part-26
နောက်တနေ့မနက် ယွမ်ရှနိုးလာသောအခါ၌ ကလေးလေးစုန့်ရဲ့အပူချိန်ကိုအရင်ဆုံးစစ်ဆေးလိုက်သည်။ကိုယ်ပူကျသွားပြီကိုတွေ့မှသာလျှင်သူမစိတ်သက်သာရာရစွာသက်ပြင်းချလိုက်မိသည် အကယ်၍ကိုယ်ပူကြီးနေဦးမည်ဆိုပါကဆေးရုံသွားသင့်မသွားသင့်စဉ်းစားရပေတော့မည်။ကံကောင်းထောက်မစွာဖြင့် အနဲငယ်အဖျားရှိနေသော်လဲ
မနေ့ညကအပူချိန်မျိုးမဟုတ်တော့ပေ။
ကလေးလေးစုန့်ကနှစ်နှစ်ခြိုက်ခြိုက်အိပ်မောကျနေသောကြောင့် သူမကိုကိုင်ထားသောလက်ဝတုတ်လေးအားဂရုတစိုက်ဖြင့် ဖြည်းညင်းစွာရွေ့လိုက်သည်။ထို့နောက်သူမရေချိုးခန်းထဲသွားလိုက်ကာ ရေဇလုံယူလာလိုက်ပြီးကလေး၏မျက်နှာ ခြေလက်တို့ကိုရေနွေးနွေးလေးဖြင့်သုတ်သင်သန့်ရှင်းပေးလိုက်သည်။
သူမသန့်ရှင်းရေးလုပ်ပြီးချိန်၌ စုန့်ထင်ရှန်းမရှိကြောင်းကိုသတိပြုမိသွားသည်။သူမအောက်ထပ်သောသို့ဆင်းသွားလိုက်သည့်အချိန်၌ မီးဖိုခန်းထဲတွင်အလုပ်များနေသောအိမ်အကူအန်တီကိုတွေ့လိုက်ရသောကြောင့်မေးလိုက်၏။
"မစ္စတာစုန့် ဘယ်မှာလဲမသိဘူး..."
မူလယွမ်ရှကသူစိမ်းများ၏ရှေ့တွင် မစ္စတာစုန့်ဟုသာခေါ်တတ်လေသည်။ ပထမက အိမ်အကူအန်တီသည်ထိုနာမည်အသုံးအနှုန်းကိုထူးဆန်းနေသော်လဲ ယခုမူအသားကျသွားပေပြီ။
"မစ္စတာစုန့်က အလုပ်မှာကိစ္စလေးတချို့ရှိလို့မကြာခင်ပြန်လာခဲ့မယ်လို့ပြောခဲ့ပါတယ်..."
ယွမ်ရှသက်ပြင်းတချက်သာချလိုက်မိသည်။
ဒီလူကသူ့ကိုသူ သံတွေသတ္ထုတွေနဲ့ဖွဲ့စည်းထားတယ်လို့ထင်နေတာလား...သူ ရထားပေါ်မှာလဲကောင်းကောင်းမအိပ်ခဲ့ဘူး ပြီးတော့မနေ့ညကလဲကောင်းကောင်းမအိပ်ရဘူးလေ...သူကဒီလိုအခြေအနေမျိုးနဲ့တောင်မှပဲတကယ်ကြီးရုံးသွားပြီးအလုပ်လုပ်ဖို့ဆုံးဖြတ်ထားတယ်ပေါ့...
၎င်းကကောင်းသည့်အရာဘာမှမရှိပေ အကယ်၍သူမသာသူဌေးဖြစ်ပါကနေ့တိုင်းအလုပ်ကိုနောက်ကျမှသွားပြီး နေ့တိုင်းအစောကြီးပြန်ပေမည်။
မဟုတ်သေးဘူး အဲ့လိုစဉ်းစားတာကမှားနေတယ်...သူမလိုမျိုးလူတယောက်က သူဌေးဖြစ်ဖို့တောင်အခွင့်အရေးမရှိဘူးလို့ပြောရင်ပိုမှန်မယ်...
"အလုပ်ကို ကိုယ်တိုင်ကားမောင်းသွားတာလား ဒါမှမဟုတ်ရင်ဒရိုင်ဘာခေါ်လိုက်တာလား..."
အကယ်၍သူကားမောင်းနေတုန်းအိပ်ငိုက်သွားပါက အလွန်တရာအန္တရာယ်များပေလိမ့်မည်။
ယွမ်ရှကထိုကဲ့သို့သောမေးခွန်းမျိုးကိုတခါမှမမေးခဲ့ဘူးသောကြောင့် အိမ်အကူအန်တီခဏမျှအံ့အားသင့်သွားလေသည်။သို့သော်လဲသူမကအရိုးရှင်းစွာပင်ပြန်ဖြေလိုက်သည်
"ဒရိုင်ဘာနဲ့ သွားတာပါ..."
နောက်ဆုံး၌ယွမ်ရှစိတ်သက်သာရာရသွားလေသည် သူကသူမရထားပေါ်မှာပြောခဲ့သောစကားများကိုအလေးအနက်ထားတဲ့ပုံရလေသည်။
ကျန်းမာရေးကအရေးကြီးဆုံးပဲလေသူကဘာလို့ အဲ့ဒီ့အတွက်ကိုအစောကြီးထဲကစဉ်းစားမဆင်ခြင်ရတာလဲ တကယ်လို့သူသာတခုခုဖြစ်မယ်ဆိုရင်ကလေးလေးစုန့်ကဒုက္ခအရောက်ဆုံးဖြစ်မှာလေ...
ယွမ်ရှတွေးလိုက်ပြီးနောက် ရေချိုးရန်ရေချိုးခန်းထဲသို့သွားလိုက်လေသည်။ကလေးလေးစုန့်နိုးလာသည့်အချိန်၌ သူမနေ့ကထက်ပို၍လန်းလန်းဆန်းဆန်းဖြစ်နေပေပြီ။သူ့ကိုသက်သောင့်သက်သာဖြစ်စေမည့်အဝတ်အစားများလဲလှယ်ပေးပြီးနောက် ယွမ်ရှကလေး၏လက်ကိုဆွဲကာအောက်ထပ်သို့ဆင်းလာပြီးမနက်စာစားလိုက်ကြသည်။
ပေါက်စီလုံးလေးက ယနေ့တွင်အလွန်ပင် ချွဲပျစ်ကပ်တွယ်နေပေသည်။ ၎င်းကသူယခုမှ နေမကောင်းဖြစ်ရာမှသက်သာလာခြင်းကြောင့်ဖြစ်ပေသည်။သူမဘယ်သွားသွားအနောက်ကနေတကောက်ကောက်လိုက်ကပ်တွယ်နေလေသည်။ မနက်စာစားသည့်အချိန်တုန်းကလဲသူမ၏ဘေး၌နီးကပ်စွာကပ်ထိုင်နေ၏။
ထိုအဖြစ်အပျက်က ဝတ္ထုနောက်ပိုင်းတွင်ဖြစ်လာမည့်အဖြစ်ပျက်တခုကို သတိရသွားစေသည်။
တခါတွင် ဝတ္ထုထဲမှအရွယ်ရောက်စုန့်ရှုယန်သည်ဖျားသည့်အချိန်၌ ဇာတ်ဆောင်အမျိုးသမီးသည်သူ့ကိုပြုစုရန်အတွက်ရောက်ရှိလာခဲ့လေသည်။သူအဖျားကြီးပြီးနာကျင်မှုခံစားရသည့်အချိန်၌ ကယောင်ကတမ်းဖြင့် မားမားဟုအော်ခေါ်လိုက်လေသည်။
အရွယ်ရောက်ပြီးပြီဖြစ်သော်လဲ လူတော်တော်များများသည်သူတို့နေမကောင်းနာကျင်နေချိန်၌ မိခင်ကိုတမ်းတသတိရတတ်ကြသည်။
ဝတ္ထုထဲမှယွမ်ရှသည်စုန့်ထင်ရှန်းသေပြီးနောက် ကလေးကိုစွန့်ပစ်လိုက်သည် ၎င်းကသူတို့၏အဆုံးသတ်ဟုလဲထင်ထားခဲ့သည်။သို့သော်လဲ ထိုအချိန်၌ကလေးလေးစုန့်ရှုယန်သည်အသက်လေးနှစ်ရှိနေပြီဖြစ်သည်
ဖခင်သေဆုံးသွားသည့်အကြောင်းကိုသိသလို မိခင်ဖြစ်သူကသူ့အားစွန့်ပစ်သွားသည်ကိုလဲ ခံစားတတ်နေပေပြီ။သူ့၏မွေးစားမိဘများအိမ်၌အချိန်အတော်ကြာအောင် ဝုန်းဒိုင်းကြဲပေါက်ကွဲပြီးနောက် တက်ကြွ အသက်ဝင်နေသောကလေးလေးစုန့်ရှုယန်သည်တိတ်ဆိတ်အေးစက်သောလူတယောက်အဖြစ်သို့ပြောင်းလဲသွားလေသည်။
သူ့၏မွေးစားမိဘများက သူ့ကိုကောင်းကောင်းဂရုစိုက်ခဲ့သော်လဲ သူကမူထိုသူများကိုသူ့၏မိဘများဟုတခါမှမမြင်ခဲ့ပေ။ကလေးငယ်လေးက မိခင်၏စွန့်ပစ်မှုခံရသည့် အကြောင်းကိုတွေးလိုက်ရုံဖြင့် ယွမ်ရှစိတ်မကောင်းကြီးစွာခံစားမိလေသည်။
စုန့်ရှုယန်ကသူ့၏အမေကို ချစ်လဲချစ်သလိုမုန်းလဲမုန်းလေသည် ထို့ကြောင့်ပင်သူကအမျိုးသမီးဇာတ်ဆောင်မိသားစု၏
အင်အားကိုအသုံးပြုပြီး မူလယွမ်ရှ၏ဒုတိယခင်ပွန်းကုမ္ပဏီကိုဒေဝါလီခံရသည်အထိဖိနှိပ်ခဲ့သည်။
သို့သော်လဲ သူကဝတ္ထုထဲတွင်မူလယွမ်ရှ၏ရှေ့၌ပေါ်လာပြီး သူမစွန့်ပစ်ခဲ့သောသားတယောက်ဖြစ်သည့်အကြောင်းသတ္တိပင်မရှိခဲ့ပေ။
ယွမ်ရှထိုအကြောင်းများကိုတွေးပြီးစိတ်မောမိလေသည်။ ထို့ကြောင့်သူမကိုယ်သူမဖိအားပေးကာပေါက်စီလုံးလေးနှင့်တနေကုန်ဆော့ကစားပေးလိုက်သည်။