Volume 1 (သေမျိုးနယ်မြေ ၀၆၁)
Chapter 61 (ရှိမှုဗေဒ)
"မင်းပြောသလိုဆိုရင်… အဲဒါတွေကဘာတွေလဲ"
"မသိဘူး၊ ဒါပေမယ့် အဲဒီအရာက နောက်ဆယ်နှစ်မှာ ငါ့အိပ်မက်ဆိုးဖြစ်လာလိမ့်မယ်လို့ ခန့်မှန်းရတယ်"
"ဆယ်နှစ်လား။ အဲဒီအချိန်အထိ မင်းတကယ်အသက်ရှင်နိုင်မယ်လို့ ထင်သလား။"
"ဘာကိုဆိုလိုတာလဲ။"
"ဒီမကောင်းဆိုးဝါးတွေက ငါတို့ကျောင်းမှာတင်မဟုတ်ဘဲ နွေရာသီတစ်လျှောက်လုံး ပေါ်လာရင်… ဘာဖြစ်မလဲ"
"ရုပ်ရှင်ကားထဲကလို ဇွန်ဘီရောဂါဖြစ်သွားမှာလား။"
"ဟုတ်တယ်၊ ငါပြောချင်တာအဲဒါပဲ။"
"ထားလိုက်စမ်းပါ၊ အခုလေးတင် လင်ချီးယဲ့က ငါတို့ကျောင်းမှာပဲပေါ်လာတာလို့ပြောတယ်၊ ငါတို့ကယ်တင်ခံရပြီးရင် ဘေးကင်းလိမ့်မယ်"
"လင်ချီးယဲ့… သူကဘယ်သူလဲ"
"…"
ခန်းမအလွတ်မှာ တစ်ဝက်ပြည့်နေသည်။ ဒုတိယထပ်မှ ကယ်တင်ခဲ့သော ကျောင်းသားများသည် ဤနေရာတွင် စုရုံးနေကြသည်။ ခန်းမထဲသို့ ဝင်ရန်နှင့် ထွက်ရန် တစ်ခုတည်းသောလမ်းကို ပုဆိန်အဖွဲ့မှ စောင့်ကြပ်ထားသောကြောင့် အလုံခြုံဆုံးနေရာဖြစ်သင့်သည်။
ဤအခိုက်အတန့်တွင် ခန်းမထဲမှာ အဆုံးမရှိသော အော်ဟစ်သံများ၊ နှစ်သိမ့်မှုများ၊ ဆွေးနွေးမှုများနှင့် အငြင်းပွားမှုများ ရှိခဲ့သည်။ ညွှန်ကြားချက်ကိုထိန်းထားရန် လူတချို့ရှိပေမယ့် အသံအားလုံးကို တားလို့မရပေ။
အန်းချင်းယွီသည် သူဘာတွေတွေးနေလဲဆိုတာကို တွေးတောရင်း သူ့မျက်လုံးများမှိတ်ကာ တံခါးနောက်တွင် ငြိမ်သက်စွာ ထိုင်နေလိုက်သည်။
ဒေါက် ဒေါက် ဒေါက်…
တံခါးသုံးချက်ဆက်တိုက်ခေါက်သံ ထွက်ပေါ်လာပြီး အရှည်နှစ်ချက်၊ အတိုတစ်ချက်ဖြစ်ကာ တံခါးနောက်ကွယ်ရှိ ပုဆိန်အဖွဲ့မှ အဖွဲ့ဝင်အများအပြား၏ မျက်လုံးများသည် တောက်ပလာပြီး တံခါးနောက်ဘက်ရှိ အတားအဆီးများကို အမြန်ဖယ်ရှားလိုက်ကြသည်။
"လီယိဖေး ပြန်လာပြီ"
အန်းချင်းယွီသည် မျက်လုံးဖွင့်ပြီး တံခါးနောက်ဘက်သို့ လှည့်ကြည့်လိုက်သည်။
လီယိဖေးသည် မီတာ ၈၀၀ ပြေးသွားသကဲ့သို့ ချွေးများရွှဲရွှဲစိုနေရင်း မော့ဟိုက်စွာ ခန်းမထဲသို့ ဝင်လာခဲ့သည်။
"ဘယ်လိုလဲ။ တခြားနေရာက ကျောင်းသားတွေအကုန်လုံးကို ဘေးလွတ်ရာကို ရွှေ့ပြီးပြီလား။" အန်းချင်းယွီသည် မတ်တတ်ထရပ်ပြီး လီယိဖေးကို မေးလိုက်သည်။
"အားလုံးရွှေ့ပြီးပြီ။ ငါကျောင်းတစ်ဝက်ကို ပတ်ပြေးခဲ့ရပြီး ဒီနေရာကလွဲရင် တခြားကျောင်းသားတွေကို ငါမတွေ့ခဲ့ဘူး။ လခွမ်း၊ ငါမောလိုက်တာ…" လီယိဖေးသည် ထိုင်ခုံပေါ်တွင် ထိုင်ချလိုက်ပြီး သူ့နဖူးမှ ချွေးများကို သုတ်လိုက်သည်။
"ကောင်းတယ်။" အန်းချင်းယွီက ခေါင်းညိတ်လိုက်သည်။
"ငါပြောပြမယ်၊ ငါ အခုလေးတင် ကစားကွင်းကို ပြေးသွားတော့ အနုပညာအဆောက်အအုံထဲကနေ ကျယ်လောင်တဲ့အသံကို ကြားလိုက်ရတယ်။ အဆောက်အအုံပြိုကျသွားသလိုပဲ။" လီယိဖေးသည် တစ်ခုခုကို သတိရသွားပုံရပြီး အန်းချင်းယွီအား အမြန်ပြောလိုက်သည်။
"အရမ်းချဲ့ကားပါလား။"
"သူတို့က မကောင်းဆိုးဝါးရဲ့ခန္ဓာကိုယ်ကိုတွေ့ပြီး တိုက်ခိုက်နေတာဖြစ်လောက်တယ်" လီယိဖေးသည် ထိုင်ခုံပေါ်ခေါင်းတင်ပြီး သက်ပြင်းချလိုက်သည်။ "ငါ ကယ်ဆယ်ရှာဖွေဖို့ မလိုဘူးဆိုရင် တစ်ချက်လောက်သွားကြည့်ချင်တာ"
"နတ်ဘုရားတွေ တိုက်ခိုက်တဲ့အခါ မင်း ဝေးဝေးနေတာ ပိုကောင်းတယ်"
"အင်း၊ ဟုတ်သားပဲ"
"လင်ချီးယဲ့နဲ့ သူတို့အဖွဲ့အစည်းနာမည်က ဘာလဲ။" အန်းချင်းယွီက တစ်ခုခုကို တွေးပြီး လီယိဖေးကို မေးလိုက်သည်။
"ညကင်းစောင့်လူသား"
သူပြောပြီးသည်နှင့် လီယိဖေးသည် သူ့ပါးစပ်ကိုဖုံးကာ ခဏလောက် စဉ်းစားရင်း လက်လျှော့လိုက်သည်။ "ထားလိုက်ပါတော့၊ ငါမင်းကိုပြောပြလိုက်လည်း ကိစ္စမရှိပါဘူး။ ဘာပဲဖြစ်ဖြစ် ဒီမှာရှိတဲ့ လူတိုင်းက သူတို့မှတ်ဉာဏ်တွေရှင်းခံရလိမ့်မယ်။"
"မှတ်ဉာဏ်ရှင်းမှာလား။"
"ဟုတ်တယ်၊ သူတို့မှာ လူတွေရဲ့မှတ်ဉာဏ်တွေကို အကြီးအကျယ်ရှင်းပစ်နိုင်တဲ့ ပစ္စည်းတစ်ခုရှိတယ်။ ဒါ့အပြင် ဒီတစ်ကြိမ်မှာ မကောင်းဆိုးဝါးတွေကို မြင်ဖူးသူတွေ အရမ်းများတယ်။ တစ်ယောက်ယောက်က အမှန်တကယ် ထုတ်ဖော်လိုက်ရင် ဒုက္ခရောက်လိမ့်မယ်။"
"မင်းကရော။ မင်းလည်း အရှင်းခံရမှာလား။"
"ငါကမလိုပါဘူး" လီယိဖေးက ပြုံးလိုက်သည်။ သူက အန်းချင်းယွီ၏နားကိုကပ်ပြီး တိုးတိုးပြောသည်။ "အမှန်အတိုင်းပြောရမယ်ဆိုရင် ဒီအဖြစ်အပျက်ပြီးရင် ငါသူတို့နဲ့ပူးပေါင်းရလောက်တယ်"
အန်းချင်းယွီက ခေါင်းညိတ်လိုက်ပြီး "သူတို့နဲ့ ပေါင်းဖို့ သတ်မှတ်ချက်တွေ ရှိလား။"
"ဘာလို့လဲ။ မင်းလည်းသွားချင်တာလား။ ဒါကသိပ်မလွယ်ဘူး။ သူတို့က လူလက်ခံဖို့အတွက် စံနှုန်းတွေအရမ်းမြင့်တယ်။" လီယိဖေးက သူ့လက်ကိုဝှေ့ယမ်းလိုက်သည်။ "လင်ချီးယဲ့လို စွမ်းရည်နိုးထလာတဲ့သူမဟုတ်ရင် ကိုယ့်တန်ဖိုးကို သူတို့ဆီ ထုတ်ပြရုံပဲရှိတာ"
"မင်းကလည်း စွမ်းရည်နိုးထလာတာလား။"
"မဟုတ်ဘူး၊ ငါက ငါ့တန်ဖိုးကို သူတို့ဆီထုတ်ပြခဲ့တာ" လီယိဖေးက ပြုံးလိုက်သည်။
အန်းချင်းယွီသည် အနည်းငယ် ခေါင်းညိတ်ပြပြီး နက်နဲသော ရေကန်ကဲ့သို့ သူ့မျက်လုံးများက ငြိမ်သက်နေသည်။ "ဟုတ်ပါတယ်၊ ဒီတစ်ခေါက် မင်းရဲ့စွမ်းဆောင်ရည်က အရမ်းမျက်စိဖမ်းစားခံရပြီး ငါသာ သူတို့နေရာမှာဆိုရင် မင်းကို လက်ခံမိမှာပဲ"
သူတို့နှစ်ယောက် စကားစမြည်ပြောနေကြစဉ် နောက်ထပ် တံခါးခေါက်သံပေါ်လာပြီး အသံက မူမမှန်ချေ။
ပုဆိန်အဖွဲ့သားများသည် ရုတ်တရက် သတိရှိလာပြီး လီယိဖေးလည်း မတ်တတ်ထရပ်ကာ တံခါးကို လေးနက်စွာ ကြည့်လိုက်သည်။
"ဘယ်သူလဲ။"
"ငါ၊ လင်ချီးယဲ့"
လင်ချီးယဲ့စကားကိုကြားတော့ အားလုံး၏မျက်လုံးများ တောက်ပလာပြီး သူတို့တွေ ရုတ်တရက် သက်သာရာရသွားကြသည်။ သူတို့ တံခါးကိုဖွင့်လိုက်တော့ အနောက်မှာ ဓားကိုင်ထားသော လင်ချီးယဲ့သည် အပြင်ကနေ ဖြည်းညှင်းစွာ လျှောက်လာသည်။
"အခြေအနေဘယ်လိုလဲ" လီယိဖေးသည် ရှေ့ကို တိုးလာပြီး အလျင်စလို မေးလိုက်သည်။
"အောင်မြင်သွားပြီ" လင်ချီးယဲ့သည် ခေါင်းညိတ်လိုက်ပြီး "နန်ထော်မြွေမိစ္ဆာရဲ့ခန္ဓာကိုယ်ကို ငါတို့သတ်လိုက်ပြီ"
လီယိဖေးသည် သက်ပြင်းတစ်ချက်ချကာ ပြုံးလျက် လင်ချီးယဲ့၏ ပခုံးကို ပုတ်လိုက်သည်။ "အရမ်းမိုက်တာပဲ ချီးယဲ့။ မင်း တကယ်သတ်ခဲ့တာဆိုတော့ အားလုံးက ဘေးကင်းပြီပေါ့။"
လီယိဖေး၏ စကားကိုကြားတော့ ခန်းမတစ်ခုလုံး ရုတ်တရတ် ရွှင်မြူးသွားသည်။ ငရဲတံခါးကိုဖြတ်နေရသော ဒီကျောင်းသားများသည် နောက်ဆုံးတော့ ဒီကြောက်စရာကောင်းသည့်ကျောင်းကနေ ထွက်သွားပြီး ထိုလူသားစား မကောင်းဆိုးဝါးတွေနှင့် ဝေးဝေးမှာနေကြရတော့မည်။
ဘေးနားရှိ ပုဆိန်အဖွဲ့သားများကလည်း သူတို့လက်ထဲကပုဆိန်ကို ဘေးသို့ပစ်ချကာ အားတက်သရော ပွေ့ဖက်ကြသည်။
လီယိဖေးသည် လင်ချီးယဲ့ကို ခဏလောက် မျက်လုံးမှိတ်ပြလိုက်ပြီး သူ့နားကိုကပ်ကာ တိုးတိုးလေး ပြောသည်။
"ငါပြောခဲ့သလို ဒီတစ်ကြိမ်မှာ ငါအများကြီး အကူအညီပေးခဲ့ပြီး ညကင်းစောင့်လူသားမှာ ပါဝင်ဖို့ ပြဿနာမရှိလောက်ဘူးမလား။ ငါဦးနှောက်ဆေးမခံချင်ဘူး…"
လင်ချီးယဲ့သည် ထိုနေရာတွင် တိတ်တိတ်ဆိတ်ဆိတ် ရပ်နေပြီး ခဏအကြာတွင် ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။
"ဖြစ်နိုင်ပါတယ်။"
လီယိဖေးက ထိတ်လန့်သွားသည်။
ထိုအခိုက်အတန့်တွင် အန်းချင်းယွီသည် သူ့နောက်မှ ပစ္စတိုသေနတ်တစ်လက်ကို တိတ်တဆိတ် ထုတ်ယူလိုက်သည်။
အနက်ရောင်ပြောင်းဝသည် လီယိဖေး၏ ဦးခေါင်းနောက်ဘက်ဆီသို့ ဦးတည်နေသည်။
ပုဆိန်အဖွဲ့၏ အံ့အားသင့်သော မျက်လုံးများအောက်တွင်
ခလုတ်ကိုဆွဲလိုက်သည်။
ဗုန်း… ဗုန်း… ဗုန်း…
သေနတ်သံ သုံးချက်ဆက်တိုက်သည် ကောင်းကင်ယံကို ဖြတ်သန်းသွားသော မိုးခြိမ်းသံကဲ့သို့ မြည်သွားကာ ပတ်ဝန်းကျင်ရှိ ရယ်သံများက ရုတ်ခြည်း ရပ်တန့်သွားပြီး ခန်းမ၏ပြင်းထန်သော လေထုဟာ တိတ်ဆိတ်ငြိမ်သက်သွားပြန်သည်။
လူတိုင်း၏မျက်နှာပေါ်ရှိ ပျော်ရွှင်မှုမှာ အေးခဲသွားကာ သူတို့ခေါင်းကို တောင့်တင်းစွာလှည့်ပြီး ထွက်ပေါက်ကို ကြည့်လိုက်ရာ သူတို့မျက်လုံးများတွင် မယုံနိုင်စရာများ ပြည့်နှက်နေသည်။
လီယိဖေးသည် အံ့အားသင့်စွာဖြင့် ခေါင်းကို လှည့်ကြည့်လိုက်ရာ အန်းချင်းယွီက သေနတ်ကို တည်တည်ငြိမ်ငြိမ် ကိုင်ဆောင်ထားသည်ကို တွေ့လိုက်ရပြီး အနက်ရောင်သေနတ်ပြောင်းဝကနေ အစိမ်းရောင်မီးခိုးငွေ့များ တရွေ့ရွေ့ လွင့်ပျံလာသည်။
လီယိဖေးသည် စက္ကန့်အနည်းငယ်မျှ မှင်တက်သွားပြီး သံသယစိတ်ဖြင့် ပြောလာသည်။
"အန်းချင်းယွီ။ မင်းဘာလို့ ပစ်လိုက်တာလဲ။"
အန်းချင်းယွီသည် စကားတစ်ခွန်းမှ မပြောဘဲ ထိုနေရာတွင် ရပ်နေသည်။
လီယိဖေးသည် တုံ့ပြန်ရန် အချိန်အတော်ကြာပြီးနောက် သူသည် ဖြည်းညှင်းစွာ လက်ကိုဆန့်ရင်း သူ့ခေါင်းနောက်ဘက်ကို ထိလိုက်သည်...
တောက်…
ကျည်ဆန်ခွံက မြေပြင်ပေါ်သို့ ပြုတ်ကျပြီး အသံထွက်လာသည်။
သူ့ဦးခေါင်းနောက်ဘက်တွင် တိမ်မြုပ်နေသော အပေါက်သုံးပေါက်သည် တဖြည်းဖြည်း သက်သာလာပြီး သွေးအနည်းငယ်သာ စီးကျလာသည်။ လီယိဖေးကိုင်ကြည့်ပြီးနောက် အရိပ်အယောင်မကျန်ခဲ့ပေ။
လီယိဖေးသည် သူ့လက်ပေါ်ရှိ သွေးအနည်းငယ်ကို ကြည့်ပြီး သူ့ကိုယ်သူ ရေရွတ်လိုက်သည်။
"ငါသေနတ်ပစ်ခံရတာ… ဘာလို့မသေတာလဲ။"
သူသည် လင်ချီးယဲ့ကို ကြည့်ရန် ခေါင်းကိုမော့လိုက်ပြီး သွေးစွန်းနေသောလက်ကို လင်ချီးယဲ့၏ မျက်လုံးများရှေ့သို့ ဖြန့်လိုက်သည်။
"ဟေ့ ချီးယဲ့၊ ငါ့ကိုကြည့်ဦး၊ ငါဘာလို့မသေသေးတာလဲ။" သူ့မျက်လုံးအိမ်များက အနည်းငယ် တုန်ခါသွားပြီး "ငါ့… ငါ့စွမ်းရည် နိုးထလာလို့လား။"
သူ့ရှေ့တွင် လင်ချီးယဲ့သည် ရှုပ်ထွေးသောအမူအရာဖြင့် သူ့ကိုကြည့်ကာ ခဏအကြာတွင် ခေါင်းကို အနည်းငယ်ခါယမ်းလိုက်သည်။
"မင်းမှာ နိုးထနိုင်တဲ့စွမ်းရည်မရှိဘူး…
မင်းက…
နန်ထော်မြွေမိစ္ဆာပဲ။"
လီယိဖေးသည် ထိုစကားကိုကြားသောအခါတွင် သူ၏မျက်လုံးအိမ်များသည် ရုတ်တရက် ကျုံ့သွားကာ ယိမ်းယိုင်စွာ ခြေလှမ်းနှစ်လှမ်း နောက်သို့ဆုတ်ပြီး ခေါင်းကိုခါယမ်းလိုက်သည်။
"မဖြစ်နိုင်ဘူး၊ မင်းဘာတွေပြောနေတာလဲ။ ငါက ဘယ်လိုလုပ် နန်ထော်မြွေမိစ္ဆာဖြစ်ရမှာလဲ။ ငါက လီယိဖေးပါ။"
လင်ချီးယဲ့သည် သူ့ခေါင်းကို ခါယမ်းလိုက်ပြီး ရှေ့ကို တိုးလာကာ သူ့လက်ကို ဆန့်ထုတ်ပြီး လီယိဖေး၏ရင်ဘတ်ကို ဆွဲလိုက်သည်။
ရွှတ်…
ကျောင်းဝတ်စုံ၏ ဇစ်ကွဲသွားကာ တံဆိပ်တစ်ခုကဲ့သို့ ခပ်ရေးရေး သေနတ်အမှတ်အသားသည် လီယိဖေး၏ ရင်ဘတ်ကို ပေါ်လွင်စေသည်။
"မင်းက နန်ထော်မြွေမိစ္ဆာလား၊ ဒါမှမဟုတ်… နန်ထော်မြွေမိစ္ဆာရဲ့ တစ်စိတ်တစ်ပိုင်းလား။
မင်းချန်ခဲ့တဲ့ အမွေဆက်ခံသူက တခြားသူတွေကို လှည့်စားနိုင်တယ်။
ဒါပေမယ့် မင်းငါ့ကို လှည့်စားလို့မရဘူး။"
TK Team (Chapter 61)