အပိုင်း ၂၄
Viewers 53k

အခန်း ၂၄

ကွမ်း လူရိုင်း(လူရမ်းကား)သုံးယောက်...

လူရိုင်းသုံးယောက်က ကွမ်းမိသားစုရဲ့ လက်ရှိခေါင်းဆောင် ကွမ်းဇောင်ဟန့်၏ သားတွေပဲဖြစ်သည်။သူတို့မှာ ကြီးမားကျယ်ပြန့်တဲ့ ကျောပြင်နဲ့ တုတ်ခိုင်တဲ့ခါးရိုးရှိတာကြောင့် သားရဲကောင်က လူယောင်ဆောင်ထားသလိုပင်။သူတို့က အလွန်သန်မာကြသလို တိုက်ခိုက်ရာမှာလည်း ကျွမ်းကျင်ကြပြီး အင်ပါမြို့တော်အတွင်းမှာလဲ တခါတလေ ဖျက်လိုဖျက်ဆီး လုပ်တန်တာကြောင့်...သူတို့ကို လူရိုင်းသုံးယောက် (အရိုင်းအစိုင်း) လို့ နာမည်ပြောင်ပေးထားကြလေသည်။

အကြီးဆုံးနာမည်က ကွမ်းကျန့်..အလတ်က ကွမ်းဝူ...အငယ်က ကွမ်းတိ ဆိုပြီး အနိုင်မခံ အရှုံးမပေး ကြံ့ကြံခံနိုင်သော အဓိပ္ပါယ်ဖြင့် မှည့်ခေါ်ထားခြင်းဖြစ်၏။

သူတို့က အမွှာညီအစ်ကိုတွေဖြစ်ပြီး သွင်ပြင်ကလဲ အလွန်ကို ဆင်တူကြသလို ကျင့်ကြံခြင်းအဆင့်ကလဲ (စတုတ္ထအဆင့်)အတူတူပင်။သူတို့ဖခင် စစ်သူကြီးကွမ်းဇောင်ဟန့်နှင့်အတူ စစ်မြေပြင်သို့ နသ်ကြိမ်လိုက်ခဲ့ဖူးသောကြောင့် သွေးထွက်သံယို မြင်ကွင်းမျိုးကိုလည်း မစိမ်းသက်ကြပေ။

သူတို့က အင်ပါယာမြို့တော်ထဲက ဘယ်သူ့ကိုမှ လေးစားသမှုမရှိ ဂရုမစိုက်သော်လည်း သူတို့ညီမလေးကိုတော့ အလွန်ချစ်ခင်ကြ၏။ သူတို့ရဲ့ လှပ တင့်တယ် နူးညံသိမ်မွေ့သော ညီမအလှပဂေးလေးကို စားသောက်ဆိုင် တစ်ဆိုင်မှာ ချုပ်နှောင်ထားကြောင်း သိလိုက်ရသောအခါ အလွန်အမင်းဒေါသထွက်သွားကြပြီး ပေါက်ကွဲခါနီး မီးတောင်တစ်ခုလိုမျိုး စားသောက်ဆိုင်ဆီ ချီတက်လာလေသည်။

ကျောက်ရူကျီနှင့် ဆန်းချီရှန်းက ထိုသတင်းကိုကြားသောအခါ ဝမ်းသာအားရဖြစ်သွားကြ၏။

ကျောက်ရူကျီက လက်စားချေချင်လွန်း၍ အခွင့်အရေးရှာနေခဲ့သော်လည်း အခုတော့ သူဘာမှ လုပ်စရာမလိုတော့ပေ။

..................

ပုဖန်က ဆိုင်အဝင်ဝနားက ထိုင်ခုံပေါ်မှာ အရိုးမပာသလို ခွေခေါက်ထိုင်နေ၏။နွေးထွေးတဲ့ နေရောင်ခြည်က သူ့ကို ချော့့သိပ်နေသကဲ့သို့ပင်။

ကွမ်းရှောင်ယီကတော့ ဆူပုပ်ပုပ်မျက်နှာဖြင့် မနီးမဝေးမှာ ထိုင်နေခဲ့သည်။သူမ ငါးမူးပျံဟင်းနှင့် ငါးခေါင်းတို့ဟူးစွပ်ပြုတ်ကို စားချင်လွန်းသောကြောင့် ...သိုင်းပညာကို အခုကစပြီး ဝီရိယရှိရှိ စတင်ကျင့်ကြံ တော့မည်ဟု ဆုံးဖြတ်လိုက်သည်။ 

ကွမ်း လူရမ်းကား သုံးယောက်က လမ်းကြားလေးထဲကို ရောက်လျှင်ရောက်ချင်း သူတို့ရဲ့ စွမ်းအင် အရှိန်အဝါကို ထုတ်ဖော်လိုက်သောကြောင့် သူတို့ ပတ်ပတ်လည်မှာ ဖုန်တထောင်းထောင်း ထသွား၏။

!ဘုန်း...ဘုန်း....ဘုန်း..!

သားရဲ သုံးကောင် ရောက်လာသလိုမျိုး ခြေတလှမ်း လှမ်းလိုက်တိုင်းမှာ မြေကြီး သိမ့်သိမ့်တုန်ခါနေလေ၏။

"အစ်ကိုကြီး...!အရှေ့က စားသောက်ဆိုင်သေးသေးလေးထဲမှာ ငါတို့ရဲ့ ညီမငယ်လေးကို ဖမ်းထားတယ်...အဲ့ဒီဆိုင်ရှင်ကို သွာသတ်ကြစို့!!!"

ကွမ်းဝူက အသံနက်ဖြင့် စိတ်ဆိုးစွာ အော်လိုက်သည်။

ကွမ်းတိ၏ ရင်ဘတ်က ဒေါသဖြင့် နိမ့်ချည် မြင့်ချည်ဖြစ်နေပြီး ကြုံးဝါးလိုက်သည်။

"သေဖို့သာ ပြင်ထား!! ငါတို့ရဲ့ညီမငယ်လေးကို ဘယ်လိုတောင် ဒုက္ခပေးရဲတာလဲ? ငါကျိန်ဆိုတယ် ဒီနေ့ ဒီဆိုင်ကို မဖျက်ဆီးနိုင်ရင်.. ငါ သုံးရက်တိတိ ဝိုင်အနံ့တောင် မရှူပဲနေလိုက်မယ်!!"

"ဘယ်လိုလူက ဒီလို လုပ်ရဲတာလဲဆိုတာ သွားကြည့်ရအောင်"

ပုံမှန် အခြေအနေမှာဆို ကွမ်းကျန့်က အပြီးဆုံးပီပီ ပိုတည်ငြိမ်သော်လည်း ညီမငယ်လေးနဲ့ ပတ်သက်လာတဲ့အခါမှာတော့ မတည်ငြိမ်နိုင်တော့ပေ။ညီမငယ်ရဲ့ ကြည်နူးဖွယ်ကောင်းတဲ့ အသံလေး...ချစ်စရာကောင်းတဲ့ အပြုအမူလေးတွေကို မြင်ယောင်ရင်း...ဒီအချိန်မှာ ဘယ်လောက်တောင်နှိပ်စက်ခံနေရမလဲလို့ တွေးမိတဲ့အခါ သူ့နှလုံးသားကို လက်အေးအေးဖြင့် ဖိညှစ်လိုက်သလိုမျိုး နာကျင်သွား၏။

ပျင်းရိစွာ လှဲလျောင်းနေတဲ့ ဘလက်ကီက ရုတ်တရက် တုန်ခါမှုကို ခံစားမိသောကြောင့် မျက်လုံးဖွင့်၍ ကြမ်းကြုတ်တဲ့ပုံစံဖြင့် လာနေတဲ့ လူကောင်ကြီးကြီး သုံးယောက်ကို ကြည့်လိုက်၏။နောက်...သမ်းဝေလိုက်ပြီး ပြန်အိပ်လိုက်သည်။

ပုဖန်လဲ တုန်ခါမှုကြောင့် နိုးသွားပြီး...ဆိုင်အပြင်ဘက်မှာ ရပ်နေတဲ့ လူရမ်းကားသုံးယောက်ကို မြင်လိုက်ရတာကြောင့် ပဟေဠိဖြစ်သွား၏။

"မင်းတို့က ဘယ်သူတွေလဲ?ဆိုင်မှာ စားဖို့ လာတာလား?"

ပုဖန်က သက်တောင့်သက်သာပဲ မေးခွန်းထုတ်လိုက်၏။

"ဘာ! မင်းရူးနေလား..? ဘယ်သူက ဒီလိုဆိုင်စုတ်မှာ စားမှာလဲ? ငာတို့က ညီမလေးအတွက် လာတာ"

ကွမ်းဝူက ဒေါသကို မထိန်းချုပ်နိုင်တော့ပဲ ချက်ချင်း ပြန်အော်ပြောလိုက်၏။

ပုဖန် မှင်သက်သွားပြီး တွေးလိုက်မိ၏။
!ညီမလေးကို လာရှာတာ...ဒီ သုံးယောက်က ကျန်းဖိန်(1) များလား?...ငါ့ဆိုင်က ဂုဏ်သိက္ခာရှိတဲ့ဆိုင်လေ..ဆောင်ကြာမြိုင်မှ မဟုတ်တာ!

"ဘယ်က ညီမလေးလဲ? ဒီမှာ တစ်ယောက်မှ မရှိဘူး "

ထိုလူတွေက စားသုံးသူမဟုတ်သောကြောင့် ပုဖန်က အဖက်လုပ်မနေတော့ပဲ ထိုင်ခုံပေါ် မှာ ပုံမပျက်သာ ထိုင်နေ၏။

"မင်းက သတ္တိကောင်းလှချည်လား?? ငါတို့ကိုများ လှည့်စားချင်နေသေးတယ်!!မင်းရဲ့ စားသောက်ဆိုင်ထဲမှာ ငါ့ညီမလေးရဲ့ အငွေ့အသက်ကို ခံစားမိတယ်...မင်း သူမကို ထုတ်မပေးဘူးဆိုရင်...ငါတို့အဆိုး မဆိုနဲ့တော့!!"

ကွမ်းတိက သူ့ရဲ့ အရိုးအဆစ်တွေကို တဖြောက်ဖြောက် အသံမြည်အောင် ချိုးရင်း ပုဖန်ကို ခြိမ်းခြောက်လိုက်သည်။

နောက်ဆုံးမှာတော့...သူတို့ ဘယ်သူ့ကိုရှာနေတယ်ဆိုတာ သိသွားလေပြီ။
!ကလေးမလေး ကွမ်းရှောင်ယီကို ရှာနေတာပဲ ဖြစ်ရမယ်!

ပုဖန်က ထိုသုံးယောက်ကို မျက်နှာသေဖြင့် တစ်ချက်ကြည့်လိုက်ပြီး မတ်တပ်ထရပ်၍ ကြိုးစားကျင့်ကြံနေတဲ့ ကွမ်းရှောင်ယီဆီအော်ပြောလိုက်သည်။

"ဟေး...ကလေးစုတ်လေး ဒီမှာ နင့်ကို လာရှာနေတယ်" 

ကွမ်းရှောင်ယီက သူမ ကျင့်ကြံခြင်းထဲ နစ်မြုပ်နေချိန် ပုဖန်တားလိုက်တာကြောင့် ပုဖန်ကို စူးစူးဝါးဝါးအရင် ကြည့်လိုက်ပြီးမှ...ဆိုင်အပြင်ဘက်သို့ ကြည့်လိုက်ရာ...မွန်းစတားနဲ့ တူတဲ့ သူ့အစ်ကိုတွေ ရပ်နေတာကို တွေ့လိုက်၏။

ကွမ်းရှောင်ယီရဲ့ အမူအရာက ချက်ချင်းပြောင်းသွား၏။ရှောင်ယန်ယုက သူ့နေရာကို အသိပေးလိုက်မှန်း သူသဘောပေါက်လိုက်မိသည်။

"စိတ်ပုပ်သူဌေး...အဲ့ဒါ ငါ့အစ်ကိုတွေ...သူတို့ ငါ့ကို လာခေါ်ကြတာ..ငါ့ကို ကူပြီး တားပေးပါဦး..."

 
ကွမ်းရှောင်ယီက လေသံတိုးတိုးဖြင့်ပြောလိုက်ပြီး သူမအခန်းဆီသို့ ပြေးပုန်းလေ၏။
 
!အင်း သူမက အကြွေးမှ မပေးရသေးတာ!

ပုဖန် သူ့မပြေးသွားတာကို ခဏစောင့်လိုက်ပြီးမှ ဆိုင်အပြင်ဘက်မှာရပ်နေတဲ့ လူသုံးယောက်ကို ပြန်ကြည့်လိုက်ပြီး တွေးလိုက်မိ၏။

!ချစ်ဖို့ကောင်းတဲ့ မျက်နှာလေးနဲ့ မြတ်နိုးချင်စရာ ကွမ်းရှောင်ယီမှာ ဒီလို ရုပ်ဆိုးဆိုး အစ်ကိုသုံးယောက်ရှိနေတာလား?မယုံနိုင်စရာပဲ..တကယ်ပဲ သူတို့က မျိုးရိုးတူရဲ့လား?မိဘရော တူရဲ့လား?!ဘာလို့ ဒီလောက်တောင် ကွာခြားနေတာပါလိမ့်!

"သူမက မင်းတို့ကို မတွေ့ချင်ဘူးတဲ့.."

ပုဖန်က အမှန်တိုင်းပဲ ပြောလိုက်သည်။

"ဘာ?မင်းက ငါတို့ကို တားချင်တာလား?
သေဖို့သာပြင်ထား..ငါတို့ညီမလေးကို ချုပ်နှောင်ထားတဲ့ကောင်..!!"

ကွမ်းကျန့်က ဒေါသခြောင်းခြောင်း ထွက်လာလေပြီ။သူ့စိတ်ကူးထဲမှာလဲ သူ့ညီမလေးရဲ့ ညှင်းပန်းနှိပ်စက်ခံထားရတဲ့ ပုံရိပ်တွေနဲ့ ပြည့်နေလေပြီ။

ခွင့်မလွှတ်နိုင်ဘူး...

ဘုန်း!

ကွမ်းတိက ဒေါသကိုမထိန်းနိုင်တော့ပဲ အရင်ဆုံး ပုဖန်ရှေ့ကို ရောက်သွား၏။သူ့ရဲ့ အကျည်းတန်မျက်နှာနဲ့ ပုဖန်ရဲ့ မျက်နှာ လက်မအနည်းငယ်အကွာထိကပ်သွားပြီး ပုဖန်ရဲ့ဆံပင်တွေတောင် လေအရှိန်ဖြင့်လွင့်သွားသည်။

" မင်းက ငါ့ကို တိုက်ခိုက်ချင်တာလား?"

ပုဖန်က တုန်လှုပ်ခြင်းမရှိ အေးတိအေးစက် မေးလိုက်သည်။

"ဟက်...မင်းကို ရိုက်ရုံတင် မဟုတ်ဘူး..မင်းဆိုင်ကိုပါ အမှုန့်ချေပစ်မှာ."

ကွမ်းတိက အသံနက်ဖြင့် ကြုံးဝါးလိုက်သည်။

"ဝှိုက်တီ...ဒီမှာ ပြသနာကောင် တစ်ကောင် ရောက်နေပြန်ပြီ "

ပုဖန်က တည်တည်ငြိမ်ငြိမ်ပဲ လှမ်းခေါ်လိုက်သည်။

"ပြသနာကောင်...နောက်ပြသနာလာမရှာရဲအောင် မင်းအဝတ်တွေကို ချွတ်ပစ်ပြီး သင်ခန်းစာပေးရမယ်"

စက်ရုပ်အသံကို ကြားလိုက်ရပြီးနောက်...ဝှိုက်တီ၏ ကြီးမားတဲ့ ခန္ဓာကိုယ်က ပုဖန်နောက်မှာ ပေါ်လာသည်။

ကွမ်းတိက သူ့မျက်လုံးတွေကို ကျဉ်းမြောင်းလိုက်ပြီး...

"မင်းမှာ အကူရှိနေတော့ရော ဂရုစိုက်ရမှာလား...!ညီအစ်ကိုတို့ ဒီကောင့်ကို ဆုံးမကြစို့!"

ကွမ်းဝူနဲ့ ကွမ်းကျန့်လဲ ကွမ်းတိနောက်ကို အလျင်အမြန်ရောက်လာပြီး...တပြိုင်နက် သူတို့ရဲ့ စွမ်းအင် အရှိန်အဝါတွေထွက်ပေါ်လာပြီး ဆိုင်ငယ်လေးဆီသို့ လေပြင်းမုန်တိုင်း တစ်ခုလို တိုးဝင်သွားသည်။

သူတို့ရဲ့ အရှိန်အဝါက သာမန် အဆောက်အဦးတစ်ခုကို ချေမွပစ်ဖို့ လုံလောက်သည်ထက်ပိုသော်လည်း ဖန်ဖန် ဆိုင်ငယ်လေးကိုတော့ မည်သို့မျှ မသက်ရောက်ပေ။

!စိတ်ဝင်စားစရာပဲ...ဒီဆိုင်က မြင်နေရသလို မရိုးရှင်းဘူးပဲ!

ကွမ်းကျန့်က မျက်မှောင်ကြုတ်၍ ပတ်ပတ်လည်ကို အကဲခတ်လိုက်ရင်း ဖြစ်နိုက်ချေကို သုံးသပ်ကြည့်နေသည်။

!ပိန်ပိန်ပါးပါး ဖြူဖျော့ဖျော့ အားနွဲ့တဲ့ တစ်ယောက်ရယ်..သူ့ရဲ့ သံရုပ်သေးရယ်..ဒါပဲ..တစ်ခြားထူးခြားတာလဲ ဘာမှမရှိပါဘူး...အိုး..ဟုတ်သားပဲ အပေါက်ဝမှာ အိပ်နေတဲ့ ခွေးနက်ကြီး တစ်ကောင်ရှိသေးတယ်! 

!ကြည့်ရတာတော့ သာမန်ဆိုင်လေးတစ်ဆိုင်ပါပဲ..ဒီဆိုင်လေးက ငါ့ညီမငယ်လေးကို ဘယ်လိုသတ္တိနဲ့များ ချုပ်ထားရဲတာလဲ?"

!ဖြစ်နိုင်တာက...ဆိုင်ရှင်က သူ့စွမ်းအင်ကို ဖုံးကွယ်ထားတာ... ဒါမှမဟုတ်....ဆိုင်ထဲမှာ ပညာရှင်တစ်ယောက်ပုန်းနေတာပဲ ဖြစ်ရမယ်!

ကွမ်းကျန့်က ပုဖန်ကို အလေးအနက် စိုက်ကြည့်ရင်း စိတ်ရှုပ်ထွေးလာ၏။

ပုဖန်က ခုမှ ဒုတိယအဆင့်(မာစတာ) အဆင့်သာရှိသေးပြီး သူ့ညီမလေးထက်တောင် အားနည်းသေးသည်။ 

ဘမ်း..! ဘမ်း...!

သူ သံသယဝင်ပြီး အတွေးများနေတုန်းမှာပဲ...

ကြီးမားတဲ့ ပုံရိပ်နှစ်ခုက လွင့်ပျံလာကာ နံရံကို တိုက်မိပြီး ဆူညံသံထွက်ပေါ်လာသည်။

ကွမ်းကျန့် အသံကြားရာဆီ လှည့်ကြည့်လိုက်မိပြီး..သူ့မျက်လုံးသူ မယုံနိုင်ဖြစ်သွားသည်။

သူ့ညီနှစ်ယောက် တိုက်မိခဲ့တဲ့ နံရံမှာ ခန္ဓာကိုယ်အရာ စွပ်ကြောင်းကြီးပင် စွဲထင်နေ၏။

" ဘာမှမဖြစ်ဘူး အစ်ကိုကြီး...ဒါက... မတော်တဆ ဖြစ်သွားတာ.. မတော်တဆ သက်သက်ပဲ"

ကွမ်းဝူနှင့် ကွမ်းတိက ဖုန်မှုန့်တွေကြားမှ တွားထွက်လာပြီး အရှက်ပြေချောင်းဆိုလိုက်ရင်း ပြောလိုက်သည်။

!ဘယ်လိုတောင် ရီစရာကောင်းတာလဲ...ငါတို့က လူရိုင်း(လူရမ်းကား)သုံးယောက်လေ...သန်မာတယ်မဟုတ်ဘူးလား?ဘောလုံးတစ်လုံးလို ပစ်ထုတ်ခံလိုက်ရတာလား?!

................

[(1)ကျန်းဖိန်:လုပိုင်ရဲ့လက်အောက်မှာ သုံးနှစ်တာဝန် ထမ်းဆောင်ခဲ့တဲ့..မုတ်ဆိတ်မွေးနဲ့ရဲရင့်တဲ့ စစ်သူကြီး]လို့ ပြန် ရှင်းထားပါတယ် ဘယ်သူလဲတော့ မသိပါဘူးရှင် 😁😁