🫶Chapter 5
နျန်ယွီယီ စိတ်သက်သာရာရစွာဖြင့် သက်ပြင်းချလိုက်ပြီးနောက် နေကာအောက်သို့ပြန်ကာ ရှဲ့ယီကျိုးနှင့်အတူ လေအေးလေးကိုခံစားနေလိုက်သည်။
အသစ်ခန့်အပ်ထားသောအေးဂျင့်ဖြစ်သည့် ကျိုးအာ့ဟယ်မှာ သူ၏သရုပ်ဆောင်အဖြစ် နျန်ယွီယီတစ်ဦးကိုသာထားရှိပြီး အမြဲတမ်းလိုပင် နျန်ယွီယီနံဘေးတွင်နေကာ အေးဂျင့်နှင့်လက်ထောက်ရာထူးနှစ်ခုစလုံးကို တာဝန်ယူပေးခဲ့သည်။
ယောင်ယောင်မရှိသည့်အချိန်အတွင်း ကျိုးအာ့ဟယ်မှ ရှဲ့ယီကျိုးအနားယူခြင်းနှင့် ပတ်သက်သည့်ကိစ္စများကိုပြင်ဆင်ရန် လက်ဦးယူလိုက်သည်။ လေအေးပေးစက်ကိုလည်း သူတို့နှစ်ဦးအကြားတွင်ချထားပေးလိုက်ကာ သို့မှသာ နှစ်ဦးစလုံးလေအေးရနိုင်မည်ဖြစ်သည်။
“ အစ်ကိုကျိုး သည်နေ့ညစာကဘာလဲ…” နျန်ယွီယီ ကျောင်းသားတစ်ယောက်ကဲ့သို့ နာနာခံခံဖြင့်ထိုင်နေကာ ညစာအကြောင်းတွေးနေရာမှ ထမေးလိုက်သည်။
“ မင်းဘာစားချင်လဲ…” ကျိုးအာ့ဟယ်မှမေးလာသည်။
“ အမ်းးးး…” သူစားချင်သည့်အရာများကိုမစီခင် နျန်ယွီယီ အတွေးစခန်းဖွင့်နေမိသည်။
“ ထားလိုက်တော့ ငါတို့နောက်တစ်ခန်းပြီးရင် အပြင်ထွက်စားကြတာပေါ့…”
နောက်လာမည့်တစ်ခန်းတွင် နျန်ယွီယီနှင့် ရှဲ့ယီကျိုးတို့ပါဝင်ပြီး အစောပိုင်းက နားနေခန်းထဲ၌ ကြိုတင်လေ့ကျင့်ခဲ့ကြသောကြောင့် အချိန်ကြာကြာမယူလိုက်ရချေ။
အစပိုင်းတွင် အစ်ကိုကြီးနှင့် ဝီချက်၌စကားပြောနေသည့်ရှဲ့ယီကျိုးမှ ကျိုးအာ့ဟယ်နှင့် နျန်ယွီယီတို့၏စကားဝိုင်းကို ကြားသွားသောကြောင့် စကားပြောခန်းမှပြောထွက်လာကာ မေးလိုက်သည် “ ငါအရသာရှိတဲ့ဟင်းတွေရောင်းတဲ့ နေရာကောင်းတစ်ခုကိုသိထားတယ်… သည်နေ့ညတော့ကောင်းကောင်းစားကြတာပေါ့…”
နျန်ယွီယီ ဆက်လက်တွေးတောနေစဉ်အတွင်း ရှဲ့ယီကျိုးမှထပ်ပြောလာသည် “ မင်းလိုက်မယ်မလား…”
“ သေချာတာပေါ့…” ရှဲ့ယီကျိုးမှာ သူ့အားကောင်းမွန်စွာဆက်ဆံလေရာ နျန်ယွီယီအနေဖြင့် ထိုသူ၏ညစာဖိတ်ခြင်းကို ငြင်းပယ်ရမည့်အကြောင်းအရင်းမရှိပေ။
အခြားတစ်ဖက်တွင်မူ ဒါရိုက်တာထံမှ အဆူအပူခံနေရသည့် ဒုတိယအမျိုးသားဇာတ်လိုက်မှာ အဆုံး၌ သူ၏ဇာတ်ကွက်ကိုအပြီးသတ်နိုင်ခဲ့သည်။ သို့သော်လည်း နားနေခန်းသို့ပြန်၍ မိတ်ကပ်ဖျက်ရန်ကိုမူ ငြင်းပယ်လိုက်သည်။
“ ကျွန်တော် အစ်ကိုရှဲ့ရဲ့သရုပ်ဆောင်ချက်တွေကတဆင့် လေ့လာချင်ပါတယ်…” ဒုတိယအမျိုးသားဇာတ်လိုက်မှ သူ့ကိုယ်သူယုံကြည်မှုရှိသည့်အပြုံးဖြင့် ဒါရိုက်တာ၏ဘေးတွင်ထိုင်ကာ ပြောလိုက်သည်။
“ ကောင်းပြီလေ…” ကျန်းရွှယ်ယုံ ခေါင်းညိတ်ပြလိုက်သည် “ သည်လိုဆိုလည်း ဂရုစိုက်လေ့လာပေါ့… ဒါမှပဲ မနက်ဖြန်ကြရင် မင်းရဲ့ NGတွေကြောင့် ပစ္စည်းဖြုန်းတီးမိသလိုမဖြစ်မှာလေ…”
ကျန်းရွှယ်ယုံ၏စကားမှာ ထက်ရှလှပေရာ ဒုတိယအမျိုးသားဇာတ်လိုက်၏မျက်နှာပေါ်မှ အပြုံးကိုပင်ပျက်လုမတတ်ဖြစ်သွားစေသည်။ အကယ်၍သာ နျန်ယွီယီ၏ သူ့ကိုယ်သူအရူးလုပ်မိမည်ကို ကြည့်ချင်ဇောသာမရှိခဲ့ပါက သူနေရောင်အောက်တွင် ဤဝတ်စုံကြီးဖြင့် ဆက်နေလိမ့်မည်မဟုတ်ချေ။
သရုပ်ဆောင်များစွာပါသည့် ယခင်ဇာတ်ကွက်တွင် နျန်ယွီယီမှာ ထင်ပေါ်မနေဘဲ အလိုက်သင့်နေခဲ့ခြင်းကြောင့် ဒုတိယအမျိုးသားဇာတ်လိုက်အား နျန်ယွီယီသည် လှပသောမျက်နှာလေးသာရှိသည်ဟု ထင်သွားစေသည်။ ဒါရိုက်တာမှ သူ၏သရုပ်ဆောင်ချက်အပေါ် အပြစ်တင်ပြီးနောက်တွင် နျန်ယွီယီသရုပ်ဆောင်သည်မှာ ပိုဆိုးလိမ့်မည်ဟု မှတ်ယူခဲ့သောကြောင့် လှောင်ပြောင်သည့်မှတ်ချက်များပေးရန် ဒါရိုက်တာ၏ဘေးတွင် သူ့ကိုယ်သူနေရာချထားခဲ့သည်။
ဒါရိုက်တာကြီးသည်လည်း နျန်ယွီယီအတွက် ပြန်ရိုက်ရမည်များကို ပြင်ဆင်ထားခဲ့ပြီးပြီဖြစ်သည်။ သူအနေနှင့် လောလောလတ်လတ်မှ ဘွဲ့ရထားသည့် လူသစ်လေးတစ်ယောက်အပေါ်တွင် များစွာမျှော်လင့်ချက်မထားထားပေ။
သို့သော်လည်း နျန်ယွီယီ၏ပညာမှ ကျန်းရွှယ်ယုံ၏မျက်လုံးများကို ပွင့်သွားစေသည်။
ဘုတ်ပြားရိုက်လိုက်သည်နှင့် မူလတွင် သက်သောင့်သက်သာရှိနေသည့် နျန်ယွီယီသည် သူ၏ဇာတ်ကောင်အသွင်သို့ အပြည့်အဝအသွင်ပြောင်းသွားခဲ့သည်။
ဤရိုက်ချက်မှာ ယခင်အရာများနှင့်မတူဘဲ နျန်ယွီယီ၏ဦးဆောင်ရိုက်ကွက်အနည်းငယ်ထဲမှ တစ်ခုဖြစ်သည်။ ပထမဦးဆုံးအနေဖြင့် နျန်ယွီယီ သူ၏သရုပ်ဆောင်စွမ်းရည်ကို လူတိုင်း၏ရှေ့တွင် ဖွင့်ချပစ်လိုက်သည်။
ကျန်းရွှယ်ယုံ အလွန်အံ့အားသင့်နေရသောကြောင့် “ ရပြီ…” ဟုအော်ရန်ကိုပင် မေ့လျော့သွားရသည်။
လက်ထောက်ဒါရိုက်တာမှ သူ့အားလက်တွေ့ဆီသို့ ပြန်ခေါ်လာရန် ခဏကြာသွားခဲ့သည်။
“ နျန် မင်းကိုသရုပ်ဆောင်ဘယ်သူသင်ပေးတာလဲ…” လက်ထောက်ဒါရိုက်တာမှ ထအော်လိုက်မိသည်။
ဝါရင့်သရုပ်ဆောင်အများအပြားနှင့် ရင်းနှီးသည့် ကျန်းရွှယ်ယုံမှ အဘယ့်ကြောင့် ဤပါရမီရှင်လေးကို ထောက်ခံပေးသူတစ်ယောက်မျှမရှိရသည်နည်းဟု တွေးနေမိသည်။
“ ကိုယ့်ဘာသာသင်ထားတာပါ…” နျန်ယွီယီ သူပြင်ဆင်ထားပြီးဖြစ်သည့်အဖြေကိုထုတ်လိုက်သည် “ တီဗီရှိုးတွေနဲ့ ရုပ်ရှင်တွေကနေကြည့်ပြီး သင်ခဲ့တာပါ…”
ကျန်းရွှယ်ယုံ ခဏတန့်သွားပြီးနောက် အော်ပြောလိုက်မိသည် “ အံ့ဩစရာပဲ… မင်းမှာ မွေးပါရာလက်ဆောင်ရှိတယ် သည်ဟာကိုဆက်ထိန်းထားနော်…”
နျန်ယွီယီ၏ဘေးတွင်ရပ်နေသည့် ရှဲ့ယီကျိုးမှာမူ ထိုချီးကျူးစကားမှာ သူ့အတွက်ပြောနေသကဲ့သို့ ဂုဏ်ယူဝင့်ကြွားမှုကိုခံစားလိုက်ရပြီး နျန်ယွီယီ၏ဆံပင်လေးကို မြတ်နိုးစွာသပ်ကာပြောလိုက်သည် “ ကဲ အဝတ်လဲခန်းစီပြန်ကြစို့…”
မိတ်ကပ်ဖျက်ပြီးသည်နှင့် နျန်ယွီယီ ထိုင်ခုံတွင်မှီထိုင်လျက် လေအေးပေးစက်မှ အအေးလေးကိုခံစားနေလိုက်သည်။
“ အစ်ကိုရှဲ့ ညစာအတွက် ကျွန်တော်တို့ဘယ်ကိုသွားကြမှာလဲ…” ဖုန်းဖြင့်ရေပန်းစားသတင်းများကို ဖတ်ရှုနေရင်းမှ နျန်ယွီယီလှမ်းမေးလိုက်သည်။
“ ငါ တစ်ဝိုင်းဘိုကင်တင်ပြီးပြီ… ကားလာရင်သွားကြမယ်…”
ယောင်ယောင်မှ အဝတ်လဲခန်းတွင်းသို့ဝင်လာကာ ကျိုးအာ့ဟယ်ကိုနှုတ်ဆက်လိုက်ပြီးနောက် ရှဲ့ယီကျိုးထံအသိပေးလိုက်သည် “ နားနေခန်းကလေအေးပေးစက်က ပြဿနာရှိနေတယ်… သည်နေ့ညတော့ ပြင်လို့မပြီးသေးဘူးတဲ့…ဒါပေမယ့် ကျွန်မ ဒါရိုက်တာကိုအကြောင်းကြားပြီးပြီဆိုတော့ မနက်ဖြန်ကြရင်တော့ အစားထိုးပေးပါလိမ့်မယ်…”
“ အဆင်မပြေလိုက်တာ…” ရှဲ့ယီကျိုး ညည်းတွားလိုက်သည်။ သူ၏ရှုပ်ထွေးသောမိတ်ကပ်အပြင်အဆင်မှာ ပြန်ဖျက်ရန်အချိန်ပို၍ ကြာမြင့်ခဲ့သောကြောင့် ရှဲ့ယီကျိုးအနည်းငယ်စိတ်တိုနေခဲ့သည်။
ရှဲ့ယီကျိုးကို ထို့ထက်ပို၍ စိတ်တိုမသွားစေရေးအတွက် ယောင်ယောင်မှာ တုန့်ဆိုင်းနေရသည်။
“ ပြောင်းဖို့မလိုတော့ဘူး ငါသည်မှာပဲနေလိုက်တော့မယ်…” ရှဲ့ယီကျိုး အသိပေးလိုက်ပြီး သူ၏အာရုံကို နျန်ယွီယီထံသို့ပြန်ပြောင်းလိုက်သည် “ ကားလာပြီ…”
“ ကောင်းပါပြီ ဒါဆို အစ်ကိုကျိုး ကျွန်တော်တို့သွားတော့မယ်နော်…”
“ ကောင်းကောင်းသွားနော်…” ကျိုးအာ့ဟယ်မှာ ယနေ့တွင် ကုမ္ပဏီအစည်းအဝေးရှိနေသည့်အတွက် သူတို့နှင့်အတူမလိုက်နိုင်ခဲ့ပေ။
“ ဟုတ်ကဲ့…” နျန်ယွီယီ ရှဲ့ယီကျိုးကိုအသာထိကာ ပြောလိုက်သည် “ အစ်ကိုရှဲ့ ကျွန်တော်တို့သွားကြရအောင်…”
ရှဲ့ယီကျိုး၏ အလွန်တရာလူသိများလှသောမျက်နှာကြောင့် သူတို့နှစ်ဦးစလုံး နေကာမျက်မှန်နှင့် ဦးထုပ်များဆောင်းထားကြရသည်။ သူတို့ကို ကားတစ်စီးမှ လာခေါ်ကာ ဟိုတယ်သို့ပြန်ပို့ပေးပြီး မြေအောက်ကားပါကင်မှ နောက်ထပ်ကားတစ်စီးဖြင့် ထွက်လာလိုက်ကြသည်။
မည်သို့ပင်စေကာမူ သူတို့ကြိုးစားအားထုတ်ခဲ့သည်တိုင် ပါပါရာဇီများမှ သတိပြုခံရစမြဲပင်။
မြေအောက်ကားပါကင်မှ ထွက်လာပြီးခဏအကြာတွင် နျန်ယွီယီ အနောက်ကြည့်မှန်မှတဆင့် အနက်ရောင်ဆီဒန်ကားတစ်စီးကို သတိပြုမိလိုက်သည်။
“ ကျစ်…” ရှဲ့ယီကျိုး ဒေါသထွက်သွားပြီး အင်္ကျီအပေါ်ကြယ်သီးတစ်လုံးကိုဆွဲဖြုတ်ကာ အရှိန်မြှင့်လိုက်သည် “ ငါတို့သူတို့ကိုမျက်ခြေဖြတ်မှရမယ်…”
ပါပါရာဇီများကိုခါချပစ်နိုင်ရေးအတွက် ရှဲ့ယီကျိုးမှ လူထူထပ်သည့်နေရာများသို့ မောင်းသွားခဲ့သည်။ ပြီးနောက်တွင် အနက်ရောင်ဆီဒန်ကားမှာ မြင်ကွင်းတွင်မရှိတော့ကြောင်း နျန်ယွီယီသိလိုက်ရသည်။
“ ကျွန်တော် သူတို့ကိုထပ်ပြီးမတွေ့တော့ဘူး…” နျန်ယွီယီ ပြတင်းပေါက်မှ လည်ပင်းဆန့်ကာကြည့်ရင်း ပြောလိုက်သည်။
“ သတိထားဦး…” ရှဲ့ယီကျိုး နျန်ယွီယီကိုပြန်ဆွဲခေါ်လိုက်ရသည် “ သေချာထိုင် ငါတို့ရောက်ခါနီးနေပြီ…”
နျန်ယွီယီ အားအင်အပြည့်နှင့်ခေါင်းညိတ်ပြလို့်သည်။
ရောက်သည်နှင့် ရှဲ့ယီကျိုး ကားကိုမြေအောက်ကားပါကင်တွင် ပါကင်ထိုးလိုက်ပြီး အလင်းရောင်အောက်သို့မသွားမီ နေကာမျက်မှန်နှင့် ဦးထုပ်ကို ပြန်ပြင်လိုက်သည်။
နျန်ယွီယီအတွက်မှာမူ ကိစ္စများမှာ ပို၍ရိုးရှင်းလှပြီး ဖျော်ဖြေရေးနယ်ပယ်၏ လူသစ်တစ်ယောက်အနေဖြင့် များစွာပူပင်နေရန်မလိုဘဲ အေးအေးဆေးဆေးသာ ရှဲ့ယီကျိုး၏အနောက်မှလိုက်သွားလိုက်သည်။
မြေအောက်ကားပါကင်တွင် အပေါ်ထပ်အထိ တက်ရောက်နိုင်သည့် တိုက်ရိုက်ဓာတ်လှေကားရှိသည်။ ဓာတ်လှေကားတံခါးများ ပိတ်လုပိတ်ခင်တွင် နျန်ယွီယီ ရင်းနှီးနေသည့်အနက်ရောင်ဆီဒန်ကားမှ ကားပါကင်သို့ဝင်လာသည်ကို သတိပြုမိသွားသည်။ ခရီးသည်တင်ထိုင်ခုံတွင် မှီထိုင်နေသူမှ သူတို့ကိုချက်ချင်းဆိုသလို မှတ်မိသွားကာ သူတို့ရှိရာသို့ညွှန်ပြလာသည်။
“ သူတို့ဖမ်းမိသွားပြီ…” နျန်ယွီယီ ရှဲ့ယီကျိုးထံကြည့်ကာ စိုးရိမ်နေမှုများနှင့် ပြောလိုက်မိသည် “ ကျွန်တော်တို့နောက်ကြရင် လူခွဲသွားရင်ကော.. ပါပါရာဇီတွေက အစ်ကို့ကိုသာ တွေ့သွားရင် သည်အတိုင်း အစ်ကိုထမင်းလာစားတယ်ပဲ ထင်ကြမှာလေ…”
အကယ်၍သာ သူတို့နှစ်ဦးအတူရှိနေသည်ကို ရိုက်မိသွားပါက ထိုမရိုးသားသော ဂျာနယ်လစ်များမှာ ရှဲ့ယီကျိုးကို လိင်တူချစ်သူဟူ၍ စွပ်စွဲကုန်ကြလိမ့်မည်။
“ အဆင်ပြေပါတယ် အပေါ်ထပ်ကိုတက်ဖို့ကမလွယ်ဘူးလေ… သူတို့သည်အတိုင်း ကားပါကင်မှာငါတို့ကိုစောင့်နေရလိမ့်မယ်…” ရှဲ့ယီကျိုးမှ ထိုလူများကိုသတိပြုမိသော်လည်း နျန်ယွီယီ၏အကြံပေးချက်အတိုင်း မလုပ်ဆောင်ခဲ့ပေ။
“ ထမင်းအရင်စားတာပေါ့….”
“ ကောင်းပါပြီ… "
ဘာလို့ငါကသူ့ထက်ပိုပြီးစိတ်ပူနေရပါလိမ့်နော် နျန်ယွီယီ အံ့အားသင့်နေရသည်။
သူတို့အပေါ်ထပ်သို့ရောက်သည်နှင့် မန်နေဂျာတံဆိပ်နှင့်လူမှ ချက်ချင်းဆိုသလို နှုတ်ဆက်လာသည် “ လူကြီးမင်းရှဲ့ သင့်ရဲ့အခန်းက…”
“ လူရှိသွားပြီလား…” ရှဲ့ယီကျိုး ထက်ရှသောအကြည့်တစ်ချက်ဖြင့် ကြားဖြတ်ပြောလိုက်သည်။
“ မဟုတ်ပါဘူး လူကြီးမင်းရဲ့အစ်ကိုကြီးက အဲ့သည့်မှာရှိနေတာပါ… လူကြီးမင်းဖန်ရောပါပဲ…”
လူကြီးမင်းဖန်…
နျန်ယွီယီ ယခင်ရက်အနည်းငယ်မှ ဆုံခဲ့သည့်သူမှန်းသိသွားသောကြောင့် တခဏမျှတုန့်ဆိုင်းသွားရသည်။
“ ငါ့အစ်ကိုလည်းရှိနေတာလား…” ရှဲ့ယီကျိုး မျက်ခုံးတစ်ဖက်ပင့်ကာ သီးသန့်ခန်းစီသို့ ပြတ်သားစွာလျှောက်သွားလိုက်သည်။
“ အစ်ကိုရှဲ့ရဲ့အစ်ကိုကြီးနဲ့တွေ့တဲ့အခါကြ ကျွန်တော်အပြင်ထွက်နေရင် အဆင်ပြေမလားဟင်…” နျန်ယွီယီ တီးတိုးပြောလိုက်သည်။
“ မလိုဘူး…”
ဤသို့ဖြင့် ရှဲ့ယီကျိုး သီးသန့်ခန်းတံခါးကိုတွန်းဖွင့်လိုက်သည်။
နျန်ယွီယီတစ်ယောက် ချက်ချင်းဆိုသလို စားပွဲ၏အခြားတွင် မီးခိုးရင့်ရောင်ဝတ်စုံဖြင့်ထိုင်ကာ မျက်နှာခြင်းဆိုင်မှလူ စကားပြောသည်ကို နားထောင်နေသည့် ဖန်ကျုံးချွမ်းကိုသတိပြုမိသွားသည်။
“ အစ်ကိုကြီး ဘယ်လိုလုပ်ပြီးသည်ရောက်နေတာလဲ…” အခန်းထဲဝင်ဝင်ချင်းမှာပင် ရှဲ့ယီကျိုးမှ နှုတ်ဆက်လိုက်ပြီး တစ်ဖန် ဖန်ကျုံးချွမ်းထံသို့ ခေါင်းညိတ်ပြလိုက်သည် “ လူကြီးမင်းဖန် မင်္ဂလာပါ…”
“ မင်္ဂလာပါ..” ဖန်ကျုံးချွမ်းမှာမူ တုံ့ပြန်သည့်အနေဖြင့် သိသာသည်ဆိုရုံမျှသာသော ခေါင်းညိတ်မှုတစ်ခုပေးလာသည်။
ရှဲ့ယီကျိုး အနှီလူဖန်ကျုံးချွမ်း၏အကျင့်ကို အချိန်အတော်ကြာသိခဲ့ပြီးဖြစ်သောကြောင့် စိတ်ထဲမထားခဲ့ပေ။ သီးသန့်ထမင်းစားခန်းသို့ဝင်သည်နှင့် နျန်ယွီယီကိုသာ သူ၏အနားသို့ဆွဲခေါ်လိုက်သည်
“ ထိုင်ချည် သည်ဆိုင်က သူ့ရဲ့ဟင်းပွဲတွေကြောင့်နာမည်ကြီးတယ်လေ…အရသာတွေကလည်း ထိပ်တန်းပဲ … ငါတို့ဟင်းပွဲနည်းနည်းလောက် စမ်းကြည့်ကြတာပေါ့…”
“ ကောင်းပါပြီ..” နျန်ယွီယီ နာနာခံခံဖြင့် ခြေထောက်ကိုစုကာ ဒူးပေါ်လက်တင်၍ အတန်းထဲတွင် စာလိုက်နားထောင်နေသည့် ကျောင်းသားတစ်ဦးကဲ့သို့ ထိုင်နေလိုက်သည်။
ပြည်သူ့အချစ်တော်လေးဖြစ်သူ ရှဲ့ယွီကျိုးတွင် ငြင်းပယ်မရနိုင်သည့် ချောမောသောရုပ်ရည်ရှိပြီး အပြုံးယောင်ယောင်လေးတစ်ခုနှင့် ပေါင်းစပ်လိုက်မည်ဆိုပါက သူ၏နူးညံ့လှသောအကြည့်ထဲတွင် မည်သူမဆိုမျောပါသွားပေလိမ့်မည်။
သို့သော်လည်း လူတိုင်းတော့မဟုတ်နေပေ။
နျန်ယွီယီမှာမူ ခြွင်းချက်ဖြစ်သည်။ သူ၏မျက်လုံးများမှာ ဟင်းပွဲများပေါ်တွင်သာရှိနေခဲ့ပြီး အရာတိုင်းမှာ ဆန်းသစ်နေပုံရသည်။
ရှဲ့ယီကျိုးသည် ရှဲ့ယီနန်နှင့် ဖန်ကျုံးချွမ်းတို့ကိုတွေ့လိုက်ရချိန်၌ ကားပါကင်မှ ပါပါရာဇီနှစ်ယောက်အား မည်ကဲ့သို့ဖြတ်ကျော်ရမည်နည်းဟု တွေးနေမိသည်။ ထို့နောက်တွင်မှသာ သူ၏ကျုံ့ထားသောမျက်ခုံးများ ပြေလျော့သွားခဲ့သည်
“ လူကြီးမင်းဖန် ကျွန်တော် ခဏနေကြရင် အကူအညီတစ်ခုလောက် တောင်းလို့ရမလားဗျ…”
ဖန်ကျုံးချွမ်းမော့ကြည့်လာပြီး သူ၏မျက်လုံးများမှာ တိတ်တဆိတ်ဖြင့် အကြောင်းအရင်းကိုတောင်းခံနေပုံရသည်။
“ နျန်ယွီယီကို ပြန်ထွက်ဖို့ကူညီပေးပါ… ကျွန်တော်တို့ရောက်လာတုန်းက ပါပါရာဇီအချို့လိုက်လာတာ ခံနေရလို့လေ…” ရှဲ့ယီကျိုး ရှင်းပြလိုက်သည်။
ဖန်နှင့်ရှဲ့အဖွဲ့အစည်းတို့မှာ နှစ်ပေါင်းမြောက်များမှာ တွဲဖက်လုပ်ဆောင်မှုများရှိခဲ့သောကြောင့် ယခုအကြိမ်မှာ ရှဲ့ယီကျိုး ဖန်ကျုံးချွမ်းနှင့်ပထမဆုံးအကြိမ်တွေ့ဆုံခြင်းမဟုတ်ပေ။
အကယ်၍သာ ထိုကဲ့သို့အကူအညီတောင်းမှုမျိုးကို အခြားသူမှပြောလာခဲ့ပါက ဖန်ကျုံးချွမ်း လက်ထောက်ထံသို့သာ လွှဲပေးလိုက်မည်ဖြစ်သည်။
သို့သော်လည်း…
မျက်လုံးထဲမှ တလက်လက်တောက်ပနေမှုကို သတိမပြုမိဘဲ ဟင်းကိုသာပျော်ပျော်ကြီးစားနေသည့် နျန်ယွီယီကို လှည့်ကြည့်လိုက်မိသည် “ ကောင်းပြီ…”
“ အစ်ကိုကြီးက ပြီးရင်ကျွန်တော်နဲ့လိုက်ခဲ့ချည်…” ရှဲ့ယီကျိုး ရှဲ့ယီနန်ဘက်သို့လှည့်ကာ ပြောလိုက်သည် “ သည်လိုဆိုရင် ပါပါရာဇီတွေက ဘာပြောနိုင်တော့မလဲ…”
ရှဲ့ယီကျိုး ပါပါရာဇီများ၏ကင်မရာကို မည်သည့်အခါကမျှ ကြောက်လန့်နေခြင်းမျိုးမရှိခဲ့ဖူးပေ။ သူ၏ကျော်ကြားမှုနှင့် လွှမ်းမိုးနိုင်အားတို့ဖြင့် ကင်မရာပေါ်တွင် ဖမ်းမိသွားခြင်းမှာ စိတ်ရှုပ်ရရုံကလွဲ၍ အန္တရာယ်ရှိသောအရာမျိုးမဟုတ်ချေ။
သို့သော်လည်း နျန်ယွီယီကဲ့သို့ ဖျော်ဖြေရေးနယ်ပယ်၏လူသစ်အတွက်မှာမူ ကွာခြားလှသည်။ ပါပါရာဇီများထံမှသာ ဖမ်းမိခံလိုက်ရပါက သူ၏အရူးအမူးဖန်များနှင့် ဝေဖန်မှုများကြောင့် တစစီဆုတ်ဖြဲခံလိုက်ရနိုင်သည်။
“ ကောင်းပြီ…” ရှဲ့ယီနန် သိချင်စိတ်အပြည့်ဖြင့် နျန်ယွီယီထံလှမ်းကြည့်လိုက်စဉ် မျှော်လင့်မထားမိသော နွေးထွေးမှုကိုခံစားလိုက်ရသည်။
သည်လောက်တောင် ကောင်းကောင်းပြုမူတဲ့ကလေးလေး…
လွှမ်းမိုးနိုင်စွမ်းကြီးသည့် အမျိုးသားသုံးဦး၏အကြည့်အောက်သို့ရောက်နေသည့်တိုင် နျန်ယွီယီမှာမူ မတုန်မလှုပ်ရှိနေသေးကာ စားသောက်ပြီးစီးသွားသောကြောင့် သည်အတိုင်းငြိမ်ငြိမ်နေနေခဲ့သည်။
“ စားလို့ပြီးပြီလား…” အဆုံးတွင် ဖန်ကျုံးချွမ်းမှ ထပြောလာပြီး ထိုသူ၏နက်ရှိုင်းသောအသံမှာ နျန်ယွီယီ၏ကျောရိုးတလျောက် ယားယံသွားစေသည်။
“ ဟုတ်ကဲ့ စားလို့ပြီးပါပြီ…” နျန်ယွီယီ ပြန်ဖြေလိုက်ပြီးနောက် သူ၏လှပသောမျက်လုံးများဖြင့် ဖန်ကျုံးချွမ်းထံလှမ်းကြည့်လိုက်သည် “ ကျွန်တော်တို့ အခုပဲသွားကြမလားဗျ…”
“ အင်း…”
ဖန်ကျုံးချွမ်းထရပ်လိုက်သည်နှင့် နျန်ယွီယီလည်း ကပျာကယာအမြန်ရပ်လိုက်သည် “ တာ့တာနော် အစ်ကိုရှဲ့…”
“ ညစောစောအိပ်..” ရှဲ့ယီကျိုး အကြံပေးလိုက်ပြီး သူ၏အသံမှာ အလွန်အမင်းကာကွယ်ပေးတတ်သည့် မိဘတစ်ယောက်ကဲ့သို့ ဖြစ်နေသည် “ မဟုတ်ရင် မင်းအရပ်ရှည်လာမှာမဟုတ်ဘူး…”
“ ကျွန်တော်က နှစ်ဆယ့်နှစ်နှစ်လေ...” နျန်ယွီယီ ခေါင်းကိုနောက်ပြောင်လိုဟန်ဖြင့်ပုတ်လျက် ပြောလိုက်သည် “ အရပ်ကထပ်မရှည်လာနိုင်တော့ဘူး…”
ယခုအချိန်တွင် အိပ်ချိန်လုံလောက်ရုံဖြင့် အရပ်ပိုရှည်လာနိုင်သည့် အသက်ဆယ့်ရှစ်ကကဲ့သို့ မဟုတ်တော့ချေ။
တံခါးဝတွင်ရပ်ကာ နျန်ယွီယီကိုစောင့်နေသည့် ဖန်ကျုံးချွမ်းသည်လည်း သူ့ထံတွင်ရှဲ့ယီကျိုးနှင့် တူညီသောအမြင်ရှိသည်ကို အံ့ဩစဖွယ်ရှာတွေ့သွားခဲ့သည်။
တကယ်ကိုပိန်ပိန်ပါးပါးလေးမလို့ ဝိတ်နည်းနည်းလောက် ထပ်တင်ထားသင့်တယ်…
ထိုအတွေးမှာ ဖန်ကျုံးချွမ်း မဖိနိုင်လိုက်ခင်မှာပင် သူ၏စိတ်ထဲ၌ တစ်စက္ကန့်အတွင်း ပေါ်ထွက်လာခဲ့သည်။
ဖန်ကျုံးချွမ်းတစ်ယောက် သူ့နှာခေါင်းသူထိကာ အဘယ့်ကြောင့် ဤသို့သောအတွေးများ ရုတ်တရက်ပေါ်လာရသည်နည်းဟု တွေးနေမိသည်။
“ ကျွန်တော်ကမပုပါဘူး…” နျန်ယွီယီ ရေရွတ်လိုက်ပြီးနောက် ရှဲ့ယီနန်အား ယဉ်ကျေးစွာနှုတ်ဆက်ကာ သူ့ကိုစောင့်နေပေးသည့် ဖန်ကျုံးချွမ်းစီသို့ သွားလိုက်သည်။
နျန်ယွီယီ၏အကြည့်နှင့်ဆုံလိုက်ရချိန်ဤ ဖန်ကျုံးချွမ်း အကြည့်ကိုလွှဲလိုက်ပြီး တိတ်ဆိတ်စွာအပြင်သို့လျှောက်သွားလိုက်လေသည်။
🫶