Chapter 59
Viewers 1k

Volume 1 (သေမျိုးနယ်မြေ ၀၅၉)


Chapter 59 (နန်ထော်မြွေနှင့်ဆွေးနွေးခြင်း)

"အား အား အား အား အား"

ကျယ်လောင်စွာအော်သံများသည် စန္ဒယားခန်းမှ ထွက်ပေါ်လာပြီး လင်ချီးယဲ့သည် စင်္ကြံ၏လက်ရန်းပေါ်တွင် ငြိမ်သက်စွာ သမ်းဝေနေလေသည်။

"တစ်၊ နှစ်၊ သုံး… ဆယ့်ငါး၊ ဆယ့်ခြောက်၊ ဆယ့်ခုနစ်… ပြီးခါနီးပြီ"

လင်ချီးယဲ့သည် တိုးတိုးလေး ရေရွတ်ရင်း ရှေ့ကိုတိုးလာပြီး တံခါးကို ပြန်ဖွင့်လိုက်သည်။

စန္ဒယားခန်းတွင် မြွေမျိုးစေ့ဆက်ခံသူ ဟန်လော့လော့သည် သူ့ကို သတိထား၍ ‌လှည့်ကြည့်လာသည်။ လျှိုယွမ်သည် သူမအနားရှိ မြေပြင်ပေါ်တွင် ငြိမ်သက်စွာ လဲလျောင်းနေကာ သူ့တစ်ကိုယ်လုံးတွင် ဒဏ်ရာများ ကင်းစင်သွားခဲ့သည်။

"ငါသူ့ကို တစ်စစီလုပ်ဖို့ မရွေးချယ်ခဲ့ဘဲ မြွေမျိုးစေ့စိုက်ပျိုးဖို့ ရွေးချယ်လိုက်တာ… ဒါက ပိုကောင်းပါတယ်" လင်ချီးယဲ့သည် ပြုံးပြီး သူ့လက်ကို နောက်ကျောသို့ ဆန့်လိုက်သည်။

တိုးညှင်းသောအသံနှင့်အတူ ဓားဖြောင့်သည် ဓားအိမ်မှ ထွက်လာခဲ့သည်။

ဤအခိုက်အတန့်တွင် လျှိုယွမ်သည် အလောင်းကောင်ကဲ့သို့ ရုတ်တရက်ထထိုင်ကာ လင်ချီးယဲ့ကို တည့်တည့်စိုက်ကြည့်ရင်း သူ့မျက်လုံးများတွင် နာကြည်းမှုအရိပ်အယောင်များ ရှိနေပုံရသည်။

သူသည် အလွန်ထူးဆန်းသော ကိုယ်ဟန်အနေအထားဖြင့် မတ်တတ်ထရပ်ကာ သူ့ခေါင်းတဖြည်းဖြည်းပွင့်လာပြီး အစွယ်အပြည့်ရှိသော သွေးသံတရဲရဲပါးစပ်ကိုဖွင့်ကာ လင်ချီးယဲ့ကို ဟိန်းဟောက်လိုက်သည်။

"ဟိုး ဟိုး ဟိုး ဟိုး… ဖွီး"

အကြိမ်အနည်းငယ် သူမအော်နိုင်ခင်မှာ လင်ချီးယဲ့သည် ဓားဖြင့်ခုတ်ဖြတ်ပြီး သူ့ပါးစပ်ထဲကို ပြင်းပြင်းထန်ထန် ထိုးသွင်းပြီး ပြင်းပြင်းထန်ထန် မွှေလိုက်သည်။

အသွင်ပြောင်းသွား မြွေမိစ္ဆာ၏သား လျှိုယွမ်သည် အော်ဟစ်ပြီး သွေးများပန်းထွက်ကာ ပါးစပ်ကြီးတစ်ခုလုံး ကွဲအက်သွားသည်။

လင်ချီးယဲ့သည် ဓားကို ဘေးတိုက်ဆွဲထုတ်လိုက်ပြီး ဖြည်းညှင်းစွာ လဲကျသွားသော လျှိုယွမ်ကို ကြည့်လိုက်ရင်း တည်ငြိမ်စွာ ပြောသည်။

"ဒီနည်းနဲ့ ငါမင်းကိုခုတ်ဖြတ်ရင် စိတ်ပိုင်းဆိုင်ရာ ဝန်ထုပ်ဝန်ပိုးမရှိမှာ"

သူစကားပြောပြီးနောက် ခေါင်းကိုလှည့်ပြီး သူ့အနားရှိ လှုပ်ရှားရန်အသင့်ဖြစ်နေသော ဟန်လော့လော့ကို ကြည့်လိုက်သည်။

ဟန်လော့လော့သည် လင်ချီးယဲ့ လှမ်းကြည့်နေတာကို မြင်သောအခါ သူမသည် သူမပါးစပ်ကြီးကိုဖွင့်ကာ ဟိန်းဟောက်ပြီး အနည်းငယ်ငုံ့ရင်း တိုက်ခိုက်ရန် အသင့်ဖြစ်နေပြီဟု ယူဆရသည်။

"စိတ်မပူပါနဲ့၊ မတော်တဆမှုမဖြစ်ရင် မင်းက ဒီကျောင်းမှာ မြွေမိစ္ဆာရဲ့နောက်ဆုံးသားဖြစ်နိုင်တယ်" လင်ချီးယဲ့သည် သတ်ရန် ရည်ရွယ်ချက်မရှိကြောင်း ညွှန်ပြရင်း ဓားအိမ်ဖြောင့်ကို ယမ်းခါလိုက်သည်။

"နန်ထော်မြွေမိစ္ဆာ၊ မင်းခန္ဓာကိုယ်က ငါ့ကိုဖောက်မြင်နိုင်တယ်ဆိုတာ ငါသိတယ်။ မင်းရဲ့ရက်စက်ကြမ်းကြုတ်တဲ့အနေအထားကို ဖယ်ပြီး ငါနဲ့စကားကောင်းကောင်း ပြောကြရအောင်"

ခဏရပ်ပြီးနောက် သူ့ရှေ့ရှိ မြွေမိစ္ဆာသား၏‌ အသွေးအသားခေါင်းသည် တဖြည်းဖြည်း ပိတ်သွားပြီး ဦးရေပြားနှင့် အရိုးတွေ ပြန်ကောင်းလာကာ သွေးလိုင်းများ တဖြည်းဖြည်း မှိန်သွားပြီး အရေခွံများဆက်သွားရင်း ဟန်လော့လော့၏အသွင်အပြင်ဖြစ်လာသည်။

ဟန်လော့လော့က ထိုနေရာတွင် မျက်နှာသေဖြင့် ရပ်နေသည်။ "ညကင်းစောင့်လူသားနဲ့ ငါဘာမှပြောစရာမရှိဘူး"

"မင်းကတကယ် မရိုးရှင်းဘူး" လင်ချီးယဲ့က မျက်မှောင်ကြုတ်ပြီး "ဒါပေမယ့် မင်းက ဘာမှပြောစရာမရှိဘူးလို့ပြောပြီး နောက်ဆုံးတော့ ပြန်ပြောင်းဖို့ ရွေးချယ်ခဲ့တယ်လား။"

"နင်က အဓိပ္ပါယ်မရှိတာတွေပြောချင်နေတာလား" ဟန်လော့လော့သည် အနည်းငယ် မျက်မှောင်ကြုတ်ကာ သူမ၏ မျက်နှာပေါ်တွင် သွေးလိုင်းများ ထပ်မံပေါ်လာပြီး နောက်အခိုက်အတန့်တွင် သူမ ပြန်ပြောင်းသွားမည့်ပုံရသည်။

"မင်းက ဒီလူ့အဖွဲ့အစည်းအကြောင်း တော်တော်သိပုံရတယ်။ ငါထင်တာမမှားရင် မင်း ဒီမြို့ကို ရောက်တာကြာပြီ။" လင်ချီးယဲ့သည် ဟန်လော့လော့၏ မျက်လုံးများကို ကြည့်ကာ တစ်စုံတစ်ခုကို မြင်ချင်ပုံရသည်။

ဝမ်းနည်းစရာကောင်းတာက လက်ရှိ ဟန်လော့လော့သည် ရုပ်သေးရုပ်တစ်ရုပ်သာ ဖြစ်သည်။ လင်ချီးယဲ့နှင့် တကယ်စကားပြောနေသူက ဘယ်မှာရှိနေမှန်း မသိသော နန်ထော်မြွေမိစ္ဆာဖြစ်ပြီး ဟန်လော့လော့၏မျက်နှာမှ ဘာမှမမြင်ရပေ။

"ဒီတော့ဘာဖြစ်လဲ"

"ငါနားမလည်တာက မင်းရဲ့ကြောက်စရာကောင်းတဲ့ ဖုံးကွယ်နိုင်စွမ်းနဲ့ ကျောင်းမှာ မျိုးဆက်တွေအများကြီး မင်းမပြန့်ပွားခဲ့ဘူးဆိုရင် နောက်ဆယ်နှစ်တောင် ငါတို့မင်းကို ရှာတွေ့မှာမဟုတ်ဘူး။

လူ့အဖွဲ့အစည်းမှာ အပြည့်အဝပေါင်းစည်းဖို့ မင်းရဲ့ရုပ်ဖျက်ခြင်းနဲ့ မင်းရဲ့ကိုယ်ပိုင်ဉာဏ်ရည်ကို အားကိုးနိုင်ပြီး ချမ်းသာတဲ့လူတချို့ဆီမှာ မြွေမျိုးစေ့တွေကို တိတ်တဆိတ် ထားခဲ့နိုင်ပြီးတော့ မင်းရဲ့လက်ချောင်းတွေလှုပ်ရုံနဲ့ အောင်မြင်မှုနဲ့ ချမ်းသာမှုကို မင်းရနိုင်တယ်။

လူ့အဖွဲ့အစည်းမှာ မင်းလွတ်လွတ်လပ်လပ် နေထိုင်ဖို့ ထူးခြားတဲ့ အခြေအနေတွေ ရှိတယ်… ဒါပေမယ့် လွန်ခဲ့တဲ့လဝက်ကနေ တစ်လက်လောက်ကစပြီး မင်းရဲ့မျိုးဆက်တွေကို ပြန့်ပွားဖို့ ဘာလို့ ရုတ်တရက် ရွေးချယ်ခဲ့တာလဲ"

လင်ချီးယဲ့က မျက်မှောင်ကြုတ်ပြီး သူ့သံသယတွေကို ပြောလိုက်သည်။

"ပြန့်ပွားခြင်းက ငါ့ရဲ့မျိုးရိုးဗီဇပဲ။" ဟန်လော့လော့က ပေါ့ပါးစွာပြောသည်။ "ပြီးတော့ ဝံပုလွေတစ်ကောင်က သိုးလောကထဲကို ဝင်တဲ့အခါ တိတ်တိတ်ဆိတ်ဆိတ်နေဖို့ ဆန္ဒရှိမယ်လို့ နင်ထင်နေတာလား"

"တခြားလျှို့ဝှက်ဆန်းကြယ်တွေကတော့ လိုက်လျောညီထွေမဖြစ်နိုင်ပေမယ့် မင်း… မင်းကတော့ မတူဘူး" လင်ချီးယဲ့က ပြန်သားစွာပြောလေသည်။ "မင်းက အရမ်းဉာဏ်ရည်မြင့်မားပြီး အရမ်းသတိထားတတ်တယ်။ ဉာဏ်ရည်မြင့်မားတဲ့သတ္တဝါတိုင်းက မိမိကိုယ်ကို ချုပ်တည်းနိုင်စွမ်းရှိတယ်"

"ရယ်စရာကောင်းတဲ့ တွေးခေါ်မှုပဲ" ဟန်လော့လော့က သရော်သည်။ "နင် ကျိုးကြောင်းဆင်ခြင်တာကို အရမ်းကြိုက်ရင် ငါနင့်ကို မေးခွန်းတစ်ခုမေးပါရစေ"

"မင်းပြောလေ"

"အပိတ်ခံထားရတဲ့ ဒီကျောင်းမှာ ညကင်းစောင့်လူသားသုံးယောက်ရှိတယ်၊ လှံရှည်နဲ့မိန်းကလေးရယ်၊ ကုသနိုင်တဲ့မိန်းကလေးနဲ့ ငါရုပ်ဖျက်ထားတာကိုမြင်နိုင်တဲ့နင်ပဲ။

လှံရှည်နဲ့မိန်းကလေးက 'ချီ' နယ်ပယ်ရှိတာကြောင့် သူမပေါ်မှာ မြွေမျိုးစေ့ကို ငါမထည့်နိုင်သလို တခြားမိန်းကလေးကလည်း သူမဘေးမှာအမြဲရှိနေတာကြောင့် ငါမလုပ်နိုင်ဘူး၊ ဒါပေမယ့်… 'ကျန်' နယ်ပယ်ဖြစ်တဲ့နင့်ကို ငါဒီမှာသတ်လိုက်ပြီး နင့်ခန္ဓာကိုယ်ထဲ မြွေမျိုးစေ့ထည့်လိုက်ရင်…

သူတို့သိနိုင်မယ်လို့ နင်ထင်လား"

ဟန်လော့လော့၏ပါးစပ်သည် နားရွက်နားသို့ တိုက်ရိုက်ကွဲသွားပြီး သူမ၏ အပြုံးက ကြောက်မက်ဖွယ်ကောင်းသည်။

လင်ချီးယဲ့၏မျက်လုံးအိမ်များက ရုတ်တရက် ကျုံ့သွားပြီး တွေးတောမနေတော့ဘဲ သူ့ဘေးရှိ နေရာလွတ်ဆီသို့ အမြန်ပြေးသွားကြသည်။

နောက်အခိုက်အတန့်တွင် အနက်ရောင်အသွင်အပြင်ကြီးသည် သူ့အနောက်က နံရံကို ရိုက်ချိုးလိုက်ပြီး အခုလေးတင် လင်ချီးယဲ့ မတ်တတ်ရပ်နေသည့်နေရာကို အရှိန်မြင့်စွာဖြတ်ကျော်ပြီး တုတ်ခိုင်သောမြွေအမြီးသည် လေးလံစွာ မြေပြင်ပေါ်ကို အပေါက်ကြီးတစ်ခုဖြစ်အောင် ရိုက်ချိုးပစ်လိုက်လေသည်။

လင်ချီးယဲ့သည် မြေပြင်ပေါ်တွင် စက်ဝိုင်းတစ်ဝက်လောက် လိမ့်လိုက်ပြီး မြေပြင်မှ လျင်မြန်စွာ မတ်တတ်ထရပ်ကာ သူ့နောက်မှ ဓားလက်ကိုင်ကို ညာလက်ဖြင့် ကိုင်ရင်း သူ့မျက်လုံးများက လေးနက်မှုအပြည့်ရှိနေသည်။

သူ့မျက်စိရှေ့မှာတော့ အနက်ရောင်အကြေးခွံများဖြင့် မြွေအမြီးဖုံးလွှမ်းနေသော မကောင်းဆိုးဝါးတစ်ကောင်က အဲဒီနေရာမှာ ကုပ်တွယ်နေသည်။ ဒေါင်လိုက်ကျသောမျက်လုံးတစ်စုံက လင်ချီးယဲ့ကို စိုက်ကြည့်နေသည်။

နန်ထော်မြွေမိစ္ဆာပဲ။

"မင်းကလည်း ငါ့ကိုလှည့်စားဖို့ ကြိုးစားသလို… ငါကလည်း အချိန်ဆွဲနေတာပဲ။" နန်ထော်မြွေမိစ္ဆာသည် မြွေလျှာကိုထုတ်လိုက်ပြီး အသံက သူ့ခန္ဓာကိုယ်ကနေ ထွက်ပေါ်လာသည်။

"အစ်မဟုန်ယင်း၊ နန်ထော်မြွေမိစ္ဆာက အနုပညာအဆောက်အအုံရဲ့ စန္ဒယားခန်းထဲမှာ ပေါ်လာတယ်။" လင်ချီးယဲ့သည် ဓားဖြောင့်ကို ထုတ်လိုက်ပြီး မြွေမိစ္ဆာကို တည်ငြိမ်စွာကြည့်ရင်း ပြောလိုက်သည်။

"ငါသိပြီ။ ငါချက်ချင်းလာခဲ့မယ်။ ခဏလောက်တောင့်ခံထားဦး။" ဟုန်ယင်း၏အသံသည် နားကြပ်မှ ထွက်ပေါ်လာပြီးနောက် လေချွန်သံ ထွက်ပေါ်လာသည်။

"ဟင်း ဟင်း ဟင်း…"

နန်ထော်မြွေမိစ္ဆာသည် မြေပြင်ပေါ်တွင် လျင်မြန်စွာ တွားသွားပြီး မြွေ၏အမြီးသည် အနည်းငယ်မွှေနှောက်ပြီး စန္ဒယားခန်းအတွင်းရှိ စန္ဒယားအားလုံးကို တစ်စစီရိုက်ချိုးပစ်လိုက်ပြီး ချွန်ထက်သော လက်သည်းများကြောင့် တခဏချင်း လွင့်ထွက်သွားကာ လေထဲသို့ တိုးဝင်ပြီး ပြင်းပြင်းထန်ထန် အသံထွက်လာသည်။

နန်ထော်မြွေမိစ္ဆာသည် သူ၏လက်သည်းများကို ဝှေယမ်းလိုက်သည့်အခိုက်တွင် လင်ချီးယဲ့သည် တုံ့ပြန်ပြီး ဘေးဘက်သို့ အလျင်အမြန် ရှောင်ထွက်သွားသည်။

လင်ချီးယဲ့၏နောက်ကွယ်ရှိ နံရံတွင်ဖမ်းမိသွားသော မြွေမိစ္ဆာ၏ ချွန်ထက်သောလက်သည်းများသည် တို့ဟူးခုတ်ထစ်သည့်ဓားကဲ့သို့ ခုတ်ထစ်အနည်းငယ်ကျန်ခဲ့သည်။

လင်ချီးယဲ့သည် သူ့ခန္ဓာကိုယ်ကို တည်ငြိမ်စေပြီး ဖြတ်သွားလုနီးပါးရှိသောနံရံကို မော့ကြည့်လိုက်သည်။ သူ့မျက်နှာသည် ရုတ်တရက် အနည်းငယ် ရုပ်ဆိုးလာပြီး တိတ်တဆိတ် ကျိန်ဆဲလိုက်သည်။

"ဒါကို ဘာလို့များ အားနည်းတဲ့ခန္ဓာကိုယ်နဲ့ တိုက်ခိုက်ရေးစွမ်းအားနိမ့်တယ်လို့ ခေါ်ရတာလဲ။"

လင်ချီးယဲ့သည် လက်သည်းတိုက်ခိုက်မှုကို ရှောင်ရှားလိုက်သလို ထူထဲသောမြွေအမြီးသည် ဘေးတစ်ဖက်တစ်ချက်မှ ပျံထွက်သွားသည်။ သူသည် ဓားကို လျှပ်စီးလက်သလို ဝှေ့ယမ်းလိုက်ကာ မြွေအမြီးနှင့် တိုက်မိသည်။

သတ္တုနှင့် သံထိမိခြင်း၏ အသံများ ထွက်ပေါ်လာပြီး ဓားသည် အနက်ရောင်အကြေးခွံများပေါ်တွင် ပြိုးပြိုးပြက်ပြက်တောက်ပနေသော မီးပွားများကို ဖန်တီးလိုက်ပြီးနောက် လင်ချီးယဲ့ကို တုန်လှုပ်သွားစေသည့် ကြီးမားသော အင်အားတစ်ခုက သူ့ကို မြေပြင်ပေါ်သို့ လဲကျလုနီးပါး ဖြစ်သွားစေသည်။

လင်ချီးယဲ့သည် သူ့ခန္ဓာကိုယ်ကို တည်ငြိမ်အောင် ထိန်းကာ တွန့်ဆုတ်နေကာ နန်ထော်မြွေမိစ္ဆာ၏အမြီးတွင် နက်လည်းမနက်၊တိမ်လည်းမတိမ်သော ဓားအမှတ်အသားတစ်ခု ရှိနေသည်။

"ခွန်အားက ငါထင်ထားတာထက် နည်းနည်းလေး အားနည်းတယ်၊ ခုခံအားက တစ္ဆေမျက်နှာဘုရင်ထက် အများကြီး ပိုဆိုးတယ်..." လင်ချီးယဲ့သည် မျက်လုံးများကိုကျဉ်းပြီး သူ့ကိုယ်သူ ရေရွတ်ရင်း "တိုက်ခိုက်ရေးစွမ်းအား ပိုပြင်းထန်တာကလွဲရင် တိုက်ခိုက်လို့မရတာတော့ မဟုတ်ဘူး…"

TK Team (Chapter 59)