Chapter 54
Viewers 1k

Volume 1 (သေမျိုးနယ်မြေ ၀၅၄)


Chapter 54 (ထက်မြက်သူ)

"အားးး"

"တိတ်တိတ်နေစမ်း"

"နင်၊ နင် ရှို့ရှို့ကို သတ်လိုက်တာပဲ"

"သူမက လူမဟုတ်တော့ဘူး၊ မင်းမမြင်ဘူးလား"

အခုလေးတင် သန့်စင်ခန်းထဲမှာ အတူပုန်းနေသော မိန်းကလေးများထဲတွင် မကောင်းဆိုးဝါးဖြစ်သွားပြီး နှစ်ပိုင်ပြတ်သွားတာကို ကိုယ့်မျက်စိဖြင့်မြင်ခဲ့ရကာ မိန်းကလေးနှစ်ယောက်သည် လုံးဝထိတ်လန့်ပြီး ခြေထောက်တွေ ပျော့ခွေသွားသည်။

လင်ချီးယဲ့သည် သူတို့ကို သန့်စင်ခန်းထဲကထုတ်ရန် ကူကယ်ရာမဲ့ ကူညီပေးခဲ့သည်။ တံခါးဝတွင် ယောက်ျားလေး၊ မိန်းကလေး ဒါဇင်နှင့်ချီပြီး စုရုံးနေကြသည်။ လင်ချီးယဲ့သည် မိန်းကလေးနှစ်ယောက်နှင့်အတူ အမှန်တကယ် ထွက်လာတာကိုမြင်တော့ သူတို့မျက်လုံးများက လေးစားမှုဖြင့်ပြည့်နေသည်။

"အထဲမှာ တကယ်ပဲ တစ်ယောက်ယောက်ရှိနေတာလား။ စီနီယာချီးယဲ့က အရမ်းအံ့ဩစရာကောင်းတယ်မလား"

"ဆယ်မီတာအကွာကနေ အထဲမှာလူရှိနေမှန်း သိနိုင်တယ်၊ ဒီစီနီယာချီးယဲ့… ခင်ဗျားက သိုင်းသမားလား။ ကျွန်တော့်ကို ခင်ဗျားနဲ့အတူ ခေါ်သွားလို့ရလား"

"မင်းတို့ဘာကြောင်နေတာလဲ။ အခုက စကားပြောရမယ့်အချိန်လား။ လာပြီးကူညီကြဦးလေ"

ထိုမှသာ လူတိုင်းသည် တုံ့ပြန်ကြပြီး ကယ်တင်ခံရသော မိန်းကလေးနှစ်ဦးကို ကူညီပေးရန် ကမန်းကတန်း ရှေ့သို့တိုးသွားကြသည်။

သူတို့အားလုံးသည် အထက်တန်းကျောင်း ပထမနှစ်နှင့် တတိယနှစ်ဧရိယာများထောင့်မှ လင်ချီးယဲ့ကယ်တင်ခြင်းခံရသော အသက်ရှင်ကျန်ရစ်သူများဖြစ်သည်။ အခုလေးတင် သူတို့နှစ်ယောက်လိုပဲ ထိတ်လန့်တုန်လှုပ်နေသော မိန်းကလေးတွေလည်း အများကြီးရှိပါသည်။ ကံကောင်းထောက်မစွာ ယောက်ျားလေးအများစုသည် အတော်လေး သန်မာကြပြီး လမ်းမလျှောက်နိုင်လောက်အောင် ထိတ်လန့်ပုံမပေါ်ချေ။

"စီနီယာချီးယဲ့၊ ကျွန်တော်တို့ ဘာဆက်လုပ်ကြမလဲ"

"ဒီသင်ကြာရေးအဆောက်အအုံနှစ်ခုကို ရှာဖွေကယ်ဆယ်လို့ ပြီးသွားပါပြီ။ မင်းတို့အခုလေးတင် ဖြတ်သွားတဲ့ ခန်းမထဲမှာ ပုန်းနေသင့်တယ်။ ငါရှင်းပြီးပြီ။" လင်ချီးယဲ့က ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။

"စီနီယာကရော"

"ဒုတိယနှစ် အထက်တန်း သင်ကြားရေးအဆောက်အအုံက အဆိုးဝါးဆုံးနေရာပဲ။ ငါလူတွေကို ကယ်တင်ရမယ်။"

"ဒါဆို ကျွန်တော် စီနီယာနဲ့လိုက်လို့ရမလား။ ကျွန်တော် အခုလေးတင် မကောင်းဆိုးဝါးတစ်ကောင်ကို ပုဆိန်နဲ့ တိုက်ခိုကိခဲ့ပြီး ကျွန်တော်လည်း ကူညီနိုင်တယ်" ပိုပြီးကြံ့ခိုင်သော ကောင်လေးက ပြောလာသည်။

"မဟုတ်ဘူး ငါတစ်ယောက်တည်းသွားမယ်။" လင်ချီးယဲ့သည် ခေါင်းခါပြီး အဖွဲ့ထဲက ခြေထောက်အားနည်းသော မိန်းကလေးများကို ညွှန်ပြကာ "မင်း သူတို့ကို ကာကွယ်ဖို့ မင်းရဲ့ပုဆိန်ကို သုံးသင့်တယ်"

"ကောင်းပါပြီ။"

လင်ချီးယဲ့က ကြာကြာမနေတော့ဘဲ စကားအနည်းငယ်ဖြင့် ရှင်းပြပြီးနောက် သူတစ်ယောက်တည်း အောက်ထပ်သို့ ပြေးဆင်းသွားကာ အနက်ရှိုင်းဆုံး ဒုတိယနှစ် အထက်တန်းကျောင်း အဆောက်အအုံဆီသို့ ပြေးသွားခဲ့သည်။

အထက်တန်းကျောင်း ဒုတိယနှစ်တွင် ဖုံးကွယ်ထားသော မကောင်းဆိုးဝါးများသည် တစ်ကျောင်းလုံး၏ ၆၀ ရာခိုင်နှုန်းခန့်ရှိပြီး တစ်ကျောင်းလုံးရှိ မကောင်းဆိုးဝါးများ ရူးသွပ်သွားသည်မှာ ဆယ်မိနစ်နီးပါးပင်ရှိနေသည်။ အထက်တန်းကျောင်း ဒုတိယနှစ်ဘက်တွင် ဘာဖြစ်နေသလဲဆိုတာ ဘုရားသခင်ပဲသိလိမ့်မည်…

သူတို့တွေ ပိုဉာဏ်ကောင်းဖို့မျှော်လင့်သည်။


"မြန်မြန် မြန်မြန်။ ယောက်ျားလေးတွေအားလုံးက စားပွဲနဲ့ ထိုင်ခုံတွေကို စင်္ကြံဆီတွန်းပြီး စင်္ကြံကို ပိတ်ဆို့လိုက်ကြ။"

"လာကြ၊ အလုပ်ကြိုးစားကြ။ အလျင်စလို မတွန်းနဲ့"

"မိန်းကလေးတွေ ဘယ်မှာလဲ။ မိန်းကလေးတွေက အော်မနေကြနဲ့။ ဒဏ်ရာရသူတွေကို လာပြီးပတ်တီးစည်းပေးကြ"

"ဘာ။ တတိယထပ်မှာ အသက်ရှင်ကျန်ရစ်သူတွေ ဘယ်လောက်ရှိတာလဲ။ လခွမ်း၊ ပုဆိန်အဖွဲ့၊ ငါနဲ့အတူသွားမယ်"

"ဆရာဝမ်၊ ဒီအထပ်ကို ကျွန်တော် ခင်ဗျားဆီအပ်ခဲ့မယ်"

ရှုပ်ထွေးနေသော ငါးထပ်လသာဆောင်တွင် လီယိဖေးက နေရာတိုင်းတွင် အော်ပြောလိုက်သည်။ ယခုအချိန်တွင် ဒုတိယနှစ် အထက်တန်းကျောင်းသား အများစုသည် ဤထပ်တွင် စုဝေးနေကြပါသည်။ လေလုံသော စားပွဲများနှင့် ကုလားထိုင်များသည် နှစ်ဖက်စလုံးရှိ စင်္ကြံများကို လုံးဝပိတ်ဆို့ထားသည်။ မကောင်းဆိုးဝါးများက အောက်တွင် ရူးသွပ်နေသည်။

မျက်မှန်တပ်ထားသည့် ဆရာဝမ်က နူးညံ့သောအမူအရာဖြင့် တည်ငြိမ်စွာ‌ ခေါင်းညိတ်လိုက်သည်။ "စိတ်မပူပါနဲ့၊ ဒီအထပ်ကို ငါ့ဆီအပ်လိုက်ပါ၊ တာဝါတိုင်ကာကွယ်ရေးဂိမ်းကို အချည်းနှီးမကစားခဲ့တာ နှစ်အတော်ကြာပြီ"

လီယိဖေးသည် မီးပုဆိန်ကို ကောက်ကိုင်လိုက်ပြီး သူ့နောက်တွင်သယ်ကာ တစ်ဖက်က စင်္ကြံကို လှမ်းအော်လိုက်သည်။ မီးပုဆိန် သို့မဟုတ် တင်းနစ်ရိုက်တံများ ကိုင်ဆောင်ထားသည့် သန်မာသော ယောက်ျားလေးများစွာက လျင်မြန်စွာ ပြေးသွားကြသည်။

"တတိယထပ်က အတန်း ၈ မှာ ကျောင်းသား ၂၀ ကျော် စာသင်ခန်းထဲမှာ ပိတ်မိနေတယ်။ ကယ်တင်ကြရအောင်။" လီယိဖေးက အခြေအနေကို အတိုချုံး ရှင်းပြသည်။ ယောက်ျားလေးတော်တော်များများသည် သူတို့၏အဝတ်အစားများကို ကြိုးအထူကြီးဖြင့် အမြန်ချည်နှောင်ပြီး စင်္ကြံ၏လက်ရန်းမှာ တည့်တည့်တွဲလျားကျနေသည်။

လီယိဖေးသည် ဆွဲယူပြီး ခိုင်ခံ့သည်ဟု ခံစားရပြီးနောက် လက်ရန်းပေါ်သို့ တက်ရန် ဦးဆောင်ကာ ကြိုးထူကြီးကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ကာ တီဗီထဲရှိပုံစံအတိုင်း အောက်သို့ ဖြည်းဖြည်းချင်းရွှေ့ရန် သင်ယူခဲ့သည်။

နောက်ကျောက ကောင်လေးများ လိုက်လာကြသည်။ သူတို့သည် အနည်းငယ် စိတ်လှုပ်ရှားနေသော်လည်း စည်းစနစ်တကျ ရှိနေဆဲဖြစ်သည်။

"ဆရာဝမ်၊ လီယိဖေးနဲ့ တခြားသူတွေ အန္တရာယ်မရှိလောက်ဘူးမလား" မိန်းကလေးတစ်ယောက် ဒီမြင်ကွင်းကို စိုးရိမ်တကြီးကြည့်နေသည်။

ဆရာဝမ်သည် သူတို့ကို လေးလေးနက်နက်ကြည့်ကာ သက်ပြင်းချရင်း "ဘယ်လိုလုပ်အန္တရာယ်မရှိဘဲနေမှာလဲ။ ဒါပေမယ့် ငါသူ့ရဲ့စွမ်းရည်ကို ယုံကြည်တယ်…"

"လီယိဖေးက အရမ်းမိုက်တာပဲ၊ အရင်ကဘာလို့ မတွေ့မိတာလဲ" သူ့ဘေးနားရှိ မိန်းကလေးက တိုးတိုးလေးပြောသည်။

"သမိုင်းမှာ အမှောင်ခေတ်တိုင်းမှာ လူတိုင်းရှေ့ ရပ်တည်ပြီး ခေါင်းဆောင်ဖြစ်လာတဲ့ အမည်မသိလူတချို့ အမြဲရှိလိမ့်မယ်။

လီယိဖေးလို တခြားနေ့တွေမှာ မျှော်လင့်ချက်မဲ့ပုံပေါ်တဲ့ ကျောင်းသားတွေက ဒီလိုပတ်ဝန်းကျင်မှာ တခြားသူတွေနဲ့ အစားထိုးလို့မရတဲ့ အလားအလာတွေရှိတယ်။

ဘယ်သူ့ကိုမှ လျှော့မတွက်နဲ့၊ သူဘယ်လောက်ပဲ မထင်ရှားနေပါစေ တစ်နေ့မှာ သူတောက်ပလာလိမ့်မယ်" ဆရာဝမ်သည် မျက်မှန်ကို တွန်းထုတ်လိုက်ပြီး တစ်ခုခုကို သတိပြုမိသွားကာ ခေါင်းကိုလှည့်ပြီး မိန်းကလေးကို ပြောလိုက်သည်။

"စကားမစပ် ချစ်ခြင်းမေတ္တာကိုတော့ တားမြစ်တယ်"

"…"

လီယိဖေးနှင့် တခြားသူများသည် ကြိုးအထူနောက်သို့ လိုက်ကြပြီး တတိယထပ်ရှိ စင်္ကြံပေါ်သို့ အောင်မြင်စွာ ဆင်းသက်ခဲ့ကြသည်။ ထိုအချိန်တွင် မကောင်းဆိုးဝါးအများစုသည် လေးထပ်နှင့် ငါးထပ်ကြားရှိ စင်္ကြံဆီသို့ ဆွဲဆောင်ခဲ့ပြီး တတိယထပ်တွင် နှစ်ကောင်သာကျန်တော့သည်။ မကောင်းဆိုးဝါးများသည် အတန်း ၈ ၏ စာသင်ခန်းတံခါးကို ဝန်းရံထားသည်။

ထိုအချိန်တွင် အတန်း ၈ ၏တံခါးများနှင့် ပြတင်းပေါက်များအားလုံးကို စားပွဲခုံများနှင့် ကုလားထိုင်များဖြင့် ပိတ်ဆို့ထားသောကြောင့် မကောင်းဆိုးဝါးနှစ်ကောင်သည် စာသင်ခန်းအပြင်ဘက်တွင် လျှောက်သွားရုံသာတတ်နိုင်ပြီး လုံးဝမဖြတ်ကျော်နိုင်ပေ။

လီယိဖေးတစ်ယောက်တည်း ထက်မြက်သူမဟုတ်ပါ။

လီယိဖေးနှင့် တခြားလူများသည် စင်္ကြံထဲသို့ ရွေ့လျားမှုမှာ အလွန်သေးငယ်သည်။ မကောင်းဆိုးဝါးနှစ်ကောင်သည် သူတို့၏တည်ရှိမှုကို သတိမပြုမိပေ။ သူတို့နောက်မှာ လူအနည်းငယ် တွားသွားသည်အထိ သူတို့ သတိမထားမိဘူး။

သူတို့ ခေါင်းကို လှည့်ကြည့်လိုက်တော့ လီယိဖေးနှင့် သူ့အဖော်များကို သူတို့နောက်မှာ တွေ့လိုက်ရသည်။ သူတို့၏ရက်စက်ကြမ်းကြုတ်သော ပါးစပ်များကိုဖွင့်ကာ လှုပ်ရှားတော့မည်ဖြစ်သည်။

"ကိုင်ထားကြ" လီယိဖေးက အော်လိုက်သည်။

ယောက်ျားလေးငါးယောက်သည် စာသင်ခန်းထဲက ထိုင်ခုံတွေကို ကောက်ကိုင်လိုက်ပြီး ကျယ်လောင်စွာအော်ကာ ‌မကောင်းဆိုးဝါးနှစ်ကောင်ဆီ ပြေးသွားသည်။

မကောင်းဆိုးဝါးသည် လူများကို စားနိုင်သော ပထမတန်းစား စွမ်းရည်ရှိသော်လည်း သူ၏ခွန်အားမှာ သာမန်လူများထက် များစွာ မပြင်းထန်ချေ။ ထိုင်ခုံများနှင့် ယောက်ျားလေးများ၏ အရူးအမူး ရိုက်ခတ်မှုအောက်မှာ သူတို့ကို အင်အားသုံး ပိတ်ဆို့ထားသည်။ သို့သော် ချွန်ထက်ပြီး ထူထပ်သော သွားများသည် ထိုင်ခုံကို နှစ်ချက်ကိုက်ကာ ထိုင်ခုံများက လုံးလုံးလျားလျား စုတ်ပြဲသွားခဲ့သည်။

ဤခဏတာအခွင့်အရေးကြောင့် ကျန်ရှိသော ယောက်ျားလေးများသည် ရှေ့သို့ ပြေးသွားကာ မကောင်းဆိုးဝါး၏ ပါးစပ်ထဲသို့ မီးပုဆိန်နှင့် တုတ်များဖြင့် အသည်းအသန် ခုတ်ထစ်ကြသည်။ အချိန်အတော်ကြာအောင် ခုတ်ထစ်ပြီးနောက် မကောင်းဆိုးဝါး၏ ခန္ဓာကိုယ်သည် တုန်လှုပ်ခြောက်ခြားပြီး ပြုပြင်၍မရအောင် ပျက်စီးနေသောဦးခေါင်းဖြင့် လဲကျသွားသည်။
 
ယောက်ျားလေးတော်တော်များများသည် ပြင်းပြင်းထန်ထန် မောဟိုက်နေကြပေမယ့် သူတို့၏နှုတ်ခမ်းထောင့်များက ထိန်းချုပ်၍မရအောင် မြင့်တက်နေပြီး သူတို့၏မျက်လုံးများက စိတ်လှုပ်ရှားမှုတွေ ပြည့်နှက်နေခဲ့သည်။

ကြောက်မက်ဖွယ်ကောင်းသော မကောင်းဆိုးဝါးနှစ်ကောင်ကို သူတို့တွေ အတူတကွ တိုက်ခိုက်သတ်ဖြတ်ခဲ့ကြသည်။

"မြန်မြန်လုပ်ကြ၊ လူတွေကို ကယ်မယ်။" လီယိဖေးသည် စာသင်ခန်းတံခါးဆီသို့ ပြေးသွားပြီး အမြန်တံခါးခေါက်လိုက်သည်။

အတန်း ၈ ခန်းရှိ ကျောင်းသားများသည် စားပွဲခုံနှင့် ထိုင်ခုံများကြားမှ အပြင်ဘက် လှုပ်ရှားမှုကို စောင့်ကြည့်နေကြသည်။ လီယိဖေး၏ လူအုပ်စုသည် ထိုမကောင်းဆိုးဝါးကို အမှန်တကယ်သတ်ခဲ့တာ တွေ့လိုက်ရသဖြင့် တံခါးကိုအမြန်ပြန်ဖွင့်လိုက်ကြပြီး ယောက်ျားလေးအနည်းငယ်က ထွက်လာခဲ့သည်။

"ငါက အတန်း ၂ က လီယိဖေးပါ၊ မြန်မြန် ငါတို့နဲ့ဘေးကင်းရာသွားရအောင်" လီယိဖေးက ပြောသည်။

"ဘေးကင်းရာကိုသွားမယ်။ ငါတို့က ဘယ်ဘေးကင်းကိုသွားရမှာလဲ" ဦးဆောင်သူယောက်ျားလေးက ခေါင်းယမ်းပြပြီး ပထမထပ်ကို လက်ညှိုးထိုးပြသည်။ "အခုပထမထပ်ကို လုံးဝသိမ်းပိုက်ထားပြီး အဲဒီမှာ အနည်းဆုံး မကောင်းဆိုးဝါးဆယ်ကောင် ရှိတယ်၊ ငါတို့ လုံးဝမဖြတ်နိုင်ဘူး၊ မင်းတို့က နှစ်ကောင်းပဲသတ်လိုက်တာ၊ ဆယ်ကောင်ကို သတ်နိုင်လို့လား"

"ငါတို့ အပေါ်ကို သွားလို့ရတယ်" လီယိဖေးက လေးလေးနက်နက်ပြောသည်။ "ငါးထပ်က မကောင်းဆိုးဝါးတွေကို ငါတို့က သတ်ခဲ့ပြီး နှစ်ဖက်စလုံးမှာရှိတဲ့ စင်္ကြံတွေမှာ စားပွဲခုံတွေနဲ့ ထိုင်ခုံတွေ ချထားတယ်။ အခု ဒီအဆောက်အအုံရဲ့ အဲဒီအထပ်မှာ ကျောင်းသားအများစု ပုန်းအောင်းနေကြတယ်"

"ငါးထပ်လား" ယောက်ျားလေးက ပြုံးပြီး "ငါမင်းကို မေးမယ်၊ အခု ဒါကဘယ်အထပ်လဲ"

"တတိယထပ်"

"အခု မကောင်းဆိုးဝါးတွေက ဘယ်မှာစုနေသလဲ"

"ပထမ၊ ဒုတိယနဲ့ လေးထပ်မြောက်မှာ…"

"မင်းပြောတဲ့အတိုင်း ငါတို့ ငါးထပ်ကို ဖြတ်သွားရင်တောင် မကောင်းဆိုးဝါးတွေစုဝေးနေတဲ့ လေးထပ်ကို ဘယ်လိုကျော်ဖြတ်မလဲ။

လေးထပ်ကနေ ဖောက်ထွက်တာ အောင်မြင်တယ်ဆိုရင်တောင် ငါးထပ်မှာရှိတဲ့ မင်းတို့ရဲ့စင်္ကြံတွေ လုံးလုံးပိတ်ဆို့နေတယ်လို့ မင်းပြောခဲ့တယ်... ငါတို့အတွက် တံခါးဖွင့်ဖို့ အချိန်ရှိပါ့မလား၊ ငါတို့အားလုံး ဖြတ်ပြီးသွားတဲ့အထိ စောင့်ပြီးမှ ပြန်ပိတ်မှာလား" သူသည် တတိယထပ်က စင်္ကြံပေါ်မှာ မျောနေသောကြိုးအထူကို ညွှန်ပြလိုက်သည်။

"ဒါမှမဟုတ် ငါတို့ ၂၈ ယောက်စလုံး ဒီကြိုးကနေဖြတ်ပြီး ငါးထပ်ကို တက်နိုင်မယ်လို့ မင်းထင်လား"

လီယိဖေး ဘာမှမပြောနိုင်တော့ပေ။

TK Team (Chapter 54)