Chapter 3
Viewers 2k

🫶Chapter 3




ရှဲ့ယီကျိုး...

ယနေ့ရေ‌ပန်းစားမှုစာရင်းတွင် နျန်ယွီယီတွေ့လိုက်သောအမျိုးသားမှာ ဤဒရမ်မာ၏ခေါင်းဆောင်မင်းသားဖြစ်ရုံသာမက ဖျော်ဖြေရေးနယ်ပယ်ပိရမစ်ထိပ်ဆုံးတွင် ထိုင်နေနိုင်သူလည်းဖြစ်သည်။ သန်းပေါင်းမြောက်များစွာသောဖန်များ၊ အဆုံးမရှိသောထောက်ခံမှုများနှင့် ချီးမွမ်းထိုက်သော သရုပ်ဆောင်စွမ်းရည်တို့ကြောင့် ရုပ်ရှင်လောကထဲတွင် အောင်မြင်နေသူတစ်ဦးဖြစ်သည်။


အရေးအကြီးဆုံးအချက်သည်ကား ရှဲ့ယီကျိုးသည် မျိုးရိုးစဉ်ဆက်ချမ်းသာကြွယ်ဝလာကြသော ရှဲ့မိသားစုကြီး၏ ဒုတိယသခင်လေးတစ်ဦးဖြစ်နေခြင်းပင်။


ရှဲ့ယီကျိုး၏အကြည့်ကို ရှောင်တိမ်းချင်သောကြောင့် ကျိုးအာ့ဟယ် နျန်ယွီယီကို အမြန်သွားရန် ကြိုးပမ်းလိုက်သည်။ ငယ်ရွယ်သောအမွေဆက်ခံသူအနေဖြင့် စိတ်ကြီးတတ်ခြင်းမှာ ပုံမှန်ဖြစ်သောကြောင့် ကျိုးအာ့ဟယ် နျန်ယွီယီကို အဆိုးဘက်သို့ မကျရောက်သွားချင်ပေ။


သို့သော်လည်း သူတို့အလွန်နောက်ကျသွားခဲ့ပြီး ရှဲ့ယီကျိုးမှ ဦးဆုံးရောက်လာခဲ့သည်။


နျန်ယွီယီမှာမူ ရှဲ့ယွီကျိုးနှင့် လုံးဝကိုမရင်းနှီးနေခဲ့ချေ။ ပြောင်မြောက်သော ရုပ်ရည်နှင့်အတူ ထိုသူ၏စူပါစတားအဆင့်ကျော်ကြားမှုအညီ နေထိုင်တတ်ခြင်းတို့ကိုသာ အသိအမှတ်ပြုမိခဲ့သည်။ ရှဲ့ယီကျိုးအား လေးစားအားကျပြီးနောက် ကျိုးအာ့ဟယ်၏အတွေးနောက်သို့မလိုက်ဘဲ ‌နားနေခန်းသို့သွားရန်သာပြင်လိုက်သည်။


သူတို့ သူ့ကိုမရှောင်တိမ်းနိုင်ခဲ့လျှင် မျက်နှာခြင်းဆိုင်တွေ့ရမည်ဖြစ်သည်။


ရှဲ့ယီကျိုး ချဉ်းကပ်လာသည်ကို မြင်‌လိုက်ရခြင်းကြောင့် ကျိုးအာ့ဟယ် နျန်ယွီယီ၏လက်ကိုလွှတ်လိုက်ပြီး ဘေးဘီဝဲယာသို့ မကြည့်ဘဲ အရှေ့သို့သာ တည့်တည့်အာရုံစိုက်လိုက်သည်။


သည့်တိုင်အောင် ကျိုးအာ့ဟယ် ရှဲ့ယီကျိုး၏နာမည်ကျော် ဆွဲဆောင်နိုင်သည့်အသံကို မလွဲသွားခဲ့ချေ။


“ နျန်ယွီယီ…” ရှဲ့ယီကျိုး သူ၏အရှေ့ ခြေလှမ်းအနည်းငယ်အလိုတွင် ရပ်လိုက်ပြီး နေကာမျက်မှန်ကို ရုတ်တရက်ဆွဲချွတ်လာသည်။


“ ဟုတ်ကဲ့…” တိုက်ရိုက်အခေါ်ခံရမည်ဟု မထင်ထားသောကြောင့် နျန်ယွီယီ ထိတ်လန့်သွားရသည်။


“ အခုသက်သာသွားပြီလား…” ရှဲ့ယီကျိုး၏အကြည့်များမှာ ရှုပ်ထွေးနေသည်။ နျန်ယွီယီအပေါ်သို့ ပထမဦးဆုံး အကြည့်ရောက်သွားချိန်မှစကာ နျန်ယွီယီကိုဂရုစိုက်ပေးရန် ထူးဆန်းသောတွန်းအားတစ်ခုကို သူခံစားလိုက်ရသည်။


“ အင်းး ပိုကောင်းလာပါပြီ မေးပေးတဲ့အတွက် ကျေးဇူးပါ…” နျန်ယွီယီ မျှော်လင့်မထားသည့် စိုးရိမ်ပေးလာမှုကြောင့် အနည်းငယ်အံ့ဩသွားရသည်။


“ ကောင်းပြီ…” နျန်ယွီယီ အဆင်ပြေကြောင်း စိတ်ချသွားရပြီးနောက် ရှဲ့ယီကျိုး ခေါင်းညိတ်ကာ သူ၏သီးသန့်စတူဒီယိုရှိရာသို့ ထွက်သွားလိုက်သည်။


“ ရှဲ့ယီကျိုးကိုကြည့်ရတာ အခုပိုပြီးအဆင်ပြေလာပုံပဲ… အင်တာနက်က လုံးဝကိုယုံလို့မရဘူးနော်…” နျန်ယွီယီ လတ်တလောလေးကမှ တွေ့ရှိထားသည့် ရှဲ့ယီကျိုး၏ဒေါသနှင့် မောက်မာမှုအကြောင်း မှတ်ချက်များကို ပြန်တွေးမိသွားသည်။


“ အင်းး အဲ့သည့်မှတ်ချက်တွေက လုံးဝကို အခြေအမြစ်မရှိတာပဲ…”


“ ဘာလို့လဲ…” နျန်ယွီယီ ပြန်လှည့်ကြည့်လိုက်ချိန်၌ ရှဲ့ယီကျိုးထွက်ခွာသွားသည့် လမ်းကြောင်းကိုကြည့်ကာ တောင့်ခဲနေသေးသော ကျိုးအာ့ဟယ်ကို တွေ့လိုက်ရသည်။


“ အဲ့သည့်ဟာက အမှန်ပဲ… ရှဲ့ယီကျိုးက စိတ်ဆတ်ပြီး လူအနည်းငယ်ကပဲ သူ့ကိုကျော်သွားရဲတာ…” ကျိုးအာ့ဟယ်မှ တီးတိုးပြောလာသည် “ သူ့အဖေက ရှဲ့အုပ်စုရဲ့လက်ရှိစီအီးအိုလေ… ပြီးတော့ သူ့အစ်ကိုကလည်း ဖုန့်ဟွာဖျော်ဖြေရေးကုမ္ပဏီရဲ့ လူကြီးပိုင်းထဲက…သည်ဖျော်ဖြေရေးနယ်ပယ်မှာ သူတို့ကိုသွားထိလို့မရဘူး… ရှဲ့ယီကျိုးက အရင်မျိုးဆက်အဟောင်းတွေအပေါ် တလေးတစားရှိပေမယ့် အခြားသူတွေနဲ့တော့ သူ့ရဲ့ကြမ်းတမ်းတဲ့အပြုအမူတွေကြောင့် နာမည်ကြီးတယ်…”


“ ဒါပေမယ့် အခုသူ့ကိုကြည့်ရတာ ကြင်နာတတ်မဲ့ပုံပဲနော်… ကျွန်တော့်ကျန်းမာရေးအကြောင်းတောင် မေးသွားပေးသေးတယ်…”


“ အမှန်ပဲ…” ကျိုးအာ့ဟယ် နှာခေါင်းရှုံ့လျက် ပြန်ဖြေလာသည် “ သည်ကနေ့တော့ အနောက်ကနေ နေထွက်လာလားဆိုတာ စစ်ကြည့်ဦးမှပဲ…”


နျန်ယွီယီ : “.....”


ဖန်အုပ်စု၏ရင်းနှီးမြုပ်နှံမှုကြောင့် ရိုက်ကူးရေးအဖွဲ့မှာ အခြားသူများနှင့်ယှဉ်လိုက်ပါက ပိုမိုကောင်းမွန်ပြီး အရံများမှလွဲ၍ လူတိုင်းလိုလို နားနေခန်းငယ်လေးများ ရရှိကြသည်။


နျန်ယွီယီ သူ၏နားနေခန်းသို့ရောက်ပြီး ခဏအကြာတွင် ပါဆယ်မှာယူထားသည်မှာ ရောက်လာသောကြောင့် ကျိုးအာ့ဟယ် သွားယူရန်ထွက်သွားခဲ့သည်။ လက်ရှိတွင် နျန်ယွီယီမှာ တရားဝင်အားလပ်ရက်ရထားသည်ဖြစ်ရာ နားနေခန်းထဲတွင် မိတ်ကပ်ပြင်ပေးသူ မရှိနေခဲ့ချေ။


အနည်းငယ်ပိုနေသည့်အချိန်အတွင်း နျန်ယွီယီ အင်တာနက်ပေါ်သို့တက်ကာ ရှဲ့ယီကျိုးနှင့် ဖန်ကျုံးချွမ်းတို့၏သတင်းများကို ရှာဖွေလိုက်သည်။


ဖန်ကျုံးချွမ်းမှာ ဖန်အုပ်စု၏စီအီးအိုဖြစ်ပြီး လက်ရှိကမ္ဘာ့အငယ်ဆုံးထရီလျံနာဖြစ်ကာ သိုသိုသိပ်သိပ်နေတတ်သူဖြစ်သည်။ လိုင်းပေါ်တွင် ထိုသူ၏ဓာတ်ပုံအလွန်နည်းပါးပြီး သတင်းအများစုတွင် ပုံဟောင်းများကိုသာ ပြန်သုံးထားရကာ အချို့သောအဝေးမှရိုက်ချက်များသည် မှုန်ဝါးလွန်းသောကြောင့် တစ်ပိုင်းတစ်စကိုသာ မြင်‌တွေ့ရသည်။


ဆန့်ကျင်ဘက်အားဖြင့် နာမည်ကျော်တစ်ဦးဖြစ်သူ ရှဲ့ယီကျိုးထံတွင်မူ ဓာတ်ပုံနှင့်သတင်းမြောက်များစွာရှိနေခဲ့သည်။ အစောပိုင်းတွင် ကျိုးအာ့ဟယ်ပြောခဲ့သည့်အကြောင်းကို အသေးစိတ်ရှာကြည့်လိုက်ပြီးနောက် နျန်ယွီယီ ဖုန်းကိုဘေးတွင်ချထားလိုက်သည်။


ကျိုးအာ့ဟယ်မှာမူ ပါဆယ်ယူကာ ပြန်ရောက်လာပြီး ဟင်းများကို စားပွဲလေးပေါ်သို့ တင်လိုက်လေသည် “ စားကြရအောင်…”


နျန်ယွီယီနှင့် မနီးမဝေးတွင်ရှိသော ပိုမိုကြီးမားသည့် နားနေခန်းထဲတွင် ရှဲ့ယီကျိုးမှ အသစ်လဲလှယ်ထားသောဝတ်စုံဖြင့်ထိုင်ကာ မိတ်ကပ်ပြင်သူကို သူ၏မျက်နှာပေါ်တွင် အလုပ်ပေးထားလိုက်သည်။


“ လေအေးပေးစက်ကို လျော့လိုက်ဦး…” ခဏအကြာတွင် သူ၏တစ်ဝက်ခန့်ပိတ်ထားသည့် မျက်လုံးများကိုဖွင့်ကာ လက်ထောက်ဖြစ်သူကို ညွှန်ကြားလိုက်သည်။


“ သခင်လေး အခုတောင် ၂၅ဒီဂရီစင်တီဂရိတ်ဖြစ်နေပြီ… ထပ်လျော့ရင် အအေးမိသွားလိမ့်မယ်…” လက်ထောက်မှ မျက်မှန်ကိုပြင်ကာ လေအေးပေးစက်စီသို့ လှမ်းကြည့်လိုက်သည်။ ထိုအချိန်မှသာ မမျှော်လင့်စွာဖြင့် လေအေးပေးစက်ပိတ်ထားသည်ကို မြင်လိုက်ရသည်။


“ အမ်…” လက်ထောက်မှ လေအေးပေးစက်အနားသို့သွားကာ ခလုတ်ဖြင့်ပြန်ဖွင့်ရန်ကြိုးစားလိုက်ပြီးနောက် သူ၏ဖုန်းဖြင့်ပါ ထပ်စမ်းလိုက်သည်။ ထို့နောက်အဆုံး၌ လှမ်းပြောလိုက်လေသည် “ ကြည့်ရတာ လေအေးပေးစက်ပျက်သွားပြီထင်တယ် သခင်လေး…”


သူ၏ဝတ်စုံအလေးချိန်ကို ခံစားမိသည့်ရှဲ့ယီကျိုးမှ ဖုန်းကိုဘေးသို့ပစ်ချလိုက်ပြီး မြင်သာထင်သာရှိစွာဖြင့် စိတ်တိုနေခဲ့သည် “ စက်ပြင်သမားကိုခေါ်လိုက် ငါတို့သည်ဟာကို ပြင်ရမယ်…”


“ လက်ရှိအားနေမဲ့နားနေခန်းရှိမလားဆိုတာ ကျွန်မဒါရိုက်တာကိုမေးလိုက်ရမလား…” ရှဲ့ယီကျိုးနှင့် နှစ်ပေါင်းများစွာ အလုပ်အတူလုပ်လာခဲ့ခြင်းကြောင့် ယောင်ယောင် ရှဲ့ယီကျိုး၏ဒေါသကိုကောင်းကောင်းသိကာ အခြားနေရာလွတ်ကို ရှာပေးခြင်းဖြင့် ထိပ်တိုက်တွေ့ဆုံမှုများကို ရှောင်ရှားခြင်းသည်သာ အကောင်းဆုံးဖြစ်မည်ဟု ခံစားနေရသည်။


“ မလိုတော့ဘူး… အခုချိန် ဘယ်နားနေခန်းမှ မအားလောက်မှာ အသိသာကြီး…” ရှဲ့ယီကျိုး သူ၏ခုံမှထကာ ပြောလိုက်သည် “ ငါအခုတော့ နျန်ယွီယီရဲ့နားနေခန်းကိုသွားလိုက်မယ်… သည်ဟာပြင်ပြီးမှပဲ ပြန်တွေ့တာပေါ့…”


ယောင်ယောင် ယာယီတစ်ခုဆောက်ရန် အကြံမပြုနိုင်ခင်မှာပင် ရှဲ့ယီကျိုး၏ ပြောလာသောစကားကြောင့် ကြောင်အသွားရသည်။


“ ကျွန်မတို့အခုသွားမှာလား…” ယောင်ယောင် တုန့်ဆိုင်းဆိုင်းဖြင့် မေးလိုက်မိသည်။


“ ဟုတ်တယ်…” အပိုစကားထပ်မဆိုတော့ဘဲ ရှဲ့ယီကျိုးမှာ နျန်ယွီယီ၏နားနေခန်းရှိရာသို့ ထွက်သွားနှင့်လေပြီ။


နျန်ယွီယီနှင့် ကျိုးအာ့ဟယ်တို့မှာမူ ထမင်းစားနေချိန်အတွင်း နယ်ပယ်အတွင်းမှ အတင်းအဖျင်းများ‌ကိုပြောဆိုနေကြစဉ် တံခါးခေါက်သံတစ်ချက်က သူတို့ကိုကြားဖြတ်လိုက်သည်။


“ ခဏလေးနော် လာပါပြီ…” ကျိုးအာ့ဟယ် ထမင်းပန်းကန်ကိုချကာ ပါးစပ်ကိုဖြစ်သလိုသုတ်လိုက်ပြီးနောက် တံခါးထဖွင့်လိုက်ရသည်။


 “ ဘာများကူညီပေးရ… ရှဲ့ ရှဲ့ယီကျိုးလား…”


ဟုတ်သား ရှဲ့ယီကျိုးကြီးလား…


နျန်ယွီယီ ရပ်တန့်သွားပြီးနောက် လည်ပင်းကိုဆန့်၍ အလည်လာသူထံလှမ်းကြည့်လိုက်မိသည်။


တဝက်တပျက်ခြယ်သထားသောမိတ်ကပ်နှင့် ရှေးခေတ်ဝတ်စုံတို့ဖြင့် ရှဲ့ယီကျိုးကို အနီးကပ်မြင်ရသည်မှာ ကြောင်တောင်တောင်နိုင်နေခဲ့သည်။ အကယ်၍ ထိုသူ၏ကြည့်ကောင်းလှသော ရုပ်ရည်ကြောင့်သာမဟုတ်ခဲ့ပါက ရှဲ့ယီကျိုးမှာ ရယ်စရာကောင်းနေပေလိမ့်မည်။


“ ဟယ်လို ဟယ်လို…” ယောင်ယောင်မှ အရှေ့သို့တိုးဝင်ရပ်လိုက်သည် “ ကျွန်မတို့နားနေခန်းက လေအေးပေးစက်ကပျက်သွားလို့လေ… မင်းတို့အခန်းကိုခဏလောက်အသုံးပြုလို့ရမလားဟင်…”


ဤမျှယဉ်ကျေးလှသည့် တောင်းဆိုမှုအပြီးတွင် ကျိုးအာ့ဟယ် အတင်းအကြပ်သဘောတူခိုင်းခံလိုက်ရသလို ခံစားမိသွားသည် “ ဒါပေါ့ ဝင်ခဲ့ပါ ဝင်ခဲ့ပါ…”


နျန်ယွီယီ ထမင်းအမြန်စားပြီးသည်နှင့် စားပွဲကိုရှင်းကာ အခြားခုံတစ်ခုံပေါ်တွင်နေရာချလိုက်ပြီး မိတ်ကပ်ပြင်သည့်ခုံကို ရှဲ့ယီကျိုးထံပေးလိုက်သည်။


“ ကျေးဇူးပါနော်…” ယောင်ယောင် နွေးထွေးစွာပြုံးပြလိုက်ပြီ ခုံတစ်ခုံဆွဲယူကာ ရှဲ့ယီကျိုးထိုင်ချရန် စောင့်ဆိုင်းနေလိုက်သည်။ ဤအချိန်အတွင်း နာခံမှုရှိလှသည့် နျန်ယွီယီထံသို့ တချက်ခိုးကြည့်လိုက်မိကာ အရှိန်အဟုန်ဖြင့်တက်လာသည့် မိခင်စိတ်ကိုခံစားမိလိုက်ရသည်။


သည်လောက်တောင် အမူအကျင့်ကောင်းတဲ့ကလေးလေး… ပြီးတော့ အရမ်းလည်းချောတာပဲ…


ရှဲ့ယီကျိုးမှ နှုတ်ခမ်းတင်းတင်းစေ့ထားကာ ထိုင်ခုံကိုယူလိုက်သော်လည်း သူ၏အကြည့်များမှာမူ နျန်ယွီယီထံမှ မခွာသွားခဲ့ချေ။


ကြည့်နေရင်းဖြင့် ရှဲ့ယီကျိုး၏မျက်ခုံးပိုကျုံ့လာလေလေ ကောင်ငယ်လေးမှ ရှဲ့ယီကျိုးအပေါ် မည်ကဲ့သို့စိတ်တိုသွားရန် လုပ်မိသည်နည်းဟု တွေးမိလေလေဖြစ်သောကြောင့် ယောင်ယောင် ယောက်ယပ်ခတ်လာရသည်။


“ ယောင်ယောင်…” အဆုံး၌ ရှဲ့ယီကျိုးမှ စကားထပြောလာသည်။


“ ဟုတ်ကဲ့…” ယောင်ယောင် ထိုအခါမှ လက်တွေ့စီသို့ ပြန်ရောက်လာရသည်။


“ နို့တစ်ခွက်ယူခဲ့…”


“ အမ်… အာ အိုကေ အိုကေ…” ယောင်ယောင် ကြောင်အမ်းအမ်းဖြစ်နေရသော်လည်း နို့ဝယ်ရန် ထွက်သွားလိုက်သည်။


သည်နတ်ဆိုးကောင်ကြီးက ဘာလို့ရုတ်တရက်ကြီး နို့လိုချင်ရတာလဲ… ကောင်ငယ်လေးရဲ့ နူးညံ့ငယ်ရွယ်တဲ့ ပုံပန်းသဏ္ဍာန်ကြောင့် သူကိုယ်ပိုင်ငယ်ရွယ်မှုကို အမှတ်ရသွားလို့ နို့ပိုသောက်ချင်သွားတာများလား…


ဖြစ်နိုင်လေမလား…


ယောင်ယောင်၏စိတ်ထဲ၌ မေးခွန်းပေါင်းသန်းချီရှိသော်လည်း ရှဲ့ယီကျိုး၏တောင်းဆိုမှုကို ဖြည့်ဆည်းပေးရမည်ဖြစ်ကြောင်း သူမသိနေခဲ့သည်။


ညစာစားအပြီးတွက် အခြားသောသရုပ်ဆောင်များမှ မိတ်ကပ်ပြန်ပြင်ရန်ထွက်ခွာသွားကြသောကြောင့် နောက်လာမည့်ရိုက်ကူးရေးမှာ နှောင့်နှေးနေရသည်။


နျန်ယွီယီနှင့် ကျိုးအာ့ဟယ်တို့မှာမူ ထိုင်ခုံအသေးလေးများဖြင့်ထိုင်ကာ နှစ်ဦးတွဲမိုဘိုင်းဂိမ်းကို ကစားနေကြသည်။


“ ဟေး ဟေးး အစ်ကိုကျိုး ကျွန်တော့်ကိုကာပေးဦးလေ… သူတို့ တောတိုးတဲ့သူက ကျွန်တော့်စီလာနေပြီ…” နျန်ယွီယီ၏လက်ချောင်းများမှာ ဖုန်းမျက်နှာပြင်ပေါ်တွင် ခပ်သွက်သွက်လှုပ်ရှားနေခဲ့သည်။


 “ အစ်ကို အစ်ကို ကျွန်တော့်ကိုသည်မှာကယ်ဦးလို့..”


“ ငါလာနေပြီ အရမ်းအဝေးကြီးမသွားနဲ့… ငါပြောသားပဲ တာဝါကိုသွားမတိုက်ပါနဲ့လို့…” ကျိုးအာ့ဟယ်မှာ ကျန်းဖေးအမည်ရှိသည့် အကောင်ကြီးကြီးဖြင့် အကာအကွယ်ပေးသူကို ကိုင်ထားပြီး နျန်ယွီယီ၏အပစ်သမားအရှေ့သို့တက်ကာ အချိန်မီကာပေးလိုက်ရသည် “ အမြန်ထွက်တော့ ငါမင်းကိုကာပေးထားတယ်….”


“ ထွက်ပြီ ထွက်ပြီ ကပ်သီလေးပဲနော်…” နျန်ယွီယီမှာမူ လုပန်ခုနစ်အမည်ရှိပြီး တဖက်အဖွဲ့ကိုသတ်ရန် ကြံစည်နေစဉ် တာဝါကြောင့် ပြင်းပြင်းထန်ထန်ဒဏ်ရာရသွားသည့် ပစ်ခတ်သူဇာတ်ကောင်ကိုကိုင်ထားခဲ့ကာ ယခုအချိန်၌ ပြန်ရန်အတွက် ချုံပုတ်ထဲတွင် ပုန်းနေရသည်။


“ နောက်တစ်ခါကျရင် အရမ်းမလောနဲ့… ငါမင်းကိုမကယ်နိုင်လောက်ဘူး…” ကျိုးအာ့ဟယ် လက်ဖဝါးပေါ်မှချွေးများကိုသုတ်ကာ ပြောလိုက်သည် “ လူစုရအောင် ဟိုဘက်ကကောင်တွေ အားလုံးပျောက်ကုန်ပြီ…”


တစ်မိနစ်အကြာတွင် သူတို့အဖွဲ့မှ အရှေ့သို့တိုးကာ ရန်သူ့ပလ္လင်ကိုချိုးနိုင်ခဲ့သည်။ ‌အနိုင်ရသည် ဟူသောစာလုံးပေါ်လာသည်နှင့် နျန်ယွီယီ ဂိမ်းအကျဉ်းချုပ်ထံမှထွက်ကာ နောက်တစ်ပွဲစရန်ပြင်လိုက်စဉ် နားနေခန်းတံခါးမှာပွင့်လာခဲ့လေသည်။


လတ်လတ်ဆတ်ဆတ်ဝယ်လာခဲ့သော နို့ခွက်ကိုတင်းတင်းကိုင်လျက် ယောင်ယောင်မှ အသက်ပင်မရှူဘဲပြောလာသည် “ အစ်ကိုရှဲ့.. နို့ရလာပြီ…”


“ အင်း…” မိတ်ကပ်ပြင်ပြီးလုနေပြီဖြစ်သော ရှဲ့ယီကျိုးမှ မော့ကြည့်ကာ ပြောလာသည် “ နျန်ယွီယီကိုပေးလိုက်…”


ယောင်ယောင် ကြောင်အသွားရသည် “ ဘာရယ်…”


ကျိုးအာ့ဟယ်သည်လည်း ရုတ်တရက်ပေးလာသောအမိန့်ကြောင့် လန့်သွားရကာ အမှားမှားအယွင်းယွင်းဖြင့် ဂိမ်းအခန်းထဲမှ ထွက်သွားမိလိုက်သည်။


နျန်ယွီယီမှာမူ အခုလေးတင်ဘာဖြစ်သွားတာလဲ ဟူသောအမူအရာဖြင့် မေးလိုက်မိသည် “ ဘာဖြစ်တာလဲဟင်…”


ယောင်ယောင် နျန်ယွီယီထံကြည့်လိုက်ပြီးနောက် ရှဲ့ယီကျိုးထံသို့ ပြန်ကြည့်လိုက်သည်။ နောက်ပြောင်နေခြင်းမဟုတ်ကြောင်း အတည်ပြုပြီးမှသာ ဖုန်းကိုဘေးတွင်ချလိုက်ပြီးဖြစ်သည့် နျန်ယွီယီအနားသို့သွား၍ နို့ခွက်ကိုလှမ်းပေးလိုက်ရသည် “ ပူနေတုန်းသောက်လိုက်နော်…”


နျန်ယွီယီ : ????


အဆုံး၌ ရှဲ့ယီကျိုးမှ ထပြောလာသည် “ မင်းကအရမ်းပိန်နေတယ်… နို့ပိုသောက်ချည်…”


ပိန်ရုံတင်မကဘူး ပုလဲပုသေးတယ်…


ယောင်္ကျားတစ်ယောက်၏မာနကို ထိခိုက်သွားမည်စိုးသောကြောင့် လက်ကျန်စကားကို စိတ်ထဲတွင်သာသိမ်းထားလိုက်ပြီး ရှဲ့ယီကျိုးထုတ်မပြောလိုက်တော့ပေ။


သို့တိုင်အောင် နျန်ယွီယီမှာ အစော်ကားခံရသည်ဟု ခံစားလိုက်ရသေးသည်။ သူ၏ခန္ဓာကိုယ်ကို ငုံ့ကြည့်လိုက်ပြီးနောက် ရှဲ့ယီကျိုးထံသို့ နှာခေါင်းကိုရှုံ့ချည်ပွချည်လုပ်ကာ ကြေကွဲနေသောအမူအရာဖြင့် လှမ်းကြည့်လိုက်မိသည် 


“ ကျွန်တော်က ဘယ်နားမှာပိန်လို့လဲ…”


“ မင်းဝိတ်အတော်ကျသွားတာလေ…” ရှဲ့ယီကျိုး၏ရှင်းပြစကားကြောင့် ယခုအချိန်၌ ရှော့ရနေခြင်းနည်းပါးသွားသည့် ကျိုးအာ့ဟယ်မှာ ပုံမှန်မကျစွာဖြင့် ရှဲ့ယီကျိုးဘက်သို့ ဘက်လိုက်မိသည် “ ငါမင်းကိုအရင်တုန်းက နို့သောက်ဖို့ပြောသားပဲ… မင်းငြင်းနေခဲ့တာလေ… အခုတော့သောက်လိုက်တော့ သည်နေ့ကနေစပြီး နေ့တိုင်းငါမင်းအတွက် နို့တစ်ခွက်ယူပေးမယ်…”


“ မလိုချင်ပါဘူးနော်…” ထိုစကားကိုကြားလိုက်ချိန်၌ နျန်ယွီယီ၏မျက်လုံးများမှာ ပြူးကျယ်သွားရသည်။


ယောင်္ကျားတစ်ယောက်က နေ့တိုင်းနို့‌မသောက်နေသင့်ဘူးလေ….


“ ရိုက်ကွင်းမှာရှိနေတဲ့အချိန်ဆိုရင် ယောင်ယောင်က မင်းအတွက် တစ်နေ့တစ်ခွက်ယူပေးလိမ့်မယ်…” ရှဲ့ယီကျိုးမှ လက်ကိုမြှောက်လိုက်ပြီးနောက် တဖြည်းဖြည်းချင်းပြန်ချကာ လက်ချောင်းများကို အချင်းချင်းတို့တိနေသည်။


ရှဲ့ယီကျိုး၏ တစ်နည်းအားဖြင့် ဖိအားပေးသည့် ထုတ်ပြန်ချက်ကြောင့် နျန်ယွီယီ တောင့်ခဲသွားရသည်။


ယေဘူယျအားဖြင့် သူ့ထံတွင် ရှဲ့ယီကျိုးအပေါ်၌ အမြဲလိုပင် အနည်းငယ်ရင်းနှီးသောခံစားမှုတစ်မျိုးရနေသည်။ ယခုတိုင်အောင် ရှဲ့ယီကျိုး၏ အခိုင်အမာပြောဆိုမှုမှာ သူ၏အကျိုးအတွက်ကြောင့်မှန်း နျန်ယွီယီသိရှိပြီးဖြစ်သည်။


မည်သို့တုန့်ပြန်ရမည်ကိုမသိနေသည့်အတွက် နျန်ယွီယီ ခဏကြာ တွန့်ဆုတ်နေပြီးနောက် နို့ခွက်ကိုယူကာ တစ်ခွက်လုံးတစ်ခါတည်းမော့ချလိုက်မိသည်။


ထို့နောက် ခွက်ကိုစားပွဲပေါ်သို့ပြန်တင်လိုက်ပြီး ကျွတ်ဆတ်ဆတ်အသံနှင့်အတူ ခွက်ကြေသွားသည်မှာ အသိသာပင်။


ရှဲ့ယီကျိုးမှာမူ နျန်ယွီယီ၏ဆန္ဒပြခြင်းအပေါ် မတုန်မလှုပ်ရှိနေမြဲဖြစ်သည်။ နို့ကုန်သွားသည်ကို ကြည့်လိုက်ပြီးနောက် သူ၏မျက်နှာအမူအရာမှာ သိသိသာသာပင် ပြေလျော့သွားကာ ပြောလိုက်သည် “ သွားရအောင် ငါတို့ရိုက်ကွင်းကိုသွားကြည့်မှာ မဟုတ်ဘူးလား…”


“ ဟမ်…” ဆူပုတ်နေသေးသည့် နျန်ယွီယီမှာ ထိုစကားကြောင့် လူမိခံလိုက်ရသည်။


“ ရိုက်ကူးရေးကစတော့မှာလေ… ဒါရိုက်တာက ငါတို့ကိုအခုပဲ အဖွဲ့လိုက်စကားဝိုင်းထဲမှာ အသိပေးထားတယ်… မင်းလာချင်လား…”


“ ….” နျန်ယွီယီ အလေးအနက်တွေးတောလိုက်ပြီးနောက် “ ဟုတ်ကဲ့…” ဟုပြန်ဖြေလိုက်မိတော့သည်။



🫶