတ်ကိုချပြီး သူ့လက်ချောင်းထိပ်များကို ဓားဖြင့် ညင်သာစွာ လှီးဖြတ်လိုက်ကာ ဒဏ်ရာမှ သွေးအနည်းငယ် စိမ့်ထွက်လာသည်။

သူသည် အမူအရာမဲ့စွာ သူ့လက်ကိုဆန့်ထုတ်လိုက်ပြီး ဆိုင်းဘုတ်၏ မျက်နှာပြင်ပေါ်တွင် ရှည်လျားသော အမှတ်အသားတစ်ခုကို ဆွဲလိုက်သည်။

"အရင်က လောင်ကျောက် ဘယ်လိုလုပ်ခဲ့တာလဲ…" လန်ရွှမ်းသည် ရေရွတ်ပြီး ခဏလောက် ပြန်စဉ်းစားလိုက်သည်။

လက်တွေကို ရုတ်တရက် အတူတူရောယှက်ပြီး

ဖိချလိုက်။

"တားမြစ်အပျက်အစီး [ဝူကျဲ့လေဟာနယ်]"

တစ်စက္ကန့်၊ နှစ်စက္ကန့်၊ သုံးစက္ကန့်...

ဆယ်စက္ကန့်ကျော်သွားတော့ ဆိုင်းဘုတ်က တိတ်ဆိတ်နေဆဲဖြစ်သည်။

လန်ရွှမ်း၏နှုတ်ခမ်းထောင့်သည် အနည်းငယ် လှုပ်ယမ်းသွားပြီး ခဏလောက်တွေးပြီးနောက် "သွေးမလုံလောက်ဘူးလား။"

ထို့ကြောင့် သူသည် ဓားကို ထပ်မံထုတ်၍ ဘယ်ဘက်လက်ကို ဖြတ်ကာ ဆိုင်းဘုတ်ပေါ်တွင် အလျားလိုက် မျဉ်းတစ်ကြောင်း ဆွဲလိုက်သည်။

"တားမြစ်အပျက်အစီး [ဝူကျဲ့လေဟာနယ်]"

ဘာမှမဖြစ်သေးဘူး။

လန်ရွှမ်းသည် အဆက်အသွယ်မကောင်းသော တီဗီအဟောင်းဖြင့် ဓာတ်ပုံရိုက်နေသကဲ့သို့ ဆိုင်းဘုတ်၏မျက်နှာပြင်ကို စိတ်မရှည်စွာ ပုတ်လိုက်သည်။

နှစ်ကြိမ်ပုတ်ပြီးနောက် ဆိုင်းဘုတ်သည် အနည်းငယ်တုန်ခါသွားပြီး မမြင်နိုင်သောကင်းဗတ်စတစ်ခုသည် ပတ်ပတ်လည်ကို ပြန့်ကျဲသွားကာ တခြား‌ဆိုင်းဘုတ်နှစ်ခုနှင့် ချိတ်ဆက်ပြီး အမှတ် ၂ အထက်တန်းကျောင်းတစ်ခုလုံးကို ဖုံးအုပ်ထားသည်။ 

"ဒီတစ်ခါတော့ မှန်သွားပြီ။" လန်ရွှမ်းသည် ကျေနပ်စွာ မတ်တတ်ထရပ်ပြီး အဝေးကို မော့ကြည့်ရင်း ရုတ်တရက် အံ့အားသင့်သွားသည်။

"ဟင်။ ဒီတစ်ခေါက် [ဝူကျဲ့လေဟာနယ်] ရဲ့အရောင်က ဘာလို့မတူရတာလဲ…"


"လခွမ်း။ ကြည့်လိုက်။ ကောင်းကင်ကြီးက ဘယ်လိုလုပ်စိမ်းနေရတာလဲ။"

"တကယ်လား။ အံ့ဩစရာပဲ။"

"မြန်မြန် ဓာတ်ပုံရိုက်ကြ။"

"ဘယ်လူကြီးလူကောင်းက လူမှားတွေ့ခဲ့လို့ ဒီလောက်ဦးထုပ်စိမ်းကြီးနဲ့ ဖုံးထားရတာလဲ။"

"ဒီလိုထူးဆန်းတဲ့ဖြစ်စဉ်မျိုးကြုံလာဖို့ ဘယ်လိုအစိမ်းရောင်မျိုးရှိမှာလဲ။" 

"…"

ရုတ်တရက် အရောင်ပြောင်းသွားသောကောင်းကင်ကြီးသည် လူတိုင်း၏အာရုံကို ချက်ချင်း ဖမ်းစားနိုင်ခဲ့သည်။ စာသင်ခန်းထဲက ဆရာများနှင့် ကျောင်းသားများတောင် စာသင်ခန်းထဲကနေ ထွက်လာပြီး ကောင်းကင်ကို ညွှန်ပြကြသည်။

"ချီးယဲ့၊ ဒါက ဘယ်လိုအခြေအနေလဲ" လီယိဖေးသည် အစိမ်းရောင်ကောင်းကင်ကြီးကို ကြည့်ရင်း သူ့နှလုံးသားထဲတွင် အမြဲလိုလို ထူးဆန်းနေခဲ့သည်။

လင်ချီးယဲ့က အနည်းငယ် မျက်မှောင်ကြုတ်ကာ "မသိဘူး၊ ဒါပေမယ့် အဲဒါက [ဝူကျဲ့လေဟာနယ်] နဲ့ ပတ်သက်တာ ဖြစ်နိုင်တယ်၊ အဲဒါက အရေးမကြီးဘူး"

လူအုပ်ကြီးဝန်းရံထားသော မိန်းကလေးအဆောင်၏ အောက်ထပ်ကို သူ့မျက်လုံးများကျရောက်သွားကာ မျက်ခုံးများ အနည်းငယ် ရှုံ့တွသွားခဲ့သည်။

"သူတို့က မိန်းကလေးအဆောင်ကို ပိတ်ဆို့ထားတယ်။ လူအများစောင့်ကြည့်နေတဲ့ မျက်လုံးတွေအောက်မှာ ဝင်သွားဖို့ ငါ့အတွက် မလွယ်ဘူး။ လှုပ်ရှားမှုတစ်ခုခုလုပ်ပြီး သူတို့ရဲ့အာရုံစိုက်မှုရအောင် မင်းငါ့ကိုကူညီပေးပါလား။"

"လှုပ်ရှားမှုလား။" လီယိဖေးက အံ့အားသင့်သွားသည် "ဘာလှုပ်ရှားမှုလဲ။"

"ဘာပဲဖြစ်ဖြစ်ရတယ်၊ မင်း သူတို့ကို အဝေးဆီ ဆွဲဆောင်နိုင်သရွေ့ နှလုံးဖောက်သလို ဟန်ဆောင်တာပဲဖြစ်ဖြစ် ဒါမှမဟုတ် ကိုယ်ဗလာနဲ့ကပြတာပဲဖြစ်ဖြစ်လုပ်လိုက်။"

"ဒါက ငါလည်း ဘယ်လိုလုပ်ရမလဲ မသိဘူး။"

"လီယိဖေး"

"ဟမ်"

လင်ချီးယဲ့သည် လှည့်ကြည့်လိုက်ပြီး လီယိဖေး၏ မျက်လုံးများကို လေးနက်စွာ ကြည့်ကာ "ဒီအဖြစ်အပျက်ပြီးရင် မင်းက ညကင်းစောင့်လူသားကို ဝင်ဖို့စီစဉ်ထားတာဆိုတော့ ဒီအတွက် အရာအားလုံးကိုစတေးဖို့ မင်းပြင်ဆင်ထားရမယ်… မင်းရဲ့သန့်ရှင်းစင်ကြယ်မှုအပါအဝင်ပဲ။"

"…မဟုတ်ပါသေးဘူး၊ နေပါဦး၊ ညကင်းစောင့်လူသားထဲပါဝင်ဖို့ ဘာလို့သန့်ရှင်းစင်ကြယ်မှုကို ပေးရမှာလဲ။" လီယိဖေးက ခေါင်းကိုက်နေခဲ့သည်။

ရုတ်တရက် သူ့မျက်လုံးထောင့်ကနေ လူအုပ်ထဲက တစ်စုံတစ်ယောက်ကို တွေ့လိုက်ရသည်။ သူသည် မျက်မှောင်ကြုတ်ပြီး ခဏလောက် စဉ်းစားပြီးနောက် သူ့နှလုံးသားက လှုပ်ခတ်လာသည်။

"ကောင်းပြီ မင်းသွားတော့၊ ငါ အာရုံစိုက်မှုကိုဆွဲဆောင်ဖို့ မင်းကိုကူညီပေးမယ်။"

လင်ချီးယဲ့သည် ခေါင်းညိတ်ပြပြီး လူအုပ်ကြားကို လမ်းလျှောက်သွားက လီယိဖေးကို ကြည့်လိုက်သည်။

လီယိဖေးသည် အသက်ပြင်းပြင်းရှူပြီး သူ့ရှေ့က လူအုပ်ကို လှမ်းအော်လိုက်သည်။

"ဝူရှူးကျယ်"

ဤကျယ်လောင်သော အသံသည် ဆူညံနေသော လူအုပ်ကို ချက်ချင်း ဖြိုခွင်းလိုက်သည်။ အားလုံးက တစ်ချိန်တည်းတွင် ခေါင်းလှည့်ကာ မိန်းကလေးများ အိပ်ဆောင်အောက်ထပ်တွင် ရုတ်တရက် ပေါ်လာသည့် ကောင်လေးကို ကြည့်လိုက်ကြသည်။

လူအုပ်ထဲတွင် ဝူရှူးကျယ်လည်း ခေါင်းကိုလှည့်လာပြီး သံသယများ ပြည့်နှက်နေသော လီယိဖေးကို လေးနက်သော မျက်နှာဖြင့် ကြည့်နေသည်။

လင်ချီးယဲ့၏နှုတ်ခမ်းထောင့်က အနည်းငယ်လှုပ်ယမ်းသွားပြီး "ဒီကောင်၊ သူပြင်ဆင်ထားတာက…"

"ဝူရှူးကျယ်" လီယိဖေးက ထပ်အော်လိုက်သည်။ "ငါမင်းကိုကြိုက်တယ်။"

ထိုစကားလုံးများကိုကြားတော့ လူအုပ်ထဲမှ အုပ်စုလိုက်အော်ဟစ်သံများ ထွက်ပေါ်လာသည်။

အထက်တန်းကျောင်းသားများသည် ဒီလိုမျိုး ရုတ်တရက် မီးလောင်မှုလိုမျိုး... လူမြင်ကွင်းမှာ ဝန်ခံလာသည့် သူတစ်ယောက်လိုမျိုး စာလေ့လာတာကလွဲရင် အရာအားလုံးကို ပုံမှန်မဟုတ်သည့် စိတ်ဝင်စားမှုကို ပြသပါလိမ့်မည်။

သိသာစွာ မီးလောင်မှုထက် ဒီတစ်ခုက သူတို့ကို ပို၍ဆွဲဆောင်မှုရှိစေသည်။

လူတိုင်း၏နှလုံးသားထဲမှာ ဖရဲသီးစားသောမီးက တောက်လောင်နေသည်။

သူတို့သည် လူအုပ်ထဲတွင် ဝူရှူးကျယ်ကို စူးစူးရဲရဲ စိုက်ကြည့်ကာ သူမအတွက် နေရာပေးရန် ခြေလှမ်းအနည်းငယ်မျှပင် နောက်ပြန်ဆုတ်သွားကြသည်။

လင်ချီးယဲ့သည် အခွင့်အရေးကို ဆုပ်ကိုင်လိုက်ပြီး မျက်စိတစ်မှိတ်အတွင်းမှာပင် အတားအဆီးကို ကျော်တက်ကာ မိန်းကလေးများ၏ အိပ်ဆောင်ထဲသို့ ပြေးသွားခဲ့သည်။

ဝူရှူးကျယ်သည် လီယိဖေး၏ မျက်လုံးများကို တိုက်ရိုက်မကြည့်ဝံ့ဘဲ ခေါင်းငုံ့ကာ ခဏလောက် တိတ်ဆိတ်နေပြီးမှ ဖြည်းညှင်းစွာ ပြောလာသည်။

"တောင်းပန်ပါတယ်... ငါ့မှာကြိုက်နေတဲ့လူရှိတယ်"

လီယိဖေးသည် ဒီစကားကြားတော့ သူ့စိတ်တွေ ဗလာဖြစ်သွားပြီး တုန်လှုပ်ချောက်ချားသွားကာ လျှိုယွမ်၏ ခံစားချက်ကို ယခုမှပင် သူ ရုတ်တရက် နားလည်သွားပုံရသည်။

"မင်း၊ မင်းဘယ်သူ့ကိုကြိုက်တာလဲ"

ဝူရှူးကျယ်၏မျက်နှာတွင် ရှက်ရွံ့မှုအရိပ်အမြွက်ပြနေသည်။ "ငါ… ငါ လင်ချီးယဲ့ကို ကြိုက်တာ…"

"…"

လီယိဖေးသည် 'လင်ချီးယဲ့' ဆိုသော စကားသုံးလုံးကိုကြားသောအခါတွင် သူ၏အမူအရာသည် အလွန်အံ့သြဖွယ်ဖြစ်လာသည်။ သူသည် မိန်းကလေးများ၏ အိပ်ဆောင်တံခါးကို မသိစိတ်မှ လှမ်းကြည့်သော်လည်း လင်ချီးယဲ့ မရှိတော့တာကို တွေ့လိုက်ရသည်။

သူသည် အချိန်အတော်ကြာ တိတ်ဆိတ်သွားပြီးနောက် ခေါင်းကို ဖြည်းညှင်းစွာ မော့လိုက်ပြီး ခေါင်းထက်က မြစိမ်းရောင်ကောင်းကင်ကြီးကို မော့ကြည့်လိုက်သည်။

သူ့မျက်လုံးများ စိုစွတ်လာသည်။

လျှိုယွမ်…

မငိုပါနဲ့

ငါ လီယိဖေး မင်းကိုနားလည်တယ်။


‌ဗုန်း…

လှံထိပ်ဖျားသည် လှံထိပ်ပေါ်တွင် တန်ဆာဆင်ထားသော အနီရောင်အမြိတ်ကဲ့သို့ ပြိုးပြိုးပြက်ပြက်တောက်ပနေသော မီးဖဲကြိုးကို သယ်ဆောင်လာပြီး အမှောင်စင်္ကြံတွင် နှင်းဆီရောင်မီးတောက်များ ပွင့်လာသည်။

ဟုန်ယင်း၏ရုပ်သွင်သည် မကောင်းဆိုးဝါးများကြားတွင် လျင်မြန်စွာ ပျံတက်သွားပြီး လှံရှည်သည် ဖြတ်ကျော်သွား၏။ တခဏချင်းမှာပဲ မကောင်းဆိုးဝါးတစ်ကောင်၏ ဦးခေါင်းက ပျံတက်သွားပြီး မီးလောင်သွားသည်။

ကျန်ရှိသော မကောင်းဆိုးဝါးအနည်းငယ်သည် ကြောက်ရွံ့စပြုလာပုံရပြီး ခြေလှမ်းအနည်းငယ် နောက်ပြန်ဆုတ်သွားခဲ့သည်။

သူတို့ရှေ့တွင်

ဟုန်ယင်းသည် သူမ၏လက်ထဲမှာ မီးတောက်နေသော လှံတစ်ချောင်းကို ကိုင်ထားပြီး ဆံပင်ရှည်များက ယိမ်းနွဲ့နေကာ သူမက ဖြည်းညှင်းစွာ တိုးလာသည်။

TK Team (Chapter 51)