Volume 1 (သေမျိုးနယ်မြေ ၀၅၅)
Chapter 55 (အန်းချင်းယွီ)
"ငါ… ငါဒီလောက်အထိ မတွေးမိဘူး" လီယိဖေးက သက်ပြင်းချလိုက်သည်။
"မင်းတို့ ငါတို့ကို ကယ်တင်ဖို့ ဆင်းလာတာပဲ အရမ်းကျေးဇူးတင်နေပါပြီ။" ကောင်လေးသည် အနည်းငယ် ဦးညွှတ်ကာ "ကံမကောင်းစွာပဲ မင်းရဲ့နောက်ပြန်ဆုတ်မယ့် အစီအစဉ်က မဖြစ်နိုင်ဘူး"
"ဒါဆို မင်းမှာရှိတဲ့ ပိုကောင်းတဲ့နည်းလမ်းကဘာလဲ"
"တောင့်ခံဖို့ပဲ" သူ့အသံက အလွန်ငြိမ်သက်နေသည်။ "ဒီမကောင်းဆိုးဝါးတွေက အရမ်းကြောက်စရာကောင်းပေမယ့် ငါတို့မခုခံနိုင်လောက်တဲ့အထိ သူတို့အရမ်းမသန်မာဘူး။ ငါတို့တွေ တံခါးတွေနဲ့ ပြတင်းပေါက်တွေရဲ့ ခုခံကာကွယ်ရေးကို ဆက်လက်ခိုင်ခံ့အောင်လုပ်ထားသရွေ့ သူတို့ကိုတောင့်ခံထားဖို့ ပြဿနာမရှိဘူး။
မကြာခင် ငါတို့ကို ကယ်ဆယ်မယ့် အထူးလူတွေရှိမယ်လို့ ငါယုံကြည်တယ်"
လီယိဖေးသည် ခဏမျှ တိတ်ဆိတ်သွားပြီးနောက် သူ့ရှေ့မှ မျက်မှန်တပ်ထားသော လူကြီးလူကောင်းဆန်သည့် ကောင်လေးကို နောက်တစ်ကြိမ် ကြည့်လိုက်သည်။
"မင်းနာမည်တော့ ငါမသိသေးဘူး။"
"အန်းချင်းယွီ"
"အန်းချင်းယွီလား။ မင်းက မြို့ထဲမှာ အဆင့်တစ်ရတဲ့ အန်းချင်းယွီလား" လီယိဖေး၏မျက်လုံးများ ပြူးကျယ်သွားသည်။
"အဆင့်တွေ ဘာတွေကို ငါဂရုမစိုက်ဘူး" အန်းချင်းယွီ၏ မျက်လုံးများသည် စင်္ကြံအပြင်ဘက်ရှိ ရွံရှာဖွယ် အသွေးအသား အပိုင်းအစများပေါ်တွင် ကျရောက်နေပြီး သူ့မျက်လုံးထဲတွင် ထူးဆန်းသော အလင်းရောင်တစ်ခုရှိနေသည်။
"ကြည့်ရတာ ကမ္ဘာကြီးက… ငါထင်ထားတာထက် အများကြီး ပိုစိတ်ဝင်စားဖို့ကောင်းတာပဲ။"
ဘာကြောင့်မှန်းမသိ လီယိဖေးသည် သူ့မျက်လုံးထဲက အကြည့်ကို မြင်လိုက်ရသောအခါ အနည်းငယ် ထိတ်လန့်သွားသည်။
"မင်းတို့ ငါနဲ့မလိုက်ချင်ဘူးဆိုတော့ ငါ ငါးထပ်ကို ပြန်လိုက်မယ်" လီယိဖေးက လှည့်၍ ထွက်ခွာရန် ပြင်ဆင်လိုက်သည်။ ထို့အပြင် သူ့ကို ဤနေရာတွင် မလိုအပ်တော့ဘဲ ငါးထပ်မှာ ကျောင်းသားအများအပြား ရှိနေသေးသည်။
"မင်း အခု ထွက်သွားလို့မရဘူးလို့ ငါထင်တယ်"
အန်းချင်းယွီသည် ပြတင်းပေါက်ဆီသို့ လျှောက်သွားပြီး ညာဘက်ရှိ စင်္ကြံမှ ပြေးနေသည့် မကောင်းဆိုးဝါးသုံးကောင်ကို ညွှန်ပြလိုက်သည်။ ဘယ်ဘက်ရှိ စင်္ကြံအဝင်ဝတွင် မကောင်းဆိုးဝါးသုံးကောင်လည်း တက်လာသည်။
သူတို့ကို…ဝိုင်းရံထားသည်။
အရေးကြီးဆုံးအချက်မှာ မကောင်းဆိုးဝါးတစ်ကောင်သည် စင်္ကြံလမ်းကို ဖြတ်ကျော်သွားသောအခါ အပြင်ဘက်တွင် လွင့်မျောနေသော ကြိုးအထူကြီးကို ဆွဲချလိုက်ရာ လီယိဖေးနှင့် တခြားသူများ၏ လွတ်မြောက်ရာလမ်းကြောင်းကို လုံးလုံးလျားလျား ချိုးဖျက်လိုက်ခြင်းဖြစ်သည်။
လီယိဖေး၏ မျက်လုံးအိမ်များက ရုတ်တရက် ကျုံ့သွားသည်။
ထိုင်ခုံများနှင့် မီးပုဆိန်များဖြင့် မကောင်းဆိုးဝါးနှစ်ကောင်ကို သတ်နိုင်သော်လည်း သူတို့သည် တစ်ချိန်တည်းတွင် ခြောက်ကောင်နှင့်ရင်ဆိုင်ရလျှင် သေရမည်မှာ သေချာသည်။
"မြန်မြန်လုပ်ကြ။ စားပွဲနဲ့ ထိုင်ခုံတွေကို ပြန်ထားကြ။"
စာသင်ခန်းထဲက ကောင်လေးများသည် တံခါးကနေဖယ်ထားသော စားပွဲခုံနှင့် ထိုင်ခုံတွေကို အမြန်ပြန်ရွှေ့လိုက်သည်။ မကြာမီ မကောင်းဆိုးဝါးများသည် စာသင်ခန်း၏ အပြင်ဘက်သို့ ရောက်ရှိလာပြီး စားပွဲခုံများနှင့် ထိုင်ခုံများကို သူတို့၏ ကိုယ်ခန္ဓာနှင့် အစွယ်များဖြင့် မြေပြင်ပေါ်ပြုတ်ကျရင် လှုပ်ခါကြသည်။
ယောက်ျားလေး အယောက် ၂၀ ကျော်သည် သူတို့အင်အားအကုန်လုံးထည့်ပြီး စားပွဲများနှင့် ထိုင်ခုံများကို တင်းတင်းကျပ်ကျပ် တွန်းထားကာ သူတို့၏ မျက်နှာများက ခရမ်းရောင်ပြောင်းသွားခဲ့သည်။
တံခါးအတွင်းနှင့် အပြင်ဘက်၊ ဤသည်မှာ အသက်ပေါင်းများစွာနှင့် နပန်းလုံးခြင်းပင်ဖြစ်သည်။
စာသင်ခန်းထဲက ကောင်မလေးများသည် ဖြူဖျော့ပြီး အော်ဟစ်ကာ စာသင်ခန်းထောင့်မှာ ပုန်းနေလိုက်သည်။ တခြားကောင်လေးတွေကလည်း အလွန်ရုပ်ဆိုးနေသည်။
ပိန်ပိန်ပါးပါး အန်းချင်းယွီသည် တစ်စုံတစ်ခုကို တွေးနေသလိုမျိုး သူ့ရှေ့က မြင်ကွင်းကို မျက်မှောင်ကြုတ်ကာ ဘေးတွင် ရပ်နေသည်။
"မကောင်းဆိုးဝါးနှစ်ကောင်ကို သတ်လိုက်ပြီး မကောင်းဆိုးဝါးခြောက်ကောင်က ချက်ချင်းဆိုသလို ပေါ်လာတယ်ဆိုတော့ ဒီမကောင်းဆိုးဝါးတွေမှာ စိတ်ချင်းအပြန်အလှန်ဆက်သွယ်မှုရှိတဲ့ ကွန်ရက်တစ်ခုရှိတယ်လို့ ညွှန်ပြနေတယ်… အဓိကဦးနှောက်က လက်အောက်ခံဦးနှောက်တွေအားလုံးကို အုပ်စိုးပြီး အဓိကဦးနှောက်က အရမ်းဉာဏ်ရည်မြင့်မားပြီး လူသားတွေထက်မနိမ့်ဘူး
ဒါပေမယ့် မေးစရာရှိတာက… သူတို့က ကြိုးဖြတ်ဖို့ ဘယ်လိုသိလဲ။
မကောင်းဆိုးဝါးအားလုံးရဲ့ အမြင်အာရုံကို မျှဝေခံစားနိုင်တယ်လို့ ယူဆပေမယ့် လီယိဖေးနဲ့ တခြားသူတွေ ကြိုးအထူကနေ စင်္ကြံဆီဆင်းလာတဲ့အခါ ဒီအရာအားလုံးကို မကောင်းဆိုးဝါးရှုထောင့်ကနေ မမြင်နိုင်ဘူး… ကြိုးအထူကြီး အထပ်နှစ်ထပ်ကို ချိတ်ဆက်ထားတယ်ဆိုတာ သူတို့ဘယ်လိုသိနိုင်တာလဲ။ ပထမထပ်ရဲ့အချက်အချာလား။
ပြီးတော့…"
အန်းချင်းယွီ တစ်ယောက်တည်း တွေးနေချိန်မှာပဲ လီယိဖေးနှင့် တခြားသူများသည် အံကြိတ်ပြီး သူတို့၏ခန္ဓာကိုယ်သည် သူတို့ရှေ့က ဖိအားကြောင့် တဖြည်းဖြည်း တွန်းထုတ်ခံရသည်။
"လခွမ်း… ငါမထိန်းနိုင်တော့ဘူး"
လူတိုင်း မောပန်းနွမ်းနယ်နေချိန်တွင် ပြတင်းပေါက်မှ အသွင်အပြင်တစ်ခုသည် လျင်မြန်စွာ ပျံဝဲလာကာ ချွန်ထက်သောအပြာနုရောင်သည် လခြမ်းပုံစံဖြတ်၍ နောက်အခိုက်အတန့်တွင် ကြောက်မက်ဖွယ်ကောင်းသော မကောင်းဆိုးဝါးတစ်ကောင်၏ ဦးခေါင်းက ပြုတ်ကျလာသည်။
တခြားမကောင်းဆိုးဝါးငါးကောင် မတုံ့ပြန်ခင်မှာ ရုပ်သွင်သည် သူ၏အရှိန်အဟုန်ကို အနည်းငယ်ပြောင်းပြီး အသွင်ပြောင်းကာ အလွန်ထူးဆန်းသော ကိုယ်ဟန်အနေအထားဖြင့် သူ၏ဓားကို ဝှေ့ယမ်းလိုက်သည်။
ဓားသည် အနီးဆုံးမကောင်းဆိုးဝါးကို ပခုံးမှ ခါးအထိ နှစ်ပိုင်းဖြတ်လိုက်သည်။
သွေးများ ထွက်လာပြီး ကျန်ရှိသော မကောင်းဆိုးဝါးလေးကောင်သည် နောက်ဆုံးတွင် တုံ့ပြန်ကာ ဟိန်းဟောက်ပြီး ထိုရုပ်သွင်ဆီသို့ တစ်ချိန်တည်း ပြေးသွားကြသည်။
သူ့ခန္ဓာကိုယ်ကို သူတို့ထိခါနီးမှာ တောက်လောင်နေသော မီးဖိုလို ပြိုးပြိုးပြက်ပြက် တောက်ပနေသော အလင်းတန်းနှစ်ခုက ထိုလူမျက်လုံးထဲမှ ရုတ်တရက် ထွက်ပေါ်လာသည်။
ကြောက်မက်ဖွယ်ကောင်းသော နတ်စွမ်းအားသည် ပင်လယ်ရေကဲ့သို့ လွင့်ထွက်သွားပြီး မကောင်းဆိုးဝါးလေးကောင်၏ စိတ်ကို လွှမ်းမိုးသွားနိုင်သည်။
သူတို့၏လှုပ်ရှားမှုတွေက တစ်ချိန်တည်းမှာပဲ တန့်သွားသည်။
ရလဒ်အနေဖြင့် အပြာနုရောင် ဓားအလင်းတန်းတစ်ခုသည် လခြမ်းသဏ္ဌာန်တူသော အကွေ့အကောက်တစ်ခုဖြတ်သွားကာ တစ်ချိန်တည်းတွင် မကောင်းဆိုးဝါးလေးကောင်၏ လည်ပင်းများကို လှီးဖြတ်လိုက်သည်။
ဖြစ်စဉ်တစ်ခုလုံးသည် အနည်းငယ်မျှ ရပ်တန့်ခြင်းမရှိဘဲ စီးဆင်းနေသော ရေနှင့်တူသည်။
ကောင်လေးက အမြန်ပြန်ဆုတ်သွားပေမယ့် သွေးများက တဖြန်းဖြန်းဖြင့် သူ့ကျောင်းဝတ်စုံက အနီရောင်သွေးတွေ စွန်းထင်းနေဆဲဖြစ်သည်။ သူသည် အနည်းငယ် မျက်မှောင်ကြုတ်ပြီး သူ့မျက်လုံးထဲက မီးဖိုသည် တဖြည်းဖြည်း မှိန်သွားပြီး သဲလွန်စမရှိဘဲ ပျောက်ကွယ်သွားသည်။
ဓားဖြောင့်ကို ဓားအိမ်ထဲသို့ ပြန်ထည့်လိုက်သည်။
ကျောင်းသားအုပ်စုကြီးက ထိတ်လန့်တုန်လှုပ်စွာဖြင့် ရပ်နေသည်။
သူတို့ ဘာမြင်ခဲ့တာလဲ။
တူညီသောကျောင်းဝတ်စုံဝတ်ထားသည့် အထက်တန်းကျောင်းသားတစ်ဦးသည် ဓားချက်အနည်းငယ်ဖြင့် မကောင်းဆိုးဝါးခြောက်ကောင်ကို ခုတ်ဖြတ်ခဲ့သလား။
"ချီးယဲ့ နောက်ဆုံးတော့ မင်းဒီကိုရောက်လာပြီပေါ့" လီယိဖေးသည် ထိုလူကို မြင်လိုက်ရပြီး သူ့အသံမှာ မကျေနပ်ချက် အရိပ်အမြွက်နှင့် ပြည့်နှက်နေသည်။ "မင်းငါ့ကိုထားပြီး ထွက်ပြေးသွားပြီလို့ ငါထင်ခဲ့တာ"
"ဒီလိုစိတ်ညစ်စရာတွေအကြောင်း မပြောပါနဲ့တော့။" လင်ချီးယဲ့က တိတ်တဆိတ် မျက်ဆန်လှန်လိုက်သည်။
"အတန်းဖော်... မင်း ငါတို့ကို ကယ်တင်ဖို့ရောက်လာတာလား" လူအုပ်ထဲရှိ။တစ်ယောက်က စိတ်လှုပ်ရှားစွာ မေးသည်။
"ဟုတ်တယ်" လင်ချီးယဲ့က ခေါင်းညိတ်ပြပြီး လီယိဖေးကို လှည့်ကြည့်ကာ "အခြေအနေအကြောင်း ငါ့ကိုရှင်းပြပါ"
"ကောင်းပြီ" လီယိဖေးသည် သူ့စကားများကိုစီလိုက်ပြီး "ထူးဆန်းတဲ့အော်ဟစ်သံပေါ်လာပြီးနောက် မကောင်းဆိုးဝါးအများစုက ပြေးလာပြီး အဆောက်အအုံတစ်ခုလုံးက ကမောက်ကမ ဖြစ်သွားခဲ့တယ်။
ငါတို့လေးထပ်က သိပ်မဆိုးဘူး၊ လူတစ်ဝက်လောက် မကောင်းဆိုးဝါးပြောင်းသွားတဲ့ ပထမထပ်ရှိပြီး တခြားကျောင်းသားတွေကိုသတ်ပြီးတော့ လှေကားတွေကို လုံးဝပိတ်ထားပြီး ငါတို့အောက်ထပ်ဆင်းပြီး ကျောင်းအပြင်ထွက်လို့မရတော့ဘူး။ လူတစ်ယောက်က ကျောင်းအပြင်ထွက်ဖို့ ဒုတိယထပ်ကနေ တိုက်ရိုက်ခုန်ချဖို့ ကြိုးစားခဲ့ပေမယ့် သူဆင်းပြီးတာနဲ့ တစ်စစီဖြစ်သွားတယ်။
ဒီတော့ အခြေခံအားဖြင့် ကျောင်းသားအားလုံးက အပေါ်ထပ်ကို ပြေးတက်လာကြတယ်။
ငါက တိုက်ခိုက်နိုင်စွမ်းရှိတဲ့ ကောင်လေးတွေနဲ့ အဖွဲ့ဖွဲ့ပြီး ငါးထပ်က မကောင်းဆိုးဝါးအနည်းငယ်ကို သတ်ခဲ့တယ်။ ဒုတိယထပ်၊ တတိယထပ်နဲ့ လေးထပ်မြောက်က ကျောင်းသားအများစုကို ခေါ်ယူပြီးနောက် စင်္ကြံကိုပိတ်ဆို့ပြီး သူတို့နဲ့ အချိန်များစွာ ကုန်ဆုံးခဲ့တယ်။ နောက်တော့ တတိယထပ်မှာ အသက်ရှင်ကျန်ရစ်သူတွေရှိတယ်လို့ ငါကြားတာကြောင့် ငါတို့ဆင်းလာခဲ့တာ"
လင်ချီးယဲ့က မေးလိုက်သည်။ "မကောင်းဆိုးဝါးဟုတ်၊မဟုတ် မသေချာတဲ့သူတွေကို မင်းဘယ်လိုဖြေရှင်းထားလဲ"
"ကံကောင်းတာက ဟန်လော့လော့လည်း မကောင်းဆိုးဝါးလို့ မင်းအရင်က ငါ့ကိုပြောခဲ့တယ်လေ။ သူမက မပြောင်းသေးပေမယ့် လူအုပ်ထဲမှာရောနေတယ်။ ငါတစ်ချက်ကြည့်လိုက်တယ်။ မြွေကို မလန့်စေဖို့အတွကိ သူမနဲ့ ပိုအဆက်အသွယ်ရှိတဲ့ ကောင်လေးအနည်းငယ်နဲ့ ငါထားခဲ့လိုက်တယ်။ တူညီတဲ့အဆောင်မှာရှိတဲ့ မိန်းကလေးတချို့ကိုလည်း စာသင်ခန်းတစ်ခုတည်းမှာ သော့ခတ်ထားပြီး အထူးကြီးကြပ်ထားတယ်"
လင်ချီးယဲ့သည် နားထောင်ပြီးနောက် ခေါင်းညိတ်ပြသည်။ "မင်းရှိနေတာကံကောင်းတယ်၊ မဟုတ်ရင် သေသွားတဲ့ကျောင်းသားတွေ ပိုများလိမ့်မယ်"
လီယိဖေးက ခေါင်းကုတ်ပြီး ပြုံးလိုက်သည်။ "ငါ့စွမ်းဆောင်ရည်က အရမ်းကောင်းတယ်ဆိုတော့ ညကင်းစောင့်လူသားထဲဝင်ဖို့ ပြဿနာမရှိလောက်ဘူးမလား"
"ပြဿနာမရှိပါဘူး။"
လင်ချီးယဲ့သည် တစ်စုံတစ်ယောက်၏အကြည့်ကို ရိပ်မိပုံရပြီး ခေါင်းကိုလှည့်ကာ မျက်မှန်တပ်ထားသည့် အားနည်းသောကောင်လေးကို ကြည့်လိုက်သည်။
သူ့မျက်လုံးများမှ လင်ချီးယဲ့သည် တခြားသူများနှင့်မတူသော ခံစားချက်များကို ဖတ်ပြနေသည်။
သူ့ကိုကြည့်နေသော တခြားသူများ၏ မျက်လုံးများက အများအားဖြင့် ကြောက်ရွံ့မှု၊ အံ့ဩမှု၊ လေးစားမှုနှင့် ကြည်ညိုမှုများရှိသည်…
သူ့ရှေ့က ကောင်လေး၏မျက်လုံးများက... ရှားပါးမျိုးစိတ်တချို့ကိုမြင်ပြီး သုတေသနလုပ်ရန် သူ့ကို ပြန်ခေါ်သွားချင်ပုံရသည်။
"မင်းက…" လင်ချီးယဲ့က သံသယဖြင့်မေးသည်။
အန်းချင်းယွီသည် ရှေ့သို့တိုးလာပြီး သူ့ညာလက်ကို ယဉ်ကျေးစွာ ဖြန့်ကာ "မင်္ဂလာပါ၊ ငါ့နာမည်က အန်းချင်းယွီပါ"
လင်ချီးယဲ့က သူ့လက်ကို မကိုင်မီ ခဏမျှ တုံ့ဆိုင်းသွားသည်။
"လင်ချီးယဲ့"
TK Team (Chapter 55)