Chapter 6
Viewers 2k

🫶Chapter 6




လမ်းတလျောက်တွင် တိတ်ဆိတ်မှုကသာ လွှမ်းမိုးနေခဲ့သည်။


ဟိုတယ်သို့ရောက်ချိန်မှသာ အချိန်အတော်ကြာတည်ရှိနေသည့် တိတ်ဆိတ်မှုကြီးကိုဖြိုခွဲပြီး ဖန်ကျုံးချွမ်း စကားထပြောလာသည် “ ငါတို့ရောက်ပြီ…”


စကားပြောဖို့တောင် နှမြောနေတာက သူဌေးတွေရဲ့အကျင့်ပဲလား…


နျန်ယွီယီ စိတ်ထဲတွင် ညည်းတွားလိုက်မိသည်။


“ အာ ဟုတ်ကဲ့..” ကားတံခါးကိုဖွင့်ကာ နျန်ယွီယီထွက်သွားလိုက်သည်။ ခြေလှမ်းအနည်းငယ်လှမ်းပြီးနောက်မှသာ အနောက်သို့ပြန်လှည့်လာပြီး အသံတိုးတိုးဖြင့် ပြောလိုက်ရသည် “ ကျေးဇူးတင်ပါတယ်…”


မိမိအကျင့်အတိုင်း လမ်းလျှောက်သွားပြီးနောက်မှ သူ့အားကျေးဇူးတင်စကားပြောရန် ပြန်လှည့်လာသည့်ကောင်ငယ်လေးကိုကြည့်ကာ ဖန်ကျုံးချွမ်း ရယ်သံထွက်သွားရသည်။ နျန်ယွီယီ အနားသို့ကပ်လာသည်နှင့် သူ၏နှလုံးသားထဲမှ တွန်းအားပေးလာသည့် တစ်စုံတစ်ရာကို လုပ်မိလိုက်သည်။


နျန်ယွီယီ၏ဆံပင်ကို အသာအယာတို့ထိလိုက်ပြီး ၎င်းမှာ သူ၏အိမ်တွင် မိခင်ဖြစ်သူမွေးထားသည့် အမွှေးရှည်ကြောင်လေးနှင့်တူသည်ဟု ခံစားလိုက်ရသည်။


နာခံတတ်ပေမယ့် တစ်ခါတလေကြရင်တော့ အဆော့သန်တယ်။


“ ညစောစောအိပ်ပြီး နို့ပိုသောက်ချည်…” ဖန်ကျုံးချွမ်းမှ ရှဲ့ယီကျိုး၏အကြံကိုသာ ထပ်မံပြောလာသောကြောင့် နျန်ယွီယီ၏အမူအရာမှာ တောင့်ခဲသွားရသည်။


နျန်ယွီယီ : ???


နို့ပဲလာပြန်ပြီ… အမြဲအဲ့နို့ပဲပြောနေကြတာ…


ဟိုတယ်ခန်းသို့ပြန်ရောက်ချိန် ရေမိုးချိုးလိုက်ပြီးနောက် နျန်ယွီယီ သူ၏အိပ်ရာပေါ်တွင် ခဏလဲနေလိုက်သည်။ အဆုံးတွင် ဘေးမှတံခါးကိုခေါက်လိုက်ပြီး ကျိုးအာ့ဟယ်ထံ အလောတကြီးမေးလိုက်မိလေသည် “ ကျွန်တော်တကယ်ပဲအရပ်ပုနေတာလား…”


ဗီဒီယိုအစည်းအဝေးမှ ပြန်လာလာခြင်းမှာပင် ကျိုးအာ့ဟယ် နျန်ယွီယီ၏မျှော်လင့်ထားမသည့်မေးခွန်းကြောင့် ကြောင်သွားရပြီး ပဟေဠိဖြစ်နေသည့်အကြည့်တစ်ချက်ပေးကာ ပြောလိုက်သည် “ အဆင်ပြေပါတယ် ငါတို့ကအရပ်တူတူပဲလေ မဟုတ်ဘူးလား…”


အိုးး ဟုတ်သား ငါတို့ကအရပ်တူတူပဲဟ…


နျန်ယွီယီ ခေါင်းတဆတ်ဆတ်ညိတ်လျက် ကျိုးအာ့ဟယ်ထံ ခြေအစခေါင်းအဆုံးကြည့်လိုက်မိရာ ကျိုးအာ့ဟယ်မှာ သူ့ထက်အနည်းငယ်ပိုပုသယောင်ဖြစ်နေကြောင်း တွေ့လိုက်ရသည့်အတွက် အနည်းငယ်ပင်ဝမ်းနည်းသွားရသည်။


“ သည်ဟာက ဘာအကြည့်လဲ…” နျန်ယွီယီ၏ပြောင်းလဲသွားသည့် အမူအရာကိုဖမ်းမိလိုက်သောကြောင့် ကျိုးအာ့ဟယ် ချက်ချင်းပင် သူ၏အတွေးများကို ခန့်မှန်းနိုင်ခဲ့သည် “ ၁၇၀ စင်တီမီတာဆိုတာ ငါတို့နိုင်ငံက ယောင်္ကျားလေးတွေရဲ့ ပုံမှန်အရပ်ပဲလေ… ငါတို့နှစ်ယောက်စလုံးက ၁၇၉စင်တီမီတာတောင်ရှိတဲ့ဟာကို သာမန်အရပ်ထက် ၉စင်တီမီတာတောင် ကျော်နေသေးတယ်…”


“ ညစောစောအိပ်ပြီး နို့‌ပိုသောက်ရင် စင်တီမီတာနည်းနည်းလောက် ထပ်ပြီးပိုရှည်လာနိုင်မလားဟင်…” နျန်ယွီယီ ခဏကြာအတွေးလွန်နေပြီးနောက်မှ အလွန်လေးနက်သည့်အမူအရာဖြင့် မေးလိုက်မိသည်။


“.....”


ကျိုးအာ့ဟယ် အကြံပေးလိုက်သည် “ ငါကြားဖူးတာတော့ မိန်းကလေးတွေက ကလေးမွေးပြီးရင် တစ်စင်တီမီတာလောက် ပိုရှည်လာတယ်တဲ့… မင်းလည်းစမ်းကြည့်ပေါ့..”


“ လစ်လိုက်တော့…”


“ မင်းအိပ်တော့အိပ်သင့်တယ်… ညစောစောအိပ်တာက အရပ်ပိုမရှည်ပေးနိုင်ဘူးဆိုပေမယ့် ကျန်းမာနေစေတယ်လေ…” ကျိုးအာ့ဟယ် စကားတပြောပြောဖြင့် နျန်ယွီယီ၏သွယ်လျသောလက်ကို ကိုင်ကာပြောလိုက်သည် “ မင်းအခုအရမ်းပိန်နေတာ ဝိတ်နည်းနည်းလောက်တော့ တင်လို့ရပါတယ်ကွာ…”


“ တကယ်လို့ကျွန်တော်သာထပ်တင်ရင် အစ်ကိုကချဖို့ပြောဦးမှာ‌ပဲလေ…” နျန်ယွီယီ နှာခေါင်းရှုံ့ကာပြောလိုက်သည်။ သူ အနှီအေးဂျင့်များအကြောင်းကို ကောင်းကောင်းသိသည်။ တခဏအတွင်း ပိန်လွန်းသည်ဟုပြောမည်ဖြစ်ပြီး ခဏနေလျှင် ဝိတ်ချရန်ဆူကြမည့်လူများပင်။


ကျစ် အေးဂျင့်တွေရဲ့စိတ်က ယုံကြည်စရာမရှိတာမှ ‌ပင်လယ်ထဲကအပ်တွေလိုပဲ…


“ ရှီးး နျန်ယွီယီ မင်းကတော့ တဖြည်းဖြည်းအရို‌အသေတန်လာတာပဲ ဟုတ်တယ်မလား…” ကျိုးအာ့ဟယ်မှ ခါးထောက်ကာပြောလာပြီး အနှီကောင်စုတ်ကလေးအား တံခါးအပြင်သို့ကန်ထုတ်ချင်နေသည်မှာ အသိသာကြီးပင်။


“ မလုပ်ရဲပါဘူးဗျာ… ကဲ အစ်ကိုကျိုး ကျွန်တော်ပြန်တော့မယ်..” နျန်ယွီယီ သူ၏အခန်းထဲသို့ ညည်းညူလျက်ပြန်သွားပြီးနောက် အသက်၂၂နှစ်ကျော်ပြီးချိန်၌ အရပ်ရှည်လာနိုင်သေးလား ဆိုသည်ကို လိုင်းပေါ်တွင်ရှာဖွေနေခဲ့သည်။


အချိန်ခဏမျှ ပတ်ရှာကြည့်ပြီးသည့်နောက် နျန်ယွီယီ ဖိုရမ်အက်ပလီကေးရှင်းထဲသို့ ပြောင်းလိုက်ပြီး စိတ်အားထက်သန်စွာ မေးခွန်းတစ်ခုတင်လိုက်သည်။


ခေါင်းစဉ် : အသက်၂၂အရွယ် ယောင်္ကျားလေးတစ်ယောက်က အရပ်ရှည်လာနိုင်သေးလား


မေးခွန်းအတိအကျ : ကျွန်တော်က အသက်၂၂နှစ်ဖြစ်ပြီး လက်ရှိ ၁၇၉စင်တီမီတာရှိပါတယ်။ စင်တီမီတာအနည်းငယ်လောက်လေးများ ရှည်လာဦးမလားလို့ မျှော်လင့်နေမိလို့ပါ။


ခဏအကြာ၌ ပထမဦးပြန်စာဝင်လာခဲ့ပြီး ၎င်းမှာ အနည်းငယ်ပုံမှန်မကျနေပေ။


အမည်မသိ အဖြေ၁ : ဟားဟားဟားဟား… ငါတော့ရယ်ရလွန်းလို့ တစ်အိမ်လုံးတောင်တုန်နေပြီ… မင်းက၂၂ဆိုတာ သေချာရဲ့လားဟေ ၁၂မဟုတ်ဘူးလား… ရီရတယ် တကယ်…


အမည်မသိ အဖြေ၂ : ၂၂နှစ်… ငါ့စကားတွေအတွက် အားနာပါတယ်… ဒါပေမယ့် ၁၇၉စင်တီနဲ့ ၁၈၀စင်တီဆိုတာ သိပ်မှမကွာပဲ… သည်အတိုင်းလက်ခံလိုက်ပါကွာ…


အမည်မသိ အဖြေ၃ : ၂၂နဲ့ ထပ်ရှည်ချင်သေးတယ်ပေါ့… မင်း ခွဲစိတ်မှုလုပ်ဖို့စဉ်းစားနိုင်ပေမယ့် သဘာဝအတိုင်းကတော့ အခုချိန်မှာ မဖြစ်နိုင်ဘူးနော်…


ပြန်စာအချို့အကြားလှန်လှောကြည့်လိုက်ပြီးနောက် အများစုမှာ သူ့အား လှောင်ပြောင်ထားကြခြင်းဖြစ်လေရာ နျန်ယွီယီ ဝမ်းနည်းပက်လက်ဖြင့် အက်ပလီကေးရှင်းကို ပြန်ပိတ်ထားလိုက်သည်။ သူ၏အခန်းထဲတွင် တစ်ယောက်တည်းရှိနေစဉ် စိတ်ပျက်နေမှုကြောင့် သူဗိုက်ဆာလာသည်ဟု ခံစားလိုက်ရသည်။


ဆာလောင်မှုကြောင့် မအိပ်နိုင်သည့်အတွက် နျန်ယွီယီ ညလယ်စာအချို့မှာရန်ဆုံးဖြတ်လိုက်သည်။ လာပို့သည့်လူမှ မုန့်ကိုဟိုတယ်တွင် လာချပေးရန် အချိန်များစွာမကြာလိုက်ချေ။ များသောအားဖြင့် မှာယူသူများမှာ နာမည်ကျော်များဖြစ်ကြောင်း သိနေသည့်အတွက် မုန့်လာပို့သူမှာ ရိုးရှင်းစွာပင် တံခါးတစ်ချက်ခေါက်ပေးပြီးနောက် ပစ္စည်းကိုချကာ ပြန်ထွက်သွားခဲ့သည်။


တံခါးဘဲလ်သံကိုကြားသည်နှင့် နျန်ယွီယီ ပါဆယ်ယူရန် ထွက်လာလိုက်သည်။ သူ တံခါးပိတ်မည်အပြုတွင် ကျိုးအာ့ဟယ်မှာ နျန်ယွီယီနှင့် စကားပြောရန် အခန်းထဲသို့ သုတ်သီးသုတ်ပြာဖြင့် ဝင်လာခဲ့လေသည်။ မျှော်လင့်မထားသော အနုပညာရှင်ငယ်လေး၏ ခိုးကြောင်ခိုးဝှက်နှင့် အကြော်မှာစားမှုမှာ ကျိုးအာ့ငယ်ကို ကြောင်အသွားစေပြီး သူ၏မျက်နှာပေါ်၌ စိုးရိမ်မှုနှင့်အံ့ဩမှုများ ပေါ်လာစေသည်။


ထာဝရကြာလွန်သွားသည်ဟု ခံစားရပြီးနောက် နျန်ယွီယီ ရင်းနှီးနေသည့် ဆူပူသံကို အဆုံး၌ကြားလိုက်ရသည်။


“ နျန်ယွီယီ ညလယ်ခေါင်ကြီး ဘယ်လိုလုပ်ပြီး ဆီများတဲ့ဟာတွေစားနေရတာလဲ…”


နျန်ယွီယီမှာ အပြစ်ကင်းသည့်အကြည့်လေးဖြင့် ပြန်လည်တုံ့ပြန်လာသည် “ အစ်ကိုပဲကျွန်တော့်ကိုပိန်နေလို့ ပိုစားခိုင်းတာမဟုတ်ဘူးလား…”


“ ငါပြောတာက ပုံမှန်စားချိန်အတွင်းပိုစားခိုင်းတာလေ… ညလယ်စာတွေမဟုတ်ဘူးဟ…”


“ ဘယ်လိုပဲဖြစ်ဖြစ် ကြက်ကြော်ကမှာပြီးသွားပြီပဲဟာ… လာစားဦးမလား…”


ကျိုးအာ့ဟယ် ခဏမျှရပ်တန့်သွားရသော်လည်း အရသာရှိသည့်မွှေးရနံ့မှ ဆွဲဆောင်ခံရခြင်းကြောင့် အဆုံး၌ တွန့်ဆုတ်စွာဖြင့်ပြောလိုက်ရသည် “ ကောင်းပြီ… စားကြတာပေါ့…”


ဆယ်မိနစ်အကြာ၌ နျန်ယွီယီနှင့် ကျိုးအာ့ဟယ်တို့နှစ်ဦးစလုံး ဆိုဖာပေါ်တွင် သက်သောင့်သက်သာရှိစွာထိုင်နေကြပြီး ဆိုဒါမော့လျက် ကြက်ကြော်နှင့် ကြက်ပေါင်များကိုစားနေကြသည်။


“ ငါ အခုလေးတင်ပဲ ယောင်ယောင်စီကနေ စာရလိုက်တယ်… ညတုန်းက ဇွဲကောင်းတဲ့ပါပါရာဇီအချို့နဲ့ ကြုံလိုက်ရသေးတယ်‌ဆို…အမှန်ပဲလား…”


“ ဟုတ်တယ်…” နျန်ယွီယီ ကြက်ပေါင်ကိုနွှာနေရင်းဖြင့် ပြန်ဖြေလိုက်သည် “ ပြဿနာကြီးတော့မဟုတ်ပါဘူး… ပြီးကြတော့ ကျွန်တော် အစ်ကိုရှဲ့ရဲ့ အစ်ကိုကြီးနဲ့သွားဆုံတယ်လေ… လူကြီးမင်းဖန်ကလည်း ဆိုင်ကနေထွက်ဖို့ ကူပေးခဲ့သေးတယ်… အစ်ကိုရှဲ့ကတော့ ပါပါရာဇီတွေရဲ့ နှာခေါင်းအောက်နေပဲ တိုက်ရိုက်ကားပါကင်စီပြန်သွားလိုက်တာပဲ…”


အကျိုးသက်ရောက်မှုကို ပိုတိုးဖို့ သူ၏အစ်ကိုကြီးကိုပါ ဆွဲခေါ်ခဲ့ခြင်းဖြစ်သည်။


“ ဖျော်ဖြေရေးသတင်းထောက်တွေကြားမှာ ဘာဘာညာညာရှိဦးမလားလို့ ငါစစ်ကြည့်ပါဦးမယ်ကွာ…” ကျိုးအာ့ဟယ် ဝေ့ပေါ်ကိုဖွင့်ကာ ပြောလိုက်သည် “ ဝိုးး သူတို့ကထိပ်ဆုံးသတင်းပေါ်တောင်ရောက်နေပြီပဲ… ပြည်သူ့အိုင်ဒေါနဲ့ ပြည်သူ့အချစ်တော်လေးတို့ရဲ့ လွှမ်းမိုးနိုင်စွမ်းကတော့ ငြင်းစရာကိုမလိုဘူး…”


“ ထိပ်ဆုံးသတင်းလား…” နျန်ယွီယီ လှမ်းကြည့်ရန် ကိုယ်ကိုမှီလိုက်သည်။ သို့သော်လည်း ရှင်းရှင်းလင်းလင်းမမြင်ရသည့်အတွက် တစ်ခါသုံးလက်အိတ်ကိုချွတ်ကာ ဝေ့ပေါ်ပေါ်၌ ကိုယ်တိုင်စစ်ကြည့်လိုက်ရသည်။


ရေပန်းအစားဆုံးခေါင်းစီးမှာ အမှားအယွင်းမရှိ #ရှဲ့ယီကျိုးရှဲ့ယီနန် ပင်ဖြစ်သည်။


[ ဘုရားရေ… ဘယ်လိုလုပ်ပြီး ငါ့အချစ်လေးနှစ်ယောက်က အတူရှိသွားရတာလဲ ]


[ သူတို့ရဲ့ရုပ်ရည်ကတော့… ရှဲ့မိသားစုက ကောင်းချီးပေးခံထားရတာပဲ…ဒါပေမယ့် သည်လောက် အံ့ဩဖို့ကောင်းတဲ့သားတွေမွေးပေးထားနိုင်လို့ ရှဲ့လူကြီးမင်းနဲ့ ရှဲ့ကတော်ရဲ့ သာလွန်ပြောင်မြောက်တဲ့ မျိုးရိုးဗီဇတွေကိုလည်း ချီးကျူးမိပါတယ်နော် ]


[ ဆီးချိုရှိတဲ့သူတွေကတော့ သတိထားကြဟေ့… မင်းတို့အတွက် သည်လောက်ချိုနေတာက ခွင့်မပြုပေးသင့်ဘူး… ငါကတော့ ရဲရဲရင့်ရင့် ချီ‌တက်နေပါပြီ ]


[ ရှဲ့ယီနန်နဲ့ ရှဲ့ယီကျိုးတို့ အတူရှိနေကြတိုင်း ငါတော့ သူတို့မိသားစုရဲ့ ကွယ်လွန်သွားတဲ့ သခင်အငယ်ဆုံးလေးအကြောင်းကို သွားသတိရမိတယ် ]


[ ငါတော့ သူမသေသေးဘူးလို့ထင်တာပဲ… ဒါပေမယ့် ပြိုင်ဘက်တွေရဲ့ ပြန်ပေးဆွဲခံရတာဖြစ်နိုင်တယ်… ရဲတွေက သူ့ကိုသေဆုံးကြောင်း သတင်းတင်ပြခဲ့ပေမယ့် ရုပ်ကြွင်းကိုတော့ ဘယ်မှာမှရှာမတွေ့ခဲ့ရတာလေ ]


[ သနားစရာပဲ… သခင်ငယ်လေးသာကြီးပြင်းလာရင် သူလည်းသေချာပေါက်ထူးချွန်ထက်မြက်နေမှာ ]


[ ရှဲ့မိသားစုက အခုထိပူဆွေးနေကြတုန်းထင်တယ်… ရှဲ့ကတော်က ကလေးပုံလေးတွေမြင်တိုင်း မျက်ရည်ကျလာတတ်တာကို ငါမှတ်မိနေသေးတယ် ]


[ ဟုတ်တယ် ရှဲ့ကတော်တင်မကဘူး… ယီကျိုးကလည်း အချိန်ဇယားတွေပြည့်နေရင်တောင် အမြဲသူ့ညီလေးမွေးနေ့အတွက် အမှတ်ရပေးနေတာလေ ]


[ သူတို့ရုပ်ကြွင်းကိုဘယ်တုန်းကမှ ရှာမတွေ့ခဲ့လို့ ရှဲ့မိသားစုက ဂူတောင်မလုပ်ကြဘူးလေ… အသက်ရှင်နေနိုင်လောက်သေးတယ်ဆိုတဲ့ မျှော်လင့်ချက်ကို ဆွဲကိုင်ထားကြတုန်းနေမယ် ]


[ ကဲကဲ ခေါင်းစဉ်ကနေချော်ပြီး ဝမ်းနည်းစရာကောင်းတာတွေကို သယ်မလာပါနဲ့တော့… သည်အတိုင်း သူတို့ရုပ်လေးတွေကိုပဲ ခံစားကြစမ်းပါ ]


[ ရုပ်လေးတွေကိုပဲ ခံစားကြပါ +၁ … ယီကျိုးကတော့ အမြဲမိမိုက်နေတာပဲနော် … ငါတော့ ယီနန်ရဲ့ နူးညံ့တဲ့ပုံစံကိုပိုသဘောကျတယ် ]


“ မှတ်ချက်တွေကိုကြည့်ပါဦး လုံးဝကိုအရူးအမူးဖြစ်နေကြတာပဲဟ..” ကျိုးအာ့ဟယ် ဟိုဟိုသည်သည်ကြည့်ရင်းမှ ထပ်ပေါင်းပြောလာသည် “ ဒါပေမယ့်လည်း ညီအစ်ကိုနှစ်ယောက်စလုံးက တကယ်ပဲ အရမ်းကြည့်ကောင်းကြတယ်နော်… ငါသာမိန်းကလေးဆိုလည်း မျောပါသွားမှာပဲ…”


နျန်ယွီယီ : “ ဟမ်…”


“ ငါသာတကယ်မိန်းကလေးဆိုရင်တော့ လူကြီးမင်းဖန်ကို ပိုပြီးဦးစားပေးမိမှာ…” ကျိုးအာ့ဟယ် ဆက်ပြောလိုက်သည် “ သူ့ကြည့်ရတာ စံနှုန်းပြည့်အမျိုးသားတစ်ယောက်ပဲလေ… ဆန့်ကျင်ဘက်အနေနဲ့ ယီနန်ကတော့ သိုးရေခြုံထားတဲ့ဝံပုလွေလို ငါ့ကိုဆွဲနွှာလိမ့်မယ်…”


“ သိုးရေခြုံထားတဲ့ဝံပုလွေ… တကယ်ကြီးလား…” ယနေ့ညအစောပိုင်းတွင် သူတွေ့ခဲ့သော ရှဲ့ယီနန်အကြောင်းကို ပြန်တွေးလိုက်ပြီးနောက် နျန်ယွီယီ ပြောလိုက်မိသည် “ သူ့ကြည့်ရတာ ကျွန်တော့်ကိုတော့ အရမ်းနူးညံ့ပြီး ကြင်နာတတ်သလိုပဲ…”


“ နူးညံ့တယ်လား… အဲ့သည့်လူက သူ့ရဲ့ဖျော်ဖြေရေးအင်ပါယာကြီးကို မိဘအထောက်အပံ့မပါဘဲ တည်ဆောက်ခဲ့တာနော်… နူးညံ့တဲ့လူတစ်ယောက်ဆိုတာနဲ့ လားလားမှတူမနေဘူး…” ဖုန့်ဟွာဖျော်ဖြေရေးကုမ္ပဏီ၏ အေးဂျင့်တစ်ဦးအနေဖြင့် ကျိုးအာ့ဟယ် ရှဲ့ယီနန်၏အောင်မြင်မှုများအကြောင်းကို အသေးစိတ်သိထားသည်မှာ များလှသည်။


“ ဖန်ကျုံးချွမ်းလည်း အတူတူပဲလေ…သည်လောက်အသက်ငယ်ငယ်လေးနဲ့ ဖန်ကော်ပိုရေးရှင်းကိုဦးဆောင်နေတာ… သူကပိုတောင်ကြောက်ဖို့ကောင်းဦးမယ်…” နျန်ယွီယီ အရိုးများကိုဖယ်ကာ နောက်ထပ်အတောင်ပံတစ်ချောင်းကို လှမ်းယူရင်းဖြင့် ပြန်ပြောလိုက်သည် “ ပြီးတော့ ယီနန်က အစ်ကို့ရဲ့သူဌေးနော်… သူ့အကြောင်းသည်လိုပြောနေလို့ရလို့လား…”


“ သူသိမှာမှမဟုတ်တာ…” ကျိုးအာ့ဟယ် အောက်သို့ငုံ့ကြည့်လိုက်ချိန် ကြက်ကင်မှပေါင်နှစ်ချောင်းစလုံးပျောက်သွားသည်ကို သတိပြုမိသွားသည် “ နျန်ယွီယီ နောက်ထပ်ကြက်ပေါင်တစ်ချောင်းကော…”


“ အစာအိမ်ထဲမှာလေ…” နျန်ယွီယီ သန့်ရှင်းနေသေးသည့်လက်တစ်ဖက်ဖြင့် ဗိုက်ကိုပုတ်ကာပြောလိုက်သည် “ အရသာရှိလိုက်တာ…”


“ သောက်ချီး အတောင်ပံနောက်တစ်ချောင်းက ငါ့ဟာလေ… ဟေးး မ မသွားစမ်းနဲ့…”


မိနစ်ဝက်ခန့်အကြာတွင် ကျိုးအာ့ဟယ် ကြက်တောင်ပံအကြီးကို အောင်မြင်စွာယူနိုင်ခဲ့ပြီး နျန်ယွီယီမှာမူ လက်မမြန်လိုက်သောကြောင့် ငြီးငြူလျက်ဖြင့် ကြက်ခြေထောက်ကြော်ကိုသာ ယူလိုက်ရသည်။


သူတို့၏အရသာရှိသော ညလယ်စာအပြီးတွင် နှစ်ဦးသား ဆိုဖာပေါ်တွင် ပစ်လဲနေကြကာ မည်သူကမှသန့်ရှင်းရေးမလုပ်ချင်ကြချေ။


သို့သော်လည်း ကျိုးအာ့ဟယ်မှာ အိမ်မှအရေးပေါ်ဖုန်းလာဝင်သောကြောင့် ရုတ်တရက်အမြန်ပြန်သွားရသည့်အတွက် နျန်ယွီယီတစ်ယောက်တည်းသာ ကော်ဖီတင်စားပွဲကို သန့်ရှင်းရေးလုပ်လိုက်ရသည်။


အမှိုက်ပစ်အပြီးတွင် နျန်ယွီယီ ပြင်းပြင်းထန်ထန်သန်းဝေနေပြီး သူ၏မျက်တောင်များမှာ လေးလံနေကာ အချိန်မရွေးအိပ်ပျော်သွားမည့်သယောင် ဖြစ်နေခဲ့သည်။


ထိုအချိန် ရှဲ့မိသားစုအိမ်တော်၌…


ရှဲ့ယီကျိုး ရှဲ့ယီနန်နှင့်အတူ အိမ်သို့အလည်ပြန်သွားရန် ဆုံးဖြတ်လိုက်သည်။ တိုက်တိုက်ဆိုင်ဆိုင်ပင် အမြဲလိုခရီးသွားနေသောကြောင့် အိမ်တွင်ရှိခဲလှသော ရှဲ့မိဘများသည်လည်း အိမ်တွင်ရှိနေလေရာ မိသားစုစုံလင်စွာညစာစားပြီးနောက် အချိုပွဲအတူထိုင်စားနေကြသည်။


လူကြီးမင်းရှဲ့၏ ဇနီးသည်သာအချစ်စစ်၊ ကလေးများမှာမတော်တဆ ဟူသောခံယူချက်ကြောင့် စားပွဲပေါ်တွင် ရှဲ့ကတော်နှစ်သက်သော အချိုပွဲများဖြင့် ပြည့်နေခဲ့သည်။


ရှဲ့ယီနန်မှာ အချိုမကြိုက်သူဖြစ်သည့်အတွက် အစပိုင်းတွင် အနည်းငယ်သာစားကာ ထပ်မထိတော့ချေ။


ရုပ်ရှင်ရိုက်နေရသောကြောင့် ခန္ဓာကိုယ်ကိုထိန်းသိမ်းထားရသည့် ရှဲ့ယီကျိုးမှာမူ တစ်ကိုက်လေးပင် မကိုက်ရဲဘဲ လက်ဖက်ရည်ကိုသာ သောက်နေရလေသည်။


လူကြီးမင်းရှဲ့မှ အချိန်ကိုကြည့်ကာ ဇနီးသည်ထံ ရေတစ်ခွက်ပေးပြီး ပြောလိုက်သည် “ သည်မှာရေနည်းနည်းသောက်လိုက်ဦး…”


“ အင်း…” လင်းရီယွဲ့ ခွက်ကိုယူလိုက်ပြီး ခံတွင်းရှင်းသွားစေရန် တစ်ငုံသောက်လိုက်ပြီးနောက် မေးလိုက်သည် “ ကျိုးက မစားတော့ဘူးလား…”


“ ကျွန်တော်ကရိုက်ကူးရေးလုပ်နေလို့ အချိုစားလို့မရလို့ပါ…” အမှန်စင်စစ်မှာ ရိုက်ကူးရေးမရှိလျှင်ပင် ရှဲ့ယီကျိုးသည် အချိုမက်မက်စက်စက်စားသူမဟုတ်ချေ။


“ နှမြောစရာကွယ်…” လင်းရီယွဲ့ ပါးစပ်ကိုပဝါဖြင့်သုတ်လိုက်သည်။ သူမ၏အမူအရာမှာ နှမြောတသဖြစ်နေပုံပေါ်သော်လည်း များစွာစိတ်ပါဝင်စားနေခြင်းမရှိပေ။


ရှဲ့ယီကျိုး : “....”


‌ကောင်းပြီလေ သူမက အမေပဲဟာ… သူစိတ်ရှည်သည်းခံရမှာပေါ့…


လူကြီးမင်းရှဲ့မှ ထောက်ခံသည့်အနေဖြင့် ခေါင်းညိတ်နေခဲ့ကာ ဇနီးသည်အချိုတည်းပြီးသည်ကို မြင်သည်နှင့် အကြံပြုလိုက်သည် “ မင်းအပေါ်ထပ်တက်ပြီး နည်းနည်းလောက်နားနေဦးမလား…”


“ လောနေဖို့မလိုပါဘူး… ကျွန်မတို့သည်လိုအတူရှိတယ်ဆိုတာ ရှားကရှားနဲ့…” လင်းရီယွဲ့၏အကြည့်များ နူးညံ့သွားပြီး သူမ၏သားအငယ်ဆုံးလေးအကြောင်းသို့ အာရုံရောက်သွားသည့်ပုံပင်။


“ အမေ ကျွန်တော် ယီကျိုးကို သည်နေ့သူငယ်ချင်းငယ်လေးတစ်ယောက်နဲ့ စားသောက်ဆိုင်မှာတွေ့လိုက်တယ်…” လင်းရီယွဲ့၏ခံစားချက်များကို သတိပြုမိဟန်ရသည့် ရှဲ့ယီနန်မှ သူမ၏အာရုံကို တမင်တကာပြောင်းပေးလိုက်သည်။


“ အိုးး သူငယ်ချင်းငယ်လေးလား…” လင်းရီယွဲ့၏စိတ်ဝင်စားမှုမှာ တိုးလာခဲ့သည် “ အသက်ဘယ်လောက်တဲ့လဲ…”


“ သူ့ကြည့်ရတာ ၁၈နှစ်လောက်ပဲ ရှိသေးပုံပဲ…” ရှဲ့ယီနန်တွက်ချက်ကြည့်လိုက်သည်။


“ သူက ၂၂နှစ်ပါနော်…” ရှဲ့ယီကျိုးမှ အစ်ကိုစီသို့ မျက်မှောင်ကြုတ်ကာ အကြည့်တစ်ချက်ပစ်လွှတ်လာသည်။


“ တွေ့လား မင်းကအသေးစိတ်ကိုတောင် အရမ်းသိနေတာ… တစ်ခုခုတော့ဖြစ်နေတာပဲ…” ရှဲ့ယီနန်စနောက်လိုက်ပြီး ညီငယ်ဖြစ်သူအတွက် ထောင်ချောက်တစ်ခုဆင်ပေးကာ ပျော်ပျော်ရွှင်ရွှင်ကြည့်နေလိုက်သည်။


“ ကျွန်တော်ကသူ့ကိုညီငယ်လေးလိုပဲ မြင်တာပါနော်…” ထိုစကားများထွက်လာမိချိန်၌ သူဒုက္ခရောက်ပြီဖြစ်ကြောင်းကို ရှဲ့ယီကျိုးသတိရသွားခဲ့သည်။


ထင်ထားသည့်အတိုင်းပင် ခဏတာအာရုံပြောင်းသွားသော လင်းရီယွဲ့မှာ ကြေကွဲမှုများထံသို့ ပြန်လည်ရောက်ရှိသွားခဲ့သည်။


“ တကယ်လို့များ တကယ်လို့များ ရှောင်မုမုသာအရွယ်ရောက်ခဲ့ရင် သူလည်း ၂၂နှစ်လောက်ရှိလောက်ပြီနော်…”



🫶