Chapter 4
Viewers 2k

🫶Chapter 4




ဇာတ်ကွက်မှာ အဓိကအမျိုးသားဇာတ်လိုက်နှင့် ဒုတိယအမျိုးသားဇာတ်လိုက်တို့ပါဝင်သော ရိုက်ချက်ဖြစ်သည်။ နျန်ယွီယီသည် ရှဲ့ယီကျိုး၏အနောက်မှနေ ဒါရိုက်တာကြီးနှင့် ဒုတိယအမျိုးသားဇာတ်လိုက်တို့ ဝတ်စုံပြည့်ဝတ်၍ ထိုင်ဆွေးနွေးနေကြသည့် ရိုက်ကူးရေးနေရာသို့ လိုက်သွားလိုက်သည်။


“ အာ သခင်လေးရှဲ့ရောက်လာပြီလား …” ဒါရိုက်တာကြီးမှ ရှဲ့ယီကျိုးရောက်လာသည်ကို မြင်သည်နှင့် နှုတ်ဆက်လာသည်။


ရှဲ့ယီကျိုး၏ ဩဇာလွှမ်းမိုးနိုင်မှုကြောင့် ဒါရိုက်တာများ မထိပါးနိုင်သည့်သူတစ်ဦးဖြစ်နေလေရာ ဒါရိုက်တာတိုင်းလိုလိုသည် ရိုက်ကွင်းပေါ်၌ ရှဲ့ယီကျိုးကို ကောင်းမွန်စွာဆက်ဆံလေ့ရှိကြသည်။


ရှဲ့ယီကျိုး ဒါရိုက်တာအနီးသို့ရောက်သွားချိန်တွင် ရုတ်တရက်ဆိုသလို နျန်ယွီယီ၏လက်ကို ကောက်ဆွဲလိုက်ပြီး ပြောလာခဲ့သည် “ သည်မှာထိုင်ပြီး ငါသရုပ်ဆောင်တာကို အနီးကပ်ကြည့်ချည်…”


ရှဲ့ယီကျိုးသည် သရုပ်ဆောင်ပညာနှင့်ပတ်သက်၍ နျန်ယွီယီကို အမှန်တကယ်ပင် သင်ပြပေးလိုစိတ်ရှိသောကြောင့် အနီးအနားရှိ ဝန်ထမ်းတစ်ယောက်ကို ခုံတစ်လုံးယူလာရန်ပြောပြီး ညွှန်ကြားလိုက်သည် “ သူ့ကိုကောင်းကောင်းဂရုစိုက်ပေးလိုက်ပါ..”


“ အာ ဟုတ်ကဲ့ ဟုတ်ကဲ့…” ဝန်ထမ်းလည်း ခဏမျှရပ်တန့်သွားပြီးနောက် အလျင်အမြန်ပင် မုန့်နှင့်အချိုရည်တို့ကို နျန်ယွီယီ၏ဘေးတွင် ချထားပေးလာသည် 


“ လူကြီးမင်းရှဲ့ ကျွန်တော်တို့ရိုက်ဖို့အဆင်သင့်‌ဖြစ်နေပါပြီ…”


ဒါရိုက်တာကြီးမှာမူ နျန်ယွီယီတစ်ယောက် ရှဲ့ယီကျိုးနှင့် ထိုမျှမြန်မြန်ဆန်ဆန်ရင်းနှီးသွားကြလိမ့်မည်ဟု မထင်ထားမိခဲ့ပေ။ ထို့ထက်ပိုသည်က ရှဲ့ယီကျိုး၏ လက်ရှိအပြုအမူများမှာ နျန်ယွီယီကို သူ့အတောင်ပံအောက်တွင်ထားချင်ကြောင်း သိသိသာသာကိုအချက်ပြနေခဲ့သည်။


ဒုတိယအမျိုးသားဇာတ်လိုက်ဖြစ်သူမှာ ရသစုံရှိုးတစ်ခုမှ နာမည်ရလာသော မင်းသားတစ်လက်ဖြစ်သည်။ သူ၏ပရိသတ်အင်အားမှာ ရှဲ့ယီကျိုးနှင့်မယှဉ်နိုင်သေးသော်လည်း ဖျော်ဖြေရေးနယ်ပယ်တွင် အတော်အသင့်အင်အားတောင့်သူဖြစ်သည်။


ထိုသူမှာ ရှဲ့ယီကျိုးနှင့်ရင်းနှီးမှုတစ်ခုရရန် အမြဲလိုကြိုးစားခဲ့သော်လည်း တစ်ဖက်လူမှာမူ သူ့အားမျက်နှာသာမပေးခဲ့ပေ။ အံ့ဩစရာကောင်းစွာဖြင့် သူအမြဲလိုအထင်သေးနေခဲ့သည့် တတိယအမျိုးသားဇာတ်လိုက်မှာ ရှဲ့ယီကျိုးနှင့် ကောင်းမွန်သည့်ဆက်ဆံရေးတစ်ခု အေးအေးဆေးဆေးတည်ဆောက်ထားနိုင်ပုံပင်။


၎င်းမှာ သူ၏မနာလိုစိတ်ကို နှိုးဆွပေးလာခဲ့သည်။ နျန်ယွီယီအပေါ်၌ ကဲ့ရဲ့သည့်မှတ်ချက်ထပေးမည်အပြုတွင် အနားရှိသူ၏လက်ထောက်မှ တံတောင်ဖြင့်တွတ်၍ အချက်ပေးလာသောကြောင့် စကားလုံးများကို ပြန်ကာသာမြိုချလိုက်ရသည်။


“ ကောင်းပြီ အားလုံးပဲအသင့်ပြင်ထားကြတော့…” လက်ထောက်ဒါရိုက်တာမှ ဝန်ထမ်းများကို ညွှန်ကြားလိုက်သည် “ ကင်မရာစမယ် အလင်းအသင့်ဖြစ်ပြီ…”


ထို့နောက် နျန်ယွီယီသည် ဒုတိယအမျိုးသားဇာတ်လိုက်၏ တူညီသောစိတ်ခံစားချက်များနှင့် အကြိမ်တိုင်းလိုပင် တုန်လှုပ်နေသည့် သုံးကြိမ်မြောက်ရိုက်ချက်ကို ကြည့်ရှုနေမိသည်။


ရှဲ့ယီကျိုး၏ တဖြည်းဖြည်းမဲမှောင်လာသော မျက်နှာအမူအရာကို အကဲခတ်ကာ ရိုက်ကူးရေးဝန်ထမ်းမှပေးထားခဲ့သည့် နေကြာစေ့များကို စဝါးလိုက်ပြီး ဒရာမာအချို့အတွက် အသင့်ဖြစ်နေလေပြီ။


အိမ်တွင်ရှိနေစဉ်အတွင်း မူလနျန်ယွီယီ၏မှတ်ဉာဏ်များကို ပြန်လည်စီစစ်ကြည့်ရာတွင် အဆိုပါဒုတိယအမျိုးသားဇာတ်လိုက်မှာ ထိုသူ၏ပရိသတ်အင်အားနှင့် မြင့်မားသောအဆင့်တို့အပေါ် အမှီပြု၍ သူ့အားမကြာခဏဆိုသလို ပစ်မှတ်ထားခဲ့ဖူးသည်ကို သိလိုက်ရသည်။


ထို့အပြင် သူ၏မိုက်ခရိုဖုန်းမတော်တဆမှုနောက်ကွယ်၌ ထိုသူရှိနေမည်ဟုပင် နျန်ယွီယီ သံသယဝင်နေမိခဲ့သည်။


လေးကြိမ်မြောက်ရိုက်အပြီးမှသာ ဒါရိုက်တာကြီးက ခေါင်းညိတ်ကာ လက်ခံလာသည်။


ရှဲ့ယီကျိုး ဇာတ်ကောင်ထဲမှ အမြန်ထွက်လိုက်ပြီးနောက် သူ၏မျက်နှာမှာ မပြောင်းလဲဘဲ တည်ငြိမ်စွာဖြင့် နျန်ယွီယီထံသို့ တည့်တည့်လျှောက်လာခဲ့သည်။


“ ရေနည်းနည်းလောက်သောက်မလားဗျ..” နျန်ယွီယီ သူ၏ဖွင့်ထားပြီးသောရေဘူးကို ကမ်းပေးလိုက်သည်။


“ ကောင်းပြီ…” သဘာဝကျစွာပင် ရှဲ့ယီကျိုးမှ ‌လက်ခံလိုက်ပြီး နျန်ယွီယီ၏ဘေးခုံတွင်ထိုင်ကာ ပြောလာသည် “ မင်းဘယ်လိုထင်လဲ… သတိပြုမိတာ တစ်ခုခုရှိလား …”


“ အမ်း….” သူ၏လက်ထောက်အပေါ် ရေဘူးဖွင့်ထားမပေးခြင်းကြောင့် ဒေါသထွက်နေသည့် ဒုတိယဇာတ်လိုက်ဘက်သို့ နျန်ယွီယီ မသိမသာတချက်ခိုးကြည့်လိုက်သည်။


“ မင်းဘာကိုသတိပြုမိလဲ…”


လည်ချောင်းရှင်းလိုက်ပြီးနောက် နျန်ယွီယီ အသံတိုးတိုးဖြင့် ပြောလိုက်သည် “ အော်မေ့တောင်က မျောက်တစ်ကောင်ခေါ်လာရင်တောင် သရုပ်ဆောင်တာက တချို့သူတွေထက်သာဦးမယ်…”


တစ်စက္ကန့်၊ နှစ်စက္ကန့်၊ သုံးစက္ကန့် ကျော်လွန်သွားခဲ့သည်။


ဝန်ထမ်းအချို့ထံမှ ရယ်သံတိုးတိုးထွက်လာခဲ့ပြီး ရှဲ့ယီကျိုးသည်ပင် သူ၏ရယ်သံကို မထိန်းထားနိုင်ခဲ့ပေ။


လူအများကြားသွားကြောင်း သိလိုက်ရသောကြောင့် နျန်ယွီယီလန့်သွားရသည်။ ထိုအခါမှသာ လှမ်းကြည့်လိုက်ချိန်၌ ရှဲ့ယီကျိုး၏ဝတ်စုံတွင် တပ်ထားဆဲဖြစ်သည့် မိုက်ခရိုဖုန်းကို သူသတိပြုမိလိုက်လေသည်။


နျန်ယွီယီ ကျီးကန်းခြောက်ကောင် ခေါင်းပေါ်မှပျံသွားသကဲ့သို့ အပြည့်အဝလန့်သွားရကာ မည်သို့တုံ့ပြန်ရမည်ကို သူမသိတော့ပေ။


“ မင်းပြောတာအမှန်ပဲ…” ရှဲ့ယီကျိုးမှ နျန်ယွီယီ၏ခေါင်းကို တမြတ်တနိုးပုတ်လျက် မှတ်ချက်ပေးလာသည်။


အမ်းးး ခံစားလို့ကောင်းသားပဲ။


“ မင်းဘာပြောလိုက်တာလဲ…” နျန်ယွီယီ၏စကားများကိုကြားလိုက်သည့် ဒုတိယအမျိုးသားဇာတ်လိုက်မှ ဒေါကြီးမောကြီးနှင့် နျန်ယွီယီထံသို့ ချီတက်လာသည်


 “ နျန်ယွီယီ မင်းဘယ်လိုတောင် ငါ့အကြောင်းပြောရဲတာလဲ…”


ကောင်းရော ဒုက္ခနဲ့လှလှတော့တွေ့ပြီပဲ။


“ ကျွန်တော်အစ်ကို့အကြောင်း ဘာပြောမိလို့လဲဗျ…” နျန်ယွီယီ အပြစ်ကင်းချင်ယောင်ဆောင်ရန် ဆုံးဖြတ်လိုက်ပြီး ပဟေဠိဖြစ်နေဟန်ဖြင့် ရှဲ့ယီကျိုးဘက်လှည့်ကာ မေးလိုက်သည် 


“ အစ်ကိုကျိုး ကျွန်တော်သူ့အကြောင်းပြောမိလို့လားဟင်…”


“ ဟင့်အင်း မင်းကမျောက်တွေအကြောင်းပဲ ပြောနေတာပါ…” ရှဲ့ယီကျိုးမှ လက်ပိုက်လျက် မျက်ခုံးတစ်ဖက်ဝင့်ကာ ပြောလာသည် “ ပြဿနာရှိလို့လား…”


“ သူငါ့အကြောင်းပြောနေတာ အသိသာကြီးကို…”


“ ကျန်းယန်…”


“ မင်းရဲ့ဒေါသကိုမထိန်းချုပ်နိုင်ဘူးဆိုရင် ဖြစ်နိုင်တာက ကျိုးဖုန်းဇာတ်ကောင်က မင်းနဲ့မလိုက်လောက်ဘူး…” မာန်မချသေးသော ဒုတိယအမျိုးသားဇာတ်လိုက်ကိုကြည့်ကာ ရှဲ့ယီကျိုး၏အကြည့်များ အေးစက်သွားခဲ့သည်။


ထိုစကားကိုကြားလိုက်ရချိန်၌ မီးသဖွယ်တောက်လောက်နေသည့် ဒုတိယအမျိုးသားဇာတ်လိုက်မှာ ရေဖြင့်လောင်းချခံရသကဲ့သို့ဖြစ်သွားပြီး သူ၏လက်ထောက်လာဆွဲမခေါ်သွားခင်အချိန်အထိ နေရာမှာပင် တောင့်ခဲနေခဲ့သည်။


နျန်ယွီယီ၏အပြုံးများ ပို၍ကြီးမားလာသည်။


“ ပြုတ်မကျအောင် သတိထားဦး…” နျန်ယွီယီ ခုံပုလေးပေါ်မှ ပြုတ်ကျမည်ကိုစိုးရိမ်သောကြောင့် ရှဲ့ယီကျိုး ကပျာကယာလိုက်ထိန်းပေးလိုက်သည် “ ပြီးကြရင် နောက်တစ်ခန်းကျန်သေးတယ်… မင်းကြည့်ချင်လား…”


“ ဟုတ်ကဲ့…”


သည်လိုဖြင့် သူတို့ တစ်ဆယ့်တစ်နာရီကျော်အထိ ကြာမြင့်သွားခဲ့သည်။


မိတ်ကပ်ဖျက်နေသည့် ရှဲ့ယီကျိုးကို နျန်ယွီယီ သန်းဝေလျက်အဖော်ပြုပေးလိုက်ပြီးနောက် သူတို့နှစ်ဦးစလုံး ဟိုတယ်သို့ပြန်လာလိုက်ကြသည်။


ဟိုတယ်သို့စောရောက်နေသည့် ယောင်ယောင်နှင့်ကျိုးအာ့ဟယ်မှ သူတို့အတွက် ညလယ်စာအနေဖြင့် အရွက်သုပ်ပြင်ပေးထားခဲ့သည်။


ဤသည်ကိုမြင်လိုက်ရပြီးနောက် နျန်ယွီယီ ရှုံ့မဲ့သွားရသည် “ ကျွန်တော်ကသိုးမှမဟုတ်တာ အသားလေးတောင်မပါဘူးလား…”


နျန်ယွီယီမှာ အမှန်တကယ် အသားချစ်သူတစ်ဦးဖြစ်လေသည်။


၎င်းမှာ သူ၏မိဘမဲ့ဂေဟာတွင် ကြီးပြင်းခဲ့ရသည့်ကလေးဘဝကြောင့် ဖြစ်နိုင်ပေမည်။ ထိုနေရာတွင် သူတို့သည် အမြဲလိုပင် ငတ်မွတ်သိပ်နေကြရကာ အသားဟင်းမှာရခဲလှပြီး ဟင်းသီးဟင်းရွက်များသည်သာ အမြဲလိုပါတတ်သောကြောင့်ပင်။


သည့်အတွက်ကြောင့် ကြီးပြင်းလာသည်နှင့်အမျှ နျန်ယွီယီမှာ အသားမက်သူတစ်ဦးဖြစ်လာရသည်။


“ အိပ်ရာမဝင်ခင် အဆီများတဲ့ဟာတွေစားတာက မကောင်းဘူး…” ကျိုးအာ့ဟယ်မှ တစ်ခါသုံးတူကို သူ့ထံပေးပြီးပြောလာသည် “ စားလိုက်တော့…”


နျန်ယွီယီမှာ အစားအစာကိုဖြုန်းတီးသူတစ်ဦးမဟုတ်သောကြောင့် ကျိုးအာ့ဟယ်သူ့အတွက်ရွေးပေးထားသည့် အရွက်သုပ်ကိုသာ အပြတ်ရှင်းလိုက်မိသည်။ ထို့နောက် ရေအမြန်ချိုးကာ ညအိပ်ဝတ်စုံလဲလှယ်လိုက်ပြီး အိပ်ရာထဲတွင် ဖုန်းပွတ်နေလိုက်သည်။


ကျိုးအာ့ဟယ်မှာမူ ဖုန်းတစ်ကောပြောရန် အပြင်ထွက်သွားခဲ့ပြီး သူပြန်ရောက်ချိန်၌ နျန်ယွီယီအိပ်ပျော်နေသည်ကိုတွေ့လိုက်ရသည်။


“ သူအစောကြီးအိပ်သွားတာ ရှားသားပဲ…” ကျိုးအာ့ဟယ် တအံ့တဩနှင့် ခေါင်းယမ်းလိုက်မိသည်။ ထို့နောက် နျန်ယွီယီအတွက် မီးပိတ်ပေးလိုက်ကာ တံခါးကိုအသံတိတ်ပိတ်၍ ပြန်သွားလိုက်လေသည်။


***


နောက်‌တစ်နေ့တွင်…


ယမန်နေ့ညတွင် နျန်ယွီယီမည်မျှပင် အိပ်ရာဝင်စောခဲ့ပါစေ သူ၏နှိုးရခက်သည့်ပြဿနာမှာမူ မပြောင်းမလဲကျန်ရှိနေမြဲသာဖြစ်သည်။


တတိယအကြိမ်မြောက်တွင် ကျိုးအာ့ဟယ် နျန်ယွီယီကို အိပ်ရာထဲမှအတင်းဆွဲထုတ်ကာ ရေချိုးခန်းတွင်းသို့ တွန်းပို့လိုက်ရသည် “ မင်းမှာအသင့်ပြင်ဖို့ ဆယ်မိနစ်ပဲကျန်တယ်… သည်ဟာနဲ့မပြီးရင်တော့ မနက်စာကိုမေ့လိုက်တော့…”


မိနစ်အနည်းငယ်အကြာတွင် မသဲမကွဲအသံတစ်ခု တံခါးအနောက်မှထွက်ပေါ်လာသည် “ မနက်စာအလွတ်ခံတယ်ဆိုတာက ကျန်းမာရေးအတွက်မကောင်းဘူးလေ…”


ကျိုးအာ့ဟယ် : …..


သည်သောက်ကလေးက အရမ်းစိတ်တိုဖို့ကောင်းတာပဲ…


အတိအကျပင် ဆယ်မိနစ်အကြာတွင် နျန်ယွီယီ ရေချိုးခန်းထဲမှပြေးထွက်လာပြီး အဝတ်အစားလဲကာ သန့်ရှင်းလတ်ဆတ်နေသည်။


“ မနက်စာကဘာလဲ…” နျန်ယွီယီ မျက်နှာသစ်ပြီး ခေါင်းလျှော်လာသောကြောင့် ရေစက်အချို့မှာ သူ့ဆံပင်တွင် တွဲလဲခိုနေလျက် တတောက်တောက်ကျနေကာ ကော်ဇောပေါ်သို့ကျဆင်းသွားခဲ့သည်။


“ နျန်ယွီယီ မထွက်လာခင် ဆံပင်မသုတ်လာဘူးလား…” ယခုပင်မနက်စာပြင်ပြီးသည့် ကျိုးအာ့ဟယ်မှ နျန်ယွီယီ၏ရေစိုဆံပင်ကို သတိထားမိလိုက်သည်။


“ အစ်ကိုပဲ ကျွန်တော့်ကိုဆယ်မိနစ်အတိပေးထားတာမဟုတ်ဘူးလား ..အချိန်မှမလောက်တာ…” အိပ်ချင်မူးတူးဖြစ်နေသောကြောင့် ဖြစ်နိုင်ပေမည့် နျန်ယွီယီ၏အသံမှာ နှာခေါင်းသံဖြင့်လေးနေခဲ့သည်။


ကျိုးအာ့ဟယ် နျန်ယွီယီကို ဖြတ်ကျော်၍ ရေချိုးခန်းတွင်းမှ မျက်နှာသုတ်ပဝါအခြောက်ယူကာ ထိုင်ခုံပေါ်သို့ ထိုင်ခိုင်းစေပြီး ခေါင်းစသုတ်ပေးလိုက်ရသည်


 “ မင်းကိုအိပ်ရာစောစောထဖို့ ဘယ်လောက်ပြောပြော မင်းတခါလေးတောင်မှ နာနာခံခံမနားထောင်ခဲ့ဘူးလေ…”


“ ကျွန်တော်ကတော့ သည်ဟာကို မလိုလို့နား‌မထောင်တာလို့ခေါ်တယ်…”


“......” ကျိုးအာ့ဟယ် ရပ်တန့်သွားပြီး မျက်နှာသုတ်ပဝါကို နျန်ယွီယီထံ ပစ်ပေးလိုက်သည် “ သည်လိုဆိုလည်း ကိုယ့်ဘာကိုယ်သာသုတ်လိုက်တော့…”


မနက်စာစားပြီးနောက် နျန်ယွီယီ ကျိုးအာ့ဟယ်နှင့်အတူ ရိုက်ကူးရေးနေရာသို့ ထွက်လာခဲ့လိုက်သည်။


နျန်ယွီယီ၏ရိုက်ကွင်းပေါ်သို့ စောစီးစွာပြန်ရောက်လာခြင်းကြောင့် ဒါရိုက်တာကျန်းမှ သူပါဝင်မည့်အခန်းများကို ပြန်လည်စီစဉ်ပေးထားခဲ့ပြီး ယနေ့တွင် အစမ်းလေ့ကျင့်မှုများကို စတင်ကြမည်ဖြစ်သည်။


ယခင်ဘဝတွင် မြောက်များလှစွာသော သရုပ်ဆောင်မှုများကို လုပ်ခဲ့ဖူးသည့် နျန်ယွီယီမှာ ယနေ့ရိုက်ကူးရေးနှင့်ပတ်သက်၍ စိတ်ပူနေခြင်းမရှိပေ။ သို့သော်လည်း ကျိုးအာ့ဟယ်မှာမူ စိတ်လှုပ်ရှားစွာဖြင့် သူ့အားဇာတ်ညွှန်းပြန်ဖတ်ရန် ထပ်ခါတလဲလဲနှိုးဆော်နေခဲ့လေသည်။


ဇာတ်ညွှန်းကိုကိုင်လျက်ဖြင့် နျန်ယွီယီ အနောက်သို့မှီကာပြောလိုက်သည် “ အစ်ကိုကျိုး ကျွန်တော့်ကိုသနားပါဦး… ကျွန်တော့်ကိုမယုံရင်လည်း လာ စာသားတွေအတူလေ့ကျင့်ရအောင်… အစ်ကိုတတွတ်တွတ်ပြောနေတာက ကျွန်တော့်ကိုမူးလာစေပြီ…”


ထိုစကားကိုကြားလိုက်ရချိန်တွင် ကျိုးအာ့ဟယ်မှ ဇာတ်ညွှန်းစာရွက်ကိုယူကာ နျန်ယွီယီ၏ဘေးတွင်ထိုင်လိုက်သည် “ ကောင်းပြီလေ အတူတူလေ့ကျင့်တာပေါ့…”


“ ငါ့ကိုပေးလုပ်ချည်…”


နျန်ယွီယီ အံ့ဩတကြီးဖြင့်လှမ်းကြည့်လိုက်ချိန်၌ ရိုက်ကူးရေးပြီးစီးသွားသောကြောင့် နားနေခန်းသို့ပြန်လာသည့် ရှဲ့ယီကျိုးကိုမြင်လိုက်ရသည်။


“ အစ်ကိုရှဲ့…”


“ အင်း ငါမင်းနဲ့ပြန်နွှေးပေးမယ်လေ…” ရိုက်ကွင်းဝတ်စုံနှင့်ပင်ရှိနေသေးသည့် ရှဲ့ယီကျိုးမှ လက်ထောက်ဆီကဇာတ်ညွှန်းတောင်းကာ နျန်ယွီယီ၏နံဘေးတွင် ထိုင်ချလိုက်သည်


 “ ငါတို့ဘယ်အခန်းကိုသရုပ်ဆောင်ကြမှာလဲ…”


ရှဲ့ယီကျိုးနှင့်သူ့ထံသို့ စိတ်အားထက်သန်စွာကြည့်နေသည့် ကျိုးအာ့ဟယ်၏အကြည့်ကို နျန်ယွီယီဖမ်းမိသွားခဲ့သည်။


ရိုက်ကွင်းနှင့် ရင်းနှီးကျွမ်းဝင်သော နာမည်ကျော်သရုပ်ဆောင်ကြီးထံမှ အတူလေ့ကျင့်ပေးခြင်းမှာ နျန်ယွီယီအတွက် သံသယဝင်ရန်ပင်မလိုအောင် စိတ်လှုပ်ရှားရမည့်ကိစ္စဖြစ်လေသည်။


“ သည်အပိုင်းပါ…” နျန်ယွီယီ စာရွက်အချို့ကိုလှန်ကာ ဇာတ်ကောင် ၏အထွတ်အထိပ်ရောက်သည့်အခန်းသို့ လှန်လိုက်သည် “ သည်‌ဟာကိုစမ်းကြည့်ကြရအောင်…”


“ ကောင်းပြီ…”


မိနစ်အနည်းငယ်ကြာပြီးနောက်…


ကျိုးအာ့ဟယ် လက်သီးတင်းတင်းဆုပ်ထားပြီး သူ၏အားအင်အကုန်လုံးကိုသုံးကာသာ အော်ဟစ်ပစ်လိုက်ချင်မိသည်။


“ အရမ်းတော်တာပဲ…” ရှဲ့ယီကျိုး ဇာတ်ညွှန်းစာရွက်ကိုကိုင်ထားလျက် သူ၏မျက်လုံးထဲတွင် ပဟေဠိဖြစ်နေသောအကြည့်များရှိနေခဲ့သည် “ မင်းရဲ့သရုပ်ဆောင်ချက်တွေက ငါ့ထက်တောင်သာနေသေးတယ်…”


“ အစ်ကိုထပ်ပြီးစိတ်မပူရတော့ဘူးပေါ့ ဟုတ်တယ်မလား…” နျန်ယွီယီ ဇာတ်ညွှန်းကိုပေါင်ပေါ်တွင်တင်ထားလိုက်ပြီး ရှဲ့ယီကျိုးထံသို့ သတ္တုရေတစ်ပုလင်းကမ်းပေးလိုက်သည် “ အစ်ကိုရှဲ့ ရေယူဦးမလား…”


“ ကျေးဇူး…”


“ နောက်တစ်ခန်းက အုပ်စုငယ်လေးပါမှာဆိုတော့ ကြမ်းပြင်ပေါ်မှာ နေရာမှတ်ပေးထားလိမ့်မယ်… မသေချာဘူးဆိုရင် နေရာတွေကိုစစ်ကြည့်ပေါ့…”


“ ဟုတ်ကဲ့…”


နျန်ယွီယီအတွက်အဆင်ပြေမည်ဆိုလျှင်တောင် အခြားသူများမှာမူ ပြဿနာရှိနိုင်သည်။


ဒုတိယဇာတ်လိုက်မင်းသား၏ ခြောက်ကြိမ်မြောက် အမှားအပြီးတွင် နျန်ယွီယီမနေနိုင်ဘဲ အေးသွားစေရန် ကြိုးစားရင်း သူ့ကိုယ်သူယပ်ခတ်မိလိုက်သည်။


ရိုက်ကူးရေးအဖွဲ့သားများပင်ဖြစ်စေ သရုပ်ဆောင်များပင်ဖြစ်စေ ဒုတိယအမျိုးသားဇာတ်လိုက်၏ ထပ်ခါတလဲလဲသရုပ်ဆောင်မှုများတွင် လူတိုင်းပါဝင်နေကြရပေရာ သူတို့၏သည်းခံစိတ်များမှာ ပါးလွှာကုန်ကြသည်။


ရှဲ့ယီကျိုးမှ နျန်ယွီယီ၏ယပ်ခတ်နေသည့်ပုံကို မြင်သွားခဲ့သည်။


“ သည်မှာခဏလာထိုင်နေချည်…” ရှဲ့ယီကျိုး နျန်ယွီယီကို နေကာထီးကြီးအောက်သို့လှမ်းခေါ်လိုက်သည်။ ကျိုးအာ့ဟယ်နှင့်ယောင်ယောင်တို့သည်လည်း သူတို့အားချွေးသုတ်ရန် တစ်ရှူးအစိုများကမ်းပေးလာကြသည်။


နေကာထီးကြီး၏ဘေးတွင် ရေခဲပါသည့်အအေးပေးစက်လည်းရှိနေသောကြောင့် လေပြေအေးလေး၏အထိအတွေ့တွင် နျန်ယွီယီ သက်သာသွားရသည်။


အခြားတစ်ဖက်တွင်မူ ဒါရိုက်တာကြီးမှ ဒုတိယအမျိုးဇာတ်လိုက်ကိုဆွဲထုတ်ကာ ဇာတ်ကွက်အကြောင်းဆွေးနွေးရင်းဖြင့် မကြာခဏဆိုသလို အသံကျယ်လောင်စွာ ဆူပူနေခဲ့သည်။


နျန်ယွီယီမှာမူ ဒါရိုက်တာများ၏ ဤကဲ့သို့သောဒေါသကို ကြုံတွေ့ဖူးနေကြဖြစ်ပြီး အထူးသဖြင့် အထပ်ထပ်အခါခါပြန်ရိုက်ရသည့်အချိန်မျိုးတွင် ဖြစ်သည်။ ကျန်းရွှယ်ယုံမှာမူ သူကြုံဖူးသည့်အထဲတွင် ဒေါသထွက်ခဲသည့်ဒါရိုက်တာမျိုးတွင်ပါဝင်ပြီး အခေါက်ခေါက်ပြန်ရိုက်ရပြီး‌သည့်နောက်မှသာ စကားလုံးကြမ်းကြမ်းအနည်းငယ် ပြောတတ်သူဖြစ်သည်။


ရိုက်ကူးရေးဝန်ထမ်းများမှ နောက်တစ်ကြိမ်ထပ်မံရိုက်ကူးမည့် ဇာတ်ကွက်အတွက်ပြင်ဆင်နေကြစဉ် နျန်ယွီယီလည်း အသက်ပြင်းပြင်းတစ်ချက်ရှုသွင်းလိုက်ကာ သူ့အားအနည်းငယ်ပိုအေးသွားစေမည့် အခွင့်အရေးကိုအရယူလိုက်သည်။


ရှဲ့ယီကျိုး၏ အကြီးအကျယ်တွန့်ချိုးနေသည့်မျက်ခုံးနှင့်အတူ နျန်ယွီယီ၏ဘေးတွင်ရပ်နေသည့် ယောင်ယောင်မှာမူ ရှဲ့ယီကျိုးဒေါသမပေါက်ကွဲလာရန်ကိုသာ ဆုတောင်းနေရသည်။


သို့သော်လည်း ရှဲ့ယီကျိုးမှာ ဒေါသကိုထိန်းထားလိုက်နိုင်သည့်ပုံပင်။ ဆယ်မိနစ်ကြာပြီးနောက် ဒါရိုက်တာကြီးမှ နောက်ထပ်ဇာတ်ကွက်တစ်ခု ထပ်ရိုက်ရန် ပြောလိုက်သည်။


ဒါရိုက်တာထံမှ ပွင့်လင်းသော(တစ်နည်းအားဖြင့် ဆူပူသည့်) တုံ့ပြန်ချက်အချို့ရ‌ပြီးနောက် ဒုတိယအမျိုးသားဇာတ်လိုက်မှ အဆုံး၌ မှန်မှန်ကန်ကန်လုပ်နိုင်သွားခဲ့သည်။ လူတိုင်းအပူကြောင့်နွမ်းနယ်နေသည်ကို တွေ့ရပြီးနောက် ဒါရိုက်တာမှ မိနစ်သုံးဆယ်နားချိန်ပေးလိုက်လေသည်။



🫶