Chapter 67
Viewers 1k

Volume 1 (သေမျိုးနယ်မြေ ၀၆၇)


Chapter 67 (သူ့ကိုတားလိုက်)

လီယိဖေး၏ မျက်နှာပေါ်ရှိ အပြုံးသည် ရုတ်တရက် အေးခဲသွားပြီး လင်ချီးယဲ့ကို ကြည့်ရန် ခေါင်းကို ဖြည်းညှင်းစွာ လှည့်လိုက်သည်...

လင်ချီးယဲ့က သူ့ကို အပြုသဘောဆောင်သောအကြည့်ပေးသည်။

လီယိဖေး: "…"

"အဘွား… အဘွား" လီယိဖေးသည် သူ့လက်များကို နာခံစွာဖွင့်ပြီး စိတ်လှုပ်ရှားနေသော နက်စ်ကို ပွေ့ဖက်ကာ ငိုသည်ထက် သူ့မျက်‌နှာပေါ်ရှိအပြုံးက ရုပ်ဆိုးနေသည်။ "ကျွန်တော်လည်း အဘွားကို လွမ်းနေတယ်"

ကစားပွဲ၏ဘေးတွင် လင်ချီးယဲ့သည် အနည်းငယ် မျက်မှောင်ကြုတ်ကာ လီယိဖေးကို လေးစားမှုအပြည့်ရှိသော မျက်လုံးများဖြင့် စိုက်ကြည့်နေသည်။

မင်းကိုထင်ထားတဲ့အတိုင်းပဲ။

လူကြီးတွေကို ရယ်အောင်လုပ်တဲ့အခါ မင်းက တကယ်ကို ကျွမ်းကျင်သူပဲ။

လင်ချီးယဲ့သည် နက်စ်ခေါင်းပေါ်ရှိ ကုသခြင်းတိုးတက်မှုသည် ၂၁ ရာခိုင်နှုန်းမှ ၂၃ ရာခိုင်နှုန်းသို့ ခုန်တက်သွားတာကို ရှင်းရှင်းလင်းလင်းမြင်ရသည်။ ဤတိုးတက်မှုဘားကို သူတစ်ယောက်တည်းမြင်ရပြီး လီယိဖေးမမြင်နိုင်ပေ။

လွန်ခဲ့သည့်လဝက်အတွင်းတွင် လင်ချီးယဲ့သည် နေ့တိုင်းလိုလို ဆေးရုံသို့ အချိန်မှန်ရောက်လာကာ နက်စ်အား ဆေးတိုက်ပြီး သူမနှင့် စကားစမြည်ပြောနေခဲ့သည်။ ဆေးဝါးနှင့် အသိစိတ် နှစ်ထပ်ကွမ်းကုသခြင်းအောက်တွင် နက်စ်၏ အခြေအနေသည် များစွာ ကောင်းမွန်လာခဲ့ပြီး အနည်းဆုံး ယခုအခါ သူမသည် ဆေးပုလင်းကို လျှို့ဝှက်စွာ ကိုင်ဆောင်ပြီး ငိုကြွေးရန် ဆေးခန်းသို့ မသွားတော့ပေ။

အနာဂတ်တွင် လီယိဖေးသည် ဤလူနှင့်အတူ ၂၄ နာရီကြာ အတူအဖော်ပြုနိုင်ပြီး သူမ၏ ပြန်လည်ကောင်းမွန်လာမှုမှာ အလွန်တိုးတက်လာမည်ဟု ခန့်မှန်းရပြီး ၅၀ ရာခိုင်နှုန်းရောက်ရန် ကြာမြင့်မည်မဟုတ်ပေ။

ထိုသို့ဖြစ်လာသောအခါ သူသည် နက်စ်၏ဒုတိယစွမ်းရည်ကိုထုတ်ယူနိုင်သည်။

ဤကာလအတွင်း လင်ချီးယဲ့သည် ဒုတိယလူနာဆောင်၏တံခါးကိုဖွင့်ရန်ကြိုးစားသော်လည်း ကံမကောင်းစွာပဲ ၎င်းကိုဖွင့်၍မရပေ။ ၎င်းသည် သူ၏ကိုယ်ပိုင်နယ်ပယ်နှင့် တိုက်ရိုက်ချိတ်ဆက်နေသင့်ပြီး စိတ်စွမ်းအားလေ့ကျင့်မှုက တစ်ဆင့်ချင်းသွားရန်သာတတ်နိုင်ပြီး အလောတကြီးလုပ်လို့မရပေ။

ကံကောင်းထောက်မစွာ လင်ချီးယဲ့သည် ထိုအချိန်အတောအတွင်း ဝမ်းချီမော့ သင်ကြားသော ကျင့်ကြံခြင်းနည်းလမ်းကို ကျင့်သုံးခဲ့ပြီး 'ကျန်' နယ်ပယ်ကို ကောင်းစွာ တည်ငြိမ်စေခဲ့ပြီး နောက်နယ်ပယ်သို့ ဖြတ်ကျော်ရန် အချိန်အတော်ကြာမည်မဟုတ်ပေ။

လင်ချီးယဲ့သည် လီယိဖေးကို အနည်းငယ်ညွှန်ကြားပြီး စိတ်ကျန်းမာရေးဆေးရုံမှ ထွက်လာခဲ့သည်။

နောက်နေ့များက အရင်ကနှင့်ဘာမှမကွာခြားပေ။ လင်ချီးယဲ့သည် ပထမဆုံးတာဝန်ကို ကောင်းကောင်းကြီး ပြီးသွားပေမယ့် ပိတ်ရက်များတွင် လေ့ကျင့်ရေးပမာဏကို လုံးဝမလျှော့သေးပေ။ လင်ချီးယဲ့သည် ချန်မုရယ်၏ဓားနှင့် သူ့မျက်နှာကို ထိလိုက်ရင်တောင် ပိုနာကျင်မှုကိုခံစားရသည်…

သို့သော် ဒီသေရေးရှင်ရေးတိုက်ပွဲကို တွေ့ကြုံပြီးနောက် လင်ချီးယဲ့သည် [သေမျိုးနတ်ဘုရားနယ်ပယ်] နှင့် ပူးပေါင်းဆောင်ရွက်မှုက ပို၍အပြန်အလှန်နားလည်လာပြီး စိတ်အာရုံခံစားမှု၏တိကျမှုမှာ များစွာတိုးတက်ကောင်းမွန်လာသည်။ ယန္တရားအခန်းတွင် သူသည် တစ်စက္ကန့်ကို ပစ်ခတ်မှုအကြိမ်ရေ ၅၀ ကို လုံးဝရှောင်ရှားနိုင်ခဲ့ပြီး တစ်က္ကန့်ကို ပစ်ခတ်မှုအကြိမ်ရေ ၁၀၀ အားစိန်ခေါ်ခဲ့သည်။

အကြီးကျယ်ဆုံးတိုးတက်မှုကိုပြောရလျှင် လင်ချီးယဲ့၏သေနတ်ပစ်ဖြစ်လောက်သည်။ မီတာ ၃၀ သေနတ်ပစ်အစမှ ပစ်မှတ်ကိုလွဲချော်ခဲ့ပြီး မီတာ ၂၀ သေနတ်ပစ်ကို ပစ်မှတ်အား ထိရုံမျှသာဖြစ်ခဲ့သည်။ သူသည် လက်ရှိအချိန်အထိ တလျှောက်လုံး လေ့ကျင့်ခဲ့သည်…

မီတာ ၃၀ အတွင်း ပစ်မှတ်ကိုထိရုံမျှသာပစ်နိုင်ကြောင်း သူအာမခံနိုင်သည်။

လင်ချီးယဲ့သည် ထိုနေ့က မှတ်မိနေသေးပြီး သူပထမဆုံး မီတာ ၃၀ ပစ်မှတ်ကို ပစ်ခတ်သောအခါ အနောက်တွင်ရပ်နေသော လန်ရွှမ်းသည် မျက်လုံးနီနီဖြင့် တိတ်တဆိတ် မျက်ရည်သုတ်နေကြောင်း သူ့စိတ်စွမ်းအားကိုအသုံးပြုပြီး မြင်ခဲ့သည်…

ထို့နောက် သူသည် ခေါင်းမော့ကာ ကျေနပ်ခြင်းအပြုံးပြသလိုက်သည်။

ဆယ်ရက်ကြာပြီးနောက်

လင်ချီးယဲ့သည် ခေါင်းဆောင်ရုံးခန်းတံခါးကိုသွားပြီး တံခါးခေါ်လိုက်သည်။

"ဝင်လာပါ"

လင်ချီးယဲ့သည် အခန်းထဲသို့ဝင်လိုက်ပြီး ချန်မုရယ်က စာတမ်းတစ်စောင်ကို ကိုင်ဆောင်ကာ ဂရုတစိုက်ဖတ်နေတာကို တွေ့လိုက်ရသည်။

သူက လင်ချီးယဲ့ကို မော့ကြည့်ပြီး ပြောသည်။ "ရက်အနည်းငယ်ကြာရင် တပ်သားသစ်လေ့ကျင့်ရေး စတင်တော့မယ်"

လင်ချီးယဲ့သည် ခဏလောက်အံ့အားသင့်သွားပြီး သူ ညကင်းစောင့်လူသားကို ဝင်ရောက်တာ တစ်လကျော်သွားပြီဖြစ်ကြောင်း သဘောပေါက်လိုက်သည်။

"ဒါဆို… ကျွန်တော် ဘာတွေပြင်ဆင်ရမှာလဲ"

"အင်း၊ အရင်နှစ်တွေရဲ့ အခြေအနေအရ ဒီနှစ်တပ်သားသစ်လေ့ကျင့်ရေးကလည်း ရှန့်ကျင်းမြို့မှာဖြစ်လောက်တယ်။ ဒီတစ်ခေါက် ငါမင်းအတွက် ပစ္စည်းတွေပြင်ဆင်ပေးပြီး မင်း အဲဒီကို ယူသွားလိုက်ပေါ့။

စကားမစပ် တပ်သားသစ်လေ့ကျင့်ရေးကာလမှာ အလုံပိတ်စီမံခန့်ခွဲမှုကို ညီတူညီမျှ လက်ခံကျင့်သုံးမှာဖြစ်တယ်။ နေ့စဉ်သုံးပစ္စည်းတွေကို အဲဒီနေရာမှာ ပံ့ပိုးပေးမှာဖြစ်ပေမယ့် အရည်အသွေးမှာ အရမ်းကောင်းမှာမဟုတ်ဘူး။ ပစ္စည်းတချို့ဝယ်ဖို့ ‌ဟုန်ယင်းကို မင်းကိုခေါ်သွားဖို့ ငါပြောလိုက်မယ်၊ ပြီးရင် ကုန်ကျစရိတ်တွေအတွက် မင်းကို ငါပြန်ပေးမယ်။

ဒါ့အပြင် ရှန့်ကျင်းမြို့ရဲ့ရာသီဥတုက ငါတို့ချန်းနန်ထက်အေးတယ်။ ဆောင်းရာသီအဝတ်အစားတွေထပ်ဝယ်ဖို့မမေ့နဲ့၊ ပြီးရင် ငါ့အကောင့်ထဲထည့်ထားလိုက်ပါ…

လေ့ကျင့်‌ရေးစခန်းအတွင်း ဒဏ်ရာရဖို့ အလွယ်ဆုံးပဲ။ မနက်ဖြန်မနက် ငါ့ဆီပြန်လာဖို့ မမေ့နဲ့နော်။ ငါဆေးနည်းနည်းပေးမယ်။ ဒီဆေးရဲ့ အာနိသင်က စျေးကွက်မှာ တခြားဆေးတွေထက် အများကြီး ပိုကောင်းတယ်…"

ချန်မုရယ်သည် သူ့လက်ထဲတွင် မှတ်စုစာအုပ်ငယ်တစ်အုပ်ကိုကိုင်ကာ လင်ချီးယဲ့အား တစ်ခုပြီးတစ်ခု ဂရုတစိုက်ညွှန်ကြားပြီး ရထားပေါ်မှာ ဘယ်ကုတင်ကအိပ်ရတာ အဆင်ပြေဆုံးလဲဆိုတောင် သူ့ကို ရှင်းရှင်းလင်းလင်း ပြောပြခဲ့သည်။

ချန်မုရယ် သူ့မှတ်စုစာအုပ်ကိုပိတ်လိုက်သောအခါ နာရီဝက်ကြာသွားသည်။

"ငါပြောသမျှကို ရေးမှတ်ပြီးပြီလား။" ချန်မုရယ်က လင်ချီးယဲ့ကို အလေးအနက် စိုက်ကြည့်သည်။

လင်ချီးယဲ့သည် လေးလေးနက်နက် ခေါင်းညိတ်ပြီး "အင်း၊ အကုန်လုံးကို ချရေးထားတယ်။"

"ကောင်းပြီ။" ချန်မုရယ်သည် တစ်ခုခုကို တွေးနေပုံရသည်။ "ရှန့်ကျင်းမြို့ကို လက်မှတ်နည်းနည်းစောပြီး ဝယ်ဖို့လိုတယ်၊ ပြီးတော့ စောစောစီးစီ သတင်းပို့တဲ့လူတွေက သူတို့ကိုယ်ပိုင်အိပ်ဆောင်ကို ရွေးလို့ရတယ်၊ သူတို့တွေ လမ်းသွားရင်းနဲ့ တစ်ခါတည်း ဝယ်လို့ရတာဆိုတော့… မနက်ဖြန်ဝယ်လိုက်"

"မနက်ဖြန်လား။ မနက်ဖြန်သွားရမှာလား။" လင်ချီးယဲ့က အံ့အားသင့်သွားသည်။

"မြန်လေကောင်းလေပဲ။"

"ကျွန်တော်သိပြီ" လင်ချီးယဲ့က ခေါင်းညိတ်လိုက်သည်။

လင်ချီးယဲ့သည် ရုံးခန်းမှ ထွက်သွားပြီးနောက် ချန်မုရယ်သည် သူ့ပိုက်ဆံအိတ်ကို တိတ်တဆိတ်ထုတ်ကာ အတွင်းဘက်သို့ တစ်ချက်ကြည့်လိုက်ရာ...

သူသက်ပြင်းတစ်ချက်ချလိုက်သည်။

ထိုနေ့လယ်ခင်းတွင် ဟုန်ယင်းနှင့် စစ်းရှောင်နန်တို့နှစ်ယောက်သည် လင်ချီးယဲ့နှင့်အတူ ချန်းနန်မြို့တစ်ခုလုံး အလည်အပတ်သွားခဲ့ကြရာ လင်ချီးယဲ့သည် သူ့ဘဝတွင် မရောက်ဖူးသော လမ်းများအားလုံးအတွက် ဖန်တီးပေးသည်။

"ဝိုး။ ရှောင်နန်။ ဒီ Peppa Pig အိပ်ရာခင်းက ကြည့်လို့အရမ်းကောင်းတာပဲ။ ချီးယဲ့အတွက် တစ်ခုဝယ်ရအောင်လေ။"

"ကောင်းတယ်၊ ကောင်းတယ်"

"ဒီပန်းရောင်ခရီးဆောင်အိတ်လေးက အရမ်းကောင်းတယ်။ တစ်ခုဝယ်ကြမလား။"

"ကောင်းတယ်၊ ကောင်းတယ်"

"ရှောင်နန်။ ‌စနိုးဝှိုက်လို ပုံစံတူတဲ့ ဒီကျောပိုးအိတ်ကို ကြည့်လိုက်ဦး။ မိုက်တယ်မဟုတ်လား။ ငါတို့…"

"ကောင်းတယ်၊ ကောင်းတယ်"

"ဝိုး။ ဒီဂါဝန်လေးကိုကြည့်လိုက်ဦး။ အရမ်းလှတာပဲ။ ဝယ်ရအောင်"

"ကောင်းတယ်၊ ကောင်း…ဝူး ဝူး ဝူး *&@¥#@...*"

လင်ချီးယဲ့သည် စစ်းရှောင်နန်၏ပါးစပ်ကို တင်းကျပ်စွာပိတ်ပြီး လေးနက်စွာပြောသည်။

"အစ်မဟုန်ယင်း၊ ကျွန်တော့်အထင်… အဲဒါက ကျွန်တော့်အတွက် မလိုက်ဖက်ဘူး။"

ဟုန်ယင်းသည် သူမလက်ထဲရှိ နောက်ကျောဗလာဖြင့်ဂါဝန်ကို နောင်တရစွာ ချလိုက်ပြီး သက်ပြင်းချလေသည်။ "ဟုတ်ပါတယ်… နင်က ယောက်ျားလေးဆိုတော့ စကတ်ဝတ်လို့ သိပ်မကောင်းဘူး…"

ထို့နောက် သူမဘေးနားရှိ ဆက်ဆီလက်ပြတ်ရှပ်အင်္ကျီကို ကောက်ကိုင်လိုက်ပြီး လင်ချီးယဲ့ကို တောက်ပသော မျက်လုံးများဖြင့် ကြည့်လိုက်သည်။

"ဒါဆို ဒါဝယ်ရအောင်။"

လင်ချီးယဲ့: "…"

လင်ချီးယဲ့သည် အိတ်ကြီးအိတ်ငယ်များကို သူ့ပခုံးပေါ်တွင်ကိုင်ဆောင်ကာ အခန်းထဲသို့ ဒယိမ်းဒယိုင်ပြန်သွားသည့်အခါ ‌ညနေခင်းရောက်နေလေပြီ။

ကြမ်းပြင်ပေါ်ရှိ ရောင်စုံပန်းပွင့်များကို ကြည့်လိုက်ရင်း လင်ချီးယဲ့သည် ဘေးနားတွင် ထိုင်ကာ ကူကယ်ရာမဲ့ပြုံးနေပေမယ့် သူ့အပြုံးက ပို၍တောက်ပလာသည်...

ပြုံးလိုက်ရင်း သူ့မျက်လုံးထဲတွင် ဝမ်းနည်းမှုအရိပ်အမြွက် ထွက်ပေါ်လာသည်။

သူသည် ခေါင်းမော့ပြီး ပြတင်းပေါက်မှ လရောင်ကျနေသော ကမ္ဘာကို လှမ်းကြည့်လိုက်သည်။

"သွားတော့မှာလား…"


နောက်နေ့မနက်တွင်

ရထားဘူတာရုံဂိတ်မှာ

လင်ချီးယဲ့သည် ခရီးဆောင်သေတ္တာကြီးနှစ်လုံးနှင့် ရထားဘူတာရုံရှေ့တွင် ရပ်နေပြီး သူ့နောက်တွင် တပ်ဖွဲ့ ၁၃၆ ၏ ဆခြားအဖွဲ့ဝင်များ ရှိနေသည်။

"မင်း အားလုံးယူခဲ့လား" ဝူရှန်းနန်က အရင်ပြောလိုက်သည်။

"အားလုံးယူခဲ့တယ်။" 

"မောင်လေးချီးယဲ့၊ ငါနင့်အတွက်ဝယ်ထားပေးတဲ့ နေရောင်ကာခရင်မ်၊ ဆံပင်သန့်ဆေးခရင်မ်၊ ခန္ဓာကိုယ်လိုးရှင်းတွေကိုသုံးဖို့ မမေ့နဲ့နော်။" ဟုန်ယင်းသည် မျက်လုံးနီရဲရဲဖြင့် အရှေ့တွင်ရပ်ကာ ပြောရန် ဝန်လေးနေသည်။

"…ကျွန်တော်သုံးပါ့မယ်၊ စိတ်မပူပါနဲ့" လင်ချီးယဲ့၏လေသံက ကူကယ်ရာမဲ့နေသည်။

"ချီးယဲ့" ချန်မုရယ်သည် အလွန်လေးနက်သော အကြည့်ဖြင့် ရှေ့သို့ တိုးလာကာ "ရှန့်ကျင်းမြို့က ငါတို့ချန်းနန်မြို့နဲ့မတူဘူး၊ အရမ်းဝေးပြီး လေ့ကျင့်ရေးစခန်းမှာ မမျှတမှုတချို့ရှိလိမ့်မယ်… ချန်းနန်မှာဆိုရင်တော့ မင်းရဲ့ဒေါသကိုဖွင့်ထုတ်ဖို့ ငါတို့ ဓားတွေနဲ့ မင်းရဲ့တံခါးဆီလာလို့ရပေမယ့် ရှန့်ကျင်းမြို့မှာတော့… ကိုယ့်ကိုကိုယ်ပဲအားကိုးလို့ရတယ်။"

"စိတ်မပူပါနဲ့၊ ကျွန်တော် ကိုယ့်ကိုကိုယ်ဂရုစိုက်နိုင်ပါတယ်" လင်ချီးယဲ့က ‌လေးနက်စွာ တုံ့ပြန်ခဲ့သည်။

သူသည် အားလုံးကို အနည်းငယ် ဦးညွှတ်သည်။ "ဒါဆို ကျွန်တော့်သွားတော့မယ်။"

သူ မတ်မတ်ရပ်ပြီး အားလုံးကိုလက်ဝှေ့ယမ်းကာ ခရီးဆောင်အိတ်နှစ်လုံးကိုဆွဲလျက် ဘူတာရုံသို့ လျှောက်သွားသည်။

အားလုံးက သူ့နောက်ကျောကို စိုက်ကြည့်ရင်း သူတို့စိတ်တွေ လေးလံနေသည်...

ထိုအချိန်တွင် ချန်မုရယ်၏ လက်ကိုင်ဖုန်းက ရုတ်တရက် မြည်လာသည်။

"မင်္ဂလာပါ"

"…"

"ဘာ…"

ချန်မုရယ်သည် ရုတ်တရက် သူ့ခေါင်းမော့ပြီး လင်ချီးယဲ့ဆီသို့ ညွှန်ပြသည်။

"လခွမ်း၊ သူ့ကိုတားလိုက်"

အားလုံးက စိတ်ရှုပ်ထွေးစွာ ပြန်ကြည့်ကြသည်။

"ထိပ်ပိုင်းစီမံခန့်ခွဲသူတွေက ဘာတွေတွေးနေသလဲ ငါမသိပေမယ့် ဒီတစ်ခေါက်တော့ ချန်းနန်မှာ တပ်သားသစ်လေ့ကျင့်ရေးစခန်းကို သူတို့တကယ်သတ်မှတ်လိုက်ပြီတဲ့။

သူ့ကိုမြန်မြန်တားလိုက်။

ဘူတာရုံထဲဝင်ပြီးရင် လက်မှတ်ကို ပြန်အမ်းလို့မရတော့ဘူး။"

TK Team (Chapter 67)